အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အခန်း(၅၈၀) လူထောင်ပေါင်းများစွာရှိပေမယ့် ငါသွားရမယ်
မည်သူကမျှ စကားမပြောကြပေ။ သို့မဟုတ်၊ မည်သူကမှ စကားမပြောရဲကြပေဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
အားလုံးက စူးဝါးဝါးသာ ငေးကြည့်နေနိုင်ကြတော့သည်။
အစမှစ၍ ယခုအချိန်အထိ ရွှယ်အန်းသည် လူသုံးဦးကို ဆက်တိုက်သတ်ခဲ့ကာ နတ်ဆိုးနတ်ဘုရားကို ချေမှုန်း၍ ဝူဝမ်ဂိုဏ်း၏ ပုခုန်းချန်၏ ဓားနှလုံးသားကို ဖြိုခွဲခဲ့သည်။ ထိုသို့သော ဂုဏ်ယူဖွယ်ရာ အောင်ပွဲမှတ်တမ်းများက ထိုသူများအားလုံး၏ သံသယများကို နှုတ်ပိတ်ရန် လုံလောက်သည်ထက် ပိုသည်။
အားလုံးထဲ၌ လျန်ယွင်ကျီက အကြောက်ဆုံးဖြစ်နေသည်မှာ သေချာသည်။ တစ်ချိန်က ကျင့်ကြံရေးအဆင့်မရှိဟု လှောင်ပြောင်ခဲ့သော လူသားမျိုးနွယ်ဝင်တစ်ဦးက မိမိကို အဘယ်ကြောင့် ရေတွင်းအောက်ခြေရှိ ဖားတစ်ကောင်ကို ခေါ်ခဲ့သည်ကို သူမ နားလည်လာခဲ့သည်။
တကယ်တမ်းတွင်မူ… သူမ၏ ကျင့်ကြံရေးအဆင့်နှင့် တောင်ပင်လယ်ဂိုဏ်း၏ အတွင်းစည်းတပည့်များ၏ အမွေဆက်ခံမှုသည် ဤလူ၏ မျက်လုံးထဲတွင် ဟာသတစ်ခုမျှပင် မရှိပေ။
ဤသည်ကိုတွေး၍ လျန်ယွင်ကျီ၏နှလုံးသားထဲတွင် အဆုံးမဲ့နောင်တများနှင့် အရှက်တရားများနှင့် ပြည့်နေသည်။
အထူးသဖြင့် ညီမဖြစ်သူက သူ့တပည့်ဖြစ်နေကာ သူမ၏ အနာဂတ်အောင်မြင်မှုများက မိမိထက်သာလွန်နိုင်ကြောင်း တွေးမိသောအခါ…
ကောင်းကင်ဘုံ၏အချစ်တော် လျန်ယွင်ကျီသည် ပြိုလဲသွားတော့မည့်အလား ခံစားခဲ့ရသည်။
ထိုအချိန်တွင် လျို့ခယ့်ခယ်က ရွှယ်အန်းကို ငေးကြည့်နေသည်။
ဤလူ၏ ခွန်အားသည် လူတိုင်းမျှော်လင့်ထားနိုင်သည့်ပမာဏကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ အလယ်ပိုင်းပြည်နယ်၌ အံ့မခန်းပါရမီရှင်များစွာကို မြင်တွေ့ခဲ့ရသော လျို့ခယ့်ခယ်ပင် အံ့အားသင့်နေမိသည်။
ပို၍ အရေးကြီးသည်မှာ… ဤလူက ကျင့်ကြံရေးအဆင့်မရှိပေ။
သို့သော် သူသည် အင်မော်တယ် နှစ်ပါးကို အလဲထိုးကာ နတ်ဆိုးသခင်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ဤစကားများ ထွက်လာပါက အထိကရုန်းတစ်ခုဖြစ်သွားနိုင်သည်။ ထို့အပြင် သူသည် သူမ၏ စက်ရုပ်ရုပ်သေး၏ လျို့ဝှက်ချက်ကိုလည်း သိထားဟန်တူသည်။
‘ဒီလူက အတိအကျ ဘယ်သူလဲ’
လျို့ခယ့်ခယ်က ရွှယ်အန်းအပေါ် စူးစမ်း လိုစိတ်များပိုမိုပြင်းထန်လာသည်။
ထိုအချိန်တွင် သေဆုံးသွားသည့်အတိုင်း ဖြူဖျော့နေသည့် ပုခုန်းချန်သည် ရွှယ်အန်းကို ပြောလိုက်သည်။
“စီနီယာရဲ့ ဓားတာအိုကျင့်ကြံရေးအဆင့်က တကယ့်ကို ပြိုင်ဘက်ကင်းပါပေတယ်။ ဒီ ခုန်းချန်က ရှုံးနိမ့်မှုကို ဝန်ခံပါတယ်။ ကျွန်မ ညီအစ်ကို သေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ဝူဝမ်ဂိုဏ်းက ဆက်မလိုက်တော့ပါဘူး”
ဝူဝမ်ဂိုဏ်းမှ ပါရမီမိန်းကလေးက အရှုံးကိုဝန်ခံလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဓားတာအို၏ လမ်းစဥ်တွင် သင်က အရှုံးကိုဝန်ခံပြီးသည်နှင့်တစ်ပြိုင်နက် သင့်တစ်သက်တာတွင် မည်သည့်အခါမှ ဆက်လက်တိုးတက်နိုင်တော့မည်မဟုတ်ပေ။
ရွှယ်အန်း၏ အမူအရာက ထူးမခြားနားပင်ရှိနေဆဲဖြစ်သည်။
“မင်းရဲ့ဝူဝမ်ဂိုဏ်းက ဒီကိစ္စကို လိုက်တယ်မလိုက်တယ်က ကိစ္စမဟုတ်ဘူး။ ငါ လိုက်မလားက ကိစ္စပဲ”
ဤစကားကိုကြားသောအခါ ပုခုန်းချန်၏ မျက်နှာက ပြာမှုန်သွားသည်။
“စီနီယာက ကျွန်မတို့ ဝူဝမ်ဂိုဏ်းနဲ့အခြေအတင်ဖြစ်ရင် အဆုံးသတ်မလှဘူးဆိုတာ မသိဘူးလား”
ရွှယ်အန်းက သူ့မေးခွန်းကို မဖြေဘဲ အနည်းငယ်ပြုံးလိုက်သည်။
"မင်းရဲ့ဓားနှလုံးသား ဘာကြောင့် လုံးဝကွဲသွားတာလဲ သိလား"
ဤသည်ကိုကြားသောအခါ ပုခုန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ မှောင်ရိပ်ဝေနေသော သူမ၏ မျက်လုံးများကြား၌ မျှော်လင့်ချက် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
“စီနီယာ…”
“မင်းက မာနကြီးလွန်းတာကြောင့်ပဲ” ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်သည်။
ဤစကားသည် ပုခုန်းချန်ကို အလွန်တုန်လှုပ်သွားစေကာ ဝေဟင်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးဖြစ်သွားစေခဲ့သည်။
“အင်မော်တယ်ဖြစ်ဖို့ အနှစ်တစ်ရာလောက်ပဲသုံးခဲ့ရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံရေးက ချောမွေ့လွန်းတဲ့အတွက် ကံမကောင်းဘူး။ မင်းရဲ့ ဓားနှလုံးသားက ရှင်းလင်းတယ်လို့ မင်းထင်လောက်ပေမယ့် တကယ့်လက်တွေ့မှာတော့ ဖန်လုံအိမ်ထဲမှာ စိုက်ထားတဲ့ နူးညံ့တဲ့ ပန်းတစ်ပွင့်လိုပါပဲ။ နုနယ်ပြီး တကယ့်ဆုတ်ယုတ်မှုကို ခံနိုင်ရည်မရှိနိုင်ဘူး။ ငါပြောတာကို မင်းလက်ခံလား”
ရွှယ်အန်း၏စကားလုံးများက ပုခုန်းချန်ကို ထိတ်လန့်တုန်လှုပ်သွားစေကာ အဝတ်အစားများပင် ချွေးစေးများဖြင့် စိုရွှဲသွားခဲ့သည်။
ရွှယ်အန်းပြောစကားအားလုံးမှန်ကြောင်း သူမသိသည်။
ရွှယ်အန်း၏ ကမ္ဘာမြေကို ဖြိုခွဲနိုင်စွမ်းပြင်းသော ဓားကို မြင်တွေ့လိုက်ရသဖြင့် ပုခုန်းချန်သည် အလွန်အကန့်အသတ်မဲ့စွာ စိတ်ပျက်အားငယ်သွားခဲ့ရသည်။
ထိုတိုက်ခိုက်မှုသည် သူမ တစ်သက်တာတွင် ဘယ်သောအခါမှ အမှီလိုက်နိုင်မည့်အရာမဟုတ်ကြောင်း သူမသိသည်။ ထိုအတွေးပေါ်လာသည်နှင့်အမျှ အားနည်းနေနှင့်ဖြစ်သော ဓားနှလုံးသားက ချက်ချင်းကွဲအက်သွားကာ သူမ၏ လက်ရှိ အခြေအနေသို့ ရောက်သွားစေသည်။
"စီနီယာပြောသမျှမှန်ပါတယ် တပည့် ခုန်းချန် ယုံကြည်ပါတယ်”
ယခု ပုခုန်းချန်သည် သူမကိုယ်သူမ အခြားသူတစ်ဦး၏ တပည့်မျိုးဆက်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ရာ သူမ၏ စကားလုံးများက လေးစားမှုအပြည့်ရှိနေသည်။
“အခု ပုခုန်းချန်က ဝူဝမ်ဂိုဏ်းကို ပြန်ပါမယ်။ ပြီးရင် သခင့်ကို အကြောင်းကြားပြီး လူသားမျိုးနွယ်စုကို နည်းနည်းလေးမှ မထိပါးစေရပါဘူး။ ဂူထဲကို တပည့်ကိုယ်တိုင်ဝင်ပြီး ကမ္ဘာကြီးထဲမှာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပါဘူး”
ထိုသို့ပြောပြီးသည်နှင့် ပုခုန်းချန်က လှည့်ထွက်သွားသည်။
“မင်း ဒီလိုပဲ အရှုံးပေးဖို ရည်ရွယ်ထားတာလား”
ပုခုန်းချန်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားကာ သူမက လှည့်လိုက်သည်။
“စီနီယာ…”
“ဓားတာအိုလမ်းကြောင်းက အခက်အခဲတွေ အန္တရာယ်တွေ အပြည့်ရှိနေပေမယ့် သန်းပေါင်းများစွာနဲ့ ရင်ဆိုင်ရရင်တောင် ကျွန်မ ရှေ့ဆက်မယ်ဆိုတဲ့ ခံယူချက်နဲ့ ဖြူစင်တဲ့ ဓားတာအိုကို ထိန်းသိမ်းထားပါမယ်”
"မင်းရဲ့ဓားနှလုံးသားဟာ အခုကွဲကြေသွားပြီ။ ဒါပေမယ့် ပျက်စီးခြင်းမရှိဘဲ တည်ဆောက်လို့ မရဘူး။ မင်းရဲ့ဓားနှလုံးသားကို ပြန်ပြုပြင်နိုင်ရင် မင်းရဲ့အနာဂတ်ဟာ မင်းရဲ့အတိတ်ကို ကျော်လွန်သွားလိမ့်မယ်"
ရွှယ်အန်း၏ စကားကိုကြားပြီးနောက် ပုခုန်းချန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
“အန္တရာယ်သန်းပေါင်းများစွာနဲ့ ရင်ဆိုင်ရရင်တောင် ငါ ရှေ့ကို ဆက်လျှောက်မယ်… ဒါပဲ.. ဒီလိုပဲဖြစ်လိမ့်မယ်… ငါသိပြီ”
ဤအတွေးများဖြင့် ပုခုန်းချန်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ လွန်စွာမှိန်ဖျော့သွားသော ဓားစွမ်းအင်က သူမ၏ လုံးဝပျက်သုဥ်းသွားသည့် ဓားနှလုံးသားမှထွက်ပေါ်လာသည်။
ဤဓား၏ရည်ရွယ်ချက်မှာ အားနည်းသော်လည်း၊ ၎င်းသည် ယခင်က သူမရှိခဲ့ဖူးသော တောက်ပြောင်ပြောင်လက်တောက်ပသော ဓားရည်ရွယ်ချက်နှင့် လုံးဝမတူဘဲ ပြတ်ပြတ်သားသားနှင့် လေးနက်လှသည်။
ဤသည်ကိုမြင်သောအခါ ရွှယ်အန်းက မထိန်းနိုင်ဘဲ အနည်းငယ်ခေါင်းညိတ်ပြ၍ လေးနက်စွာကြည့်နေလိုက်သည်။
ပုခုန်းချန်၏ ဓားတာအိုအရည်အချင်းက အမှန်တကယ်ပင် အံ့ဖွယ်ကောင်းလှသည်ဖြစ်ရာ သူမ၏ စကားလုံးအနည်းငယ်ဖြင့် ပျက်ဆီးနေသော ဓားနှလုံးသားကို ရိုးရှင်းစွာ ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ ယခုအချိန်တွင် အလွန် အမင်း အားနည်းနေသော်လည်း အချိန်ပေးလျှင် ယခင်က သူမကိုယ်ကို ကျော်လွန်သွားနိုင်မည်မှာ သေချာသည်။
ထိုအချိန်တွင် ပုခုန်းချန်သည် တည်ငြိမ်မှုပြန်လည်ရရှိလာပြီး မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားကာ လေးစားစွာဒူးထောက်လိုက်သည်။
"တပည့် ပုခုန်းချန်က ဘဝအသစ်တစ်ခု စတင်နိုင်အောင်လုပ်ပေးတဲ့ စီနီယာကို ကျေးဇူးတင်ပါတယ်”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“မင်းရဲ့ရောင်ဝါက ဖြူစင်ပြီး လူသားမျိုးနွယ်ကို မရှုတ်ချတဲ့အတွက်သာ မင်းကို ငါကူညီခဲ့တာ။ မင်း ကောင်းကောင်းဆက်ပြီး ကျင့်ကြံနေမယ်လို့ ငါမျှော်လင့်တယ်။ နားလည်လား။"
ပုခုန်းချန်၏အမူအရာသည် လေးနက်သောအမူအရာသို့ပြောင်းသွားသည်။
“စီနီယာစိတ်ချပါ။ နောင်မှာ လူသားမျိုးနွယ်စုကို အရှက်ခွဲရဲတဲ့ ဘယ်သူ့ကိုမဆို ကျွန်မ အရင်ဆုံးသတ်ပစ်ပါမယ်”
ရွှယ်အန်းက "ကောင်းပြီ၊ အခုတော့”
ပုခုန်းချန်က မတ်တပ်ရပ်ကာ လေးလေးစားစားပြန်ကြည့်ပြီးနောက်မှ အဝေးသို့ထွက်ခွာသွားသည်။
ဓားသွားဖြင့် ရောက်ရှိလာခြင်း၏ ကြီးကျယ်ခမ်းနားမှုနှင့် မတူဘဲ ပုခုန်းချန်သည် သူမ၏ မျက်လုံးများတွင် မောက်မာမှုအရိပ်အမြွက်မျှမရှိဘဲ ဖြူစင်ပြီး ရိုးရှင်းသော အသွင်အပြင်ဖြင့် ခြေလျင်ထွက်ခွာသွားခဲ့သည်။
ကျန်ရစ်ခဲ့သောအရာမှာ အပြစ်ကင်းစင်သောနှလုံးသားတစ်ခုဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းနှင့်တူသော ဤပြောင်းလဲမှုသည် သူမ၏အနာဂတ်အတွက် အဆုံးမရှိအကျိုးရှိမည်ဖြစ်သည်။ သူမသည် ဝူဝမ်ဂိုဏ်းချုပ်ဖြစ်လာပြီးသည့်တိုင် လူသားမျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ပေးမည်ဟု ရွှယ်အန်းကို အစမှအဆုံးထိ ကတိပြုခဲ့သည်။
ပုခုန်းချန်ထွက်သွားသည်နှင့် ကျန်ကျင့်ကြံသူများက တစ်ဦးကိုတစ်ဦးကြည့်ကာ တိတ်တဆိတ် ရုန်းထွက်ရန် ပြင်ဆင်ကြသည်။
ယခု စစ်မှန်သော အင်မော်တယ် အမွေအနှစ်များအတွက် မည်သည့်လောဘကိုမျှ ဖုံးကွယ်ထားဝံ့သူ မရှိတော့ပေ။
သို့သော် ထိုအချိန်တွင် သားရဲတန်းတစ်ခုက အဝေးမှ လမ်းမပေါ်သို့ ပြေးဆင်းလာသည်။
ခေါင်းဆောင်သည် လျန်ယွမ်ဟွာမှလွဲ၍ အခြားသူမဟုတ်ပေ။ သူ့နောက်တွင် ဖေးယန်ခံတပ်၏ အကြီးအကဲများ ပါရှိကြသည်။
ဒုတိယသခင်မလေး လျန်ယွင်ထင်းနှင့် တတိယသခင်မလေး လျန်ယွင်လော်တို့လည်း တပ်ဖွဲ့ထဲတွင်ပါဝင်ကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဤလူများက ရှေ့သို့ တိုးလာကြသည်။
လျန်ယွမ်ဟွာသည် ကျားကျားသစ်သားရဲကို စီးလျက်ရှိကာ ထိုအဖွဲ့က တဖြည်းဖြည်း ရပ်တန့်သွားသည်။
ထို့နောက် သူအမြဲဂုဏ်ယူခဲ့သော သူ့အကြီးဆုံးသမီးကို စိုက်ကြည့်ရင်းဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးကာ မော့ကြည့်လိုက်သည်။
“ယွင်ကျီ ဝူဝမ်ဂိုဏ်းက ပုခုန်းချန်ကို လမ်းမှာတွေ့လိုက်တယ်။ သူဘာလို့ ခြေလျှင်ပြန်သွားတာလဲ။ ပြုံးရုံပဲပြုံးပြပြီး ဘာမှမပြောသွားဘူး။ ဘာဖြစ်လို့လဲ”
၎င်းတို့က လာရာလမ်းတွင် ပုခုန်းချန်နှင့်တွေ့ခဲ့ကြသည်။
လျန်ယွမ်ဟွာသည် ဝူဝမ်ဂိုဏ်းမှ ထက်မြက်သော မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိသဖြင့် သူမအား နှုတ်ဆက်ရန် အမြန်ရပ်လိုက်သော်လည်း ပုခုန်းချန်က သူ၏ မေးခွန်းများကို မဖြေဘဲ ပြုံး၍သာ လှည့်ထွက်သွားခဲ့သည်။ ဤအရာသည် လျန်ယွမ်ဟွာကို အလိုအလျောက်ပင် အံ့သြတကြီးဖြစ်သွားစေသည်။
ထိုအချိန်၌ လျန်ယွင်ကျီ၏ မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေကာ သူမက ခေါင်းကို ငြင်သာစွာခါလိုက်သည်။
"ဖေဖေ၊ စကားထပ်မပြောနဲ့တော့၊ သွားရအောင်"
အခန်း(၅၈၁) စစ်မှန်တဲ့ မထီမဲ့မြင်ပြုမှုဆိုတာ လုံးဝ ဥပက္ခာပြုခြင်းပဲ
“ထွက်သွားမယ်ဟုတ်လား ငါတို့ဘာလို့ ထွက်သွားရမှာလဲ၊ စစ်မှန်တဲ့ အင်မော်တယ်အမွေအနှစ်တွေ ရပြီလား" လျန်ယွမ်ဟွာက မေးသည်။
လျန်ယွင်ကျီသည် သူမ၏ မိုက်မဲသော ဖခင်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
‘စကားမပြောခင် အခြေအနေကို အရင်မကြည့်တတ်ဘူးလား’
ထိုအချိန်၌ ဒုတိယသမီး လျန်ယွင်ထင်းနှင့် အငယ်ဆုံးသမီး လျန်ယွင်လော်တို့ နှစ်ယောက်လုံးက ဆင်းကာ ရွှယ်အန်း၏ ဘေးသို့ပြေးသွားကြသည်။
“ဆရာ”
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် လျန်ယွင်ကျီကို ဘာသိဘာသာပြောလိုက်သည်။
“မင်းက ရေတွင်းအောက်ခြေက ဖားတစ်ကောင်ပဲဆိုတာ အခုနားလည်ပြီလား”
ရွှယ်အန်း၏ စကားများသည် မျက်နှာကို တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းသာဖြစ်သည်။ လျန်ယွင်ကျီက ဤစကားကြောင့် ဆွံ့အသွားသည်။ လျန်ယွမ်ဟွာသည်မူ သမီးအကြီးဆုံးကို စုံလုံးကန်းယုံကြည်ထားသောကြောင့် အခြေအနေကို နားမလည်သေးပေ။
လျန်ယွမ်ဟွာက အေးစက်စွာပြောလိုက်သည်။
“လူကြီးမင်းရွှယ်… မင်း….”
သူက ‘မင်း တော်တော်သတ္တိရှိနေတာပဲ။ ငါ့သမီးကို အဲ့လိုပြောရဲတယ်ပေါ့’ဟု ပြောခါနီးပင်ဖြစ်သည်။
လျန်ယွင်ကျီက ရှေ့သို့ အမြန်ပြေးကာ ချက်ချင်းပင် ပါးရိုက်လိုက်သည်။
ပြတ်သားသောအသံနောက်တွင် လျန်ယွမ်ဟွာက လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာပြီးနောက် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးကျလာသည်။
သူ့မျက်နှာတစ်ခြမ်းက ကွဲကြေလုမတက်ဖြစ်နေသည်။
ဤရိုက်ချက်သည် ရှင်းလင်းနေသော ကောင်းကင်မှ မိုးကြိုးတစ်စင်းနှင့်တူကာ လျန်ယွမ်ဟွာနှင့် ဖေးယန်ခံတပ်၏ အကြီးအကဲအားလုံးကို ထိတ်လန့်စေခဲ့သည်။
“ယွင်ကျီ … မင်း”
အကြီးအကဲတစ်ဦးသည် ပြစ်တင်ရှုတ်ချပြောဆိုတော့မည်ဖြစ်ရာ ထိုအချိန်၌ လျန်ယွင်ကျီက တုန်လှုပ်သောအသံဖြင့်ပြောလိုက်၏။
“အကြီးအကဲ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပါ။ ကျွန်မ ဖေဖေက အမြဲဒီလိုပါပဲ။ သူ့အပြုအမူကို မသိချင်ယောင်ဆောင်ပေးဖို့ တောင်းဆိုပါတယ်”
ဤအရာက ဖေးယန်ခံတပ်တစ်ခုလုံးကို အံသြသွားစေသည်။အထူးသဖြင့် လျန်ယွမ်ဟွာသည် သူ့မျက်နှာကို ကိုင်လျက် သူ့ခန္ဓာကိုယ်က တုန်လှုပ်နေကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှု ပေါ်လာသည်။
သူသည် ငတုံးငအတစ်ယောက်မဟုတ်ပေ။
ဤကဲ့သို့ ဦးညွတ်နေသော သမီးအကြီးဆုံးကို မြင်သောအခါ တစ်စုံတစ်ခုကို နားလည်သွားသည်။
လျန်ယွင်ကျီသည် နေရာတွင် အေးခဲနေသကဲ့သို့ လေးနက်စွာ ဦးညွတ်ထားသည်။
ရွှယ်အန်းက တိတ်တဆိတ်ကြည့်နေသည်။ သူက တစ်ခွန်းမျှ ပြောခြင်းမရှိသကဲ့သို့ လျန်ယွင်ကျီကလည်း ခေါင်းပင်မမော့ရဲပေ။ ထိုနေရာရှိ လေထုတစ်ခုလုံး အေးခဲသွားသည်ထင်ရသည်။ ချွေးစေးများက လျန်ယွင်ကျီ၏ ပါးပြင်ပေါ်သို့ ကျဆင်းလာသောအခါတွင်မှ ရွှယ်အန်းက နောက်ဆုံးတွင် ဘာသိဘာသာပြောလိုက်၏။
“ဒါဆို လုံလောက်ပြီလို့… မင်းထင်လား”
ဤမေးခွန်းသည် ရွှယ်အန်းကို သက်ညှာပေးရန် တောင်းဆိုနေသော မျက်လုံးများဖြင့်ကြည့်ရန် ခေါင်းကို မော့လာသည့် လျန်ယွင်ကျီကို တုန်လှုပ်သွားစေသည်။
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ဘာသိဘာသာပြောလိုက်သည်။
“မင်းရဲ့ကျင့်ကြံရေးအဆင့်နဲ့ မြင့်မြတ်တဲ့အဆင့်အတန်းကို အားကိုးပြီးတော့… မင်း ကိုယ့် ညီမတွေကိုတောင် မာနကြီး ဂရုမစိုက်ဘဲနဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို တွေးထားတာ.. မင်းငါ့ကို ပြောလေ မင်း အသတ်ခံရသင့်လား မသင့်ဘူးလား”
ကြောက်ရွံ့မှုအပြည့်ဖြင့် လျန်ယွင်ကျီက ခပ်တိုးတိုးပြောလိုက်သည်။
“အကြီး… အကြီးအကဲ… ကျွန်မ ကိုယ့်အမှားကိုယ်နားလည်ပါပြီ။ ကျွန်မ အဖေရဲ့အသက်ကို သက်ညှာပေးဖို့ တောင်းပန်ပါတယ်”
ရွှယ်အန်း၏ အမူအရာက အေးစက်မြဲအေးစက်နေကာ လုံးလုံးလျားလျားတုန်လှုပ်ခြင်းမရှိဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
လျန်ယွင်လော်က အနည်းငယ်ကြောက်လန့်နေသော်လည်း ပြတ်သားသော မျက်နှာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မြေမှုန့်များကြားတွင် ဒူးထောက်လိုက်သည်။
“ဆရာ.. သမီး မမနဲ့ ဖေဖေ့ကို အသက်ရှင်ခွင့်ပေးပါ”
လျန်ယွင်လော်က သက်ညှာပေးရန် တောင်းဆိုသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဤမိသားစုထဲတွင် သူမသည် သူမ၏ အသက်အရွယ်ကြောင့် အမြဲတစေ ပစားပေးခံရသည်။ ရွှယ်အန်းက သူ့ခြေလှမ်းများကို ရပ်ကာ လျန်ယွင်လော်ကို မော့ကြည့်လျက် လျန်ယွင်ထင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင်မူ သူမသည် မိသားစုထဲ တန်ဖိုးထားခြင်းမခံရဆုံးသူဖြစ်သည်။
လျန်ယွင်ထင်းက တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့လိုက်သည်။
ထိုအချိန်တွင် လျန်ယွမ်ဟွာသည် နောက်ဆုံးတွင် အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်ကာ သူလုပ်ခဲ့သော အမှား၏ မိုက်မဲမှုကို သိလိုက်ရသည်။
အထူးသဖြင့် ကောင်းကင်ဘုံ၏ အချစ်ဆုံးကလေးအဖြစ် အမြဲမှတ်ယူထားသည့် ၎င်း၏အကြီးဆုံးသမီးကြီးက သက်ညှာပေးရန်တောင်းခံနေသည်ကို သူမြင်လိုက်ရသောအခါတွင် သူ့ကိုယ်သူပင် ပါးရိုက်ချင်စိတ်ပေါက်လာသည်။
သို့သော် ရွှယ်အန်း၏ စကားလုံးများမှ သတ်ပစ်ရန် ရည်ရွယ်ချက်က သူ့ကို ပေါ့ပေါ့တန်တန်ပြုမူခြင်းမှ တားဆီးနေကာ နောက်ဆုံးတွင် လျန်ယွင်ထင်းကိုသာ အရှက်မရှိ အော်လိုက်တော့သည်။
“ယွင်… ယွင်ထင်း။ မင်းအဖေက သူ့အမှားသူ သိပါပြီ။ မင်း အဖေက နောက်ထပ် တစ်ယောက်ကို ပိုချစ်ပြီးတစ်ယောက်ကို မချစ်တာမျိုး မလုပ်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး… သမီး…”
လျန်ယွင်ထင်းက ခေါင်းကိုမော့၍ ဖခင်ဟုခေါ်သော ဖခင်ဖြစ်သူကို စက်ဆုပ်စွာကြည့်ကာပြောလိုက်သည်။
“ဆရာ ဒီလိုလူကို သတ်လိုက်တာက အဓိပ္ပါယ်မရှိဘူး။ သူတို့ အသက်ရှင်ပါစေ”
ရွှယ်အန်းက လျန်ယွင်ထင်းကိုကြည့်၍ ပြုံးလိုက်သည်။ သူလျန်ယွင်ထင်းကို မေးရသည့်အကြောင်းမှာ သူမ၏ သဘောထားကို သိနိုင်ရန်ဖြစ်သည်။
အကယ်၍ သူမသည် ဆွေမျိုးရင်းချာများ နှင့် တုံ့ဆိုင်းမှုတို့ကြောင့် ပိတ်မိနေပါက၊ ရွှယ်အန်းသည် သူမ၏ ကံကြမ္မာအတိုင်း သေချင်သေ၊ ရှင်ချင်ရှင်ဟူသည့်သဘောဖြင့် လွှတ်ထားလိုက်မည်ဖြစ်သည်။ သူမက ဤအခက်အခဲများကိုပင် မကျော်လွှားနိုင်လျှင် သူမ၏ အနာဂတ်က အလွန်ပင် အကန့်အသတ်ရှိနေဦးမည်ဖြစ်သည်။ သို့သော် သူမက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် သတ်ခိုင်းခဲ့ပါကလည်း ထိုနည်းလည်းကောင်းပင် အချိန်တိုအတွင်း ကျရှုံးရပေလိမ့်မည်ဖြစ်သည်။
ယခု သူမပြခဲ့သော သဘောထားကသာလျှင်… ထိုအရာအားလုံးကို စွန့်လွှတ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
“ကောင်းပြီ” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် လျန်ယွင်ထင်းသည် ပြတ်သားသောအမူအရာဖြင့် လျန်ယွင်ကျီနှင့် လျန်ယွမ်ဟွာလွန်စွာရှက်ရွံ့စွာ လျှောက်သွားခဲ့သည်။
"အခုကစပြီး ဖေးယန်တပ်နဲ့ အဆက်အသွယ်အားလုံးကို ဖြတ်လိုက်ပြီ၊ ကျွန်မတို့အချင်းချင်း ဘာမှမဆိုင်တော့ဘူး။ ခရီးက ရှည်လျားပြီးကျွန်မတို့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးလို့ မျှော်လင့်တယ်။ မဟုတ်ရင် ကျွန်မ သက်ညှာနေတော့မှာမဟုတ်ဘူး"
လျန်ယွင်ထင်း ဤသို့ပြောနေသည်ကို ကြားသောအခါ လျမ်ယွမ်ဟွာက သူမကို ထိန်းရန် စကားအနည်းငယ် ပြောချင်နေဆဲဖြစ်သည်။
သို့သော် လျန်ယွင်ထင်းက လှည့်ထွက်သွားခဲ့ပြီဖြစ်၏။
လျန်ယွင်ကျီသည် သူ့ညီမငယ ထွက်သွားသည်ကို ကြည့်ရင်းဖြင့် နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေကာ မည်သည့်ခံစားချက်ကိုမှ ကောင်းကောင်းမွန်မွန် မခံစားနိုင်တော့ပေ။ သူမက ဒုက္ခိတဖြစ်ကာ ကျင့်ကြံရေးအဆင့်အားလုံး ဖျက်ဆီးခံရမည်ကိုပင် ပြင်ဆင်ထားဆဲဖြစ်သည်။
နောက်ဆုံးတွင်မူ သူမ၏ နှလုံးသားထဲတွင် တွေးကြည့်သောအခါ သူမသာ လျန်ယွင်ထင်းနေရာတွင်ရှိခဲ့ပါက နှစ်များစွာစုစည်းလာသည့် နာကျည်းချက်များက အရာအားလုံးကို ဦးတည်သွားစေနိုင်သည်။
သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ လျန်ယွင်ထင်းသည် သူမအား ခွင့်လွှတ်ရုံသာမက လက်ဖြင့်ပင် မရွယ်ခဲ့ပေ။ လျန်ယွင်ကျီသည် ခဏတာ ပျော်ရွှင်မှုကို ခံစားခဲ့ရသော်လည်း လျန်ယွင်ထင်း၏ စိတ်ပိုင်းဖြတ်ထားမှုကို သူမမြင်လိုက်သောအခါ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။
အခု…. သူ့မျက်လုံးထဲမှာ ငါက ဘာမှမဟုတ်တော့ဘူးပဲ။
ဤခံစားချက်က အရှက်တရားထက် အဆတစ်ရာ ပိုမိုနာကျင်သည်။ ဤသည်ကား ပြီးပြည့်စုံသော လျစ်လျူရှု့ ဥပက္ခာပြုမှုပင်ဖြစ်သည်။
လျန်ယွမ်ဟွာက တစ်ခုခုပြောချင်နေသေးသော်လည်း လျန်ယွင်ကျီက ခေါင်းခါကာ သူ့ကိုတားလိုက်သည်။
ထို့နောက် ဖေးယန်ခံတပ်မှလူများက စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြသည်။
ရွှယ်အန်းသည် လျန်ယွင်ကျီ၏ နောက်ကျောကိုကြည့်ကာ ဖျတ်ခနဲပြုံးလိုက်သည်။ ဤအမျိုးသမီး၏ ကျင့်ကြံရေးအဆင့်က ရှေ့ဆက်မတိုးနိုင်တော့သည့်အပြင် ပို၍ပင် ယုတ်လျော့လာနိုင်ကြောင်း သူသိလိုက်သည်။ လျန်ယွင်ထင်း၏ တိတ်ဆိတ်မှုက သူမ၏ နှလုံးသားနယ်ပယ်ကို လုံးဝဖျက်ဆီးပစ်ခဲ့၏။
ဤသည်မှာ သူမ၏ ကျင့်ကြံရေးအဆင့်ကို ထိခိုက်စေသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
ထိုအချိန်တွင် ကျန်ရှိသော ကျင့်ကြံသူများလည်း တိတ်တဆိတ် ထွက်ခွာသွားကြသည်။ စစ်မှန်သော အင်မော်တယ် အမွေအနှစ်များဆီသို့ ဦးတည်သည့် ဧရာမ တံခါးမကြီးသာ ကျန်ရှိတော့ကာ စက်ရုပ်ရုပ်သေးပေါ်၌ ထိုင်နေသော လျို့ခယ့်ခယ်က ပြုံးလိုက်သည်။
ရွှယ်အန်းက လှမ်းကြည့်လိုက်သောအခါ လျို့ခယ့်ခယ်က ရုပ်သေးပေါ်မှ ခုန်ဆင်းလျက် ချစ်စဖွယ်ကောင်းစွာပြုံး၍ပြော၏။
“စီနီယာက တကယ့်ကို အံ့သြဖို့ကောင်းတဲ့ နတ်ဖြစ်တည်မှုတစ်ခုပါပဲ။ ဒီဂျူနီယာလေးက ရှင့်ကို သဘောကျပါတယ်”
“မင်း မထွက်သွားဘူးလား။ မင်းကိုလည်း ငါကိုင်တွယ်လိုက်မှာ မကြောက်ဘူးလား”
လျို့ခယ့်ခယ်က မပြောင်းလဲသောအပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။
“မကြောက်ပါဘူး။ ခယ့်ခယ်က စီနီယာ အဲ့လို လုပ်မှာမဟုတ်ဘူးဆိုတာ သိတယ်လေ”
"အိုး ဘာလို့လဲ"
"ခုနက စီနီယာတွေရဲ့ လုပ်ရပ်တွေက တကယ့်မြင့်မြတ်တဲ့လူတစ်ယောက်ဆိုတာ သိသာပါတယ်။ ကျွန်မလို ပျော့ညံ့တဲ့ မိန်းမကို ရှင်ဘာလို့ ထည့်တွက်နေတော့မှာလဲ"
"ပျော့ညံ့တဲ့မိန်းမလား။ ရှေးခေတ်စက်ရုပ်ရုပ်သေးတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဆေးပညာရှင်တစ်ယောက်ဖြစ်ပြီး မင်းကိုယ်မင်း အားနည်းတဲ့မိန်းမလို့ ပြောတာလား"
“စီနီယာရှေ့မှာ ဘယ်သူက မပျော့ညံ့ဘူးလို့ ဘယ်သူပြောရဲလဲ၊ ဒီဂျူနီယာလေးက ရှင် ဘုရားကျောင်းထဲ စိတ်ချလက်ချဝင်နိုင်အောင် ဂိတ်ဝကို စောင့်ကြပ်ပေးနေဖို့ ဆန္ဒရှိပါတယ်”
ရွှယ်အန်းသည် ခါးအထိဆံပင်ရှည်ကာ ချစ်စရာကောင်းသော မျက်နှာနှင့် ထင်ရှားပေါ်လွင်သော အလှကို ကြည့်ကာ နောက်ဆုံးတွင် ခေါင်းယမ်းကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"မင်းငါ့ကိုတောင်းဆိုစရာရှိလို့လား"
လျို့ခယ့်ခယ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
အခန်း(၅၈၂) စစ်မှန်တဲ့ အင်မော်တယ် ရတနာ
“အရင်က ဒီရုပ်သေးရဲ့ တကယ့်စွမ်းအားကို အပြည့်အဝထုတ်မသုံးနိုင်ဘူးလို့ စီနီယာပြောခဲ့ဖူးတယ်။ ဒါ့ကြောင့် ဒီရုပ်သေးကို လုံးဝထိန်းချုပ်နိုင်ဖို့ စီနီယာက ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
လျို့ခယ့်ခယ်က ရိုးသားမှု၊ လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
ရွှယ်အန်းက သူမကိုကြည့်ကာ ခပ်ပါးပါးပြုံးလိုက်သည်။
“မင်းကို ငါ ကူညီနိုင်မှန်းဘယ်လိုသိလဲ။ ငါလျှောက်ပြောနေတာလည်းဖြစ်နိုင်တာပဲ”
“စီနီယာက နောက်နေပြန်ပါပြီ။ ရှင်က တစ်ချက်ကြည့်ရုံနဲ့ ရုပ်သေးရဲ့ဇစ်မြစ်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဆေးပညာရှင်ရဲ့ နာမည်ကိုတောင်သိတာ။ ရှင် အဲ့တာကို လေးလေးနက်နက် နားကို နားလည်ရမယ်”
ရွှယ်အန်းက တိတ်ဆိတ်နေခဲ့သည်။ လျို့ခယ့်ခယ်က ရွှယ်အန်းကို သနားချင်ဖွယ်မျက်လုံးများဖြင့်ကြည့်နေသည်။ အထူးသဖြင့် ဤကဲ့သို့သော အပြုအမူမျိုးကို ပြုမူလျှင် သူမ၏ ဆွဲဆောင်မှုက အံ့မခန်းရှားပါးလှသည့် အလှတစ်ခုဟုဝန်ခံရပေမည်။ တကယ်တမ်းတွင် လျို့ခယ့်ခယ်ကို အကြောင်းအရင်းနှစ်ခုကြောင့် မှော်ဆေးဆရာမဟု ခေါ်ခဲ့ခြင်းဖြစ်ရာ တစ်ခုမှာ ထူးဆန်းသော ရုပ်သေးကို ထိန်းချုပ်ထားသောကြောင့်ဖြစ်၍ ကျန်တစ်ချက်မှာ သက်ရှိသတ္တဝါများအားလုံးကို ဆွဲဆောင်နိုင်စွမ်းကြောင့်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“တကယ်ပါပဲ။ ငါမင်းကို ကူညီပေးနိုင်ပတါယ်။ ဒါပေမယ့် အခြေအနေကတော့… မင်း ဘယ်လောက်ပေးနိုင်လဲ”
ဤစကားကိုကြားသောအခါ လျို့ခယ့်ခယ်က တုံ့ဆိုင်းသွားသော်လည်း သူမက ပြတ်သားသောအမူအရာဖြင့် ရှေ့သို့လျှောက်သွားခဲ့သည်။
"တကယ်လို့ စီနီယာက ကျွန်မကို ကူညီပေးနိုင်ရင်" လျို့ခယ့်ခယ်က ရှက်ရွံ့နိမ့်ပါးသောအသံဖြင့်ပြောလိုက်သည်။
“ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပ်နှင်းပြီး ခစားဖို့ဆန္ဒရှိပါတယ်”
ချိုမြိန်သော အလှမယ်လေးတစ်ယောက်က သူမကိုယ်သူမကမ်းလှမ်းလာသည့် ထိုသို့သော သွေးဆောင်မှုသည် အင်မော်တယ် နှလုံးသားများကိုပင် တုန်လှုပ်သွားစေနိုင်သည်။ သို့သော် ရွှယ်အန်းက လျို့ခယ့်ခယ်၏ မျက်နှာက ရှက်ကိုးရှက်ကန်း နီမြန်းလာသည်အထိ သူမကို တိတ်တဆိတ်ကြည့်ကာ ရယ်မောကာ ပြုံးပြလိုက်သည်။
“နောက်တာပါ မင်းက အတည်ကြီးမှတ်နေတာပဲ… ဟမ်”
လျို့ခယ့်ခယ်က အံ့အားသင့်မှုအပြည့်ဖြင့် မော့ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ရွှယ်အန်းက တံခါးဆီသို့လျှောက်သွားနေကာ ပြောလိုက်သည်။
"ပင်မတံခါးကို အနီးကပ်စောင့်ကြည့်ပါ"
တောက်ပသောအပြုံးသည် လျို့ခယ့်ခယ်၏ ချစ်စရာကောင်းသောမျက်နှာတစ်ပြင်လုံးတွင် ဖြည်းညှင်းစွာပျံ့နှံ့သွားကာသူမက အားတက်သရောခေါင်းညိတ်လိုက်သည်။
“စီနီယာ စိတ်ချပါ ကျွန်မ ဒီနေရာကို စောင့်ကြပ်ထားပါမယ်”
“စီနီယာ ဒီတံခါးပေါ်မှ သင်္ကေတတွေက တော်တော်ရှုပ်ထွေးပုံရတယ်၊ တကယ်… “
လျို့ခယ့်ခယ်က သူဖွင့်နိုင်မည်လားကို မေးချင်နေခြင်းဖြစ်သည်။ သို့သော် သူမ၏ စကားမဆုံးခင်တွင် ရွှယ်အန်းက သင်္ကေတတံခါးဆီသို့လျှောက်သွားကာ တံခါးကို လက်ဖြင့်ဖိထားသည်ကိုမြင်လိုက်ရသည်။ တစ်ခဏချင်း၌ပင် သင်္ကေတတံခါးပေါ်မှ မန္တန်များက တစ်ခုပြီးတစ်ခုလင်းလက်လာကာ ရွှယ်အန်းက ခေါင်းလှည့်၍ လျို့ခယ့်ခယ်နှင့် လျန်ယွင်ထင်းတို့ကို ပြုံးပြလိုက်သည်။
"ငါပြန်လာတာကို စောင့်ကြ”
ထိုသို့ဖြင့် သင်္ကေတတံခါးကို ဖြတ်လျှောက်သွားသည်။ လျို့ခယ့်ခယ်က ထိတ်လန့်စွာကြည့်နေသည်။
အလယ်ပိုင်းပြည်နယ်ရှိ အဓိကအဖွဲ့ခွဲတစ်ခု၏ တပည့်တစ်ဦးအနေဖြင့် စစ်မှန်သောအင်မော်တယ် အမွေအနှစ်များကို ထိန်းသိမ်းထားသည့် သင်္ကေတတံခါးကို ဖွင့်ရန် မည်မျှ ခက်ခဲကြောင်း သူမသိသည်။
ရွှေအင်မော်တယ် အများအပြားသည် ရှေးဟောင်းသင်္ကေတတံခါးကို အပြင်းအထန် ချိုးဖျက်ရန် ကြိုးစားခဲ့ကြသည့် သာဓကများ ရှိခဲ့ဖူးသည်။ ဤကဲ့သို့ စစ်မှန်သော အင်မော်တယ် အမွေအနှစ်များကိုကာကွယ်ထားသည့် အထူးပြုလုပ်ထားသော တံခါးမျိုးပင်မဟုတ်ပေ။ မမျှော်လင့်ဘဲ ရွှယ်အန်းက သင်္ကေတတံခါးကို လွယ်လင့်တကူဖြတ်သွားခဲ့သည်။
ဤအရာကို လျို့ခယ့်ခယ်ကို အံ့အားသင့်စွာဖြင့် ရပ်တန့်သွားလုနီးနီးဖြစ်စေခဲ့သည်။ ရွှယ်အန်းတွင် ကျင့်ကြံရေးအဆင့်မရှိသည်ကို နားလည်ရခက်နေသော်လည်း ထာဝရရှင်သန်မှုကို ရည်မှန်းထားကြသည့် အင်မော်တယ်နှစ်ပါးကို သုတ်သင်ရန် သူ၏ ရုပ်ခန္ဓာအစွမ်းကို အားကိုးနိုင်သည်က ပို၍ နားလည်ရခက်သည်။
ထို့နောက် သင်္ကေတတံခါးကိုဖွင့်ရန် သူအသုံးပြုခဲ့သော ကောင်းကင်ကို အံတုသည့်နည်းလမ်းမှာ သာမန်ကျင့်ကြံသူတစ်ဦးရှိနိုင်သည့် အရာမဟုတ်ပေ။
သူက ဘယ်သူလဲ။
လျို့ခယ့်ခယ်သည် ရွှယ်အန်းပတ်၀န်းကျင်ရှိ လျှို့ဝှက်ဆန်းကြယ်မှု လျော့မသွားဘဲ ပိုပိုထူလာသည်ဟု ခံစားခဲ့ရသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် သင်္ကေတတံခါးကို ဖြတ်ကာ စစ်မှန်သော အင်မော်တယ် အမွေအနှစ်များအတွင်းပိုင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။
နှစ်မည်မျှကြာခဲ့သည်ကို မသိရသော်လည်း စစ်မှန်သော အင်မော်တ်အမွေအနှစ်များအတွင်းတွင် ခမ်းနားထည်ဝါသော အဆောက်အအုံများနှင့် မဏ္ဍပ်များကို ပြသထားကာ အင်မော်တယ်နယ်မြေတစ်ခုကဲ့သို့ မြင်ကွင်းမျိုးကို ပြသထားသည်။ ရွှယ်အန်း ဖြတ်လျှောက်လာသည်နှင့်အမျှ သူသည် အထီးကျန်မှုကို ခံစားလိုက်ရသည်။ ဤတောက်ပနေသော အင်မော်တယ်များ၏ နေအိမ်သည် ပကတိ တိတ်ဆိတ်ခြင်းအတိပြီးနေသည်။
ငှက်အော်သံမရှိ၊ ဆူညံသံမရှိ အရာအားလုံးက တိတ်ဆိတ်နေသည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း သွေးများ စီးဆင်းနေသံကိုပင် ကြားနေရသည်။ ဤကဲ့သို့ တိတ်ဆိတ်မှုမျိုးသည် သာမန်လူများက ဆယ့်ငါးမိနစ်ခန့်မျှပင် သည်းမခံနိုင်ဘဲ ရူးသွပ်သွားကြပေလိမ့်မည်။
သို့သော် ရွှယ်အန်းသည် မည်သည့်အရာကိုမျှ မခံစားခဲ့ရပေ။
မကြာမီတွင် သူက အဆောက်အဦ အလွှာများကို ဖြတ်ကျော်၍ အလယ်ဗဟိုရှိ အဆောက်အဦငယ်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။
လမ်းတစ်လျှောက်တွင် ထောင်ချောက်များ သို့မဟုတ် ချောင်းမြောင်းမှုများ မရှိပေ။
အစပိုင်းတွင် ရွှယ်အန်းသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရွှေအင်မော်တယ် အမွေအနှစ်အတွက် ဤမျှ မရိုးရှင်းသင့်ပေ။ ဤအဆောက်အဦငယ်လေး၏ ရှေ့တွင် သူရပ်နေချိန်၌ပင် သူက ရုတ်တရက် နားလည်သွားကာ ဖျတ်ခနဲပြုံးလိုက်သည်။
“စစ်မှန်တဲ့ အင်မော်တယ်ဘုံမှာ ဒီလိုမျိုး ရတနာသိုက်ကို ဖန်တီးနိုင်ဖို့ မင်းအတွက် တော်တော်ခက်လိမ့်မယ်”
ရတနာသိုက်
ရှားပါးကာ အဆုံးမဲ့ အသုံးဝင်သောအရာ။
ပုံမှန်အားဖြင့်၊ ၎င်းသည် မန္တန်များကို ကျွမ်းကျင်သော ထိပ်တန်းကျင့်ကြံသူများလက်ထဲတွင်သာ ပေါ်လာလေ့ရှိသည်။ ထိုရတနာများထဲမှ အစွမ်းအထက်ဆုံးအရာက အသိစိတ်ပင်ရှိနေနိုင်သည်။ သို့သော် ရွှယ်အန်းက ဤ ရတနာသိုက်ဟူသည် အစစ်အမှန်ဖြစ်သည်ကို ရှင်းလင်းစွာသိရှိခဲ့သည်။
ရိုးရှင်းစွာပြောရလျှင် ကောင်းကင်တာအိုနှင့် လုံးဝလိုက်လျောညီထွေရှိသော မန္တန်ဆရာတစ်ဦးက မန္တန်သင်္ကေတများဆွဲသောအခါ နိယာမအပိုင်းတစ်ခုကို ထွင်းထု၍ အသုံးပြုနည်းအမျိုးမျိုးဖြင့် ပံ့ပိုးကာ ယင်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းသည် ယေဘူယျအားဖြင့် သာ့လောင်နှင့် ကောင်းကင်ဘုံတာအိုဥပဒေများကို ထိနိုင်သော အင်မော်တယ်ဘုရင်များကသာ အောင်မြင်နိုင်သည်။ မမျှော်လင့်ဘဲ ဤစစ်မှန်သော အင်မော်တယ်သည် ကံကောင်းသောတိုက်ဆိုင်မှုတစ်ခုမှတစ်ဆင့် ကမ္ပည်းရတနာတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့သည်။
ရွှေအင်မော်တယ်သည် အင်မော်တယ်၏ နယ်နိမိတ်ကို ကိုယ်စားပြုသည်။
လူသည် ရွှေအင်မော်တယ်ဖြစ်လာသည်နှင့် တပြိုင်နက်၊ အင်မော်တယ်ပုံသဏ္ဍာန်ဖြစ်လာကာ နတ်စွမ်းရည်များလည်း အလိုအလျောက် ထွက်ပေါ်လာသည်။ ဤသည်က အင်မော်တယ်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ၎င်းတို့သည် ကောင်းကင်ဘုံတာအို၏ စွမ်းအင်များကို အမှန်တကယ် မထိနိုင်ကြသေးသောကြောင့် လူသားအင်မော်တယ်ဟုသာ သတ်မှတ်နိုင်သည်။ စစ်မှန်သော အင်မော်တယ်ဟူသည်မှာ လူသည် နိယာမတရား၏ အရှိန်အဝါ၏ အခြေကို လှမ်းမိ၍ ၎င်းတို့၏ ကမ္ဘာအတွင်း အသုံးချနိုင်သည့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ၎င်းတို့ကိုယ်တိုင် နားလည်သဘောပေါက်ထားကြောင်း အဓိပ္ပာယ်ရသည်။
ဤသည်မှာ စစ်မှန်သော အင်မော်တယ်ဖြစ်သည်။
သာ့လောင်ဟူသည်မူ အမျိုးမျိုးသော နယ်မြေများမှ စည်းမျဥ်းများကို နားလည်တတ်မြောက်သော အင်မော်တယ်ကို ဆိုလိုသည်။
ထိုအချိန်တွင် အင်မော်တယ်ကို သာ့လောင်ရွှေအင်မော်တယ်ဟုခေါ်သည်။ ဤသည်ကိုတွေး၍ ရွှယ်အန်းက လက်ကို ဆန့်ကာ ရတနာသိုက်ကို ညင်သာစွာထိလိုက်သည်။
ဘမ်း
ရွှယ်အန်းရောက်ရှိလာခြင်းကို တွန်းလှန်ရန် ကြိုးစားရင်း အဆောက်အဦး၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် စာလုံးများ ထူထပ်စွာ ပေါ်လာသည်။
ရွှယ်အန်းက သက်ပြင်းတိုတို တစ်ချက်ချလိုက်သည်။
"သနားစရာကောင်းလိုက်တာ၊ မပြည့်စုံတဲ့ ရတနာသိုက်ပဲ၊ ယန်အာကို စုဆောင်းနိုင်တဲ့ ချည်ထိုးရဲတိုက်အဖြစ် လက်ဆောင်ပေးလိုက်မယ်”
ထိုသို့ဖြင့် ရွှယ်အန်းသည် မှော်စာလုံးများကို ရှင်းထုတ်ရန် စိတ်မ၀င်စားဘဲ ရိုးရှင်းစွာ ထိုးနှက်လိုက်သည်။
ထို့နောက် ရတနာသိုက်သည် ရွှေအလင်းတန်းများ တဖျပ်ဖျပ် ခတ်၍ ငိုကြွေးမြည်တမ်းလိုက်တော့သည်။
ရွှယ်အန်းက ငြိမ်သက်နေကာ နောက်တစ်ချက်ထိုးလိုက်သည်။ ဤတစ်ကြိမ်တွင် ရတနာသိုက်က ပြိုလဲတော့မည့်အလား ကျယ်လောင်သော ဆူညံငိုကြွေးသံများထွက်ပေါ်လာသည်။
ရွှယ်အန်းသည် သူ့လက်သီးကို တစ်ဖန် မြှောက်၍ ထိုးနှက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်တွင် တောက်ပသော ရွှေရောင်အလင်းတန်းများကြားတွင် ကြီးမားသော စာလုံးများ ထွက်ပေါ်လာသည်။
“ကျုပ်ကို သက်ညှာပေးပါ အရှင်”
ရွှယ်အန်းက လက်သီးကို ပြန်ရုတ်၍ ဘာသိဘာသာပြောလိုက်သည်။
“ကျုပ် မင်းကို သက်ညှာပေးနိုင်တယ် ဒါပေမယ့် ခင်ဗျား ကျုပ်ဆီ လက်အောက်ခံဖို့ ဆန္ဒရှိလား"
ရွှေရောင်အလင်းတန်းပြောင်းသွားကာ နောက်ထပ် စာလုံးနှစ်လုံး ထွက်ပေါ်လာသည်။
“ဆန္ဒရှိပါတယ်”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းလိုက်တာ လာခဲ့”
သူ့အမိန့်ကို လိုက်နာ၍ ရတနာသိုက်က လျင်မြန်စွာကျုံ့သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှယ်အန်း၏လက်ထဲသို့ ဝင်ရောက်လာသော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မှော်ရတနာများ ပျောက်ဆုံးသွားခြင်းနှင့်အတူ၊ စစ်မှန်သောအင်မော်တယ်ဂိုဏ်းတစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
ရွှယ်အန်းက ဤနေရာသည် အနှစ်တစ်သောင်းခန့် တွေ့ကြုံခံစားပြီးပြီဟု သိထားကာ ရတနာသိုက်က ဖိနှိပ်ထားခြင်းကြောင့်သာ ထို အချိန်ကာလ၏ နိမိတ်လက္ခဏာများ ထွက်ပေါ်လာခြင်းမရှိခြင်းဖြစ်ကြောင်း သိသည်။ ယခုအခါ ရတနာသိုက်မရှိတော့သဖြင့် အနှစ်တစ်သောင်း အချိန်စီးကြောင်းက ရှေ့သို့တိုးလာ၍ ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းသော အာကာသအချိန် လှိုင်းမုန်တိုင်းကို ကြုံတွေ့ရဖွယ်ရှိသည်။
ဤ အာကာသအချိန် လှိုင်းထန်မှုသည် ကောင်းကင်ထက်မှ အာကာသ လှိုင်းလေနှင့် မနှိုင်းယှဉ်နိုင် သော်လည်း ၎င်းသည် ကြောက်မက်ဖွယ်ကောင်းနေသေးသည်။ ထို့အတွက်ကြောင့် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အလွှာများကို ဖြတ်၍ စစ်မှန်သောအင်မော်တယ် အမွေအနှစ်ကြားမှ တိုက်ရိုက် ပျံသန်းထွက်ခွာလာခဲ့သည်။
ရွှယ်အန်းထွက်သွားပြီး မကြာမီတွင် စစ်မှန်သော အင်မော်တယ် နယ်မြေတစ်ခုလုံး လုံးဝပြိုကျသွားခဲ့ရာ ထို့နောက်တွင် အာကာသအချိန် လှိုင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။