အခန်း (၅၉၈-၆၀၀)
Vol. 40 Ch. 598-600
အခန်း(၅၉၈) တိုက်ပွဲ
ချန်ယာ့ယွင်ပေါ်သည်နှင့်အတူ ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ တည်ရှိမှုတစ်ခုသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ လူတိုင်း၏မျက်နှာများကို ထိတ်လန့်စေသည်။
ထို့နောက် ချန်ယာ့ယွင်သည် အခန်းတစ်ဝိုက်ကို အပြုံးမပျက် ကြည့်လိုက်သည်။
"ရှင်တို့အားလုံး ကျွန်မတို့ရဲ့ ရုပ်သေးအင်မော်တယ်ဂိုဏ်းကို ဂိုဏ်းကို လာလည်လို့ အရမ်းဝမ်းသာတယ်။ ဒီနေ့တော့ ရှင်တို့အားလုံးနဲ့ ပျော်ပျော်ပါးပါး သောက်ချင်တယ်၊ ဘယ်သူမှ မမူးဘဲမပြန်ရဘူး”
သူမ၏စကားများသည် ပရိတ်သတ်ကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
"ဂိုဏ်းခေါင်းဆောင်ချန်က သိပ်သဘောကောင်းတာပဲ”
"ဂိုဏ်းခေါင်းဆောင်ချန်က တကယ်ကို ကြီးကျယ်ခမ်းနားတယ်"
ထိုသို့သော မြှောက်ပင့်သောအသံများက ဆက်တိုက်ဆိုသလို တိုးလာကာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ဤသည်ကိုမြင်သောအခါ ဝမ်ချန်ယိက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီနတ်ဆိုးက ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်။ သူ အဆင့်တက်သွားတာလား... အဲ့အဆင့်မတက်နိုင်သေးရင်တောင် နီးနေပြီမဟုတ်လား"
ရွှယ်အန်းတစ်ယောက်သာ အဝေးတွင် ငြိမ်သက်စွာ ရပ်နေကာ မသိမသာပြုံးနေ၍ သူ့အတွေးများကို မည်သူမျှ မသိနိုင်ပေ။
ပွဲတော်ကို တရားဝင်စတင်ခဲ့သည်။
ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် သဘာဝအတိုင်း စည်ကားသိုက်မြိုက်စွာ သောက်စားစကားပြောရန် စုဝေးကြသည်။
တပည့် မျိုးဆက်သစ်များ အနေဖြင့် အုပ်စုငယ်များ စုစည်းကာ ကျင့်ကြံရေး တိုးတက်မှုနှင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက် အမျိုးမျိုးကို ဆွေးနွေးကြသည်။
ထိုသို့သောအခြေအနေမျိုးတွင် အထူးသဖြင့် အမျိုးသမီးများ နည်းနေသော သို့မဟုတ် ဘုန်းကြီးဂိုဏ်းဝင်မျာက မိမိတို့နှစ်သက်ကြသော အခြားဂိုဏ်းမှ ညီမငယ်တစ်ဦးကို ရှာဖွေခြင်းသည်လည်း သဘာဝကျသည်။ ကျင့်ကြံသူများက အိမ်ထောင်ပြုခဲသော်လည်း တာအိုကျင့်ကြံဖော်ရှိခြင်းသည် သာယာဆဲပင်ဖြစ်သည်။
လျို့ခယ့်ခယ်နှင့် ရှန်ရော့လင်တို့က သဘာဝအလျောက် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့ကြသည်။ ၎င်းတို့အနက် လျို့ခယ့်ခယ်က အာရုံစိုက်အခံရဆုံးဖြစ်သည်။
တကယ်တမ်းတွင် ရှန်ရော့လင်၏ သန့်ရှင်းသော အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက လျို့ခယ့်ခယ်၏ မြေခွေးနှင့်တူသော ကျက်သရေသည် ပို၍ ထင်ရှားသည်။
ဒီအခြင်းအရာကို အဝေးကရပ်နေသော လုချိုက်လန်က မြင်သောအခါ မနာလိုစိတ်ဖြင့် မျက်လုံးများနီရဲသွားသည်။
"ဆရာ တပည့်တို့ ဘယ်တော့ စလှုပ်ရှားကြမလဲ တပည့် မစောင့်နိုင်တော့ဘူး”
ဝေ့ချီရှင်းက အေးစက်စွာ ပြုံးလိုက်သည်။
"အလျင်စလိုမလုပ်နဲ့၊ ပွဲစနေပြီ၊ ခဏလောက်ကြာအောင် မာန်တက်နေကြပါစေ”
ထိုအချိန်တွင် ချန်ယာ့ယွင်သည် ဝိုင်ခွက်ကိုကိုင်ကာ ဝမ်ချန်ယိထိုင်နေသည့် စားပွဲဆီသို့ ချဉ်းကပ်လာသည်။
"ကာကွယ်သူဝမ်ကိုယ်တိုင်ကိုယ်ကျ လာဂုဏ်ပြုပေးတာ တကယ်ပဲ ယာ့ယွင်ကို ဂုဏ်ယူစေပါတယ်” ချန်ယာ့ယွင်က ပြုံးကာ ခွက်ကို မြှောက်လျက် ပြောသည်။
ဝမ်ချန်ယိက ပြုံးကာ မတ်တပ်ထရပ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ချန်ရဲ့ နတ်စွမ်းရည်က မကြာခင် ပြီးပြည့်စုံတော့မှာလေ။ ဒါ့ကြောင့် ကျုပ်တို့ သောက်ဖို့ လာခဲ့ကြတာပေါ့"
သူမခွက်ထဲရှိ ဝိုင်ကိုသောက်ပြီးနောက် ချန်ယာ့ယွင်က သူမဘေးနားရှိ ရှန်ရော့လင်ကိုကြည့်၍ပြောလိုက်သည်။
"ဒါ ရှင့်တပည့်လား"
ဝမ်ချန်ယိက ခေါင်းညိတ်လိုက်သည်။
"ထူးခြားပြောင်မြောက်တဲ့ သဘာဝလက်ဆောင်တွေနဲ့ တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ"
ချန်ယာ့ယွင်က ချီးကျူးသော်လည်း လျို့ခယ့်ခယ်က ရှန်ရော့လင်၏နောက်၌ ရပ်နေသည်ကို သူမ သတိပြုမိကာ သူမ၏ မျက်ခုံးက မြင်နိုင်လောက်သည့်အတိုင်းအတာအထိ ကျုံ့သွားသည်။
"ခယ့်ခယ် မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
လျို့ခယ့်ခယ်စကားမပြောမီ ရှန်ရော့လင်က ဖြတ်ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ ခယ့်ခယ် နဲ့ ကျွန်မက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ ကျွန်မတို့ ဒီမှာ စကားပြောနေကြတာ”
"အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလား"
ချန်ယာ့ယွင်၏ အမူအရာက တင်းမာလာသည်။
ထိုအချိန်တွင် လျို့ခယ့်ခယ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
"တပည့်လျို့ခယ့်ခယ် ဂိုဏ်းခေါင်းဆောင်ကို လျှောက်တင်ပါတယ် ၊ ကျွန်မတို့ အချင်းချင်းသိတာ တကယ်ကြာပါပြီ”
ထို့နောက်တွင် ဝေ့ချီရှင်းက လိမ္မာပါးနပ်သော အပြုံးဖြင့် မတ်တတ်ရပ်လိုက်သည်
"ဂိုဏ်းခေါင်းဆောင်၊ ခယ့်ခယ်ရဲ့ အသိအကျွမ်းတွေက တကယ်များပါပေတယ်။ သူ ခရီးထွက်ရန်ဖို့ တောင်ပေါ်ကဆင်းဖို့ မမေ့ခဲ့သလို အခုလည်း သူငယ်ချင်းတချို့ ပြန်ခေါ်လာတယ်"
ချန်ယာ့ယွင်က မည်သည့်ခံစားချက်မျှမပြဘဲ နားထောင်နေသော်လည်း သူမ၏ အကြည့်များက တဖြည်းဖြည်း အေးစက်လာခဲ့သည်။
"ဒါအမှန်လား”
လျို့ခယ့်ခယ်က အနည်းငယ် တုန်လှုပ်သွားသည်။
“ဂိုဏ်းခေါင်းဆောင်ကို လျှောက်တင်ပါတယ်။ အမှန်ပါပဲ ဒါပေမယ့် ဒီသူငယ်ချင်းတွေက တောင်ပေါ်ကို တက်လာပေမယ့် အန္တရာယ်မပေးနိုင်ပါဘူး”
ချန်ယာ့ယွင်၏ အေးခဲသောအကြည့်များသည် ကျင့်ကြံရေးအဆင့်မရှိသော လူသားမျိုးနွယ်စုမှ ရွှယ်အန်းအပါအဝင် အနီးနားရှိလူများကို လွှမ်းခြုံထားကာ အထင်အမြင်သေးမှုအရိပ်အမြွက် ပြနေသည်။
"ရုပ်သေးအင်မော်တယ်ဂိုဏ်းဝင်တစ်ယောက်အနေနဲ့ မင်းက ဤသာမန်လူတွေနဲ့ သီးသန့်မိတ်ဆွေဖွဲ့လို့မရဘူး။ ဒီစည်းမျဉ်းကို နားလည်လား"
“ဟုတ် ဒါပေမယ့်…” လျို့ခယ့်ခယ်က စတင်ရှင်းပြသည်။
ဝေ့ချီရှင်းသည် သူ့နောက်မှ လုချိုက်လန်အား အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
လုချိုက်လန်သည် အခြေအနေကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ မြေပြင်တွင် ဒူးထောက်ချလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ ကျွန်မအတွက် တရားမျှတမှုကို စောင်ကြဉ်းပေးပါ”
ဤမြင်ကွင်းသည် အနီးနားရှိ လူအုပ်ကို ချက်ချင်း ငြိမ်သက်သွားစေသည်။
ချန်ယာ့ယွင်သည် ချက်ချင်း ထိတ်လန့်သွားကာ ဂိုဏ်းအသီးသီးမှ အဆင့်မြင့် ကျင့်ကြသူ အများအပြား၏ရှေ့မှောက်တွင် အဘယ်ကြောင့် ပြောရသည်ကို ဝေ့ချီရှင်းအား စစ်ဆေးမေးမြန်းရန် တစ်ချက်ကြည့်လိုက်သည်။
ဝေ့ချီရှင်းက နာကျင်သောအမူအရာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ ကျုပ် မင်းကို ပြောစရာရှိတယ် ဒါပေမယ့် ဘယ်လိုစပြောရမလဲမသိဘူး။ ချိုက်လန်က ဒူးထောက်နေပြီဆိုမှတော့ သူ့ကိုပြောခွင့်ပေးလိုက်ပါ”
လုချိုက်လန်က မကျေနပ်ချက်အပြည့်နှင့် ငိုလုမတက်ဖြစ်နေသည်။
"ဂိုဏ်းခေါင်းဆောင် အရှင် သီးသန့်လေ့ကျင့်နေတဲ့အချိန် ဒီ လျို့ခယ့်ခယ်က သူ့သဘောနဲ့သူ တောင်ပေါ်ကိုလူတွေ ခေါ်လာပါတယ်။ တပည့်က ရိုးရိုးသားသားမေးကြည့်ချင်တာပေမယ့်... "
"ဒီလျို့ခယ့်ခယ်က ဆင်ခြင်တုံတရားမဲ့ပြီး တပည့် သတိမထားမိတာကို အခွင့်ကောင်းယူပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ ဆရာသာ တပည့်ကို မကယ်လိုက်ရင် သူရိုက်လို့ တပည့်သေနိုင်တယ်။ တရားမျှတမှု ရှိစေဖို့ ဂိုဏ်းခေါင်းဆောင်ကို တပည့် လုချိုက်လန် မေတ္တာရပ်ခံပါတယ်"
ဤလှည့်စားမှုကြောင့် လျို့ခယ့်ခယ်သည် သူမရှင်းပြမည့်အချိန်၌ အေးစက်သွားသည်။
ဝေ့ချီရှင်းက စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ ကျုပ်တို့ဂိုဏ်းက တပည့်တွေအားလုံး ဒီအဖြစ်အပျက်ကို မြင်ခဲ့ကြတယ်၊ ချိုက်လန် မလိမ်ပါဘူး လျို့ခယ့်ခယ်လုပ်ခဲ့တာက တကယ်ကို လွန်လွန်းတယ်”
လျို့ခယ့်ခယ်ကို စိုက်ကြည့်နေရင်းဖြင့် ချန်ယာ့ယွင်၏ မျက်နှာက အေးခဲသွားသည်။
"ချိုက်လန် ပြောတာ အမှန်ပဲလား "
“ဂိုဏ်းခေါင်းဆောင်၊ ကျွန်မ…”
ထိုအချိန်တွင်ပင် လုချိုက်လန်သည် မြေပြင်မှ ထရပ်၍ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့်ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ သူ့ကို အပြစ်ပေးဖို့ တပည့် မတောင်းဆိုပါဘူး၊ တပည့်တစ်ခုပဲ တောင်းဆိုချင်တာပါ”
"ဘာများလဲ”
"တပည့် သူနဲ့ ပြိုင်ချင်တယ်” လုချိုက်လန်က အံကို ကြိတ်ကာ ပြောလိုက်သည်။
‘နှစ်ယောက် တိုက်ဖို့လား’
မျက်နှာများပေါ်တွင် အံ့ဩမှုများ အတိုင်းသားမြင်နေရသည်။
ရန်ပွဲတစ်ခုကို သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် သေသည်အထိ တိုက်ပွဲဖြစ်လာပေလိမ့်မည်။
"ဂိုဏ်းခေါင်းဆောင်၊ သူက တပည့်ကို အနိုင်ကျင့်တဲ့သူဆိုတော့ သဘာဝအတိုင်းပဲ၊ တပည့်က သူ့ဆီကနေ ဂုဏ်သိက္ခာကို ပြန်ဆယ်ရမှာပါ။ တပည့်ရှုံးရင် သေဖို့ ဆန္ဒရှိတယ်။ သူရှုံးရင် ရက်စက်တဲ့အတွက် တပည့် အဆိုးမဆိုသင့်ဘူး။ ဂိုဏ်းခေါင်းဆောင် သဘောတူညီပေးဖို့ တပည့်မျှော်လင့်ပါတယ်"
ချန်ယာ့ယွင်သည် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် လျို့ခယ့်ခယ်ကို အမှတ်တမဲ့ စိုက်ကြည့်လိုက်သည်။
သူမသည် ဤဆွဲဆောင်မှုရှိသော တပည့်ကို မကြိုက်သော်လည်း၊ ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ အတွင်းစည်းတပည့်စစ်၊ အမွေခံတစ်ဦးဖြစ်ရာ အဖုအထစ်အငေါ့ငေါ့က ၎င်းတို့ကို ရယ်မောစေလိမ့်မည်မဟုတ်လော။
မထင်မှတ်ဘဲ ထိုအချိန်တွင် လျို့ခယ့်ခယ်၏ မျက်နှာက ဖြူဖျော့လာပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ ဒီလိုဆိုမှတော့ ကျွန်မသူ့ကို ပြိုင်ဖို့ဆန္ဒရှိပါတယ်”
နှစ်ဘက်စလုံးက သဘောတူသဖြင့် ချန်ယာ့ယွင်က ငြင်းရန် အကြောင်းမရှိသောကြောင့် ဝန်လေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အပြင်မှာ ပြိုင်ကြစို့။"
ထိုအချိန်တွင် အထဲမှ သောက်နေသူတိုင်းကလည်း ခွက်များကို ချလိုက်ကြသည်။
လျို့ခယ့်ခယ်သည် မနီးမဝေးမှ ရွှယ်အန်းဆီသို့ သတိတရရှိစွာဖြင့် ထိတ်လန့်မှုပြည့်နေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။
သူမသဘောတူရသည့်အကြောင်းရင်းမှာ ရွှယ်အန်းသည် သူမ၏နားထဲသို့ နတ်အာရုံကိုအသုံးပြု၍ တိုက်ပွဲကိုလက်ခံရန် ပြောခဲ့ခြင်းကြောင့်သာဖြစ်သည်။
သို့သော် လျို့ခယ့်ခယ်သည် အရူးမဟုတ်ပေ။ လုချိုက်လန်တွင် ဝှက်ဖဲသာမရှိနေပါက ပြိုင်ရန်အဆိုပြုရန် အလွန်အမင်း တောင့်တင်းနေမည်မဟုတ်ကြောင်း သဘာဝကျကျ နားလည်သည်။
သို့သော် ရွှယ်အန်းသည် သူမအား ခပ်ပါးပါးပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ရွှယ်အန်း၏ အပြုံးကို မြင်လိုက်ရသဖြင့် လျို့ခယ့်ခယ်က ရုတ်တရက် ငြိမ်သက်သွားကာ အသက်ပြင်းပြင်းရှု၍ အပြင်ဘက်သို့ လှည့်ထွက်ခဲ့သည်။
လုချိုက်လန်သည် သူမ၏ အကြံအစည် အောင်မြင်သွားသည်ဟု ယုံကြည်ကာ သူ့ကိုယ်သူ ပို၍ပင် ကျေနပ်သွားခဲ့သည်။ ဝေ့ချီရှင်းနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူမလည်း အပြင်သို့ ထွက်လာခဲ့သည်။
ရင်ပြင်ပေါ်တွင် နှစ်ဦးသား နေရာယူထားသည်။
ခန်းမရှေ့ရှိ မြင့်မားသော ပလက်ဖောင်းပေါ်တွင် စုရုံးကြည့်ရှုနေကြသော လူအုပ်ကြီးလည်းစိတ်လှုပ်ရှားနေကြသည်။
"လျို့ခယ့်ခယ် နင့်ရဲ့ သတ္တိကို ငါလေးစားတယ်၊ ဒါပေမယ့် ဒီနေ့ နင်သေချာပေါက် သေပြီ”
သူမပြောနေစဉ်တွင် ဝေ့ချီရှင်းက သူမအား ပေးခဲ့သော ရုပ်သေးရုပ်သည် သူမနောက်၌ ပေါ်လာသည်။
အခန်း(၅၉၉) စက်ယန္တရား၏နှလုံးသား
ဤရုပ်သေးရုပ်ကိုမြင်သောအခါ ရုပ်သေးဂိုဏ်းမှ တပည့်များအားလုံးဆီမှ အံ့အားသင့်ဖွယ် အာမေဋိတ်များ ထွက်လာကြသည်။
"ဒါက အဆင့်တန်းမြင့်တဲ့ ရုပ်သေးပဲ။ အရင်က စီနီယာညီမလုရဲ့ ရွှေသံချပ်ကာ ရုပ်သေးထက်တောင် ပိုအစွမ်းထက်တယ်”
"သူတိုက်ဖို့ တောင်းဆိုရဲတာ အံ့ဩစရာတော့မဟုတ်ဘူး။ စီနီယာအစ်မလုက စီနီယာလျို့ကို သေတွင်း ပို့ပေးဖို့ ကြိုးစားနေတာ အသိသာကြီး"
ဤဆွေးနွေးမှုများကြားတွင် လူအများက လျို့ခယ့်ခယ်ကို စာနာသနားစိတ်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် လုချိုက်လန်က မာနကြီးစွာ ရယ်မောလိုက်သည်။
"လျို့ခယ့်ခယ် နင့်အမှိုက် ဘယ်မှာလဲ၊ နင်မပြတော့ဘဲ သေတော့မလို့လား"
လုချိုက်လန်၏ကဲ့ရဲ့သံကိုကြားသောအခါ လျို့ခယ့်ခယ်သည် အံကိုကြိတ်ကာ သူမ၏ ကိုယ်ပိုင်စက်ရုပ်ရုပ်သေးကို အသက်သွင်းခဲ့သည်။
ဧရာမရုပ်သေးကြီးနှစ်ကောင် ထိပ်တိုက်တွေ့သည်နှင့် တပြိုင်နက် နတ်ရုပ်သေးက ရှေ့သို့ တိုးလာ၍ ဝင်တိုက်လိုက်ရာ စက်ရုပ်ရုပ်သေးက နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်သွားရသည်။
ဤသည်ကိုမြင်သောအခါ လုချိုက်လန်က ထိတ်လန့်စွာ ရယ်မောလိုက်သည်။
"သူ့ကိုသတ်ပစ်လိုက်၊ အဲ့အမှိုက်ကို ဖြိုချပြီး ဒီမိန်းမကိုခြေမွပစ်”
ထိုကဲ့သို့ မောက်မာသော စကားလုံးများသည် လူများစွာ မျက်မှောင်ကြုတ်သွားစေသည်။ သို့သော် ဤသည်က တိုက်ပွဲဖြစ်၍ ပွဲစပြီးသည်နှင့် ပွဲကြည့်သူများက ဝင်မစွက်ဖက်နိုင်တော့သောကြောင့် စောင့်ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။
ရှန်ရော့လင်က ကွင်းအတွင်း အခြေအနေကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်ရင်း လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ခယ့်ခယ် နင် မတော်တဆ မဖြစ်ရဘူး။
ညီအစ်မနှစ်ယောက်ဖြသ်သော လျင်ယွင်ထင်း နှင့် လျန်ယွင်လော်တို့သည် ယခုအခိုက်အတန့်တွင် အလွန်စိတ်လှုပ်ရှားနေကြသည်။
“ဆရာ…” လျန်ယွင်ထင်းက ခပ်တိုးတိုးပြောသည်။
သို့သော် ရွှယ်အန်းက လက်နှစ်ဖက်ကို နောက်ကျောတွင်ယှဉ်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ "စိတ်မပူပါနဲ့ စောင့်ကြည့်နေ"
နတ်ရုပ်သေးက လုချိုက်လန်၏အမိန့်ကိုကြားသောအခါ၊ လျို့ခယ့်ခယ်အား လက်သီးချက်ဖြင့် ထိုးသတ်ရန် တည့်တည့်သွားခဲ့သည်။
စက်ရုပ်ရုပ်သေးက အောက်ဘက်ရှိ လျို့ခယ့်ခယ်ကို သေချာစွာကာကွယ်ရန် ၎င်း၏ကိုယ်ခန္ဓာကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုလိုက်သည်။
ဘမ်း
စက်ရုပ်ရုပ်သေး၏ ကိုယ်ခန္ဓာတစ်ခုလုံးက အပိုင်းသုံးပိုင်းကွဲထွက်သွားကာ မျက်လုံးအတွင်းမှ မီးတောက်များ အလွန်မှိန်သွားသည်။
သို့သော်လည်း စက်ရုပ်ရုပ်သေးက လျို့ခယ့်ခယ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားလျက် နတ်ရုပ်သေး၏ ဒုတိယအကြိမ် ထိုးနှက်ချက်ကို ရှောင်တိမ်းရန် တစ်ဖက်သို့လှိမ့်သွားသည်။
တပည့်များစွာက နတ်ရုပ်သေးကိုမြင်၍ အံ့ဩသွားကြရသည့် အကြောင်းရင်းမှာ ၎င်း၏ ကြောက်မက်ဖွယ်ကောင်း၍ သေစေနိုင်သော စွမ်းအားကြောင့် ဖြစ်သည်။
ထို့ကြောင့် စက်ရုပ်ရုပ်သေးက မြေပြင်မှ မထနိုင်မီတွင် နတ်ရုပ်သေး၏ ကန်ချက်က အနားသို့ ထပ်မံနီးကပ်လာပြီဖြစ်သည်။
ဝှီး
ကန်ချက်ကြောင့် စက်ရုပ်ရုပ်သေး၏ လက်တစ်ဖက် လွင့်ထွက်သွားရာ အတွင်းမှ မီးပွားများနှင့် အစိတ်အပိုင်းများစွာ ထွက်ပေါ်လာသည်။
စက်ရုပ်ရုပ်သေးက နာကျင်စွာ အော်ဟစ်နေသော်လည်း လျို့ခယ့်ခယ်ကို မလွှတ်ဘဲ နတ်ရုပ်သေး၏ ခြေကျင်းဝတ်ကို ခေါင်းဖြင့် တိုက်လိုက်သည်။
သို့သော် နတ်ရုပ်သေးသည် နောက်သို့ပြန်ဆုတ်ကာ ယင်းကို ရှောင်တိမ်းလိုက်သည်။
ယခုအချိန်အထိ တိုက်ကွက် နှစ်ခုသာ ဖြစ်ပွားခဲ့သည်။
လျို့ခယ့်ခယ်၏ စက်ရုပ်ရုပ်သေးသည် လက်တစ်ဖက်ဆုံးရှုံးသွားခဲ့ကာ လုချိုက်လန်၏အဆင့်မြင့် နတ်ရုပ်သေးမှာ ထိခိုက်မှုလုံးဝမရှိပေ။
လျို့ခယ့်ခယ်ကို ဂရုစိုက်သူ အများအပြားသည် ၎င်းတို့၏ နှလုံးသားများ တင်းကျပ်လာသည်ဟု ခံစားခဲ့ရသည်။
ထိုအချိန်တွင် လျို့ခယ့်ခယ်သည် စက်ရုပ်ရုပ်သေး၏ ဆုပ်ကိုင်မှုမှ သူမကိုယ်သူမ ဖယ်ထုတ်လိုက်ကာ ကျိုးနေသော လက်ကိုထိလိုက်ရင်းဖြင့် မျက်ရည်များကျလာသည်။
"မိတ်ဆွေ မင်း ထိန်းထားနိုင်သေးလား"
မှန်သည်။ စက်ရုပ်ရုပ်သေးက စကားမပြောနိုင်ပေ။ မှိန်းနေသော မျက်လုံးများဖြင့်သာ ရန်သူကို ငေးကြည့်နေနိုင်သည်။
ယခုအချိန်တွင် လုချိုက်လန်က ဝမ်းသာပီတိဖြစ်သွားရသည်။
"ကောင်းပြီ၊ သူတို့ကို ဒီလိုဆက်ပြီး နှိပ်စက်နေ။ ပြီးတော့ သူတို့ကို တဖြည်းဖြည်းချင်း ကြိတ်လိုက်"
ထို့နောက် ထို အဆင့်မြင့်နတ်ရုပ်သေးက ထပ်မံ ချီတက်လာရာ ၎င်း၏ အရှိန်သည် ပို၍ပင် လျင်မြန်လာသည်။ ပေပေါင်း ဒါဇင်နှင့်ချီ အရပ်ရှည်သော်လည်း ၎င်း၏ လက်သီးနှင့် ကန်ချက်များသည် အလွန်လျင်မြန်လှသဖြင့် မြင်ပင်မမြင်နိုင်ပေ။
စက်ရုပ်ရုပ်သေး၏ တုံ့ပြန်မှုများက နှေးကွေးကာ တိုက်ခိုက်မှုများကို လိုက်မမှီနိုင်ဘဲ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းနောက်ပြန်ဆုတ်သွားသည်။
နောက်ဆုံးတွင်
စက်ရုပ်ရုပ်သေးက မရှောင်တိမ်းနိုင်တော့သည့် အခိုက်အတန့်တွင် အဆင့်မြင့်နတ်ရုပ်သေးသည် ၎င်း၏ မျက်လုံးအိမ်ထဲသို့ လက်ထိုးထည့်ကာ မျက်စံကိုဆွဲထုတ်လိုက်သည်။
မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်တစ်ခု အပြင်းအထန် ဆွဲထုတ်ခံလိုက်ရ၏။
စက်ရုပ်ရုပ်သေးက နာကျင်မှုဖြင့် တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားကာ မျက်လုံးတစ်ဖက်သည် ယခုအခါ အမှောင်ထုဖုံးလွှမ်းလျက် ဗလာကျင်းသွားသည်။
လျို့ခယ့်ခယ်၏ မျက်ရည်များ တစ်စက်တစ်စက်စီကျလာသည်။
"ငါ့ကောင်ကြီး ကိုယ့်ကိုကိုယ် အတင်းအကြပ် မခိုင်းနဲ့။ ဒါ မင်း ပြိုင်ဘက်မဟုတ်ဘူး။ အရှုံးကို ဝန်ခံလိုက်ကြရအောင်”
ဤသို့ပြောလျက် လျို့ခယ့်ခယ်သည် အဝေးမှ လုချိုက်လန်ကို လှည့်ကြည့်ကာ ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ငါရှုံးသွားပြီ၊ ငါ့ကိုသတ်ပစ်လိုက်ပါ၊ ဒါပေမယ့် ငါ့ရုပ်သေးကို သက်ညှာပေးပါ”
ဤစကားများကြားသောအခါ လုချိုက်လန်က အေးစက်စွာလှောင်ရယ်လိုက်သည်။
"ကျွတ် … ကျွတ်…. ဘယ်လောက်တောင်သစ္စာရှိတဲ့ ရဲဘော်ရဲဘက်လဲ၊ ကောင်းပြီ နင် ဒူးထောက်ပြီး အရှုံးကို ဝန်ခံပါ၊ နင့်ရဲ့ရုပ်သေးကို ငါ သက်ညှာပေးလိုက်မယ် ဘယ်လိုလဲ"
ထိုစကားက ခန်းမတစ်ခုလုံး ငြိမ်သက်သွားစေသည်။
မျက်လုံးများအားလုံးက လျို့ခယ့်ခယ်ကို စူးစိုက်ကြည့်နေကြသည်။
ရှန်ရော့လင်က စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ဒေါသတကြီးဖြစ်နေသည်။
“ဆရာ ဒီမိန်းမချိုက်လန်က လူက်ု အရမ်းအနိုင်ကျင့်နေတယ်၊ ခယ့်ခယ်ကို ကယ်ပေးပါလား”
ဝမ်ချန်ယိက သက်ပြင်းအသာချကာ ခေါင်းခါလိုက်သည်။
"အရမ်းနောက်ကျသွားပြီ။ မင်းပြိုင်ကွင်းထဲ ဝင်လိုက်တာနဲ့ သေခြင်းတရားဟာ အောင်ပွဲ ဒါမှမဟုတ် ရှုံးနိမ့်မှုအပေါ်မှာပဲ မူတည်တယ်။ လျို့ခယ့်ခယ်ရှုံးသွားပြီ၊ ကူချင်ရင်တောင် ဘယ်သူမှ မကူညီနိုင်ဘူး။ နောက်ပြီး လျို့ခယ့်ခယ်က ဘာလို့ ရုတ်တရက် ရန်ပွဲကို သဘောတူလိုက်ရတာလဲ"
ထိုစကားကိုကြားသောအခါ ရှန်ရော့လင်၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေကာ ကွင်းအတွင်းရှိ လျို့ခယ့်ခယ်၏ ပျော့ပျောင်းသောပုံစံကို စိုက်ကြည့်လျက် ချက်ခြင်းဆင်းကာ ကယ်တင်နိုင်စေရန် ဆန္ဒရှိနေသည်။
ထိုအချိန်တွင် သူမနှင့် မနီးမဝေးတွင် ရပ်နေသော ရွှယ်အန်းက ပြောလိုက်သည်။
"မင်း အရှက်ခွဲခံရတဲ့ ဝေဒနာကို ခံစားရလား။ အဲ့တာမှပဲ မင်းအသွင်ပြောင်းနိုင်မှာ”
ဤသည်ကိုကြားသောအခါ ရှန်ရော့လင်က ဒေါသတကြီး ခေါင်းကို လှည့်လိုက်သော်လည်း လူသားမျိုးနွယ်စုမှ လူဖြစ်ကြောင်းသိလိုက်ရသောအခါ ဒေါသစိတ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူမ၏ နှလုံးသားထဲတွင် ရွှယ်အန်းအပေါ် အထင်အမြင်သေးမှုများ ပြည့်နှက်နေ၍ ရိုးရှင်းသော မှတ်ချက်များ ပေးနေသည်ဟု သူမထင်ခဲ့သည်။
‘သနားဖို့ကောင်းတဲ့ ခယ့်ခယ်က ရှင့်ကို စီနီယာတစ်ယောက်လို့ သဘောထားနေတုန်းပဲ ဒါတောင် ဒီ သေရေးရှင်ရေးလို အရေးကြီးတဲ့ အခိုက်အတန့်မျိုးမှာ ရှင်က ဘာအကူအညီမှ မပေးရုံတင်မက အဓိပ္ပါယ်မဲ့တဲ့ စကားတွေကိုလည်း ပြောနေဦးမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး’
ထိုအချိန်တွင်ပင် လူအုပ်ကြီးက အံ့အားသင့်သွားကြသည်။
ရှန်ရော့လင်က လျင်မြန်စွာလှည့်ကြည့်လိုက်သောအခါ လျို့ခယ့်ခယ်သည် သူမ၏ဒူးကို ဖြည်းညှင်းစွာကွေးလိုက်ပြီး နောက်ဆုံးတွင် မြေမှုန့်ထဲတွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
ဤဒူးထောက်သည့်လုပ်ရပ်ကြောင့် လျို့ခယ့်ခယ်ကို လေးလေးနက်နက်လေးစားသော တပည့်များစွာသည် ဝမ်းနည်းကြေကွဲစွာ ဦးညွတ်လိုက်ကြသည်။
ရှန်ရော့လင်လည်း မထိန်းနိုင်ဘဲ မျက်ရည်ကျမိသည်။ တစ်ဖက်တွင် လုချိုက်လန်က စိတ်လှုပ်ရှားနေ၏။
"အရမ်းကောင်းတယ်၊ လျို့ခယ့်ခယ် နင် ကိုယ့်နေရာကိုယ်သိပြီပေါ့”
လျို့ခယ့်ခယ်၏ မျက်နှာသည် တစ္ဆေတစ်ကောင်အလား ဖြူဖျော့နေကာ တုံ့ပြန်မှုမရှိဘဲ တိတ်ဆိတ်နေသည်။ တစ်ချိန်က သူမ၏ တောက်ပသော မျက်လုံးများသည် မှိန်ဖျော့သွားကာ အသက်မဲ့သွားခဲ့သည်။
"သူ့ကိုသတ်လိုက်” လုချိုက်လန်က စိတ်လှုပ်ရှားစွာ အမိန့်ပေးသည်။
နတ်ရုပ်သေးက ရှေ့သို့ တိုး၍ ထိုးရန် လက်သီးကို မြှောက်လိုက်သည်။
ထိုးနှက်ချက်တစ်ချက်တည်းဖြင့် လျို့ခယ့်ခယ်သည် အသားကြိတ်စများအဖြစ် ပြောင်းလဲသွားမည်မှာ သေချာသည်။
သို့သော် ထိုအချိန်တွင် စက်ရုပ်ရုပ်သေးက လက်တစ်ဖက်နှင့် မျက်လုံးတစ်ဖက်ကို ဆုံးရှုံးလိုက်ရသည့်တိုင် ခွန်အားရှိသမျှစုဆောင်းကာ နတ်ရုပ်သေး၏ လက်သီးချက်ကိုရင်ဆိုင်ရန် ကြိုးစားလိုက်သည်။
သို့သော် ၎င်း၏ စွမ်းအားသည် နတ်ရုပ်သေး၏ အစွမ်းနှင့် နီးပင်မနီးစပ်ပေ။
ထို့ကြောင့် ထိုးနှက်ချက် အပြီးတွင် စက်ရုပ်ရုပ်သေးက နောက်ပြန်လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။ အဝေးရှိ ဒူးထောက်နေသော သခင်ကို ငေးကြည့်ရင်းဖြင့် ကျန်ရှိသော မျက်လုံးတစ်ဖက်မှ မီးတောက်က တဖြည်းဖြည်း ငြိမ်းသွားလေသည်။
ထိုအချိန်တွင် လှေကားထစ်များပေါ်တွင် ရပ်နေသော ရွှယ်အန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့၍ ကောင်းကင်ကိုကြည့်ကာ ဘာသိဘာသာ ပြောလိုက်သည်။
"လျို့ခယ့်ခယ် မင်းအခုခံစားရလား"
အသံက မကျယ်လှသော်လည်း ခန်းမ၏ ထောင့်တိုင်းကို ရောက်သွားသည်။ လျို့ခယ့်ခယ်တုန်လှုပ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။
ရွှယ်အန်းသည် ကွင်းလယ်ခေါင်မှ သူမအား ငုံ့ကြည့်ကာ အေးစက်စွာပြောလိုက်၏။
"ငါတစ်ခါက မင်းကိုပြောဖူးတယ်၊ ဒီရုပ်သေးရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်လွှတ်ဖို့ မင်း စက်ရုပ်နှလုံးသားကို ခံစားရမယ်။ အခု မင်းကို ငါမေးမယ်၊ ခံစားရလား"
လျို့ခယ့်ခယ်၏ လစ်လပ်နေသော မျက်လုံးများသည် အလင်းတချို့ ထွက်ပေါ်လာပြီးနောက် သူမသည် သေခြင်းတရား၏ တံခါးဝ၌ရောက်နေသည့်တိုင် သေရန် ငြင်းဆန်နေသော စက်ရုပ်ရုပ်သေးကိုကြည့်လိုက်သည်။
ခဏအကြာတွင် သူမက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီးမှ ခပ်တိုးတိုးပြောသည်။
“ခံစားရပါတယ်”
"ဒါဆို ငါ့ကိုပြော အဲ့တာဘာလဲ"
လျို့ခယ့်ခယ်၏ နီမြန်းသော မျက်နှာသည် ယခင်က မမြင်ဖူးသော ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ဖော်ပြသနေလျက် သူမ၏ မျက်လုံးများတွင် အလင်းတချို့တောက်လောင်လာသည်။
ထို့နောက် မြေပြင်မှ ဖြည်းညှင်းစွာ မတ်တတ်ထရပ်ကာ စကားကို ပြတ်ပြတ်သားသား တစ်လုံးချင်းပြောလိုက်သည်။
“အဲ့တာက … ဘယ်တော့မှ … အရှုံးမပေးဘူး …”
အခန်း(၆၀၀) နတ်အဆင့်ရုပ်သေး
လျို့ခယ့်ခယ်၏အသံမှိန်ဖျော့လာသည်နှင့်အမျှ အသက်မဲ့စက်ရုပ်ရုပ်သေးက တောက်ပလာကာ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများ လျင်မြန်စွာပျောက်ကင်းလာသည်။
ဖြတ်တောက်ခံလိုက်ရသည့် လက်မောင်းကို အလင်းတန်းများ ဝန်းရံထားကာ ၎င်း၏ အစိတ်အပိုင်းများ တညီတညွတ်တည်း ပျံဝဲ စုစည်းလိုက်သည်နှင့် လျင်မြန်စွာ ပြန်လည် ပြုပြင်ပြီးဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဤသည်ကိုမြင်သောအခါ လျစ်လျူရှုထားသော ချန်ယာ့ယွင်က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
သူမ၏ အသံက တုန်လှုပ်သွားသည်။
ဝေ့ချီရှင်းက လုံးလုံးလျားလျား အံ့ဩလျက် သူ့ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေသည်။
ဤအရာကို ၎င်းတို့သာ နားလည်သောကြောင့်ဖြစ်သည်။
ရုပ်သေးရုပ်က ကိုယ်တိုင် ပြုပြင်ခြင်းက မည်သည်ကို ဆိုလိုသနည်း။
၎င်းသည် ရှေးခေတ်၌သာ တည်ရှိသော နတ်အဆင့် ရုပ်သေးရုပ်ဖြစ်သည်။ ဤအခိုက်အတန့်တွင် မောက်မာမှုအပြည့်ရှိသော လုချိုက်လန်သည် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ကြည့်နေသည်။
သို့သော် လျို့ခယ့်ခယ်အပေါ် သူမ၏မွေးရာပါ မာနထောင်လွှားမှုနှင့် မနာလိုမှုတို့က သူမကို လှောင်ပြောင်စေပြန်သည်။
"အိုး၊ တော်တော် အထင်ကြီးစရာပဲ၊ စကားနည်းနည်းအော်ပြောတာက တစ်ခုခုကို ဖြေရှင်းနိုင်မယ်လို့ ထင်သလား၊ ဒီနေ့ ငါ နင့်ကို ပြောလိုက်မယ်။ ဒါက စိတ်ကူးယဉ်တစ်ခုကလွဲ အဲ့ထက်မပိုဘူး။ အဲ့နှစ်ကောင်ကို ချက်ချင်းသတ်ပစ်လိုက်" လုချိုက်လန်က အသံနက်ကြီးဖြင့် အမိန့်ပေးသည်။
သူမသည် လျို့ခယ့်ခယ်နှင့် ကစားရန် စိတ်မဝင်စားတော့ဘဲ တတ်နိုင်သမျှ မြန်မြန် ပို့ပေးချင်ခဲ့သည်။
လုချိုက်လန်က ချက်ချင်းသတ်ပစ်ရန် အမိန့်ပေးလာသောကြောင့် အဆင့်မြင့်နတ်ရုပ်သေးသည် ခွန်အားအပြည့်ဖြင့် ထပ်မံချီတက်လာပြန်သည်။ ၎င်း၏ အရှိန်သည် အလွန်လျင်မြန်သောကြောင့် ပြေးသွားသော လမ်းတစ်လျှောက် နောက်ဆက်တွဲ ပုံရိပ်များ ကျန်ရစ်ခဲ့သည်။
လျို့ခယ့်ခယ်က နတ်ရုပ်သေးကို အထင်ကြီးခြင်းအလျင်းမရှိဘဲ ငြိမ်သက်စွာရပ်နေခဲ့သည်။
ယခုအခိုက်တွင် နတ်ရုပ်သေးက အနီးသို့ရောက်နေပြီဖြစ်ရာ လက်ကိုမြှောက်၍ ထိုးတော့မည်ဖြစ်သည်။
လျို့ခယ့်ခယ်က နတ်ရုပ်သေးကို အေးစက်စွာ ငေးကြည့်ရင်း ခေါင်းကို မော့ကာ ပြောလိုပ်သည်။
"သတ်ပစ်လိုက်”
သူမ၏ အမိန့်အတိုင်း အဆင့်မြင့်နတ်ရုပ်သေးက မတုံ့ပြန်ခင်နွက် ထောင့်တစ်နေရာဆီမှ စက်ရုပ်ရုပ်သေးတစ်ရုပ် ထွက်လာသည်။
ဘမ်း
လက်သီးက ပြင်းထန်လွန်းသဖြင့် အဆင့်မြင့် နတ်ရုပ်သေးက ခန်းမကြီးဆီသို့ တည့်တည့် လွင့်ထွက်သွားသည်။ ထိုကဲ့သို့ အရှိန်အဟုန်ဖြင့် ကောင်းကင်ကို ဖြတ်ပျံလာသည့် ကြီးမားသော ရုပ်သေးရုပ်ကြီးသည် ကျင့်ကြံသူ အများအပြားကို ဖြူဖျော့သွားစေသည်။
သို့သော် ၎င်းတို့ မတုံ့ပြန်ခင်တွင် အဆင့်မြင့် နတ်ရုပ်သေးက လေထဲတွင် ရုတ်တရက် ရပ်သွားသည်။ သူ့အလိုလို ရပ်သွားခြင်းမဟုတ်ဘဲ တစ်ယောက်ယောက်က ခြေကျင်းဝတ်ကို ဖမ်းဆွဲထားလိုက်ခြင်းဖြစ်သည်။
အားလုံးက လှည့်ကြည့်လိုက်ကြသည်။
အမှန်ပင်၊ စက်ရုပ်ရုပ်သေးက တစ်နည်းနည်းဖြင့် အဆင့်မြင့် နတ်ရုပ်သေး၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားသည်။
"ဘာ...သူ ဘာလုပ်မှာလဲ" တစ်ယောက်ယောက်က ကြောက်လန့်တကြားမေးလိုက်သည်။
သူ့စကားဆုံးပြီး မကြာမီ၌ပင် စက်ရုပ်ရုပ်သေးက နတ်ရုပ်သေးကို သံတူဖြင့်ရိုက်သကဲ့သို့ မြေပြင်ပေါ် ဒေါသတကြီးဖြင့် ရိုက်ချလိုက်သည်။
ဘမ်း ဘမ်း ဘမ်း
ကျယ်လောင်သော အသံတစ်ခုစီနှင့်အတူ
တစ်ချိန်က ခမ်းနားသော ခန်းမတွင် တွင်းနက်တစ်ခုပြီးတစ်ခုပေါ်လာကာ ပြိုကျသွားသည်။
အစပိုင်းတွင် အဆင့်မြင့်ရုပ်သေးက ခုခံရန် ကြိုးစားခဲ့သော်လည်း အနည်းငယ်ထိုးနှက်ပြီးနောက်တွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝဆုံးရှုံးသွားသည်။
နောက်ဆုံးတွင်
စက်ရုပ်ရုပ်သေး၏ နောက်ဆုံး ဒေါသတကြီး အော်ဟစ်သံနှင့်အတူ နတ်ရုပ်သေးက ဝမ်းနည်းပူဆွေးစွာ ငိုကြွေးခဲ့သည်။
၎င်း၏ပုံစံသည် လျင်မြန်စွာ သေးကွေးလာကာ မျက်စိတစ်မှိတ်အတွင်း အက်ကြောင်းများဖြင့် ပြည့်နေသော ပုတီးစေ့အဖြစ်သို့ ပြောင်းလဲသွားသည်။
ယခု လူတိုင်း အံသြသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဤတုန်လှုပ်ချောက်ချားဖွယ်ရာ အပြောင်းအလဲက မြန်ဆန်လွန်းလှသောကြောင့်ဖြစ်သည်။
မကြာသေးမီကပင် လျို့ခယ့်ခယ်သည် ဒူးထောက်ကာ သက်ညှာပေးရန် တောင်းပန်ခဲ့ရာ မျက်စိတစ်မှိတ်အတွင်း၌ပင် အောင်မြင်စွာ တန်ပြန်တိုက်ခိုက်ခဲ့သည်။
ဤသည်က အံ့ဖွယ်အခိုက်အတန့်တစ်ခုပင်ဖြစ်သည်။
သို့သော် ချန်ယာ့ယွင်၊ ဝမ်ချန်ယိနှင့် အခြားသတိရှိသော ပုဂ္ဂိုလ်များအားလုံးက ရွှယ်အန်းကို လှည့်ကြည့်ကြသည်။
၎င်းတို့က လူမိုက်များမဟုတ်ကြပေ။
လျို့ခယ့်ခယ်၏ ရုတ်တရက်အရှိန်အဟုန်သည် ရွှယ်အန်း၏စကားများနှင့်ဆက်စပ်နေသည်။
‘ဒါပေမယ့် ဒီလူသားမျိုးနွယ်ဝင်က ဘာကျင့်ကြံရေးအဆင့်မှမရှိဘူးလေ’
ရှန်ရော့လင်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားသည်။
သူမက ကွင်းလယ်ရှိလျို့ခယ့်ခယ်ကိုကြည့်နေရာမှ ရွှယ်အန်းကို လှမ်းကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
နောက်ဆုံးတွက် သူမ၏ သူငယ်ချင်းက ဤလူကို စီနီယာတစ်ယောက်အနေဖြင့် ရိုသေလေးစားစွာ ပြောဆိုရသည့် အကြောင်းရင်းကို သူမ နားလည်သွားသည်။
သို့သော် အချို့က ဝမ်းသာအားရနေကြချိန် တချို့က ဝမ်းနည်းနေကြသည်။
လုချိုက်လန်က သူမ၏မျက်လုံးများကို မယုံနိုင်ဖြစ်နေသည်။ ဦးစွာ သူမသည် မြေပြင်ပေါ်ရှိ အဆင့်မြင့် နတ်ရုပ်သေး၏ အကြွင်းအကျန်များကို ကြည့်ရှုပြီးနောက် အကောင်းအတိုင်းပြန်ဖြစ်သွားသော စက်ရုပ်ရုပ်သေးက်ု လှမ်းကြည့်လိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ နင် ပုံရိပ်ယောင်ပညာကို သုံးနေတာမလား ဟုတ်တယ်မလား လျို့ခယ့်ခယ် နင် ပုံရိပ်ယောင်ပညာကို သုံးနေတာဖြစ်မယ်”
လျို့ခယ့်ခယ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ သို့မဟို် ဒေါသ စသည့် မည်သည့် အရိပ်အယောင်မျှမရှိဘဲ အေးစက်စွာ ကြည့်နေသည်။ ထို့နောက် သူမကို လက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်၏။
"သူ့ကို နှိပ်စက်"
စက်ရုပ်ရုပ်သေးက ချက်ချင်းပင် ရှေ့သို့ တိုးလာသည်။ လုချိုက်လန်မတုံ့ပြန်ခင်တွင် စက်ရုပ်ရုပ်သေးက သူမကို လက်ဖဝါးထဲတွင် ဖမ်းဆွဲထားလိုက်သည်။
ထိုအချိန်မှပင် လုချိုက်လန်သည် အမှန်တကယ်ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
"မဟုတ်ဘူး၊ နင်ငါ့ကို မသတ်နိုင်ဘူး။ လျို့ခယ့်ခယ်ငါ ရှုံးသွားပြီ။ ငါလက်မြှောက်ပါတယ် ငါ့ကိုသနားပါ! ငါမှားသွားပြီ၊ နင့်ကို ဘယ်တော့မှမနှောက်ယှက်တော့ဘူး" လုချိုက်လန်က အလွန်ထိတ်လန့်စွာ အော်လိုက်သည်။
တပည့်များစွာကလည်း အလွန်အမင်း စိတ်ပူနေကြသည်။
ယခင်က ဆရာတူအစ်မလျို့သည် အလွန်ကြင်နာတတ်ကာ နူးညံ့သိမ်မွေ့သူဖြစ်သည်ဟု သိထားကြသည်။ လုချိုက်လန်သည် လျို့ခယ့်ခယ်၏ ဤစရိုက်များကို အခွင့်ကောင်းယူကာ သူမအား အမြဲတစေ သတ္တိရှိရှိ ရန်စဖိနှိပ်ခဲ့သည်။
‘ဒီတစ်ခါတော့ အစ်မလျို့က လုချိုက်လန်ကို တကယ် သတ်တော့မှာလား’
လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် လျို့ခယ့်ခယ်သည် စိတ်လှုပ်ရှားမှုမရှိပဲ သူမ၏ အနီရောင်နှုတ်ခမ်းများဖြင့်ပြုံးလိုက်သည်။
“လုပ်လိုက်”
ဤအမိန့်ကိုကြားသောအခါ စက်ရုပ်ရုပ်သေးက လက်ခုပ်တီးချလိုက်သည်။
အရိုးများ ကျိုးကြေသွားသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် လုချိုက်လန်၏ အော်သံများ ရုတ်ခြည်း ရပ်တန့်သွားကာ စက်ရုပ်ရုပ်သေး၏ လက်ချောင်းများကြားမှ သွေးများ စီးကျလာသည်။
ရက်စက် ကြမ်းကြုတ်သော လုချိုက်လန်သည် နောက်ဆုံးတွင် လက်ဝါးနှစ်ဖက်ကြား၌ ဖိချေခြင်းခံရကာ သေဆုံးသွားခဲ့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှန်ရော့လင်က သူမ၏ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော သူငယ်ချင်းက ဤမျှ ပြတ်သားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော် ထိုအချိန်တွင် ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်။
"လျို့ခယ့်ခယ် မင်းက ငါတို့ဂိုဏ်းရဲ့တပည့်တွေကို သတ်ဖို့ ပြင်ပလူတွေနဲ့ ကြံစည်နေတာ၊ မင်း သေသင့်တယ်"
ထိုသို့ပြောရင်းဖြင့် ဝေ့ချီရှင်းက စကားအပိုများ မပြောတော့ဘဲ ကွင်းထဲသို့ ခုန်ဆင်းကာ လျို့ခယ့်ခယ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
ဝေ့ချီရှင်းက လုချိုက်လန်၏ သေဆုံးမှုကြောင့် လာခဲ့ခြင်းမဟုတ်ပေ။
သူ့တွင် ကိုယ်ပိုင် အစီအစဉ်များ ရှိသည်။
ပထမဦးစွာ လျို့ခယ့်ခယ်၏ စွမ်းအားက သူ့ကို ထိတ်လန့်စေခဲ့သည်။ အထူးသဖြင့် ဝေချီရှင်းကို သေချာစေသည်မှာ လုချိုက်လန်ကို သတ်ပစ်သည့် ပြတ်သားသော နည်းလမ်းဖြစ်သည်။
သူမကို ယခု မဖယ်ရှားပစ်ပါက သူကိုယ်တိုင်သည် အနာဂတ်တွင် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။
လျို့ခယ့်ခယ်အပေါ် သူလုပ်ခဲ့သမျှကိုကြည့်ပါက သူ့ကို သုံးကြိမ်တိုင်တိုင်သတ်ပစ်ရန်ပင် ခိုင်လုံသော အကြောင်းပြချက်ရှိသည်။
ဒုတိယအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်သည့် စက်ရုပ်ရုပ်သေးကို လိုချင်သည်။
အကယ်၍ သူသာ ဤကဲ့သို့သော နတ်အဆင့်ရုပ်သေးရုပ်ကို ရယူနိုင်လျှင် ဒုတိယအကြီးအကဲမဆိုနှင့် ဂိုဏ်းခေါင်းဆောင်နေရာကိုပင် လက်လှမ်းမှီနိုင်မည်ဖြစ်သည်။
ထိုအတွေးနှစ်ခုဖြင့် ဝေချီရှင်းက သတ်ဖြတ်ရန် စတင် လှုပ်ရှားလိုက်သည်။ လျို့ခယ့်ခယ်က စွမ်းအားကြီးလာကာ ရုပ်သေးရုပ်၏ စက်ပိုင်းဆိုင်ရာ နှလုံးသားကို နားလည်သဘောပေါက်ခဲ့သော်လည်း
ဝေ့ချီရှင်းနှင့် ရင်ဆိုင်ရသောအခါတွင် အရေးနိမ့်ရဆဲဖြစ်ကာ သိုင်းကွက်အချို့ကိုသာ ရှောင်တိမ်းနိုင်ခဲ့သည်။
ဝေ့ချီရှင်းက လှောင်ပြောင်ကာ လျို့ခယ့်ခယ်၏ လည်ပင်းကို ဖမ်းဆုပ်ရန် ရည်မှန်းကာ လက်ကို ဆန့်လိုက်သည်။ လက်ဆန့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမလည်ပင်းကို လှမ်းဆွဲလိုက်နိုင်သည်။
ထိုအချိန်တွင် ရှန်ရော့လင်နှင့် ဝမ်ချန်ယိတို့က ဝင်ရောက်စွက်ဖက်ရန် အချိန်နှောင်းသွားပြီဖြစ်သည်။
ဝေ့ချီရှင်းက မိမိ အသာစီးရနေပြီဟု ထင်နေချိန်၌ပင်
မြင့်မားသော ပလက်ဖောင်းပေါ်တွင် ရပ်နေသော ရွှယ်အန်းက ရုတ်တရက် ခြေဆောင့်နင်းလိုက်ရာ ခန်းမကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် သူသည် ဝေ့ချီရှင်းနောက်သို့ အမြောက်ကျည်ကဲ့သို့ချက်ချင်း ပြေးလာသည်။
ဝေ့ချီရှင်းမတုံ့ပြန်နိုင်ခင်၌ပင် ရွှယ်အန်းက လက်ဝါးကို ဆန့်ထုတ်ကာ ရိုက်လိုက်သည်။
ဖြန်း
ထိုလက်ဝါးက ဝေ့ချီရှင်း၏ ဦးခေါင်းသို့ တည့်တည့်ထိမှန်သွားပြီးနောက် ဥခွံအက်ကွဲသံကဲ့သို့ ကြွပ်ဆတ်သော အသံတစ်ခု ထွက်ပေါ်လာသည်။