အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အခန်း(၅၇၁) ဟင်းကောင်းတွေကိုဖြုန်းတီးတာ နှမျောစရာပဲ
ထိုစကားများကိုကြားလိုက်သည်နှင့် အခန်းသည် ချက်ချင်းတိတ်ဆိတ်သွားကာ အားလုံးသောမျက်လုံးများက ရွှယ်အန်းကို စူးစိုက်ကြည့်လျကလျက် သူ့တုံ့ပြန်မှုကို သိချင်နေကြသည်။
လျန်ယွင်ထင်းက မျက်မှောင်ကြုတ်ကာ ရှေ့သို့တိုး၍ ပြောတော့မည့်အခိုက်၌ ရွှယ်အန်းက လက်ကိုဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူက ခွက်ကိုကိုင်လျက် ဘာသိဘာသာပြောလိုက်၏။
“ခုဏက ဘယ်ကောင်ပြောတာလဲ။ ကိုယ့်ကိုယ်ကိုယ်ပြစမ်းပါ”
"ဟ ဒီလောက်တောင်မာန်တက်နေတာ။ ခုဏင ပြောတာ ငါပဲ။ မင်း ဘာလုပ်နိုင်မှာလ” ထိုစကားနှင့်အတူ အရပ်မြင့်မြင့်နှင့် ခွန်အားကြီးသော အမျိုးသားတစ်ဦးသည် ဂုဏ်ယူစွာ ထွက်လာခဲ့သည်။
သူ၏တစ်ကိုယ်လုံးက သံမဏိကဲ့သို့မာကျောကာ မျက်လုံးအိမ်များအတွင်းမှ မျက်စံများက အလွန်တောက်ပနေသည်။ ဤလူကိုမြင်သောအခါ လျန်ယွင်ထင်းက မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသူသည် သူမ၏ ဖခင်၏ အလွန်တန်ဖိုးထားလေးစားခံရသော ဖေးယန်ခံတပ်မှ နည်းပြတစ်ဦးဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို အလွန်သာမန်ထက်လွန်ကဲသော အဆင့်အထိ လေ့ကျင့်ခဲ့ပြီးနောက် ဖျက်ဆီး၍မရနိုင်သော
နည်းပြ၊ မပျက်ဆီးနိုင်သည့် သံမဏိကျောက်တုံး ကျန်းဟု လူသိများသည်။
ထိုသူက ရွှယ်အန်းအနီးသို့ ငုံ့ကြည့်ကာ ရယ်မောလိုက်သည်။
“သားလေး ငါတို့ရဲ့ ဒုတိယသခင်မလေးကို မင်းဘာလှည့်ကွက်တွေသုံးလိုက်လဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် သံမဏီကျောက်တုံးကျန်းရဲ့ အမြင်မှာတော့ မင်းတို့ လူသားမျိုးနွယ်စုကဟာတွေအကုန်လုံးက သေသင့်တယ်။ မင်းတို့ကပ်ပါးကောင်တွေက ဖေးယန်ခံတပ်ရှေ့မှာ အာဏာလာပြရဲတယ်ပေါ့”
သူ၏ စကားလုံးများက အလွန်ကြမ်းတမ်းကာ လူများစွာက ရွှယ်အန်းကို အေးစက်စွာကြည့်နေကြသည်။ ဤအကြည့်များအောက်တွင် ရွှယ်အန်းက မည်သည့်စကားတစ်ခွန်းမျှ ပြောခြင်းမရှိဘဲ ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ခွက်ထဲမှ ဝိုင်ကို ဖြည်းညှင်းစွာသောက်လိုက်သည်။
ထို့နောက် သူက သက်ပြင်းတစ်ချက်ချလိုက်၏။
“ဒီဟင်းကောင်းတွေ ခင်းပေးထားတာ နှမျောစရာပဲ”
“ဟမ်” လျန်ယွင်ထင်းက သူ့စကားကြောင့် အံ့အားသင့်သွားကာ သူ၏ စကားကို နားမလည်ပေ။
ထျယ့်ခွိုက်ကျန်းက လှောင်ရယ်လိုက်သည်။
“မင်း…”
သူစကားမဆုံးခင် ရွှယ်အန်းက ရုတ်တရက် ထရပ်ကာ ထျယ့်ခွိုက်ကျန်း၏ ဆံပင်ကို လှမ်းဆွဲလိုက်ရာ
ထျယ့်ခွိုက်ကျန်းက ဒေါသတကြီး အော်ဟစ်ကာ တွန်းလှန်ရန် ကြိုးစားသည်။ သို့သော် ရွှယ်အန်းက သူ့ကို မည်သည့်အခွင့်အရေးမှမပေးဘဲ စားပွဲပေါ်သို့ လျင်မြန်စွာဖြင့် ဆွဲတင်လိုက်၏။
ထျယ့်ခွိုက်ကျန်း၏ ဒေါသတကြီးရုန်းကန်မှုကြောင့် စားပွဲပေါ်ရှိ ပန်းကန်များနှင့်ခွက်များက ရှုပ်ပွပေရေကုန်သည်။
သို့သော် သူမည်မျှပင် ရုန်းကန်စေကာမမူ ရွှယ်အန်း၏ ချုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် အခြားလက်တစ်ဖက်ဖြင့် ငွေရောင်တူတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။
"မင်းရဲ့ နောက်ဘဝမှာ လူသားမျိုးနွယ်စုထဲက တစ်ယောက်ယောက်ကို တွေ့ရင် ဒူးထောက်ပြီး ညှာတာပေးဖို့တောင်းဆိုဖို့ သတိရပါ”
ထို့နောက် ဓားဖြင့် ထိုးလိုက်သည်။
ထျယ့်ခွိုက်ကျန်း၏ ဘယ်ဘက်နားမှ ဖောက်ထွင်းသွားသည့် ငွေရောင်တူက ညာဘက်နားမှ ပြန်ထွက်လာကာ ထူထဲသော စားပွဲခုံကိုပင် ထိုးဖောက်ဝင်ရောက်ကာ စားပွဲပေါ်တွင် ခိုင်မြဲစွာသံမှိုက်ရိုက်ခံလိုက်ရ၏။
အပြင်းအထန် ရုန်းကန်နေရသော ထျယ့်ခွိုက်ကျန်း၏ မျက်လုံးမှ အသက်အငွေ့အသက်များ ပျောက်ကွယ်သွားကာ ခန္ဓာတစ်ကိုယ်လုံး ပြိုလဲကျသွားသည်။
သူ…ပွဲချင်းပြီး သုတ်သင်ခံလိုက်ရ၏။
ရွှယ်အန်းက ရှုံ့ချသောမျက်နှာဖြင့် လက်ကိုလွှတ်ပေးလိုက်ပြီးနောက် ပတ်ဝန်းကျင်သို့ကြည့်ကာ ဘာသိဘာသာမေးလိုက်သည်။
“ဘယ်သူလဲ”
အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားကာ တုန်လှုပ်ခြောက်ခြားသံများနှင့် အချက်ပေးသံများ ထွက်ပေါ်လာသည်။
“သူက နည်းပြထျယ့်ကို သတ်လိုက်တာ”
"ဘယ်လိုဖြစ်နိုင်မှာလဲ"
ဤအာမေဋိတ်များကြားတွင် လျန်ယွမ်ဟွာနှင့် ပါ့ဖန်မြို့မှ အကြီးအကဲများအားလုံး ရုတ်တရက် မတ်တပ်ရပ်၍ ရွှယ်အန်းကို စိုက်ကြည့်နေကြသည်။
အထူးသဖြင့် လျန်ယွမ်ဟွာ၏ မျက်နှာက ပြာမှုန်သွား၏။
ရွှယ်အန်းတွင် မည်သည့် ကျင့်ကြံရေးအဆင့်မျှ မရှိသည်ကို သတိပြုမိသောကြောင့်
ထျယ့်ခွိုက်ကျန်းကို အနိုင်ယူနိုင်ခဲ့သည်မှာ ကာယဗလအားသက်သက်ဖြင့်သာဖြစ်သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လျန်ယွမ်ဟွာ၏ နှလုံးသားထဲသို့ ကြောက်ရွံ့ထိတ်လန့်မှုကို သဘာဝအတိုင်း သက်ရောက်စေသည်။ ရွှယ်အန်း၏ နောက်ဆုံး စကားလုံးအသုံးအနှုန်းသည် ရှိနေသူတိုင်း၏ မျက်နှာကို ပုတ်ခတ်လိုက်သကဲ့သို့ပင်ဖြစ်သည်။
"မာန်တက်နေတဲ့လူမိုက် ဖေးယန်ခံတပ်မှာ လူတစ်ယောက်ကို လူသိရှင်ကြား သတ်ရဲတယ်ဆိုတော့… ဒီနေ့ မင်းကို နားလည်အောင် ငါပြောပြမယ်..." ဆံပင်ဖြူနှင့် အဘိုးကြီးတစ်ယောက်ကပြောလိုက်သည်။
ရွှယ်အန်းက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်၏။
"ခင်ဗျားတို့ တိုက်ခိုက်ချင်ရင် လာခဲ့၊ ချီးစကားတွေ လုံလောက်ပြီ"
ဤစကားများသည် ထိုအဘိုးကြီးကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။
အဘိုးအိုက အနည်းဆုံးအနေဖြင့် လွတ်မြောက်အင်မော်တယ် အထွတ်အထိပ်အဆင့်တွင်ရှိ၍ သင့်တင့်လျောက်ပတ်သော ကျင့်ကြံရေးအဆင့်ရှိသော်လည်း ရွှယ်အန်းဆီသို့ အပြေးအလွှား ပြေးလာစဉ်၌ပင် ရွှယ်အန်းက လက်ကိုမြှောက်ကာ တစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်၏။
အဘိုးအိုက လေထဲသို့ လှပစွာ လွင့်ထွက်သွားခဲ့ရာ
ကွဲအက်နေသော ပါးစပ်မှ ထွက်လာသည့် လေထုထဲပြန့်ကျဲနေသော သွားများကိုပင် အချို့က သတိပြုမိကြသည်။ ထိုအဘိုးအိုသည် စားပွဲနှင့် ကုလားထိုင်များကို ဝင်တိုက်မိပြီးနောက် သတိလစ်သွားခဲ့သည်။
ဤအဖြစ်အပျက်က ပြင်းထန်လွန်းလှသဖြင့် ရှေ့ကိုတိုးရန် အဆင်သင့်ဖြစ်နေကြသော လူအုပ်ကြီးကို ဒေါသဖြစ်စေရန် အမှန်တကယ် လှုံ့ဆော်နိုင်ခဲ့သည်။
ရွှယ်အန်းက နောက်ကျောသို့ လက်နှစ်ဖက်ယှက်လျက် ငြိမ်သက်စွာရပ်နေ၏။
"လာ၊ ဒီနေ့ ဒီသခင်လေးက မင်းတို့အမှိုက်တွေအကုန်လုံးကို တစ်ယောက်တည်း သယ်သွားပေးမယ်”
အခြေအနေများ ထိန်းမနိုင်သိမ်းမရဖြစ်လာသည်နှင့်အမျှ တုန်လှုပ်ချောက်ချားနေသည့် လျန်ယွင်ထင်းက ကြားဝင်ရန် အရှိန်အဟုန်ဖြင့် ပြေးလာခဲ့သည်။
ထိုအချိန်တွင် လျန်ယွမ်ဟွာက လေးနက်သော အသံဖြင့်အော်လိုက်၏။
“အားလုံး ရပ်လိုက်ပါ”
ဖေးယန်ခံတပ်တွင် လျန်ယွမ်ဟွာ၏စကားများသည် အရေးကြီးဆုံးဖြစ်သည်။ သူ့အော်သံကြောင့် အားလုံးက ရပ်တန့်သွားကြသည်။
"ခံတပ်သခင်" လူတစ်ယောက်က ခေါ်လိုက်သည်။
လျန်ယွမ်ဟွာက ၎င်းတို့ကို လျစ်လျူရှု၍ ရွှယ်အန်းကို အပြုံးကြီး ပြုံးပြလိုက်သည်။
"စွဲမက်ဖွယ် အတတ်ပညာ၊ စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်ပါပဲ။ ဝိညာဉ်ဂိုဏ်းကို တွန်းလှန်ပြီး ငါ့သမီးကို ကယ်တင်ခဲ့တဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့ တကယ် ထိုက်တန်ပါပေတယ်"
ရွှယ်အန်းက မတုန်မလှုပ်ဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူ့လည်ချောင်းကို ရှင်းထုတ်ပြီးနောက် လျန်ယွမ်ဟွာက ဆက်ပြောသည်
"ပထမဆုံးအနေနဲ့ အကြီးအကဲစုန်ကို ဆေးကုသမှုခံယူဖို့ အဝေးသို့ခေါ်သွားပြီး နည်းပြထျယ့် အလောင်းကို ဖယ်လိုက်ကြပါ"
သူ့အမိန့်အရ လူများက ရှေ့ကို မြန်မြန်တက်ကာ အရာရာကို ကိုင်တွယ်လိုက်ကြသည်။
ထို့နောက် လျန်ယွမ်ဟွာကပြောလိုက်၏။
"အခုပဲ ဖြစ်ခဲ့သမျှကို ငါမြင်ပါတယ်။ ဒါတွေအားလုံးက နည်းပြဆရာထျယ့်ရဲ့ ဒေါသနဲ့ စတင်ခဲ့တာပါ။ သူ့ရဲ့ ရှုံးနိမ့်မှုရဲ့ ရလဒ်က သူ့အပြစ်ကြောင့်ပဲ၊ ငါတို့က ဒီကိစ္စကို အဆုံးသတ်အောင်လုပ်ရမယ်။ ဒါကိုဆက်ပြီး ပြောမနေသင့်တော့ဘူး”
သူ၏စကားများက အကြီးအကဲများစွာအတွက် ကျေနပ်ဖွယ်မရှိသော်လည်း ခေါင်းငုံ့ထားရန်မှတပါး ရွေးချယ်စရာလမ်းမရှိတော့ပေ။
ထို့နောက် လျန်ယွမ်ဟွာသည် ပွဲတော်ကို ထပ်မံကျင်းပရန် အမိန့်ပေးခဲ့ကာ နောက်တစ်ကြိမ် ပွဲကျင်းပချိန်တွင် စိတ်အားထက်သန်မှုရှိ ဟန်ဆောင်ခဲ့သည်။
နောက်ဆုံးတွင် သူသည် ရွှယ်အန်းကို အနားယူရန် ဧည့်ခန်းသို့ တစ်စုံတစ်ယောက်ကို ခေါ်သွားခိုင်းခဲ့၏။
ရွှယ်အန်းထွက်သွားပြီးနောက်၊
လျန်ယွမ်ဟွာ၏ အမူအရာသည် ကြမ်းတမ်းလာသည်။
“ခံတပ်သခင် ကျုပ်တို့ ဒီကောင်ကို ဒီအတိုင်းလွှတ်ထားမှာလား” အကြီးအကဲတစ်ယောက်က သူ့မကျေနပ်မှုကို ဖုံးမကွယ်ထားနိုင်တော့ဘဲ မေးလိုက်သည်။
"သူ့ကို လွှတ်ထားလိုက်မှာခါး ဟုတ်လား ဟား၊ သေချာပေါက် မဟုတ်ဘူးပေါ့ ငါ့ရဲ့ ဖေးယန်ခံတပ်ထဲက လူတစ်ယောက်ကို သတ်ဖို့ သတ္တိရှိတာက သူက ငါ့ကို ပေါ့ပေါ့တန်တန်ပဲ သဘောထားနေတာပဲ" လျန်ယွမ်ဟွာက အေးစက်စွာပြောသည်။
"ဒါဆို သခင်…"
"အခုတော့ စစ်မှန်တဲ့ အင်မော်တယ် အမွေတွေ ပေါ်ထွက်တော့မှာ ဖြစ်သလို ယွင်ကျီလည်း မကြာခင် ပြန်လာတော့မယ်။ ဒီကောင်က စစ်မှန်တဲ့ အင်မော်တယ်အမွေအနှစ်တွေအတွက် ဒီမှာရောက်နေတာ မဟုတ်ဘူးလား။ အချိန်တန်ရင် သူ့ကို ငါတို့ရဲ့ ကစားပွဲမှာ စတေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့မှာပါ"
သူ့စကားကြားသောအခါ အကြီးအကဲများ၏ မျက်လုံးများ တောက်ပလာသည်။
"သခင်မလေး ပြန်လာမယ်လို့ ပြောနေတာလား။"
လျန်ယွမ်ဟွာက ဂုဏ်ယူစွာ ခေါင်းညိတ်ပြလိုက်သည်။
"ယွင်ကျီက အခု တောင်ပင်လယ်ဂိုဏ်း၏ အတွင်းစည်း တပည့်ဖြစ်နေပြီ၊ စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေက သူ့သခင်ဆီက မစ်ရှင်တစ်ခုပဲ"
တောင်ပင်လယ်ဂိုဏ်း။
ဤအမည်ကိုကြားသောအခါ အကြီးအကဲများအားလုံးသည် လေးနက်သော လေးစားမှုကို ပြသကြသည်။
"သခင်မလေးက အလယ်ပိုင်းပြည်နယ်ရဲ့ အဓိကဂိုဏ်းကြီးတစ်ခုမှာ အတွင်းတပည့်တစ်ယောက်ဖြစ်လာတယ်ဆိုတာ သူရဲ့အနာဂတ်က အကန့်အသတ်မရှိဘူးပဲ” တစ်စုံတစ်ယောက်က မျက်နှာချိုသွေးကာ ပြောလိုက်သည်။
ဂုဏ်ယူမှုအပြည့်နှင့် လျန်ယွမ်ဟွာက ဆက်ပြော၏။
"ဒါ့အပြင် ဒီကောင့်ရဲ့ ကိုယ်ခံအားက တကယ်ကို အစွမ်းထက်ပါတယ်။ ယွင်ကျီပြန်ရောက်တာနဲ့၊ ဖေးယန်ခံတပ်ရဲ့ ဘုံစစ်သားတွေကို အများကြီး အကျိုးရှိစေမယ့် သူ့ရဲ့ လေ့ကျင့်မှုနည်းလမ်းကို ထုတ်ယူနိုင်မယ့် နည်းလမ်းကို ရှာတွေ့မှာပါ"
"ခံတပ်သခင်က တကယ်ပဲ ပညာရှိပါပေတယ်" ယခု လျန်ယွမ်ဟွာ၏ ရည်ရွယ်ချက်ကို နားလည်လာသောအခါ အကြီးအကဲများက သဘောတူညီမှုဖြင့် သူ့ကို ချီးကျူးခဲ့ကြသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် လျန်ယွင်က တောင်းပန်နေသည်ကို နားထောင်လျက်ရှိသည်။
"လူကြီးမင်း၊ ကျွန်မဖေဖေနဲ့ အခြားသူတွေက တကယ့်ကို စိတ်နည်းနည်း ကွက်သွားကြလို့ပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး"
စကားအနည်းငယ်ပြောပြီးသောအခါ လျန်ယွင်က ထွက်သွားလေသည်။
ရွှယ်အန်းသည် အခန်းထဲတွင် မတ်တပ်ရပ်လျက် သူ့အပြုံးက တဖြည်းဖြည်း အေးစက်လာသည်။
ငါ့ကိုသုံးချင်တာလား။
ကောင်းပြီ
အဆုံးမှာ ဘယ်သူက ဘယ်သူကို ကျော်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။
အခန်း(၅၇၂) သူ ညီမလေးကို သွေးဆောင်တာ
နောက်ရက်များတွင် ရွှယ်အန်းက ဖေးယန်ခံတပ်တွင် အခြေချနေထိုင်ခဲ့သည်။ နေ့တိုင်း သူ့အား ဝိုင်ကောင်းကောင်းနှင့် အရသာရှိသော အစားအစာများ ပံ့ပိုးပေးသည်။
ရွှယ်အန်းသည် သူ့ထံသို့ ယူလာသမျှကို စား၍ အနည်းငယ်မျှ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ပါ့ဖန်မြို့သည် ပို၍ စည်ကားလာသည်။ နေ့တိုင်း မရေမတွက်နိုင်သော ကျင့်ကြံသူများ ဤနေရာသို့ အပြေးအလွှား လာနေသည်ကို တွေ့ရသည်။
၎င်းတို့ထဲတွင် လွတ်မြောက်အင်မော်တယ် နှင့် အင်မော်တယ်အဆင့်မှ ကျွမ်းကျင်သူများသည် အလင်းတန်းများ အဖြစ်ရောက်လာကြသည်။
ကောင်းကင်လူသားများနှင့် အဆင့်နိမ့်သူများလည်း ရှိကြသည်
ဤအဆင့်အောက်ရှိ ကျင့်ကြံသူများက စိတ်လှုပ်ရှားမှုတွင် ပါဝင်ရန်မျှသာဖြစ်ကာ ပရမ်းပတာများကြားတွင် ရတနာတစ်ခုကို ကြက်ကန်းဆန်အိုးတိုး၍ရရန် မျှော်လင့်နေကြသည်။
တကယ်တမ်းတွင် ယင်းတို့အားလုံးက စစ်မှန်သည့် အင်မော်တယ် အမွေအနှစ်များဖြစ်သည်။ ကျပန်းပစ္စည်းမှန်သမျှက ရှားပါးရတနာဖြစ်နိုင်သည်။
သို့သော် ရွှယ်အန်းသည် အဆိုပါ ပြင်ပပြောင်းလဲမှုများကို သိပ်ဂရုမစိုက်ဘဲ ကောင်းကင်တွင် လွင့်နေသော မီးရောင်များကို ကြည့်ရှုရန် ရံဖန်ရံခါ ခေါင်းကို မော့ထားကာ မှုန်မှိုင်းစွာ ပြုံးနေခဲ့သည်။
လျန်ယွင်ထင်းသည် သူ့အား ဂါရဝပြုရန် နေ့တိုင်းလာနေသည့်အပြင် ကလေးမလေး လျန်ယွင်လော်သည်လည်း ရွှယ်အန်း၏နေရာသို့ မကြာခဏ ခိုးဝင်လာသည်။
ရွှယ်အန်းတွင် သမီးနှစ်ယောက်ရှိသောကြောင့် လျန်ယွင်လော်ကဲ့သို့ ကလေးမလေးများနှင့်ပတ်သက်၍ နားမလည်နိုင်သော ရင်းနှီးမှုကို ခံစားမိသည်။
မှန်သည် သော့ချက်မှာ ဤကလေးမလေးများ၏ ဟာသအတွက် ကန့်သတ်ချက်က မယုံနိုင်လောက်အောင် နည်းပါးနေခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် ရွှယ်အန်းသည် အလွန်ရိုးရှင်းသောဟာသကို ပြောခဲ့လျှင်ပင် သူမထိန်းမနိုင်သိမ်းမရ ရယ်နေတတ်သည်။
ဤသို့အချိန်တိုင်းတွင် လျန်ယွင်လော်နှင့်အတူ အမြဲလိုက်ပါလာသည့် လျန်ဖုရှန်က အံ့သဩတကြီး ခေါင်းညိတ်ပြတတ်ကာ တတိယမမလေးက အဘယ်ကြောင့် ဤမျှပျော်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။
ယနေ့သည်လည်း ခြွင်းချက်မရှိပေ။
လျန်ယွင်လော်သည် ဖခင်ဖြစ်သူ လျန်ယွမ်ဟွာ၏ အလုပ်ရှုပ်မှုကို အခွင့်ကောင်းယူ၍ ရွှယ်အန်းနှင့် ဆော့ကစားခဲ့သည်။
ရွှယ်အန်းသည် ဤမိန်းကလေးအတွက် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်ခဲ့ရ၏။
"မင်း ကျင့်ကြံဖို့ မလိုအပ်ဘူးလား။ တစ်ချိန်လုံး အတန်းပျက်နေရင် မင်းအဖေ သိသွားပြီး ဆော်ခံရလိမ့်မယ်" ရွှယ်အန်းက တင်းမာစွာပြောသည်။
လျန်ယွင်လော်က တခစ်ခစ်ရယ်လိုက်၏။
"အဖေက ကျွန်မကို ရိုက်မှာ မဟုတ်ဘူး၊ အပြင်မှာ လေ့ကျင့်ရတာ ပျင်းစရာကြီး။ နည်းနည်းလေး ကြီးလာရင်၊ ကျင့်ကြံဖို့ အလယ်ပိုင်းပြည်နယ်က မမနောက်လိုက်သွားမယ်။ သူတို့မှာ ရှားရှားပါးပါး ဆေးအမျိုးအစားတွေ ရှိတယ်ဆိုတော့ နည်းနည်းစားမယ်လေ မဟုတ်ဘူးလား"
သူမ၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်များကိုပြောပြနေသည့် ဤမိန်းကလေးငယ်အား ကြည့်လျက် ရွှယ်အန်းက ရယ်ရခက်ငိုရခက်ဖြစ်သွားရသည်။
"ဒါဆို မင်းမမက အစွမ်းထက်တယ်ဟုတ်လား"
လျန်ယွင်လော်က အားတက်သရော ခေါင်းညိတ်သည်။
"ဒါပေါ့ သူက အစွမ်းထက်တယ်။ မဟုတ်ရင် အဖေက သူ့အကြောင်းပြောရင် ဘာလို့ အမြဲတမ်း ဂုဏ်ယူနေမှာလဲ။ ပြီးတော့ သိပ်မကြာထင်က အတွင်းစည်းတပည့်ဖြစ်လာတယ်လို့ ကျွန်မကြားခဲ့ရတယ်။ အဲ့တာ အထင်ကြီးစရာမဟုတ်ဘူးလား”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အထင်ကြီးစရာပဲ"
"အင်း၊ ကောင်းကင်နန်းတော်မှာ အရှုပ်အရှင်းဖြစ်စေတဲ့ အဲ့မျောက်အကြောင်း ရှင် နောက်ဆုံးပြောပြခဲ့တာက ဘာဖြစ်သွားသေးလဲ" လျန်ယွင်လော်က စိတ်အားထက်သန်စွာ မေးလိုက်သည်။
အထူးတလည် လုပ်စရာမရှိသော ရွှယ်အန်းက သခင်မလေး၏ အနှောက်အယှက် ခံနေရသောကြောင့် အနောက်အရပ်သို့ခရီးသွားခြင်းမှ ဇာတ်လမ်းအချို့ကို သူမအား ပြောပြရန် ဆုံးဖြတ်ခဲ့သည်။
သူမသည် ဤပုံပြင်များကို လွန်စွာစွဲလန်းနေသောကြောင့် ဇာတ်လမ်း၏ နောက်အပိုင်းကို မတွေးဘဲ မနေနိုင်ဘဲ အစာနှင့် အိပ်ချိန်ကိုပင် လျစ်လျူရှုခဲ့သည်။
ယနေ့ သူမ အစောကြီးရောက်လာရခြင်းမှာ နောက်ပိုင်း မည်သည့်အရာများဆက်ဖြစ်သည်ကို နားထောင်ရန်ပင်ဖြစ်သည်။
ရွှယ်အန်းက သူ့လည်ချောင်းကို ညင်သာစွာ ရှင်းထုတ်၍ ပခုံးကို ပွတ်သပ်လိုက်သည်။
"မနေ့ညက အိပ်တာ ပုံစံမှားသွားသလိုပဲ ငါ့လည်ပင်းက အရမ်းနာနေတယ်"
လျန်ယွင်လော်သည် လျင်မြန်စွာဖြင့် ခွေးခြေကိုယူလာ၍ သူ့နောက်တွင်ရပ်ကာ ရွှယ်အန်း၏ပခုံးများကို ညင်သာစွာ နှိပ်နယ်လိုက်သည်။
"စီနီယာ ဒါက ပိုအဆင်ပြေလား"
"ဟမ် မဆိုးပါဘူး၊ ဒီနားကို နည်းနည်းလောက် ပြင်းပြင်းလေး” ရွှယ်အန်းက ကလေးမလေး၏ နှိပ်နယ်မှုကို နှစ်သက်ကာ ကျေနပ်စွာ ရယ်မောလိုက်သည်။
လျန်ယွင်လော်သည် ငယ်စဉ်ကလေးဘဝကတည်းက သူတစ်ပါးကိုအစေခံခြင်းမျိုး တစ်ခါမှမလုပ်ဖူးသော်လည်း ဇာတ်လမ်းအတွက် သူမဂရုမစိုက်တော့ဘဲ ရွှယ်အန်း၏ပခုံးများကို သူမ၏လက်သေးသေးလေးဖြင့် အတင်းအကြပ်နှိပ်နယ်ပေးလျက်ရှိသည်။ ရွှယ်အန်းသည် ကောင်းကင်နန်းတော်တွင် စွန်းဝူခုန်း၏ အပျက်အစီးနောက်မှ အဖြစ်အပျက်များကို စတင်ပြောပြသည်။
ဗုဒ္ဓမြတ်စွာဘုရားက စွန်းဝူခုန်းကို လက်ငါးချောင်းတောင်အောက်တွင် ဖိ၍ နှိမ်နှင်းခဲ့ကြောင်းပြောသောအခါ လျန်ယွင်လော်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
“စီနီယာ ဒီဗုဒ္ဓမြတ်စွာဘုရားက တကယ့်ကို စက်ဆုပ်ရွံရှာဖို့ကောင်းပြီး… အဟင့် အဟင့် အဟင့် အဲ့မှာ ဖိခံထားရမှတော့ ဝူခုန်းက ဘယ်လိုစားရမှာလဲ၊ ကယ်တင်ရမှာပေါ့”
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မင်း သူ့ကို ဘယ်လို ကယ်တင်မှာလဲ၊ လက်ငါးချောင်းတောင်က ဘယ်မှာမှန်း မင်းသိလား"
"မသိဘူး ဒါပေမယ့် စီနီယာတော့ သိမှာသေချာတယ်" လျန်ယွင်လော်သည် ရွှယ်အန်းကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
ရွှယ်အန်းက အကြောင်းပြန်တော့မည်။
ထို့နောက် အပြင်ဘက်မှ လျန်ဖုရှန်၏ ထိတ်လန့်တုန်လှုပ်နေသော အသံက ထွက်ပေါ်လာသည်။
“မိန်းကလေး”
လူသတ်ရန် ရည်ရွယ်ချက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် မကြာမီပင် အသံက မှိန်ဖျော့သွားသည်… လျန်ယွင်ကျီပြေးဝင်လာသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ထိုက်ရှီကုလားထိုင်ပေါ်တွင် အနည်းငယ် မှီလှဲနေကာ လျန်ယွင်လော်က သူ့နောက်မှ ထိုင်ခုံပေါ်တွင် ရပ်နေလျက် သူ့ပခုံးများကို နှိပ်နယ်နေသည်။
မကြာသေးမီက ငိုသံကြောင့် လျန်ယွင်လော်၏ မျက်နှာငယ်လေးတွင် မျက်ရည်စများ ပေါ်လွင်နေသေးသည်။
လျန်ယွင်ကျီ၏မျက်လုံးထဲတွင် ဤမြင်ကွင်းသည် လုံးဝခွင့်မလွှတ်နိုင်စရာပင်ဖြစ်၏။
"မိုက်မဲတဲ့လူ… ငါ့ညီမလေးကို ဖျားယောင်းရဲတယ်ပေါ့ သေပေတော့"
ဤသို့ပြောလျက် လျန်ယွင်ကျီက လက်ဖဝါးနှင့် ရိုက်လိုက်၏။
လျန်ယွင်ကျီသည် ဖေးယန်ခံတပ်သို့ ပြန်ရောက်လာပြီးနောက် ဖခင်နှင့်တွေ့ခဲ့ကာ သူ့ချစ်ညီမငယ်ကို စစ်ဆေးရန် အိမ်အနောက်ဘက်သို့ လမ်းလွှဲသွားခဲ့သည်။
သို့သော် အခန်းထဲဝင်သွားသောအခါ မည်သူ့ကိုမှမတွေ့ရသောကြောင့် အိမ်အကူများကိုမေးခါမှ ၎င်းတို့က အစောင့်တပ်မှူး လျန်ဖုရှန်နှင့် ထွက်သွားသည်ဟု ပြောကြသည်။
လျန်ယွင်ကျီ၏နှလုံးသားထဲတွင် တစ်စုံတစ်ခုက တုန်လှုပ်သွားကာ လျန်ဖုရှန်၏စွမ်းအင်ကို ချက်ချင်းလိုက်ရှာရင်းဖြင့် သူ့ညီမငယ်လေးသည် ထူးဆန်းသောလူနှင့် အခန်းထဲတွင် ရှိနေကြောင်းကို သူမ၏နတ်အာရုံမှ ရှာဖွေတွေ့ရှိခဲ့သည်။
အလယ်ပိုင်းပြည်နယ် တောင်ပင်လယ်ဂိုဏ်းတွင် ကျင့်ကြံပြီးနောက် လျန်ယွင်ကျီသည် လူများစွာနှင့် ကိစ္စများစွာကို မြင်တွေ့ခဲ့ရကာ အဆိုးဆုံးကို ချက်ခြင်းထင်မြင်ခဲ့၍ ဒေါသအလွန်ထွက်စွာဖြင့် ထိန်းမနိုင်သိမ်းမရ တံခါးကိုကန်ဖွင့်ခဲ့သည်။
ထို့နောက် သူမဝင်သွားသည့်အခိုက် မြင်လိုက်ရသော မြင်ကွင်းသည် သူမ၏သံသယများကို သေချာသွားစေခဲ့သည်။ ရွှယ်အန်းက သူ့ညီမလေးကိုအခွင့်ကောင်းယူနေသည်ဟု ယုံကြည်မိသည်။ ထို့ကြောင့် သူမရိုက်လိုက်သော လက်ဖဝါးသည် အကန့်အသတ်မရှိသော ဒေါသကို သယ်ဆောင်လာကာ ၎င်း၏ စွမ်းအားသည်လည်း ကြောက်မက်ဖွယ်ကောင်းသည်။
မိုးခြိမ်းသံကဲ့သို့အသံတစ်ခု ထွက်ပေါ်လာသည်။
မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုသည် အခန်းအတွင်းရှိ ပရိဘောဂများကို ဖုန်မှုန့်များအဖြစ်သို့ တိုက်ရိုက် ဖြိုခွဲပစ်ခဲ့ပြီးနောက် ရွှယ်အန်း၏ ထိုက်ရှီထိုင်ခုံ အောက်ရှိ ကြမ်းပြင်မှာပင် အက်ကွဲသွားသော်လည်း ရွှယ်အန်း လုံးဝ မတုန်မလှုပ် တည်ရှိနေခဲ့သည်။
လျန်ယွင်ကျီသည် သူ့လက်ဖဝါးကို ပြန်လှန်ကာ ခြေလှမ်းသုံးလှမ်းခန့် နောက်ပြန်ဆုတ်လိုက်ပြီးနောက် ရွှယ်အန်းနှင့်ပတ်သက်၍ သူမမြင်လိုက်ရသည့်အရာကို မယုံနိုင်သည့်အလား ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ရှင်....တကယ်ပဲ ကျွန်မ လက်ဖဝါးကိုခံနိုင်တာလား"
"ဒါက အံ့သြစရာပဲလား။ ပြီးတော့ မင်းညီမလေးကို ဘယ်သူက သွေးဆောင်ခဲ့တာလဲ ရှင်းလိုက်ပါ" ရွှယ်အန်းက အေးစက်စက် အသံဖြင့် ပြန်ဖြေသည်။
“အဲ… အင်း…” လျန်ယွင်ကျီက တစ်ခုခုပြောချင်နေသေးသည်။
လျန်ယွင်လော်က ခွေးခြေမှ ခုန်ဆင်း၍ အော်လိုက်သည်။
"မမ ပြန်လာပြီလား"
ညီမအငယ်ဆုံးကို အလွန်ချစ်မြတ်နိုးသော လျန်ယွင်ကျီသည် ကျေနပ်စွာ ပြုံးလိုက်မိသည်။
"အမ်၊ အခုက ဘာဖြစ်တာလဲ..."
"အာ စီနီယာပြောပြတဲ့ ပုံပြင်လေး နားထောင်နေတာလေ နောက်ပြီး သူ့ပုခုံးတွေကို နှိပ်ပေးနေတာ မမက ဝင်လာပြီးတာနဲ့ ဘာလို့ လူတစ်ယောက်ကို စရိုက်တာလဲ။ နောက်ပြီးသွေးဆောင်တယ်ဆိုတာ ဘာလဲ”
လျန်ယွင်ကျီအနည်းငယ်ရှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမတကယ်အမှားလုပ်မိပုံရသည်။
"အိုး... 'သွေးဆောင်တယ်'ဆိုတာ... လက်ထပ်တာလိုမျိုး တစ်ခုခုကို ဆိုလိုတယ်လို့တွေးမိတယ်" လျန်ယွင်ကျီသည် ကိုယ်တိုင် လက်မထပ်ရသေးသော အမျိုးသမီးတစ်ဦးဖြစ်ကာ ထိုသို့သောအကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းပြောရန်မှာ သဘာဝအားဖြင့် ခက်ခဲနေခဲ့သည်။
မထင်မှတ်ပဲ၊ ဤစကားကိုကြားပြီးနောက် လျန်ယွင်လော်က ခဏမျှစဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
"မမ ဒါဆို စီနီယာက တကယ် ညီမလေးကို သွေးဆောင်ခဲ့တာပဲ"
ဤသည်ကိုကြားသောအခါ လျန်ယွင်ကျီ၏ ရင်ဘတ်ထဲမှ ပျောက်ကွယ်သွားခဲ့သည့် ဒေါသများ ပြန်လည်လောင်ကျွမ်းလာသည်။
"ဟဲ့ လူယုတ်မာ ရှင် သူ့ကို သွေးမဆောင်ဘူးလို့ ငြင်းနေတုန်းပဲလား"
ရွှယ်အန်းလည်း အနည်းငယ် ထိတ်လန့်သွားသည်။
"ဟေး ကလေးမ ဒါကို ရှင်းရှင်းပြောရမယ်"
"ညီမလေးက စီနီယာက နေ့တိုင်း ပုံပြင်တွေပြောပြတာ နားထောင်ချင်လို့ သူနဲ့လက်ထပ်ချင်တယ် အဲ့တာ ပြဿနာရှိလား" လျန်ယွင်လော်က သူမ၏ မျက်နှာလေးကို စောင်းငဲ့ကာ မေးလိုက်သည်။
ဒေါသတကြီး စိုက်ကြည့်လျက် တိုက်ခိုက်ရန် အသင့်ဖြစ်နေသောလျန်ယွင်ကျီလည်း ဆွံ့အသွား၏။
“…”
အခန်း(၅၇၃) ရေတွင်းထဲက ဖားတစ်ကောင်က ကောင်းကင်အကြောင်းပြောရဲလား
အရာအားလုံးကို နားလည်မှုလွဲမှားခြင်းအဖြစ် အဆုံးစွန်ရှင်းလင်းသွားသော်လည်း၊
လျန်ယွင်ကျီသည် ရွှယ်အန်းကို စိုက်ကြည့်နေဆဲဖြစ်ကာ သူမ၏ မျက်နှာက ခန့်မှန်းမရနိုင်လောက်အောင် ပြောင်းလဲနေဆဲဖြစ်သည်။ ဤလူက သူမ၏ လက်ဝါးချက်ကို ခံနိုင်ရည်ရှိပုံကို ကြည့်ခြင်းဖြင့် ဖခင်ဖြစ်သူပြောခဲ့သည့်အလား သန်မာသည်မှာသေချာသွားသည်။
သူမ၏ ကျင့်ကြံရေးအဆင့်၏ အနည်းငယ်မျှသာအသုံးပြုခဲ့သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေသေးသည်။ နောက်ဆုံးတွင် သူသည် ကျင့်ကြံရေးအဆင့်မရှိသည့် ‘သေမျိုး’တစ်ယောက်သာဖြစ်သင့်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဇာတိပကတိပါရမီကို ပျိုးခေထာင်နိုင်ပါက တောင်ပင်လယ်ဂိုဏ်းရှိ စစ်မှန်သောတပည့်ဖြစ်ရန် အရည်အချင်းပြည့်မီမည်မှာ သေချာသည်။ အချိန်တန်လျှင် သူသည် အတွင်းစည်း စစ်မှန်သောတပည့်ဖြစ်လာကာ သူမနှင့် ရင်ဘောင်တန်း၍ တစ်တန်းတည်းရှိနိုင်သည်။
သနားစရာပဲ…
ကျင့်ကြံလို့မရတဲ့ လူသားမျိုးနွယ်ကဖြစ်နေတယ်…
လျန်ယွင်ကျီ၏ ရင်တွင်းမှ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မျက်နာထက်တွင် ဥပက္ခာအရိပ်အမြွက်များ ပေါ်လာသည်။
“ရှင်က တော်တော်အထင်ကြီးစရာကောင်းတာပဲ”
“အိုး” ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
"လူသားမျိုးနွယ်စုရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရှင့်ရဲ့ခွန်အားက တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါပဲ၊ ဒါပေမယ့် မမေ့ပါနဲ့..."
လျန်ယွင်ကျီ၏မျက်နှာသည် မောက်မာမှုအပြည့်ဖြင့်ရှိနေမ၏။
"ဒါက ဖေးယန်ခံတပ်ပဲ။ ဒီနေရာက ကျင့်ကြံရေးနဲ့ ခွန်အားတို့ စကားပြောတဲ့နေရာ… ဒါ့ကြောင့် ရှင်ကိုယ့်အဆင့်ကိုယ်သိပြီး ကောင်းကောင်းမွန်မွနမ်နေမယ်လို့ မျှော်လင့်ပါတယ်”
စကားပြောပြီးနောက် လျန်ယွင်ကျီက ထွက်ခွာရန် တွန့်ဆုတ်နေဆဲဖြစ်ကာ လျန်ယွင်လော်ကို ဆွဲထုတ်လိုက်သည်။
ရွှယ်အန်း၏ ပါးစပ်ထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
“အင်မော်တယ်အထွတ်အထိပ်အဆင့်လောက်မှာ ဒီလောက်ကြီးကြီးကျယ်ကျယ်ပြောနေတာ မာန်တက်နေတာပဲ”
ထိုစကားကိုကြားသောအခါ လျန်ယွင်ကျီက ရုတ်တရက် အေးစက်နေသော မျက်နှာဖြင့် လှည့်ကြည့်လိုက်ကာ တစ်စုံတစ်ခုကိုပြောမည့်ဟန်ပြင်လိုက်၏။
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဲ့လိုကြည့်နေစရာမလိုပါဘူး။ အမှန်တိုင်းပြောရရင် ငါက စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေအတွက် ဒီကိုလာခဲ့တာ။ မင်းရဲ့ဖေးယန်ခံတပ်ကို ငါလုံးဝစိတ်မဝင်စားဘူး”
“အင်မော်တယ် အမွေအနှစ်အစစ်တွေဟုတ်လား” လျန်ယွင်ကျီမျက်နှာပေါ်တွင် လှောင်ပြောင်လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
“စစ်မှန်တဲ့ အမွေအနှစ်အစစ်တွေအတွက် ဒီကို အနောက်မြောက်အရပ်က လာတဲ့ ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ရှင်သိလား။ သူတို့မှာ ဘယ်လိုထူးခြားတဲ့အရည်အချင်းတွေရှိလဲဆိုတာ ရှင် မရေတွက်နိုင်ဘူး။ ရှင့် ခန္ဓာကိုယ်အားက ကောင်းလောက်ပေမယ့် ကျင့်ကြံရေးအဆင့်မရှိရင် အရှေ့တံခါးကိုတောင် ဝင်နိုင်မှာမဟုတ်ဘူး။ စစ်မှန်တဲ့ အမွေအနှစ်တွေအကြောင်းပြောဖို့ ရှင့်မှာ သတ္တိရှိသေးလား။” လျန်ယွင်ကျီက အေးစက်စွာ ရယ်မောရင်း ပြောသည်။
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက အနည်းငယ် သက်ပြင်းချလိုက်သည်။
“ဒါက ကျိုးကြောင်းဆီလျော်တဲ့ပုံပဲ။ ဒါပေမယ့် ငါပြောနိုင်တာက... ရေတွင်းအောက်ခြေက ဖားက ကောင်းကင်အကြောင်းပြောရဲလား"
“ရှင်…”
လျန်ယွင်ကျီသည် အစပိုင်းတွင် အံ့အားသင့်သွားကာ ရွှယ်အန်းက မိမိကို ရေတွင်းအောက်ခြေရှိ ဖားနှင့် နှိုင်းထားကြောင်း သိလိုက်ရသည်။
သူမ ဒေါသအရမ်းထွက်ကာ ပေါက်ကွဲတော့မည့်အခိုက်တွင်…
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လျန်ယွင်ကျီက ရယ်မောလိုက်သည်။
"ဒီမှာ ရှင့်ရဲ့ နှုတ်သတ္တိလောက်နဲ့ ပြောင်ပြောင်မြောက်မြောက် ပြောစရာ မလိုပါဘူး၊ ဒီကမ္ဘာကြီးက ခွန်အားကို လေးစားတယ်။ ရှင် ဒီလို ပြောလိုက်တဲ့အတွက်၊ ရှင့်ကို ရေတွင်းအောက်ခြေက ဖားလို့ ခေါ်နိုင်တဲ့ အခွင့်အရေးကိုကျွန်မ စောင့်နေမှာပါ"
ထိုသို့ပြောပြီးနောက် လျန်ယွင်ကျီသည် လျန်ယွင်လော်ကို ဆွဲကာ ခြေလှမ်းကြီးများဖြင့် ထွက်ခွာသွားသည်။
ရွှယ်အန်းသည် သူမ၏ နောက်ပြန်ဆုတ်သွားသော အသွင်ကို ကြည့်၍ အနည်းငယ် ပြုံးလိုက်သည်။
“မင်း ထွက်မလာသေးဘူးလား”
သူ့စကားများ အဆုံး၌ အခန်းထောင့်မှ လျန်ယွင်ထင်းထွက်လာသည်။
“ဒါဆို စီနမီယာက ကျွန်မဒီမှာရှိနေတာ တစ်လျှောက်လုံး သိတယ်ပေါ့”
“မင်းကြည့်ရတာ မင်းအမကြီးကိုရှောင်နေတဲ့ပုံပဲ”
လျန်ယွင်ထင်း၏ မျက်နှာသည် ခါးသီးသောအရိပ်အမြွက်ပြနေသည်။
"ဟုတ်တယ်"
သူမ၏အစ်မ လျန်ယွင်ကျီသည် အလွန် စိတ်အားထက်သန်သူဖြစ်ကာ သူမ၏ အံ့အားသင့်စရာကောင်းသော အရည်အချင်းများကြောင့် သူမအား ၎င်းတို့၏ဖခင် လျန်ယွမ်ဟွာက အမြဲတန်ဖိုးထားခဲ့သည်။ အထူးသဖြင့် ယခု သူမသည် တောင်ပင်လယ်ဂိုဏ်း၏ အတွင်းစည်း၏ စစ်မှန်သော တပည့်တစ်ဦး ဖြစ်လာသောကြောင့် သူမအား အနာဂတ်တွင် ဆက်ခံသူအဖြစ် လူတိုင်းက လေးလေးစားစား ရှုမြင်ကြသည်။
အခြားတစ်ဖက်တွင်မူ သူမ၏ညီမ လျန်ယွင်လော်သည် ချောမောကာ ချစ်စရာကောင်းသဖြင့် လျန်ယွမ်ဟွာက အလွန် ချစ်မြတ်နိုးသည်။ ထူးချွန်ထက်မြက်သော သို့မဟုတ် စွမ်းအားမကြီးသော ပျမ်းမျှအရည်အချင်းရှိသူ လျန်ယွင်ထင်းသာလျှင် အဆင်မပြေသည့်အနေအထားကို ရထားသည်။ လျန်ယွမ်ဟွာသည် သူမအား မကြိုက်သော်လည်း သူမအပေါ် ချစ်ခင်မှုလည်း အမြောက်အမြား မပြသခဲ့ပေ။
ထို့ကြောင့် သူမ၏ နေရာက အမြဲတစေ အဆင်မပြေ ဖြစ်နေသည်။ ပုံမှန်အားဖြင့် အဆင်ပြေသော်လည်း အကြီးဆုံးအစ်မဖြစ်သူ ပြန်လာသည့်အခါတိုင်း သူမအပေါ် တင်းမာလေ့ရှိသော ဖခင်ကိုမြင်တိုင်း ခံတပ်အကြီးအကဲများက ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်ကြသည်။
လျန်ယွင်ထင်းသည် သူမ၏ နှလုံးသားထဲတွင် အနည်းငယ်ခါးသက်မှုကို ခံစားရကာ သူမ၏ဒဏ်ရာများကို ဖုံးကွယ်ရန် ထောင့်တစ်နေရာတွင်သာ ပုန်းနေနိုင်ခဲ့သည်။
ယနေ့သည်လည်း ချွင်းချက်မရှိပေ။
ထို့ကြောင့် လျန်ယွင်ထင်းသည် ရွှယ်အန်းကို စကားအနည်းငယ်ပြောရန် စီစဉ်ခဲ့ကာ သူမ၏အစ်မဖြစ်သူက ရွှယ်အန်းကို ဒေါသတကြီးဖြင့် ပြဿနာရှာနေသည့်အချိန်နှင့် တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။ မူလက လျန်ယွင်ထင်းက အနည်းငယ် ကြောက်ရွံ့ခဲ့သော်လည်း နောက်မှ လိုက်လာခဲ့သည့်အရာသည် သူမကို လုံးဝ အံသြသွားစေသည်။
စီနီယာသည် သူမ၏ အစ်မထံမှ လက်ဝါးချက်ကို ခံကာ အနည်းငယ်မျှပြင် မနာကျင်ခဲ့ပေ။
စီနီယာက တကယ်ပဲ အစွမ်းထက်သလား။
လျန်ယွင်ထင်းသည် ထိုအကြောင်းကို မပြောသော်လည်း ရွှယ်အန်းတစ်ချက်ကြည့်လိုက်သည်။
ရွှယ်အန်းသည် အင်အားကြီးမိသားစုများအတွင်း မျက်နှာသာပေးအပြိုင်အဆိုင်အငြင်းပွားမှုနှင့်ပတ်သက်၍ ဤဒရာမာကို အလွန်အမင်းမြင်ဖူးသည်။ဤအရာများက သူ့အတွက် မထူးဆန်းတော့ပေ။
သို့သော်လည်း ရွှယ်အန်းသည် လျန်ယွင်ထင်းကို အသိအမှတ်ပြုမိသည်။ သူမသည် ထိုသို့သောအရာများကို ရင်ဆိုင်နေရသည့်တိုင် မည်ကဲ့သို့ ရောင့်ရဲကာ ကျေးဇူးတင်သင့်သူကို မည်သို့တင်ရမည်ကိုသိသည်။ ထို့ကြောင့် ရွှယ်အန်းကသူမကို ကူညီရန်ဆုံးဖြတ်လိုက်သည်။
"မင်း သိပ်မကျေနပ်ဘူးလား"
လျန်ယွင်ထင်းက မသိစိတ်မှ ခေါင်းညိတ်လိုက်မိသော်လည်း သတိရသွားသောအခါ ထိတ်လန့်နေမသော မျက်နှာဖြင့် ရွှယ်အန်းကိုကြည့်လိုက်သည်။
“စီနီယာ”
“ဟုတ်တယ် မဟုတ်ဘူးပဲဖြေ”
“ဟုတ်” လျန်ယွင်ထင်းခဏတုံ့ဆိုင်းသွားကာ ခပ်တိုးတိုးလေးပြန်ဖြေသည်။
"ကောင်းပြီ၊ ငါမင်းကို ကူညီပေးပါ့မယ်"
လျန်ယွင်ထင်းသည် သူမည်သည့်အရာကိုဆိုလိုခြင်းဖြစ်ကြောင်း အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲဖြစ်ကာ ရွှယ်အန်းကို အံ့သြသောမျက်နှာဖြင့် စိုက်ကြည့်နေသည်။
“အထဲက ပရမ်းပတာဖြစ်တာတွေကို ထိန်းထား။ ငါမင်းကို အခွင့်အရေးကောင်းတစ်ခုပေးမယ်”
သူ့စကားကြောင့် ထိတ်လန့်သွားကာ လျန်ယွင်ထင်းသည် ရွှယ်အန်းညွှန်ကြားသည့်အတိုင်း အလိုလို ပြုမူ၍ အတွင်းပိုင်းမှ ပရမ်းပတာ မငြိမ်မသက်မှုကို ထိန်းသိမ်းရန် စိတ်ကိုပြင်ဆင်ခဲ့သည်။
ရွှယ်အန်းက သူ၏ ကြီးမားသော နတ်အာရုံကို ဖြန့်ကျက်၍ လျန်ယွင်ထင်းကို ဖုံးအုပ်လိုက်ကာ ကျင့်ကြံရေးနည်းစနစ်တစ်ခုကို သူမထံလွှဲပြောင်းပေးလိုက်သည်။
လင်းရှောင်မန္တန်
ယခင်က ရွှယ်အန်းသည် ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော အင်မော်တယ် ကျင့်ကြံရေးဂိုဏ်းကို ချေမှုန်းခဲ့သည်။ ဤဂိုဏ်းသည် များပြားလှသော ကျင့်ကြံရေးစနစ်များကိုစုစည်း၍ နှစ်ပေါင်းတစ်သောင်း အမွေဆက်ခံခဲ့ကာ ရွှယ်အန်းသည် သူ၏ နတ်အာရုံထဲသို့ရိုးရှင်းစွာ စုပ်ယူခဲ့သည်။ မီးဖီးနစ်အဖွဲ့ဝင်များထံ သူပေးခဲ့သော နည်းစနစ်များသည်လည်း ထိုနေရာမှ အရင်းတည်လာခြင်းဖြစ်သည်။
လင်းရှောင်မန္တန်သည်လည်း ခြွင်းချက်မဟုတ်ပေ။ ထို့အပြင် ဤကျင့်ကြံရေးစနစ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ လျန်ယွင်ထင်းကဲ့သို့သော
အမျိုးသမီးတစ်ဦးအတွက် အထူးသင့်လျော်သည်။ ထို့အပြင် ရွှယ်အန်းက ကျင့်ကြံရေးစနစ်ကို လည်ပတ်စေရာ၌ သူမအား ကူညီရန်အတွက် သူ၏နတ်အာရုံကို အသုံးပြုခဲ့သည်။
ထို့နောက် လျန်ယွင်ထင်း၏ အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာကာ သူမ၏ နောက်ကွယ်တွင် မြင့်မြတ်သော သားရဲလေးကောင်၏ ရင်သပ်ရှုမောဖွယ် ပုံရိပ်များ ပေါ်လွင်လာသည်။
လျန်ယွင်ထင်း၏ပုံစံနှင့် မြင့်မြတ်သော သားရဲလေးကောင်၏ ရင်သပ်ရှုမောဖွယ် ပုံရိပ်များနှင့်အတူ
မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
လျန်ယွင်ထင်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
လွတ်မြောက်အင်မော်တယ်အဆင့်တွင် ပိတ်မိနေမသော သူမ၏ ကျင့်ကြံရေးအဆင့်က ရုတ်တရက် မြင့်တက်လာကာ လွတ်မြောက်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ချက်ချင်းရောက်ရှိ၍ အင်မော်တယ်အဆင့်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
ဤအရာများအားလုံး ပြီးဆုံးသွားသည့်အခိုက်တွင် လျန်ယွင်ထင်းက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ သူမမြင်လိုက်ရသည့် ပထမဆုံးအရာသည်ကား ပြုံးနေသော ရွှယ်အန်းပင်ဖြစ်သည်။
လျန်ယွင်ထင်းက အသက်ပြင်းပြင်းရှု၍ မဆိုင်းမတွ ဒူးထောက်လိုက်သည်။
“စီနီယာ ဒီ ပြန်လည်မွေးဖွားခြင်းအတွက် ကျေးဇူးကြွေးကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး” လျန်ယွင်ထင်းက ဦးညွတ်၍ ပြောသည်။
ရွှယ်အန်းက ယခုတင်သုံးလိုက်သောနည်းလမ်းကြောင့် သူမ တုန်လှုပ်နေဆဲဖြစ်သည်။ နတ်အာရုံမှတစ်ဆင့် ကျင့်ကြံရေး နည်းပညာကို ထုတ်လွှတ်ကာ ၎င်း၏ လုပ်ငန်းဆောင်တာများတွင် ကူညီဆောင်ရွက်ပေးခြင်း…. ဤသည်မှာ လုံးဝ မကြားဖူးသည့် အတတ်ပညာမျိုးဖြစ်သည်။
ထို့အပြင် သူပေးခဲ့သည့် ကျင့်ကြံရေးစနစ်က အလွန်စွမ်းအားကြီးသည်။
လျန်ယွင်ထင်း၏မျက်လုံးများတွင် ရွှယ်အန်း၏ပုံရိပ်က ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသည်။
ယင်းအတွက် ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
“မင်းပြောတာတွေကို ငါတော်တော် သဘောတူလို့။. ငါလည်း မင်းအစ်မကြီးက အရမ်း မာန်တက်လွန်းတယ်လို့ထင်တယ်။ ဒါကမင်းကို အခွင့်အရေးတစ်ခု ပေးရုံကလွဲလို့ ဘာမှမဟုတ်ပါဘူး၊ ဒါကို သိပ်အလေးအနက်မထားပါနဲ့"
သူက ဤသို့ပြောလိုက်သော်လည်း လျန်ယွင်ထင်းက ယင်းကို မည်သို့ ပေါ့ပေါ့တန်တန် သဘောထားဝံ့လိမ့်မည်နည်း။ သာမန် မန္တန်နည်းစနစ်သည် ဂိုဏ်းချုပ်ကြီးများ၏ အနီးကပ်စောင့်ကြပ်ထားသောလျှို့ဝှက်ချက်တစ်ခုပင်ဖြစ်ကာ လင်းရှောင်မန္တန်သည် သာမန်အရာမဟုတ်ကြောင်း ထင်ရှားသည်။ ထိုသို့သော ကျေးဇူးကြွေးကို လျန်ယွင်ထင်းက သေချာပေါက် မမေ့ဝံ့ပေ။
သူမစကားပြောခါနီးတွင် ကောင်းကင်ယံတွင် အလင်းတန်းများစွာ လွင့်ပျံနေသည်ကို သူမတွေ့လိုက်ရသည်။
စွမ်းအားကြီးသောရောင်ဝါများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။