အခန်း (၆၁၉-၆၂၁)
Vol. 42 Ch. 619-621
အခန်း(၆၁၉) လူသားမျိုးနွယ်စုက မြို့ကိုဝင်ရောက်ကာ နေရာတိုင်းကို လည်ပတ်ကြည့်ရှု့နေသည်။
နောက်ပိုင်းကာလများတွင်၊ များပြားလှသော ဂိုဏ်းခွဲများမှ မရေမတွက်နိုင်အောင် များပြားလှသော ကျင့်ကြံသူများအားလုံး လော့ဖုမြို့ထဲသို့ဝင်ရောက်လာသည်နှင့်အမျှ မြို့တော်၏ ရှုပ်ထွေးမှုများက ပိုမိုပြင်းထန်လာသည်။
ရေစီးကြောင်းများ လှိုင်းထန်နေသော ဤရှုပ်ထွေးသော အခြေအနေတွင် ရုပ်သေးအင်မော်တယ်ဂိုဏ်းအပါအဝင် အဓိက ဂိုဏ်းများအားလုံးသည် တိတ်ဆိတ်စွာ ငြိမ်သက်နေကြသည်။
သင်မည်သို့သော အကြံအစည်များ သို့မဟုတ် လှည့်ကွက်များကို အသုံးချသည်ဖြစ်စေ ၎င်းတို့အားလုံးသည် စွမ်းအားပေါ်တွင် အဓိကမူတည်သည်ကို ခန့်မှန်းထားကြောင်း အမှန်တကယ် လိမ္မာပါးနပ်သူများကသာ သိရှိသောကြောင့်ဖြစ်သည်။ စွမ်းအားမရှိပါက မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည့် ပန်းများ သို့မဟုတ် ရေပေါ်တွင် ရောင်ပြန်ဟပ်နေသော လမင်းကဲ့သို့ ခဲယဥ်းကာ ထိရောက်မှုမရှိသလောက်ပင်ဖြစ်သည်။
ရွှယ်အန်းက ရှောင်ရွှေ့နှင့် အခြားသူများကို လော့ဖုမြို့အတွင်းရှိ ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ လက်အောက်ခံအိမ်တွင် နေထိုင်ရန် ဦးဆောင်ခဲ့သည်။
...
လော့ဖုမြို့၏ အထူးအဆင့်အတန်းကြောင့် ဂိုဏ်းခွဲတစ်ခုစီသည် ဤနေရာတွင် လုပ်ငန်းခွဲတစ်ခုရှိသည်။ အကြောင်းအရင်းတစ်ခုက မျိုးနွယ်စုတစ်ထောင်စုဝေးပွဲအတွင်း၌ အဆင်ပြေစေရန် ပိုမိုအရေးကြီးသည်မှာ ဉာဏ်ရည်ဉာဏ်သွေးစုဆောင်းရန်ပင်ဖြစ်သည်။ ချန်ယာ့ယွင်၏ စကားအရ မျိုးနွယ်စုတစ်ထောင်ညီလာခံတိုင်းသည် ကောင်းကင်ဘုံတာအို၏ မတူညီသော နယ်မြေတစ်ခုစီတွင်ကျင်းပခဲ့သ်ည။ ကောင်းကင်ဘုံတာအို၏ မည်သည့်နယ်မြေက ပွင့်လာမည်ကို ကြိုတင်သိရှိခြင်းဖြင့် ရလဒ်ကောင်းများရရှိရန် များစွာအကျိုးရှိမည်ဖြစ်သည်။ သို့သော် ထိုထောက်လှမ်းရေးက လော့ဖုမြို့တော်သခင်၏ လက်ထဲတွင် ချုပ်နှောင်ထားသည်။
မြို့တော်သခင်သာလျှင် ကောင်းကင်တာအိုနယ်မြေ ဖွင့်မည်အချိန်နှင့် အတွင်းအခြေအနေ မည်သို့မည်ပုံဖြစ်သည်ကို စွမ်းရည်တစ်ခုမှတဆင့် သိနိုင်သည်။
ထိုကဲ့သို့ အချက်ကို အခြားသူများက မသိနိုင်ပေ။ ထို့ကြောင့်ပင်လျှင် လော့ဖုမြို့တော်သခင်က ဤမျှ ထူးခြားသော ရာထူးကို ပိုင်ဆိုင်ထားသည့်တိုင် အခြားသော ဂိုဏ်းများ၏ သိမ်းပိုက်ခြင်းမခံရသေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။ ကောင်းကင်တာအိုဟုခေါ်သော နယ်မြေများသည် ဤကမ္ဘာ၏ ကောင်းကင်တာအို၏ ဆန္ဒဖြင့် ဖန်တီးထားသော နေရာများ ဖြစ်သင့်သည်။ ဤသည်က အလွန်အမင်း အံ့သြဖွယ်တော့မဟုတ်လှပေ။
သို့သော် ရွှယ်အန်းက လော့ဖုမြို့တော်သခင်ကို အလွန်စိတ်ဝင်စားမိသည်။
အချိန်မတိုင်မီ သတင်းအချက်အလက်များကို သူရရှိနိုင်သည်ဟူသောအချက်က သူသည် ဤကမ္ဘာ၏ ကောင်းကင်ဘုံတာအို၏ ဆန္ဒနှင့် ချိတ်ဆက်နိုင်ကြောင်း ညွှန်ပြနေသည်။ ထို့အပြင် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းနိုင်စေရန် စွမ်းဆောင်နိုင်မှုသည် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည်။
ရွှယ်အန်း၏ စိတ်ဝင်စားမှု အလွန်မြင့်မားလာသည်နှင့်အမျှ ထိုနေ့ညတွင် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ခြံဆီသို့ ဖိတ်စာတစ်စောင်ပေးဖို့ခဲ့သည်။
ဖိတ်စာမှာ ရိုးရိုးရှင်းရှင်းဖြစ်သည်။ နောက်နေ့ညနေတွင် မြို့တော်သခင်အိမ်တော်၌ ကျင်းပမည့် ပွဲတော်သို့ ရုပ်သေးအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များကို ဖိတ်ခေါ်ခြင်းပင်ဖြစ်၏။
အဆိုပါဖိတ်ကြားချက်ကို လော့ဖုမြို့တော်သခင် လော့ဝမ်ရှီက လက်မှတ်ရေးထိုးထားသည်။
ချန်ယာ့ယွင်က ဖိတ်ကြားချက်နှင့်ပတ်သက်၍ အထူးတလှယ်အံ့အားသင့်ခြင်းမရှိခဲ့ပေ။ မျိုးနွယ်စုတစ်ထောင်ညီလာခံမစမီတွင် လက်ရှိမြို့တော်သခင်သည် ဧည့်ခံပွဲတစ်ခုကို အမြဲတစေ ကျင်းပလေ့ရှိသည်။ ဤသည်မှာ ရိုးရာဓလေ့တစ်ခုဖြစ်လာခဲ့သည်။ ချန်ယာ့ယွင် ခန့်မှန်းထားသည့်အတိုင်း မရေမတွက်နိုင်အောင် များပြားလှသော ဖိတ်ကြားချက်များကို မြို့တော်သခင် အမိန်တော်မှ ပေးပို့ခဲ့ရာ ဂိုဏ်းပေါင်းစုံမှလူများကို နောက်နေ့ညနေတွင် ပွဲတက်ရန် ဖိတ်ကြားခဲ့သည်။
တင်းမာနေပြီဖြစ်သော အငွေ့အသက်များသည် ဤအဖြစ်အပျက်ကြောင့် အတန်ငယ်လှုပ်ခတ်သွားသည်။ တစ်ချိန်တည်း၌ပင် အတန်ငယ်ပျက်ဆီးနေသော အနက်ရောင်ရထားလုံးတစ်စင်းက လရောင်ဖုံးလွှမ်းနေသော ညအမှောင်အောက်တွင် လော့ဖုမြို့သို့ အေးဆေးသော အရှိန်ဖြင့် ဝင်ရောက်လာခဲ့သည်။ ရထားလုံးက စည်ကားသော လမ်းများကိုဖြတ်သန်းကာ လမ်းသွယ်များစွာကို ဖြတ်သွား၍ နောက်ဆုံးတွင် ထင်ထင်ရှားရှားမရှိသော တည်းခိုခန်းတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ထိုနေ့တွင် တည်းခိုခန်းပိုင်ရှင် တက်ကြွသော ဝတ်စုံကို ဝတ်ဆင်ထားကာ တံခါးဝ၌ စိတ်အားထက်သန်စွာစောင့်ဆိုင်းနေခဲ့သည်။ ရထားလုံးက ဆိုက်ကပ်လာသည်ကိုမြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ပြေးသွား၏။
ထိ့နောက် ရထား၏ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ကာ ဟွာယို့အန်းနှင့် လူသားမျိုးနွယ်စုမှလူငယ်နှစ်ဦးက ရထားပေါ်မှဆင်းလာကြသည်။
ဆိုင်ရှင်သည် ငယ်ရွယ်နုပျိုသော လူငယ်များကို တွေ့ရပြီးနောက် ပထမထိတ်လန့်သွားကာ မျက်လုံးများရဲလာလျက် လေးလေးနက်နက်ဦးညွတ်လိုက်သည်။
“မြင့်မြတ်တဲ့သူရဲကောင်းသုံးယောက်ကို ဂါဝရပြုပါတယ်”
ဟွာယို့အန်းနှင့် သူ၏အပေါင်းအဖော်များသည် ဤမျှလေးနက်သော အလေးပြုခြင်းကို လက်မခံဝံ့ဘဲ ကမန်းကတန်း ရှောင်ထွက်သွားကြသည်။
ထို့နောက် ဟွာယို့အန်းသည် လက်နှစ်ဖက်ကိုအုပ်၍ ဦးညွတ်လိုက်ကာ ရိုးသားသော စိတ်ရင်းဖြင့် ပြောသည်။
“ဦးလေးကျုံး ဦးက အရှက်တရားကို သည်းခံပြီး လော့ဖုမြို့တော်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေတာ.. လူသားမျိုးနွယ်စုရဲ့ အရေးကိစ္စအတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းနေတာ ကျွန်တော်တို့က မခံယူဝံ့ပါဘူး ဦးလေးရာ”
ထိုနေ့အခမ်းအနားအပြီးတွင် ရှေးဟောင်းလူသားမျိုးနွယ်စုသည် လက်ဝဲဗိုလ်ချုပ်ကြီး၏ဦးခေါင်းအား သမန်းဝံပုလွေနိုင်ငံတော်သို့ပို့ဆောင်ရန် သံတမန်တစ်ဦးစေလွှတ်ကာ လမ်းကြောင်းဝယ်ယူခဲ့သည်။ ထို့နောက်ဟွာယို့အန်းနှင့် သူ့အဖော်နှစ်ယောက်က လော့ဖုမြို့တော်သို့ရောက်ရန် နေ့ရောညပါ ခရီးထွက်ခဲ့ကြသည်။
ယနေ့ နောက်ဆုံးတွင် မြို့ထဲသို့ ရောက်လာခဲ့သည်။
မထွက်ခင်၌ လူတစ်ယောက်က မြို့ထဲကိုဝင်ပြီးသည်နှင့် ဦးလေးကျုံးကို ကိုသွားရှာရန် ဟွာယို့အန်းကိုပြောခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် လော့ဖုမြို့ရှိ ရှေးဟောင်းလူသားနိုင်ငံတော်၏ တစ်ခုတည်းသော အခြေစိုက်စခန်းဖြစ်သည်။
ဦးလေးကျုံးဟူသော ဆိုင်ရှင်က ဤစကားကိုကြားသောအခါ ခေါင်းခါပြသည်။
"လူသား မျိုးနွယ်စုအတွက် လုပ်သင့်တာကို ငါလုပ်လိုက်ရုံပဲ၊ ဒါက မှတ်သားစရာ ဘာမှ မရှိပါဘူး”
ထို့နောက် လက်ခုပ်တီးကာ ဆက်ပြောသည်။ “မင်းတို့သုံးယောက် ငါ့နောက်ကို လိုက်ခဲ့ကြချေ”
ထိုသို့ဖြင့် သူက ဟွာယို့အန်းနှင့် အဖော်နှစ်ယောက်ကို တည်းခိုခန်းအတွင်းက လျှို့ဝှက်ခန်းထဲသို့ ခေါ်သွားသည်။ ၎င်းတိုထိုင်ပြီးသည်နှင့် ဦးလေးကျုံး၏ အမူအရာက လေးနက်လာသည်။
"မင်းတို့သုံးယောက်၊ ဒီည လော့ဖုမြို့တော်သခင်က မနက်ဖြန်ပွဲတက်ဖို့ မျိုးနွယ်စုအားလုံးကို ဖိတ်ခေါ်ထားပေမယ့် ဖိတ်စာမရတာ ငါတို့လူသားမျိုးနွယ်ပဲ”
ဤသည်ကိုကြားစောအခါ ယို့အန်းအပါအဝင် သုံးယောက်လုံး၏ မျက်နှာများထက်တွင် ဒေါသ အငွေ့အသက်များပေါ်လာသည်။
"အဲ့လူယုတ်မာတွေ လူသားမျိုးနွယ်ကို ဘာလို့ ဖိတ်စာမပို့တာလဲ၊ ငါတို့က ပွဲတက်ဖို့ အရည်အချင်းတောင် မရှိဘူးလား" လူငယ်တစ်ယောက်က ဒေါသတကြီးပြောသည်။
ဦးလေးကျုံးက ၎င်းတို့ကို စိတ်တည်ငြိမ်စေရန် လက်ဖြင့် အမူအရာပြလိုက်ကာ လေးနက်စွာပြော၏။
“ဒီအချိန်မှာ ဒေါသက ငါတို့ကို ကူညီပေးမှာ မဟုတ်ဘူး”
"ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ မသွားကြတော့ဘူးလား"
"ဘယ်ဟုတ်မလဲ”
ဟွာယို့အန်းနှင့် ဦးလေးကျုံးတို့က တညီတညွတ်တည်း ပြောကြသည်။
ထို့နောက် ဦးလေးကျုံးက ဟွာယို့အန်း၏မျက်လုံးများကို လေးလေးနက်နက်ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်သည်။
"ငါတို့အားလုံး လူသားမျိုးနွယ်ကပဲ မင်းက မိန်းကလေးလားဆိုတာ ငါမေးလို့ရမလား”
ဟွာယို့အန်း၏မျက်နှာက အနည်းငယ်နီမြန်းသွားသော်လည်း သူမက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော့်နာမည် ဟွာယို့အန်းပါ”
ဦးလေးကျုံးက အံ့ဩသွားကာ ဟွာယို့အန်းကို စိုက်ကြည့်နေသည်။
"မင်း... မင်းရဲ့မျိုးရိုးနာမည်က ဟွာလား”
ရှေးဟောင်းလူသားမျိူးနွယ်တွင် တော်ဝင်မိသားစုမှသာလျှင် မျိုးရိုးအမည် ဟွာဟု မှည့်ကြလေ့ရှိသည်။
“ဦးလေးကျုံး ဒါက တတိယမင်းသမီးပဲ” သူမဘေးမှ လူငယ်က မိတ်ဆက်ပေးသည်။
ဤစကားကိုကြားသောအခါ ဦးလေးကျုံးက အသက်ပြင်းပြင်းရှူ၍ ဦးညွတ်ရန် ဒူးထောက်လိုက်သည်။
ဟွာယို့အန်းက သူ့ကို တားရန် အလျင်အမြန် လက်လှမ်းလိုက်၏။
"ဦးလေးကျုံး သိပ်ပြီး လေးစားမနေပါနဲ့ ကျွန်တော်က မင်းသမီးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူသားမျိုးနွယ်က စစ်သည်တော်တစ်ယောက်အနေနဲ့ မျိုးနွယ်စုပေါင်းတစ်ထောင်ညီလာခံမှာ ပါဝင်ဖို့ လာခဲ့တာပါ”
ဦးလေးကျုံးသည် ယောက်ျားကဲ့သို့ ၀တ်ဆင်ထားသော်လည်း လှပနေသေးသော မျက်နှာလေးကို မဖုံးကွယ်နိုင်သော ဟွာယို့အန်းကို နှလုံးသားထဲ စိတ်ရှုပ်ထွေးကာ ကြည့်လိုက်သည်။
သူသည် လော့ဖုမြို့တွင် အနှစ်သုံးဆယ်ကြာ တပ်စွဲခဲ့ရာ မျိုးနွယ်စုတစ်ထောင် ညီလာခံကိုလည်း သုံးကြိမ်တိုင်တိုင် တွေ့ကြုံခဲ့ရသည်။ အစပိုင်းတွင် လူသားမျိုးနွယ်သည် တည်ငြိမ်သော ရောင်ဝါနှင့် အတွေ့အကြုံများစွာရှိသော ရင့်ကျက်သော အမျိုးသားများကို စေလွှတ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အတွေ့အကြုံမရှိသော လူငယ်များဖြင့် အစားထိုးခဲ့သည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့သည် အသက်မပြည့်သေးသော ယောက်ျားလေးများသာမက တော်ဝင်မိသားစု၏ တတိယမြောက် မင်းသမီးလေးပင်ပါ ပါဝင်ယှဉ်ပြိုင်ရန် ယောက်ျားတစ်ဦးအဖြစ် အသွင်ဆောင်ခဲ့ရသည်။
ဤအခြေအနေသည် လူသားမျိုးနွယ်၏ စွမ်းအား မည်မျှ လျော့ပါးသွားသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်၏။
သို့သော်ငြားလည်း ဦးလေးကျုံးက ဤသုံးဦး၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အမြွက်ကို မတွေ့ရပေ။
ဤဆုံးဖြတ်ချက်သည် ဦးလေးကျုံးဆီသို့လည်း ကူးစက်စေသည်။
"ဖိတ်စာမရခဲ့ပေမယ့် ငါတို့ လူသားမျိုးနွယ်က မျိုးနွယ်စုတစ်ထောင်ထဲက တစ်ဖွဲ့ဖြစ်လို့ ဒီပွဲကို လုံးဝပျက်ကွက်လို့မရဘူး။ ဒီကိစ္စကို ငါ့ဆီအပ်ထားလိုက်ကြပါ။ ငါ ချန်ကျုံး သေခဲ့ရင်တောင် မင်းသုံးယောက်လုံး ပွဲတက်နိုင်မယ်ဆိုတာ အာမခံပေးနိုင်တယ်"
"ဦးလေးကျုံး သေခြင်းတရားကို ပေါ့ပေါ့တန်တန် မပြောရဘူး” ဟွာယို့အန်းက အလျင်အမြန်ပြော၏။
ဤသည်ကိုကြားသောအခါ ချန်ကျုံးက ပြုံးလိုက်သည်။
"မင်းသမီး စိတ်ချပါ ကျုပ် ချန်ကျုံးက လော့ဖုမြို့မှာ နေခဲ့တာ အနှစ်သုံးဆယ်ကျော်ပြီ၊ ကျုပ်မှာအဆက်အသွယ်တွေရှိတယ်။ ဒီကိစ္စကို ကျုပ်နဲ့ထားခဲ့ပါ”
ချန်ကျုံး၏ စကားက မှန်ကန်သည်။ ဟွာယို့အန်းနှင့် သူမ၏ အဖော်များအတွက် စီစဉ်ပေးပြီးနောက် တည်းခိုခန်းမှ ထွက်ကာ စတင်လှုပ်ရှား၏။
အခန်း(၆၂၀) မြို့သခင်၏ ညစာစားပွဲ
ချန်ကျုံးထွက်သွားပြီးနောက် နောက်တစ်နေ့ နေ့ခင်းပိုင်းရောက်သည်အထိ ပြန်မလာသေးပေ။ တည်းခိုခန်းအတွင်းရှိ လူငယ်နှစ်ဦးက အနည်းငယ် စိုးရိမ်စပြုလာသည်။
“အရှင်မင်းသမီး ဦးလေးကျုံးက ဘာလို့ ပြန်မလာသေးတာလဲ။ အခြေအနေက အပြောင်းအလဲရှိလို့လား”
ထိုသို့ပြောလာသောလူငယ်သည် စိတ်အားထက်သန်မှုသိသိသာသာရှိကာ သုံးဦးအနက် အငယ်ဆုံးဖြစ်သည်။ မွေးရာပါ ဘုန်းတန်ခိုးကြောင့် ဤတာဝန်အတွက် အထူးရွေးချယ်ခြင်းခံခဲ့ရခြင်းပင်ဖြစ်၏။
ဟွာယို့အန်းက ခေါင်းခါပြလိုက်သည်။
“စိတ်မပူပါနဲ့ ဦးလေးကျုံးက သူလုပ်နိုင်တယ်လို့ပြောမှတော့ သူတကယ်လုပ်နိုင်လို့ပေါ့။ ခဏလောက်စောင့်ကြည့်ရအောင်”
...
ထို့နောက် အနည်းငယ်အသက်ပိုကြီးသော လူငယ်က ပြော၏။
“စုန်အာ အရှင့်သမီးတော်ပြောတာမှန်တယ်။ ဦးလေးကျုံးတစ်ယောက်တည်း လော့ဖုမြို့မှာ ဆယ်စုနှစ်နဲ့ချီပြီး လည်ပတ်နေတာ။ သူ့မှာ ထူးခြားတဲ့နည်းလမ်းတွေရှိလိမ့်မယ်။ သိပ်စိတ်မပူပါနဲ့”
“ကျားနင် ငါ့ကို ဆရာလာမလုပ်စမ်းနဲ့။ အခုတင် ထမင်းမစားနိုင်လောက်အောင်စိတ်ပူနေတာ ဘယ်သူလဲ” စုန်အာက ပြန်ပြော၏။
ကျားနင်က ရှက်ရွံ့စွာပြုံးလိုက်သည်။
“လူတိုင်းက မင်းလိုမျိုး အောက်ခြေမရှိတဲ့ တွင်းကြီးလို စားနေတယ်ထင်လို့လားကွ”
စုန်အာ၏ မွေးရာပါ စွမ်းအားများကြောင့် သူ၏ အစာစားချင်စိတ်က မယုံနိင်လောက်အောင် ကြီးမားသည်။
“အဲ့တာ မင်းထက်တော့ပိုကောင်းသေးတယ်ကွ။ လက်မခံဘူးလား။ အပြင်ထွက်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ နပန်းလုံးကြရအောင်”
“မင်းဘာလို့ လေးပစ်ပြီး ယှဥ်ဖို့ အကြံမပေးတာလဲ”
လေးပညာသည် ကျားနင်အထူးချွန်ဆုံးပညာရပ်ဖြစ်သည်ဟု ဖော်ပြနိုင်ကာ အချို့သော ကျင့်ကြံသူများကိုပင် တားမြစ်ထားသော်လည်း ယင်းအတွက် ရွေးချယ်ခံခဲ့ရသည်။
“မင်းနဲ့ လေးပစ်ပြိုင်ရအောင် ငါက အရူးမို့လို့လားကွ”
"ငါ မင်းနဲ့ နပန်းလုံးရအောင်ရော ငါက လူမိုက်လား”
နှစ်ယောက်သား အချင်းချင်း ရန်ဖြစ်စပြုလာသည်။ ဟွာယို့အန်းက ၎င်းတို့ကို ပြုံး၍ ကြည့်နေကြသည်။ ၎င်းတို့အားလုံးက သက်တူရွယ်တူ စစ်သည်တော်များဖြစ်ကြကာ အချိန်အတော်ကြာ အတူနေထိုင်ခဲ့သောကြောင့် ၎င်းတို့သည် သူငယ်ချင်းကောင်းများဖြစ်လာခဲ့ကြသည်။
ထို့အပြင် ၎င်းတို့၏ ရန်ဖြစ်မှုများက တင်းမာသောလေထုကို ဖြေလျော့စေရန် နည်းလမ်းတစ်ခုဖြစ်ကြောင်းကိုလည်း ဟွာယို့အန်းက သိထားသည်။ တကယ်တမ်းတွင် ဟွာယို့အန်းသည်လည်း ၎င်းတို့နည်းတူပင် စိတ်ပူနေခဲ့သည်။
ဦးလေးကျုံးကို ယုံကြည်ရန် ပြောခဲ့ဖူးသော်လည်း ကျင့်ကြံရေးလောကဟူသည် အလွန်ရက်စက်ကြောင်း သူမကောင်းစွာသိသည်။ စွမ်းအားကြီးပါက သင်လုပ်သမျှ မှန်သည်ဟု မှတ်ယူရမည်။ သို့သော် အင်အားနည်းနေလျှင်ပင်မူ အသက်ရှုခြင်းကပင် မှားသည်ဟု ယူဆရပေမည်။ လူသားမျိုးနွယ်၏ ခွန်အားဖြင့် ပွဲသို့ ဖိတ်စာရရန်အခက်အခဲကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
၎င်းတို့သုံးယောက်က တည်းခိုခန်းထဲတွင် စိတ်ရှုပ်ရှားစွာ စောင့်နေကြသည်။ လော့ဖုမြို့သခင်အိမ်တော်၏ ဘေးခန်းတွင် ချန်ကျုံးက ဆူဖြိုးသော ဘဏ္ဍာစိုးနှင့် စကားပြောနေစဉ် ခေါင်းညိတ်ကာ ဦးညွှတ်နေသည်။
“ဘဏ္ဍာစိုးကုန်း ကျေးဇူးပြုပြီး ကျွန်တော့်ကို လူသားမျိုးနွယ်စုအတွက် ဖိတ်စာတစ်စောင်လောက်ရေးပေးပါ။ ဒါက ကျေးဇူးဆပ်တဲ့သဘောပါပဲ။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ လက်ဖက်ရည်ဖိုးလေးယူထားလိုက်ပါ”
ထိုသို့ဖြင့် ချန်ကျုံးက ငွေစက္ကူအနည်းငယ်ပေးလိုက်သည်။ ဘဏ္ဍာစိုး ကုန်းက ချန်ကျုံး၏ လက်ထဲမှ တွ့န်ကျေနေသော ငွေစက္ကူများကို တစ်ချက်ကြည့်လိုက်ကာ အေးစက်စွာ လှောင်ရယ်လိုက်သည်။
“ချန်ကျုံးအာ ခင်ဗျားကို ကျုပ်သိခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ။ ခင်ဗျားဟာ မျက်နှာချိုသွေးတတ်တဲ့ ခွေးအိုကြီးကလွဲပြီး ဘာမှမဟုတ်ဘူးလို့ အမြဲထင်ခဲ့တာ။ လူသားမျိုးနွယ်ဘက်ကနေ ရပ်တည်ရဲမယ်လို့ ဘယ်သူကထင်ပါ့မလဲ။ ဘာလဲ ခင်ဗျားတို့ မျိုးနွယ်က ဖိတ်စာမရလို့ မျက်နှာမရတာလား”
ချန်ကျုံးက တုံ့ပြန်ခြင်းမရှိဘဲ ခါးသက်စွာပြုံးလိုက်သည်။
ကုန်းကျင်းက လှောင်ရယ်လိုက်သည်။
“ငါ့ကို လာရှုပ်မနေစမ်းနဲ့။ ငါ အံ့သြမိတယ်။ မင်းရဲ့လူသားမျိုးနွယ်က ဘာကိုရည်ရွယ်နေတာလဲ။ မျိုးနွယ်စုတစ်ထောင်ရဲ့ နောက်ဆုံးညီလာခံတုန်းက မင်းတို့လွှတ်လိုက်တဲ့ ကိုယ်စားလှယ်က ကောင်းကင်တာအိုမူလမြေအထိ ဝင်တောင်မဝင်နိုင်ဖြစ်ပြီး ညစာစားပွဲမှာတင် အသေသတ်ခံလိုက်ရတာ။ အခု ခင်ဗျားက နောက်တစ်ယောက်ထပ်ပြီး လွှတ်ချင်နေပြန်ပြီလား။ ပြီးတော့ ညစာစားပွဲကိုတောင်တက်ချင်ကြသေးတယ်ပေါ့”
“ကျုပ်ခင်ဗျားကိုပြောလိုက်မယ်။ ခင်ဗျားရဲ့ လူသားမျိုးနွယ်က အရမ်းအားနည်းလို့ နောက်ပြီး ခင်ဗျားကို ကာကွယ်ဖို့ မြို့တော်သခင်က တမင်ဖိတ်စာမပို့ခဲ့တာ။ ဒါ့ကြောင့် ခင်ဗျားပြန်လိုက်တာပဲကောင်းလိမ့်မယ်”
ထိုသို့ပြောပြီးနောက် မြို့တော်သခင်စံအိမ်၏ ဘဏ္ဍာစိုးကြီးကုန်းကျင်းသည် လက်ဖက်ရည်ခွက်ကို ကိုင်လျက် ချန်ကျုံးကို သိသိသာသာ ပြန်လွှတ်လိုက်သည်။
ချန်ကျုံးက ထွက်မသွားသေးဘဲ အသက်ပြင်းပြင်းရှုလိုက်၏။
“ဆရာကုန်း ကျုပ်တို့ လူသားမျိုးနွယ်က ဒီကမ္ဘာပေါ်မှာရှိနေသေးတယ်ဆိုတာ သက်သေပြချင်ရုံကလွဲလို့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျုပ်တို့ကို ပွဲတက်ခွင့်ပေးရန် ကျုပ်တို့ လူသားမျိုးနွယ်က ဆရာ့ကြင်နာမှုကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး”
"ငါ့ရဲ့ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူးဟုတ်လား ဟား၊ မင်းတို့ သေမျိုးတွေက အဲ့လို ထည့်စဥ်းစားပေးဖို့ ထိုက်တန်တယ်လို့ ဘာတွေယုံကြည်ချက်ရှိနေတာလဲကွ။၊ ငါမင်းကို အမှန်တိုင်းပြောလိုက်မယ်။ မင်းခေါ်လာတဲ့ မင်းကို ကာကွယ်ပေးမယ့်လူတွေကြောင့်သာမဟုတ်ရင် ငါမင်းနဲ့တွေ့နေမှာတောင်မဟုတ်ဘူးကွ” ကုန်းကျင်းက အေးစက်စွာနှာခေါင်းရှုတ်လိုက်ပြီးနောက် မတ်တပ်ရပ်၍ ထွက်ခွာသွားသည်။
ထိုအခိုက်အတန့်၌ ချန်ကျုံးက ရုတ်တရက် မြေပြင်ပေါ်သို ဒူးထောက်ချလိုက်၏။
“ဆရာကုန်း ကူညီပေးဖို့ တောင်းဆိုပါတယ်”
ထိုသို့ပြောကာ သူက မြေပြင်ပေါ်တွင်အကြိမ်ကြိမ် ဦးညွတ်လိုက်သည်။
ကုန်းကျင်က ဤသည်ကိုမြင်သော်လည်း မျက်တောင်ပင်မခတ်ဘဲ အဆိပ်ပြင်းသော လှောင်ရယ်သံမျိုးဖြင့် ရယ်မောလိုက်၏။
“ငါ ကန်တော့တာတွေအများကြီးတွေ့ဖူးတယ်။ မင်းကတော်တော် သဘာဝကျတယ်လို့ ပြာရမယ်။ ဆိုတော့ ဒါဆို အခု မင်း ဒူးထောက်ပြီး ခွေးတစ်ကောင်လိုဟောင်ကြည့်ပါလား ငါ မင်းတို့ မျိုးနွယ်စုအတွက် နည်းလမ်းတစ်ခု စဥ်းစားပေးမယ်လေ။ မင်းဘာပြောမလဲ”
ချန်ကျုံးက အနည်းငယ်ထိတ်လန့်သွားကာ ကုန်းကျင်းကိုကြည့်လိုက်သည်။
“ဘာလဲ မလုပ်ချင်ဘူးလား။ ဒါဆို ငါလည်းမကူညီနိုင်ဘူး” ကုန်းကျင်းက ပြောကာ ထွက်သွားရန်ခြေထောက်ဆန့်လိုက်သည်။
“ဆရာကုန်း ခဏလေးစောင့်ပါ” ချန်ကျုံးက ခေါင်းငုံ့ကာ ခပ်တိုးတိုးပြောသည်။
ကုန်းကျင်းက လမ်းတစ်ဝက်မှ ရပ်လိုက်သည်။
"ဘာလဲ၊ မင်းစိတ်ပြောင်းသွားပြီလား”
ချန်ကျုံး ၏ မျက်နှာက ဖြူဖျော့နေသော်လည်း အရိုးသားဆုံးပြုံးလိုက်သည်။
“ဟုတ် ဒါပေါ့ ဒါပေါ့ ကျွန်တော်လုပ်ချင်ပါတယ်။ ခွေးဘယ်လိုဟောင်းလဲဆိုတာပဲ တွေးကြည့်နေတာပါ”
ထိုသို့ပြောပြီးနောက် သူက
‘ဝုတ် ဝုတ် ဝုတ်’ ဟု စတင် ဟောင်သည်။
ခွေးကဲ့သို့ ဟောင်လျက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဆံပင်ဖြူအဖိုးအိုကိုကြည့်ကာ ကုန်းကျင်းက ကျယ်လောင်စွာရယ်မောလိုက်ပြီးနောက် ချန်ကျုံး၏ ခေါင်းကို လက်ဖြင့်ပုတ်လိုက်သည်။
"မင်း ဉာဏ်ကောင်းတယ်။ ငါ မင်းကို ကူညီမယ်။ ဒါပေမယ့် မင်းရဲ့လူသားမျိုးနွယ်က တစ်ယောက်ယောက်သေရင်တော့ ငါနဲ့ ဘာမှမဆိုင်ဘူး”
ကုန်းကျင်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးနောက်မှ ခပ်တိုးတိုးပြောလိုက်သည်။
“မင်းတို့လူသားမျိုးနွယ်ကလူတွေကို ငါတကဘ်နားမလည်နိုင်ဘူး။ မင်းတို့အားလုံးရူးနေကြပြီလား”
ထိုသို့ပြောကာ သူလှည့်ထွက်သွားသည်။
ချန်ကျုံးက နားနေခန်းထဲတွင်သာ ကျန်တော့ကာ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ထားလျက် မျက်လုံးများက ရှက်ရွံ့စိတ်ဖြင့် တဖျပ်ဖျပ်လတ်နေသည်။ သို့သော် ခဏအကြာတွင် ထိုအလင်းက မှိတ်ဖျော့သွားကာ ပြန်လည် ငြိမ်သက်လျက် မြို့သခင်အိမ်တော်မှ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
“ဦးလေးကျုံး ဘယ်လိုဖြစ်သွားပြီလဲ” စုန်အာက စိတ်အားထက်သန်စွာ မေးလိုက်သည်။
ချန်ကျုံးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ချန်ကျုံးက လှုပ်ရှားရင် အားလုံးက အလိုလို လေးစားကြပါတယ်။ အားလုံး စီစဥ်ပြီးကြပြီ။ ငါတို့ ဒီညနေ ပွဲတက်လို့ရတယ်”
“တကယ်လား။ အရမ်းကောင်းတယ်” စုန်အာက စိတ်လှုပ်ရှားစွာပြောကာ ကျားနင်ကို အဆင်သင့်ပြင်ရန် အောက်သို့ဆွဲခေါ်သွားသည်။
စိတ်အားထက်သန်နေသော နှစ်ယောက်၏ နောက်ကျောများကိုကြည့်လျက် ချန်ကျုံးက ခွေးကဲ့သို့ဟောင်ခဲ့ရသည်ကို စိတ်မကောင်းမဖြစ်ဘဲ ရုတ်တရက် ဗလာကျင်းသွားသော ခံစားချက်တစ်ခု နှလုံးသားထဲတွင် ခံစားလိုက်ရသည်။
ကုန်းကျင်း၏ စကားများက သူ့နားထဲတွင် ပဲ့တင်ထပ်နေသေးသည်။
ရှေ့တစ်ခေါက်မှ မျိုးနွယ်စုတစ်ထောင်စုဝေးပွဲ၏ ကြေကွဲဖွယ်မြင်ကွင်းသည် ချန်ကျုံး၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ထိုပွဲသို့ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ကြသည့် သက်တူရွယ်တူ လူငယ်လေးသုံးယောက်သည် အတူတကွ ရောကြိတ်ခံလိုက်ရသော အသားစိုင်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ဤတစ်ကြိမ်တွင် ရလဒ်က ကွာခြားသွားလိမ့်မည်ကို မသိုနိုင်ပေ။
သူမ၏ ထက်မြက်သော ဉာဏ်ပညာဖြင့် ဟွာယို့အန်းသည် ချန်ကျုံး၏ အမူအရာကို မြင်ကာ သူ မည်သည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း အလိုလိုသိလိုက်သည်။ ထို့ကြောင့် သူမမနေနိုင်ဘဲ ပြုံးလိုက်၏။
“ဦးလေးကျုံး စိတ်မကောင်းမဖြစ်နေပါနဲ့။ ကျွန်တော်တို့ သုံးယောက်လုံး မျိုးနွယ်စုတစ်ထောင်ညီလာခံကို လာဖို့ ဆုံးဖြတ်လိုက်တည်းက အရာအားလုံးအတွက် အဆင်သင့်ပြင်ထားကြပြီးသားပါ”
ဟွာယို့အန်းက ခဏရပ်လိုက်သည်။
"တကယ်လို့ ကျွန်တော်တို့ မပြန်နိုင်ခဲ့ရင် ဖေဖေ့ဆီ စာပို့ပေးဖို့ မမေ့ပါနဲ့။ ကျွန်တော်သူ့ကို အရှက်မခွဲဘူးဆိုတာ ပြောပြလိုက်ပါ”
ချန်ကျုံးက ခဏမျှ တိတ်ဆိတ်သွားသည်။
ဤခရီးတွင် မျက်ရည်များလည်းမရှိခဲ့ပေ။
သို့သော် ဤကမ္ဘာကြီးတွင် မျက်ရည်များပင်လျှင် အင်အားနည်းသူများနှင့်မသက်ဆိုင်ပေ။ ကုန်းကျင်းက စကားတည်ခဲ့ရာ မီးပုံးစတင်ထွန်းချိန်၌ သံတမန်တစ်ဦးက ၎င်းတို့ဆီသို့ ဖိတ်ကြားစာလာပို့ခဲ့သည်။
အပြည့်အဝပြင်ဆင်ထားပြီးဖြစ်သော ဟွာယို့အန်းနှင့် အခြားသူများသည် ဖိတ်စာကိုယူ၍ မြို့တော်သခင် စံအိမ်သို့ ဦးတည်သွားကြသည်။
အခန်း(၆၂၁) ညစာစားပွဲစတင်ခြင်း
တောင်ပင်လယ်ဂိုဏ်း၏ သီးခြားခြံဝင်းတွင် ကုန်းဝူနျနသည် သစ်သားအမူအရာဖြင့် ပြုမူကာ နတ်သားတော်ကျီဝေ့ကို ခစားလျက်ရှိသည်။ တစ်ချိန်က တောင်ပင်လယ်ဂိုဏ်း၏ စွမ်းအားကြီးသော သြဇာရခဲ့သည့် ဂိုဏ်းအစ်မဖြစ်သူသည် ယခုအခါ မယားငယ်အဖြစ်သို့ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ရသည်။
နတ်သားတော်ကျီဝေ့သည် မြင့်မားသော သရဖူနှင့် ကျယ်ပြန့်သော ခါးပတ်၊ ဓားနှင့် တူသော မျက်ခုံးမွှေးများနက်မှောင်စွာဖြင့် ကြေးဝါမှန်ထဲတွင် သူ့ကိုယ်သူကြည့်ကာ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ထို့နောက် ခေါင်းလှည့်ခြင်းမရှိဘဲ ပြော၏။
“ငါ့ကို ပြုစုပေးရတာ မင်းက စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး”
ဤသည်ကိုကြားသောအခါ ကုန်းဝူနျန်၏ သွယ်လျသော ခန္ဓာကိုယ်လေးက မသိမသာ တုန်လှုပ်သွားပြီးနောက် ဦးညွတ်ကာ နူးညံ့စွာပြောလိုက်သည်။
“ဝူနျန် မဝံ့ရဲပါဘူး”
...
“မိန်းမတွေ အများစုသင်ယူသင့်တဲ့အရာက စွမ်းအားကြီးတဲ့လူတွေဆီ လက်အောက်ခံဖို့ပဲ။ သူတို့ရဲ့ လိမ္မာပါးနပ်မှုလေးတွေကို အမွှန်းတင်ဖို့မဟုတ်ဘူးကွ။ ဒါ မိုက်မဲတာပဲ”
ကုန်းဝူနျန်က ခေါင်းကို ငုံ့လျက်ပင် အသားအရည်က ဖြူဖျော့သွားရကာ ခပ်တိုးတိုးတုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့”
“မင်းကို ငါကျေနပ်ပါတယ်။ မင်း ငါ့ကို ကောင်းကောင်းခစားသရွေ့ ဒါမှမဟုတ် ငါ့သားတော်ကို ကောင်းကောင်း မွေးပေးသရွေ့ မင်းကို ကြယ်တာရာနယ်မြေဆီပြန်ခေါ်သွားပြီး မြင့်မြတ်တဲ့ ကြင်ယာတော်ဖြစ်အောင်လုပ်ပေးဖို့တောင် ထည့်စဥ်းစားပေးနိုင်တယ်”
ထိုသို့ပြောပြီးနောက် နတ်သားတော်ကျီဝေ့က ကုန်းဝူနျန်ကိုလှည့်ကြည့်လိုက်သည်။ မထင်မှတ်ဘဲ ကုန်းဝူနျန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်မမြင်ခဲ့ရပေ။ ဤအရာက သူ့ကို သံသယင်းစွာပင် အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ စွမ်းအားကြီးသော ကြယ်တာရာစွမ်းအင်များက ကုန်းဝူနျန်ကို ချက်ချင်း တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်ကာ သူမကို လေထဲတွင် ဆွဲမြှောက်ထားလိုက်သည်။
“စက်ဆုပ်စရာမိန်းမ ငါ့လိုမျိုး စွမ်းအားကြီး နတ်ဘုရားကို ခစားရတာနဲ့တင် မင်းကိုယ်မင်းဂုဏ်ယူတတ်ဖို့ကောင်းနေပြီကွ။ ဒီလောက် မာန်တက်နေတာ မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ”
နတ်သားတော် ကျီဝေ့က ဤသို့ပြောနေစဥ် ကြယ်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ကြိုးများက ရုပ်တရက်တင်းကြပ်လာကာ ကုန်းဝူနျန်၏ ခန္ဓာကိုယ်ထဲမှ အသံတချို့ထွက်ပေါ်လာသည်။
ယင်းတို့သည် ပြင်းထန်သောဖိအားအောက်တွင် အရိုးများ၏ ညည်းတွားသံများဖြစ်ကာ ၎င်းတို့၏ဝန်ထုပ်ဝန်ပိုးကို ထုတ်ဖော်ပြသနေကြခြင်းဖြစ်သည်။ ကုန်းဝူနျန်၏ မျက်နှာထက်တွင် နာကျင်နေသော အရိပ်အယောင်ရှိသော်လည်း သက်ညှာပေးရန် သူမ တောင်းဆိုခြင်းမရှိပေ။
နတ်သားတော်ကျီဝေ့၏ မူလက ဂုဏ်သိက္ခာရှိသော မျက်နှာက ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်သွားသည်။ ထိုအချိန်၌ပင် အပြင်ဘက်မှ ဖန်တင်းထျန်၏ ရိုသေသောအသံထွက်ပေါ်လာသည်။
“နတ်သားတော် ရထားလုံးကအဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်မျိုးတို့သွားကြတော့မလားခင်ဗျာ”
ဤသည်ကိုကြားသောအခါ နတ်သားတော်ကျီဝေ့၏ အမူအရာက ချက်ချင်းပုံမှန်ပြန်ဖြစ်သွားကာ ကြယ်စွမ်းအားများလည်း ပျောက်ကွယ်သွားသည်။ ကုန်းဝူနျန်က လေထဲမှ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားသည်။ ထို့နောက် နတ်သားတော်ကျီဝေ့က ဘာသိဘာသာပြောလိုက်၏။
“အခု သွားကြရအောင်”
ပြောပြီးသည်နှင့် အခန်းထဲမှ လှည့်ထွက်သွားသည်။ ကုန်းဝူနျန်က မြေပြင်ပေါ်တွင် လက်ထောက်လျက် မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ သူမ၏ကြီးမား ကျယ်ပြန့်သော ၀တ်ရုံများအောက်တွင် တစ်ချိန်က နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် အမာရွတ်များနှင့် ဖုံးလွှမ်းနေခဲ့သည်။
…………………
လော့ဖုမြို့ ဇိမ်ခံခန်းထဲတွင် လန်ကျွင်းရှဲ့သည် ပြတင်းပေါက်ဘေးတွင်ရပ်ကာ အနက်ရောင်ရှေးဟောင်းကျောက်စိမ်းတုံးတစ်တုံးကို ကစားလျက် ညကောင်းကင်ယံတွင် ဖြာထွက်နေသော အလင်းတန်းများကို မော့ကြည့်လိုက်သည်။ ခဏအကြာတွင် သူက အကြည့်ကို ရပ်လိုက်ကာ နှုတ်ခမ်းထောင့်များတွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။
"ရှူရာမျိုးနွယ်စု၊ ဗုဒ္ဓပြည်၊ နောက်ပြီး ဂိုဏ်းကြီးတွေအားလုံးရောက်လာပြီပဲ။ အရာအားလုံး အသက်ဝင်တော့မှာသေချာပြီ”
သူက လက်ထဲရှိ ကျောက်စိမ်းတုံးကို ပွတ်သပ်ကာ ပြောသည်။
“ငါ မင်းဆီက သတ်ချင်တဲ့ အငွေ့အသက်ကို ခံစားလို့ရတယ်။ စိတ်မပူပါနဲ့၊ နတ်ဆိုးမျိုးနွယ်က နောက်ဆုံးမှာ အမြင့်ဆုံး စိုးစံလိမ့်မယ်"
သူ့စကားကို တုံ့ပြန်လိုက်သကဲ့သို့ ရှေးခေတ် ကျောက်စိမ်းတွင်းမှ နတ်ဆိုးမျိုးနွယ်ထံမှ စူးစူးဝါးဝါး အော်သံက ပဲ့တင်ထပ်သွားသည်။ လန်ကျင်းရှဲ့က ခပ်တိုးတိုးရယ်မောလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားပြီး ညအမှောင်ထဲ ပျောက်ကွယ်သွားခဲ့သည်။
…………
ဤကဲ့သို့သော မြင်ကွင်းများသည် နေရာတိုင်းတွင် ပျံ့နှံ့နေခဲ့သည်။ သို့သော် ပိုင်းခြားသိမြင်နိုင်စွမ်းမြင့်သောလူသားများ မျိုးနွယ်စုတစ်ထောင်စုဝေးပွဲနှင့် ပတ်သက်၍ ထူးခြားသည့်အရာတစ်ခုကို သတိပြုမိကြသည်။
အရေးပါသော ပါဝင်သူတစ်ဦး ပျောက်ဆုံးနေခြင်းပင်ဖြစ်သည်။
အမှန်ပင် ၎င်းမှာ နတ်ဆိုးမျိုးနွယ်စုဖြစ်သည်။ ယခုအချိန်ထိ နတ်ဆိုးတောင်တန်းမှ နတ်ဆိုးတစ်ကောင်ကိုမျှ မတွေ့ကြရသေးပေ။ နတ်ဆိုးမျိုးနွယ်စုက ဤစုဝေးပွဲမတက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမျိုးဖြစ်နိုင်သည်လော။
ဤထင်ကြေးက လူများစွာကို စိတ်လှုပ်ရှားစေသည်။ အကယ်၍ နတ်ဆိုးမျိုးနွယ်စုက မျိုးနွယ်စုတစ်ထောင်၏ ဤကြီးမားသော စည်းဝေးပွဲကို မတက်ရောက်ခဲ့ပါက တူညီသောအားဖြင့် အခြားမျိုးနွယ်များနှင့် ဂိုဏ်းများက အောင်ပွဲ ရရန် အခွင့်အရေး အနည်းငယ်ပိုရပေလိမ့်မည်။
နောက်ဆုံးတွင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားနေဆဲပင်ဖြစ်သည်။
ဤအတွေးဖြင့် မျိုးနွယ်စုများသည် မြို့တော်သခင်စံအိမ်တွင် စည်းဝေးကြပြီး ပွဲကို စတင်ကြသည်။
ယနေ့တွင်၊ မြို့သခင်၏ စံအိမ်က တောက်ပလင်းလက်နေကာ လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။
ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များအားလုံးကို အတွင်းခန်းမတွင် တည်ခင်းဧည့်ခံရန် စီစဉ်ပေးခဲ့သည်။
ဤအတောအတွင်း၊ ဂိုဏ်းငယ်အချို့သည် ခြံဝင်းထဲတွင် ပွဲခံစားပွဲများ တပ်ဆင်ကြသည်။ ဧည့်သည်များ များပြားမှုကြောင့် ကျယ်ပြောလှသော မြို့သခင်အိမ်တော်ကြီးပင် ပြည့်လုနီးနီးဖြစ်လာသည်။
ဟွာယို့အန်း၊ ကျားနင်နှင့် စုန်အာတို့က မြို့တော်သခင်စံအိမ်သို့ရောက်လာသောအခါ ရှေ့လမ်းတစ်ခုလုံးတွင် ရထားလုံးမျိုးစုံဖြင့် ပိတ်နေပြီဖြစ်သည်။
မှန်သည်။ ထိုနေရာသို့ တိုက်ရိုက်ပျံသန်းလာသည့် ကျင့်ကြံသူများပင်ရှိသေးသည်။ လမ်းပေါ်တွင် ရပ်လိုက်ရုံဖြင့် မရေမတွက်နိုင်အောင် များပြားလှသော အလင်းတန်းများက မြို့သခင်စံအိမ်ထဲသို့ အဆက်မပြတ် သက်ဆင်းလျက်ရှိသည်ကို မြင်နိုင်ကြသဖြင့် ကြည့်ရှု့သူ လူအုပ်ကြီးက တအံ့တသြဖြစ်နေကြသည်။
ဟွာယို့အန်းက လမ်းတစ်ဝက်တွင် ရထားပေါ်မှဆင်းကာ အိမ်ရှေ့တံခါးဆီသို့ လျှောက်သွားပြီးနောက် သူမ၏ ဝတ်စုံကို တည့်မတ်စေကာ ခေါင်းကို မြင့်မြင့်ထားလျက် အတွင်းဘက်သို့ လျှောက်သွားသည်။
"နေပါဦး မင်းတို့က ဘာလာလုပ်တာလဲ”
သို့သော် အတွင်းသို့မဝင်မီ၌ မာကြောသော တံခါးစောင့်၏ အသံက ၎င်းတို့သုံးဦးလုံးကို ရပ်တန့်စေခဲ့သည်။
“ဒီမှာ ပွဲတက်ဖို့ ဖိတ်ထားလို့” ဟွာယို့အန်းက ရွှေကွပ်ထားသော ဖိတ်စာလေးတစ်စောင်ကို ထုတ်ကာ တံခါးစောင့်အားပေးလိုက်သည်။
တံခါးစောင့်က တစ်ချက်ကြည့်ပြီးနောက် ထူးဆန်းသည်ဟုတွေးလိုက်သည်။
“ဟားဟား လူသားမျိုးနွယ်စု…ပဲ” လူသားမျိုးနွယ်ဟူသော စကားလုံးကို ပြောလိုက်သောအခါ တံခါးစောင့်၏ အသံက သိသိသာသာ ရှည်ထွက်သွားသည်။
ဟွာယို့အန်းက စကားမပြောနိုင်ခင် စုန်အာက မထိန်းနိုင်တော့ဘဲ အေးစက်သောအသံဖြင့်ပြောလိုက်သည်။
“လူသားမျိုးနွယ်ဖြစ်တော့ဘာဖြစ်လဲကွ။ ငါတို့မှာ ဖိတ်စာတစ်ခုရှိတယ်။ ဒီမှာလူတွေအများကြီးပဲ။ ငါတို့ကိုချည်းလာ နှောက်ယှက်နေတာ ဘာသဘောလဲ”
“ငါစစ်ဆေးချင်တဲ့လူကို စစ်ဆေးနိုင်တယ်ကွ။ မင်းကိစ္စလား”
ဤအခိုက်အတန့်တွင် အနီးနားရှိလူအုပ်က ပွဲကြည့်ရန် စိတ်လှုပ်ရှားစွာဝိုင်လာကြသည်။ ဟွာယို့အန်းနှင့် သူ၏ အပေါင်းအဖော်တို့၏ အနက်ရောင်ဆံနွယ်များနှင့် အနက်ရောင်မျက်စံများကိုမြင်လိုကရသောအခါ စတင်၍ အချင်းချင်း ဆွေးနွေးလာကြ၏။
“ဒါ လူသားမျိုးနွယ်စုပဲ”
“ကျွတ် ကျွတ် သူတို့က တကယ်လာရဲသေးတယ်ပေါ့”
ဤစကားသံများက ဟွာယို့အန်းကို သူ့နောက်ကျောသို့ ထိုးနေသော ဓားများကဲ့သို့ခံစားရစေသော်လည်း ဒေါသကို ထိန်းကာ စုန်အာကို တားလိုက်သည်။
“အခု ဘာပြဿနာမှမရှိဘူးဆိုတော့ ကျုပ်တို့ ဝင်လို့ရမလား”
“ဒါပေါ့ ကျေးဇူးပြုပြီး ဝင်သွားပါ” တံခါးစောင့်က ရွဲ့စောင်းသော လေသံဖြင့်ပြောသည်။ ထိုခဏ၌ ရွှေရောင်အလင်းတန်းနှစ်စင်းက မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ ၎င်းသည်ကာ ဝမ်ချန်ယိနှင့် တပည့်ဖြစ်သူ ရှန်ရော့လင်တို့ဖြစ်သည်။
ထိုနှစ်ယောက်ကိုတွေ့သောအခါ မူလမာနထောင်လွှားသော တံခါးစောင့်သည် ချက်ခြင်းပင် ဖော်ရွေသောအပြုံးဖြင့် ပြောင်းလဲသွားသည်။
“ဒါက ဂါရန်ဂိုဏ်းရဲ့ ကာကွယ်သူထင်တယ်။ ကျေးဇူးပြုပြီး အထဲကို ဝင်ပါခင်ဗျ”
ဤနေရာ၌ တံခါးစောင့်တစ်ဦးဖြစ်ရန်၊ ပထမလိုအပ်ချက်မှာ အလွန်ထက်မြက်သော မျက်လုံးကို ပိုင်ဆိုင်ရန်၊ လူတစ်ဦး၏ မျိုးရိုးနှင့် ဂိုဏ်းကို အသေးစိတ် အချက်အလက်အမျိုးမျိုးဖြင့် ပိုင်းခြားသိမြင်နိုင်စေရန် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ ဤတံခါးမှုးက ကောင်းစွာသိသည်။ ဝမ်ချန်ယိက အနည်းငယ်ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် ဒေါသထွက်နေသော စုန်အာနှင့် ကျားနင်တို့ကို ဦးဆောင်လျက် ဟွာယို့အန်းက အထဲသို့ဝင်လာခဲ့သည်။
“ဟေး မင်းတို့က ဘယ်သွားမလို့လဲ။ အဲ့နေရာက မင်းအတွက်လား။ လူသားမျိုးနွယ်ကလူတွေက ခန်းမဘေးကို သွားရမယ်။ တကယ်ကို လိမ္မာပါးနပ်မှုမရှိတာပဲ” တံခါးစောင့်က လှည့်ကြည့်လိုက်သောအခါ ဟွာယို့အန်းက ခန်းမထဲဝင်ရန်ပြင်နေကြောင်း မြင်လိုက်ရသဖြင့် ချက်ချင်းပင် စူးရဲရွံရှာသော အသံဖြင့်အော်လိုက်သည်။
ဟွာယို့အန်းပင်လျှင် မထိန်းနိုင်တော့ဘဲ ဒေါသတကြီးအော်လိုက်သည်။
“လူသားမျိုးနွယ်က လူတွေကို တမင်တကာ ပစ်မှတ်ထားနေတာလား။"
“အဲ့တော့ ဘာဖြစ်လဲ” တံခါးစောင့်က ကြောက်ရွံ့ခြင်းအရိပ်အယောင်ပြခြင်းမရှိဘဲ တားဆီးရန် အဆင်သင့်ဖြစ်နေသည်။
ထိုအချိန်၌ ဝမ်ချန်ယိက ရုတ်တရက် စကားပြောလိုက်သည်။
“တံခါးစောင့်တစ်ယောက်က ဒီလောက် မိုက်ရိုင်းရဲလား”
သူစကားပြောပြီးချိန်တွင် တံခါးစောင့်၏ မျက်နှာသည် ဖြူဖျော့သွား၏။
“အရှင်၊ ဒါ…”
“ဆန်ကုန်မြေလေး”
ဝမ်ချန်ယိက လျစ်လျူရှု့က ပြောလိုက်သည်။
ထို့နောက် တံခါးစောင့်က ဝမ်ချန်ယိအပေါ် မကျေနပ်သောအမူအရာမပြဝံ့ဘဲ အမိန့်ပေးသံကြားလိုက်ရသည်နှင့် ချက်ချင်းရှောင်ထွက်သွားသည်။ ထို့နောက် ဝမ်ချန်ယိက ရှေ့သို့ အနည်းငယ်တိုးလာကာ ခပ်ပါးပါးပြုံးလိုက်၏။
“ဒါဆို မင်းတို့အားလုံးက မျိုးနွယ်စုတစ်ထောင်စုဝေးပွဲကို တက်ဖို့လာတဲ့ လူသားမျိုးနွယ်က ကိုယ်စားလှယ်တွေပေါ့”