← Chapters

အပိုင်း (၁၂၁)

Vol. 9 Ch. 121

အပိုင်း (၁၂၁)

Vol. 9 Ch. 121

“အင်း.. ရှမ့်လန် မရောင်းဘဲ နေခဲ့မှာလား။ သူသာ မရောင်းဘူးဆိုရင် ပိုးအိမ်ထဲမှာ ရှိနေတဲ့ ပိုးကောင်တွေက အပြင်ကို ပျံထွက်သွားမှာပေါ့။ ဒါဆိုရင် လူပေါင်း တစ်သိန်းကျော်တို့က စားရေးသောက်ရေး ငတ်ပြတ်ပြီးလျှင် ရှမ့်လန်ကို စိတ်လိုက်ဝါးစားကြလိမ့်မယ်”

“အင်း… ဒါဆိုရင် ရွှမ်ဝူ ဘာလုပ်နိုင်မှာလဲ။ သူ့ပိုက်ဆံတွေကို ထုတ်ပြီးတော့ လူတွေကို ကျွေးမွေးရတော့မယ်။ သူကရော ပိုက်ဆံ ဘယ်ကရမှာ မလိုလဲ။ ရွှမ်ဝူအိမ်တော်က ဆင်းရဲရုံတင် မဟုတ်ဘူး။ ကြီးကြီးမားမားလည်း အကြွေးတွေ တင်နေသေးတယ်။ ဒီအကြွေးကို ဘဝတစ်သက်တာလုံး ပြန်ဆပ်ရင်တောင် ကြေမယ်မထင်ဘူး”

“အင်း.. ကျင်းမိသားစုကတော့ သင်္ချိုင်းကုန်းထဲက အရိုးခြောက်လို ဖြစ်နေပြီ။ အလုံးစုံ အဆုံးသတ်လုနီးပါးပဲပေါ့။ ရှမ့်လန်အတွက်တော့ သူ လာပြီးတော့ တောင်းပန်ခဲ့တယ်ဆိုရင်တောင်မှ အခြေခံစည်းမျဉ်းဆိုတာ မရှိဘူးလေ”

ရှစ်ကွမ်းယွမ်က အသာ ပြောလိုက်၏။ “သူက ကျန်တဲ့ ပိုးအိမ်တွေကို ကျုပ်ကို ဝယ်စေချင်တယ်လေ။ ကောင်းပြီ။ လူသိရှင်ကြား ဒူးထောက်ပြီး ကျုပ်ကို တောင်းပန်မှ ကျုပ် ဝယ်လိုက်မယ်။ ဟား ဟား ဟား”

“ဟုတ်တယ် ဟုတ်တယ်။ ဒီခွေးကောင်လေး ရှမ့်လန်.. ရှစ်ခေါင်းဆောင်ကို စော်ကားမိတဲ့အတွက် ဒူးထောက်ပြီး တောင်းပန်မှ ဖြစ်လိမ့်မယ်” အားလုံးသောသူတို့သည် မြှောက်ပင့်ကာ ပြောဆိုလျက်ရှိနေကြ၏။

ရှစ်ချင်းချင်းသည် ထိုသူတို့နှင့် မသောက်ချေ။ ထိုအစား သူမသည် အခန်းတစ်ခုထဲတွင် တစ်ယောက်တည်း သောက်လျက် ရှိနေလေ၏။ သူမသည် ဤအောင်ပွဲအတွက် ငြိမ်ငြိမ်သက်သက်နှင့် အောင်ပွဲခံချင်မိ၏။ လူများ ပြောဆိုသည်လိုပင် ရှမ့်လန်၏ နောက်ကျောသည် ကျိုးသွားခဲ့ပြီ ဖြစ်လေ၏။ ယနေ့ သူ လူသိရှင်ကြား သူ၏ စာအုပ်များကို မီးရှို့ခဲ့ရလေ၏။ မနက်ဖြန် ဒူးထောက်ပြီး တောင်းပန်ရပေဦးမည်။

ဂုဏ်သိက္ခာတရား၏ အခြေခံစည်းမျဉ်းကို ကျော်ဖြတ်သွားသည်ဆိုပါက ကျိန်းသေပေါက် ၎င်းတွင် အခြေခံ စည်းမျဉ်း အကန့်အသတ်ဟူ၍ ရှိတော့မည် မဟုတ်ချေ။ အနာဂတ် ရှမ့်လန်၏ ဆိုးရွားသွားသည့် အခြေအနေကို တွေးတောပြီးသည့်နောက် ရှစ်ချင်းချင်းသည် ပျော်ရွှင်စွာ ခံစားလိုက်မိ၏။ ထို့အပြင် စာနာသလိုပင် ခံစားလိုက်မိ၏။

“ရှမ့်လန်.. ရှင် ရွှမ်ဝူအိမ်တော်ကို သမက်တော်အဖြစ် မသွားသင့်ဘူး။ ရှင် ကျွန်မမိသားစုမှာပဲ ကျေးကျွန် တစ်ယောက်အဖြစ် နေသင့်တယ်။ ဒါမှ ပိုပြီး ကောင်းတယ်ဆိုတဲ့ အဆုံးသတ်ကို ရအုံးမယ်”

နိမ့်ကျသူသည် ဘဝတစ်သက်သာလုံး နိမ့်ကျသူပင် ဖြစ်ရပေလိမ့်မည်။ အဘယ်သို့ ပြောင်းလဲ၍ ရနိုင်မည်နည်း။ အနာဂတ်တွင် ရွှမ်ဝူအိမ်တော် ပျက်စီးခံရသည်ဆိုပါက ရှမ့်လန်သည် ကျိန်းသေပေါက် မြေမြှုပ်သင်္ဂြိုဟ်ရမည့် နေရာမရှိဘဲနဲ့ သေဆုံးရမှာ ဖြစ်လေ၏။ ယခုကြည့်ရသည်မှာ ရှမ့်လန်သည် ရက်အနည်းငယ်ပင် တောင့်ခံ နိုင်လိမ့်မည် မဟုတ်ချေ။

ရှစ်ချင်းချင်းသည် ဝိုင်ခွက်ကို ကောက်ယူပြီးနောက် ပြတင်းပေါက်ကို ဖွင့်ပြီး ကောင်းကင်ပေါ်မှ တောက်ပသည့် လကြီးကို ကြည့်ရှုလိုက်၏။ ပြီးနောက် သူမသည် ဥတုရာသီ၏ မွှေးပြန့်လှသည့် လေပြည်ညင်းကို အနံ့ခံမိ၏။ အနည်းငယ် သောက်လိုက်သည်ဆိုသော်လည်း အရသာရှိလွန်းလှချေ၏။ ဝိုင်ခွက်ကို ကောက်မြှောက်ကာဖြင့် တောက်ပသည့်လကြီးကို ကမ်းပေးလိုက်၏။ အတူတူ သောက်ကြရန်ဆိုသည့် အဓိပ္ပာယ်ပင်။

ရှစ်ချင်းချင်းသည် ကောင်းမွန်လွန်းလှသည့် ကဗျာများကို စပ်ဆိုနိုင်စွမ်း မရှိချေ။ ထို့အပြင် သူမသည် ကဗျာရေးသားခြင်းကိုလည်း နှစ်သက်သူ မဟုတ်ချေ။ သို့ပေမည့် တောက်ပသည့်လကြီး၏အောက်တွင် ဝိုင်ခွက်တစ်ခုကို ကိုင်ဆောင်ပြီး တခြားသူများ ပျက်စီးသွားခြင်းကို ကြည့်ရှုရသည်ကို ပိုမိုနှစ်သက်၏။ ရှမ့်လန်၏ ဒဏ္ဍာရီခရီးစဉ်က တိုလွန်းလှချေ၏။

ရှစ်ချင်းချင်းသည် ဝိုင်ခွက်ထဲတွင် ရှိနေသည့် ဝိုင်များကို တစ်ခါတည်း ကောက်မော့လိုက်၏။ ပြီးနောက် သူမသည် မီးညွှန့်မီးလျှံတချို့ကို လှမ်းကာ မြင်လိုက်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် မီးညွှန့်မီးလျှံသည် သေးကွေးလှသည့် အရာမဟုတ်ချေ။ အနောက်ဘက် ကောင်းကင်ယံတစ်ခုလုံး ရဲရဲနီလျက် ရှိနေသည်။

သူမ၏ နှလုံးသားများသည် တုန်ယင်သွားခဲ့မိ၏။ သူမ၏ မိသားစု အလုပ်ရုံတည်ရှိရသည့် နေရာဆီမှ ဖြစ်ပုံပေါ်၏။ ရှစ်မိသားစုသည် ချမ်းသာသည်ဆိုသော်လည်း ဘာပဲပြောပြော စီးပွားရေးသမားများသာ ဖြစ်၏။ ၎င်းတို့၏ အလုပ်ရုံများကို ရွှမ်ဝူအိမ်တော်ကဲ့သို့ တောင်ပေါ်တွင် သွားရောက်တည်ဆောက်ထား၍ မဖြစ်နိုင်ချေ။ တည်နေရာက ဝေးကွာလှသောကြောင့် သူမသည် သေသေချာချာ မမြင်ရချေ။

ရှစ်ချင်းချင်းသည် ခဏလောက် ကြောင်သွားမိ၏။ ပြီးနောက် သူမသည် အိမ်၏ ဟိုးအပေါ်ဆုံးထက်ဆီသို့ ထကာ ပြေးလေ၏။

“မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့”

ရှစ်ချင်းချင်းသည် စိတ်ထဲတွင် စိတ်ပျက်အားငယ်စွာဖြင့် မျှော်လင့်တောင်းတလျက် ဆုတောင်းနေမိသည်။

.......

ရှစ်ကွမ်းယွမ်သည် အနည်းငယ် သောက်ထား၏။ မူလအားဖြင့် သူက မောက်မာသူတစ်ယောက် ဖြစ်၏။ လက်ရှိ အခြေအနေတွင် အနည်းငယ် သောက်စားကာ ပျော်ပါးနေမိ၏။ “အားလုံးပဲ၊ ကျုပ်တို့ မိသားစုက မနက်ဖြန်ကျရင် စားပွဲကြီးထပ်ပြီး ကျင်းပအုံးမယ်။ အားလုံးလာပြီးတော့ သေသေချာချာ ကြည့်ရှုကြနော်။ နောက်ဆုံးအကြိမ် ကျုပ်သမီးရဲ့စေ့စပ်ပွဲမှာ ရှမ့်လန်က ကြီးကြီးမားမား အနိုင်ရရှိသွားခဲ့တယ်။ မနက်ဖြန်ညကျရင် သူ့ကို လူသိရှင်ကြား ဒူးထောက်ခိုင်းလိုက်မယ်။ ခင်ဗျားတို့ လာကြည့်ကြ။ သူ ဒူးမထောက်ဘူးဆိုရင် ရွှမ်ဝူအိမ်တော်ရဲ့ ပိုင်နက်ထဲမှာ ရှိတဲ့ လူပေါင်းတစ်သိန်းကျော်တို့ ငတ်ပြီး သေဖို့ကိုသာ ပြင်ထားတော့။ ဟား ဟား ဟား ဟား ဟား”

ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ခြေသံများ တဝေါဝေါနှင့် ထွက်ပေါ်လာခဲ့သည်။

ရှစ်မိသားစုခေါင်းဆောင်၏ အလုပ်ရုံ စီမံခန့်ခွဲသူသည် အစောင့်အရှောက် တစ်ဒါဇင်ကျော်တို့နှင့်အတူ အထဲသို့ လှမ်းဝင်လာခဲ့၏။ ထိုသူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မည်းနက်လျက် ရှိနေပြီး ခန္ဓာကိုယ်တွင်လည်း ပြာများဖြင့် ဖုံးလွှမ်းနေ၏။

ရှုပ်ထွေးလျက်ရှိနေသည့် လူများကို မြင်ရသည့်အချိန်မှာတော့ ရှစ်ကွမ်းယွမ်သည် မပျော်ရွှင်သလိုပင် ပြောလိုက်မိသည်။ “ဘာတွေဖြစ်နေတာလဲ။ ဒီမှာ ဧည့်သည်တွေ အများကြီးပဲ။ ဘယ်လိုဖြစ်ပြီး အရှက်ရအောင် လုပ်နေကြတာလဲ”

သူ၏ အလုပ်ရုံမှ စီမံခန့်ခွဲသူသည် ရုတ်တရက် ဒူးထောက်ထိုင်ကာဖြင့် ဦးညွှတ်လိုက်၏။ “သခင်ကြီ .... သွားပြီ၊ အကုန်သွားပြီပဲ။ ကျုပ်တို့ အလုပ်ရုံ မီးလောင်နေပြီ။ အရာအားလုံး ကျွမ်းလောင်သွားခဲ့ပြီ။ ပိုးထည်တွေရော၊ ပိုးချည်တွေရော၊ အရာအားလုံးက မီးလောင်သွားခဲ့ပြီ။ အကုန်ပဲ .... အကုန်သွားပြီ”

ထိုစကားထွက်ပေါ်လာခြင်းမှာပင် ရှစ်ကွမ်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက ယိမ်းယိုင်သွားခဲ့၏။ သူသည် နားများပင် အူဝေသွားခဲ့၏။ ရှိနေကြသည့် ဧည့်သည်တော်အားလုံးကလည်း တိတ်ဆိတ်ငြိမ်သက် သွားခဲ့ကြ၏။ သူတို့သည် နားထဲတွင် ကြားနေရသည့်အရာကိုပင် ယုံကြည်ရန် ခက်ခဲလို့နေလေသည်။

ရှစ်မိသားစု၏ အလုပ်ရုံကြီးသည် မီးလောင်ကျွမ်းသွားခဲ့လေသည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ အလုပ်ရုံထဲတွင် နေရာအနှံ့တွင် ရေများတည်ရှိနေ၏။ အဘယ်ကြောင့် မီးလောင်ကျွမ်းသွားရသနည်း။

ခဏလောက်ကြာပြီးသည့်နောက် ရှစ်ကွမ်းယွမ်သည် အရှေ့ဆီသို့ လှမ်းတက်ကာဖြင့် စီမံခန့်ခွဲသူကို ကန်ကျောက်လိုက်၏။ “ဘာတွေ ပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ အသက်ရှင်ရတာ ပျင်းနေပြီလား။ မင်း အရက်တွေ သောက်ထားတာလား”

စီမံခန့်ခွဲသူသည် ဦးညွှတ်ကာ ပြောလိုက်သည်။ “အမှန်ပါပဲ၊ မီးလောင်ကုန်တာ အမှန်ပါ သခင်ကြီး။ သွားကြည့်ရင် သိပါလိမ့်မယ်”

ထိုအချိန်မှာတော့ ရှစ်ချင်းချင်းသည် ပြေးလွှားကာ ရောက်ရှိလာခဲ့၏။ “အဖေ ... သွားပြီပဲ။ အနောက်ဘက်မှာ မီးတွေလောင်နေတယ်။”

“လာ၊ လာ၊ လာ၊ ရထားလုံးကိုယူ။ အလုပ်ရုံကို သွားကြည့်ကြရအောင်”

ခဏလောက်ကြာပြီးသည့်နောက် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့သည် ရထားလုံးပေါ်သို့ တက်ကာဖြင့် မြို့၏ အပြင်ဘက်တွင် ရှိနေသည့် အလုပ်ရုံဆီသို့ ဦးတည်လေသည်။

ရှစ်ချင်းချင်းနှင့် ရှစ်ကွမ်းယွမ်တို့ ရောက်ရှိလာသည့်အချိန်မှာတော့ အလုပ်ရုံတစ်ခုလုံးအား စစ်သည်ပေါင်း တစ်ရာကျော်တို့လည်း ဝိုင်းပိတ်ထားပြီးသား ဖြစ်၏။ ၎င်းတို့သည် မီးငြိမ်းသတ်ရန် မဟုတ်ချေ။ မီးလောင်မှု မပြန့်ပွားစေရန် ကာကွယ်ထားခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အလုပ်ရုံကြီးသည် မီးငြိမ်းသတ်၍ ကယ်တင်ရန် မဖြစ်နိုင်တော့သောကြောင့်ပင်။ အရာအားလုံး မီးလောင်ကျွမ်းသွားပြီဖြစ်ပြီး အနီးအနားတွင် ရှိနေသည့် နံရံများပင်လျှင် ပြိုကျလုနီးပါး ဖြစ်နေ၏။

ရှစ်ကွမ်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်လျက် ရှိနေ၏။ အနည်းငယ်လေးသော နွေးထွေးမှုကိုပင် မခံစားရတော့ချေ။ သူသည် ကောင်းကင်ယံပေါ်သို့ ထိုးတက်လျက်ရှိနေသည့် မီးညွှန့်မီးလျှံများကို လှမ်းကြည့်နေခဲ့၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် ပျော်ရွှင်မှုအားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ ခေါင်းအစ၊ ခြေအဆုံး၊ ကြက်သီးမွေးညှင်းများသည်ပင် ထလာခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ... သူသည် ဤအလုပ်ရုံကြီးကို ဖြစ်တည်လာရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရ၏။ ဤအရာသည် မျိုးဆက်နှစ်ခု၏ အခြေခံများပင် ဖြစ်၏။ အထဲတွင် ရှိနေသည့် ပိုးအိမ်များ၊ ပိုးကောင်များ၊ ချည်မျှင်များကို ထည့်တွက်လိုက်မည်ဆိုလျှင်တော့၊ ရွှေဒင်္ဂါးတစ်သိန်းကျော် ကျသင့်ပေမည်။ အရာအားလုံးက မီးလောင်သွားခဲ့၏။

မည်မျှ ဆုံးရှုံးကုန်သနည်း ဆိုသည်ကို နတ်ဘုရားများသာလျှင် သိပေလိမ့်မည်။ မိသားစု၏ ချမ်းသာကြွယ်ဝမှု အကုန်နီးပါးပင် ဖြစ်သည်။

ဤအလုပ်ရုံကြီးသည် ရှစ်မိသားစု၏ အခြေခံပင် ဖြစ်၏။ ယခု အရာအားလုံးက ကျွမ်းလောင်သွားခဲ့၏။ ဤတစ်ကြိမ်တွင် ရှစ်မိသားစုခေါင်းဆောင်သည် ဒုက္ခရောက်လေပြီ။

လွန်ခဲ့သည့် နှစ်နာရီတုန်းက သူသည် မောက်မာဝံ့ကြွားစွာဖြင့် လောက၏ ထိပ်ဆုံးဆီသို့ ရောက်ရှိသွားခဲ့သလိုပင် ခံစားခဲ့၏။ ယခု ကံကြမ္မာသည် သူ့ကို ထိုအရာဆီမှ ကန်ချခဲ့၏။ ငရဲကြီးဆယ့်ရှစ်ထပ်၏ အောက်ဆီသို့ ကျဆင်းသွားခဲ့သလိုပင်။

“နတ်ဘုရားတွေ.. ခင်ဗျားတို့ ကျုပ်ကို ဘာလုပ်ခဲ့တာလဲ။”

“ဟေ့ကောင်တွေ ... ဘာလို့ မင်းတို့ မီးမငြှိမ်းတာလဲ။ ဘာလို့ မီးမငြိမ်းကြတာလဲ” ရှစ်ကွမ်းယွမ်သည် ထကာ အော်ဟစ်လိုက်၏။

စီမံခန့်ခွဲသူသည် ရုတ်တရက် ထကာပြောလိုက်သည်။ “ကျုပ်တို့ မီးငြိမ်းလို့ မရပါဘူး။ သိုလှောင်ရုံတွေက အပြိုင်အဆိုင် ထပြီး မီးလောင်ကြတာပါ။ မီးလောင်တာက အရမ်းထူးဆန်းတယ်။ ရေနဲ့ ငြိမ်းလို့တောင် မရဘူး”

“သွားပြီ။ အရာအားလုံးသွားပြီ။ အား.. အား” ရှစ်ကွမ်းယွမ်သည် ဒဏ်ရာရထားသော သားရဲရိုင်းကြီး တစ်ကောင် ကဲ့သို့ပင် အော်ဟစ်လျက် ရှိနေလေ၏။ ပြီးနောက် သူသည် ရင်ဘတ်တစ်ခုလုံး တင်းကျပ်လာခဲ့၏။ တချိန်တည်းမှာပဲ သွေးများ အန်ထွက်လာခဲ့သည်။

ဤတစ်ကြိမ်မှာတော့ သူသည် တကယ်ပင် သွေးများ အန်ထွက်လာခဲ့လေ၏။ တပွက်ပြီးတပွက် အန်ထွက်လို့ နေလေ၏။ ရှစ်ကွမ်းယွမ်၏ စိတ်ထဲတွင်တော့ ရှမ့်လန်၏ မျက်နှာက ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်သည့် အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ပင်။ ပြုံးပြုံးကြီးဖြင့် သူ့ကို ကြည့်ရှုနေလေ၏။

“ရှမ့်လန်.. မင်း ယုတ်မာတယ်။ မင်း ... အယုတ်တမာကောင်” ပြီးနောက် ရှစ်ကွမ်းယွမ်သည် အနောက်သို့ လန်ကျကာ သတိလစ် မေ့မျောသွားခဲ့သည်။

………………..

ရှစ်ကွမ်းယွမ် သတိလစ်မေ့မြောသွားပြီးသည့်နောက် .....

“သခင်ကြီး၊ သခင်ကြီး” ကျေးကျွန်ပေါင်းများစွာတို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ၎င်းတို့သည် ဇက်ကြောကို နှိပ်သူကနှိပ်၊ ခြေမချိုးသူကချိုးနှင့် ပြန်လည်ကာ ကုစားလျက်ရှိ၏။

အချိန်ခဏကြာပြီးသည့်နောက် ရှစ်ကွမ်းယွမ်က နိုးထလာခဲ့၏။ သွေးအန်ပြီးသည့်နောက် ရှစ်ကွမ်းယွမ်၏ စိတ်အခြေအနေ တစ်ခုလုံးသည် ပိုမိုကာ ရှင်းလင်းလာခဲ့၏။ ကျိန်းသေပေါက် ထိုအရာသည် ရှမ့်လန်၏ ကစားကွက်သာလျှင် ဖြစ်ပေလိမ့်မည်။

ဤသောက်တလွဲကောင်လေးသည် တကယ်ကို မာနကြီးလွန်းလှ၏။ သို့ပေမည့် ထိုနေ့က သူတို့ဆီသို့ရောက်ရှိလာပြီး ဦးညွှတ်ကာ တောင်းပန်ခဲ့သည်။ ထို့အပြင် ၎င်း၏ စာအုပ်အားလုံးကိုလည်း မီးရှို့ခဲ့သေး၏။ ကြည့်ရသည်မှာ ဤခွေးကောင်လေးသည် မြွေပြွေးထက်ပင် ပိုမိုကာ အဆိပ်ပြင်းပုံပေါ်၏။

ယနေ့မီးသည် ရှမ့်လန် ရှို့သည့်မီးသာလျှင် ဖြစ်ပေလိမ့်မည်။ ရောင်းချခဲ့သည့် ပိုးအိမ်များထဲတွင် တစ်စုံတစ်ခု မှားယွင်းသည့်အရာများ ပါဝင်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်ရောင်းချခဲ့သည့် ပိုးအိမ်အားလုံးကို သူတို့ သေသေချာချာ စစ်ဆေးခဲ့ပြီးသား ဖြစ်၏။ မည်သည့် ပြဿနာမှ မရှိချေ။

ထို့အပြင် ပိုးအိမ်အားလုံးသည် မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သောကြောင့် မည်သည့်သက်သေသဲလွန်စမှ မကျန်တော့ချေ။ မည်သည့်ပြစ်ချက်မှ မရှိသလို၊ မည်သည့်သက်သေ သဲလွန်စမှလည်း မကျန်ခဲ့ချေ။ သို့ပေမည့် ဤအရာသည် ရှမ့်လန်ပြုလုပ်သည့်အရာဖြစ်ကြောင်း ရှစ်ကွမ်းယွမ်က ကောင်းကောင်းသိနေသည်။

ရှစ်ကွမ်းယွမ်က အော်ဟစ်လိုက်၏။ “လာစမ်း၊ ရွှမ်ဝူအိမ်တော်ကို သွားပြီး ရှမ့်လန်ကို သွားဖမ်းစမ်း။ ဒီမီးက ကျိန်းသေပေါက် သူရှို့တဲ့မီးပဲ ဖြစ်ရမယ်။ မြို့တော်ဝန်လျှိုဝူယမ်.. စစ်သည်တွေကို ခေါ်ပြီးတော့ ရွှမ်ဝူအိမ်တော်ကို သွားပြီး သူ့ကို ဖမ်း”

သို့ပေမည့် လျှိုဝူယမ်သည် မြင်းပေါ်တွင်သာ ထိုင်လျက်ရှိနေပြီး တစ်ချက်ကလေးမှ မလှုပ်ချေ။ ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်လျက် ရှိနေ၏။ ချောမောလှသော ဤကောင်လေးသည် ဤမျှ ကြမ်းတမ်းပြီး ရက်စက်လွန်းလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ တကယ်ပင် တခြားသူ၏ အခြေခံအားလုံးကို ဖျက်ဆီးခဲ့သည်။

ပိုမို၍ အရေးကြီးသည်မှာ သူ ... လျှိုဝူယမ်သည်လည်း တစ်ဖက်လူ၏ရန်သူဖြစ်ခဲ့ပြီ ဖြစ်၏။ ရှမ့်လန်ကဲ့သို့သော တစ်စုံတစ်ယောက်၏ မုန်းတီးခြင်းကို ခံရခြင်းဆိုသည်မှာ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာပင်။

“မြို့တော်ဝန် လျှိုဝူယမ် ... စစ်သည်တွေကို ခေါ်ပြီးတော့ ရွှမ်ဝူအိမ်တော်ကို သွားမယ်။ ပြီးတော့ ရှမ့်လန်ကို သွားဖမ်းကြမယ်” ရှစ်ကွမ်းယွမ်က အော်လိုက်၏။

“ဘယ်လိုဖမ်းမှာလဲ”

လျှိုဝူယမ်က မေးမြန်းလိုက်သည်။ “ဘာသက်သေရှိလဲ။ ခင်ဗျားက ကျုပ်ကို လင်းကျိုးများ ထင်နေတာလား”

......

တစ်စစီပျက်စီးသွားခဲ့ပြီဖြစ်သော အလုပ်ရုံကြီးကို ကြည့်ရှုပြီး ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်ရုပ်ကဲ့သို့ပင် ငြိမ်သက်လျက်ရှိနေ၏။ သူမ၏ခန္ဓာကိုယ်ကို သူမ မပိုင်ဆိုင်တော့သကဲ့သို့ပင်။ ခန္ဓာကိုယ်ဆီမှ နွေးထွေးမှု အငွေ့အသက် အရိပ်အယောင် တစ်ခုလေးမှ မရှိတော့ချေ။ တုံ့ပြန်ရန် အားအင်ပင် မရှိတော့ပေ။

အချိန်ခဏကြာပြီးသည့်နောက် သူမ၏ မျက်လုံး၏ထောင့်ဆီမှ မျက်ရည်များသည် တစ်လိမ့်ချင်းစီ ကျဆင်းလာခဲ့၏။ ပြီးနောက် မရပ်မနား ငိုယိုလျက်ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်သည် အေးစက်နေရာမှ ပိုမိုကာ ပူလောင်လာခဲ့၏။ မျက်ဝန်းများသည် သွေးကဲ့သို့ပင် နီရဲလာခဲ့၏။

သူမ၏ မျိုးဆက်အပါအဝင်ဆိုလျှင် ဤအရာသည် မျိုးဆက်သုံးဆက်၏ စီးပွားရေးလုပ်ငန်း အခြေခံဖြစ်၏။ သို့ပေမည့် ထိုကဲ့သို့ ဖျက်ဆီးခံလိုက်ရသည်လား။ ဤကဲ့သို့ ဖြစ်ပျက်သွားခဲ့သည့်အတွက် ခံစားရသော နာကျင်မှုသည် သေဆုံးသွားလုမတတ်ပင် နာကျင်လျက် ရှိစေသည်။

ယခင်တုန်းက ရှမ့်လန်သည် သူမကို အကြိမ်ကြိမ် နင်းခြေပြီး အနိုင်ကျင့်ခဲ့၏။ သူမသည် နာကျင်မှုကို ခံစားရရုံသာ ရှိ၏။ ယခုရှေ့တွင် ဖြစ်နေသည့် အကြောင်းအရာများနှင့် နှိုင်းယှဉ်ရမည်ဆိုပါက နာကျင်မှုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းပင် သူမ သေသေချာချာ မသိရှိတော့ချေ။

ရှမ့်လန်ကဲ့သို့ မောက်မာဝံ့ကြွားလွန်းလှသည့် လူတစ်ယောက်သည် လွယ်လွယ်ကူကူနှင့် အညံ့ခံလိုက်မည် မဟုတ်ကို သူမ သိသင့်၏။ ရှမ့်လန်ကဲ့သို့ လူတစ်ယောက်သည် သေမှသာလျှင် ဒူးထောက်မည့်လူမျိုးဖြစ်၏။ ထိုကဲ့သို့သောလူမျိုး ဒူးထောက်ကာ အမှားလုပ်ခဲ့မိကြောင်း တောင်းပန်ခဲ့ခြင်းဆိုသည်မှာ သံသယရှိသင့်သည့် အရာမျိုးပင် ဖြစ်၏။ သို့ပေမည့် သူမသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစွာဖြင့် လျစ်လျူရှုခဲ့၏။

အခြားတစ်ဖက်ကို ကြည့်ရှုရမည်ဆိုလျှင် ရှစ်ကွမ်းယွမ်သည် အရူးတစ်ယောက်ကဲ့သို့ပင် အော်ဟစ်နေ၏။ “လျှိုဝူယမ်... ခင်ဗျား ကြောက်နေတာလား။ ခင်ဗျား ကြောက်နေတာပဲ ဖြစ်မယ်။ ဒါပေမဲ့ ကျုပ်က မကြောက်ဘူး။ ကျုပ်ရဲ့ နောက်မှာ ထိုက်ချူးစီရင်စုတစ်ခုလုံး ရှိတယ်။ ကျုပ်ရဲ့ နောက်မှာ အုပ်ချုပ်ရေးရုံးတစ်ခုလုံး ရှိတယ်။ ကျုပ်ဆီမှာ အိမ်ရှေ့စံပေးထားတဲ့ လက်ရေးမူလည်း ရှိနေသေးတယ်။ စစ်သည်တွေ အားလုံးကို ဦးဆောင်ပြီး ရှမ့်လန်ကို သွားဖမ်းမယ်။ ရှမ့်လန်ကို ဖမ်းမယ်”

ရှစ်ချင်းချင်း၏ အမြင်အာရုံတစ်ခုလုံးသည် မည်းမှောင်သွားခဲ့၏။ သူမ၏ သိစိတ်သည် သတိလစ်မေ့မျောလု မတတ်ပင်။ သူမ၏အဖေသည် ရူးသွပ်လုနီးပါး ဖြစ်လို့နေခဲ့သည်။ လက်ရှိအချိန်မှာတော့ သူမ ... ရှစ်ချင်းချင်းသည် ပြိုလဲ၍ မဖြစ်ချေ။ ကျိန်းသေပေါက် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားမှ ဖြစ်ပေလိမ့်မည်။

အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်၏။ ဘာကြောင့်မှန်း မသိချေ။ ရှုသွင်းလိုက်သည့် လေများသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဆုတ်များကို တစစီ ဆွဲဖြဲနေသကဲ့သို့ပင်။

ရှစ်ချင်းချင်းသည် ရှေ့ဆီသို့ လှမ်းတက်လာပြီး သူမအဖေ၏ လက်ကို ဆွဲကိုင်လိုက်၏။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “အဖေ... ရှစ်မိသားစုက အန္တရာယ်အကြီးဆုံး အခြေအနေဆီ ရောက်သွားခဲ့ပြီ”

ရှစ်ကွမ်းယွမ်က အော်ဟစ်လိုက်၏။ “ဟိုခွေးကောင်ရှမ့်လန်ကို သွားဖမ်းမယ်။ သူ့ကို သွားဖမ်း”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “အဖေ.. အခု အရေးအကြီးဆုံးကိစ္စက ဒီအလုပ်ရုံကို ဘယ်သူမီးရှို့သွားတယ်ဆိုတဲ့ ကိစ္စမဟုတ်ဘူး။ အခု ဘယ်လိုဆက်ပြီး အလုပ်လုပ်ရမယ်ဆိုတာကို စဉ်းစားဖို့ပဲ။ မမေ့နဲ့အုံး.. ကျွန်မတို့ အနောက်တိုင်း ကုန်သည်တွေဆီကနေ ရွှေဒင်္ဂါး သိန်းနဲ့ချီပြီးတော့ ကြိုငွေတွေ ယူထားခဲ့တယ်။ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် ပိုးထည်တွေ ပေးရတော့မယ်။ မဟုတ်ရင် ကျွန်မတို့ နှစ်ဆပြန်လျော်ရတော့မှာ။ အခု အလုပ်ရုံကြီးကလည်း မီးလောင်ကျွမ်းသွားပြီ။ ကျွန်မတို့အတွက် အရေးကြီးဆုံးက အလုပ်ရုံမဟုတ်ဘူး။ ဂုဏ်သိက္ခာပဲ။ ဂုဏ်သိက္ခာဆုံးရှုံးသွားပြီဆိုရင် ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ဘူး”

All Chapters