အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အခန်း(၅၈၆) သူရဲကောင်းတွေက သူရဲကောင်းတွေလို ဆက်ဆံခံရသင့်တယ်
ကျင့်ကြံသူများအားလုံးက တညီတညွတ်တည်း ကြုံးဝါးလိုက်ကြသည်။
“မင်းက ဗိုလ်ချုပ်ကို ဓားစာခံအဖြစ် ဘယ်သတ္တိနဲ့ ဖမ်းရဲတာလဲကွ”
ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် ၎င်းတို့အားလုံးက လေထဲတွင်ပျံနေသော ရွှယ်အန်းထံသို့ အပြေးသွားကြသည်။ ထိုအချိန်၌ ကျန်းယောင်းစီသည် ရွှယ်အန်း၏ လက်ထဲတွင် အဖမ်းခံထားရပြီဖြစ်သည်။ ထို့အပြင် ကျင့်ကြံသူများက သူ့ကို ဝိုင်းရံထားကြပြီဖြစ်သည်။
သို့သော် ရွှယ်အန်းက ထိုသူများကိုကြည့်ရန်ပင် စိတ်မဝင်စားပေ။ ပေါ့ပါးသော လက်သီးတစ်ချက်တည်းဖြင့် ထိုကျင့်ကြံသူအားလုံးကို လွင့်ထွက်သွားစေခဲ့၏။ ထို့နောက် လက်သီး၏ စွမ်းအားများက လျော့ကျသွားခြင်းမရှိဘဲ သူ့နောက်မှ အခြားသော ကျင့်ကြံသူများဆီသို့ ဦးတည်သွားခဲ့သည်။ ဤကျင့်ကြံသူများသည် ယခုတင် ကျရှုံးသွားသူများထက် အနည်းငယ်သာလွန်ကာ အနည်းဆုံး အကြိမ်နှစ်ဆယ်ခန့် အော်ချိန်ရခဲ့ကြသည်။
သို့သော် ဤသည်က ၎င်းတို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာသာဖြစ်သည်။
အော်ဟစ်သံများစွာထွက်ပေါ်လာပြီးနောက် မီးရှုးမီးပန်းများ ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ အထက်ကောင်းကင်တွင် ပေါက်ကွဲသွားပုံရသည်။ မိုးရေများကဲ့သို့ သွေးများ ရွာကျလာရာ စစ်မြေပြင်တစ်ခုလုံးသို့ သွေးများ လွှမ်းခြုံသွား၏။
လူတိုင်း အံ့ဩသွားကြသည်။ မကြာခင်ကမှ ကြွားလုံးထုတ်နေခဲ့သည့် ကျင့်ကြံသူများက ဤလူသားမျိုးနွယ်ဝင်၏ လက်အောက်၌ လက်သီးတစ်ချက်တည်းဖြင့် ကျရှုံးသွားကြသည်။
ကျန်းယောင်စီလည်း အံ့သြသွားရသည်။
ထိုသူက မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်သည်ကို သူသဘောပေါက်သွားသည့်အခိုက်အတံ့တွင် သူ
ဘောင်းဘီကြားမှ သေးစီးကြောင်းများ စီးကျလာကာ စကားစတင်ပြောလိုက်၏။
"ငါက..."
ရွှယ်အန်းက ခေါင်းယမ်းလိုက်သည်။
“ငါမင်းကို ပြောပြီးပြီ။ မင်းဦးလေး ငါ ဓားနဲ့ ပိုင်းတာခံလိုက်ရပြီကွ။ အခု မင်းကို သူနဲ့အတူတူ ခရီးပို့ပေးရမယ့်အချိန်ပဲ”
"မဟုတ်ဘူး...မဟုတ်ဘူး၊ ကျေးဇူးပြုပြီး" ထိုအချိန်မှသာ သူကြားခဲ့သော အရာက ကောလဟာလမဟုတ်ကြောင်း ကျန်းယောင်းစီနားလည်သဘောပေါက်သွားသည်။
သို့သော် နောင်တရချိန်က အလွန်အမင်း နောက်ကျသွားခဲ့ပြီဖြစ်၏။
ရွှယ်အန်းက မျက်မှောင်ကို အနည်းငယ်သာကြုတ်လိုက်ရာ သူ့ခြေထောက်အောက်ရှိ စက်ရုပ်ရုပ်သေးက ကြီးမားသော လက်ကိုမြှောက်လျက် ကျန်းယောင်းစီကို တင်းတင်းကြပ်ကြပ် ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။ အော်သံက ရုတ်ချည်း ရပ်တန့်သွားကာ စက်ရုပ်ရုပ်သေး၏ လက်ချောင်းများကြားမှ သွေးများ ထွက်လာသည်။
လက်ကိုပြန်ဖွင့်လိုက်သောအခါ ကျန်ရှိနေသည့်အရာအားလုံးသည် လူသားတစ်ဦးအဖြစ် သတိပြုနိုင်မည်မဟုတ်သော သွေးစွန်းနေသော အသားများဖြစ်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော နည်းပရိယာယ်က မော့ကြားတပ်သားများကိုပင် ပင့်သက်ရှိုက်သွားစေသည်။
အထူးသဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာပိုင် ကျဆုံးသွားကြောင်း ကြားသိရသောအခါတွင် ၎င်းတို့၏ တိုက်ပွဲစိတ်ဓာတ်များ အငွေ့ပျံသွားသည်။ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာလာကြသည်။ သို့သော် ရွှယ်အန်းက ၎င်းတို့ကို လွှတ်ပေးရန် အစီအစဥ်မရှိကြောင်း ရှင်းလင်းကြ၏။
သူက ရုပ်သေး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
“ငါမင်းနဲ့ ဒါကို ထားခဲ့မယ်။ တစ်ယောက်ကိုမှ မချမ်းသာပေးနဲ့”
ရုပ်သေးက နာခံစွာ ခေါင်းညိတ်သည်။ လျို့ခယ့်ခယ်က ကြည့်၍ ထိတ်လန့် အံ့သြကြောင်အနေမိသည်။
‘စီနီယာက ဒီရုပ်သေးရုပ်ကို ဘာလို့ ငါ့ထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်နိုင်တာလဲ’
ထို့နောက် ရွှယ်အန်းက လူအားလုံးကို လူသားမျိုးနွယ်စုစခန်းဆီပြန်ခေါ်သွားခဲ့သည်။
ရှောင်ရွှေ့က စိတ်လှုပ်ရှားစွာခေါင်းညိတ်လိုက်သည်။
“အစ်ကိုအန်း”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် စစ်မှန်သော လူသတ်ပွဲကြီး စတင်ခဲ့သည်။ စက်ရုပ်ရုပ်သေးက တစ်ဖန်ပြန်၍ ကြီးမားလာကာ အရပ် အမြင့်တစ်ရာကျန်းသို့ လျင်မြန်စွာရောက်ရှိသွားသည်။ ထို့နောက် ပုရွက်ဆိတ်များကို နင်းခြေလိုက်သကဲ့သို့ ပြန့်ကျဲနေသော စစ်သားများကြားကို နင်းခြေလိုက်သည်။ မော့ကြားစစ်သားများက လျင်မြန်စွာ ထွက်ပြေးသွားကြသော်လည်း ဤတစ်ရာကျန်းရှိသော ဧရာမရုပ်သေးကြီးရှေ့တွင် ၎င်းတို့က အစွမ်းအစမရှိပေ။
မကြာခဏဆိုသကဲ့သို့ပင် တစ်ချက်တည်းဖြင့် မော့ကြားစစ်သားများ ဆယ်ချီ၊ ရာချီခန့်ကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားက ဤမော့ကြားစစ်သားများ၏ တိုက်ပွဲဝင်လိုစိတ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။
လူတိုင်းက ဤငရဲပြည်မှ ချက်ချင်း ထွက်ပြေးချင်နေကြသည်။ သို့သော် ရွှယ်အန်းကလည်း တစ်ယောက်ကိုမှ သက်ညှာမပေးရန် အမိန့်ပေးထား၏။ ဤစက်ရုပ်ရုပ်သေး၏ ဦးနှောက်ထဲတွင် မည်သည့်အရာကမှ ညွှန်ကြားချက်များထက် ပို၍ အရေးမကြီးသကဲ့သို့ ထင်ရသည်။ ထို့ကြောင့် ၎င်းက ရိုးရှင်းစွာပင် ခါးကိုကိုင်းကာ အဝေးသို့ပြေးနေသော အရာရှိများကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
အရာရှိများက ကြောက်လန့်တကြားအော်လိုက်ကြသည်။
သို့သော် စက်ရုပ်ရုပ်သေးက အနည်းငယ်မျှ မျက်နှာသာမပေးဘဲ လက်သီးဆုပ်လိုက်ရာ ထိုသူများအားလုံး ချက်ချင်းဆိုသကဲ့သို့ပင် ကြိတ်စများကဲ့သို့ ကြေမွသွားတော့သည်။ မည်သို့ပင် ဆိုစေကာမူ ဤသတ်ဖြတ်မှုက နောက်ထပ် နာရီဝက်ခန့် ဆက်လက်ကြာမြင့်ခဲ့သည်။ ကွင်းပြင်တွင်
မော့ကြားစစ်သားတစ်ယောက်မျှ အသက်ရှင်ကျန်မနေနိုင်တော့သည့်အချိန်ရောက်မှသာ စက်ရုပ်ရုပ်သေးက ရပ်တန့်၍ ရွှယ်အန်းဘက်သို့လှည့်လိုက်သည်။
ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်.. တော်တယ်”
ရွှယ်အန်း၏ ပြောစကားကိုကြားသောအခါ စက်ရုပ်ရုပ်သေး၏ ပုံစံက တဖြည်းဖြည်းချင်းပြန်လည်သေးငယ်သွားသည်။
“သွားရအောင် မြို့ကိုပြန်ကြမယ်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ချန်နျောင်မြို့သို့ပြန်ရောက်သောအခါ လူသားမျိုးနွယ်ဝင်များအားလုံးက ကောင်းကင်ဘုံရှိနတ်ဘုရားကဲ့သို့ ရိုသေလေးစားစွာဖြင့် ရွှယ်အန်းကို စိုက်ကြည့်ကြသည်။
အခြားမျိုးနွယ်စုဝင်များကမူ ဆောင်းရာသီ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေ၍ အသက်ပြင်းပြင်းပင် ရှုရန် မဝံ့ရဲကြပေ။ ဤတိုက်ပွဲ၏ စွမ်းအားကြောင့် လူသားမျိုးနွယ်သည် နောက်ဆုံးတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။
မည်သူကမျှ လူသားမျိုးနွယ်ကို မော့မကြည့်ရဲကြတော့ပေ။
အနည်းဆုံး ချန်နျောင်မြို့တွင်ဖြစ်သည်။ ဒဏ်ရာရနေသော လူသားမျိုးနွယ်စုဝင်များကို ဖြေရှင်းပြီးနောက် ရှောင်ရွှေ့က ရွှယ်အန်းကို သွားရောက်ကြည့်ရှု့ခဲ့သည်။ မကြာသေးမီရက်များအတွင်း စမ်းသပ်မှုများနှင့်
စစ်မြေပြင်တွင် သွေးထွက်သံယိုမှုများမှတစ်ဆင့် ကောင်လေးက လျင်မြန်စွာ ရင့်ကျက်လာခဲ့သည်။
သူ့စကားများက ပို၍ တည်ငြိမ်လာကာ တည်ကြည်လာသည်။ ရွှယ်အန်းက ဤအချက်ကို အမှန်တကယ်ပင် အတည်ပြုနိုင်ခဲ့သည်။
“အစ်ကိုအန်း” ရှောင်ရွှေ့က ဦးညွတ်၍ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ရွှေ့၏ ပတ်တီးပတ်ထားသော လက်မောင်းကို တစ်ချက်ကြည့်လိုက်သည်။
“မင်းလည်း ဒဏ်ရာရထားတာလား”
ရှောင်ရွှေ့က ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
“ဒါက အပေါ်ယံ ဒဏ်ရာပါပဲ။ ဘာမှမပြင်းထန်ပါဘူး အစ်ကိုအန်း”
ထိုအချိန်တွင် သူ၏ အမူအရာမှိန်ဖျော့သွာားကာ ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့လိုက်သည်။
"ညီအကိုတွေ တော်တော်များများ တိုက်ပွဲမှာ ကျဆုံးခဲ့ကြရတာ သူတို့နဲ့ ယှဉ်ရင် ကျွန်တော်က ကံကောင်းပါသေးတယ်”
ရွှယ်အန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းအနည်းငယ်ချလိုက်သည်။
"သူတို့အလောင်းတွေ သိမ်းပြီးပြီလား”
ရှောင်ရွှေ့က ခေါင်းညိတ်လိုက်သည်။
“အကုန်ပြန်စုပြီး မနက်ဖြန် မီးသဂြိုလ်ဖို့ ပြင်ဆင်နေကြပါတယ်”
"လူတိုင်း နာမည်ရှိလား"
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“အများစုက ပုံစံပြန်မဖော်နိုင်လို့ နာမည်ရှိတဲ့လူ တချို့ပဲကျန်တော့တယ်”
ဤသည်ကိုပြောပြီးသည်နှင့် ရှောင်ရွှေ့၏ မျက်လုံးများ နီရဲလာပြန်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“မနက်ဖြန်အတွက် အောက်မေ့ဖွယ် အခမ်းအနား ပြင်ဆင်ပါ"
ရှောင်ရွှေ့လည်း ထိတ်လန်သွားရသည်။
ရွှယ်အန်းက အဆုံးမဲ့ ရွာနေသော မိုးများကို ပြတင်းတံခါးမှ လှမ်းကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။
“သူတို့ တိုက်ပွဲမှာ သေခဲ့ရတာကြောင့် ကျုပ်တို့ မျိုးနွယ်စုတွေ အခုလို ရှက်နေစရာမလိုတော့ဘဲ ရပ်တည်လို့ရတာ။ အခူ သူတို့က သူရဲကောင်းတွေအဖြစ် ဆက်ဆံခံရဖို့ထိုက်တန်တယ်”
သူ့စကားများကို နားထောင်လျက် ရှောင်ရွှေ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်!"
ထို့နောက် ပြင်ဆင်ရန်အတွက် လှည့်ထွက်လာခဲ့၏။ လျို့ခယ့်ခယ်သည် ထွက်ခွာသွားသော ရှောင်ရွှေ့၏ နောက်ကျောကိုကြည့်ကာပြောလိုက်သည်။
“လူသားမျိုးနွယ်စုက တကယ်ကို ကံဆိုးခဲ့တာပဲ”
“ဟမ် မင်းဘာလို့ အဲ့လိုပြောတာလဲ” ရွှယ်အန်းက မေးလိုက်သည်။
“အာ.. ဘာရယ်မဟုတ်ပါဘူး။ ဒီတိုင်းပြောလိုက်တာပါ။ ဒါပေမယ့် ရှင့်ညီကိုတွေက အလယ်ပိုင်းပြည်နယ် အရှေ့ဘက်စွန်းမှာရှိတဲ့ ရှေးဟောင်းလူသားနိုင်ငံကနေ ဒီကို လူကုန်ကူးခံရတာဖြစ်မယ်ထင်တယ်။"
ရွှယ်အန်း၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။
"ရှေးလူသားနိုင်ငံဟုတ်လား"
လျို့ခယ့်ခယ်က ခေါင်းညိတ်လိုက်သည်။
“လူသားမျိုးနွယ်စုက တည်ဆောက်ထားတဲ့ လူမျိုးနွယ်စုတစ်စုက နတ်ဆိုးမျိုးနွယ်တောင်တန်းတွေနဲ့ ထိစပ်နေတဲ့ အလယ်ပိုင်းပြည်နယ် အရှေ့ဘက်စွန်းမှာ ရှိတယ်။ ကျွန်မ အဲ့နေရာကို ဖြတ်သွားဖူးတယ်။ အဲ့က လူသားတွေရဲ့ ကြင်နာမှုနဲ့ လုံလကြောင့် ကျွန်မ အံ့သြခဲ့ရပေမယ့် ဒီလူမျိုးက နတ်ဆိုးမျိုးနွယ်စုရဲ့ ဖိနှိပ်ခံနေရတယ်”
ရွှယ်အန်းတစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“မင်းရဲ့ စက်ရုပ်ရုပ်သေးရဲ့ စွမ်းအားကို ငါ့ကို ကူမြှင့်ပေးချင်နေတာ… မင်းဘာလုပ်ချင်လို့လဲ”
ဤအကြောင်းအရာကို ဖော်ပြရာတွင် လျို့ခယ့်ခယ်က ခါးသက်စွာပြုံးလိုက်သည်။
“အလယ်ပိုင်းပြည်နယ်ရဲ့ မျိုးနွယ်စုပေါင်းတစ်ထောင်စုဝေးပွဲ စတင်တော့မှာမို့လို့”
“မျိုးနွယ်စုတစ်ထောင်စုဝေးပွဲ ဟုတ်လား”
လျို့ခယ့်ခယ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် တိုက်ကြီးတစ်ခုလုံးမှာ အရေးအကြီးဆုံးဖြစ်တဲ့ မျိုးနွယ်စုတစ်ထောင် စုဝေးပွဲ။
အဲ့တုန်းက ဒီတိုက်က ကျင့်ကြံရေးဂိုဏ်းတွေအားလုံးနဲ့ မျိုးနွယ်စုတွေအားလုံးက ပါဝင်ခဲ့လို့ မျိုးနွယ်စုတစ်ထောင် စုဝေးပွဲလို့ အမည်ပေးလိုက်တာ”
ရွှယ်အန်းက ဘာသိဘာသာ ခေါင်းညိတ်လိုက်သည်။
လျို့ခယ့်ခယ်က ဆက်ပြော၏။
“ဒါပေမယ့် ကျွန်မရဲ့ခွန်အားအပေါ် ယုံကြည်မှုရှိတယ်။ မျိုးနွယ်စုတစ်ထောင်စုဝေးပွဲမှာ ကျွန်မ ရှုံးသွားရင် အခု ရှိနေတဲ့ ကျွန်မရဲ့ လွတ်လပ်မှုကို ဆုံးရှုံးရပြီး ကျွန်မဂိုဏ်းက အခြားတစ်ယောက်ကိုတောင် လက်ဆောင်အဖြစ် ပေးလိုက်ရနိုင်တယ်”
အဆုံးသတ်တွင် လျို့ခယ့်ခယ်၏ အမူအရာက လေးလံလာသည်။ အလွန် ထူးခြားလှပသော အမျိုးသမီးဖြစ်နေရခြင်း၏ အဓိပ္ပါယ်မှာ သင်သည် အခြားသူများထက် မကြာခဏ ကြိုးစားအားထုတ်ရမည်ဟု ဆိုလိုပေသည်။ မဟုတ်ပါက လူများက သင်၏ ရုပ်ရည်ကိုသာအာရုံစိုက်ကာ ခွန်အားကို မေ့လျော့သွားကြပေလိမ့်မည်။ လျို့ခယ့်ခယ်သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်၏။
အခန်း(၅၈၇) သေရမှာမကြောက်တာမဟုတ်ဘူး… အမေ့ခံရမှာကို ကြောက်တာ
“ကောင်းပြီ ငါမင်းကို ကူညီနိုင်တယ်”
လျို့ခယ့်ခယ်က အလွန်အမင်းဝမ်းသာသွားသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
“ငါ့ကို ကျေးဇူးတင်နေစရာမလိုပါဘူး။ မင်း ငါ့ကို ခုဏကပြောခဲ့တဲ့စကားကြောင့် ငါမင်းကို ကူညီပေးတာပါ”
“ကျွန်မ ဘာပြောလို့လဲ” လျို့ခယ့်ခယ်က နားမလည်နိုင်သေးပေ။
ရွှယ်အန်းက ပြတင်းပေါက်တွင်ရပ်ကာ ဘာသိဘာသာပြောလိုက်သည်။
“လူသားမျိုးနွယ်စုက တကယ်ပဲ ဒီကမ္ဘာကြီးမှာတင်မကဘဲ လူသားနယ်မြေမှာပါ ကပ်ဘေးခံနေရတဲ့ မျိုးနွယ်စုပဲ။ ဒါပေမယ့် အခြေအနေပိုဆိုးလေလေ ဒီလူတွေရဲ့ ကျောရိုးက ပိုကြမ်းတမ်းလာလေလေပဲ”
သေခြင်းတရားနှင့်ရင်ဆိုင်နေရသည့်အချိန်၌ပင် အပြုံးမပျက်ခဲ့သော လူသားစစ်သားများအကြောင်းတွေးမိသောအခါ လျို့ခယ့်ခယ်၏ အမူအရာက တဖြည်းဖြည်းပိုမိုလေးနက်လာသည်။ ထို့နောက် ရွှယ်အန်းက လှည့်၍ လျို့ခယ့်ခယ်ကို အနည်းငယ်ပြုံးပြလိုက်သည်။
“လူသားမျိုးနွယ်က အရင်က ဒီစုဝေးပွဲမှာ ပါခဲ့ကြသေးလား”
လျို့ခယ့်ခယ်က ဖြေရခက်သွားသည်။
“ပြောပါ တုံ့ဆိုင်းမနေပါနဲ့”
လျို့ခယ့်ခယ်က အံကို တင်းတင်းကြိတ်လိုက်သည်။
“တကယ်ပဲ သူတို့ပါခဲ့ကြဖူးတယ်။ ဒါပေမယ့် သွားခဲ့တဲ့သူတွေအားလုံး သေတဲ့အထိ လှောင်ပြောင်နှိပ်စက်ခံခဲ့ရတယ်”
သူမစကားမဆုံးခင်၌ပင် အခန်းတွင်းသို့ လေပြင်းတစ်ချက် တိုက်ခတ်သွားရာ အခန်းတွင်းရှိ သတ်ဖြတ်ရောင်ဝါက မြင့်တက်လာသည်။
ထို့နောက် ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
“သေတဲ့အထိ… လှောင်ခံရတယ်ဟုတ်လား”
လျို့ခယ့်ခယ်က ခေါင်းညိတ်ပြကာ မျက်လုံးများတွင် ထိတ်လန့်နေသည့် အရိပ်အယောင်များထင်ဟပ်လျက်ရှိသည်။ သတ်ဖြတ်ရောင်ဝါ၏ အစွမ်းက သူမကို အသက်ရှုရန်ပင်ခက်ခဲစေသည်။
ထိုအချိန်တွင် ရွှယ်အန်းက အသက်ပြင်းပြင်းရှုလိုက်ကာ သတ်ဖြတ်ရောင်ဝါက လေထုထဲမှ ချက်ချင်းပျောက်ကွယ်သွားသည်။
"ပြောပါဦး၊ ဘာကိစ္စရှိလို့လဲ”
လျို့ခယ့်ခယ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
“မျိုးနွယ်စုအချင်းချင်း စုဝေးပွဲတိုင်းမှာ ရှေးလူသားနိုင်ငံက ကိုယ်စားလှယ်တွေ လွှတ်ထားပေမယ့် လူသားမျိုးနွယ်က မကျင့်ကြံနိုင်တော့ အမြဲတမ်းအားနည်းနေတယ်”
“နောက်ပြီး… နောက်ပြီး… ဂိုဏ်းခွဲတွေ ဒါမှမဟုတ် နတ်ဆိုးတွေအများကြီးက လူသားမျိုးနွယ်ကိုယ်စားလှယ်တွေနဲ့ ကစားရတာ ကြိုက်ပြီးတော့ မကြာခဏ သူတို့ကို သတ်ပစ်လေ့ရှိတယ်”
လျို့ခယ့်ခယ်က အဆုံးထိပြောလေ သူမ၏ အသံက ပိုတုန်လာနေသည်။ ရွှယ်အန်း၏ အကြည့်က အလွန် ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်မဟုတ်ဘဲ တည်ငြိမ်နေသောကြောင့်သာဖြစ်ကာ ယင်းက ပိုတည်ငြိမ်လေလေ လျို့ခယ့်ခယ်က ပို၍ အေးစက်မှုကို ခံစားရလေလေဖြစ်နေသည်။ မုန်တိုင်းကြီးလာလေလေ မရောက်ခင်တွင် ပိုငြိမ်သက်လေလေဖြစ်သည်။
“ဆက်ပြော” ရွှယ်အန်းက မသိချင်ယောင်ဆောင်ကာပြောလိုက်သည်။
“အစပိုင်းမှာ လူတွေက နည်းနည်းသေပြီးရင် ရှေးလူသားနိုင်ငံက လူတွေ ရပ်သွားမယ်လို့ ထင်ခဲ့ကြပေမယ့် မထင်မှတ်ဘဲ လူသားမျိုးနွယ်စုက ဘယ်တော့မှ အရှုံးမပေးဘူး။ မျိုးနွယ်စုကြားစုဝေးပွဲဆီ အမြဲတမ်းကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ကြတယ်”
သူမပြောသည့်အတိုင်းပင် လျို့ခယ့်ခယ်၏ မျက်နှာပေါ်တွင် လေးစားမှုအရိပ်အမြွက်များပေါ်လာသည်။
“တစ်ခါတုန်းက ညီလာခံကို တက်တဲ့ လူသားမျိုးနွယ်ဝင်တစ်ယောက်ကို မကြောက်ဖူးလားလို့မေးဖူးတယ်။ တကယ်တော့ လူသားမျိုးနွယ်စုကနေ ရောက်လာတဲ့လူတွေထဲ အသက်ရှင်ကျန်တဲ့သူမရှိသလောက်ပဲ”
“ဒါပေမယ့် အဲ့လူက ပြုံးရုံပြုံးပြီး ကျွန်မ တစ်ခါမှ မတွေးဖူးတဲ့ ပေါ့ပေါ့ပါးပါးလေသံနဲ့ … သေရမယ်ဆိုရင်တောင် သူတို့ လာကိုလာရမယ်လို့ပြောခဲ့တယ်။ လူသားမျိုးနွယ်စုက မျိုးနွယ်ပေါင်းတစ်ထောင်ထဲက မျိုးနွယ်စုတစ်ခုဖြစ်လို့ သေမှာကြောက်လို့ အဝေးမှာနေရင် လူတိုင်းက လူသားမျိုးနွယ်စုကို မေ့သွားကြလိမ့်မယ်။ သူတို့က သေရမှာမကြောက်တာမဟုတ်ဘူး… အမေ့ခံရမှာကို ကြောက်တာ”
ရွှယ်အန်း၏အမူအရာက ထူးခြားခြင်းမရှိသော်လည်း နောက်ဆုံးစကားကိုကြားလိုက်ရသောအခါ သူ့မျက်လုံးများ အနည်းငယ်လှုပ်ခါသွားသည်။
“နောက်ဆုံးတော့လည်း အဲ့လူငယ်က နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ရဲ့ နှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒီနေ့အထိ မသေခင်မှာ ပြုံးသွားတဲ့သူ့အပြုံးကို ကျွန်မမှတ်မိနေသေးတယ်”
လျို့ခယ့်ခယ်က မျက်ရည်တလဲ့လဲ့တောက်နေသော မျက်လုံးကြီးများဖြင့် မော့ကြည့်ကာ ဆက်ပြောသည်။
“စီနီယာ အဲ့တုန်းက မကယ်နိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။ ဒါပေမယ့် ကျွန်မက ကမ္ဘာကို ေရာက်ကာစ မိန်းကလေးမို့လို့ပါ”
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
“ငါနားလည်ပါတယ် မင်းအပြစ်မဟုတ်ပါဘူး”
ထို့နောက် သူက ဘာသိဘာသာ ပြောလိုက်သည်။
“ညီလာခံကို ဘယ်အချိန်ကျင်းပမှာလဲ”
“နောက်သုံးလနေရင်..”
“ကောင်းပြီ။ ငါမင်းနဲ့လိုက်ခဲ့မယ်”
လျို့ခယ့်ခယ်၏ နှလုံးသားထဲ တင်းကြပ်လာကာ တည်ငြိမ်နေသည့် ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်သည်။
အကယ်၍ စီနီယာသာ မျိုးနွယ်စုစုဝေးပွဲတွင် ပေါ်လာပါက သူသည် စစ်မှန်သော ရက်စက်ကြမ်းကြုတ်မှုမုန်တိုင်းကို ဖြစ်ပေါ်စေလိမ့်မည်။
နောက်တစ်နေ့တွင်
မိုးရွာပြီးနောက် ကောင်းကင်က ကြည်လင်လာသည်။
ချန်နျောင်မြို့ရှေ့ရှိ ဟင်းလင်းပြင်တွင် လူသားမျိုးနွယ်စုစစ်သားများ၏ ရုပ်အလောင်းများကို စင်မြင့်ပေါ်တွင် ယာယီသပ်ရပ်စွာ ထားရှိထားသည်။ ရှောင်ရွှေ့က တိုက်ပွဲတွင် ကျဆုံးသွားသော လူသားမျိုးနွယ်စုစစ်သည်တိုင်း အလုံးစုံ ထွက်ခွာသွားနိုင်ကြောင်း သေချာအောင် ကြိုးစားခဲ့သော်လည်း
အကြွင်းအကျန်များကို အပြည့်အ၀ မစုစည်းနိုင်သူ အများအပြား ရှိပါသေးသည်။ ထို့ကြောင့် ၎င်းတို့အားလုံးက ကူကယ်ရာမဲ့စွာဖြင့် လက်သမားကို စက္ကူလက်များ ခြေထောက်များ ပုံတူလုပ်ခိုင်းကာ အလောင်းများကို အတူတကွ ပေါင်းစည်းခိုင်းရသည်။ ရွှယ်အန်းက ဝိုင်တစ်အိုးကို ကိုင်ကာ ရှေ့ဆုံးတွင် ရပ်နေသည်။ သူ့နောက်တွင် ရှောင်ရွှေ့နှင့် လူသားမျိုးနွယ်စုမှ အခြားသူများအားလုံးရှိသည်။ မည်သူကမျှ စကားမပြောကြဘဲ ၎င်းတို့ရှေ့တွင်ဖြစ်ပျက်နေသမျှကို ကြည့်၍ မျက်လုံးများ နီရဲလျက်ရှိသည်။ အချို့လူများက စတင်၍ပင် ငိုကြွေးနေကြပြီဖြစ်၏။
“ပြာကနေပြာ.. ဖုန်ကနေဖုန်… မင်းတို့အားလုံး လူသားမျိုးနွယ်စုအတွက် သေပေးခဲ့ကြတယ်။ ဒါ့ကြောင့် လူသားမျိုးနွယ်စုရဲ့ ဝိဉာဥ်တွေဖြစ်ကြလိမ့်မယ်။ မင်းတို့ရဲ့ ဝိဉာဥ်တွေ မပြန့်ကျဲသွားဘဲ ပြန်လည်မွေးဖွားခြင်းသံသရာကို ချောချောမွေ့မွေ့ ပြန်ဝင်နိုင်ကြပြီး လူသားမျိုးနွယ်စုဝင်အဖြစ်နဲ့ ပြန်လည်မွေးဖွားလာနိုင်ကြပါစေ”
ဤသို့ပြောလျက် ရွှယ်အန်းက လေထဲတွင် မန္တန်တစ်ခုရေးဆွဲကာ နူးညံ့စွာ ပြောလိုက်သည်။
“သွား… မရဏကမ္ဘာကို လှည့်မကြည့်ဖို့ မမေ့နဲ့”
မန္တန်သည် ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်ကိုမြင်လိုက်ရသောအခါ မျက်လုံးမမှိတ်ရသေးသော လူသားမျိုးနွယ်စစ်သားအချို့က နောက်ဆုံးတွင် ပြုံး၍ မျက်လုံးမှိတ်လိုက်ကြသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လူသားမျိုးနွယ်ဝင်အားလုံးနီးပါး၏ မျက်ရည်များ စီးကျလာသည်။
မည်သူက စခဲ့သည်မှာ မသေချာသော်လည်း ငိုသံများကြားသောအခါ ၎င်းတို့၏ စစ်ချီတေးကို နောက်တစ်ကြိမ် ပြန်လည် သီဆိုလိုက်ကြသည်။
“ငါတို့မှာ အဝတ်မရှိဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ။ ငါတို့ သားတွေနဲ့ တူညီတဲ့ အင်္ကျီတွေကို ဝတ်ပြီး ဘုရင်ကြီးက တပ်ကို ဦးဆောင်တဲ့အခါ ငါတို့က ဒိုင်းတွေနဲ့ လှံတွေကို ပြပြင်မယ်
...”
အသံများက ပိုမိုကျယ်လောင်လာကာ နောက်ဆုံးတွင်မူ အသံများက ကောင်းကင်ကို လှုပ်ခါစေပြီးနောက် တိမ်ဖြူများကြား၌ ပြန့်ကျဲသွားသည်။ အခမ်းအနားပြီးဆုံးပြီးနောက် ရွှယ်အန်းက မီးရှုူးတိုင်ကို ကိုယ်တိုင် မီးထွန်းခဲ့သည်။ မီးတောက်များ မြင့်လာသည်နှင့်အမျှ ဤလူသားမျိုးနွယ်စစ်သည်တော်များသည် အပြာရောင်မီးခိုးလုံးများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးကို အချုပ်အနှောင်ကင်းကင်းဖြင့် လှည့်ပတ်နေကြသည်။ မီးသဂြိုလ်ပြီးသည်နှင့် လူသားမျိုးနွယ်ဝင်များက ပြာများကို အိုးထဲသို့ ကောက်ထည့်ကာ အိမ်သို့ပြန်ရန် ပြင်ဆင်ကြသည်။
အသက်ပြန်မရှင်နိုင်ပါက အနည်းဆုံးအနေဖြင့် ၎င်းတို့၏ မွေးရပ်မြေတွင် မြှုပ်နှံရပေမည်။ အားလုံးကို ဂရုစိုက်ပြီးသည်နှင့် ရွှယ်အန်းက ရှောင်ရွှေ့ကို လှမ်းခေါ်ကာ မေးလိုက်သည်။
“မင်းဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ”
ရှောင်ရွှေ့က မဆိုင်းမတွ ပြန်ဖြေလိုက်၏။
“အိမ်ပြန်မယ်”
“ရှေးလူသားနိုင်ငံကိုလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါမင်းကို အိမ်ပြန်ပို့ပေးမယ်၊ ဒါပေမယ့် အခုမဟုတ်ဘူး”
ရှောင်ရွှေ့ အံ့အားသင့်သွားသည်။
ရွှယ်အန်းက အဝေးသို့ လက်ညှိုးထိုးပြလိုက်သည်။
“ချန်နောင်ဘုရင် သေပြီ။ သူ့စစ်တပ်လည်း ကုန်သလောက်ရှိနေပြီဆိုတော့ ဒီလောက်ကြီးတဲ့ နယ်မြေတစ်ခုကို ဘာလို့ အလဟဿအဖြစ်ခံမှာလဲ”
“အစ်ကို ဘာကိုတွေးနေတာ…”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“အဲ့မော့ကြားစစ်သားတွေကို ငါတို့ ဖယ်ထုတ်ခဲ့ပေမယ့် မလုံလောက်သေးဘူး။ ငါတို့ ငါတို့ရဲ့ အစွမ်းသတ္တိကို သိအောင်လုပ်ရမယ်”
ရှောင်ရွှေက ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်နားလည်ပါပြီ”
နောက်ရက်များတွင် ရွှယ်အန်းက ခန္ဓာကိုယ် ကုသ သန်မာစေနိုင်သော ဆေးအချို့ကို ပြုလုပ်ကာ လူသားမျိုးနွယ်စုမှလူများဆီသို့ပေးခဲ့သည်။
ပြန်လည်ထူထောင်ရေးကာလတစ်ခုပြီးနောက် ရှောင်ရွှေ့၏ခေါင်းဆောင်မှုအောက်တွင် ချန်နျောင်ဘုရင့်နိုင်ငံတစ်ခုလုံးကိုသိမ်းပိုက်ရန်လှုပ်ရှားမှုကိုစတင်ခဲ့သည်။ ထိုအချိန်တွင် ချန်နျောင်ဘုရင့်နိုင်ငံ ဘုရင်က ဆုံးပါးသွားသဖြင့် နိုင်ငံတစ်ခုလုံဂ ပရမ်းပတာဖြစ်နေခဲ့သည်။ အထူးသဖြင့် မော့ကြားတပ်သားများအားလုံးကို ရွှယ်အန်းမှ သုတ်သင်ခဲ့ပြီးဖြစ်သောကြောင့် ရုန်းရင်းဆန်ခတ်အခြေအနေကို နှိမ်နှင်းရန် အင်အားမရှိတော့ပေ။
ထိုအချိန်တွင် လူသားမျိုးနွယ်စုစစ်သားများက မထင်မှတ်ဘဲ ချီတက်ကာ ယခင်က ၎င်းတို့ကို ဖိနှိပ်ခဲ့သည့် တစ်ယောက်ပြီးတစ်ယောက်ကို ကျော်လွှားနိုင်ခဲ့ကြသည်။
ဤလုပ်ရပ်က လူသားမျိုးနွယ်အား ပျော့ညံ့ကာ မစွမ်းဆောင်နိုင်သူများအဖြစ်သတ်မှတ်ထားသူများ၏ မျက်နှာများကို ပြတ်ပြတ်သားသားရိုက်နှက်ခဲ့သည်။
ယခင်က ကောလဟာလများနှင့် ပေါင်းစပ်လိုက်သောအခါ ချန်နျောင်ဘုရင့်နိုင်ငံရှိ လူသားမျိုးနွယ်စု၏ ဂုဏ်သတင်းသည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
ဤကျော်ကြားမှုသည် ဝေးလံခေါင်သီသော အနောက်မြောက်အရပ်မှ တဖြည်းဖြည်း အလယ်ပိုင်းပြည်နယ်သို့ ပျံ့နှံ့လာသည်။
ချန်နျောင်ဘုရင့်နိုင်ငံ ရှုံးနိမ့်ပြီးသည်နှင့် ရွှယ်အန်းသည် မျိုးနွယ်စုတစ်ထောင်၏ ကြီးကျယ်ခမ်းနားသော အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်လျက် သူ၏လူများကို အလယ်ပိုင်းပြည်နယ်သို့ ပို့ဆောင်ခဲ့သည်။
အခန်း(၅၈၈) ကံကောင်းလို့ ငါ မြေခွေးသခင်က တိကျတဲ့ ရည်မှန်းချက်ရှိတယ်
```
ဤသည်မှာ နတ်ဆိုးမျိုးနွယ်စုတောင်တန်းအတွင်း နက်ရှိုင်းသော မြို့ငယ်လေးဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုအတွက် အလွန်အရေးကြီးသော လကျောက်တုံးများထုတ်လုပ်ခြင်းကြောင့် လူသိများ၍ လရောင်မြို့တော်ဟုလည်းခေါ်သည်။ လရောင်မြို့တော်သည် အလွန် ကျယ်ဝန်းသော်လည်း ပြိုင်ပွဲများစွာရှိသည့်နေရာဖြစ်၍ လှုပ်ရှားမှုများဖြင့် စည်ကားလျက်ရှိသည်။ ထို့အပြင် ဝိဉာဥ်ကျောက်သွေးကြောရှိသောကြောင့် ဤမြို့ငယ်လေးသည် တောင်များ နက်ရှိုင်းလျက် နတ်ဆိုးမြို့တော်နှင့် ဝေးကွာကာ ဤမြို့ငယ်လေးသည် အလွန်သာယာသည်။
ညဥ့်နက်သို့ရောက်သောအခါ လူများစွာက အိပ်မောကျ၍ ဆူညံနေသော မြို့က ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ အဝေးမှ အမျိုးသမီး၏ ရယ်သံကိုသာ ခပ်သဲ့သဲ့ကြားနေရသည်။
၎င်းက တစ်ညလုံးဖွင့်သော သာယာမှု ရိပ်မြုံပင်ဖြစ်သည်။ သို့သော် ဤဆိတ်ငြိမ်သော လမ်းကြားအတွင်း၌ တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲတော့မည့်အလား အခြေအနေက တင်းမာနေသည်။
အပေါ်ပိုင်းဗလာနှင့် ကြောက်မက်ဖွယ်တက်တူးများအပြည့် ထိုးထားသော ကျန်းဟူသည် သလိပ်ခပ်ပျစ်ပျစ်ကို ထွေးထုတ်လျက် သူနှင့်မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
“မုချင်းဝမ် ငါ့အချိန်မဖြုန်းနဲ့။ ချိုက်ရှီတောင်ကြားကို လွှဲပေး.. ဒါဆို ငါတို့ နောင်မှာ တစ်ယောက်နဲ့တစ်ယောက် အနှောက်အယှက်မပေးဘူးလို့ အာမခံနိုင်တယ်။ ဘယ်လိုသဘောရလဲ”
ဤစကားကိုကြားသောအခါ မုချင်းဝမ်က အေးစက်စွာရယ်လိုက်သည်။
“သူဌေးကြီးကုန်း ရှင်တောင် ရှင့်စကားကို ယုံလား”
မုချင်းဝမ်၏ အသံက အနည်းငယ် ပျော့ပြောင်းနေသော်လည်း ရင့်ကျက်သောအမျိုးသမီး၏ ကျက်သရေကို ဆင်မြန်းထားဆဲဖြစ်သည်။
ကုန်းဟူက စိတ်အနှောက်အယှက်ဖြစ်စေသည့် အမူအရာဖြင့် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ယုံဖို့ဟုတ်လား ငါက ဘာလို့မယုံရမှာလဲ"
မုချင်းဝမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်
"သူဌေးကြီးကုန် ကျွန်မ ရှင်းပြမယ် ချိုက်ရှီတောင်ကြားကို ကျွန်မ လုံးဝ လက်မလျှော့နိုင်ဘူး။ ရှင် အဲဒီအကြံကို စွန့်လွှတ်လိုက်ပါ"
ထိုစကားကြောင့် ကုန်းဟူက အေးစက်စွာ ဟစ်အော်လိုက်သည်။
"မုချင်းဝမ် လူသားမျိုးနွယ်က အမျိုးသမီးတစ်ယောက်အနေနဲ့ လရောင်မြို့တော်မှာ မင်းရဲ့ခြေကုပ်စခန်းချနိုင်မှုကို ငါချီးကျူးမိပေမယ့် ဒါက နတ်ဆိုးမျိုးနွယ်စုနယ်မြေဆိုတာ မမေ့ပါနဲ့။ ပိုသန်မာတဲ့လက်သီးရှိသူက စစ်မှန်တဲ့ပိုင်ရှင်ပဲ”
မုချင်းဝမ်က မျက်ခုံးပင့်တင်လိုက်သည်။
"အာ ဒါဆို သူဌေးကြီးကုန်းဆိုတဲ့ ရှင်က ကျွန်မ မုချင်းဝမ်နဲ့ တိုက်ဖို့စဉ်းစားနေတာလား”
ကုန်းဟူက ရှုံ့မဲ့ကာ ရယ်မောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ”
ထိုစကားကြောင့် သူ့နောက်တွင်ရပ်နေသော အမျိုးသားများသည် ရှေ့သို့တစ်လှမ်းတိုးကာ မုချင်းဝမ်နှင့် သူမ၏လူများကို လောဘကြီးသောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ဆန့်ကျင်ဘက်အားဖြင့် မုချင်းဝမ်၏ နောက်ကွယ်တွင် ရပ်နေသူများမှာ အရေအတွက် အလွန်နည်းကာ အများစုက အမျိုးသမီးများဖြစ်သည်။
မုချင်းဝမ်၏ မျက်နှာသည် တစ်စုံတစ်ရာကို တွေးတောနေပုံဖြင့် ငြိမ်သက်နေသည်။
ကုန်းဟူက ရက်စက်သော အကြည့်ဖြင့် မုချင်းဝမ်ကို ကြည့်ရင်းဖြင့် သူ့ဆန္ဒများ ကြီးထွားလာသည်။
မုချင်းဝမ်သည် အရပ်ရှည်ကာ လိုက်ဖက်ညီသော လရောင် ဘရိုကိတ်ဝတ်စုံကိုဝတ်လျက် သူမ၏ လှပ၍ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းအလှက ထင်ရှားပေါ်လွင်နေသည်။ သူမ၏ ရှည်လျားနက်ရှိုင်းသော ဆံနွယ်ကို ဝါးတူချောင်းဖြင့် ရိုးရှင်းစွာ ထုံးထားသောကြောင့် ဆွဲဆောင်မှုအားက အလွန်တိုးလျက်ရှိသည်။
ထိုသို့သော အလှတရားများနှင့် ရင်ဆိုင်ရသောအခါ ကုန်းဟူ၏ နှလုံးသားသည် မလွှဲမရှောင်သာ တုန်လှုပ်သွားကာ သူမကို တခဏမျှ စောင့်ကြည့်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဟုတ်ပါတယ်၊ မင်းက ဒီကျားအိုကြီးနဲ့ တစ်ညလောက်နေချင်တယ်ဆိုရင်တော့ ချိုက်ရှီတောင်ကြားကို ငါမလိုချင်တော့ဘူး၊ ဒါ့ပြင်၊ နောက်နောင်မှာ မင်းကို တခြားသူတွေကိုတောင် မထိပါးစေရဘူး ဘယ်လိုသဘောရလဲ”
ဤသည်ကိုကြားသောအခါ သူ့လက်အောက်ငယ်သားများက ရယ်မောကြရာ အားလုံးက မုချင်းဝမ်ကို ရိုင်းစိုင်းသောအမူအရာများဖြင့်ကြည့်နေကြသည်။
"ဟုတ်တယ် ငါတို့သူဌေးကိုယူပါ၊ ဒါဆို ငါတို့အားလုံး တစ်မိသားစုတည်းဖြစ်သွားပြီ!"
"ဟဲဟဲ။ ငါတို့သူဌေးက အရမ်း အထင်ကြီးဖို့ကောင်းတာ မင်းသိလား”
မုချင်းဝမ်၏လူများသည် ထိုစကားကိုကြားသောအခါ ဒေါသစိတ်အပြည့်ဖြင့် အထူးသဖြင့် မုချင်းဝမ်၏ဘေးတွင်ရပ်နေသော ကလေးမလေးတစ်ဦးက အဝေးမှ ကုန်းဟူကို လက်ညှိုးထိုး၍ ကျိန်ဆဲလိုက်သည်။
"ရှင်က အဖေဘယ်သူလဲဆိုတာတောင် မသိတဲ့ ကြောင်ထီးကြီး၊ မမချင်းဝမ်ကို ထိပါးဖို့တွေးနေတုန်းတား။ ရှင်ဘာလို့ ရှင့်ကိုယ်ရှင်ပြန်မကြည့်တာလဲ ရှင့်လို တောင်နတ်ဆိုးက မမနဲ့လိုက်လား”
ဤကဲ့ရဲ့မှုသည် အလွန်ပြင်းထန်သည်။
အထူးသဖြင့် အသက် ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ဦးထံမှ ထိုကဲ့သို့သော စကားများကို ကြားလိုက်ရခြင်းကြောင့် ကုန်းဟူ၏ တက်တူးများသည် ဒေါသနှင့် နီရဲသွားကာ ကျားနှင့်တူသော မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။
"အားပေါင် ပါးစပ်ပိတ်ထား။ မိန်းကလေးတစ်ယောက်က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း မပြောသင့်ဘူး" မုချင်းဝမ်က အေးစက်စွာပြောသည်။
အားပေါင်က နှုတ်ခမ်းကို ဆူပွပွလုပ်ကာ ပြောသည်။ "မမချင်းဝမ်ကလည်း ဒီအမှိုက်က ဒီစကားကလွဲလို့ ဘာမှ မထိုက်တန်ဘူး”
ကုန်းဟူက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ခွေးမလေး ဒီနေ့ မင်းနဲ့ ဒီ မုချင်းဝမ်နှစ်ယောက်လုံးကို ငါ့အခန်းထဲ ခေါ်သွားလိုက်မယ်"
သူစကားပြောနေစဉ်တွင် သူ၏ခန္ဓာကိုယ်က ဖောင်းလာကာ နှဖူးတွင် "ဘုရင်" ဟူသော စကားလုံးနှစ်လုံးပေါ်လာသည်။
```
သူသည် အသွင်ပြောင်းတောင်တန်းများမှ ကျားတစ်ကောင်ဖြစ်ရာ ယခုမှသာ သူ၏ရုပ်သဏ္ဍာန်အမှန်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။
"ဟဲဟဲ၊ မိန်းမလေး၊ လက်မြှောက်ဖို့က သိပ်နောက်ကျနေပြီ မဟုတ်ရင် ကျားဘုရင်က ဒီမှာ မင်းရဲ့ နူးညံ့တဲ့ အသားအရေကို မတော်တဆ ခြစ်မိရင် မကောင်းဘူး။" ကုန်းဟူက ဤသို့ပြောကာ ပြုံးပြလိုက်သည်။
မုချင်းဝမ်အနည်းငယ် မျက်မှောင်ကြုတ်ကာ ဆွေးနွေးရန်အကြောင်းမရှိတော့သဖြင့် သူမ၏လက်သည် ခါးရှိဓားကို ညင်သာစွာထိလိုက်ကာ သူမ၏မျက်လုံးများတွင် အေးစက်သောအလင်းတန်းများ တဖျပ်ဖျပ်လတ်နေသည်။
သူမက ကုန်းဟူနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလိုသည်မှာ အမှန်ပင်ဖြစ်သည်။
တကယ်တမ်းတွင် အင်အားကွာဟချက် ရှိနေသည်။
သို့သော်လည်း ကျန်းဟူက ရန်လိုကာ ချိုက်ရှီတောင်ကြားကို တောင်းဆိုခဲ့သည်။
မုချင်းဝမ်နှင့် အခြားသူများအတွက် အလုပ်သမားလမ်းသည် အရေးကြီးဆုံးလမ်းကြောင်းဖြစ်သည်။
လွှဲပေးလိုက်ခြင်းက ကိုယ့်လမ်းကို ဖြတ်လိုက်သကဲ့သို့ပင်ဖြစ်ပေမည်။
မုချင်းဝမ်သည် အလုပ်သမားလမ်းကို လုံးဝလက်လွှတ်မည်မဟုန်ကြောင်း ကုန်းဟူက အမှန်တကယ်သိထားကာ မုချင်းဝမ်ကို လက်အောက်ခံအဖြစ် အတင်းအကျပ်ခိုင်းစေရန်အတွက် ဤဆင်ခြေကို အသုံးပြုလိုခြင်းဖြစ်သည်။
သူက မုချင်းဝမ်ကို တပ်မက်ခဲ့သည်မှာကြာပြီဖြစ်သည်။
ယခု ကိစ္စများက ဤအခြေအနေထိရောက်လာပြီဖြစ်သဖြင့် စကားဆက်ပြောနေခြင်းကလည်း အသုံးမဝင်တော့ပေ။
မုချင်းဝမ်က သူမ၏ဓားကိုဆွဲရန် ပြင်ဆင်နေသည်။
ထိုအခိုက်အတန့်တွင် အားပေါင်သည် ကုန်းဟူ၏နောက်ကွယ်မှ ကောင်းကင်ကို ရုတ်တရက် ညွှန်ပြကာ အံ့အားသင့်စွာဖြင့် အော်လိုက်သည်။
"ကြည့်၊ အဲ့တာ ဘာလဲ"
ကုန်းဟူက လှောင်ပြောင်လိုက်သည်။
"သမီးလေး ဒါက သုံးနှစ်သားလေးတွေအတွက်ပဲ လှည့်စားလို့ ရတယ်ထင်တယ်၊ မင်းရဲ့ ကျားသခင်က လွယ်လွယ်နဲ့ လှည့်စားခံမှာမဟုတ်ဘူး"
သို့သော် မုချင်းဝမ်ပင်လျှင် အံ့သြသော မျက်နှာဖြင့် အဝေးမှ ကောင်းကင်ကို ကြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် အလင်းတန်းများစွာက ကောင်းကင်မှ လျင်မြန်စွာ ကျဆင်းလာသောကြောင့် ဖြစ်သည်။
တကယ်ပါပဲ။
ကုန်းဟူက စကားဆုံးသွားသည်နှင့်
အလင်းတန်းများ ပြိုကျလာကာ ခေါင်းကို ထိမှန်သွားသည်။ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ကျန်းဟူသည်
အသံပင်မထွက်နိုင်လိုက်ဘဲ မြေပြင်ပေါ်တွင် ဖိချခံလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
လူတိုင်း အံသြစွာ ငေးကြည့်နေမိကြသည်။ ကုန်းဟူရပ်နေသည့်နေရာ၌ တွင်းကြီးတစ်ခု ပေါ်လာသည်။ ထို့နောက် တွင်း၏ အောက်ခြေတွင် လူသားတစ်ဦး၏ ပုံသဏ္ဍာန်ရှိသည်။
"ဟင်... ဒါဘာကြီးလဲ၊ ကောင်းကင်က လူတစ်ယောက် ဘာကြောင့် ပြုတ်ကျရတာလဲ။ ကျားသခင် ဘယ်မှာလဲ" ကုန်းဟူ၏လူများက အော်ကြသည်။
ရုတ်တရက်ပင် အောက်ဘက်မှ သွေးအိုင်ကြီးတစ်ခု စိမ့်ထွက်လာသည်။ လေထုက ရုတ်တရက် တုန်လှုပ်ချောက်ချားသွားသည်။
အားပေါင်က တုန်လှုပ်သော အသံဖြင့်ပြောလိုက်သည်။
"မမချင်းဝမ် ဒီ... ဒီလူက လှုပ်ရှားနေတယ်"
မုချင်းဝမ်သည် သူမ၏ နှလုံးသား အောက်ခြေမှ အေးစက်လာသည်ကို ခံစားလိုက်ရသည်။
ကောင်းကင်ကနေ လူတစ်ယောက်ရုတ်တရက် ဘယ်လိုလုပ်ပြုတ်ကျနိုင်မှာလဲ။
ထိုအချိန်တွင်ပင် တွင်းအောက်ခြေမှလူသည် ရုတ်တရက် ခေါင်းကို မော့ကာ သဲများကို ပါးစပ်ထဲမှ ထွေးထုတ်၍ ညည်းတွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
“သေစမ်း ကံကောင်းလို့ သေချာချိန်လိုက်မိလို့ပေါ့။ မဟုတ်ရင် ငါတကယ်သေသွားလိမ့်မယ်”
ဤသည်ကိုပြောလျက် သူသည် မြေပြင်မှ ဖြည်းညှင်းစွာ ထလိုက်ကာ သူ့အောက်ရှိ အသားစိုင်အစုဝေးကြီးဖြစ်သွားသည့် ကုန်းဟူကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။
"ကလေး၊ ဒါက မင်းကံဆိုးတာပဲ၊ ဒီနားမှာ ခေါင်းအကြီးကြီးမြင်နေရအောင် ဘယ်သူလုပ်ခဲ့တာလဲ”
ထို့နောက် တွင်းပေါ်ရှိလူများကို မော့ကြည့်လိုက်သည်။
"မင်္ဂလာပါ အားလုံးပဲ၊ ဒီလောက်နောက်ကျနေပြီ မအိပ်သေးကြသေးဘူးလား"