အပိုင်း (၁၂၃)
Vol. 9 Ch. 123
ရွှမ်ဝူမြို့စားကြီး စံအိမ်တော် ...
မူလန်သည် စစ်ရေးကိစ္စများဖြင့် ခရီးထွက်နေသောကြောင့် အိမ်တွင် မရှိပေ။ ထို့ကြောင့် သမက် ရှမ့်လန်သည် လုံးဝ လွတ်လပ်နေလေ၏။ သူသည် ပန်းချီဆွဲနေသည်။
ရှောင်ပင်းက မော်ဒယ်လ်လုပ်ပေးနေသည်။ ကုလားထိုင်ပေါ်တွင် ဘေးတစောင်းထိုင်ပြီး အဝတ်အစားကို အနည်းငယ်သာ ဝတ်ဆင်ထားသောကြောင့် အလွန်အမင်း ဆွဲဆောင်မှု ရှိနေသည်။ “သခင်လေး… မြန်မြန်လုပ်ပါ။ ဒီပုံစံအတိုင်းနေရတာ ညောင်းလှပြီ”
မူလန်မရှိသောကြောင့် ဤမိန်းကလေးသည် လုံးဝလွတ်လပ်နေလေသည်။ မည်သို့ပင်ဖြစ်စေ သခင်မလေး တွေ့သွားလျှင်တောင် ရိုက်နှက်ခံရမည်မှာ သမက်သခင်လေးသာ ဖြစ်ပြီး သခင်မလေးသည် သူမကို ရိုက်မည်မဟုတ်ဟု ရှောင်ပင်း က နားလည်ထား၏။
သူမ၏ ချစ်စဖွယ်အမူအရာ၊ သူမ၏ ကောက်ကြောင်းအလှများသည် ပန်းတစ်ပွင့်အလား ပွင့်အာ၍ ထွက်လာတော့မည့်အတိုင်းပင်။ သူမ၏ မျက်လုံးဝိုင်းကြီးနှစ်ခုသည် တောက်ပလင်းလက်နေပြီး ကလေးလေးလို ဖောင်းအိနေသော ချစ်စဖွယ်မျက်နှာလေးပေါ်တွင် စာလုံးအချို့ ထွင်းထုထားချင်စရာကောင်းလှသည်။ “သခင်လေး… ရပြီလား”
“ပြီးပြီ။ ဒီလောက်ဆို ရလောက်ပြီ” ရှမ့်လန်က ပြောလိုက်၏။
ရှောင်ပင်းသည် မစောင့်နိုင်တော့ဘဲ အသာပြေးလာပြီး ချွဲ့နွဲ့သောလေသံဖြင့် ပြောလိုက်သည်။ “ကျွန်မ ကြည့်ချင်တယ်။ ကြည့်ချင်တယ်”
ထို့နောက် သူမ၏ နူးညံ့လှသော ကိုယ်လုံးလေးသည် ရှမ့်လန်၏ ရင်ခွင်ထဲသို့ မတော်တဆ တိုးဝင်မိသလို ဖြစ်သွားသည်။ ပန်းချီကားသည် အလွန်ပင် သပ်ရပ် ကောင်းမွန်လှသည်။ ရှောင်ပင်းသည် မိမိမှာ ဤမျှလောက် ဆွဲဆောင်မှုရှိသူ တစ်ယောက်မှန်း မသိခဲ့ပေ။ ထို့နောက် သူမသည် ပန်းချီကားကို အလေးအနက် ကြည့်နေဟန်ပြုရင်း မိမိ၏ပါးပြင်ဖြင့် ရှမ့်လန်၏ နှုတ်ခမ်းကို မတော်တဆ ထိမိအောင် ပြုလုပ်လိုက်၏။
“အို… သခင်လေးကတော့ တကယ်ပဲ။ ကျွန်မက ဒီပုံစံမှမဟုတ်တာ။ ရှင့်ပုံက မိစ္ဆာမတစ်ယောက်ကို ဆွဲထားသလိုပဲ” သူမသည် ပါးစပ်ကသာ မြည်တွန်တောက်တီးနေသော်လည်း ခန္ဓာကိုယ်ကို လှုပ်ခါ၍ စကားပြောနေသည့် အချိန်တိုင်း ရှမ့်လန်၏ ရင်ခွင်ထဲသို့ ရောက်ရောက်လာသည်။
“…..”
ရှမ့်လန်သည် မိမိကိုယ်မိမိ မီးနှင့်ကစားနေသည်ဟု ခံစားလိုက်ရသည်။ ဤလမ်းသည် အလွန် အန္တရာယ်များသော်လည်း တွန်းထုတ်ပစ်ရန်ကား စိတ်မပါချေ။
ထိုအချိန်တွင် အခြားအစေခံမလေး ရှောင်ဟွမ်သည် ရုတ်တရက် ပြေးဝင်လာသည်။ မျက်စိရှေ့ရှိ မြင်ကွင်းကို မြင်သည့်အချိန်မှာတော့ အလန့်တကြား အော်မိမတတ် ဖြစ်သွားသည်။ “ကျွန်မ ဘာမှမမြင်ပါဘူး”
ရှောင်ဟွမ်သည် အလျင်အမြန် မျက်လုံးကို ဖုံးလိုက်၏။
ရှောင်ပင်းသည် ကဗျာကယာဖြင့် ဟန်ပန်အမူအရာကို ပြန်လည် ထိန်းချုပ်လိုက်သည်။ သူမ ၏ ပုံစံမှာ ဤအိမ်တော်တွင် သခင်မလေးသည် ပထမ ၊ သူမက ဒုတိယ ဟူသော မာန်မာနမျိုးနှင့်ပင်။
ရှမ့်လန်သည် မတ်တပ်ရပ်လိုက်ပြီးနောက် ကိုယ်ကိုအနည်းငယ်မတ်ကာ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။ “ရှောင်ဟွမ်... လူတစ်ယောက်ရဲ့ အပြုအမူကို ပြုပြင်ရာမှာ အရေးကြီးဆုံးက ဘာလဲဆိုတာ မင်းသိလား”
ရှောင်ဟွမ်က ဖြေလိုက်၏။ “ပါးစပ်က အရေးကြီးဆုံးပါ။ ဘယ်စကားကို ပြောသင့်တယ်၊ ဘယ်စကားကို မပြောသင့်ဘူးဆိုတာ နှလုံးသားထဲမှာ ရှင်းရှင်းလင်းလင်း သိနေရပါမယ်”
ရှမ့်လန်က ပြောလိုက်သည်။ “တကယ်ကို အသိတရားရှိတာပဲ”
ရှောင်ဟွမ်က စိတ်ထဲမှ ကြိတ်ကာပြော၏။ ‘ကျွန်မက မရင့်ကျက်လို့ ဖြစ်မလား။ သခင်လေးက ကျွန်မကို ဘယ်နှစ်ကြိမ်တောင် ဒုက္ခပေးခဲ့ပြီးပြီလဲ’
မနေ့က ရှောင်ဟွမ်သည် မတော်တဆ စကားတစ်ခွန်းကို မဆင်မခြင် ပြောမိခဲ့သည်။ ထို့နောက် ညဘက် သူမ အိပ်ပျော်နေစဉ် သခင်လေးသည် သူမ၏လက်နှစ်ဖက်ကို ရေနွေးထဲတွင် စိမ်ထားခဲ့၏။ နောက်တစ်နေ့မနက်တွင် ရှောင်ဟွမ်သည် မိမိ၏အိပ်ရာတစ်ခုလုံး စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ သခင်လေးသည် အလွန်ပင် ဆိုးသွမ်းလှချေသည်။
ရှောင်ဟွမ်သည် အလျင်အမြန် ရေချိုး၊ အိပ်ရာခင်းကို လျှော်ဖွပ်ပြီးနောက် စဉ်းစားလိုက်မိ၏ ‘မနေ့ညက သခင်လေး ငါ့အပေါ် ဘာတွေ အခွင့်အရေးယူသွားသေးလဲမသိဘူး’
ထို့နောက် သူမသည် မှန်ရှေ့သို့ ပြေးသွားကာ မိမိကိုယ်ကို ကြည့်ရှုလိုက်သည်။ စိတ်ဓာတ်လည်း ကျသွားမိသည်။ ‘သခင်လေး ဘာမှမလုပ်ခဲ့ပါလား။’
ရှမ့်လန်က မေးလိုက်၏။ “ရှောင်ဟွမ်... မင်းငါ့ကို အရေးတကြီး လာရှာတာ ဘာကိစ္စရှိလို့လဲ”
ရှောင်ဟွမ်က ပြောလိုက်သည်။ “ဦးလေးကျုံးက သခင်လေးကို တွေ့ချင်လို့တဲ့”
ဦးလေးကျုံးဆိုသည်မှာ ကျင်းကျုံးဖြစ်ပြီး သူသည် စံအိမ်တော်တစ်ခုလုံးရှိ အစေခံအားလုံး၏ ခေါင်းဆောင်ကြီး ဖြစ်သည်။ သို့ပေမည့် ကျင်းကျုံးသည် ယခုအခါ အလွန်သတိရှိနေပြီ ဖြစ်သည်။ သူသည် တိုက်ရိုက် ဝင်လာမည့်အစား အစေခံမလေးကို ဦးစွာ အကြောင်းကြားခိုင်းရမည်ဖြစ်ကြောင်း နားလည်နေ၏။
ရှမ့်လန် အပြင်သို့ လျှောက်ထွက်လာသည့် အချိန်မှာတော့ ကျင်းကျုံး၏ အကြည့်သည် အနည်းငယ် ထူးဆန်းသလို ဖြစ်နေသည်။ “သခင်လေး... ရှစ်ချင်းချင်း က တွေ့ခွင့် တောင်းနေပါတယ်”
‘သူမ တကယ်လာခဲ့တာလား’
ရှမ့်လန်၏ မျက်နှာပေါ်တွင် ကျေနပ်နှစ်သက်သော အမူအရာ မရှိဘဲ အနည်းငယ် တုံ့ဆိုင်းနေဟန်သာရှိ၏။
…
ရှစ်ချင်းချင်း၏ နှလုံးသားမှာမူ စိုးရိမ်ပူပန်မှု ၊ မျှော်လင့်မှုတို့နှင့် ရောထွေးနေ၏။ သူမသည် စဉ်းစားနေမိသည်။ ‘ရှမ့်လန်က ငါ့ကို ဘယ်လိုပုံစံနဲ့ လက်ခံတွေ့ဆုံမလဲ။ စတွေ့တာနဲ့ နှိမ်တော့မှာလား၊ ပြောချင်တာတွေ လျှောက်ပြောနေမှာလား’
‘ရှမ့်လန် ရောက်လာပြီ’
ရှစ်ချင်းချင်း၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။ “ကျွန်မ သမက်တော်ရှမ့်လန်ကို ဂါရဝပြုပါတယ်”
ရှစ်ချင်းချင်းသည် ရှမ့်လန်ဘက်သို့ ခါးကိုင်း၍ ဂါရဝပြုလိုက်သည်။ သူမ၏ တင်ကောက်ကြောင်းအလှက ပေါ်လွင်သွားသည်။ သူမသည် ဤမျှ ချိုသာသည့်အပြုံးကို ဘယ်တုန်းကမှ မပြုံးဖူးခဲ့သလို၊ ဤမျှ စွဲမက်ဖွယ်ကောင်းသော အကြည့်မျိုးနှင့်လည်း တစ်ခါမှ မကြည့်ခဲ့ဖူးပေ။
ထို့အပြင် သူမဝတ်ဆင်ထားသော အဝတ်အစား၊ မျက်နှာပေါ်ရှိ မိတ်ကပ်များမှာလည်း အံ့ဩစရာ ကောင်းလောက်အောင်ပင် ‘မာယာမျဉ်းပြိုင်’ ထဲမှ ရှီးမင်ဝမ်ဝမ် နှင့် တစ်ထပ်တည်း တူညီနေသည်။ ဤသည်မှာ ရှမ့်လန်က ရှစ်ချင်းချင်းအပေါ် မျှော်လင့်ထားသော ပုံပန်းသွင်ပြင်ပင် ဖြစ်သည်။
‘မင်းက ပညာတတ်အမျိုးသမီးတစ်ယောက်ရဲ့ အသွင်နဲ့ မလိုက်ဖက်ဘူး။ ဆိုးသွမ်းလွန်းတဲ့ မြွေဟောက်မ တစ်ကောင်ရဲ့ အလှမျိုးနဲ့သာ မင်းက ထိုက်တန်တာ’
ယခင်က ရှမ့်လန်သည် ရှစ်ချင်းချင်းကို တွေ့တိုင်း ညစ်ညမ်းသောစကားလုံးများကိုသာ ရွေးချယ်ပြောဆိုတတ်သည်။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် အလေးအနက်ထားကာ သူမ၏ရှေ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် တည့်တည့်မတ်မတ် ရောက်လာ၏။
ရှစ်ချင်းချင်းသည် ထိုသို့ ခါးတစ်ဝက်ကိုင်းထားသည့် အနေအထားအတိုင်းပင် ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က ‘ထိုင်ပါ’ ဆိုသည့် စကားကို တစ်ခွန်းမှ မပြောသေးသောကြောင့်ပင်။ ထို့အပြင် ဤအနေအထားသည် သူမ၏တင်အလှကို အထူးပင် ပေါ်လွင်စေသည်။
“သမက်တော် ရှမ့်လန် … ရှင့်စာအုပ်ကို ကျွန်မ အစအဆုံး ၁၁ ခေါက် ဖတ်ပြီးပါပြီ။ တကယ်ကို ကောင်းလွန်းပါတယ်”
ရှစ်ချင်းချင်းက မြှောက်ပင့်ပြောဆိုလိုက်၏ “ကျွန်မ တကယ်မထင်ထားခဲ့ဘူး။ ရှင့်မှာ ဒီလောက်ကောင်းတဲ့ ပါရမီရှိလိမ့်မယ်လို့။ ရှင့်စာအုပ်နဲ့ ယှဉ်လိုက်ရင် ကျွန်မအရင်က ရေးခဲ့တဲ့ ဇာတ်လမ်း ၊ ကဗျာတွေက ရှက်ရွံစရာကောင်းခဲ့ပါတယ်။ ဒါအပြင် ကျူးဝမ်ဟွာက သူ့စာအုပ်တွေကို မီးရှို့လိုက်တာ လုံးဝမှန်ပါတယ်။ ဘာလို့လဲဆိုတော့ ရှင့်စာအုပ်ရှေ့မှာ သူ့ရဲ့ စာအုပ်က ဖတ်ချင်စရာကို မရှိတော့ပါဘူး”
ရှမ့်လန်သည် ယခင်အတိုင်းပင် ဂရုမစိုက်ဘဲ နေသည်။
ရှစ်ချင်းချင်းသည် ရှမ့်လန်၏ ‘မာယာမျဉ်းပြိုင်’ ကို ဖွင့်ကာ အပိုဒ်တစ်ပိုဒ်ကို ရွတ်ပြလိုက်သည်။
“တိမ်မြူတို့သည် ညနက်လှိုဏ်ဂူကို ဖုံးလွှမ်း၍၊ မြူမှောင်တို့က ကောင်းကင်ကျယ်ကို ပိတ်ဆို့ထား၏။ ကြယ်နှင့်လတို့ အလင်းပြိုင်ကြကာ၊ စိမ်းညို့သော ရေပြင်က မိုးပြာရောင်ကို ထင်ဟပ်စေ၏။ ရဟန်းတို့သည် ကျောင်းသင်္ခန်ဟောင်းသို့ ပြန်ကြကုန်ပြီး၊ တောနက်ထဲ၌ ကျီးငှက်တို့ အော်မြည်ပျံသန်းကြ၏။ ဧည့်သည်တို့သည် ရွာပျက်သို့ အလျင်စလို သွားကြ၍၊ လမ်းကြားထဲ၌ ခွေးတို့က ဝမ်းနည်းစွာ ဟောင်ကြကုန်၏”
“ဒီလိုမျိုး ခမ်းနားတဲ့ အပိုဒ်တွေက နေရာတိုင်းမှာ ရှိနေတာကြောင့် လူကို စွဲလမ်းစေတယ်။ ရှင်ရယ်မှာစိုးလို့သာ … ပြောရအုံးမယ်၊ ရှင့်စာအုပ်ကို ကျွန်မကူးရေးထားတဲ့ လက်ရေးစာမူဆိုရင် စာလုံးပေါင်း သိန်းချီနေပြီ။ ဒုတိယ အတွဲ ဘယ်တော့ထွက်မလဲဆိုတာ ကျွန်မ မျှော်နေပါတယ်။”
ရှစ်ချင်းချင်း၏ အသံသည် စွဲမက်ဖွယ်ကောင်းပြီး သူမသည် ရှမ့်လန်၏ ပရိသတ်တစ်ဦးအဖြစ် လုံးဝ အသွင်ပြောင်းသွားသလိုပင်။ ရှမ့်လန်၏ စာအုပ်သည် သူမကို မည်သို့မျှ မထိခိုက်ခဲ့သလို ဖြစ်နေ၏။ မနေ့က ရှမ့်လန်ကို စာအုပ်မီးရှို့ခိုင်းခဲ့သူမှာ သူမ မဟုတ်သလိုပင်။
သို့ပေမည့် ရှမ့်လန်သည် ယခင်အတိုင်းပင် စကားတစ်ခွန်းမှမပြောဘဲ အေးစက်စွာ ဆက်ဆံနေ၏။
ရှစ်ချင်းချင်းသည် လှပသောသွားလေးများနှင့် နှုတ်ခမ်းကို အသာကိုက်လိုက်သည်။ ပြီးနောက် နူးညံ့သောအသံဖြင့် ဆိုသည်။ “သခင်လေးရှမ့်.. လင်မယားတစ်ညတာက ရက်ပေါင်းတစ်ရာပါပဲ။ ကျွန်မ မှားမှန်းသိပါပြီ။ ကျွန်မ အရှုံးပေးပါတယ်။ သခင်လေးအနေနဲ့ အငြိုးတရားတွေကို ရုပ်သိမ်းပေးပါလား”
ရှမ့်လန်က ပြောလိုက်၏။ “ထိုင်”
ရှစ်ချင်းချင်းသည် ခန္ဓာကိုယ်ကို အသာမတ်ပြီး ပိုးထိုင်ခုံပေါ်တွင် လှပစွာဖြင့် ကျော့ကျော့လေး ထိုင်လိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ရှစ်ချင်းချင်း … ခင်ဗျားတို့မိသားစု ဒုက္ခရောက်နေတာ ဘာလို့ ကျန်းချုံးကို အကူအညီ သွားမတောင်းတာလဲ။ ဘာဖြစ်လို့ ခင်ဗျားယောကျာ်း ကျန်းကျင်းကို အကူအညီမတောင်းတာလဲ။”
ရှစ်ချင်းချင်းက စွဲမက်ဖွယ် ပြုံးကာ ပြောလိုက်သည်။ “သခင်လေးရှန်းက နောက်တတ်တာပဲ”
ဤစကားများတွင် အဓိပ္ပာယ်များစွာ ပါဝင်နေသကဲ့သို့ပင်။
ရှစ်ချင်းချင်းက ထပ်ပြောလိုက်၏။ “ကျွန်မရဲ့ ကိစ္စကို ဘယ်လိုလုပ် ယောကျာ်းကို ကူညီခိုင်းလို့ ဖြစ်မှာလဲ”
ဤစကားသည် ကျန်းကျင်းအပေါ် အလွန်ချစ်ခင်သော အမူအရာပြနေပြီး ရှမ့်လန်ကို မသိမသာ မနာလိုဖြစ်အောင် လုပ်နေသကဲ့သို့ ရှိသည်။
“သခင်လေးရှမ့်.. ကျွန်မ တကယ်အရှုံးပေးပါတယ်။ ကျွန်မ တကယ်မှားသွားပါတယ်။”
ရှစ်ချင်းချင်းသည် ထိုင်ရာမှထပြီး ရှမ့်လန်ဘက်သို့ ဒူးထောက်အရိုအသေပြုကာ ပြောလိုက်၏။ “ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်။ အရင်က ရှစ်မိသားစုမှာတုန်းက ရှင့်ကို ကျွန်မ ကောင်းကောင်းမဆက်ဆံခဲ့ပါဘူး။ နောက်ပိုင်းမှာလည်း ရှင့်ကို အကြိမ်ကြိမ် စော်ကားမိပါတယ်။ ကျွန်မရဲ့ မသိနားမလည်မှုကို ငဲ့ညှာပြီး ကျွန်မကို ခွင့်လွှတ်ပါ၊ ရှစ်မိသားစုကို ခွင့်လွှတ်ပါ”
“မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား မမှားဘူးလို့ ထင်နေတယ်။ ခင်ဗျားရဲ့ နှလုံးသားထဲမှာ နောင်တဆိုတာ လုံးဝမရှိဘူး။ ခင်ဗျားက ကျုပ်ကို အိမ်ပေါ်က နှင်ထုတ်ခဲ့တာ မှန်တယ်။ ကျန်းကျင်းကို လက်ထပ်ခဲ့တာလည်း မှန်တယ်လို့ အခုထိထင်နေတုန်းပဲ။ ခင်ဗျားမျက်လုံးထဲမှာ ရွှမ်ဝူမြို့စားအိမ်တော်က သုံးလအတွင်း ပျက်စီးတော့မှာ၊ အဲဒီအခါကျရင် ကျုပ်က မြေမြှုပ်စရာမရှိဘဲ ဆိုးဆိုးရွားရွား သေရလိမ့်မယ်လို့ ထင်နေတာပဲ”
ရှစ်ချင်းချင်းသည် နူးညံ့သောလေသံဖြင့် ငြင်းဆိုလိုက်၏။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သခင်လေးရှမ့်ရဲ့ ဉာဏ်ပညာ ကြီးမားမှုအောက်မှာ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ”
ရှမ့်လန်က ပြောလိုက်သည် “ကျန်းချုံးနဲ့ ကျန်းကျင်းက ကျန်းပေနယ်စားကြီးအိမ်တော်ကို သွားကြတယ်။ နောက်သွားမှာက ကျင်းဟိုင်မြို့စားစံအိမ်တော်ပဲ။ ရွှမ်ဝူမြို့စားကြီးစံအိမ်တော်ကို လည်မျိုညှစ်သတ်မယ့် အရှိန်က ပိုမြန်လာပြီ။ အင်အားက မယုတ်လျော့သွားတဲ့အပြင် ပိုတောင်အားကောင်းလာသေးတယ်။ ချင်းကန် မြို့စားစံအိမ်တော်ကလည်း အမြန်ဆုံး လှုပ်ရှားချင်နေပြီ။ အားလုံးရဲ့မျက်လုံးထဲမှာ ရွှမ်ဝူမြို့စားကြီးစံအိမ်တော်က သင်္ချိုင်းကုန်းထဲက အရိုးခြောက်ပဲ။ ကျုပ် ရှမ့်လန်ကလည်း သေလူတစ်ယောက်ပဲ။”
ရှစ်ချင်းချင်း၏ စွဲမက်ဖွယ်ရာ မျက်နှာလေးသည် တဖြည်းဖြည်း ဖြူဖျော့သွား၏။ “သခင်လေးရှမ့်က တကယ် နောက်တတ်တာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့ ရှစ်မိသားစုအတွက် အခုအရေးအကြီးဆုံးက အလုပ်ရုံကို ဘယ်သူမီးရှို့သွားလဲဆိုတာကို စုံစမ်းဖို့ပဲ။ အခု အခက်အခဲကို ကျော်လွှားပြီး အိမ်ရှေ့စံပေးထားတဲ့ ‘ရွှေဆိုင်းဘုတ်ကြီးကို ထိန်းသိမ်းထားနိုင်မှ ခင်ဗျားတို့မိသားစုက ကျန်းချုံးအတွက် တန်ဖိုးရှိလိမ့်မယ်။ မဟုတ်လို့ကတော့ ရွှမ်ဝူမြို့စားအိမ်တော် ပျက်စီးပြီးတဲ့နောက် ခင်ဗျားတို့က ပထမဆုံး ဒုက္ခရောက်မှာပဲ”
ရှစ်ချင်းချင်း၏ မျက်နှာပေါ်မှ ဟန်ဆောင်ထားသော စွဲမက်ဖွယ်ရာအပြုံးသည် နောက်ဆုံး၌ ပျောက်ကွယ် သွား၏။ “သခင်လေးရှမ့်... ကျွန်မတို့က ဈေးနှုန်းတစ်ဆခွဲနဲ့ ရွှမ်ဝူမြို့စားအိမ်တော်က ပိုးအိမ် ကျင်းပေါင်း သုံးသန်းကို ဝယ်ယူလိုပါတယ်”
ရှစ်ချင်းချင်းက တည့်တည့်သာ ကမ်းလှမ်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “သုံးဆ”
ဤစကားကြောင့် ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်လေးသည် ခပ်ပြင်းပြင်း လှုပ်ခါသွားသည်။ မျက်နှာပေါ်ရှိ အပြုံးနှင့် စွဲမက်ဖွယ်ရာ အမူအရာတို့သည် ခြေရာမကျန် ပျောက်ကွယ်သွားသည်။ တစ်ဖက်မှ ရဲရဲတင်းတင်း ဈေးခေါ်လာခဲ့၏။ ဈေးနှုန်းသုံးဆဆိုသည်မှာ ရှစ်မိသားစု၏ ကျန်ရှိသောငွေအားလုံးကို လုံးဝ ညှစ်ထုတ်ပစ်ခြင်းပင်။
“သခင်လေးရှမ့်.. ရှင်စဖွင့်တဲ့ဈေးက တော်တော်များတာပဲ”
ရှစ်ချင်းချင်းသည် အံကြိတ်ကာ ပြောလိုက်၏။ “ဒါမှမဟုတ် ဒီလိုလုပ်ပါလား။ ရှင့်ဒေါသပြေဖို့အတွက် ကျွန်မအပေါ် ဘယ်လိုပဲလုပ်လုပ် အားလုံးကို လက်ခံပါမယ်။ ဒါပေမဲ့ ကျွန်မယောကျာ်းကို သစ္စာဖောက်လို့မဖြစ်ဘူး။ ဒါကြောင့် သူ့ကို ဖောက်ပြန်ဖို့ မဖြစ်နိုင်ဘူး။ ရိုက်ချင်ရိုက်၊ နှိပ်စက်ချင်နှိပ်စက်၊ ဘာမဆိုလုပ်ပါ”
ရှစ်ချင်းချင်းသည် မျက်လုံးများကို မှိတ်လိုက်သည်။
ရှမ့်လန်သည် ခပ်တင်းတင်း ပြောလိုက်သည်။ “ကိုယ်ခန္ဓာနဲ့ ငွေနဲ့ လဲဖို့ မစဉ်းစားနဲ့။ ဈေးနှုန်းသုံးဆပဲ။ လိုချင်ရင်ယူ၊ ရွှေဒင်္ဂါးတစ်ပြားမှ မလျှော့နိုင်ဘူး”
ရှစ်ချင်းချင်းသည် တုန်ယင်နေသည့်အသံဖြင့် မေးလိုက်၏။ “သခင်လေးရှမ့်… ရှင်က ကျွန်မတို့မိသားစုရဲ့ နောက်ဆုံးသွေးစက်ကိုပါ ညှစ်ထုတ်မလို့လား”
“ဟုတ်တယ်” ရှမ့်လန်က ဖြေလိုက်သည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါပေမဲ့ မမေ့ပါနဲ့။ ကျွန်မတို့မိသားစုကလွဲရင် ရှင့်ရဲ့ ပိုးအိမ်တွေကို ဘယ်သူမှ လက်ခံဝံ့မှာ မဟုတ်ဘူး။ ကျွန်မတို့က နောက်ဆုံးမျှော်လင့်ချက်ပဲ။ ဒါကြောင့် သမက်တော် ရှမ့်လန်အနေနဲ့ အစွန်းမရောက်သင့်ဘူး။ ရှင့်ပိုးအိမ်တွေ ကျွန်မတို့ကို မရောင်းရင် ကျွန်မတို့ရှစ်မိသားစု ဇာတ်သိမ်းသွားမှာ သေချာသလို၊ ရှင့်တို့ရွှမ်ဝူမြို့စားအိမ်တော်လည်း ဆုံးရှုံးမှာပဲ။ အလုပ်သမားတစ်သိန်းလောက်က စားဖို့ ပိုက်ဆံမရှိရင် ပြဿနာကြီး ဖြစ်လာနိုင်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်တို့ ကိုယ့်ဘာသာကိုယ် ပိုးချည်ထုတ်ပြီး ပိုးထည်ယက်မယ်”
ရှစ်ချင်းချင်းက မေးလိုက်။ “ရှင့်မှာ အလုပ်ရုံရှိလို့လား။ အလုပ်သမားရှိလို့လား”
ပြီးသည့်နောက် ရှစ်ချင်းချင်း၏ မျက်နှာအရောင်သည် ချက်ချင်း ဖြူဖျော့သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူမ ကိစ္စတစ်ခုကို သတိရသွားသောကြောင့်ပင်။
“အမှန်ပဲ”
ရှမ့်လန်သည် ပြုံး၍ ပြောလိုက်၏။ “အလုပ်သမားရှိတယ်။ အလုပ်ရုံလည်း ရှိလာမှာပေါ့။ ရှစ်မိသားစုရဲ့ အလုပ်သမားတွေက ကျုပ်တို့ရဲ့ အလုပ်သမားတွေ မဟုတ်ဘူးလား”
ဟုတ်ပေသည်။ ရှစ်မိသားစု၏ အလုပ်ရုံ မီးလောင်သွားသဖြင့် ထိုအလုပ်သမားများ ထမင်းစားရန် လိုအပ်၏။ မြို့စားအိမ်တော်သာ ပိုးထည်ယက်ရန် သူတို့ကို ခေါ်လျှင် သူတို့က မသွားဘဲနေမည်လား။ မဖြစ်နိုင်ပေ။ ထမင်းစားဖို့ ဘယ်မှာပဲ လုပ်ရ၊ လုပ်ရ၊ လုပ်ကြမှာ အမှန်ပင်။
ရှစ်ချင်းချင်းသည် အံကြိတ်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ “ရှမ့်လန်.. ရှင် တကယ်ပဲ နောက်ဆုတ်လမ်း နည်းနည်းလေးတောင် မချန်ထားတော့ဘူးလား”
ရှမ့်လန်သည် ပြုံးကာ ပြောလိုက်၏။ “ချင်းချင်း… ဒီလိုမှပေါ့။ ခင်ဗျားရဲ့ ဆိုးသွမ်းတဲ့ပုံစံကို ကျုပ်က ပိုသဘောကျတယ်။ ကျုပ်က နောက်ဆုတ်မယ့်လမ်း မချန်ဘူးဆိုတာ ဘာကိုပြောတာလဲ။ ခင်ဗျားကရော ကျုပ်ကို ဘာနောက်ဆုတ်လမ်းပေးချင်လို့လဲ။ ကျုပ်က ခင်ဗျားရဲ့ နောက်ဆုတ်မယ့်လမ်းကို လိုချင်တယ်။ ပေးမှာလား”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားအိမ်တော်ကို ဝိုင်းပြီးတိုက်ခိုက်မယ့် အဆုံးအဖြတ်တိုက်ပွဲက မကြာခင်လာတော့မယ်။ ဒီသင်္ဘောက မကြာခင် မှောက်တော့မှာ။ သမက်တော်ရှမ့်လန်က ဒီသင်္ဘောပေါ်မှာ ရှိနေတာမို့ သေမှာသေချာတယ်။ ဒါပေမဲ့ ရှင့်ရဲ့မိဘနဲ့ ညီလေးကတော့ အသက်ရှင်နိုင်တယ်။ မူလဈေးရဲ့ တစ်ဆခွဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရွှမ်ဝူမြို့စားအိမ်တော် ပျက်စီးပြီးတဲ့နောက် ရှင့်မိဘနဲ့ ညီလေးကို အန္တရာယ်ကင်းစေမယ်လို့ ကျွန်မ အာမခံတယ်။ ကျွန်မက ဘိုးဘေးတွေနဲ့ အနာဂတ်သားသမီးတွေကို တိုင်တည်ပြီး ကျိန်ဆိုနိုင်တယ်”
ရှမ့်လန်သည် လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်ကာ ပြောလိုက်သည်။ “ဧည့်သည်ကို ပို့လိုက်တော့”
ကျင်းကျုံးသည် ချက်ချင်းဝင်လာပြီး ပြောလိုက်၏။ “ရှစ်ချင်းချင်းသခင်မလေး …. ကြွပါ”
ရှစ်ချင်းချင်းသည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “ဈေးနှုန်း နှစ်ဆ”
ရှမ့်လန်က ခပ်တင်းတင်း ပြောလိုက်၏။ “ချင်းချင်း... ခင်ဗျားက ကျုပ်ကို စိတ်ပျက်စေတယ်။ သေခြင်းတရားနဲ့ ယှဉ်လိုက်ရင် ငွေဆိုတာ ဘာများအရေးပါလို့လဲ။ ခင်ဗျားက ဒီလောက် အမြင်ကျဉ်းမြောင်းတဲ့ လူစားမျိုး မဟုတ်ပါဘူး။ ပြင်ဆင်ထားလိုက်တော့။ ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်က အလုပ်ရုံဖွင့်ပြီး အလုပ်သမား ခေါ်တော့မယ်”
ထို့နောက် ရှမ့်လန်သည် လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ဆက်လက်ပြောဆို ညှိ့နှိုင်းနေစရာ အကြောင်းရင်းမရှိတော့ချေ။
ရှစ်ချင်းချင်း၏ နှလုံးသားထဲမှာတော့ သွေးများယိုစီးနေ၏။ လတ်ဆတ်သော ပိုးအိမ်တစ်ကျင်း၏ ဈေးသည် ကြေးပြား ၂၀ ဖြစ်သည်။ တစ်နည်းအားဖြင့် ရွှေဒင်္ဂါးတစ်ပြားလျှင် ကျင်း ၁၀၀ ခန့် ဝယ်နိုင်သည်။ မူလဈေးအတိုင်း ရွှမ်ဝူမြို့စားအိမ်တော်မှ ပိုးအိမ်ကျင်းသုံးသန်းကို ဝယ်မည်ဆိုလျှင် ရွှေဒင်္ဂါး ၃၀,၀၀၀ ခန့်သာ လိုအပ်သည်။
ယခု ရှမ့်လန်သည် တိုက်ရိုက် ရွှေဒင်္ဂါး ၉၀,၀၀၀ အထိ တိုးမြှင့် ဈေးခေါ်ခဲ့သည်။ ဤသည်မှာ ရှစ်မိသားစု ထုတ်နိုင်သည့် အကန့်အသတ်ဖြစ်သော်လည်း အိမ်ခြံမြေနှင့် ဆိုင်များကိုပင် ပေါင်နှံရပေမည်။ ရှမ့်လန်သည် ရှစ်မိသားစု၏ နောက်ဆုံး သွေးစက်ကိုပါ ညှစ်ထုတ်ပစ်နေခြင်း ဖြစ်ပေ၏။