← Chapters

အပိုင်း (၁၁၃)

Vol. 9 Ch. 113

အပိုင်း (၁၁၃)

Vol. 9 Ch. 113

ထျန်းနန်စီရင်စုတွင် ကျန်းပေနယ်စား နန်ကုန်းအိုသည် နံပါတ်တစ် စစ်တပ်အာဏာကို ပိုင်ဆိုင်၏။ ချင်းကန်မြို့စား ဝူကျောက်ကျုံးသည် ဒုတိယ အားအကောင်းဆုံးပင်။ ရွှဲ့ပြည်နယ်၏ စစ်သည်တော် တစ်သောင်းကျော် ကို တာဝန်ယူထား၏။

ချင်းကန်မြို့စားတွင် သမီးသုံးယောက်ရှိ၏။ နှစ်ယောက်သည် ပန်းကဲ့သို့ လှပသည့် မိန်းကလေးများဖြစ်ပြီး သူမတို့၏ မိခင်ကဲ့သို့ပင်။ သို့ပေမည့် တတိယသမီးမှာတော့ လက်ခံရန် ခက်ခဲလောက်အောင်ပင် ရုပ်ဆိုးလွန်း လှချေ၏။ ချင်းကန်မြို့စားအိမ်တော်၏ တတိယသမီး ဝူယုယုသည် အမှတ်ပေးရမည်ဆိုလျှင် ဆယ်မှတ်ပေးလျှင် အနိမ့်ဆုံး တစ်မှတ်သာ ရမည့်လူမျိုးပင်။

ဟုတ်ပေ၏။ ထိုသို့ဆိုလျှင်တောင်မှ သူမသည် စစ်တပ်၏ အာဏာအကြီးဆုံးသော လူတစ်ယောက်၏ သမီး ဖြစ်နေသေး၏။ ထို့ကြောင့် လူပေါင်းများစွာတို့သည် သူမကို မြှောက်ပင့်ကာ ပေါင်းဖက်ရန်မှာ သေချာ၏။ သို့ပေမည့် သူမ၌ ရောဂါတစ်ခု တည်ရှိနေ၏။ ထိုရောဂါသည် သူမမိခင်၏ ဝမ်းတွင်းထဲက ခံစားခဲ့ရသည့် ရောဂါဖြစ်သည်။ ထို့ကြောင့် သူမသည် ပိုပို၍ ဝလာခဲ့၏။ ယခု ၂၃ နှစ်အရွယ်သို့ ရောက်သည့်အချိန်တွင် သူမသည် ၂၇၀ ပေါင်နီးပါးပင် ဖြစ်လို့လာခဲ့သည်။

သမားတော်ပေါင်းများစွာတို့သည် ဤတတိယသခင်မလေးနှင့် ပတ်သက်၍ သေသေချာချာ ကုသပေးခဲ့ကြ၏။ သို့ပေမည့် အဆုံးသတ်မှာတော့ အနာဂတ်တွင် ကလေးယူ၍ မရနိုင်ဆိုသော အနှစ်ချုပ်ကိုသာ ပေးခဲ့၏။ ချင်းကန်မြို့စားအိမ်တော် တစ်ခုလုံးသည် သူမ၏လက်ထပ်မှုနှင့် ပတ်သက်၍ တကယ့်ပင် စိုးရိမ်ကြောင့်ကြ ရှိခဲ့ကြ၏။ နောက်ခံအနည်းငယ် တည်ရှိသော လူငယ်လူရွယ်များသည် သူတို့၏သမီးကို လက်ထပ်ချင်စိတ် မရှိကြချေ။

ထိုအချိန်မှာတော့ လင်းကျိုးသည် သိုင်းပညာစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီးနောက် အလုပ်ခွင်ဝင်ရန် စောင့်ဆိုင်းလျက် ရှိနေ၏။ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ကောင်းမွန်သည့် ရာထူးများကို ရယူ သွားခဲ့သည်ကို မြင်ရပြီးနောက် လင်းကျိုးသည် တကယ်ပင် စိုးရိမ်ပူပန်လာမိခဲ့၏။ ထို့အတူ သူ့၌ နောက်ခံလည်း မရှိချေ။ သူ၏အဖေသည် သူ့အတွက် ပိုက်ဆံမည်မျှ ပေးရမည်ဖြစ်ကြောင်းကိုလည်း သူကောင်းကောင်း မသိချေ။ ပိုက်ဆံကို မည်သို့ အသုံးပြုရမည်ဆိုသည်ကိုလည်း ကောင်းကောင်း မသိချေ။

ထို့ကြောင့်ပင်လျှင် သူသည် တောင်ဘက်ဂိတ်တံခါးကို သွားရောက်ကာ တာဝန်ထမ်းဆောင်ရမည့် ရာထူးမျိုးကို ရရှိလိမ့်မည်ဟူ၍ပင် ကောလဟလများ ထွက်ခဲ့ချေ၏။

လင်းကျိုးသည် တကယ်ပင် ကြောက်လန့်သွားခဲ့၏။ ထိုကျွန်းတွင် မည်သည့်အရာမှ မရှိချေ။ ရေနှင့်သဲသာလျှင် ရှိ၏။ ပင်လယ် ဆားငံရေများဖြစ်သောကြောင့် ရေချိုးရန်ပင် ခက်ခဲချေ၏။ ထို့အပြင် ထိုနေရာတွင် တာဝန်ထမ်းဆောင်ကြသည့် စစ်သည်တော်များသည် ၂၀ ကျော်သာလျှင် ရှိ၏။ အထီးကျန်လွန်းသော ကျွန်းကြီးပေါ်တွင် စစ်သည် ၂၀ ကျော်သာလျှင် ရှိပြီး မိန်းကလေးဟူ၍ တစ်ယောက်မှ မရှိချေ။ ထိုသို့ဆိုလျှင် မည်ကဲ့သို့ ဖြစ်မည်ဆိုသည်ကို ခန့်မှန်း၍ပင် ရနိုင်လိမ့်မည် မဟုတ်ချေ။ ဆာလောင်နေသည်ဆိုပါက ဘာကို စားသုံးမည်နည်း။ ယောက်ျားချင်း စားသုံးသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည်။ သူ့၌ နောက်ခံမရှိချေ။ သူ့ကို အားလုံးဝိုင်း၍ စားသွားမည်ကို စိုးရသည်။

ထို့အပြင် သူ၏အဖေသည် သူ၏ရန်သူ ရှမ့်လန်အကြောင်းနှင့် ပတ်သက်၍ စာတစ်စောင်ကို ရေးသားကာ ပေးပို့ခဲ့၏။ ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ထိပ်ဆုံးအထိ မြင့်တက်သွားခဲ့ပြီ ဖြစ်၏။ လင်းမိသားစုသည် ဒုက္ခရောက်လို့နေ၏။ ထို့ကြောင့်ပင်လျှင် လင်းကျိုးသည် အံကိုကြိတ်ကာဖြင့် ချင်းကန်မြို့စား အိမ်တော်ဆီသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်မိ၏။

သူသည် ချောမော၏။ သာမန်ထက်ပိုကာ ချောမော၏။ ထို့အပြင် သိုင်းစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုထားသည့် လူတစ်ယောက်လည်း ဖြစ်၏။ ဝူယုယုသည် ကျိန်းသေပေါက် သဘောတွေ့ခဲ့၏။ ထို့ကြောင့်ပင်လျှင် ချင်းကန်မြို့စားအိမ်တော်၏ သမက်အဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရသည်။

လင်းကျိုးသည် ထိပ်ဆုံးဆီသို့ တစ်ခါတည်း ရောက်ရှိသွားခဲ့၏။ ချင်းကန်မြို့စားအိမ်တော်၏ သမီးနှင့် စေ့စပ်ထားသူ တစ်ယောက် ဖြစ်သည်မို့ သူသည် ဤနေရာတွင် ယန်ရှန်တပ်၏ ဒုတပ်မှုးတစ်ယောက် ဖြစ်လာခဲ့၏။

ယခု လင်းကျိုးသည် ရွှမ်ဝူမြို့ဆီသို့ ပြန်လာခဲ့ပြီ ဖြစ်၏။ ကျိန်းသေပေါက် ကြီးမားသည့် အခွင့်အာဏာကို ပိုင်ဆိုင်သည့် လူတစ်ယောက်အဖြစ်ပင်။ စစ်သည်ပေါင်း တစ်ထောင်ကျော်ကို အမိန့်ပေးနိုင်စွမ်း ရှိသည့် လူတစ်ယောက်လည်း ဖြစ်လာခဲ့၏။ အောင်မြင်မှု သရဖူကို လှမ်းကိုင်ကာဖြင့် ရောက်ရှိလာခဲ့ခြင်းဟူ၍ပင် သတ်မှတ်ရပေလိမ့်မည်။

လူတစ်ယောက် ရုတ်တရက် ချမ်းသာလာသည့်အချိန်တွင် ပထမဦးဆုံး ဘာလုပ်မည်နည်း။

ဟုတ်ပေ၏။ သူသည် သူ၏အတန်းဖော် သူငယ်ချင်းများကို စုစည်းကာဖြင့် ကြွားဝါရမှာ ဖြစ်၏။ ထိုကဲ့သို့ မကြွားဝါရဘူးဆိုပါက စိတ်ထဲတွင် မခံချိ၊ မခံသာဖြင့် ခံစားနေရပေလိမ့်မည်။

ထို့ကြောင့် သူသည် ကျောင်းမှ ကျော်ကြားသည့် လူများကို စုစည်းကာဖြင့် စားပွဲတစ်ခုကို ကျင်းပပေးခဲ့၏။ မနေ့က လင်းကျိုးသည် သူငယ်ချင်းများနှင့်အတူ စားပွဲကျင်းပခဲ့ပြီးသား ဖြစ်၏။ လင်းကျိုး၏ သူငယ်ချင်းဟောင်း တော်တော်များများနှင့် အတန်းဖော်များ လာရောက်ခဲ့ကြ၏။ ၎င်းတို့သည် လူတစ်ဒါဇင်ကျော် ရှိ၏။ အားလုံးသော သူတို့သည် လင်းကျိုးကို မြှောက်ပင့်ကာ ချီးမြှောက်ခဲ့ကြ၏။

လင်းကျိုးသည် တကယ့်ကို ဝင့်ကြွားစွာ ခံစားနေမိ၏။ သူ၏ဘဝတွင် ယခုထက် ပိုမိုကောင်းမွန်သည့် အရာဟူ၍ မရှိတော့သလိုပင် ခံစားနေမိ၏။ သို့ပေမည့် သူသည် နောင်တအနည်းငယ်တော့ ရမိနေ၏။ လူတစ်ယောက် မလာသောကြောင့်ပင်။ ထိုလူသည် ဝမ်လျှံပင် ဖြစ်သည်။

ဟုတ်ပေ၏။ လင်းကျိုးနှင့် ဝမ်လျှံတို့သည် ရင်းနှီးကြသည်တော့ မဟုတ်ပေ။ တကယ့်ကို ဆန့်ကျင်ဘက် လူများသာလျှင် ဖြစ်၏။ ဝမ်လျှံသည် မြို့နယ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အသက်ငယ်ငယ်ဖြင့် အောင်မြင်သွားခဲ့စဉ်က နေ့စဉ်နေ့တိုင်းဆိုသလိုပင် လင်းကျိုး၏ရှေ့ဆီသို့ လာရောက်ကာ ကြွားဝါလေ့ ရှိ၏။

“အိုက်ယား.. ကျုပ် ဝမ်လျှံက အသက် ၁၇ နှစ် ၊ ၁၆ နှစ်လောက်နဲ့ စာမေးပွဲကို အောင်မြင်ခဲ့တယ်။ ရွှဲ့ပြည်နယ် တစ်ခုလုံးမှာ အသက် ၁၄ နှစ်နဲ့ အောင်မြင်ခဲ့တဲ့လူတွေ အများကြီး ရှိခဲ့တာပဲ။ ကျုပ် ဒီလူတွေကို လိုက်မီဖို့ တော်တော် လိုသေးတာပဲ” ၎င်းသည် မခံချိမခံသာ ပုံစံမျိုး ပြောဆိုလျက် ရှိနေသည်ဆိုသော်လည်း တကယ့်ကို ကြွားဝါနေခြင်းပင် ဖြစ်သည်။

လင်းကျိုးသည် ထိုကဲ့သို့ ဝါကြွားပြောဆိုသည့် စကားများကို ကြားရသည့်အချိန်တိုင်း ဝမ်လျှံကို ထကာ ရိုက်နှက်ချင်စိတ် ပေါက်မိ၏။ သို့ပေမည့် သူသည် မည်သို့မှ ပြုလုပ်၍ မရချေ။ ပြုံး၍သာ နားထောင်နေရ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏မိသားစုသည် ကုန်သည်မိသားစုသာလျှင် ဖြစ်၏။ ထို့အပြင် သူသည် သိုင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခြင်းလည်း မရှိသေးချေ။ ထို့ကြောင့်သာလျှင် ဝမ်လျှံ၏ ပြောသမျှကို နာခံခဲ့ရ၏။

“အစ်ကိုဝမ်.. အံ့ဩစရာပဲ။ အစ်ကိုဝမ်က ပါရမီရှင်ပဲလေ။ အစ်ကိုဝမ်ကတော့ အံ့ချီးလောက်စရာပဲ”

သူ့အနေနှင့် ဝမ်လျှံကို မည်မျှဘောမခဲ့သည်ဖြစ်ကြောင်း ရေတွက်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု သူ လင်းကျိုး သည် ချမ်းသာလာခဲ့ပြီ ဖြစ်၏။ အံ့ဩစရာလည်း ကောင်းလာခဲ့၏။ အောင်မြင်မှု သရဖူကို လှမ်းကိုင်ကာဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

‘ယခင်တုန်းက ကျုပ် ဘောမခဲ့တဲ့လူ အခု ကျုပ်ဘောကို ပြန်လာမတော့။ အစ်ကိုဝမ်လျှံ ကျုပ် ခင်ဗျားကို ဘယ်လောက်လွမ်းနေလဲဆိုတာ သိလား။ အခု ခင်ဗျား အံ့အားသင့်လောက်စရာ ကျုပ်ကြွားပြမယ်’

လင်းကျိုးသည် တကယ်ပင် ဝမ်လျှံကို မမေ့လျော့ခဲ့ချေ။ ထို့ကြောင့် ဝမ်လျှံ မည်သည့်နေရာတွင် ရှိသည်ဆိုသည့် သတင်းကို ကြိုးစားကာ ရှာဖွေခဲ့၏။ အံ့ဩစရာ သတင်းတစ်ခုကို ရရှိခဲ့လေ၏။ ဝမ်လျှံသည် လောကကြီးဆီမှ ပျောက်ကွယ်သွားခဲ့ပြီဟူသော သတင်းပင်။

ရှမ့်လန်ကြောင့် ဂုဏ်သိက္ခာတစ်ခုလုံး ပျက်စီးသွားခဲ့ပြီးသည့်နောက် နောက်ကျောကိုလည်း ဓားနှင့် ထိုးနှက်ခံရ၏။ သူ၏ ကျောင်းတော်သား ဘွဲ့တံဆိပ်တစ်ခုလုံးသည် ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ပိုမို၍ အရေးကြီးသည်မှာ သူသည် လျှိုဝူယမ်၏ မယားငယ်နှင့် အိပ်စက်ခဲ့ပြီး မြို့တော်ဝန်ကိုပင် နွားကျစေခဲ့ခြင်းပင်။

ဝမ်လျှံအနေနှင့် ကျိန်းသေပေါက် လျှိုဝူယမ်၏ တိတ်တဆိတ်ကြိတ်ကာ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု အားလုံးသောသူတို့က ခန့်မှန်းထားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် မြို့တော်ဝန်လျှိုဝူယမ်၏ မယားငယ်သည် အားလုံးသောသူတို့၏ မျက်နှာရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

........

ဟုတ်ပေ၏။ လင်းကျိုး၏ ကလဲ့စားချေရမည့် စာအုပ်ငယ်လေးထဲတွင် ဝမ်လျှံသည် ဒုတိယနေရာ၌သာ ရှိ၏။ နံပါတ်တစ် ရန်သူသည် ရှမ့်လန်ပင် ဖြစ်၏။ အကြောင်းအရာ နှစ်ခုရှိ၏။ ပထမဦးဆုံးအနေနှင့် ရှမ့်လန်သည် လင်းကျိုး၏ အိပ်မက်ချစ်သူ ကျင်းမူလန်ကို လက်ထပ်သွားခဲ့ခြင်းပင်။ ထိုမုန်းတီးမှုသည် တကယ့်ကို ကြီးမားလွန်းလှ၏။ ကျင်းမူလန်နှင့်သူသည် စကားတစ်လုံးမှပင် ပြောဆိုခဲ့ဖူးခြင်း မရှိသော်လည်း သူသည် ကျင်းမူလန်ကို အိပ်မက်ထဲပင် ထည့်မက်ရသည်အထိ စွဲလန်းခဲ့သည့် လူတစ်ယောက်ဖြစ်၏။ သူမနှင့် အကြိမ်ပေါင်းများစွာ လက်ထပ်ခဲ့ပြီး ကလေးများပင် တစ်ဒါဇင်လောက် မွေးခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမည့် စိတ်ကူးထဲမှာပင်။

တခြားသော အကြောင်းအရာတစ်ချက်မှာတော့ ရှမ့်လန်နှင့် လင်းမိသားစုတို့သည် ကြီးမားသည့် ရန်ငြိုး တည်ရှိ၏။ ရှမ့်လန်နှင့် လင်းမိသားစုသည် ကျိန်းသေ ရန်ငြိုးရှိနေပြီဖြစ်သောကြောင့် သူနှင့်ရှမ့်လန်သည်လည်း ကျိန်းသေပေါက် ရန်ငြိုးရှိသွားပေသည်။

ထျန်းဟန်သေဆုံးပြီး ညတည်းက လူကုန်တန်ပွဲရုံကြီးသူဌေး လင်းဝူသည် ရက်တော်တော်များများ အိပ်မပျော်ခဲ့ချေ။ ၎င်းသည် တကယ်ပင် ကြောက်လန့်နေခဲ့၏။ ထိုအချိန်တုန်းက လင်းကျိုးသည် သိုင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက် ရှိနေသည်ဆိုသော်လည်း ရာထူးရာခံတစ်ခုကို မရရှိသေးချေ။ သူ့အား သီးခြားကျွန်း တစ်ခုဆီသို့ စေလွှတ်မည်ဟူသော ကောလဟာလများကိုပင် ကြားခဲ့သေး၏။ ထိုအချိန်တွင် ရှမ့်လန်သည် တစ်စုံတစ်ယောက်ကို စေလွှတ်ကာဖြင့် သူ့ကို ဒုက္ခပေးမည်ဆိုပါက သူဘာလုပ်နိုင်မည်နည်း။

ထို့ကြောင့် လင်းဝူသည်သာမက လင်းကျိုးသည်လည်း နေ့နေ့ညည ကြောက်လန့်ခဲ့ရ၏။ သူသည် ရှမ့်လန် လက်စားချေမည်ကို ကြောက်လန့်ခဲ့ရ၏။ ထို့ကြောင့် သူ့စိတ်ကိုသူ ပြင်ဆင်ခဲ့၏။

‘မင်း ရှမ့်လန်က မိန်းမတစ်ယောက်ကို မှီခိုပြီး နေထိုင်နိုင်မှတော့ ဘာလို့ ငါမလုပ်နိုင်ရမှာလဲ။ ငါလင်းကျိုးကလည်း ကျိန်းသေပေါက် လုပ်နိုင်တယ်’

ထို့ကြောင့် သူသည် ချင်းကန်မြို့စားအိမ်တော်၏ တတိယသမီး ဝူယုယုနှင့် စေ့စပ်သူတစ်ယောက် ဖြစ်လာခဲ့၏။ ပြီးနောက် သူသည် အံ့အားသင့်စရာများကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။ ထိုနေ့က သူသည် သူ၏ ယောက္ခထီးဆီသို့ သွားရောက်လည်ပတ်သည့်အချိန်တွင် ရွှမ်ဝူအိမ်တော်အကြောင်းကို မေးမြန်းခဲ့၏။ ချင်းကန်မြို့စားက ပြောပြခဲ့သည်မှာ ‘ကြာရှည်စွာ အသက်ရှင်နေထိုင်ရမည် မဟုတ်သောလူများ ဖြစ်သည့်အကြောင်းပင်’။

ထို့ကြောင့် သူသည် ရှမ့်လန်အကြောင်းကို မေးမြန်းခဲ့၏။ ချင်းကန်မြို့စားကြီးက ရှမ့်လန်သည် လူရွှင်တော် သာသာ တစ်ယောက်သာ ဖြစ်ပြီး စကားထဲ ထည့်၍ ပြောရန်ပင် ထိုက်တန်သူတစ်ယောက် မဟုတ်ဟု ပြောဆိုခဲ့၏။ ထို့ကြောင့် လင်းကျိုးသည် အကြံအစည်တစ်ခုကို ရရှိခဲ့သည်။

ဘုရင်မင်းမြတ်ဆီမှ အချက်ပြုမှုကို ရရှိခဲ့ချင်းချင်းမှာပဲ လင်းကျိုးသည် ရွှမ်ဝူမြို့ဆီသို့ သွား၍ သူ၏အစွမ်းအစကို ပြသကာဖြင့် အားလုံးသောသူတို့ကို သုတ်သင်ရှင်းလင်းပစ်ရန် ကြံစည်ခဲ့၏။ သူနှင့် လီဝမ်ကျန့်တို့သည် တူညီသည့် အကြောင်းအရာတစ်ခုကို ဖန်တီးခဲ့၏။

ရွှမ်ဝူအိမ်တော်တွင် ရှိနေသည့် မြင်းသည်တော်များသည် လမ်းပေါ်တွင်ရှိနေသည့် လူများကို နင်းသတ်ခဲ့လေသည် ဟူသော ဇာတ်လမ်းတစ်ခုကို ဖန်တီးခဲ့ခြင်းပင်။ ထို့အပြင် လင်းကျိုးသည် ရွှမ်ဝူအိမ်တော်တွင် ရှိနေသည့် မြင်းသည်တော် ဆယ်ယောက်ကျော်တို့ကို ထိန်းသိမ်းပြီး အကျဉ်းထောင်ထဲသို့ ထည့်ထားသည်။

သူ လင်းကျိုးသည် ကျိန်းသေပေါက် ရန်သူကို လက်စားချေရုံသာ မကဘဲ ဘုရင်မင်းမြတ်အတွက် အရာအားလုံးကိုလည်း ဖြေရှင်းနေခြင်းပင်။

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ “ဆရာ.. ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော် ရှမ့်လန် တွေ့ခွင့်တောင်းနေပါတယ်’

..........

စစ်တပ်၏ဘေး ဟောခန်းတစ်ခုထဲမှာတော့ လင်းကျိုးသည် ရှမ့်လန်ကို ဧည့်ခံတွေ့ဆုံ၏။ ရှမ့်လန်အနေနှင့် ရွှမ်ဝူမြို့တွင် ရှိနေသည့် ကျော်ကြားသည့် လူငယ် ပါရမီရှင်တစ်ယောက်ကို ပထမဦးဆုံးအကြိမ် တွေ့ခဲ့ခြင်းပင် ဖြစ်သည်။

ထိုသူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေမည့် ပေါင်သုံးရာနီးပါးခန့် ရှိသော ဝူယုယုကို စိတ်ကူးနှင့် မြင်ယောင်ပြီးနောက် ရှမ့်လန်သည် ကြက်သီးများပင် ထမိနေ၏။

သူတို့သည် မိန်းမနားတွင်ကပ်၍ ခိုကပ်နေထိုင်ရသည့် လူများပင် ဖြစ်၏။ သို့ပေမည့် ရှမ့်လန်၏ စားသောက်ပွဲ သည် လောကတွင် အကောင်းမွန်ဆုံးသော ရှားရှားပါးပါး ရသာဖွယ်ရာများဖြင့် ပြည့်နှက်လျက် ရှိနေသည့် စားသောက်ပွဲပင် ဖြစ်၏။ သို့ပေမည့် လင်းကျိုးမှာတော့ ဆန်ကြမ်းများကို စားသုံးနေရသကဲ့သို့ပင်။ ယောက်ျားတစ်ယောက် ဆာလောင်သည့်အချိန်တွင် ဆန်ကြမ်းများကိုပင် ပါးစပ်အပြည့် ဝါးကာ မျိုချသည့်အကျင့် ရှိသည် မဟုတ်ပါလား။ သို့ပေမည့် ဤများပြားလွန်းသည့်ဆန်ကြမ်းများကို မျိုချမည်ဆိုလျှင်တော့ သေပင် သေဆုံးသွားနိုင်၏။ ချမ်းသာခြင်းနှင့် အောင်မြင်မှုအတွက် ဤလူသည် တကယ့်ကို အလုပ်ကြိုးစားခဲ့လေသည်။

ရှမ့်လန်က ပြောလိုက်၏။ “သခင်လေးလင်းကျိုး.. ကျေးဇူးပြုပြီး ကျုပ်က ဂါရဝပြုကြောင်း ချင်းကန်မြို့စားကို ပြောပေးပါအုံး”

လင်းကျိုးသည် အသာပင် ပြောလိုက်သည်။ “သမက်တော်ရှမ့်လန်.. ကျုပ် ဒီလိုပြောဖို့ မသင့်တော်ဘူး။ ပြီးတော့ ခင်ဗျားက သမက်တော်တစ်ယောက်ပဲလေ။ ခင်ဗျားက ဂါရဝပြုကြောင်း ကျုပ်ရဲ့ ယောက္ခထီးဆီကို သွားပြီး ပြောဖို့ဆိုတာ အဓိပ္ပာယ်ရှိတဲ့ကိစ္စမျိုးမှ မဟုတ်တာ။ တကယ်လို့ ကျင်းမူကုန်း ဒါမှမဟုတ် ကျင်းမူလန်က ပြောတယ်ဆိုရင်တော့ သင့်တော်ပါလိမ့်မယ်”

သူ့အနေနှင့် ဝါကြွားပြောဆိုရန် မစောင့်နိုင်တော့ချေ။ ရှမ့်လန် ရောက်ရောက်လာချင်း မျက်နှာကို ပိတ်ရိုက်ရန် စဦးစကားများကို ပြောဆိုခဲ့၏။ သူ ... လင်းကျိုးသည် တကယ့်ကို ကြီးမြတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း ရှမ့်လန် သိစေရပေလိမ့်မည်။

ရှမ့်လန်သည် မြို့စားအိမ်တော်၏ သမက်တော်တစ်ယောက်သာလျှင် ဖြစ်၏။ သူသည်လည်း သမက်တော် တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် အရာရှိတစ်ယောက်လည်း ဖြစ်၏။ သူ၏အနာဂတ်သည် ပိုမိုကာ တောက်ပ၏။ ထို့အပြင် ချင်းကန်မြို့စားအိမ်တော်သည် ရွှမ်ဝူမြို့စားအိမ်တော်ထက် ပိုမိုကာ အားကောင်း၏။

ရှမ့်လန်က ပြောလိုက်သည်။ “လီဝမ်ကျန့် သေသွားပြီ”

လင်းကျိုးသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ ကြောင်အသွားမိ၏။ သူသည် တစ်စုံတစ်ခုကို ပြောလိုက်ချင်၏။ သို့ပေမည့် ရပ်တန့်လိုက်မိ၏။ လီဝမ်ကျန့်၏ကိစ္စနှင့် ပတ်သက်၍ မြို့တော်ထဲတွင် သတင်း ပြန့်နှံ့လျက် ရှိပြီးသားဖြစ်၏။ သို့ပေမည့် သူသည် ထိုအရာကို ထုတ်ဖော်ကာ မပြောသာချေ။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ အိမ်တော်ရဲ့ မြင်းစီးတပ်ဖွဲ့က အပြစ်ကင်းစင်တဲ့ လူတွေကို နင်းချေ သတ်ဖြတ်ပစ်ခဲ့တယ်ဆိုတဲ့ သတင်းကိစ္စက ပေါ်ပေါက်လာခဲ့တယ်”

လင်းကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း ဒီကိစ္စ မှန်လား၊ မမှန်လားဆိုတာ အရေးမကြီးဘူး မဟုတ်လား”

အရာရာ ကိစ္စအားလုံးတို့သည် ဖြေရှင်း၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ခေါင်းဆောင်လင်း.. ကျေးဇူးပြုပြီးတော့ အပြစ်မဲ့တဲ့ ကျုပ်တို့ ရွှမ်ဝူအိမ်တော်က မြင်းသည်တော်တွေကို လွှတ်ပေးပါ”

လင်းကျိုးသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ သူတို့က ကြီးမားတဲ့ပြစ်မှုကို ပြုလုပ်ခဲ့တယ်လေ။ အပြစ်ကင်းစင်တဲ့ လူတွေကို လမ်းပေါ်မှာ နင်းသတ်ခဲ့တယ်။ ဒီနောက်ကွယ်မှာ ဘယ်သူလုပ်နေလဲဆိုတာကို ကျုပ်သေချာ ရှာရမယ်။ ပြီးတော့ ထိုက်ချူးစီရင်စုဆီကို အဲဒီကိစ္စကို လွှဲပြောင်းပေးရမယ်။ တစ်ညလောက် ကျုပ် ကောင်းကောင်းမွန်မွန် နှိပ်စက်ပြီး မေးမြန်းလိုက်ရင် အဖြေမှန် ထွက်လာမှာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ ဌာနအနေနှင့် ဒီကိစ္စကို ကိုင်တွယ်ဖို့ အခွင့်အာဏာ မရှိဘူးလို့ ထင်တယ်”

လင်းကျိုးက ပြောလိုက်၏။ “အင်း... ရွှမ်ဝူအိမ်တော်က လူတွေ အပြစ်ကင်းစင်တဲ့လူတွေကို နင်းချေခဲ့တဲ့ လမ်းက ကျုပ်တို့ရုံးက ပိုင်တဲ့လမ်းလေ။ ပြီးတော့ ဒီမှာ နင်းချေပြီးအသတ်ခံရတဲ့ လူတစ်ချို့က ကျုပ်တို့ စစ်သားတွေရဲ့ မိသားစုတစ်ချို့လည်း ပါဝင်တယ်။ ဒီကိစ္စက လူသတ်မှုလို့ ကျုပ်သံသယရှိတယ်။ ကျုပ်ရဲ့နောက်လိုက်တွေ အတွက် အမှန်တရား ရှာဖွေပေးရမယ် မဟုတ်လား”

ရှမ့်လန်သည် မည်သည့်စကားကိုမှ မဆိုချေ။

လင်းကျိုးက ပြောလိုက်သည်။ “အင်း ဒီမြင်းစီးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်က မိန်းကလေးတစ်ယောက်လို့ ကျုပ် ကြားထားတယ်။ သူ့နာမည်က ကျင်းကျန့်နန်တဲ့။ အရမ်းလှတယ်ဆိုပဲ။ အင်း... ဒီလိုလှပတဲ့ မိန်းကလေး တစ်ယောက်ကို ဖျက်ဆီးပစ်မိမှာစိုးလို့ မနည်း စိတ်ထိန်းထားရတယ်”

ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုလင်းကျိုး ဘာလို့ ရွှမ်ဝူအိမ်တော်ရဲ့ မြင်းသည်တော်တွေကို ခင်ဗျား မလွှတ်ပေးရတာလဲ။ သူတို့ကို လွှတ်ပေးဖို့ ကျုပ် ဘာလုပ်ပေးရမလဲ”

လင်းကျိုးက ပြောလိုက်သည်။ “ရွေးချယ်ခွင့် နှစ်ခုရှိတယ်”

ရှမ့်လန်က စကားထောက်ပေးလိုက်၏။ “ကျေးဇူးပြုပြီးတော့ ပြောပါအုံး”

လင်းကျိုးက ပြောလိုက်သည်။ “ပထမ ရွေးချယ်ခွင့်ကတော့ ဟုတ်တယ်။ မူလန်ကိုယ်တိုင် မြို့စားအိမ်တော်ရဲ့ စစ်တပ်တွေကို ဦးဆောင်လာခဲ့ပြီး ဒီမှာရှိတဲ့ လူတွေအားလုံးကို သတ်ပစ်ပေါ့။ ပြီးတော့ ဒီမှာဖမ်းဆီးထားတဲ့ လူတွေကို ပြန်ခေါ်သွားပေါ့။ အင်း ... ဒါက ပုန်ကန်မှုပဲလေ။ ကျုပ်ရဲ့ ယောက္ခထီးနှင့် ကျန်းချုံးတို့က ဒီကိစ္စကို ကျိန်းသေပေါက် မျှော်လင့်နေကြမှာ သေချာတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ဒုတိယက”

လင်းကျိုးက ပြောလိုက်သည်။ “အင်း ဒုတိယကတော့ ကျုပ်အဖေဆီကို သွားပြီးတော့ ခွင့်လွှတ်ဖို့ တောင်းပန်ပေါ့။ ဒူးထောက်စရာ မလိုဘူး။ ဦးတိုက်စရာ မလိုပါဘူး။ အားလုံးရဲ့အရှေ့မှာ ဦးညွှတ်ပြီး တောင်းပန်လိုက်ရင် ရပြီ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ခင်ဗျားရဲ့အဖေက ကျုပ်ကို အရင် သစ္စာဖောက်ခဲ့တာနော်။ ကျုပ်က သူ့ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး။ ကျုပ်သူ့ကို ဘာပြဿနာမှလည်း မရှာထားဘူး”

လင်းကျိုးက ပြောလိုက်သည်။ “မှန်တယ်လေ။ ဒါပေမဲ့ ခင်ဗျားကြောင့်သူ ကြောက်လန့်ခဲ့ရတယ်။ ထျန်းဟန် သေဆုံးတဲ့နေ့တည်းက သူက သူ့ရဲ့သေတမ်းစာကိုတောင် ကြိုပြီး ရေးသားခဲ့ရသေးတယ်။ အခုထိ မင်းနေပြည်တော်မှာ နေပြီးတော့ ပြန်မလာရဲသေးဘူး။ အင်း လက်စားမချေရင် လူကြီးလူကောင်း မပီသဘူး”

လင်းကျိုးက အသာပင် ဆက်ပြောလိုက်၏။ “ရှမ့်လန် ခင်ဗျားက သမက်တော် တစ်ယောက်ပဲလေ။ ဒါပေမဲ့ ဘယ်လို လက်စားချေရမလဲဆိုတာ ကောင်းကောင်း သိတယ်မလား။ ကျုပ်ကလည်း ချင်းကန်မြို့စားအိမ်တော်ရဲ့ သမက်တော်တစ်ယောက်ပဲ။ ကျုပ်ကလည်း ဒီကိစ္စကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ လောကကြီးထဲမှာ အားကောင်းတဲ့ လူတွေကသာ ရေရှည်ရပ်တည်နိုင်တာ မဟုတ်လား”

လင်းကျိုး ဤမျှ ယုံကြည်ချက်ရှိနေသည်ဆိုသည်မှာ သံသယရှိစရာ မလိုတော့ချေ။ ရွှမ်ဝူအိမ်တော်သည် ဘုရင်မင်းမြတ်အတွက် ဆူးတစ်ချောင်း ဖြစ်လို့နေခဲ့၏။ အသားထဲတွင် ရှိနေသည့် ဆူးတစ်ချောင်းကို မကြာခင်တွင် ဖယ်ထုတ်ရမှာဖြစ်၏။ ထို့ကြောင့်ပင်လျှင် လင်းကျိုး မာန်မာန ထောင်လွှားနေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် ရှိနေသော ချင်းကန်မြို့စားအိမ်တော်မှာတော့ ဘုရင်မင်းမြတ်၏ အသွေးအသား၊ ခန္ဓာကိုယ် ကဲ့သို့ပင် ဘုရင်မင်းမြတ်၏ ယုံကြည်အားထားရဆုံးသော လက်ရုံးတစ်ဆူ ဖြစ်နေသည်။ ၎င်းသည် မြေပိုင်နက်နှင့် ကိုယ်ပိုင်စစ်တပ်ကို ပိုင်ဆိုင်ခြင်းမရှိဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် ဘုရင်မင်းမြတ်၏ စစ်သည် သောင်းပေါင်းများစွာကို အမိန့်ပေးနိုင်စွမ်းရှိသည့် ဩဇာကို ပိုင်ဆိုင်၏။ ရွှမ်ဝူမြို့စားကြီးအား ငုံ့မိုးကာ ကြည့်ရှုနိုင်စွမ်း ရှိနေသည့် လူမျိုးပင်။

၎င်း၏မျက်လုံးထဲတွင်တော့ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရခြင်းသည် အချိန်ကာလတစ်ခုသာလျှင် ကြာမြင့်ပေလိမ့်မည်။ နှစ်ဖက်လုံးသည် ရန်သူများ ဖြစ်၏။ သို့ပေမည့် ချင်းကန်မြို့စားအိမ်တော်သည် ဘုရင်မင်းမြတ်၏ ပေါင်ကို ဖက်ထားလျက်ရှိပြီး လင်းကျိုးသည် ချင်းကန်မြို့စားကြီး၏ ပေါင်ကို ဖက်နေသည့်လူပင်။

လင်းကျိုးက ပြောလိုက်၏။ “ရှမ့်လန်.. ဉာဏ်ကောင်းတဲ့လူတွေက အခြေအနေကို ကောင်းကောင်း နားလည်တယ်တဲ့။ မင်းအခု ဦးညွှတ်ပြီးတော့ တောင်းပန်ဖို့ပဲ လုပ်လိုက်တော့။ ငါနဲ့ ငါ့အဖေကို တောင်းပန်မယ်ဆိုရင် မင်း ရွှမ်ဝူအိမ်တော်မှာရှိနေတဲ့ မြင်းသည်တော် တစ်ဒါဇင်ကျော်ကို တစ်ခါတည်း ခေါ်သွားလို့ရတယ်။ မဟုတ်ရင် မနက်ဖြန်ဆိုတာနှင့် ကျင်းကျန့်နန် နဲ့ ကျန်တဲ့ မြင်းသည်တော်တပ်ဖွဲ့ဝင်တွေ ဘာဖြစ်မလဲ ပြောရခက်တယ်။ အချိန်ရောက်လာရင် ရွှမ်ဝူအိမ်တော်က သူ့ရဲ့စစ်သားတွေကိုတောင် မကာကွယ်နိုင်ဘူးဆိုပြီး လူပေါင်းများစွာတို့က ပြောနေကြမှာ မဟုတ်လား။ တကယ့်ကို ကျက်သရေမဲ့တယ်”

ရှမ့်လန်သည် လင်းကျိုးကို ပြုံးပြလိုက်သည်။ “ဒါဆိုရင် ကျုပ်ပြန်ပြီးတော့ စဉ်းစားလိုက်ပါအုံးမယ်။ မနက်ဖြန်ကျရင် အဖြေလာပေးမယ်လေ။ ဘယ်လိုထင်လဲ”

လင်းကျိုးက ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် သေသေချာချာ ပြင်ဆင်ထားလိုက်မယ်။ ကျုပ်တို့ရဲ့ ရန်ငြိုးတွေကိုလည်း အပြုံးနှင့် သိမ်းဆည်းလိုက်ကြတာပေါ့”

ပြီးနောက် ရှမ့်လန်က ထွက်ခွာသွားခဲ့သည်။

All Chapters