အပိုင်း (၁၁၉)
Vol. 9 Ch. 119
လင်းဝူက အသာ ပြောလိုက်၏။ “အဲတော့ ဘာဖြစ်လဲ။ ငတ်ပြတ်ပြီး သေမှာ ကျုပ်မှ မဟုတ်တာ။ ကျုပ်က အဲလူတွေအကုန်လုံး ငတ်ပြတ်သေပြီး ရွှမ်ဝူအိမ်တော်ကလူတွေ ဝါးစားခံရတာကိုတောင် ကြည့်ချင်သေးတယ်။”
ရှမ့်လန်သည် လင်းဝူကို လက်ညှိုးညွှန်ကာဖြင့် တုန်ယင်စွာ ပြောလိုက်သည်။ “ခင်ဗျား .... ခင်ဗျား ရက်စက်လွန်းတယ်”
လင်းဝူသည် အသာပင် ပြောဆိုလိုက်၏။ “မင်းနဲ့ တူတူပါပဲ။ ကိုယ့်လူတို့.. ဧည့်သည်ကို ပြန်လွှတ်လိုက်တော့”
ဤသို့နှင့် စိတ်ဓာတ်ကျ ဒေါသထွက်လျက်ရှိနေသည့် ရှမ့်လန်အား လင်းဝူက မောင်းထုတ်ခဲ့၏။ ဤမြင်ကွင်းအား ရှစ်မိသားစုဆီသို့ပင် မြန်မြန်ဆန်ဆန် သတင်းပေးပို့ခဲ့သည်။
ရှစ်ချင်းချင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်မိ၏။ “ဒီကောင် ဘယ်လိုမှ ခံနိုင်တော့မှာ မဟုတ်ဘူး။ အများဆုံး မနက်ဖြန်ပဲ ကျွန်မတို့ကို လာပြီး တောင်းပန်ရလိမ့်မယ်”
ရှစ်သခင်ကြီးက ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် သူက အမှိုက်ပဲလေ။ အရေးအကြောင်းအခြေအနေမျိုးနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
...........
ညသို့ ရောက်သည့်အချိန်မှာတော့.....
ရွှမ်ဝူမြို့စားအိမ်တော်တွင် ရှမ့်လန်သည် အသာပင် ပြောဆိုလိုက်၏။ “အင်း.. ဒီပြဇာတ်က ပြီးခါနီးပြီ။ မိန်းမ၊ နောက်လာမယ့် ကိစ္စအတွက် ငါ့ကို ကူညီအုံး”
မူလန်က ခေါင်းညိတ်လိုက်၏။
ပြီးနောက် ရှမ့်လန်သည် သေးငယ်သည့်အပ်လေးကို အသုံးပြုကာဖြင့် ပိုးအိမ်တစ်ခုချင်းစီတိုင်းအား အပေါက်တစ်ခုကိုစီ ဖောက်လိုက်၏။ ပြီးနောက် သူသည် ထိုထဲသို့ အဖြူရောင်အမှုန့်များကို ထည့်သွင်းလိုက်၏။ ပြီးနောက် အပေါက်ကို သေသေချာချာ ပြန်လည်ကာ ပိတ်၏။ မည်သည့် အမူအရာ၊ ပုံမှန်သွင်ပြင် ပျက်စီးခြင်းမှ မရှိချေ။ ပိုးအိမ်သည် မူရင်းကဲ့သို့ပင်။
မူလန်၏ လှုပ်ရှားမှုများသည် ပိုမိုကာ မြန်ဆန်လွန်းလှချေ၏။ ရှမ့်လန်ကို လိုက်ကြည့်ပြီးနောက် သူမသည် အတုမြင် အတတ်သင်ဆိုသလိုပင် မြန်မြန်ဆန်ဆန်ဖြင့် ကျွမ်းကျင်သွားခဲ့၏။ “ယောက်ျား.. ဒီအမှုန့်က ဘာတွေမို့လို့ ပိုးအိမ်ထဲကို ထည့်နေရတာလဲ။ ဒါကို အရင်က တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
မူလန်က မေးလိုက်၏။
ရှမ့်လန်သည် အသာပင် ပြောဆိုလိုက်၏။ “ဒါက အဖြူရောင် ဖော့စဖရပ်စ်တွေလေ”
မှန်ပေ၏။ အဖြူရောင် ဖော့စဖရပ်စ်ပင် ဖြစ်လေ၏။ အဖြူရောင် ဖော့စဖရပ်စ်ဆိုသည်မှာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ဆီသို့ ရောက်သည်ဆိုပါက အလိုလိုထကာ မီးတောက်လောင်သည့် အရာမျိုးပင် ဖြစ်၏။ မည်သည့် အကူအညီမှ မလိုချေ။ အပူချိန်အနည်းငယ် တိုးလာသည်နှင့် တစ်ပြိုင်နက် ပြင်းပြင်းထန်ထန်နှင့် ကျွမ်းလောင်မှာ ဖြစ်လေ၏။ မည်သို့မှ ငြိမ်းသတ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
ရှစ်ချင်းချင်းသည် ကျန်းကျင်း စေ့စပ်ခဲ့၏။ ထိုအချိန်မှစ ရှစ်မိသားစုသည် ရူးရူးမူးမူး ဆိုသလိုပင် သူတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ခဲ့၏။ ယခု ထျန်းနန်စီရင်စုတစ်ခုလုံး၏ ပိုးချည်လုပ်ငန်းများကို သူတို့က မောင်ပိုင်စီးထား၏။ မိသားစု၏ ရှိရှိသမျှသော ပိုင်ဆိုင်မှုအားလုံးကို ရင်းနှီးမြှုပ်နှံကာဖြင့် ထိုလုပ်ငန်းထဲသို့ ထည့်သွင်းထားခဲ့၏။
အချိန်ကျလာပါကမီးတောက်များက ကောင်းကင်သို့ ထိုးတက်သွားမည်ဖြစ်ပြီး၊ ထိုမြင်ကွင်းသည် မည်မျှ ခမ်းနားထည်ဝါလိုက်မည်နည်း... မည်မျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်စီးဆုံးရှုံးစေမည်နည်း။
ဤလောကကြီးထဲတွင် အဖြူရောင်ဖော့စဖရပ်စ်ဟူ၍ မရှိချေ။ ဤအဖြူရောင်ဖော့စဖရပ်စ်များသည် ရှမ့်လန်ကိုယ်တိုင် သန့်စင်ထားသည့် အရာမျိုးဖြစ်၏။ နောက်ဆုံးအကြိမ် သူ စုန့်မိသားစုဆီမှ အရူးကြီး၏ မိထွေးနှင့် သွားရောက် ဆော့ကစားစဉ်က ထိုအရာများကို အသုံးပြုကာ ဆော့ကစားခဲ့ခြင်းဖြစ်သည်။
လက်ရှိ နွေဦးရာသီ နောက်ပိုင်းဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ညဘက်တွင် အပူချိန်သည် ၁၀ ဒီဂရီအထိ တိုးလာခဲ့၏။ ဖော့စဖရပ်စ်များသည် ထိုမျှလောက်အတောအတွင်းတွင် မီးတောက်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် နွေဦးရာသီ ကုန်ဆုံးပြီးအချိန်မှာတော့ ညအေးညတာသည် အလွန်ပင် ပူလောင်လာ၏။
ရှမ့်လန်သည် မူလန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ မူလန်သည် ပိုးအိမ်ထဲသို့ ဖော့စဖရပ်စ်များကို ထည့်သွင်းလျက် ရှိနေတုန်းပင်။
သူ၏မိန်းမ ထိခိုက်ဒဏ်ရာမရအောင် အဖြူရောင် လည်သာ လက်အိတ်များကို ဖန်တီးပြီး ပေးအပ်ထားခဲ့၏။ ကြည့်ကောင်းလွန်းသည့် အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်ကို ကွေးညွတ်ကာဖြင့် အလုပ်လုပ်လျက် ရှိနေသည်ကို မြင်ရသည့် မြင်ကွင်းသည် တကယ်ကို စိတ်ဆန္ဒပြင်းပြစေသည်။
ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။
“မိန်းမ.. အင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါ့ထက်တောင် ပိုပြီး မြန်သေးတယ်။ ငါ့ထက်လည်း ပိုပြီး တိကျတယ်” ရှမ့်လန်က ချီးကျူးလိုက်မိသည်။ သူသည် တကယ့်ကို တောင်စဉ်ရေမရ လျှောက်ကာ ပြောဆိုနေခြင်းပင်။ သူ၏သိုင်းပညာသည် ဆိုးဝါးလွန်းလှသည်ဆိုလျှင်တောင်မှ သူသည် ဆရာဝန် တစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် ဤကဲ့သို့သော အသေးစိတ်လှုပ်ရှားရသည့် အခြေအနေမျိုးတွင် လက်တည်ငြိမ်နေခြင်းပင်။
မူလန်က ပြောလိုက်သည်။ “ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ယောက်ျား”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် အလုပ်လုပ်ဖို့အတွက် လူတော်တော်များများ လိုသေးတာပဲ။ ဘာလို့လဲ ဆိုတော့ နောက်ထပ် လုပ်ရမယ့် ပိုးအိမ်ပေါင်းက တစ်ထောင်လောက် ရှိသေးတယ်”
မူလန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာဖြင့် အံကြိတ်လိုက်မိ၏။ ပြီးနောက် ရှမ့်လန်ကို လျစ်လျူရှုလိုက်၏။ ရှမ့်လန်သည် ထိုင်ခုံတစ်ခုကို သွားယူပြီး မူလန်၏ဖင်နားတွင် အသာကပ်ကာ ထိုင်လိုက်၏။ ပြီးနောက် ရေနွေးခွက်ကို အသာကောက်မော့ကာဖြင့် သူ၏မိန်းမနောက်ကျောကို ဇိမ်ကျကျဖြင့် ထိုင်ကာ ကြည့်ရှုလျက် ရှိနေ၏။ သူ့မျက်လုံး၏ မီးတောက်များအောက်တွင် သူ့မိန်းမ၏ဝတ်စုံများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့ မလောက်ပင်။
“မိန်းမ ဘာမှလုပ်စရာ မရှိဘူးဆိုတော့လည်း မိန်းမမျက်နှာကိုပဲ ကြည့်ရတော့မှာပေါ့” ရှမ့်လန်၏ စကားလုံးများ သည် မူလန်ကို ရှက်ရွံ့စေခဲ့၏။ ထို့အတူ မူလန်သည် အံကိုကြိတ်ကာ ဒေါသလည်း ထွက်နေမိ၏။ သူမ ယောက်ျားသည် လူပေါ့လူသွမ်း တစ်ယောက်လိုပင်။
သို့ပေမည့် မူလန်သည် ထိုစကားများအား နားထောင်ရသည်ကို နှစ်ခြိုက်နေမိသေး၏။ အချိန် အတော်ကြာပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိ၏။ မျက်စိကို အသာစောင်းငဲ့ကာ ကြည့်ရှုလိုက်ချိန်မှာတော့ တစ်ဖက်လူသည် သူမ၏ဖင်ကိုသာ စူးစိုက်ကြည့်နေခြင်းဖြစ်ကြောင်း သိရှိလိုက်၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် သူမ၏မျက်လုံးထဲတွင် ထွန်းတောက်လာခဲ့သည်။
ရှမ့်လန်သည် ကြောင်အအဖြင့် ပြုံးပြီးသည့်နောက် မျက်နှာကို အသာတစ်ဖက်သို့ လွှဲလိုက်၏။
“မိန်းမ ကိုယ့်မိန်းမဖင်ကို ကြည့်တာပဲ ဘာဖြစ်လို့လဲ။ ခုဏက မင်းဖင်ပေါ်မှာ ခြင်ကိုက်နေတာ တွေ့တယ်။ ဒါကြောင့် ခြင်ကို ရိုက်မလို့ ကြည့်နေတာ” ရှမ့်လန်က ပြောလိုက်၏။
မူလန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ရုတ်တရက် ထရပ်ပြီးသည့်နောက် ရှမ့်လန်ကို အေးစက်စက်ဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။
“မိန်းမ.. သတိထားပါအုံး။ ဒါက အဖြူရောင်ဖော့စဖရပ်စ်တွေနော်။ အရမ်းအန္တရာယ်များတယ်။ နည်းနည်းလေး မှားယွင်းသွားတာနဲ့ ထပြီး မီးတောက်လိမ့်မယ်။ မလှုပ်နဲ့၊ မလှုပ်နဲ့”
ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “၄၀ ဒီဂရီထက် ပိုပြီးတော့ ပူလာလို့ရှိရင် အလိုလိုထပြီးတော့ မီးလောင်မယ့်ဟာမျိုးပဲ။ ဟာသ မလုပ်နဲ့တော့”
မူလန်သည် မလှုပ်ရှားရဲချေ။
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ အလုပ်ပြန်လုပ်ကြရအောင်။ ပိုးအိမ်ပေါင်း တစ်ထောင်ကျော် ထပ်ပြီး လုပ်ဖို့ လိုသေးတယ်။ လူပေါင်းတစ်သိန်းကျော်တို့ရဲ့ သေရေးရှင်ရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စ၊ ပြီးတော့ ဒီကိစ္စက ကျင်းမိသားစုရဲ့ နှစ်တစ်ရာအခြေခံနဲ့လည်း ပတ်သက်ဆက်နွယ်နေတယ်”
ပြီးသည့်နောက်မှာတော့ မူလန်သည် ဒေါသကို လျှော့ကာဖြင့် အလုပ်ပြန်လုပ်လျက် ရှိနေ၏။ ရှမ့်လန်သည် ရှေ့သို့ အသာ လှမ်းတက်ပြီးနောက် သူ့မိန်းမခါးကို အသာဆွဲဖက်လိုက်၏။ မျက်နှာကို တပြွတ်ပြွတ်နှင့် နမ်းရှိုက်လျက် ရှိနေ၏။ နားနားဆီသို့ အသာတိုးကပ်ကာဖြင့် တီးတိုးပြောဆိုလိုက်၏။ “ကောင်းပြီ။ ငါတောင်းပန်ပါတယ်။ ငါမင်းကို ရန်မစခဲ့သင့်ဘူး။ စိတ်မဆိုးနဲ့တော့နော်”
မူလန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သို့ပေမည့် သူမသည် ဖက်ထားခံရခြင်းမှ ရုန်းမထွက်ခဲ့ချေ။ ရှမ့်လန်သည် သူမ၏နှုတ်ခမ်းထောင့်ဆီသို့ အသာနမ်းလိုက်သည်။
“ရှင်က စိတ်တိုစရာပဲ” မူလန်က ဒေါသတကြီးဖြင့် ပြောလိုက်၏။
“မိန်းမ မင်းက အရမ်းမွှေးတာပဲ။ အင်း ဒီကိစ္စကို မင်းလက်ထဲ လွှဲထားလိုက်တော့မယ်။ ငါ အိပ်ချင်နေပြီ ပြန်အိပ်တော့မယ်” ရှမ့်လန်က ပြောလိုက်၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာလိုက်သည်။
မူလန်သည် အံကိုကြိတ်ကာဖြင့် ကြည့်ရှုနေမိ၏။ သူမသည် သူမ၏ယောက်ျားကို ထကာ ရိုက်နှက်ချင်စိတ် ပေါက်နေ၏။ ပြီးနောက် လှမ်းကာ ပြောဆိုလိုက်၏။ “ယောက်ျား.. အေးအေးဆေးဆေးနားနော်။ ရှောင်ပင်းနဲ့ ဆော့ကစားချင်တယ်ဆိုရင်လည်း ကစားလို့ ရသေးတယ်”
ရှမ့်လန်သည် ချက်ချင်းပဲ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားခဲ့၏။ မဟုတ်သေးပေ။ သူ့မိန်းမ၏ စိတ်ဖတ်ခြင်း အတတ်ပညာသည် ဤကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိလာခဲ့လေပြီလား။ မိန်းမများ၏ ခန့်မှန်းချက်သည် တကယ့်ကို မှန်ကန်လွန်းလှချေ၏။ ယခင်တုန်းက ရှောင်ပင်းနှင့်အတူ အိပ်ခိုင်းသည်မှာ သူ၏ မိန်းမပင် ဖြစ်၏။ သို့ပေမည့် ယခု ရှောင်ပင်းနှင့် မအိပ်စေချင်သည်မှာလည်း သူ၏မိန်းမပင် ဖြစ်လို့နေ၏။ လောကကြီးသည် ဘာတွေဖြစ်ကုန်သနည်း။
ပြီးသည့်နောက် ဤနှာဗူးရှမ့်လန်သည် မူလန်အား ပိုးအိမ်တစ်ထောင်ကျော်ထဲသို့ အဖြူရောင်ဖော့စဖရပ်စ်များကို ထည့်သွင်းခိုင်းခဲ့၏။ မူလန်သည် တစ်ညလုံး အလုပ်များလျက် ရှိနေ၏။ ထို့နောက် မူလန်သည် ဖော့စဖရပ်စ်များ ထည့်သွင်းထားခဲ့သော ပိုးအိမ်တစ်ထောင်ကျော်တို့အား တခြားသော ပိုးအိမ်များကြားထဲသို့ လိုက်ပါရောနှော ထည့်သွင်း၏။
ပိုးအိမ်များသည် အဆင့်အတန်းသုံးခုဖြင့် ခွဲခြားထားလေ၏။ အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဖြစ်၏။ ရှမ့်လန်သည် အဆင့်သုံးခုလုံးကို စုစည်းကာဖြင့် ထည့်သွင်းထားခဲ့ခြင်းပင် ဖြစ်သည်။
.....
နောက်တစ်ရက် ....။
ရွှမ်ဝူအိမ်တော်၏ အပြင်ဘက်တွင် လူဦးရေ ၇၀၀၀၊ ၈၀၀၀ နီးပါးခန့်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ ရှမ့်လန်သည် စိတ်ဓာတ်ကျနေသည့် သွင်ပြင်မူရာမျိုးနှင့် အပြင်ဘက်သို့ လှမ်းလျှောက်ထွက်လာခဲ့၏။ ၎င်း၏ ပုံစံသွင်ပြင်ကို ကြည့်ရှုရသည်မှာ အားပင် မရှိတော့သည့် ပုံပင်။
ရှမ့်လန် ထွက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လူပေါင်း ၇၀၀၀၊ ၈၀၀၀ တို့သည် ညီညီစီစီနှင့် အပြင်ဘက်တွင် ဒူးထောက်လိုက်ကြ၏။
“သခင်လေး ကျုပ်တို့ကို ကယ်ပါအုံး။ တကယ်လို့ ပိုးအိမ်တွေသာ မရောင်းရဘူးဆိုရင် အထဲမှာရှိတဲ့ ပိုးကောင်တွေ ပျံသန်းသွားတော့မယ်။ ဒါဆိုရင် အကုန် ဒုက္ခရောက်ကုန်မယ်။ ကျုပ်တို့ အစားအစာ ဝယ်ဖို့အတွက် ပိုက်ဆံမရှိဘူး။ အစားအစာတွေကလည်း ကုန်ခါနီး ကုန်နေပြီ”
ရှမ့်လန်သည် ညှိုးငယ်စွာဖြင့် ပြောလိုက်သည်။ “အားလုံးပဲ ကျုပ် ရှစ်မိသားစုကို သွားပြီး တောင်းပန်လိုက် ပါအုံးမယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ သူတို့ ကျုပ်တို့ကို ဘယ်လိုပဲ အရှက်ခွဲအနိုင်ကျင့်တယ်ဆိုဆို ကျုပ် သဘောတူညီပေးပါ့မယ်။ အားလုံး အစားအစာ စားရဖို့အတွက် ၊ အားလုံး ပိုက်ဆံတွေ ရဖို့အတွက် ကျုပ် ဘာမဆို ပြုလုပ်ပေးပါ့မယ်”
ချက်ချင်းပင် လူပေါင်းခုနှစ်ထောင်ရှစ်ထောင်တို့သည် ဒူးထောက်ထိုင်ချရင်းမှပင် ရှမ့်လန်အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်ရှုလျက် ရှိနေ၏။ “ကျေးဇူးပါပဲ သခင်လေး...”
ကျင်းမူကုန်းသည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ချေ။ “အဖေ.. ယောက်ဖက ဒီလူတွေကို အသုံးချနေတာမလား”
ရွှမ်ဝူသည် ခဏလောက် တွန့်ဆုတ်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း ... လူတွေကို ချစ်မြတ်နိုးတယ် ဆိုတာက အမှန်ပဲ။ လူတွေရဲ့ နှလုံးသားဆိုတာက အမြဲယိမ်းယိုင်နေတာမျိုးပေါ့။ ဒီတော့.. မင်းယောက်ဖ လုပ်တာလည်း မှန်ပါတယ်”
ကျင်းမူကုန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိ၏။ သူ၏အဖေ ပြောဆိုသည့် စကားလုံးကို သူနားမလည်ချေ။
ရွှမ်ဝူသည် စိတ်ထဲ၌ ကြိတ်ကာ သက်ပြင်းချလိုက်၏။ သို့ပေမည့် သူသည် များများစားစား ရှင်းပြမနေတော့ချေ။ ရှမ့်လန်သာ ဤနေရာတွင် ရှိသည်ဆိုပါက ကျင်းမူကုန်းကို သေသေချာချာ ရှင်းပြမှာ သေချာသည် “လူတွေကို ချစ်မြတ်နိုးရမယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လူတွေကို အရူးလို ဆက်ဆံမှ ဖြစ်လိမ့်မယ်”
ကျင်းမူကုန်းသည် အားပျော့စွာ ပြောလိုက်မိသည်။ “ယောက်ဖက ဒီလူတွေနဲ့ ပတ်သက်ပြီး အကြင်နာတရား နည်းပါးတယ်လို့ မထင်ဘူးလား”
ရွှမ်ဝူက ပြောလိုက်၏။ “အင်း.. အကြင်နာတရား နည်းပါးတဲ့ လူမျိုးကပဲ ဒုက္ခမရောက်မှာပေါ့။ အကြင်နာ တရား များပြားတဲ့ လူတွေအကုန်လုံးက ဒုက္ခရောက်နေကြတယ်လေ”
ပြောပြီးသည့်နောက် ရွှမ်ဝူသည် သက်ပြင်းကို ချလိုက်မိ၏။ သူ၏ရူးကြောင်ကြောင်သားသည် ဤနက်နဲသည့် စကားလုံး၏အဓိပ္ပာယ်ကို နားလည်လိမ့်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိရှိသည်။
...
ရှမ့်လန်သည် ရှစ်မိသားစုဆီသို့ ညှိုးငယ်လျက် ရှိနေသည့် မျက်နှာသွင်ပြင်နှင့် သွားလိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လျှင် ထွက်ခွာပြီး မရှိတော့သည့်ပုံမျိုးပင်။ မျက်လုံးများကလည်း အသက်မဲ့လျက်ရှိနေပြီး ခြေလှမ်းများကလည်း တုန်ယင်နေခဲ့၏။
“ကျုပ် အရှုံးပေးပါတယ်”
ရှမ့်လန်သည် စာရွက်သုံးခုကို အသာကမ်းပေးကာ ပြောလိုက်သည်။ “ဒါက နည်းပညာသုံးခုပါပဲ။ ပထမတစ်ခုက အဆင့်မြှင့်တင်ထားတဲ့ ရွှေရောင်ဆိုးဆေးနည်းပညာပါ။ ဒုတိယတစ်ခုက ခရမ်းရောင်ပေါ့။ တတိယတစ်ခုကတော့ သက်တန့်ရောင် ဆိုးဆေး နည်းပညာပါ”
ရှစ်ချင်းချင်းသည် သူမ၏ သွယ်လှလွန်းသော ဖြူဖြူဖွေးဖွေးလက်ချောင်းလေးများကို အသာဆန့်ကာဖြင့် စာရွက်သုံးခုကို လှမ်းယူလိုက်၏။ သေသေချာချာ ဖတ်ရှုပြီးနောက် ထိုအရာအားလုံးကို မှတ်သားလိုက်၏။
ရှမ့်လန်က ပြောလိုက်၏။ “အခု ကျေနပ်ပြီလား။ ကျုပ်တို့ဆီက ပိုးအိမ်တွေကို ဝယ်တော့မှာမလား”
ရှစ်ချင်းချင်းသည် အလွန်ပျော်ရွှင်သွားခဲ့သည်။ “ရှမ့်လန်... ဒီလိုဖြစ်မှန်းသိလို့ရှိရင် ဘာကြောင့် အစောကြီးတည်းက မဟုတ်တာတွေ လုပ်ခဲ့သေးလဲ”
ရှမ့်လန်သည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ် ရှုံးတာကို ဝန်ခံပြီးပြီလေ။ ဘာထပ်ပြီး လိုချင်သေးလို့လဲ။ မြို့စားအိမ်တော်ရဲ့ အပြင်ဘက်မှာ လူပေါင်း ၇၀၀၀၊ ၈၀၀၀ လောက် ရောက်နေကြပြီ။ ကျုပ် ခင်ဗျားကို နည်းပညာတွေလည်း ပေးခဲ့ပြီးပြီ။ ဘာထပ်လိုချင်သေးတာလဲ။ တခြား ဘာလိုချင်သေးလို့လဲ”
အဆုံးသတ်မှာတော့ သူ၏အသံသည် ခြောက်လာခဲ့သည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါက မလုံလောက်သေးဘူး”
ရှမ့်လန်သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “ရှစ်ချင်းချင်း.. အဆုံးထိ မလုပ်နဲ့နော်”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှမ့်လန်.. ဒါ ရှင့်ဆီကနေ ကျွန်မ သင်ယူခဲ့တာပဲ”
ရှမ့်လန်သည် စိုးရွံ့စွာဖြင့် လှမ်းကာ ပြောဆိုလိုက်သည်။ “ကျုပ်မှာ ဒီအရာတွေက လွဲရင် ဘာမှမရှိတော့ဘူး။ အသက်ပဲ ကျန်တော့တယ်။ တခြား ဘာမှမရှိဘူး”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျွန်မတို့ကို တောင်းပန်။ အရင်တုန်းက လုပ်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ကျွန်မတို့ ထိခိုက်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို ရှင် ပြန်ပြီး တောင်းပန်ရမယ်”
ရှမ့်လန်သည် ဦးညွတ်ကာ ပြောလိုက်သည်။ “ချင်းချင်း.. ကျုပ်မှားခဲ့ပါတယ်။ ကျုပ်တကယ်ကို မှားခဲ့ပါတယ်။ ကျုပ် တောင်းပန်ပါတယ်။ အတိတ်မှာ ခင်မင်ခဲ့တဲ့ အကြောင်းအရာကို မျက်နှာထောက်ထားပြီးတော့ ဒီတစ်ကြိမ်မှာ ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ကျုပ်ကို လက်လွှတ်ပေးပါတော့”
“ဟမ်” ဤစကားလုံးများသည် အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားနေရ၏။ သို့ပေမည့် ရှစ်ချင်းချင်းသည် ထိုအရာကို ပထမဦးဆုံးအကြိမ် ကြားဖူးခဲ့ခြင်းဖြစ်၏။ မည်မျှ လန်းဆန်းလိုက်သနည်း။ အံ့အားသင့်စရာ ခံစားချက်မျိုးပင်။
ယခင်တုန်းက အံ့အားသင့်စွာ နေထိုင်ခဲ့သော ရှမ့်လန်သည် လက်ရှိအခြေအနေမှာတော့ အလွန်ဆိုးရွား စုတ်ပြတ်သတ်လျက် ရှိနေသည့် ပုံစံသွင်ပြင်မျိုးဖြင့် သူတို့ကို လာရောက်ကာ တောင်းပန်လျက် ရှိနေ၏။ ဤခံစားချက်သည် လောကသစ်တစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားနေမိ၏။
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှမ့်လန်... ကျူးဝမ်ဟွာကို စာအုပ်တွေ မီးရှို့ခိုင်းတဲ့အချိန်တုန်းက ရှင် အရမ်းကောင်းတဲ့ ခံစားချက်မျိုးတွေ ရတယ်မလား။ အခု ရှင့်ရဲ့ စာအုပ်တွေကိုလည်း မီးရှို့သင့်တယ်လို့ ထင်တယ်”
ရှမ့်လန်သည် တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ရှစ်ချင်းချင်း.. ခင်ဗျား ဘာလုပ်ချင်တာလဲ”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှင် ကျွန်မကို ဒုက္ခပေးဖို့အတွက် စာအုပ်တွေ ရေးခဲ့တာမလား။ မာယာမျဉ်းပြိုင် စာအုပ်က ဘယ်နှအုပ်တောင် ပုံနှိပ်ထားတာလဲ။ ဒါတွေ အကုန်လုံးကို တောင်လိုပုံပြီး မီးရှို့လိုက်တော့”
“မဟုတ်ဘူး။ မဟုတ်ဘူး”
ရှမ့်လန်သည် ခြောက်ကပ်စွာ ပြောလိုက်၏။ “ဒါ ကျုပ်ရဲ့ သွေးတွေ၊ ချွေးတွေ။ ဒါတွေကို မီးမရှို့နိုင်ဘူး။ လုံးဝ မီးမရှို့နိုင်ဘူး”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဒါဆိုရင် ရှင် ပြန်တော့လေ။ ရှင့်ဆီက ပိုးအိမ်တွေကို ကျွန်မ ယူမှာမဟုတ်ဘူး။ လူပေါင်း တစ်သိန်းကျော်လောက် ငတ်ပြတ်ပြီး သေဆုံးတာကို ရှင့် စောင့်ကြည့်နေလိုက်ပေါ့”
ရှမ့်လန်သည် နောက်ဆီသို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။ ခဏလောက်ကြာပြီးသည့်နောက် အံကို ကြိတ်ပြီး စိတ်ပျက်အားငယ်စွာ ပြောလိုက်မိ၏။ “ကျုပ် .... ကျုပ်ရဲ့ မာယာမျဉ်းပြိုင် စာအုပ်တွေကို လူသိရှင်ကြား မီးရှို့ပစ်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ ပိုးအိမ်တွေကို ဈေးအပြည့်နဲ့ ဝယ်ရမယ်”
“မဖြစ်နိုင်ဘူး” ရှစ်ချင်းချင်းက ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင်လည်း ကျုပ်တို့ မြို့စားအိမ်တော်က ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ပဲ ဝယ်တော့မယ်။ ကိုယ့်ဘာကိုယ်ပဲ အလုပ်လုပ်တော့မယ်”
ပြီးနောက် ရှမ့်လန်က ထွက်ခွာသွားခဲ့သည်။
ရှစ်ချင်းချင်း၏ အသံသည် နောက်ဘက်ဆီမှ ထွက်ပေါ်လာ၏။ သူမသည် နှာခေါင်းကို ရှုံ့လိုက်မိ၏။ “ရှင့်တို့ဆီမှာ အလုပ်သမားတွေ ရှိလို့လား။ အလုပ်ရုံတွေရော ရှိလို့လား။ ပိုက်ဆံရော ရှိလို့လား။ မူလဈေးရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ရောင်းမှာလား၊ မရောင်းဘူးလား”
ရှမ့်လန်သည် အံကြိတ်ကာ ပြောလိုက်သည်။ “ရောင်းမယ် ရောင်းမယ် ရောင်းမယ်”
ပြီးနောက် ရှမ့်လန်သည် မာယာမျဉ်းပြိုင် စာအုပ်များပေါင်းများစွာကို တောင်လိုပုံကာဖြင့် ရှစ်မိသားစု၏ ခြံဝန်းထဲတွင် ကိုယ်တိုင်ကိုယ်ကျ မီးရှို့ပစ်ခဲ့၏။
မီးထဲတွင်တော့ ရှစ်ချင်းချင်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလျက်ရှိနေ၏။ ယနေ့သည် သူမ၏ ဘဝတွင် ပျော်ရွှင်ရဆုံးသောနေ့တစ်နေ့ ဖြစ်လာခဲ့၏။ တခြားသောသူများ၏ မျက်နှာကို ပိတ်ရိုက်ရခြင်းလောက် ကောင်းမွန်သည့် ခံစားချက်များကို ရရှိသည့် အရာဟူ၍ မရှိတော့ချေ။ ရှမ့်လန် ထိုအရာကို စွဲလမ်းနေသည် ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ဟု သူမ သိမြင်လာခဲ့၏။ မီးထဲမှာတော့ သူမသည် ရှမ့်လန်၏ ပုံပန်းသွင်ပြင်ကို လှမ်းကာ ကြည့်ရှုနေမိ၏။ ရှမ့်လန်သည် ခွေးတစ်ကောင်ကဲ့သို့ပင်။