အပိုင်း (၁၁၂)
Vol. 9 Ch. 112
ထိုအချိန်မှာပဲ လီဝမ်ကျန့်၏ ကဗျာပေါင်းချုပ်သည် ကျော်ကြားလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် လီဝမ်ကျန့်သည် ငွေရောင်ဝတ်စုံဝတတ် စုံစမ်းစစ်ဆေးရေးမှုးအဖြစ် ကျော်ကြားလာခဲ့သောကြောင့်ပင်။ ငွေရောင်ဝတ်စုံဝတ် စစ်ဆေးရေးမှုး စပ်ဆိုထုတ်ဝေထားသော ကဗျာစာအုပ် ဖြစ်သည်မို့ စိတ်ဝင်စားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
ဟုတ်ပေ၏။ ကောင်းသောသတင်းသည် အပြင်သို့ မထွက်သည်ဆိုလျှင်တောင်မှ သတင်းဆိုးဆိုပါက မိုင်တစ်ထောင်အထိ ပျံ့နှံ့တတ်သည်ဟူသော သဘောသဘာဝရှိသည် မဟုတ်ပါလား။ ထို့ကြောင့်ပင်လျှင် သူ၏ ကဗျာပေါင်းချုပ်သည် အနည်းငယ် ကျော်ကြားလာခဲ့၏။
ဘုရင်မင်းမြတ်ဆီသို့ တစ်စုံတစ်ယောက်က သွားရောက်ကာ သတင်းပေးပို့၏။ လီဝမ်ကျန့်၏ ကဗျာ ပေါင်းချုပ်ထဲတွင် သူမနှင့်ပတ်သက်၍ ကိုယ်ခန္ဓာများကို ချီးကျူးထားခဲ့သည့် အကြောင်းအရာများ ပါဝင်လျက် ရှိနေသည်ဟူသော သတင်းပင်။ ဟယ်ဝမ်ဝမ်သည် လီဝမ်ကျန့်၏ ကဗျာကို သူမ၏အခန်းထဲတွင် ချိတ်ဆွဲ ထားခဲ့သည်ဟူသော သတင်းလည်း ပါဝင်လာသည်။
လီဝမ်ကျန့်သည် သူမနှင့် အတူအိပ်စက်ခဲ့သည်ဟူသော ကောလာဟလများကလည်း တစ်မြို့လုံးသို့ ပျံ့နှံ့နေသည် မဟုတ်ပါလား။ သူမ၏ပထမဦးဆုံးအကြိမ်ကို လီဝမ်ကျန့်က ယူဆောင်သွားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
ဘုရင်မင်းမြတ်သည် တကယ်ပင် စိတ်ဆိုးဒေါသထွက်လျက်ရှိ၏။ ချက်ချင်းပဲ တစ်စုံတစ်ယောက်ကို စေလွှတ်ကာဖြင့် လီဝမ်ကျန့်၏အိမ်တော်ဆီသို့ သွားရောက်ကာ စုံစမ်းစေခဲ့၏။
အဆုံးသတ်မှာတော့ တာဝန်ရှိသူတို့သည် လီဝမ်ကျန့်၏ အိမ်တော်ထဲတွင် ပိုးပဝါတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုပိုးပဝါပေါ်တွင် သွေးများ စွန်းထင်းလျက် ရှိနေ၏။ ပိုမို၍ အရေးကြီးသည်မှာ ထိုပိုးပဝါ ပေါ်ရှိ သွေးများဆီမှ နှင်းဆီနံ့များ သင်းကြိုင်လျက် ရှိနေခြင်းပင်။
ဤအရာသည် မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ တကယ်ကို ထူးခြားသည့် ပိုးပဝါအဖြစ် အမှတ်တရ သိမ်းဆည်းထားခြင်းသာ ဖြစ်ပေလိမ့်မည်။ အမွှေးနံ့သာများပင် ဖြန်း၍ထားသေးသည်။
သေချာခိုင်မာလွန်းသည့် သက်သေသာဓကများကို မြင်ရပြီးသည့်နောက် ဘုရင်မင်းမြတ်၏ဒေါသကို ထုတ်ဖော် ပြသရန် စကားလုံးဟူ၍ပင် ရှာဖွေ၍မတွေ့ရှိနိုင်ခဲ့တော့ပေ။ သို့ပေမည့် ဤကဲ့သို့သော ကိစ္စမျိုးသည် တခြားသော သူများကို ထုတ်ဖော်ပြောဆိုကာဖြင့် ပြောဆို၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။
မင်း လီဝမ်ကျန့်.. ငါကြိုက်တဲ့မိန်းမနဲ့ အရင်ဆုံး အိပ်ရဲတယ်ဟုတ်လား။ ငါ့ကို နွားကျအောင် လုပ်ခဲ့တာပေါ့။ ဒါတင်မကသေးဘူး။ အညှိုးအတေး ကြီးမားတဲ့ ကဗျာတွေကိုလည်း စပ်ထားသေးတယ်။ ငါ ဘုရင်မင်းမြတ်က သိပ်ပြီး ဦးနှောက်မသုံးတတ်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုရင်တောင်မှ ဒါကိုမြင်ဖို့အတွက်တော့ မျက်လုံး ကန်းမနေဘူး။
ပို၍ကြီးမားသည်မှာ ၎င်းတို့သည် လီဝမ်ကျန့်၏ အိမ်ဆီသို့ သွားရောက်ရှာဖွေသည့်နေရာတွင် အိပ်ရာအောက်၌ ငွေေရောင်အပ်ချည်ဖြင့် ရေးထိုးထားသည့်အရာတစ်ခုကို မြင်ခဲ့ရ၏။ ထိုအရာသည် အိမ်ရှေ့စံ၏ မွေးသက္ကရာဇ်နှင့် အိမ်ရှေ့စံကို ကျိန်ဆဲထားသည့်အရာပင် ဖြစ်၏။ တကယ့်ကို ကြီးမားလွန်းသည့် မှုခင်းဖြစ်ရပ်ပင် ဖြစ်၏။ လီဝမ်ကျန့်သည် အိမ်ရှေ့စံကိုပင် ကျိန်ဆိုရဲသည့်လူတစ်ယောက် ဖြစ်လို့နေခဲ့၏။
သို့ပေမည့် ထိုအချိန်၌ လီဝမ်ကျန့်နှင့်ပတ်သက်သော အမိန့်စာက ပျံ့နှံ့ခဲ့ပြီးသား ဖြစ်၏။ မည်သည့် တိုက်ခိုက်ခြင်းကိုမှ မပြုလုပ်သည့်အပြင် မည်သည့်ရာထူးကိုမှလည်း လျှော့ချခဲ့ခြင်း မရှိပေ။ လစာတစ်နှစ်စာ သာလျှင် ပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့၏။
ဘုရင်မင်းမြတ် ဘာလုပ်ရမည်နည်း။ သည်းခံရမည်လား။ မည်သို့မှ မဖြစ်နိုင်ချေ။ ထို့ကြောင့်ပင်လျှင် ကျွမ်းကျင်သူများကို စေလွှတ်ပြီးသည့်နောက် လီဝမ်ကျန့်အား တစ်ခါတည်း သတ်ဖြတ် ပစ်ခဲ့ရန် အမိန့်ပေးခဲ့၏။ ပြီးနောက် လီဝမ်ကျန့် သေဆုံးခြင်းသည် နိုင်ငံရေးနှင့်ပတ်သက်သော သက်ရောက်မှုမျိုး မရှိအောင်လည်း မှာကြားခဲ့သည်။
ထိုအရာအားလုံးသည် ရှမ့်လန်၏ ကြိုတင်စီစဉ်မှုပင် ဖြစ်၏။ လီဝမ်ကျန့်သည် သူမနှင့် အိပ်စက်ခဲ့ခြင်း မရှိချေ။ သို့ပေမည့် အရာအားလုံးကို ရှမ့်လန်က ကြိုတင်ကာ စီစဉ်ခဲ့၏။ ပိုးပဝါပေါ်တွင် သွေးအမှတ်အသားများ ကျန်ရှိအောင်ပါ ရှမ့်လန်က ဖန်တီးခဲ့သေး၏။ ထို့အပြင် လီဝမ်ကျန့်၏ အိပ်ရာအောက်တွင် အိမ်ရှေ့စံမင်းသားအား ဆဲဆိုထားခဲ့သော စာတမ်းများကိုလည်း ရေးထိုးထားခဲ့သေး၏။
ရှမ့်လန် မည်သို့လုပ်ခဲ့သနည်း။ ဟုတ်ပေ၏။ ရှမ့်လန်သည် ကျင်းဟွေ့၏အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းသာလျှင် ဖြစ်၏။ ထိုသို့ဆိုလျှင် သူမရဲ့အပျိုမှေးပါးကို မည်ကဲ့သို့ ပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့သနည်း။ အရာ အားလုံးသည် ကျင်းဟွေ့ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်၏။ ကျင်းဟွေ့သည် စိတ်ထင်အယောင်ထင်မှား ဖြစ်စေနိုင်သည့် ဆေးကို အသုံးပြုကာဖြင့် သူမ၏ အပျိုမှေးပါးကို ဓားနှင့်လှီးခဲ့ခြင်းသာလျှင် ဖြစ်သည်။
နိုးထလာသည့်အချိန်တွင် အနည်းငယ် မသက်မသာ ခံစားရသည်ကလွဲလျှင် မည်သည့်ထူးခြားသည့် ခံစားမှုကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမ ဘုရင်မင်းမြတ်နှင့် အိပ်ပြီးသည့်နောက် ကျိန်းသေပေါက် သွေးမထွက်ခဲ့ခြင်းသာလျှင် ဖြစ်၏။ အရာအားလုံးသည် ရှမ့်လန်၏ အစီအစဉ်ဖြစ်ပြီး တကယ့်ကို ရိုင်းစိုင်း ကြမ်းတမ်းလွန်းလှချေ၏။
ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်နှင့် ရင်ဆိုင်တွေ့ရာ၌ လီဝမ်ကျန့်သည် ပြစ်ချက်ပေါင်းများစွာနှင့် လူတစ်ယောက် ဖြစ်လာခဲ့သည်။
ဟုတ်ပေ၏။ ရှမ့်လန်ပြုလုပ်ခဲ့သည့် အရာအားလုံးသည် ကြိုးစားမှုကြောင့် အောင်မြင်မှုသည် ၇၀ ရာခိုင်နှုန်းဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှာတော့ အချိန်ကိုက်ခြင်းနှင့် ကံတရားက အကူအညီ ပေးခဲ့ခြင်းသာလျှင် ဖြစ်၏။
ဟုတ်ပေ၏။ လီဝမ်ကျန့်သည် သုံးမရသည့်လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ လွယ်လွယ်ကူကူ စီစဉ်၍ ရနေခြင်းပင်။ ဥပမာ ထန်ယွင် သို့မဟုတ် ဝတုတ်ကောင် ကျင်းမူကုန်းဆိုလျှင်တောင်မှ ထိုသို့ လွယ်လွယ်ကူကူ ပြုလုပ်၍ရလိမ့်မည် မဟုတ်ချေ။
..............
“ရှမ့်လန်.. ဘာလုပ်ခဲ့တာလဲ။ ဘုရင်က ငါ့ကိုသတ်ဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို မင်းသုံးခဲ့တာလဲ။ ရှမ့်လန် ငါ့ကိုပြောစမ်း။ ငါ ဒါကိုသိပြီးမှ သေချင်တယ်” လီဝမ်ကျန့်သည် စိတ်ရှိသလောက် ထကာ အော်ဟစ်လျက် ရှိနေပြီး အားကုန်လည်း ရုန်းကန်လျက် ရှိနေသည်။
ရှမ့်လန်သည် အလွန်အမင်း ဝမ်းနည်းလျက် ရှိနေ၏။ ဘဝတွင် ပိုမို၍ အရေးကြီးမားသည့်အရာက မည်သည့်အရာ ဖြစ်သနည်း။ ဟန်ထုတ်ခြင်းပင် ဖြစ်၏။ ပညာရှိများသည် ဟန်ထုတ်ခြင်းအမှုကို နှစ်နှစ်ခြိုက်ခြိုက် ပြုလုပ်ခဲ့ကြ၏။ သို့ပေမည့် ဟန်ထုတ်ခြင်းကိုပြုမူသည်ဆိုသော်လည်း သူတို့ ထိုကဲ့သို့ ဟန်ထုတ်ရသည့် အကြောင်းအရင်း နှင့် ရည်ရွယ်ချက်ကို ဘယ်တော့မှ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။
အစ်ကိုလီ... ကျုပ် ခင်ဗျားကို ပြောချင်တယ်။ ဒါပေမဲ့ အဲဒီလျှို့ဝှက်ချက်က ပြောလို့မရဘူးလေ။ ပြောလိုက်ရင် ကျုပ် ဒုက္ခရောက်သွားမှာပေါ့။
“ရှမ့်လန် ငါ့ကိုပြောစမ်း။ မဟုတ်ရင် ငါ သရဲဖြစ်ရင်တောင် မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး” လီဝမ်ကျန့်သည် အသံကုန်ခြစ်ကာ အော်ဟစ်လျက် ရှိနေ၏။
ရှမ့်လန်သည် အပြစ်ကင်းစင်စွာ ပြောလိုက်သည်။ “အစ်ကိုလီ.. ခင်ဗျားဘာတွေ ပြောနေတာလဲ ကျုပ်မသိဘူး။ ခင်ဗျားပြောတဲ့ စကားလုံးတွေကိုလည်း ကျုပ်နားမလည်ဘူး။ ကျုပ် ခင်ဗျားကို ဘယ်လိုလုပ် ထိခိုက် နာကျင်အောင် လုပ်လို့ရမှာလဲ။ ကျုပ်က တစ်ချိန်လုံး ကျုပ်မိန်းမဘေးနားမှာနေပြီး ချစ်ခင်ယုယ နေခဲ့တာလေ။ ဘယ်လိုဖြစ်ပြီးတော့ ခင်ဗျားကို ထိခိုက်နာကျင်အောင်လုပ်ဖို့ အချိန်နဲ့ စွမ်းအင် ရှိမှာလဲ။ ခင်ဗျား မယုံဘူးဆိုရင် ကျုပ်မျက်လုံးတွေကို ကြည့်လိုက်။ ဒီမှာကြည့် ... မျက်တွင်းတွေတောင် ချိုင့်နေပြီ”
ရှမ့်လန်သည် ပြောပြောပြီးချင်းမှာပင် သူ၏ချိုင့်ဝင်လျက် ရှိနေသည့် မျက်တွင်းများကို လက်ညှိုးထိုးကာ ပြသလိုက်၏။
လီဝမ်ကျန့်ကို လာရောက်ဖမ်းဆီးခဲ့သည်ကို ဖမ်းဆီးခဲ့သော စစ်သည်များအားလုံးသည် မည်သို့မှ မနေနိုင်ဘဲ ရှမ့်လန်ကို လှမ်းကြည့်လိုက်ကြ၏။ ဟုတ်ပေ၏။ ရှမ့်လန်ကို ကြည့်ရှုလိုက်မည်ဆိုလျှင် အလွန်ပင် ကြိုးစားထားပုံ ပေါ်၏။ မျက်တွင်းများပင် ချိုင့်ဝင်လျက် ရှိနေ၏။ ပြီးနောက် ၎င်းတို့အားလုံးသည် မူလန်ကို ထပ်မံကာ လှမ်းကြည့်လိုက်ကြ၏။ ပြီးနောက် စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။ ရှမ့်လန်သည် အားနည်း နေသည်ဆိုသော်လည်း မူလန်မှာတော့ ဒေါင်ဒေါင်မည် ရှိလို့နေသေးသည်။
သူ့ကို ဤသို့ ဒုက္ခရောက်အောင် ရှမ့်လန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လီဝမ်ကျန့် ကောင်းကောင်းသိ၏။ ထို့ကြောင့် အသံကုန် အော်ဟစ်လျက် ရှိနေ၏။ “အရာရှိမင်းတို့ ဘုရင်မင်းမြတ်ကို ပြောပေးပါ။ ဒါ ရှမ့်လန်လုပ်ခဲ့တာပါ။ ဒါ ရှမ့်လန် ဒုက္ခပေးခဲ့တာ”
ခေါင်းဆောင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားအတွေးများနေပြီ။ သူ့ကို နတ်ဘုရားလို့ ခင်ဗျား ထင်နေရတာလား”
လီဝမ်ကျန့်သည် အော်ဟစ်ငိုယိုလျက် ရှိသည်။ “ကျုပ်ကို ဒုက္ခရောက်အောင်လုပ်တာ သူ တကယ်ပါဗျာ။ ဒါ သူ့ရဲ့ဇာတ်လမ်းတွေပါပဲ။ အား... အား...”
လီဝမ်ကျန့်သည် ကျိန်းသေပေါက် အော်ဟစ်ငိုယိုလျက် ရှိနေ၏။ သူသည် ရထားလုံးထဲသို့ ဆွဲသွင်း ခံရပြီးသည့်နောက် မကြာခင် သတ်ဖြတ်ခံရပေတော့မည်။ ဘုရင်မင်းမြတ်၏ အမိန့်တော်အတိုင်းဆိုလျှင် ထိုရထားလုံးလမ်းဆီသို့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လီဝမ်ကျန့်၏အသက်သည် သေဆုံးပေတော့မည်။
ခဏလောက်ကြာပြီးနောက် ရထားလုံးဆီမှ စူးရှသည့်အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ဘုရင်မင်းမြတ်၏ အမုန်းတရားသည် တကယ့်ကို အားကောင်းလွန်းလှချေ၏။ လီဝမ်ကျန့် သေဆုံးရခြင်းအကြောင်းသည် ထုတ်ဖော်ပြောဆို၍ မရနိုင်လောက်အောင် ခက်ခဲလွန်းလှချေ၏။
သို့ပေမည့် လီဝမ်ကျန့်၏ သေဆုံးရမှုဖြစ်စဉ်ကို ဖော်ညွှန်းရမည်ဆိုလျှင် စာလုံးတစ်ထောင်လောက်ပင် ဖွဲ့နွဲ့ကာ ရေးသားရမှာ ဖြစ်၏။ ၎င်းသည် အလွန်ရက်စက်လွန်းလှသည့် ညှင်းပန်းနှိပ်စက်မှုမျိုးဖြင့် တရိရိ ခံစားပြီး သေဆုံးသွားရခြင်း ဖြစ်သောကြောင့်ပင်။
..
အခန်း၏အတွင်းမှာတော့ ရှမ့်လန်သည် သီချင်းသီဆိုလျက် ရှိနေ၏။
“ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်။ ပြိုင်ဘက်ကင်းရတာ အထီးကျန်လွန်းတယ်”
မူလန်သည် အံကိုကြိတ်ကာဖြင့် သူမ၏ယောကျ်ားကို ကြည့်ရှုလျက် ရှိနေ၏။ နောက်ဆုံးမှာတော့ မူလန်သည် မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်၏။
“ယောကျ်ား.. ရှင်ဒီသီချင်းကို ဆိုတာ ၃၉ ကြိမ်တိတိ ရှိနေပြီ။ ဒီနှစ်ကြောင်းထက် ပိုပြီးတော့ ဆိုလို့မရဘူးလား”
ရှမ့်လန်သည် အကူအညီမဲ့စွာ ပြောလိုက်သည်။ “မိန်းမ တောင်းပန်ပါတယ်။ ငါဒီစာကြောင်းနှစ်ကြောင်းပဲ ရတယ်”
မူလန်သည် နောက်ဆုံးမှာတော့ မည်သို့မှ မနေနိုင်ဘဲ ထကာ အော်ဟစ်လိုက်မိ၏။ “သီချင်း မရရင်လည်း ဘာလို့ထပြီး ဆိုနေရသေးတာလဲ။ ငြိမ်ငြိမ်သက်သက် ထိုင်နေပါလား”
ထို့ကြောင့် ရှမ့်လန်သည် ငြိမ်ငြိမ်သက်သက်ပင် ထိုင်ပြီး သတင်းကို စောင့်မျှော်လျက် ရှိနေ၏။ လီဝမ်ကျန့် သေမလို ဖြစ်နေသည်ကို မြင်ရခဲ့ပြီးနောက် သူသည် တကယ်ပင် စိတ်ချမ်းသာလျက် ရှိနေ၏။ ဖမ်းဆီးထားခြင်းကို ခံရသည့် မူလန်၏နောက်လိုက်များဖြစ်သော ကျင်းကျန့်နန်နှင့် တခြားသော မြင်းသည်တော် တစ်ဖွဲ့တို့သည် မကြာခင် ပြန်လည်ကာ ရောက်ရှိလာမှာ ဖြစ်၏။ လွန်ခဲ့သည့် လေးနာရီတည်းက ကျင်းကျုံးသည် လူများကို စေလွှတ်ကာဖြင့် ထိုသူတို့ကို သွားရောက်ကာ ခေါ်ဆောင်နေပြီဖြစ်သည်။
နှစ်မိနစ်လောက် တိတ်ဆိတ်ငြိမ်သက်စွာ နေလိုက်ရ၏။ ထိုအရာသည် အချိန်အတော်ကြာမြင့်သည်ဟု ရှမ့်လန်က ထင်မှတ်နေမိ၏။ မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်မိ၏။ “မိန်းမ”
“ဘာဖြစ်ပြန်ပြီလဲ” မူလန်က မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း... မိန်းမ .. ပဟေဋ္ဌိ ဖွက်တမ်း ဆော့ကြမလား”
“မဆော့ဘူး” မူလန်က ပြောလိုက်၏။ သူမ၏ယောကျ်ား မည်ကဲ့သို့သော ပဟေဋ္ဌိမျိုးကို ဖွက်တော့မည် ဖြစ်ကြောင်း သူမ ကောင်းကောင်းသိ၏။ ကောင်းမွန်သည့်အရာမျိုး မဖြစ်နိုင်ချေ။ ခါးအောက်ပိုင်းဆီမှ အကြောင်းအရာများသာ ဖြစ်မှာသေချာသည်။
“အင်း...” ရှမ့်လန်သည် အသာလှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။
“ဟင်း...”
မူလန်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဘယ်လို ပဟေဋ္ဌိမျိုးလဲ ပြော”
မူလန်သည် တကယ့်ကို အကူအညီမဲ့သလို ခံစားနေမိ၏။ ဤလူသည် သူမ၏ယောကျ်ား ဖြစ်ကြောင်း သေချာသည်။ သို့ပေမည့် အဘယ်ကြောင့် သူမ၏ ယောက်ျားသည် တစ်ချိန်လုံး တဏှာရူးလျက် ရှိနေသနည်း။
ရှမ့်လန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိ၏။ “အင်း... မိန်းမ ငါ ကမန်းကတန်းနဲ့ ကဗျာတစ်ပုဒ် စပ်လိုက်မယ်။ အဲဒီကဗျာထဲမှာ နှလုံးသားထဲက ဆန္ဒတစ်ခုကို ဖွက်ထားတယ်။ ညစဉ်ညတိုင်း ငါ ရေရွတ်တဲ့ စကားလုံးလေးလုံးပဲ။ မိန်းမ .... ခန့်မှန်းကြည့်”
မူလန်က ပြောလိုက်၏။ “ကောင်းပြီ”
ရှမ့်လန်သည် ကဗျာကို ရေရွတ်လိုက်သည်။
"မောမောပန်းပန်း အိုမင်းချိန်ကိုရှာ၊
ကြင်သူသက်ထား စိတ်ကောင်းများစွာ၊
ယနေ့တွင်မူ အပြောင်းအလဲပါတကား၊
ကြည်လင်လရောင်အောက် နှစ်ဦးသားကြည်နူးကြ။"
..............
တကယ့်ကို ဖြစ်ကတတ်ဆန်းနိုင်သည့် ကဗျာမျိုးပင် ဖြစ်၏။ သို့ပေမည့် မူလန်သည် ဦးနှောက်တစ်ခုလုံးကို အသုံးပြုကာဖြင့် ထိုအထဲမှာ ပါဝင်သော ပဟေဋ္ဌိများကို စတင်ကာ စဉ်းစားလိုက်၏။ မူလန်သည် အလွန် ဉာဏ်ကောင်းလွန်း၏။ ထို့ကြောင့် ပဟေဋ္ဌိကို ရှာဖွေရန်အတွက် နည်းလမ်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့၏။
သူမ ပထမဦးဆုံး စကားသုံးခွန်းကို ခန့်မှန်းလိုက်သည့်အချိန်မှာတော့ အမူအရာတစ်ခုလုံးက ပုံမှန်ပင် ဖြစ်သည်။ ကျုပ် ... အရမ်း .. လိုချင် .. ဟူ၍ဖြစ်သည်။
နောက်ဆုံးစကားလုံးကို ခန့်မှန်းပြီးသည့်အချိန်မှာတော့ မျက်နှာပြင်တစ်ခုလုံး နီရဲသွားခဲ့၏။ အံကို တင်းတင်းကြိတ်လိုက်၏။ သူမ၏ လက်သီးများသည် စတင်ကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်လို့နေခဲ့၏။ “ကျင်းမိသားစု၏ စည်းမျဉ်းစည်းကမ်း... ယောကျ်ားကို ရိုက်လို့ မဖြစ်ဘူး။ ငါ ယောကျ်ားကို ရိုက်လို့ မဖြစ်ဘူး”
နောက်ဆုံးမှာတော့ ကျင်းကျုံးက ဝင်လာခဲ့၏။ “သခင်လေး၊ သခင်မလေး... မြို့တော်ဝန် မရှိဘူး။ အဲဒီမှာ ထိန်းသိမ်းထားတာ ဒုတိယခေါင်းဆောင်တဲ့”
“ဒုတိယခေါင်းဆောင်ဟုတ်လား”
မူလန်က ပြောလိုက်သည်။ “ဒုတိယခေါင်းဆောင်တစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ သတ္တိရှိရှိနဲ့...ကျွန်မတို့ရဲ့ မြင်းသည်တော်တွေကို ထိန်းသိမ်းထားပြီး မလွှတ်ပေးရတာလဲ”
ကျင်းကျုံးက ပြောလိုက်၏။ “ဟုတ်ပါတယ်။ သူက မလွှတ်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။ သခင်လေး ကိုယ်တိုင်လာပြီးတော့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်မှ လွှတ်မယ်လို့ ပြောတယ်”
ရှမ့်လန်သည် ရုတ်တရက် ထရပ်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “အဲဒီဒုတိယခေါင်းဆောင်က ဘယ်သူလဲ။ သူ အသက်မရှင်ချင်တော့ဘူးလား”
ကျင်းကျုံးက ပြောလိုက်၏။ “အင်း... သူက လွန်ခဲ့တဲ့နှစ်ရက်ကမှ တာဝန်ယူထားတဲ့ အရာရှိတစ်ယောက်ပါပဲ။ သခင်လေး သူ့ကို သိရင်သိလိမ့်မယ်။ သူက လူကုန်တန်ပွဲရုံက သူဌေးလင်းဝူရဲ့သားလေ။ လင်းကျိုးတဲ့။ စာမေးပွဲ အောင်မြင်ပြီးတဲ့နောက်မှာ ဒုတိယခေါင်းဆောင် ဖြစ်လာခဲ့တာ”
“သူလား”
ရန်သူများသည် အလွန်ကျဉ်းမြောင်းသည့် လမ်းတွင် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းပင် ဖြစ်၏။ လင်းဝူသည် ရှမ့်လန်ဆီမှ ရွှေရောင်ဆိုးဆေးနည်းပညာကို ရရှိခဲ့ပြီးနောက် ရှမ့်လန်ကို ချက်ချင်း သစ္စာဖောက်ကာ ရှစ်ကွမ်းယွမ်နှင့် သွားရောက် ပူးပေါင်းခဲ့သည်။
ဟုတ်ပေ၏။ ထျန်းဟန်၊ ရှစ်ကွမ်းယွမ်တို့နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် လင်းဝူ၏ အရည်အသွေးနှင့် ပါဝင်မှုသည် သေးငယ်လွန်းလှချေ၏။ ထို့ကြောင့် သူ၏ နာမည်သည် ရှမ့်လန်၏ နံရံပေါ်တွင် မရှိချေ။
ရှမ့်လန်၏မျက်လုံးထဲမှာတော့ လင်းဝူသည် ဘာမှဟုတ်သည့်လူတစ်ယောက် မဟုတ်ချေ။ ရှစ်ကွမ်းယွမ်ကို စီးပွားပျက်အောင် ပြုလုပ်ရမည့် သူ၏အစီအစဉ်တွင် ဤဘာမှမဟုတ်သည့်လူကို အသုံးပြုရန်တော့ ရှမ့်လန်က လိုအပ်နေသေး၏။ ထို့ကြောင့် လက်ရှိအချိန်အထိ အသက်ရှင်လျက် ခွင့်ပြုထားခြင်းသာ ဖြစ်၏။
သို့ပေမည့် ရှမ့်လန်တစ်ယောက် လင်းဝူကို လက်စားချေရန် အခွင့်အရေးပင် မရသေးချေ။ လင်းဝူက စတင်ကာ သူ့ကိုပြဿနာ ရှာလာခဲ့ပြီဖြစ်သည်။
ရှမ့်လန်သည် ဒေါသမထွက်ချေ။ ထိုအစား ရယ်မောလိုက်မိ၏။ “ဒီကောင် ရူးနေပြီလား မသိဘူး။ ကုန်သည် တစ်ယောက်ရဲ့သားတစ်ယောက်သာသာက ဒုတိယခေါင်းဆောင်တစ်ယောက် ဖြစ်လာရုံပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို လာပြဿနာရှာရဲရတာလဲ။ ကိုယ်တိုင်လာပြီး တောင်းပန်မှ လွှတ်ပေးမယ်လို့တောင် ပြောသေးတယ် ဟုတ်လား”
ကျင်းကျုံးက ပြောလိုက်သည်။ “ဟုတ်ပါတယ်။ တကယ်လို့ သခင်လေး သူ့ကိုလာပြီး ဒူးထောက်တောင်းပန်မယ် ဆိုရင်တော့ လွှတ်ပေးဖို့ ဆုံးဖြတ်မယ်လို့ ပြောတယ်”
ရှမ့်လန်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ထိုစကားလုံးကို ကြားရသည့်အချိန်မှာတော့ ရှမ့်လန်သည် တကယ်ပင် ဒေါသတရားများဖြင့် လှိုင်းထသွားခဲ့၏။ သူသည် တစ်ဖက်လူ၏မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ရပေတော့မည်။
ဟုတ်ပေ၏။ သာမန် ထောင်စုမှူး ဒုခေါင်းဆောင်တစ်ယောက်အနေနှင့် ရွှမ်ဝူအိမ်တော်ကို အဘယ်သို့ ပုန်ကန်ရဲမည်နည်း။ ၎င်း၏နောက်ကွယ်တွင် ကြီးမားသော နောက်ခံတစ်ခုခု ရှိရပေလိမ့်မည်။ ကျိန်းသေပေါက် အားကောင်းလွန်းသော အရာမျိုးပင်။ ထို့အပြင် သိုင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီးနောက် အစိုးရ အမှုထမ်းတစ်ယောက် ဖြစ်လာသည်ဆိုလျှင်တောင်မှ ထောင်စုမှူး၏ ဒုခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ ဆိုသည်မှာ ရှားရှားပါးပါး အရာမျိုးပင်။
လင်းဝူသည် ရှမ့်လန်ကို သစ္စာဖောက်ခဲ့ပြီးနောက် အခွင့်အရေးကို အရယူကာဖြင့် ရှစ်ကွမ်းယွမ်၊ ကျန်းကျင်းတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့၏။ သို့ပေမည့် ဤကဲ့သို့သော ဆက်ဆံရေး အဆင့်အတန်းမျိုးသည် နိမ့်ပါးလွန်းလှချေ၏။ ထို့ကြောင့် သိုင်းစာမေးပွဲကို အောင်မြင်ရန်အတွက် အကူအညီတောင်း၍ ဖြစ်နိုင်သည့် အရာမျိုးဆိုသော်လည်း ကောင်းမွန်သည့် ရာထူးတစ်ခုကို ရရှိရန် ဆိုသည်မှာတော့ ဆုတောင်းရန်သာ ရှိ၏။
လူကုန်တန်ပွဲရုံကြီးသူဌေး လင်းဝူ၏သား လင်းကျိုးသည် အဘယ့်ကြောင့် ဤမျှ အားကောင်းသွားရသနည်း။ အဘယ့်ကြောင့် ရွှမ်ဝူအိမ်တော်ရဲ့ မြင်းစီးတပ်ဖွဲ့ကိုပင်လျှင် ဖမ်းဆီးထားရသနည်း။
အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှမ့်လန်နှင့် တူညီသည့် လမ်းစဉ်ကို လျှောက်ခဲ့သောကြောင့်ပင်။ မိန်းမတစ်ယောက်၏ ထဘီနားတွင် ခိုစားခြင်း။
ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်၌ ဤကဲ့သို့ နေထိုင်သည့်လူတစ်ယောက် ဖြစ်သလို လင်းကျိုးသည်လည်း ချင်းကန်မြို့စားအိမ်တော်၌ ဤကဲ့သို့ နေထိုင်ရန် စီစဉ်ခဲ့၏။ ဟုတ်ပေ၏။ မြို့စားအိမ်တော်နှစ်ခုသည် ခြားနားလွန်း၏။ ရွှမ်ဝူအိမ်တော်သည် ပိုင်နက်မြေ တော်တော်များများကို ပိုင်ဆိုင်သည့် တော်ဝင်မျိုးနွယ်ဟောင်း ဖြစ်ပြီး ချင်းကန်မြို့စားအိမ်တော်မှာတော့ ဘုရင်မင်းမြတ်မှ အသစ်ချီးမြှင့်ထားသည့် တော်ဝင်မျိုးနွယ်အသစ်ပင် ဖြစ်၏။ ၎င်းတို့၌ ပိုင်နက်မြေဟူ၍ မရှိလှသလို ကိုယ်ပိုင်စစ်တပ်ဟူ၍လည်း မရှိချေ။
သို့ပေမည့် အာဏာအရဆိုလျှင် ချင်းကန်မြို့စားအိမ်တော်သည် ပို၍အားကောင်းသည်။ ရိုးသားစွာ ပြောရမည်ဆိုလျှင် ရွှမ်ဝူအိမ်တော်ပင်လျှင် ချင်းကန်အိမ်တော်ကို ပြဿနာရှာ၍ မဖြစ်နိုင်ချေ။