သေချာနေသော သေခြင်းတရား
Vol. 145 Ch. 2061
၎င်းသည် ကြီးမားသော သားရဲကြီးတစ်ကောင်ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်က တောက်ပနေပြီး အရောင်စုံသော ငှက်မွေးတောင်များဖြင့် ဖုံးလွှမ်းထားသည်။ ထိုအမွေးအတောင်များကို ဖြန့်ကျက်လိုက်သည့်အခါ ရောင်စုံကျောက်မျက်များနှင့် စီခြယ်ထားသကဲ့သို့ ထင်မှတ်ရပေသည်။ ၎င်းတို့က မှန်များကဲ့သို့ တောက်ပသော နတ်အလင်းများ ရောင်ပြန်ဟပ်နေသည်။
သူ၏ ခေါင်းပေါ်တွင် ကျောက်မျက်ရတနာများနှင့် ဆင်မြန်းထားသော သရဖူတစ်ခုကို ဝတ်ဆင်ထားသည်။ သူသည် ပြိုင်ဘက်ကင်း ခမ်းနားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
၎င်းသည် ဥဒေါင်းနတ်ဆိုးတစ်ကောင်ဖြစ်ပေသည်။ ပြိုင်ဘက်ကင်း ခမ်းနားထည်ဝါမှုတို့အပြင် နှိုင်းယှဥ်၍ မရအောင် လှပမှုကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူ၏ နတ်မွေးတောင်များပေါ်မှ ရတနာများသည် အဆုံးမဲ့ အရောင်စုံအလင်းများကို ဖြာလင်းနေစေသည်ဟု ထင်မှတ်ရသည်။ ၎င်းက ပိတ်ထားခဲ့သော ချိပ်စည်းကို ချိုးဖျက်ကာ ကျယ်ပြောသော လေဟာနယ်အတွင်းသို့ အလင်းများ ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့ နတ်အလင်းများက လျှို့ဝှက်နယ်မြေအတွင်းတွင် ပျံ့နှံ့သွားခဲ့ပြီး လေဟာနယ်အား ပြိုကျအက်ကွဲပျက်စီးလာစေခဲ့သည်။
ရီဖူရှင်း၏ နှလုံးသားက ပြင်းထန်စွာခုန်လှုပ်နေခဲ့သည်။ ဤမာနကြီးသော ဥဒေါင်းဘုရင်က သူ၏ မျက်လုံးများကို မှိတ်ထားခဲ့သည်။ သူ့တွင် အသက်စွမ်းအင် တစိုးတစိမှ ကျန်ရစ်ခြင်းမရှိတော့ပေ။ ဤသည်မှာ အချိန်ကြာမြင့်စွာကတည်းကပင် သုတ်သင်ခံခဲ့ရသော ဥဒေါင်းမိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်လေသည်။ မဟုတ်လျှင် မည်သူက သူ့အား ဤနေရာ၌ ဖမ်းဆီးထိန်းသိမ်းထားနိုင်မည်နည်း။
သူက သေချာပေါက်ပင် အလွန်ရှေးကျလှသည့် မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်နိုင်ပေသည်။ ထိုဥဒေါင်းသည် အလွန်ရှည်ကျလှသော ကာလကတည်းက သုတ်သင်ခံခဲ့ရခြင်း ဖြစ်လျှင်ပင် အလွန်တောက်ပနေဆဲဖြစ်ပြီး သူ့အား ဤနေရာ၌ ထိန်းသိမ်းထားရန် များပြားလှစွာသော ချိပ်ပိတ်အစီအရင်များ လိုအပ်နေဆဲပင် ဖြစ်သည်။
မည်သည့်အရာက သူ့အား ထိုမျှထိ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ရှိနေဆဲဖြစ်အောင် ထိန်းသိမ်းထားနိုင်ရသနည်း။
ရီဖူရှင်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေဆဲဖြစ်သည်။ သူက ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ ရှေ့တွင် ရပ်နေရုံမျှနှင့် မွန်းကြပ်ဖွယ်ကောင်းသော ဖိအားကို ခံစားရပေသည်။ ရီဖူရှင်းသည် သူ၏ သွေးများက သူ့ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ တောက်ပသည့် နတ်အလင်းရောင်ဝါများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။ ကမ္ဘာ့သစ်ပင်သက်စောင့်ဝိညာဥ်သည် စွမ်းအားများကို အပြင်းအထန် ထုတ်လွှတ်နေခဲ့၏။ ၎င်းသည် ဧကရာဇ်ရောင်ဝါဖြင့် လွှမ်းခြုံခံထားရပြီး နတ်ဘုရားတစ်ပါးက ထိုနေရာ၌ရပ်နေသကဲ့သို့ပင် ဖြစ်သည်။
ကမ္ဘာ့သစ်ပင်ကြောင့်သာ မဟုတ်လျှင် ရီဖူရှင်းသည် ထိုမျှ ပြင်းထန်သည့် ဖိအားကို ခံနိုင်ရည်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
ဒုတ်...ဒုတ်...
သူ၏ နှလုံးခုန်သံက မြန်ဆန်နေဆဲပင် ဖြစ်သည်။ ရီဖူရှင်းက ဥဒေါင်း၏ အလောင်းကို ကြည့််လိုက်သည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရားမှာ နတ်အလင်းများနှင့် တောက်ပနေဆဲဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု ရှိနေခဲ့သည်။ ထိုအပေါက်ကြီးကို နတ်အလင်းများဖြင့် လွှမ်းခြုံထား၏။ သူ၏ ခန္ဓာကိုယ်မှ သွေးများက အချိန်ကြာမြင့်စွာကပင် ခြောက်သွေ့နေခဲ့ပြီဖြစ်သည်။ ထိုတောက်ပသည့် ပုံရိပ်က သူအသက်ရှိစဥ်က အသွင်အပြင်အတိုင်း ထိန်းသိမ်းထားခဲ့သည်။
"အဲဒါကဘာလဲ"
ရီဖူရှင်းက ရှေ့သို့ ကြည့်လိုက်သည်။ သူသည် ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ အတွင်းထဲမှ ခုန်လှုပ်သံ တစ်ခုကို ကြားနေရသည်။ ရီဖူရှင်း၏ နှလုံးသားသည်လည်း ထိုစည်းချက်နှင့်အညီ လိုက်ကာ ခုန်လှုပ်နေခဲ့သည်။
သူသည် မျက်စိကျိန်းလောက်အောင် တောက်ပသော သလင်းကျောက်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းက နတ်အလင်းတို့ဖြင့် တောက်ပနေခဲ့သည်။ ကြည့်ရသည်မှာ ဥဒေါင်းမိစ္ဆာနတ်ဘုရားက ထိုမျှ တောက်ပသော နတ်ရောင်ဝါတို့ ထုတ်လွှတ်နေသည်မှာ ထိုအကြောင်းအရင်းကြောင့် ဖြစ်ပေလိမ့်မည်။ ၎င်းက အခြားသူများကို ချဥ်းကပ်၍ မရနိုင်အောင် ပြုလုပ်ထားသည်။ သူတို့သည် ထိုစွမ်းအားကို ခံနိုင်ရည်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။
ဒုတ်...
နှလုံးခုန်သံက ဆက်လက်ထွက်ပေါ်နေသည်။ နှလုံးခုန်သံတစ်ခုချင်းစီက ရီဖူရှင်းအား သူ၏ နှလုံးကို ခန္ဓာကိုယ်အတွင်းမှ ခုန်ထွက်သွားတော့မလို ခံစားမိစေသည်။ သူ၏ အမူအရာက ပြင်းထန်စွာ စိတ်ဝင်စားနေသော အမူအရာတို့ ဖြစ်ပေါ်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။
၎င်းက ဥဒေါင်း၏ နတ်နှလုံးသား ဖြစ်နိုင်သလား။
ထိုသည်က ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ နှလုံးသား ဖြစ်လေသည်။
နှစ်ပရိစ္ဆေဒများစွာက သတ်ဖြတ်ခံခဲ့ရသော ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ နှလုံးသားက အမှန်ပင် ယခုထိ ခုန်လှုပ်နိုင်စွမ်း ရှိသည်လား။
၎င်းက နတ်ဘုရားနှလုံးသားပင် ဖြစ်သည်။
ဘုန်း...
တောက်ပသော အလင်းတို့က အပြင်ဘက်သို့ ဖြာထွက်လာသည်။ ကြောက်မက်ဖွယ် အသံတစ်ခုက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ အရာအားလုံးက အက်ကွဲပျက်စီးကာ ဖျက်ဆီးခံလိုက်ရသည်။ လျှို့ဝှက်နယ်မြေတစ်ခုလုံးက ပြိုကျပျက်စီးသွားခဲ့သည်။
ဥဒေါင်း၏ နတ်နှလုံးသားက မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်မှ ပျံသန်းထွက်လာခဲ့သည်။ ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်တို့က ၎င်းကို ရစ်ပတ်ထားခဲ့သည်။ ဥဒေါင်း နတ်နှလုံးသားကလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုထားခဲ့ပေသည်။ သူတို့က အချင်းချင်း ဆွဲငင်နေပုံရလေသည်။ ထို့နောက် ၎င်းက မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ရောင်ဝါအား ထုတ်လွှတ်ကာ ရီဖူရှင်း၏ သက်စောင့်ဝိညာဥ် ကမ္ဘာ့သစ်ပင်ထံသို့ တိုးဝင်လာလေသည်။
ဘုန်း...
ရီဖူရှင်းထံမှ ချက်ချင်းပင် ရောင်စုံအလင်းများ တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာ့သစ်ပင်က ဥဒေါင်းနတ်နှလုံးသားအား ပိုးအိမ်တစ်ခုကဲ့သို့ ရစ်ပတ်ထားခဲ့သည်။ ၎င်းသည် နှလုံးအား အထဲတွင်ထည့်ကာ လွှမ်းခြုံထားခဲ့သည်။ ထို့နောက် နှလုံးက တဖြေးဖြေး ပျောက်ကွယ်ကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး သက်စောင့်ဝိညာဥ် ကမ္ဘာ့သစ်ပင်နှင့် ပေါင်းစပ်ကာ သက်စောင့်ဟော်နန်းထဲသို့ ရောက်ရှိသွားသည်။
…
လျှို့ဝှက်နယ်မြေအပြင်ဘက် နယ်မြေသခင်အိမ်တော်တွင်...
ယခုအခါ၌ မြင့်မားသော တောင်ထွတ်ပေါ်တွင် တည်ရှိသည့် တုန်းဟွာနန်းတော်တွင် အဆက်မပြတ် စီးဆင်းနေသော ရေတံခွန်ရှိပြီး တန်ခိုးရှင်တစ်စုက အရက်ကလေးသောက်ရင်းနှင့် ပေါ့ပါးစွာ စကားစမြည်ပြောနေကြသည်။
သို့သော် ထိုအခိုက်တွင် အောက်ဘက်မှ လာသော ကြောက်မက်ဖွယ် အုတ်အော်သောင်းနင်း ဖြစ်ပေါ်လာသည့် အသံကို ကြားလိုက်ရပေသည်။ နတ်အလင်းက လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်လာသည်။ အောက်ဘက်ရှိ နယ်မြေက လျှို့ဝှက်နယ်မြေ တည်ရှိရာ နေရာဖြစ်သည်။ ထိုနေရာမှ မရေတွက်နိုင်သော နတ်အလင်းတန်းတို့က လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်သို့တိုင် တက်လာခဲ့သည်။
နယ်မြေသခင်က ထရပ်လိုက်သည်။ သူ့အမူအရာက ရုတ်တရက် အလွန် လေးနက်လာသည်။ သူက ရေတံခွန်အစွန်းသို့ လျှောက်သွားခဲ့ပြီး အောက်ဘက်ကို ငုံ့ကြည့်လိုက်သည်။ သူသည် နတ်အလင်းများက ကျယ်ပြောသော လေဟာနယ်ကို ထိုးဖောက်ကာ အဆုံးမဲ့နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားကြောင်း မြင်တွေ့လိုက်ရသည်။ ပြင်းထန်သော တုန်ခါသံကို ကြားလိုက်ရ၏။ ထိုနတ်အလင်းတွင် ပြိုင်ဘက်ကင်း စွမ်းအားတို့ ပါဝင်နေသည်။ ပိုမိုများပြားသော နတ်အလင်းများ ပေါ်ပေါက်လာသည်။ လေဟာနယ်က ပြိုကွဲသွားပြီး ၎င်းတို့က ကောင်းကင်သို့ ထိုးဖောက်လာသည်။ ယင်းတို့က အလွန် တောက်ပနေပေသည်။
တုန်းဟွာနန်းတော်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးက ကသုတ်ကရက် ထရပ်လိုက်ကြကာ ရေတံခွန် ထိပ်သို့ လျှောက်သွားခဲ့ကြသည်။ သူတို့က အောက်သို့ ငုံ့ကြည့်ရင်း အလွန် အံ့အားသင့်သော အမူအရာတို့ကို ထုတ်ဖော်ပြသလာသည်။ မည်သည်တို့ဖြစ်နေသနည်း။
"နယ်မြေသခင် ဘာတွေ ဖြစ်နေတာလဲ။" မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က မေးလိုက်သည်။ သူက အောက်ဘက်သို့ ကြည့်ကာ လေးနက်သော အကြည့်များနှင့်ရှိနေသည့် နယ်မြေသခင်ကို ကြည့်လိုက်သည်။
တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
သို့သော် ထိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။ လျှို့ဝှက်နယ်မြေတစ်ခုလုံးက ကြီးမားသော ချိပ်စည်းတစ်ခု ဖြစ်လေသည်။ နတ်ရတနာတစ်ခုအား အထဲတွင် ချိပ်ပိတ်ထားသည်။ ဂျူနီယာတန်ခိုးရှင်များမဆိုထားနှင့် ထိပ်သီးအဆင့် တန်ခိုးရှင်များသည်ပင် ချိပ်စည်းအား ချိုးဖျက်နိုင်စွမ်းမရှိကြပေ။
ဤချိပ်စည်းက နယ်မြေသခင် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ တော်ဝင်နန်းတော်မှ ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသည်မှာ မဟာအင်ပါယာ၏ စွမ်းအား ဖြစ်နိုင်ပေသည်။
ဘုန်း...
နတ်အလင်းတန်းတစ်ခု ပျံသန်းထွက်လာပြီး ကောင်းကင်တွင် ကောင်းကင်စာလိပ်၏ စာမျက်နှာတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အလွန် ကြီးမားလှသည်။ ကောင်းကင်စာလိပ်က အဆုံးမဲ့ ချိပ်စည်းနတ်အလင်းတို့ကို ထုတ်လွှတ်နေသော်လည်း လျှို့ဝှက်နယ်မြေ ပျက်စီးခြင်းအား မတားဆီးနိုင်ပေ။
တောက်ပသော နတ်အလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်စာလိပ်ဆီ တိုးဝင်လာသည်။ ကောင်းကင်စာလိပ်က အသိဉာဏ်ရှိပုံရကာ ပြင်းထန်စွာ လှည့်ပတ်နေပြီး အဆုံးမဲ့ ချိပ်စည်းနတ်အလင်းတို့က အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်သို့ အရူးအမူး ထိုးဆင်းသွားသည်။ သို့သော် ယင်းတို့က ပျက်စီးသွားနေသည်။ ကျယ်လောင်သော အသံများနှင့် ကောင်းကင်စာလိပ်က တစစီစုတ်ပြဲသွားပြီး ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားပေသည်။
နောက်တခဏတွင် နယ်မြေသခင်အိမ်တော်အတွင်းမှ ထိတ်လန့်အံ့သြဖွယ် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ သူတို့ အောက်ခြေမှ မြေပြင်က တစထက်တစ အက်ကွဲလာပြီး ထိုနေရာတစ်ခုလုံးကို အဆက်မပြတ် တုန်ခါလာစေသည်။ သူတို့ ရှိနေသည့် တောင်ထိပ်က အပြင်းအထန် တုန်ယင်လာပြီး အက်ကြောင်းများက သူတို့ ခြေထောက်အောက်မှ ပေါ်ပေါက်လာသည်။
"နယ်မြေသခင်..." သူ့အနီးမှ လူများက တစ်ခုခုဖြစ်နေသည်ကို သတိပြုမိသွားကြသည်။ အတိအကျ မည်သည်တို့ဖြစ်နေသနည်း။
သို့သော် နယ်မြေသခင်က သူတို့ ပြောသည်အား ကြားဟန်မတူပေ။ စုတ်ပြဲနေသော ကောင်းကင်စာလိပ်အား ကြည့်နေသည့် သူ၏ မျက်နှာအမူအရာရာက အလွန် ရုပ်ဆိုးနေခဲ့သည်။ သူ၏ နတ်ရတနာက အမှန်တကယ် ဖျက်ဆီးခံလိုက်ရပြီလား။
အောက်ဘက်ရှိ ပုံရိပ်များက ချက်ချင်း ထိုးတက်လာကြသည်။ သူတို့အားလုံးက အလွန် သနားစဖွယ်ဖြစ်နေကြ၏။ ပထမဆုံး ထွက်ပေါ်လာသူမှာ နင်ဟွာဖြစ်သည်။ သူက ကောင်းကင်တွင် ရပ်ကာ တုန်းဟွာနန်းတော်ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူ့မျက်နှာတွင်လည်း ကောင်းမွန်သော အမူအရာရှိမနေပေ။ နယ်မြေသခင်နင်ကဲ့သို့ပင် မည်သည်တို့ ဖြစ်နေသည်အား သူ့ခေါင်းမှ ရှင်းလင်းစွာ တွေးတောနိုင်ခြင်း မရှိသေးပေ။
နတ်အလင်းက တဖြေးဖြေး ပျောက်ကွယ်သွားသည်။ ပုံရိပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ရန်ဟောင်များစွာအပြင် နတ်ဆိုးအင်ပါယာများလည်း ထွက်ပေါ်လာသည်။ သူတို့က ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့သည် ဤကဲ့သို့ ထွက်လာနိုင်မည်ဟု ထင်မထားခဲ့ကြပေ။ သို့သော် သူတို့က ထွက်လာနိုင်လျှင်ပင် အချည်းနှီး ဖြစ်သည်။ သူတို့ဆီမှ ချိပ်ပိတ်ထားမှုအား မဖယ်ရသေးသည့်အတွက် သူတို့က နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို ဆန့်ကျင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
နယ်မြေသခင်နင်၏ မျက်လုံးများက အလွန်ထက်ရှနေသည်။ သူက တန်ခိုးရှင်များကို လှမ်းကြည့်လိုက်သည်။ ထို့နောက် နင်ဟွာအား ကြည့်ကာ မေးလိုက်၏။ "ဘာဖြစ်ခဲ့တာလဲ။"
"ချိပ်စည်းပေါက်သွားတယ်။" နင်ဟွာက ဖြေလိုက်၏။
"ဘယ်လိုပေါက်သွားတာလဲ။" နယ်မြေသခင်နင်က မေးလိုက်သည်။
နင်ဟွာထံ၌ ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် ရီဖူရှင်းက မိစ္ဆာနတ်ဘုရားမျှော်စင်၏ တံခါးအား ဖွင့်လိုက်သည်ကို ပြန်စဥ်းစားလိုက်၏။ နင်ဟွာသည် ချိပ်စည်းက အလိုလို ကျိုးပျက်သွားသည်ဟု ယုံကြည်နေဆဲပင် ဖြစ်သည်။
သို့သော် ရီဖူရှင်းက တံခါးကို ဖွင့်ကာ ချိပ်စည်းအား ဖြေခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်လေသည်။
"ရီလျှို့နျန်က မိစ္ဆာနတ်ဘုရားမျှော်စင်တံခါးကို ဖွင့်ခဲ့ပြီးတော့ ချိပ်စည်းက ပျက်သွားတာပဲ။" အသံတစ်ခုက ပြောလိုက်သည်။ ထိုသူမှာ နင်ဟွာမဟုတ်ဘဲ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ အိမ်ရှေ့စံ ယန်ဟန်ရှင်းပင် ဖြစ်လေသည်။
"မဖြစ်နိုင်ဘူး။" နယ်မြေသခင်က ယန်ဟန်ရှင်းအား ကြည့်ကာ ပြောလိုက်သည်။ ရီဖူရှင်းက ချိပ်စည်းအား မည်သို့ ချိုးဖျက်နိုင်ပါမည်နည်း။
ရီဖူရှင်းက မည်မျှ အစွမ်းထက်ပါစေ သူက အလယ်အလတ်အဆင့်မှ အဆင်လေးရန်ဟောင်တစ်ပါးသာ ဖြစ်လေသည်။
"နယ်မြေသခင်.. ခင်ဗျား တခြားလူတွေကို မေးကြည့်နိုင်တယ်။" ယန်ဟန်ရှင်းက ပြန်ဖြေလိုက်သည်။ နယ်မြေသခင်က နင်ဟွာကို ကြည့်လိုက်ပြီး နင်ဟွာက ပြောလိုက်၏။ "ကျွန်တော်တို့ လျှို့ဝှက်နယ်မြေထဲရောက်တော့ မိစ္ဆာနတ်ဘုရားမျှော်စင်မှာ အပြောင်းအလဲတွေ ဖြစ်နေတယ်။ ပြီးတော့ ရီလျှို့နျန် မိစ္ဆာနတ်ဘုရားမျှော်စင်ဆီ သွားအောင် ဖိအားပေးခဲ့မိတယ်။ သူက တံခါးကို တွန်းဖွင့်ပြီးတော့ အရာအားလုံး ဖြစ်လာတော့တာပဲ။ ကြည့်ရတာ တိုက်ဆိုင်တာ ဖြစ်ပါလိမ့်မယ်။"
ရီဖူရှင်းရ မိစ္ဆာနတ်ဘုရားမျှော်စင်ကို မည်သို့ ဝင်နိုင်ပါမည်နည်း။
နယ်မြေသခင်နင်က မပြောင်းလဲသော အမူအရာနှင့် ရှိနေခဲ့သည်။ သူပင်လျှင် ထိုနေရာသို့ မဝင်နိုင်ချေ။
ရီလျှို့နျန်... နယ်မြေသခင်က အခြားတန်ခိုးရှင်များကို ကြည့်ကာ မေးလိုက်သည်။ "လင်းရှောင်နန်းတော်က လင်းဟယ်နဲ့ ယန်ပြည်ထောင်က ယန်ဟန်ရှင်းတို့ ဘယ်လိုဖြစ်သွားတာလဲ။"
"ရီလျှို့နျန်က သူတို့ကို သတ်ခဲ့တာ။" ထိပ်သီးအဆင့်ပုဂ္ဂိုလ်ကြီးများ၏ အမူအရာက အေးခဲသွားသည်။ သို့ဆိုလျှင် ထိုသည်က ရီဖူရှင်း၏ လုပ်ရပ်အစစ်အမှန်လား။
အင်ပါယာယန်နှင့် လင်းယွင်ကျီထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာ၏။ သူတို့၏ အရှိန်အဝါများက လေဟာနယ်တခွင်ကို လွှမ်းခြုံသွားသည်။ ဆေးအင်ပါယာက အစောကတည်းက သိရှိပြီး ဖြစ်သောကြောင့် ဆင်ခြေပေးကာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ပေသည်။
"ရီလျှို့နျန် ဘယ်မှာလဲ။" အင်ပါယာယန်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ၎င်းက အောက်ဘက်ရှိ လေဟာနယ်ကို လွှမ်းခြုံသွားလေသည်။ သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များက ဖုံးကွယ်ခြင်းအလျဥ်းမရှိတော့ဘဲ ပေါက်ကွဲထွက်လာသည်။
အခြားထိပ်သီးအဆင့် ပုဂ္ဂိုလ်များက ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ အင်ပါယာရှီက အောက်ဘက်သို့ ကြည့်ရင်း အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "နယ်မြေသခင်က စည်းမျဥ်းတွေကို ကိုယ်တိုင်ချမှတ်ခဲ့တယ်။ ရီလျှို့နျန်က ဆန့်ကျင်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို သိသင့်တယ်။ သူက ဘာကြောင့် လျှို့ဝှက်နယ်မြေထဲမှာ လူသတ်ရတာလဲ။"
ရှင်းလင်းစွာပင် အင်ပါယာရှီက ရီဖူရှင်း ထိုသို့ လုပ်ဆောင်ခဲ့ရသော အကြောင်းရင်းကို သိချင်နေခဲ့သည်။ ဤသည်မှာ ရီဖူရှင်အား ကူညီရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။
ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်တို့မှ လူများက သူ့အား အရင်တိုက်ခိုက်လာလျှင် ရီဖူရှင်း၌ ဆင်ခြေတစ်ခု ရှိလာနိုင်သည်။
သို့သော်လည်း ယနေ့တွင် ရီဖူရှင်းက သေချာပေါက် သေရမည်ဖြစ်ပြီး သူ့အား မည်သူမှ ကယ်တင်နိုင်မည် မဟုတ်ပေ။
***