အခန်း (၅၅၆-၅၅၈)
Vol. 38 Ch. 556-558
အခန်း(၅၅၆) အသေးစိတ် ဝိဉာဥ်ပြောင်းလဲခြင်း
ရွှယ်အန်းနှင့် သူ့အဖွဲ့က ယွဲ့လိုင်ဟိုတယ်သို့ ဝင်ရောက်သောအခါ လီဟုန့်ယန်သည် သူ့သမီး ရွှယ်လန်နှင့် စကားများရန်ဖြစ်ထားသဖြင့် သူမမျက်နှာမှာ မကျေမနပ်ဖြစ်နေသည်။
"ငါ ဒီ ဟိုတယ်မန်နေဂျာလေးပဲဖြစ်ချင်တာပါ။ အဲ့တာလေးတောင် ခွင့်မပြုဘူးလား" လီဟုန့်ယန်က ရေရွတ်လိုက်သည်။
ရွှယ်လန်က အေးစက်သောမျက်နှာဖြင့် ပြော၏။
“မရဘူး”
“ကျေးဇူးကန်းတဲ့ကောင်မ ဘယ်လိုပဲဖြစ်ဖြစ် ငါက နင့်အမေဟဲ့ ဒီလောက်လေးတောင်းဆိုတာကို နင် သဘောတူလိုက်လို့တောင်မရဘူးလား”
ရွှယ်လန်က ခေါင်းကို ပြတ်ပြတ်သားသားခါလိုက်သည်။
“မရဘူးဆိုမရဘူးပဲ။ အိမ်မှာပဲနေ။ မေမေ ပိုက်ဆံလိုရင် သမီးပေးလိုက်မယ်။ ဘာလို့ ဒီကိုလာပြီး ဒရာမာတွေခင်းနေတာလဲ။ နောက်ပြီး သမီးက ဒီဟိုတယ်မှာ အဲ့လောက် အာဏာမရှိဘူး”
“အိုး ယွဲ့လိုင်ဟိုတယ်ကို နင်ပိုင်နေပြီဆိုတာ ငါမသိတဲ့အတိုင်း ဒီလို တရားဝင်တယ် မဝင်တယ်တွေ လာပြောမနေနဲ့။ တစ်ယောက်ယောက်ကို နေရာတစ်နေရာပေးဖို့ နင့်အတွက် မလွယ်ဘူးလား။ နောက်ပြီး ငါ ဒီကို ဒရာမာခင်းဖို့မဟုတ်ဘူး ကူညီဖို့ရောက်လာတာ” လီဟုန့်ယန်က အေးစက်စွာလှောင်ရယ်၍ပြောသည်။
ရွှယ်လန်ကလည်း အသက်ပြင်းပြင်းရှုကာ အေးစက်စွာပြန်ဖြေ၏။
“ပထမအချက်က ဒီဟိုတယ်က သမီးဟာမဟုတ်ဘူး။ ဒါ အစ်ကို ရွှယ်အန်းအတွက် သမီးစီမံပေးနေတာ။ ဒုတိယတစ်ချက်က မေမေ ဒီကိုရောက်လာတာနဲ့ ကိစ္စတွေကို ရှုပ်အောင်လုပ်မှာမို့လို့ ဒီမှာ မေမေ့အကူအညီမလိုဘူး"
လီဟုန့်ရန်၏ မျက်နှာက ဒေါသစိတ်ကြောင့် အနီရောင်နှင့် အစိမ်းရောင်ပြောင်းနေသည်။
“နင်…နင် ဒါ မအေကို ပြောတဲ့ပုံစံလား အားလန်”
ရွှယ်လန်က အေးစက်ကစွာရယ်လိုက်သည်။
“အမေ အစ်ကို ရွှယ်အန်းဆီမှာ လျှာ ဘယ်လို ဖြတ်ခံခဲ့ရလဲဆိုတာ မေ့သွားပြီလား။ နောက်ပိုင်းမှာ သမီး သူ့ဆီက ကောင်းကင်ကံကြမ္မာဆေးရည်ကိုသာမရခဲ့ရင် အခု အမေစကားပြောနိုင်မှာတောင်မဟုတ်ဘူး”
လီဟုန့်ယန်က အလွန် စကားအပြောအဆိုမကောင်းလွန်းသောကြောင့င့် ရွှယ်အန်းထံတွင် လျှာဖြတ်တောက်ခြင်းခံခဲ့ရကာ နောက်ပိုင်းတွင် ရွှယ်လန်က မိခင်ဖြစ်သူကို သနားလွန်းသောကြောင့် ကောင်းကင်ကံကြမ္မာဆေးတစ်ပုလင်းကို တောင်းဆိုခဲ့သည်။
သို့သော် လီဟုန့်ယန်က ကျေးဇူးတင်ရကောင်း သိတတ်သူမျိုးမဟုတ်ကြောင်း ရှင်းလင်းစွာသိသာနေသည်။
“ငါသိတယ်။ နင့် အစ်ကို ရွှယ်အန်းကို ကပ်ဖားလျက်ဖားလုပ်ပြီးတော့ ရာထူးတွေတက်လာတာ။ အခု နင့်မျက်လုံးထဲမှာ နင့်အမေ ငါတော င် မရှိတော့ဘူးမလား”
သူ့အမေက ကျိုးကြောင်းဆီလျော်မှုမရှိသော စကားများပြောနေသည်ကိုကြည့်၍ ရွှယ်လန်က ဒေါသထွက်လွန်းလှသဖြင့် မျက်ရည်များပင်ကျလာခဲ့သည်။
“အမေ…”
“ဘာ အမေလဲ ငါ နင့်ကို ပြောလိုက်မယ်။ နင့်အစ်ကို ရွှယ်အန်းကို နင်ဘယ်လောက်ပဲ သဘောကျကျ နင်တို့နှစ်ယောက်က မောင်နှမတွေပပဲ” လီဟုန့်ယန်က အဆိပ်ပြင်းသော မျက်နှာထားမျိုးဖြင့် ရှုံ့ချပြောဆိုလိုက်သည်။
ရွှယ်လန်သည် အလွန် ဒေါသထွက်လွန်းလှသဖြင့် မူးလဲတော့မည့်အလားဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် တည်ငြိမ်၍ ခံစားချက်ကင်းသောအသံတစ်ခု ထွက်ပေါ်လာ၏။
“အသက်အရွယ်ကိုသုံးပြီး အနိုင်ကျင့်တယ်။ အာဏာသုံးပြီး ဖိနှိပ်တယ် ဘယ်လောက်တောင် အာဏာလာပြနေတာလဲ”
ဤအသံကိုကြားသောအခါ ရွှယ်လန်က တစ်ကိုယ်လုံး တုန်လှုပ်လျက် မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။
ရွှယ်အန်းက အေးစက်သော မျက်နှာဖြင့် ဖြည်းညှင်းချဥ်းကပ်လာသည်ကို သူမမြင်လိုက်ရ၏။
“အစ်ကို ရှောင်အန်း” ရွှယ်လန်သည် မျက်နှာပေါ်ရှိ မျက်ရည်များကို အမြန်သုတ်လျက် လေးစားစွာပြောလိုက်သည်။
ရွှယ်အန်းချုံးက ညီမဘက်သို့ လှည့်၍ ပြုံးပြပြီးနောက် တုန်လှုပ်ခြောက်ခြားနေသော လီဟုန့်ယန်ဘက်သို့ လှည့်သွားသည်။
ရွှယ်အန်း၏အကြည့်ကို သူမမြင်လိုက်ရသောအခါ လီဟုန့်ယန်က ခြေထောက်များအားနည်းသွားသည့်အလား ခံစားလိုက်ရကာ အလွန်အမင်းကြောက်စိတ်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“ရွှယ်…ရွှယ်… ငါ…”
သူမ အလွန်ကြောက်လန့်လွန်းလှသဖြင့် မည်သို့ ပြောရမည်ကို မသိတော့ပေ။
ဤကမ္ဘာပေါ်တွင် သူမ အကြောက်ဆုံးလူတစ်ယောက်ရှိပါက ယင်းမှာ ရွှယ်အန်းဖြစ်မည်မှာ သေချာသည်။ ရွှယ်လန်က သူမကို မကြိုက်လျှင်ပင် အမေဖြစ်သူမို့ သည်းခံရမည်ဖြစ်ကြောင်း သူမသိသောကြောင့် စကားလုံးများနှင့် ဖိအားပေးရန် သတ္တိရှိခဲ့သည်။
သို့သော် ထိုလှည့်ကွက်များသည် ရွှယ်အန်းအပေါ် ထိရောက်မှုမရှိပေ။
ရွှယ်အန်းက သူမကို ကြည့်လျက် ပြောလိုက်သည်။
“အခုတော့တောင်းပန်ဖို့သတိရပြီပေါ့။ ခင်ဗျား နည်းနည်းနောက်ကျနေပြီမဟုတ်ဘူးလား”
“နောက်ဆုံးတစ်ကြိမ်တုန်းက ခင်ဗျားရဲ့လျှာကိုပဲဖြတ်လိုက်ပြီး အသက်ကို သက်ညှာပေးခဲ့တယ်။ ဒါပေမယ့် အခုကြည့်ရတာတော့ ခင်ဗျားက ကျေးဇူးတင်လို့ တင်ရကောင်းမှန်း သိတဲ့ပုံမပေါ်ဘူးပဲ”
လီဟုန့်ယန်က တုန်ယင်စွာဖြင့် ကြောက်လန့်တကတြားကြည့်ကာ သမီးဖြစ်သူဘက်သို့လှည့်ကာ အကူအညီတောင်းတော့သည်။
“လန်အာ အမေ့ကို ကယ်ပါဦး အမေမှားမှန်းသိပါပြီ… အဲ့လို မလုပ်ရဲတော့ပါဘူး”
ရွှယ်လန်သည် ချီတုံချတုံဖြစ်လျက် စိုးရိမ်စွာဖြင့် ရွှယ်အန်းဘက်သို့လှည့်လိုက်သည်။
“အစ်ကို…”
ရွှယ်အန်းက ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
"စိတ်မပူပါနဲ့ ငါသူ့ကိုမသတ်ဘူး"
ထိုစကားများကိုကြားလိုက်ရသောအခါ လီဟုန့်ယန်က ကပ်ဆိုးကြီးမှ လွတ်မြောက်သွားသကဲ့သို့ ကြီးမားသော သက်သာရာရမှူကို ခံစားလိုက်ရသည်။
‘နင် ဘာပဲဖြစ်ဖြစ် ငါက နင့် အကြီးပဲ။ ကြည့်ရတာ နင်တကယ် ငါ့ကို မသတ်ရဲဘူးထင်တယ်’
လီဟုန့်ယန်က သူ့ကိုယ်သူ အောင်နိုင်သည်ဟု တွေးလိုက်သည်။ သို့သော် ရွှယ်အန်း၏ နောက်ထပ် စကားများက သူမကို ချောက်ထဲသို့ ပြုတ်ကျသွားစေသည်။
“မသတ်ဘူးဆိုပေမယ့် … အပြစ်မပေးဘူးလို့လည်း ပြောလို့မရဘူး”
လီဟုန့်ယန်က တုန်လှုပ်သွားကာ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ၏ လျှာကို နောက်ထပ်တစ်ကြိမ် ကယ်တင်ခွင့်ရတော့မည်မဟုတ်ဟုထင်ရသည်။
‘ဖြတ်မယ်ဆိုလည်း ဖြတ်ပါစေ။ နောက်ဆုံးတော့လည်း ကောင်းကင်ကံကြမ္မာနဲ့ဆိုရင် ပြန်ပြီး ကြီးလာမှာပါ’
လီဟုန့်ယန်က စိတ်ထဲမှ အပြည့်အဝတွက်ချက်ထားသော်လည်း သူမမျက်နှာထက်တွင် ကြောက်ရွံ့မှုက ကြီးမားနေဆဲဖြစ်သည်။ ရွှယ်အန်းက လိမ္မာပါးနပ်သော မိန်းမကြီးကိုကြည့်၍ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ လီဟုန့်ယန်၏ အတွေးများကို သူမြင်နိုင်သည်။ ထို့ကြောင့် လျစ်လျူရှု့၍ ပြောလိုက်၏။
"ခင်ဗျား ဒီဟိုတယ်မှာ တကယ်အလုပ်လုပ်ချင်တယ်လို့ ကျုပ်ကြားလိုက်တယ်။ ဒါဆို ခင်ဗျားရဲ့ ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးလိုက်မယ်”
“အမ်” လီဟုန့်ယန်က ရွှယ်အန်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကာ အဘယ်ကြောင့် ရုတ်တရက် ထိုသို့ပြောလာသည်ကို နားမလည်ပေ။
ရွှယ်အန်းသည် သူ့အကြီးအကဲဟု အမည်ခံထားသော ဤအမျိုးသမီးကို ငြီးငွေ့လာခဲ့သည်။
ရွှယ်လန်ကြောင့်သာမဟုတ်ပါက သူမကို သတ်ပစ်ခဲ့ပြီးသည်မှာကြာနှင့်ပြီဖြစ်သည်။ သို့သော် ဤအမျိုးသမီးသည် အလွန်ဂုဏ်ယူဝံ့ကြွားနေခဲ့သည်။
ထိုမိန်းမက သူမသတ်မည်မှာ သေချာနေသည့်ပုံရသည်။
သို့သော် ရွှယ်အန်းက လူတစ်ယောက်ကို သတ်ချင်ပါက ခန္ဓာကိုယ်ကို သတ်ရန်မလိုအပ်ကြောင်း သူမမသိပေ။ စိတ်ဝိဉာဥ်မှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းသည် အသေးစိတ်အကျဆုံးနည်းလမ်းဖြစ်သည်။
နတ်အာရုံတစ်ခုက လီဟုန့်ယန်၏ အသိစိတ်ပင်လယ်ထဲသို့တိုးဝင်ကာ သူမ၏ စိတ်ဝိဉာဥ်ကို အစိတ်စိတ် အမွှာမွှာခွဲပစ်လိုက်သည်။
လီဟုန့်ယန်၏ မျက်လုံးများက ချက်ချင်း အသိစိတ်ကင်းမဲ့လာသည်။ အကယ်၍ ထိုနေရာ၌ ရပ်လိုက်ပါက လီဟုန့်ယန်သည် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သွားပေလိမ့်မည်။
ဤတစ်ကြိမ်တွင် ရွှယ်အန်းသည် ပန်းပုဆရာကဲ့သို့ အမှိုက်မွှားမွှား မကောင်းသော အချက်အလက်အားလုံးကို ဖယ်ရှားခဲ့၍ စိတ်ဝိဉာဥ်တစ်ခြမ်းကိုသာ ချန်ထားခဲ့သည််။
အားလုံးပြီးသွား၍ ၎င်းတို့က လီဟုန့်ယန်ကို ပြန်ကြည့်လိုက်သောအခါ မူလက ငြူစူမှုနှင့် ရိုင်းစိုင်းမှုတို့က သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ မျက်နှာထက်၌ ကြင်နာသော အပြုံးကို ဆင်မြန်းလျက်ရှိသည်။
ရွှယ်လန်သည် နတ်အာရုံကို ခံစားလိုက်ရသော်လည်း အဖြစ်အပျက်ကို နားမလည်ခဲ့ပေ။
သို့သော် တစ်ဖန် သူမကြောင့် ရွှယ်အန်းက သူမ၏ဒုက္ခမိခင်ကို သက်ညှာပေးခဲ့ခြင်းဖြစ်သဖြင့် ရွှယ်လန်သည် အလွန်အပြစ်ရှိကြောင်း ခံစားခဲ့ရသည်။
သို့သော် ထိုအချိန်တွင် လီဟုန့်ယန်က မတ်တပ်ထရပ်ကာ ရွှယ်အန်းကိုရိုသေစွာဦးညွတ်လိုက်သည်။
“ကျွန်မ အခန်းသွားရှင်းလိုက်ဦးမယ်”
ဤမြင်ကွင်းသည် ရွှယ်လန်ကို အနည်းငယ် အံသြသွားစေသည်။
ထို့နောက် လီဟုန့်ယန်က ခေါင်းကိုလှည့်ကာ ရွှယ်လန်ကို ရိုးရိုးသားသား ချစ်စဖွယ် ပြုံးပြလိုက်သည်။
"လန်အာ အားလုံးက အမေ့အပြစ်တွေပါပဲ။ အမေ့ကို ခွင့်လွှတ်ပါနော်”
ထိုသို့ဖြင့် သူမထွက်သွားသည်။ ရွှယ်လန်က အံ့အားသင့်စွာဖြင့် ထိုနေရာတွင် ရပ်နေကာ ဖြစ်ပျက်သမျှအားလုံးက အမှန်တကယ်ဖြစ်သည်ကို မယုံနိုင်ဖြစ်နေပုံရသည်။
ငယ်စဉ်ကလေးဘဝကတည်းက အမေက သူမကို ပြုံးပြုံးရွှင်ရွှင်မကြည့်ခဲ့ဖူးပေ။
“ရှောင်အန်း ဒါက… “
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အခု မင်း ကောင်းကင်လူသားအဆင့်ကို ရောက်ပြီဆိုတော့ မင်းတကယ် ကျင့်ကြံသူဖြစ်ပြီပေါ့”
"သူက မင်းအမေဖြစ်ဖြစ် မင်း မိဘဖြစ်ဖြစ် အမည်ခံလေးရှိရုံနဲ့ လေးစားထိုက်တယ်လို့ မထင်နဲ့။ အဲ့ခံစားချက်တွေက မင်းကို ချုပ်နှောင်ထားရုံပဲမို့ အသုံးမဝင်ဘူး”
"မင်းလုပ်ရမယ့်အရာက ဒါကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုဖို့ပဲ၊ မဟုတ်ရင် မင်းရဲ့ ကျင့်ကြံရေးလမ်းကြောင်းက အရမ်းခက်ခဲလိမ့်မယ်"
ရွှယ်လန်က ခေါင်းညိတ်ကာ မျက်နှာက ရှက်ရွံ့စွာဖြင့် နီမြန်းသွားသည်။
"ဟမ် ညီမနားလည်ပါတယ်"
ထို့နောက် ဟူယွဲ့သည် တောက်ပသောမျက်လုံးများဖြင့် ပြောလိုက်သည်။
“မင်းအစ်ကိုစကားနားမထောင်နဲ့၊ မင်းအမေက နောင်တစ်ချိန်မှာ ဘုရားလောင်းထက်တောင် ကြင်နာတတ်ရင် ကြင်နာတတ်နေဦးမှာ”
မှန်သည်။ ရွှယ်အန်းက လီဟုန့်ယန်၏ ဝိဉာဥ်ကို ပြန်လည်တည်ဆောက်သည့်မြင်ကွင်းကို ဟူယွဲ့မြင်ခဲ့သည်။
“ကို့ကိုယ်ကိုယ် မိတ်ဆက်ပါရစေ ကို့နာမည်က ဟူယွဲ့ပါ” ဟူယွဲ့က လက်ကိုဆန့်တန်းကာ ပြုံး၍ပြောလိုက်သည်။
“ဟမ်” ရွှယ်လန်က ခေါင်းကိုမော့လိုက်သောအခါ အလွန် ချောမောသော ယောက်ျားကို မြင်လိုက်ရ၏။
ဟူယွဲ့က ရွှယ်လန့်အား မျက်စိတစ်ဖက်မှိတ်ပြပြီးနောက် နတ်အာရုံဖြင့် ရွှယ်အန်းကို လှမ်းဆက်သွယ်လိုက်သည်။
“ရွှယ်အန်း မင်း ငါ့ညီမကို သိမ်းသွားတာ။ ဒါ့ကြောင့် မင်းညီမကို ငါပြန်ယူတော့မယ်။ ဒါမှ ငါတို့ တရားမျှတမှာကွ”
အခန်း(၅၅၇) ငါဆိုလိုတာက… ငါမင်းညီမရဲ့အချစ်ကိုလိုချင်တယ်
“အိုကေလေ” ရွှယ်အန်းက သူ၏ နတ်အာရုံကို တုံ့ပြန်ခဲ့သည်။
“ဟမ်” ရွှယ်အန်း ဒေါသပေါက်ကွဲလိမ့်မည်ဟုထင်ခဲ့သော ဟူယွဲ့က အနည်းငယ်အံ့သြသွားပြီးနောက် ပြောလိုက်သည်။
“ဟေး ငါပြောတာက… ငါမင်းညီမကို လိုက်ချင်တယ်လို့”
“အေးလေ ငါအဲ့တာနဲ့ပတ်သက်ပြီးကန့်ကွက်စရာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ညီမက အသက်အရွယ်တစ်ခုကိုရောက်နေပြီ။ မင်းက နည်းနည်း မိန်းကလေးနဲ့တူပြီး အသက်ကြီးနေပေမယ့် မင်းရဲ့ လုပ်ဆောင်နိုင်စွမ်းက တော်တော်ကောင်းတယ်လေ။ မင်းသာ တကယ် သူ့ကို လိုက်ချင်ရင် ငါထင်တာ ငါ သဘောတူရမှာပဲ။ ဒါပေမယ့်…”
"မင်းမှတ်ထားရမှာက သူက ငါ့ညီမပဲ၊ မင်းသူ့အချစ်ကိုရပြီးမှ တစ်ခုခု အမှားလုပ်ရဲရင် …ဟေးဟေး”
ဟူယွဲ့က ရွှယ်အန်း၏ နောက်ဆုံးရယ်မောသံကိုကြားလိုက်သောအခါ ခန္ဓာတစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်မတ်သွားသည့်အလားခံစားလိုက်ရသည်။
“ရွှယ်အန်း ငါအခုမင်းကို ဝေဖန်မှဖြစ်တော့မယ်။ မင်း ငါ့ကို ဘယ်လိုလူစားမျိုးထင်နေလဲ။ မြေခွေးအင်မော်တယ်တစ်ယောက်အနေနဲ့ ငါဘယ်လိုလုပ် အကျင့်စာရိတ္တနဲ့ဆန်ကျင်တဲ့အရာမျိုးကိုလုပ်ရမှာလဲ”
ရွှယ်အန်းက ‘မင်းသရုပ်ဆောင်နေတာကို ငြိမ်ငြိမ်လေးကြည့်တယ်တယ်’ဟူသော အကြည့်ဖြင့်ကြည့်ကာ စကားတစ်ခွန်းမျှမပြောပေ။
“အစ်ကိုကြီး ကျွန်တော် မှားပါတယ်” ဟူယွဲ့က ချက်ချင်း နောက်ဆုတ်သွားသည်။
၎င်းတို့နှစ်ဦးလုံးသည် တစ်ချိန်လုံး နတ်အာရုံဖြင့် ဆက်သွယ်နေကြသောကြောင့် သဘာဝအတိုင်း အခြားမည်သူကမျှ ၎င်းတို့ပြောနေသည်ကို မကြားနိုင်ကြပေ။ ၎င်းတို့ မြင်ရသည်မှာ ပထမပိုင်းတွင်
အလွန်ဆိုးယုတ်သည့်ပုံဖြင့် ဟူယွဲ့က တဖြည်းဖြည်း အရောင်ဖျော့လာကာ နောက်ဆုံးတွင် ကြွားဝါးခြင်းမပြုဝံ့တော့ခြင်းသာဖြစ်သည်။
“အစ်ကိုရှောင်အန်း အားလုံးအတွက် အခန်းတွေစီစဥ်ပေးရတော့မလား” ရွှယ်လန်က ဝမ်းသာအားရပြောသည်။
ရွှယ်အန်းက ခေါင်းခါလျက် ချင်းမန်တောင်ဆီသို့ ပြတင်းပေါက်မှ လှမ်းကြည့်ကာ ပြောလိုက်သည်။
“အလျင်မလိုပါနဲ့။ အစ်ကိုတောင်တွေကို အရင်သွားကြည့်မလို့စီစဥ်ထားတယ်”
“အခုသွားတော့မလို့လား” ရွှယ်လန်ကက အနည်းငယ် အံ့သြသွားသည်။
“ဟုတ်တယ် အချိန်အတော်ကြာမှ ပြန်လာဖို့ကမလွယ်ဘူးဆိုတော့ မိတ်ဆွေဟောင်းတွေကို အနည်းဆုံး သွားတွေ့သင့်တယ်”
“ကောင်းပါပြီ အစ်ကို ညီမ အမိန့်ပေးလိုက်ပါမယ်။ ပြီးရင် တူတူသွားကြမယ်လေ”
ရွှယ်လန်က အဆင်သင့်ပြင်ရန် အောက်သို့ဆင်းသွားသောအခါ ဟူယွဲ့က ချဥ်းကပ်လာ၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဘယ်လောက်တောင်ပြင်းတဲ့ နတ်ဆိုးစွမ်းအင်လဲ”
ရွှယ်အန်းက ပြုံးလိုက်၏။
“အခုအချိန်မှာ အပင်တွေနဲ့ တိရိစ္ဆာန်တွေမပြောနဲ့ တောင်တစ်ခုလုံး ဖုံးလွှမ်းနေပြီ”
“ဒီလောက် ပြင်းတဲ့ သဘာဝစွမ်းအားနဲ့ဆို ကပ်ဘေးစတင်တာနဲ့ ဒီနေရာက တကယ့်ကို လျှို့ဝှက်ဘုံဝင်ပေါက်ဖြစ်သွားနိုင်တယ်” ဟူယွဲ့က ပြောသည်။
“မင်းပြောတာကို အခြေခံပြီးပြောရရင် ဒီလိုနေရာတွေ အများကြီးရှိလား”
ဟူယွဲ့က ခေါင်းညိတ်လိုက်သည်။
“အများကြီးပဲ။ လျို့ဝှက်မှတ်တမ်းတွေအရဆိုရင် ကပ်ဘေးမတိုင်ခင်မှာ ဒီသဘာဝစွမ်းအားတွေအများကြီး ပေါ်လာလိမ့်မယ်။ ဒါပေမယ့် လျို့ဝှက်နယ်မြေက ဘယ်မှာပေါ်လာမယ်ဆိုတာကို ဘယ်သူမှ အတိအကျမသိနိုင်ပါဘူး။"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့တောင်ပေါ်ရောက်သွားရင် သိလိမ့်မယ်"
"မင်းပြောနေတဲ့ မိတ်ဆွေဟောင်းက ဘယ်သူလဲ" ဟူယွဲ့က စိတ်ဝင်တစား မေးသည်။
“စုတ်စုတ်ပျက်ပျက်နဲ့ မသေနိုင်တဲ့တာအို ကျင့်ကြံသူကြီးတစ်ယောက်” ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
ဟူယွဲ့က ‘စုတ်စုတ်ပျက်ပျက်’ ဟူသောည စကားလုံး၏ အဓိပ္ပါယ်ကို နားမလည်သော်လည်း နောက်ပိုင်းတွင် သခင်ကျိုက်ကို မြင်လိုက်ရသောအခါ ထိုစကားလုံး၏ အနှစ်သာရကို နားလည်သွားသည်။
မုတ်ဆိတ်မွှေးသည် မှိုတက်နေသည့်အလား အဖုများဖြစ်လာသည်။ သူဝတ်ထားသည့် တာအိုကျင့်ကြံရေးဝတ်စုံသည်လည်း အရောင်ပြောင်းနေပြီဖြစ်၍ မူလအရောင်ကိုပင် မှန်းဆ၍ မရနိုင်တော့ပေ။ ဝတ်ထားသော အနက်ရောင်ဖိနပ်နှင့် သူ၏ အသားအရောင်ကိုလည်းခွဲခြား၍ မရနိုင်တော့ပေ။
ထိုကဲ့သို့ ညစ်ပတ်ပေတေနေသော တာအိုကျင့်ကြံသူတစ်ဦးက သူ့ရှေ့တွင် ရပ်နေသောကြောင့် ဟူယွဲ့က အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သို့သော် သခင်ကျိုက်က အလွန်ပျော်ရွှင်နေ၏။
“အခုတင် အမြင်တစ်ခုရလိုက်တာ ဧည့်သည်ရောက်လာတော့မယ်ဆိုတာ သိလိုက်ရတယ်။ ရှောင်အန်းဇီ မင်းဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ မင်း ပိုပိုပြီး ကြောက်ဖို့ကောင်းလာတာပဲ”
ရွှယ်အန်းသည် ယခင်က နက်နဲသော ရေကန်တစ်ခုလို ဖြစ်နေပါက၊ ယခု သူသည် သမုဒ္ဒရာကြီး ဖြစ်လာသည်ကိုမြင်လိုက်ရသဖြင့် အံ့သြတကြီး လျှာကိုက်လိုက်မိသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ခင်ဗျားနဲ့မတွေ့ရတာ နှစ်နှစ်ရှိပြီ။ ခင်ဗျား ပိုညစ်ပတ်လာတာကလွဲရင် အများကြီးမပြောင်းလဲသေးဘူးပဲ”
“အဲ့တာတော့ ကျုပ်လည်း မတတ်နိုင်ပါဘူးဗျာ။ ဒီတောင်နက်တွေကြားမှာနေပြီး ဘယ်သူနဲ့မှမတွေ့ရဘူး။ ဒါ့ကြောင့် သန့်ရှင်းရေးလည်းလုပ်မနေတော့ပါဘူး” သခင်ကျိုက်က ရယ်မောလိုက်သည်။
ရွှယ်အန်း၏နောက်တွင်ရပ်နေသောရှောင်ရှက ၎င်းကိုကြားသောအခါ အေးစက်စွာနှာချောင်းရှုံ့လိုက်သည်။
“ပျင်းတာက ပျင်းတာပဲ။ သကာရည်လောင်းမနေနဲ့”
ဤသည်ကိုကြားသောအခါ သခင်ကျိုက်က မော့ကြည့်လိုက်ပြီးနောက် အလွန်ထိတ်လန့်သွားကာ တစ်ကိုယ်လုံးတုန်ယင်လာသည်။
“အရှင်… အရှင်က…”
ရှောင်ရှက အေးစက်စွာပြောလိုက်သည်။
“အရင်က ရှင့်ဆရာနဲ့ ဘာမှ မကွာဘူး အသက်ကြီးပြီး အပျင်းတစ်တယ်”
သခင်ကျိုက်က ခံစားချက်များ ပြည့်နှက်နေကာ မျက်ရည်ကျလုမတက် လျင်မြန်စွာဦးညွတ်လိုက်သည်။
“လုံလောက်ပြီ။ ဒီအရွယ်ကြီးနဲ့ ဒရာမာခင်းမနေနဲ့တော့” ရှောင်ရှက ရွံရှာသော အရိပ်အမြွက်များဖြင့်ပြောခဲ့သော်လည်း သူမ၏အကြည့်များက တဖြည်းဖြည်းပျော့ပျောင်းသွားသည်။
သခင်ကျိုက်၏ ဆရာ၏ ဆရာခေတ်ကတည်းက ဤနှိမ့်ချတတ်သော တာအိုကျင့်ကြံရေးဘုရားကျောင်းသည် ထိုစဥ်က အလွန်အားနည်းနေခဲ့သည့် ရှောင်ရှကို ကာကွယ်ပေးခဲ့သည်။
“ဟုတ် ဟုတ် ဟုတ်။ အားလုံးပဲ ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ” အသက်ကြီးကြီး တာအိုကျင့်ကြံသူကျိုက်က အမြန်ခေါ်လိုက်သည်။
အားလုံးက ဘုရားကျောင်းထဲသို့ဝင်ပြီးသောအခါ တာအိုကျင့်ကြံသူ သခင်ကျိုက်သည် သူ့အိပ်ခန်းတွင်းတွင် ရေမိုးချိုးဆေးကြောမည်ဟု ထွက်သွားပြီးနောက် ပြန်လာသောအခါ အင်မော်တယ်ရောင်ဝါရှိသော ကောင်းကင်သခင်၏ ပုံရိပ်အဖြစ်ပြောင်းလဲသွားသည်။
လူတိုင်း လက်ဖက်ရည်သောက်ရန် အခြေချနေကြစဉ်၊ ရွှယ်အန်းသည် ခြံဝင်းအတွင်းရှိ သစ်ပင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား ကျုပ်တို့ နဲ့ တစ်ခွက်တစ်လေသောက်ဦးမလား”
ထိုသို့ဖြင့် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့တင်လိုက်သည်။
ရှေးဟောင်းသစ်ပင်ကြီး၏ အကိုင်းအခတ်များက တုန်ခါသွားပြီးနောက် ရှည်ထွက်လာသည်။
“ ကျေးဇူးပါ အင်မော်တယ်သခင် လက်ဆောင်အတွက် ကျေးဇူးပါ”
ထို့နောက် ပြတင်းပေါက်မှ အခန်းထဲသို့ဝင်လာကာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ ဤမြင်ကွင်းက ကလေးနှစ်ယောက်ကို အံ့အားသင့်သွားစေသည်။
“အို၊ ဒီသစ်ပင်ကြီးက စကားပြောလို့ရတယ်” ရှန်းရှန်းက အော်လိုက်သည်။
“နောက်ပြီး ရွှေ့လည်းရွှေ့လို့ရတယ်” နျန်နျန်က ဆက်ပြောသည်။
စကားပြောနေစဉ် ကလေးနှစ်ယောက်က ရှေ့သို့တိုးလာကာ သစ်ကိုင်းများကို ညင်သာစွာထိလိုက်သည်။ သစ်ပင်၏ ဝိဉာဥ်က အနည်းငယ်မျှ တုန်လှုပ်သွားခြင်းမရှိသော်လည်း ရှက်ကြောက်ခြင်းမရှိပေ။
ရှန်းရှန်းနှင့် နျန်နျန်တို့ကို ကြွယ်ဝသော သဘာဝစွမ်းအင်များနှင့် လွှမ်းခြုံထားသောကြောင့် သစ်ပင်ဝိဉာဥ်ကို အလွန် သက်တောင့်သက်သာဖြစ်သွားစေသည်။
“သစ်ပင်ကြီးက ဘယ်လိုပုံစံလဲ” ရှန်းရှန်းက ခေါင်းမော့ကာမေးလိုက်သည်။
သစ်ပင်ဝိဉာဥ်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သစ်ပင်မှ အပြာရောင်အလင်းတန်းများ
ထွက်ပေါ်လာကာ အခန်းထဲသို့ပျံ့လွင့်သွားသည်။ အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားကာ တစ်မီတာသာရှည်သော အသက်သုံးဆယ်ဝန်းကျင် လူသားမျိုးနွယ်မှဟုထင်ရသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
တာအိုကျင့်ကြံသူ ကျိုက်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။
“မင်းက…. တကယ်တော့ မိန်းကလေးလား”
“ဘာဖြစ်လို့လဲ ငါ မိန်းကလေးဖြစ်လို့မရဘူးလား” သစ်ပင်ဝိဉာဥ်က ပြုံး၍ပြောသည်။
တာအိုကျင့်ကြံသူကျိုက်သည် ပူပြင်းသော ရာသီဥတုအတွင်း ခြံဝန်းထဲ၌ ရေချိုးခဲ့ချိန်းများကိုပြန်လည်သတိရသွားကာ မည်သို့ပြောရမည်ကို မသိတော့ပေ။
“အားး … ကောင်းပြီလေ အကုန်မြင်ပြီးပြီဆိုတော့ လက်ခံရတော့မှာပဲ” တာအိုကျင့်ကြံသူကျိုက်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤစကားကြောင့် သစ်ပင်ဝိဉာဥ်က ပေါ့ပါးစွာ တံတွေးထွေးကာအတန်ငယ်ရှက်သွားသည်။
“ထွီး…. ရှင့်ကို ဘယ်သူက တကယ်မြင်ချင်လို့လဲ။ နောက်ပြီး မသိရင် ရေပဲ တကယ်ချိုးဖူးသလိုလိုနဲ့”
သစ်ပင်ဝိညာဉ်၏ စကားများကြောင့် အခန်းထဲတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။ ထို့နောက် သစ်ပင် ဝိဉာဥ်က ရွှယ်အန်းနှင့် ဟူယွဲ့ကို လေးစားစွာဦးညွတ်လိုက်သည်။
“အင်မော်တယ် သခင်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်”
ထို့နောက် သူမက ရှောင်ရှကို အနည်းငယ်ပြုံးပြလိုက်သည်။
“ကျောက်လုံ မတွေ့တာကြာပြီ”
“နင် ငါ့ကို မှတ်မိလာ” ရှောင်ရှ အနည်းငယ် အံ့သြသွားသည်။
“ချင်းမန်တောင်မှာ တစ်ချိန်က ကြီးမြတ်ခဲ့တဲ့ ကျောက်လုံကို မသိဘဲ နေပါ့မလား။ အထူးသဖြင့် ရှင့်ရဲ့ နဂါးအသွင်ပြောင်းတဲ့မြင်ကွင်းက ရင်သပ်ရှု့မောချင်စရာပါပဲ”
ဤအသွင်ပြောင်းခြင်းအဖြစ်အပျက်အကြောင်းကြားသောအခါ ရှောင်ရှဩ မျက်နှာပေါ်တွင် ဂုဏ်ယူသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
“ဆိုတော့ မင်း သတိဝင်နေတာ တော်တော် ကြာပြီထင်တယ်” ရွှယ်အန်းက သစ်ပင်ဝိဉာဥ်ကို ပြောလိုက်သည်။
“နှစ်ရာနဲ့ချီနေပါပြီ။ ဒါပေမယ့် သိပ်ရေရေရာရာတော့မဟုတ်ပါဘူး အရှင်”
"သိပ်မကြာခင်က ဝိဉာဥ်အဖြစ်ပြောင်းသွားတဲ့ ပန်းတွေ ငါးတွေ ပိုးကောင်တွေကရော ဘာလဲ”
သစ်ပင်ဝိဉာဥ်က ခေါင်းခါလိုက်သည်။
“အင်မော်တယ်သခင် ကျွန်မမသေချာဘူး။ ကျွန်မ ကောင်းကင်နဲ့ မြေကြီးဆိုင်ရာ စွမ်းအင်တွေ ရုတ်တရက်ပြောင်းလဲသွားတာကို ခံစားလိုက်ရပြီးတော့ ရှင်းရှင်းလင်းလင်း အသိဝင်လာတာပဲ”
ရွှယ်အန်းသည် စဉ်းစားတွေးတောရင်းဖြင့် တိတ်ဆိတ်သွားခဲ့သည်။
ရှန်းရှန်းနှင့် နျန်နျန်တို့က စိတ်မရှည်တော့ဘဲ အော်လိုက်၏။
“သစ်ပင်ဝိဉာဥ်မမ သမီးတို့ကို ကစားဖို့ခေါ်သွားပေးပါ။ ဒီမှာ ပျင်းစရာကြီး”
သစ်ပင်ဝိဉာဥ်က တုံ့ဆိုင်းသွားကာ ရွှယ်အန်းကိုကြည့်လိုက်သည်။
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်၏။
“သွားပါ”
ရွှယ်အန်း၏နတ်အာရုံအတွင်းတွင် ကလေးနှစ်ယောက်က ကျိန်းသေ အန္တရာယ်ကင်းမည်ဖြစ်သည်။ ထို့အပြင် ချင်းမန်တောင်၏ နတ်ဆိုးများက အသွင်ပြောင်းကာစဖြစ်သဖြင့် ကလေးမလေးနှစ်ယောက်လုံးကို မည်သည့် ခြိမ်းခြောက်နိုင်စွမ်းလုံးဝရှိမည်မဟုတ်ပေ။
အခန်း(၅၅၈) ငါမူးရင် ငါ့နာမည် ‘ဟူယွဲ့’ ကို ပြောင်းပြန်ခေါ်
ကလေးမလေးနှစ်ယောက်က ဆော့ကစားရန် စိတ်လှုပ်ရှားစွာထွက်သွားကြသည်။ အန်းယန်က ရွှယ်လန်၊ ရှောင်ရှနှင့် အခြားသူများနှင့်အတူ ထွက်သွား၏။
ရွှယ်အန်း၊ ဟူယွဲ့နှင့် သခင်ကျိုက်တို့သာလျှင် အိမ်ထဲတွင် ကျန်နေခဲ့ကြသည်။
“ရှောင်အန်း မင်း တောင်ကို နတ်ဆိုးတွေ ပြည့်နေလို့ လာခဲ့တာမလား”
“ဟုတ်လည်းဟုတ်တယ် ဟုတ်လည်းမဟုတ်ဘူး” ရွှယ်အန်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
တာအိုကျင့်ကြံသူ သခင်ကျိုက်က သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကျုပ်က ကျင့်ကြံရေးအဆင့် နိမ့်ပေမယ့် ကျုပ်ရဲ့ တွက်ချက်တဲ့အဆင့်က အရမ်းတော့မနိမ့်ဘူး။ ပြီးခဲ့တဲ့ ရက်က တစ်ကြိမ်ထက်မက တွက်ချက်ကြည့်ခဲ့ပေမယ့် ရလဒ်တွေက ခန့်မှန်းမရနိုင်တဲ့ ကံကြမ္မာဆိုးတွေကို ညွှန်ပြနေတယ် ဒါပထမဆုံးအကြိမ် ကြုံဖူးတာပါပဲ၊ ဒါကြောင့် မင်းဘာလုပ်သင့်လဲဆိုတာ ငါမသိသေးပါဘူး"
အပြင်ဘက်၌ မြူနှင်းများ လွှမ်းခြုံသွားသည်။ ခဏအကြာတွင် အဝေးမှ တောင်တန်းများကို အဖြူရောင်အလွှာတစ်ခုဖုံးအုပ်သွားသည်။
သို့သော် ဤကဲ့သို့ရာသီဥတုမျိုးက ကလေးနှစ်ယောက်၏ ဆော့ကစားမှုကို မရပ်တန့်နိုင်ပေ။
သစ်ပင်ဝိညာဉ်သည် ၎င်း၏ရှည်လျားသောအကိုင်းအခက်များကို ဆန့်ထုတ်ကာ လျှောကျသည့်ပြေးလမ်းတစ်ခုအဖြစ်ဖန်တီးလျက် ကလေးငယ်တစ်ဦးက လျှောချ၍ ရယ်မောသံများထွက်ပေါ်လာသည်။ မရေမတွက်နိုင်လောက်အောင်များပြားလှသည့် သစ်တော်ပွင့်ဝိဉာဥ်များက ရှန်းရှန်းနှင့် နျန်နျန်တို့နှင့်အတူ ပျော်ရွှင်စွာ ကစားကြသည်။
ထိုသို့သောမြင်ကွင်းသည် ရွှယ်အန်း၏မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာစေသည်။
“ချင်းမန်တောင်ပေါ်မှာ နှင်းတွေကျလာပြီဆိုတော့ နှစ်သစ်ကူးနီးလာပြီလို့ ဆိုလိုတာပဲ” တိုအိုကျင့်ကြံသူကျိုက်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်၏။
“ဒီနှစ် နှစ်သစ်ကူးကို ချင်းမန်မြို့မှာ ဖြတ်သန်းရအောင်။ ခင်ဗျား တစ်ယောက်တည်း ဒီမှာနေရတာ တော်တော် အထီး ကျန်နေမှာပဲ”
သခင်ကျိုက်က ရယ်မော၍ ခေါင်းယမ်းလိုက်သည်။
“မလိုပါဘူး။ ငါ ဒီမှာ အနှစ်လေးဆယ်တောင်နေခဲ့တာ ကျင့်သားရနေပါပြီ။ ပြင်ပကမ္ဘာက အရမ်း အနှောက်အယှက်များလို့ လိုက်လျောညီထွေဖြစ်အောင်မနေတတ်သေးဘူး”
“တကယ်လား ဒါဆို အဲ့ကို အခု နေတိုင်းနီးပါး သွားသွားနေတယ်လို့ အားလန်ဆီက ဘာလို့ကြားရတာလဲ” ရွှယ်အန်းက ရွှတ်နောက်နောက်ပြောလိုက်သည်။
“အဟွတ် အဟွတ် ဒါ… ဒါက အထူးတလှည်မှပါ။ နောက်ဆုံးတော့လည်း တောင်ပေါ်မှာ စားလိုက် အိပ်လိုက်လုပ်နေရတာ ပျင်းဖို့ ကောင်းတယ်လေ” သခင်ကျိုက်က ရှင်းပြပြီးနောက် စကားအနည်းငယ် ထပ်ပြောလိုက်သည်။
“ဒါပေမယ့် အခုက ပိုတောင်ကောင်းသေးတယ်။ ငါ ခု စားချင်ရင်တောင် ယုန်တွေကအစ နတ်ဝိဉာဥ်တွေဖြစ်ကုန်ပြီဆိုတော့ မတွေ့နိုင်တော့ဘူး”
ဟူယွဲ့က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“အဲ့တော့ရော ဘာဖြစ်လဲ။ ဝိဉာဥ်တွေက ပိုတောင် အရသာရှိသေးတယ်”
“မတူဘူး အရင်က သူတို့နဲ့မသိဘူးလေ။ ဒါပေမယ့် အခု နိုးလာပြီး စကားတွေတောင်ပြောနိုင်နေတာ ငါ သူတို့ကို ဘယ်စိတ်နဲ့စားရမှာလဲ”
"ဒါဆို မင်းအခု ဘာစားနေတာလဲ" ဟူယွဲ့က မေးသည်။
“အမှန်တိုင်းပြောရရင် ငါ အခု သက်သတ်လွတ်စားနေပြီ”
“ကောင်းပြီ အသီးအရွက်တွေနဲ့ အစေ့အဆန်တွေကပါ ဝိဉာဥ်ဖြစ်သွားရင် မင်းဘာစားဖို့ စိတ်ကူးထားလဲ ငတ်သေမှာလား”
“မင်းက ကတ်သီးကတ်သတ်ပြောနေတာပဲ။ အသီးအရွက်နဲ့ အစေ့အဆန်တွေက ဘယ်လိုလုပ် ဝိဉာဥ်ဖြစ်သွားနိုင်မှာလဲ”
“ဟားဟား သူတို့ မဖြစ်နိုင်ဘူးလား”ဟူယွဲ့က ရယ်မော၍ လက်တစ်ဖက်ကိုမြှောက်လိုက်ရာ တံစက်မြိတ်အောက်သို့ တွဲလောင်းကျနေသော ပြောင်းဖူးစေ့တစ်ကြိုးက လေတိုက်ခြင်းမရှိဘဲ ယိမ်းထိုးလာသည်။
များမကြာမီတွင် ထို ပြောင်းစေ့အများအပြားက သခင်ကျိုက်ကို
“အဘိုး… အဘိုး …” ဟု စတင်ခေါ်လာကြ၏။
၎င်းတို့၏ အသံများက ကလေးလေးများကဲ့သို့ ပြတ်သားချိုမြိန်လှသည်။
သခင်ကျိုက်က အလွန် ထိတ်လန့်အံ့သြသွားသည်။
“သာမန်ပြောင်းဖူးစေ့လေးတွေက ဘယ်လိုလုပ် ကလေးလေးတွေဖြစ်သွားတာလဲ။ ဒီလိုသာဆို မြွေဝိဉာဥ်တို့ ကင်းမြီးကောက်ဝိဉာဥ်တို့ကို တွေ့ဖို့များ ကံပါလာသလား”
ရွှယ်အန်းက ရယ်ရခက် ငိုရခက်ဖြစ်နေသည်။
“ကောင်းပြီ ဒီလူက ခေါင်းသိပ်မကောင်းလို့ ပေါက်ကရတွေပြောနေတာကို စိတ်ထဲမထည့်ပါနဲ့။ တကယ်လည်း အဲ့ နိုးထလာတဲ့ဝိဉာဥ်တွေကို စားရတာ အဆင်မပြေပါဘူး။ ဒါ့ကြောင့် မနိုးသေးတဲ့ဝိဉာဥ်တွေနဲ့ တစ်ခုခုပြင်ထားလိုက်ပါ။ ကျုပ် နေ့လယ်စာချက်ပေးမယ်။ ကျုပ်တို့ ဟော့ပေါ့စားကြမယ်”
ဤစကားလုံးများက ဟူယွဲ့၏ မျက်လုံးများကို ချက်ချင်းပြူးကျယ်သွားစေကာ မျက်ရည်ကျလုနီးပါးဖြစ်နေသည်။
“မင်းတကယ်ပြောတာလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် အခု ငါတို့မှာ ပါဝင်ပစ္စည်းတွေ မရှိသေးဘူး"
“အဲ့တာက ပြဿနာမဟုတ်ဘူး။ ငါနဲ့စိတ်ချထားလိုက်” ဟူယွဲ့က ပြော၍ နှင်းများထူထပ်ကျယ်ပြောလှသည့် ကွင်းပြင်ကြီးထဲသို့ ခုန်ဆင်းသွားသည်။
သူက ရွှယ်အန်း၏ အချက်အပြုတ်ကျွမ်းကျင်မှုကို အခြားသူများထက် ပိုသိသည်။ တကယ်တမ်းတွင် ၎င်းတို့နှစ်ယောက်ပေါင်းသင်းဆက်ဆံရေးကောင်းနေရသည့် အကြောင်းအရင်းမှာ ဟူယွဲ့က ရွှယ်အန်း၏ အချက်အပြုတ်ကို နှစ်သက်သောကြောင့်သာဖြစ်သည်။
သို့သော် လူ့ဘုံသို့ရောက်လာကတည်းက စတင်၍ ဟူယွဲ့က မည်မျှပင် ချော့မော့ပြောဆိုစေကာမူ တောင်းပန်စေကာမူ သူ့အတွက် ဘယ်သောအခါမှ ဟင်းချက်မပေးခဲ့ပေ။
ရွှယ်အန်းက အရွယ်ရောက်ပြီးသော ယောက်ျားတစ်ယောက်တည်းအတွက် ချက်ပြုတ်ပေးရမည်ကို ပျင်းလွန်းလှသည်ဟုပြောခဲ့သည်။ ယခု ရွှယ်အန်းထံမှ ချက်ပြုတ်မည်ဟူသော စကားကိုပြောလာသဖြင့် ဟူယွဲ့က အလိုလိုပင် အားရကျေနပ်လျက်ရှိ၏။ သူ၏ ကျွမ်းကျင်မှုဖြင့် တောရိုင်းယုန်အနည်းငယ်ကို လျင်မြန်စွာဖမ်းမိခဲ့ကာ သစ်သီးဝလံများနှင့် တော်ဆိတ်တစ်ကောင်ကိုပင်ရနိုင်ခဲ့သည်။
ရွှယ်အန်းက အစားအသောက်များကို စတင်ပြင်ဆင်သည်။
ယခုအချိန်တွင် အပြင်ဘက်ရှိနှင်းများက ခြေဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်နေပြီဖြစ်သည်။
ကလေးနှစ်ယောက်ကို အန်းယန်က လက်တစ်ဖက်စီဖြင့် သယ်လာကာ ရွှယ်အန်းကို ပြောလိုက်သည်။
“ရှင့်ရဲ့ ချစ်လှစွာသော သမီးနှစ်ယောက်ကို ကြည့်ပါဦး ဆော့ရင်းရူးသွားတော့မယ့်အတိုင်းပဲ”
“သူတို့ပျော်ရင် ကစားခွင့်ပေးလိုက်ပါကွာ ဒါငယ်ဘဝပဲလေ”
မိခင်၏ဆူပူကြိမ်းမောင်းမှုကြောင့် ခေါင်းငိုက်စိုက်ကျနေသော မိန်းကလေးနှစ်ဦးသည် ရွှယ်အန်း၏စကားကိုကြားသောအခါ မျှော်ကြည့်ကာ ရယ်မောလိုက်ကြသည်။
“ဖေဖေ သမီးတို့ ဟော့ပေါ့စားရတော့မှာလား” နျန်နျန်က နှာခေါင်းဖြင့် အနံ့ခံလျက် ပေ ြာလိုက်သည်။
“ဟုတ်တယ် စားချင်ပြီလား”
“အင်း ဒါမယ့် ရေခဲမုန့်လေးနဲ့ဆို ပိုစားကောင်းမှာနော်”
“ဖေဖေ သင်ပေးမယ်။ သမီး မေမေလှလှကို သွားမေးကြည့် သူပေးလိမ့်မယ်” ရွှယ်အန်းက နျန်နျန်၏ နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
နျန်နျန်၏ မျက်လုံးများ တောက်ပလာပြီးနောက် သူ့အစ်မကို အန်းယန်ဆီသို့ ဆွဲခေါ်သွားသည်။
ထို့နောက် လက်သေးသေးလေးကို ဆန့်ထုတ်လျက် မျက်လုံးဝိုင်းကြီးများဖြင့် အန်းယန်ကိုမော့ကြည့်လိုက်ကြသည်။
“မေမေလှလှ မေမေက ကမ္ဘာပေါ်မှာ အလှဆုံးမေမေပဲ”
အန်းယန်က ရွှယ်အန်းကို ပြင်းပြင်းထန်ထန် မျက်စောင်းထိုး၍ ပြောလိုက်သည်။
“ရှင်.. သူတို့ကို ဒီနှုန်းနဲ့ အလိုလိုက်ဖျက်ဆီးပစ်နေတော့မှာလား”
ထို့နောက် သူမက မုန့်ညှင်းစေ့လက်စွပ်ထဲမှ ရေခဲမုန့်နှစ်ခုကို စနစ်တကျ ထုတ်ယူလိုက်သည်။
“တစ်ယောက်တစ်ခုပဲနော်။ ကုန်သွားရင် ထပ်မရတော့ဘူး”
“ဟုတ် ဟုတ်”
ကလေးနှစ်ယောက်က ပျော်ရွှင်မြူးတူးနေသော မျက်နှာများဖြင့် စားသောက်ကာ ရွှယ်အန်းကို အဆက်မပြတ် မျက်စိမှိတ်ပြနေကြသည်။
ရွှယ်အန်းက ပြုံးရုံသာ ပြုံးပြလိုက်၏။
ထိုအချိန်တွင်း၌ အိမ်နောက်ဖေးတွင် ဟူယွဲ့သည် သခင်ကျိုက်က ကျွမ်းကျင်စွာဖြင့် ဆိတ်အရေခွံစုတ်နေသည်ကိုကြည့်ကာ ရွှင်မြူးစွာ ပြောလိုက်သည်။
“မင်း သက်သတ်လွတ်စားတာရောသေချာရဲ့လား။ မင်းရဲ့ နည်းစနစ်က တော်တော် ကျွမ်းကျင်ပုံပဲ”
“သခင်ကျိုက်က ရယ်မောလိုက်သည်။
“မတတ်နိုင်ဘူးလေဗျာ တစ်ခါတစ်လေ ဒီငတုံးကောင်တွေက ကျုပ် ထောင်ချောက်ထဲကျလာကျတာ။ ဘယ်လိုလုပ် အလဟဿ အဖြစ်ခံနိုင်မလဲ”
ဆိတ်သားရေ ကွာသွားသည်နှင့် ဟူယွဲ့က ဓားတစ်ချောင်းကို ကောက်ကိုင်ကာ ဆိတ်သားတုံးသေးသေးလေးများ တုံးလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ဟော့ပေါ့အိုးကို ပြင်ဆင်နေပြီဖြစ်ရာ ပါဝင်ပစ္စည်းများသည် အလွန်ရိုးရှင်းသော်လည်း ရွှယ်အန်း၏လက်အောက်တွင် ဟင်းရည်သည် မွှေးကြိုင်၍ အရသာရှိလှသည်
အပြင်ဘက်တွင် နှင်းပွင့်များ ထူထပ်စွာကျလာသဖြင့် လူတိုင်းသည် မီးဖိုဘေးတွင် ထိုင်ကာ ဆိတ်အသားလွှာများကို နှစ်သက်စွာစားနေကြသည်။
ဟူယွဲ့က ကျေနပ်စွာသက်ပြင်းချလိုက်၏။
“ရိုးရိုးသားသားပြောရရင် လူသားကမ္ဘာကို တော်တော်ပျော်ဖို့ကောင်းတယ်လို့ ကျုပ်မြင်တယ်။ ဒါပေမယ့် အခုတောတ့ အရက်လေးနည်းနည်းသာရှိလိုက်ရင် ပိုကောင်းမှာ”
သခင်ကျိုက်က ပြုံး၍ အိမ်ထဲသို့ဝင်သွားပြီးနောက် အိုးကြီးတစ်လုံးကိုင်လျက် ပြန်ထွက်လာသည်။
အဖိုးကို ဖွင့်ချလိုက်သောအခါ အရက်နံ့က လေထုကို လွှမ်းခြုံသွားသည်။
“ဒါက နွေဦးတုန်းက အသီးအနှံတွေနဲ့ချက်ထားတဲ့ဝိုင်ပဲ။ အရသာကောင်းတယ် ဒါပေမယ့် တော်တော်လေးပြင်းတယ်”
ဟူယွဲ့က ဆက်လက်၍ မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
“ငါ့ကိုတစ်ခွက် ငါ့ကိုတစ်ခွက်”
ခွက်ထဲသို့ထည့်ပြီး၍ ဟူယွဲ့က သောက်တော့မည့်အခိုက်တွင် ရွှယ်အန်းက သူ့ကိုကြည့်လိုက်သည်။
“အပြင်မှာ နှင်းတွေအရမ်းကျနေတယ်။ အခု နှင်းထဲမှာ အော်ငိုရင် အရမ်း မအေးလွန်းဘူးလား”
“အဲ့တာအမှားကွ.. ဖြူစင်တဲ့အမှားတစ်ခုပဲ” ဟူယွဲ့က သူ၏ရှက်စရာကောင်းသောအခိုက်အတန့်ကိုသတိရ၍ အဆင်မပြေသည့်ပုံပေါက်ကာ ကမန်းကတန်းရှင်းပြသည်။
"ဒီတစ်ခါ မူးရင် ဘယ်လိုလုပ်မလဲ"
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ ဒီတစ်ခါထပ်မူးရင် မင်းငါ့နာမည်ကို အခုကစပြီး ပြောင်းပြန်ခေါ်လို့ရပြီ”
“ကောင်းပြီ ယွဲ့ဟူ”
"ငါ မူးမှလို့ ပြောတာကွ”
“ကြိုပြီး အကျင့်ရအောင်ခေါ်ကြည့်တာလေ”
“….”