← Chapters

အပိုင်း (၁၂၄)

Vol. 9 Ch. 124

အပိုင်း (၁၂၄)

Vol. 9 Ch. 124

ရှစ်ချင်းချင်းက အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ရွှမ်ဝူမြို့စားကြီးစံအိမ်တောက် မကြာခင် ပျက်စီးတော့မှာကို ပိုက်ဆံအများကြီးယူပြီး ဘာလုပ်မလို့လဲ။ အသုံးဝင်လို့လား”

ရှမ့်လန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒီပိုက်ဆံတွေက ကျုပ်ကိုပေးတာ မဟုတ်ဘူး။ ရွှမ်ဝူပိုင် နယ်မြေက လူတွေကို ပေးတာ။ ကျုပ်တို့က သူတို့ကိုယ်စား ပိုးအိမ်ရောင်းပေးပြီး မြို့စားအိမ်တော်က အခွန်ကောက်ရုံပဲ။ ငွေကြေးကိစ္စကို ထပ်ပြောရရင် ဘယ်သူက များများရတာကို မကြိုက်လို့လဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ငါးကနေ ရေတွက်မယ်။ ငါး၊ လေး၊ သုံး…နှစ်…..တစ်!”

ရှစ်ချင်းချင်းသည် လက်ထဲမှ ‘မာယာမျဉ်းပြိုင်’ စာအုပ်ကို ခပ်ကြမ်းကြမ်း ဆုတ်ဖြဲလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ “ပေးမယ်၊ ပေးမယ်၊ ပေးမယ်။ ဈေးနှုန်းသုံးဆ။ ရှမ့်လန်… ရှင် ဒီရွှေဒင်္ဂါးတွေကို အခေါင်းထဲ ထည့်ယူသွားလိုက်။ ကျင်းမိသားစုကို ဝိုင်းပြီးတိုက်ခိုက်မယ့် အဆုံးအဖြတ်တိုက်ပွဲ မကြာခင်စတော့မယ်။ ရှမ့်လန်… ရှင် ဘယ်လိုသေမလဲဆိုတာ ကျွန်မ စောင့်ကြည့်နေမယ်။”

ရှစ်ချင်းချင်းသည် ရှမ့်လန်အပေါ် မုန်းတီးမှုများကို မည်သို့မှ မဖုံးကွယ်နိုင်ချေ။

…

နောက်တစ်နေ့၌ ရှစ်ချင်းချင်းသည် ရွှမ်ဝူမြို့စားကြီးနှင့် တရားဝင် အရောင်းအဝယ်ပြုလုပ်ခဲ့၏။ ဤသည်မှာ သူမ အထူးတောင်းဆိုထားခြင်းဖြစ်ပြီး ရှမ့်လန်ကို လုံးဝ မတွေ့ချင်တော့သောကြောင့်ပင်။

သူမက ကြိမ်းဝါးခဲ့သည်။ နောင်တစ်ချိန် သူမ ရှမ့်လန်ကို ပြန်တွေ့ပါက ရှမ့်လန်သည် အလောင်းတစ်လောင်း ဖြစ်နေရပေမည်။

ပိုးအိမ်ကျင်း သုံးသန်းကို လူတစ်ထောင်ကျော်ဖြင့် ရက်ပေါင်းများစွာ ကြာအောင် အရောင်းအဝယ် ပြုလုပ်ခဲ့ရသည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရွှမ်ဝူမြို့စားကြီး... ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ အာမခံပြီး ပြောပါ။ ဒီပိုးအိမ် ကျင်းသုံးသန်းမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာရဲ့လား”

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ကျုပ် ကျိန်ဆိုတယ်။ ဒီပိုးအိမ်တွေမှာ ဘာပြဿနာမှ မရှိဘူး”

ရှစ်ချင်းချင်းက ယုံကြည်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကျင်းမိသားစု၏ ဂုဏ်သိက္ခာသည် ဤရွှေဒင်္ဂါး ၉၀,၀၀၀ ထက် များစွာသာလွန်သောကြောင့် ဖြစ်သည်။ ရှစ်မိသားစုသည် ငွေသားများစွာ မထုတ်နိုင်သဖြင့် ဆိုင်ပေါင်းတစ်ဆယ်ကျော်ကို ပေါင်နှံ၊ အိမ်ကိုပေါင်နှံပြီး နောက်ဆုံးတွင် ယင်ယွမ်အဖွဲ့အစည်းမှ ရွှေဒင်္ဂါး ၆၀,၀၀၀ ကို ချေးငှားခဲ့ရ၏။

မြို့စားအိမ်တော်သည် ရွှေဒင်္ဂါး ၉၀,၀၀၀ အတွက် အခွန်ကောက်ခံရာ ရွှေဒင်္ဂါး ၁၈,၀၀၀ ရရှိခဲ့သည်။ မြို့စားအိမ်တော်ရှေ့တွင် လူထောင်ပေါင်းများစွာတို့သည် ဒူးထောက်ကာ မျက်ရည်များစီးကျလျက် ဦးခိုက်နေကြသည်။

“မြို့စားကြီးကို ကျေးဇူးတင်ပါတယ်”

“သမက်တော် .... အသက်ကယ်တင်ပေးတာကို ကျေးဇူးတင်ပါတယ်”

“မြို့စားကြီး အသက်ရှည်ပါစေ”

မြို့စားကြီး၏ ပိုင်နက်နယ်မြေမှ လူများသည် ပျော်ရွှင်မှုပင်လယ်ထဲသို့ နစ်မြုပ်သွားကြသည်။ ယခင်က ဤပိုးအိမ်များ မရောင်းရသောကြောင့် ငတ်မွတ်မည်ကို ကြောက်ရွံ့ခဲ့ကြ၏။ ယခုမူ ယခင်နှစ်များကထက် ဝင်ငွေတစ်ဆ တိုးလာခဲ့သည်။

ရှစ်ချင်းချင်းသည် ပိုင်ဆိုင်မှုအားလုံးကို ထုတ်သုံးကာ ဈေးနှုန်းသုံးဆဖြင့် ပိုးအိမ်များကို ဝယ်ယူပြီးနောက် လင်းဝူ၏ အလုပ်ရုံသို့ ချက်ချင်း ပို့ဆောင်လိုက်သည်။ အလုပ်သမား ရာပေါင်းများစွာသည် နေ့ရောညပါ အလုပ်လုပ်ကြ၏။ သတ်မှတ်ရက်မတိုင်မီ ပိုးထည်ယက်လုပ်ပြီး ဆေးဆိုးရပေမည်။

ဤပိုးအိမ်များမှာ အမှန်ပင် ပြဿနာမရှိဘဲ အားလုံး ချောမွေ့နေသည်။ ပိုးချည်များကို ထုတ်လုပ်နိုင်ခဲ့ပြီး ပိုးထည်များကို တစ်လိပ်ပြီးတစ်လိပ် ယက်လုပ်နိုင်ခဲ့သည်။ အရည်အသွေးလည်း ကောင်းမွန်သဖြင့် ရှစ်ချင်းချင်းနှင့် ရှစ်ကွမ်းယွမ်တို့မှာ စိတ်အေးသွားရသည်။

ထိုအချိန်တွင် ကျန်းကျင်းနှင့် ကျန်းချုံးတို့ထံမှလည်း သတင်းကောင်း ရောက်လာ၏။ ကျန်းပေ နယ်စားကြီးအိမ်တော်၊ ကျင်းဟိုင်မြို့စားအိမ်တော်တို့နှင့် ညှိနှိုင်းမှုများ အဆင်ပြေသည်ဟူ၍ပင်။ ရွှမ်ဝူမြို့စားကြီး အိမ်တော်ကို နောက်ဆုံးလည်မျိုညှစ်သတ်ရန် မဟာဗျူဟာသည် မကြာခင် စတင်တော့မှာဖြစ်၏။

ရှစ်ချင်းချင်းသည် ပင်ပန်းလွန်း၍ ပိန်လှီသွားသော်လည်း ပင်ပန်းသည်ဟု မခံစားရပေ။ သူမ၏ဦးနှောက်ထဲတွင် ဤအသံတစ်ခုက အမြဲ ပဲ့တင်ထပ်နေသည်။

“ရှမ့်လန်… ရှင်ဘယ်လိုသေမလဲဆိုတာ ကျွန်မစောင့်ကြည့်နေမယ်။ ရွှမ်ဝူမြို့စားအိမ်တော် ပျက်စီးတဲ့အချိန်၊ ရှင် ရှမ့်လန်က မြေမြှုပ်စရာမရှိဘဲ သေရမှာ သေချာတယ်။ ကျွန်မ ရှင့်ကို အရေခွံခွာပြီး အလောင်းကို ခြေနဲ့ အခါတစ်သောင်း နင်းခြေပစ်မယ်။ ပြီးတော့ ရှင့်အရိုးတွေကို ချေမွပြီး ပြာအဖြစ် ပြုလုပ်ပစ်မယ်”

…

ဤဆယ်ရက်အတွင်း လင်းကျိုးသည် လုံးဝ ခွေးရူးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ သူသည် ယန်ရှန်းတပ်မှ မြင်းတပ်သားတစ်ထောင်ကို ဦးဆောင်ကာ ရွှမ်ဝူမြို့စားကြီးစံအိမ်တော်၏ နယ်စပ်တည်နေရာပိုင်နက်ကို ရူးသွပ်စွာ နှောင့်ယှက်နေသည်။ ရန်စမှုများနှင့် အနှောင့်အယှက်ပြုမှုများကို အကြိမ်ကြိမ် ဖန်တီးခဲ့၏။ ထို့အပြင် သူသည် နယ်နိမိတ် ကျောက်တိုင်ကိုပင် ပြောင်ပြောင်တင်းတင်း ရွှေ့ပြောင်းပြီး အကြိမ်ကြိမ် သူ၏ တပ်သားများကို ရွှမ်ဝူမြို့စားအိမ်တော်၏ နယ်မြေထဲသို့ ကျူးကျော်စေခဲ့၏။

နှစ်ဖက်စစ်တပ်ကြား ပဋိပက္ခ ဒါဇင်ပေါင်းများစွာ ဖြစ်ပွားခဲ့၏။ အကြိမ်တိုင်းတွင် မူလန်က အတင်းအကျပ် ဖိနှိပ်ထားသောကြောင့်သာ ပဋိပက္ခငယ်မှ တိုက်ပွဲကြီးအဖြစ် မဖြစ်ပွားခဲ့ခြင်းပင်။ မူလန်နှင့် ရွှမ်ဝူမြို့စားကြီး အိမ်တော်တို့ အလွန်အားနည်းနေသည်ကို မြင်ချိန်မှာတော့ လင်းကျိုးသည် အကျေနပ်လွန်ပြီး အရှက်ကင်းမဲ့စွာ ရန်စလျက်ရှိသည်။

လွန်ခဲ့သော နှစ်ရက်က နယ်နိမိတ်ဖြတ်ကျော်သည်ဟူသော အကြောင်းပြချက်ဖြင့် ရွှမ်ဝူမြို့စားအိမ်တော်၏ မြင်းတပ်အား မြားဖြင့်ပစ်ခတ်ခဲ့၏။ လူကို မထိမှန်သော်လည်း မြို့စားအိမ်တော်၏ စစ်မြင်းရှစ်ကောင်ကို ပစ်သတ်နိုင်ခဲ့သည်။ ရွှမ်ဝူမြို့စားအိမ်တော်သည် ယခင်အတိုင်းပင် တန်ပြန်တိုက်ခိုက်ခြင်း မပြုရာ လင်းကျိုးသည် တစ်ဖက်သားကို အလွယ်တကူ အနိုင်ကျင့်နိုင်သည်ဟု ထင်မြင်သွား၏။

“ရွှမ်ဝူမြို့စားကြီးစံအိမ်တော်က သင်္ချိုင်းကုန်းထဲက အရိုးခြောက်ပဲ၊ ဟား ဟား ဟား ဟား”

လင်းကျိုးသည် ဤပျော်ရွှင်မှုကို ဝေမျှရပေမည်။ သူသည် အိမ်ပြန်ကာ ဖခင်နှင့်အတူ အရက်သောက်ရင်း နှလုံးသားထဲမှ ပျော်ရွှင်မှုများကို ဖွင့်ဟပြောဆိုလိုက်သည်။ ညဘက်တွင် သူသည် အိမ်သို့ ပြန်လာကာ ဆွဲဆောင်မှုရှိသော အစေခံမလေး၏ အိပ်ခန်းသို့ သွားရောက်ပြီး ပြင်းပြင်းထန်ထန် ပျော်ပါးလေ၏။

“ရှမ့်လန်.. ရွှမ်ဝူမြို့စားကြီးအိမ်တော် ပျက်စီးမယ့်အချိန်ကို စောင့်နေလိုက်။ ငါ မင်းကို ဆွဲဆုတ်ပစ်မယ်။ ကျင်းမူလန်...မင်း မာနကြီးတယ်မဟုတ်လား။ နောင်တစ်ချိန်မှာ မင်းရဲ့ကံကြမ္မာက ပြည့်တန်ဆာတန်းပဲ။ အဲဒီအချိန်ကျရင် ငါ မင်းကို မညှာဘူး။ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ချင်းကန် မြို့စားကြီး စံအိမ်တော်ရဲ့ တတိယသားတော်၊ ပဉ္စမသားတော်လေးတွေနဲ့အတူတူ မင်းကို သုံးရက်တိတိ အိပ်ခွင့်မပေးဘဲ ဖျက်ဆီးပြမယ်”

သို့ပေမည့် ထိုအချိန်တွင် သူ၏အောက်မှ အစေခံမလေးသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ “သခင်လေး … ရှင့်ဆီက သွေးတွေထွက်နေတယ်”

လင်းကျိုးသည် ခေါင်းငုံ့၍ ကြည့်ရှုလိုက်ချိန်မှာတော့ မိမိ၏ ဖွားဖက်တော်တွင် အနာကြီးတစ်ခု ဖြစ်ပေါ်နေပြီး ပေါက်ပြဲကာ သွေးများထွက်နေသည်ကို တွေ့လိုက်ရသည်။ အဓိကက မနာကျင်ခြင်းပင်။

“အရင်က မတွေ့မိခဲ့ပါဘူး။ ဒါ… ဒါက ဘာလဲ”

လင်းကျိုးသည် ပထမဦးဆုံ အံ့အားသင့်သွားသည်။ ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပြီး ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။ တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားပြီး အဆုံးမရှိသော ကြောက်ရွံ့မှုသည် သူ့ကို လွှမ်းခြုံသွား၏။ ဤအနာသည် ဘာဖြစ်ကြောင်း သူ သေသေချာချာ သိရှိလိုက်၏။

“ဒါ… ဒါက ပန်းပွင့်နဲ့တူတယ်။ ဒါက ကြောက်စရာအကောင်းဆုံး ကာလသားရောဂါပဲ။ ဒီ… ဒီအရာက ကုရာနတ္ထိ ဆေးမရှိဘူး”

လွန်ခဲ့သော သုံးရက်က ဘုရင်မင်းမြတ်သည် ရုတ်တရက် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ နယ်စပ်ကိုကာကွယ်သော ကျန်းယွမ်နယ်စား စုနန်အား စစ်သူကြီးအဖြစ် ခန့်အပ်ပြီး အိမ်ရှေ့စံ၏ အငယ်တန်းအုပ်ထိန်းသူဘွဲ့ကိုပါ ချီးမြှင့်တော်မူခဲ့သည်။

နယ်စား စုနန်သည် ဘုရင်မင်းမြတ်ထံမှ အမိန့်တော်ကို လက်ခံရရှိပြီးနောက် ကျေးဇူးတင်စကားပြောဆိုရန် နန်းမြို့တော်သို့ အမြန်ဆုံး ခရီးထွက်ခဲ့သည်။

ကျန်းယွမ်နယ်စား အမိန့်တော်သည် ရွှမ်ဝူမြို့စားကြီးအိမ်တော် အတွက်မူ သေစေလောက်သော ထိုးနှက်ချက်တစ်ရပ်ပင် ဖြစ်သည်။

မူဝါဒအုပ်စုသစ်မှ လူများသည် တစ်ဦးနှင့်တစ်ဦး ဝမ်းမြောက်ကြောင်း ပြောဆိုနေကြသည်။

…

ကျန်းပေးနယ်စားအိမ်တော်

အုပ်ချုပ်ရေးမှူး ကျန်းချုံးနှင့် မြောက်ပိုင်းနယ်စား နန်းကုန်းအိုတို့ သီးသန့်တွေ့ဆုံဆွေးနွေးနေကြ၏။ နန်းကုန်းအိုသည် ကျန်းပေးစစ်သူကြီးဖြစ်ပြီး ကြီးဖြစ်ပြီး ရွှဲ့တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်ငါးဦးထဲမှ တစ်ဦးဖြစ်ကာ သိုင်းပညာအလွန်မြင့်မားသူ ဖြစ်သည်။ သူ၏အရပ်မှာ ကိုးမီတာကျော် မြင့်ပြီး တောင်ကြီးတစ်လုံးပမာ ခန့်ညားထည်ဝါသည်။ ထိုင်နေလျှင် ထင်းရှူးပင်ပမာ၊ ရပ်နေလျှင် လှံတစ်စင်းပမာ တည့်မတ်၏။

သူ၏မျက်ခုံးတို့ ကျုံ့ထားသည့်အခါ အိပ်နေသော ပိုးကောင်ပမာရှိပြီး ကြည့်လိုက်သည့်အခါတွင်မူ ထက်ရှသော ဓားသွားနှစ်စင်းနှင့် တူနေသည်။ သူ၏မျက်လုံးအစုံမှာ ထက်မြက်ပြီး ရန်လိုသောအရှိန်အဝါများ ရှိနေ၏။ တစ်ကိုယ်လုံးမှ ပြင်းထန်သော လူသတ်ငွေ့အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် လူတို့သည် သုံးပေအနီးသို့ မကပ်ဝံ့ကြချေ။

“စိုးရိမ်ရတာက ရွှမ်ဝူမြို့စားကြီးသာ ထွက်ပေါက်မရှိတော့ရင် သူ့ရဲ့စစ်တပ်ကိုဦးဆောင်ပြီး မြောက်ပိုင်း ဝူတိုင်းပြည်ဘက်ကို ကူးပြောင်းသွားမှာကိုပါပဲ”

ကျန်းချုံးက ပြောလိုက်သည်။ “အဲတာဆိုရင် ပြင်းထန်တဲ့ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုရလဒ်မျိုးမဖြစ်အောင် ရှောင်ရှားဖို့အတွက် ဝူနဲ့ ရွှဲ့တိုင်းပြည် နှစ်နိုင်ငံနယ်စပ်မှာ ကာကွယ်ရေးတပ်တွေ တိုးမြှင့်ချထားဖို့ တင်ပြစေလိုပါတယ်”

နန်းကုန်းအိုက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်အတိုင်း ကျန်းပေးနယ်စားအိမ်တော်က လိုက်နာဆောင်ရွက်ပါ့မယ်”

ထို့နောက် မြောက်ပိုင်း နယ်စား နန်းကုန်းအိုက မေးလိုက်၏။ “ဒီ နန်အိုနိုင်ငံပုန်ကန်မှုကို နှိမ်နင်းမယ့် စစ်သူကြီးချုပ်က တောင်ပိုင်းစစ်သူကြီး ကျူးလင်းလား”

“သူပဲဖြစ်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် တောင်ပိုင်းစစ်သူကြီးစံအိမ်တော်က နန်အိုနိုင်ငံနဲ့ အတော်လေးနီးတာမို့ ခရီးရှည်ထွက်ပြီး တပ်တွေကို ပင်ပန်းစေစရာ မလိုတော့ဘူးပေါ့။”

ကျန်းချုံးကပြောလိုက်သည်။ “နယ်စားကြီး.. ခင်ဗျားရဲ့ ဆက်ခံသူက ဒီနှစ်မှာ ၂၅ နှစ် ပြည့်ပြီနော်”

“အင်း”

ကျန်းချုံးက ဆက်ပြောလိုက်၏။ “ကျုပ် ကြားဖူးတာတော့ ဆက်ခံသူ နန်းကုန်းရှဲ့ က အရမ်းသန်မာရဲရင့်ပြီး အရင်က ခင်ဗျားထက်တောင် သာလွန်တယ်ဆိုပဲ”

“မြှောက်ပြောလွန်းနေပါပြီ”

တောင်ပိုင်းတော်ဝင်မျိုးနွယ်၏ လူငယ်များထဲတွင် ထိပ်သီးပညာရှင်အချို့ ရှိသည်။ ဓားသိုင်းပညာတွင် ကျင်းဟိုင်မြို့စားစံအိမ်တော်မှ သိုင်းရူး ထန်ယန်သည် ပထမနေရာတွင် ရှိ၏။ တောင်ပင်လယ်ဓားဘုရင်၏ တိုက်ရိုက်တပည့်ဖြစ်သည့်အလျောက် သူသည် အများအားဖြင့် အိမ်တွင်မရှိဘဲ ဆရာနှင့်အတူ လောကကြီး တစ်ခုလုံးသို့ လှည့်လည်သွားလာနေတတ်သည်။

မြင်းစီးသိုင်းပညာနှင့် တပ်ကိုဦးဆောင်သည့် စွမ်းရည်တွင်မူ မြောက်ပိုင်း နယ်စားအိမ်တော်၏ ဆက်ခံသူ နန်းကုန်းရှဲ့သည် ပထမနေရာနှင့် ထိုက်တန်လှ၏။

ကျန်းချုံးက ပြောလိုက်သည်။ “ဆက်ခံသူက ဒီလောက်တောင် သိုင်းပညာထူးချွန်ပြီး စစ်ရေးမှာလည်း ထိပ်တန်းဖြစ်နေတော့ စစ်သူကြီးချုပ် ကျူးလင်းက ခင်ဗျားရဲ့ရတနာလေးကို လိုချင်နေတယ်။ ဆက်ခံသူကို တပ်ရဲ့ ရှေ့ပြေးတပ်မှူးအဖြစ် တာဝန်ပေးပြီး နန်အိုနိုင်ငံထဲကို ဝင်ရောက်ပြီး ပုန်ကန်မှုကို နှိမ်နင်းစေချင်တယ်”

ယခုလက်ရှိ ရွှဲ့တိုင်းပြည်၏ မူဝါဒသစ်သည် အားကောင်းလာသော်လည်း ယေဘုယျအားဖြင့် အတော်လေး ငြိမ်းချမ်းနေသဖြင့် စစ်ရေးအောင်မြင်မှု ရရှိရန်မှာ တဖြည်းဖြည်း ခက်ခဲလာသည်။ ကျန်းပေး နယ်စား အိမ်တော်၏ ဆက်ခံသူ နန်းကုန်းရှဲ့ကို စစ်တပ်ဦးဆောင်၍ တိုက်ပွဲဝင်စေကာ ရှေ့ပြေးတပ်မှူးအဖြစ် တာဝန် ပေးလိုသည်ဆိုခြင်းမှာ ယင်းအတွက် နာမည်ကောင်းရရန် စီစဉ်ပေးနေခြင်းဖြစ်၏။

သို့ပေမည့် ကျန်းပေနယ်စားသည် အတွင်းမှ အဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်သည်။ “ကျုပ်သားက စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်ရမယ်ဆိုရင် မြောက်ပိုင်းစစ်တပ်ကို ဦးဆောင်ရမှာလား၊ ဒါမှမဟုတ် ကျုပ်တို့မိသားစုရဲ့ ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်ရမှာလား” နန်းကုန်းအိုသည် ပြဿနာ၏ အဓိကအချက်ကို တိုက်ရိုက်မေးလိုက်သည်။

မြောက်ပိုင်းတပ်မတော်ကို ဦးဆောင်မည်ဆိုလျှင် ရွှဲ့တိုင်းပြည်၏ စစ်တပ်ဖြစ်သဖြင့် ဘာမှမဖြစ်ပေ။ ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်မည်ဆိုလျှင်မူ ယင်းသည် အားကောင်းသော နိုင်ငံရေးအချက်ပြမှုတစ်ခု ဖြစ်ပေလိမ့်မည်။ မြောက်ပိုင်းနယ်စားသည် မိသားစုကိုယ်ပိုင်စစ်တပ်ကို နန်အိုနိုင်ငံသို့ ပုန်ကန်မှုနှိမ်နင်းရန် စေလွှတ်ခြင်းဖြင့် ဦးဆောင်လိုက်လျှင် အခြားတော်ဝင်မျိုးနွယ်မျိုးနွယ်များက အတုမယူဘဲ နေမည်လား။

ထို့ကြောင့် ကျန်းပေးနယ်စားအိမ်တော်၏ ဆက်ခံသူသာ မိသားစု၏ ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်၍ တိုက်ပွဲဝင်မည်ဆိုလျှင် သူသည် လှုံ့ဆော်သူတစ်ဦး ဖြစ်သွားပေလိမ့်မည်။ မရေမတွက်နိုင်သော တော်ဝင်မျိုးနွယ်များ၏ အမုန်းတရားကို ခံရတော့မှာဖြစ်၏။

ယခင် ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့၏ စေ့စပ်ပွဲအခမ်းအနားတွင် ကျန်းပေးနယ်စားသည် ဒုတိယ သားတော်လေး နန်းကုန်းဖျင်ကို စေလွှတ်ခဲ့သည်။ ဤသည်မှာ မူဝါဒသစ်ဘက်သို့ သူ၏ရပ်တည်ချက်ကို အချက်ပြလိုက်ခြင်း ဖြစ်သည်။

ယခု မူဝါဒအသစ်ဘက်က သူ့ကို ရှေ့တစ်လှမ်း ထပ်တိုးစေလိုပြီး တော်ဝင်မျိုးနွယ်များနှင့် လုံးဝ ဆန့်ကျင်ဘက်တွင် ရပ်တည်စေလိုနေသည်။ မြောက်ပိုင်း ကျန်းပေးနယ်စားသည် စကားမပြောဘဲ နေလိုက်၏။

အုပ်ချုပ်ရေးမှူး ကျန်းချုံးက ပြောလိုက်သည်။ “ဒုတိယသားတော်လေး နန်းကုန်းဖျင်က နန်းတွင်းစစ်ဆေးရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတာ နှစ်နှစ်ရှိပြီထင်တယ်”

“အင်း”

အုပ်ချုပ်ရေးမှူး ကျန်းချုံးက ထပ်ပြောလိုက်၏။ “ကျုပ်လက်အောက်က အမှုထမ်းအရာရှိက အချိန်ကြာကြာ နာမကျန်းဖြစ်နေလို့ ဒီနေရာလစ်လပ်နေတာ သုံးလရှိပါပြီ။ နယ်စားအနေနဲ့ သားတော်လေးတစ်ပါးကို ထပ်ပြီး စွန့်လွှတ်နိုင်အုံးမလား မသိဘူး။”

နန်းတွင်းစစ်ဆေးရေးအရာရှိ ဆိုသည်မှာ နားထောင်လျှင် ဂုဏ်ရှိသော်လည်း အမှန်တကယ် အာဏာမရှိဘဲ အဆင့် ခုနှစ်သာရှိသည်။ နောက်ခံမရှိသော သာမန်ပြည်သူများအတွက်မူ ဤသည်မှာ ထိပ်တန်းရာထူးဖြစ်သည်။ သို့ပေမည့် အာဏာရှိသော အရာရှိကြီးများ၏ သားသမီးများအတွက်မူ ဤရာထူးသည် ရွှေချထားခြင်းမျှသာ ဖြစ်သည်။ ဟန်ပြကဲ့သို့ပင်။ သို့ပေမည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမှုထမ်းအရာရှိမှာ အမြင့်ဆုံး အဆင့် ငါး ဖြစ်ပြီး အနိမ့်ဆုံး အဆင့်ခြောက် ဖြစ်သည်။ ဤသည်မှာ ရုတ်တရက် အဆင့်သုံးဆင့် ဆက်တိုက် တက်သွားခြင်းနှင့် ညီမျှသည်။

ကျန်းပေးနယ်စား နန်းကုန်းအိုသည် မျက်မှောင်ကြုတ်ကာ ခဏမျှ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်၏။ “ကျုပ်တို့မိသားစုရဲ့ ကိုယ်ပိုင်စစ်တပ်တစ်ခုလုံးကို အသင့်ပြင်ထားခိုင်းလိုက်မယ်။ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းဖို့ အချိန်မရွေး သွားနိုင်အောင် ပြင်ဆင်ထားလိုက်မယ်”

သူသည် ဤအခြေအနေနှစ်ခုကြောင့် ဆွဲဆောင်ခံရခြင်း မဟုတ်ပေ။ သူလိုက်လျောရခြင်းမှာ လွန်ခဲ့သော သုံးရက်က ဘုရင်မင်းမြတ်၏ အမိန့်တော်ကြောင့် ဖြစ်သည်။ ကျန်းယွမ်နယ်စား စူးနန်သည် ရာထူးတိုးသွားခဲ့သောကြောင့်လည်း ပါသည်။

ရွှမ်ဝူမြို့စားကြီးအိမ်တော်အတွက် ဤသည်မှာ သေစေလောက်သော ထိုးနှက်ချက်ဖြစ်၏။ မြောက်ပိုင်း နယ်စား နန်းကုန်းအိုအတွက်မူ ဤသည်မှာ အန္တရာယ်ရှိသော အချက်ပြမှုတစ်ခု ဖြစ်သည်။

ရွှဲ့တိုင်းပြည်၏ အကြီးဆုံးသော တော်ဝင်မျိုးနွယ်မှာ မည်သူနည်း။

မင်းကြီးဝေဝူအိမ်တော်၊ အနောက်ပိုင်းကိုကာကွယ်သော ကျန်းရှစ် နယ်စားအိမ်တော်၊ ကျန်းယွမ် နယ်စားအိမ်တော်တို့ ဖြစ်ကြသည်။

ရွှမ်ဝူမြို့စားအိမ်တော်သည် ထိပ်တန်းငါးဦးစာရင်းတွင်သာ ပါဝင်၏။

မူဝါဒသစ်၏ ပထမဆုံးဒဏ်ကို ခံရသင့်သူမှာ ကျန်းယွမ်နယ်စားအိမ်တော် ဖြစ်သင့်သည်။ ကျန်းယွမ် နယ်စားအိမ်တော်၏ နယ်မြေသည် စတုရန်းကီလိုမီတာ ၃၀၀၀ ရှိပြီး ကိုယ်ပိုင်စစ်တပ်၌ တပ်သား ၅၀၀၀ ကျော်ရှိသဖြင့် တော်ဝင်မျိုးနွယ်တို့၏ ခေါင်းဆောင်ဟု ဆိုနိုင်သည်။ ထို့အပြင် ရှမ့်လန်၏ ယောက္ခမ စုဖေ့ဖေ့သည် ကျန်းယွမ် နယ်စားအိမ်တော်၏ တရားဝင်သမီးတော် ဖြစ်သည်။

မူဝါဒသစ်လေပြင်း တိုက်ခတ်လာချိန်တွင် ကျန်းယွမ် နယ်စား စူးနန်သည် နာမကျန်းဖြစ်သည်ဟု အကြောင်းပြကာ ရာထူးမှနုတ်ထွက်ခဲ့ရာ ဘုရင်မင်းမြတ်က အမှန်ပင် ခွင့်ပြုခဲ့၏။ ထို့ကြောင့် အာဏာရှိသော ကျန်းယွမ်နယ်စားသည် အိမ်ပြန်ကာ အာဏာဗဟိုချက်မှ ဝေးကွာသွားခဲ့၏။

ထို့အပြင် သူသည် ဘုရင်မင်းမြတ်က မူဝါဒသစ်၏ ပထမဆုံးဓားချက်ကို မိမိခေါင်းပေါ်သို့ ကျရောက်လာမည်ကို စိုးရိမ်သဖြင့် အလွန်အမင်း အနေအထိုင်ဆင်ခြင်ခဲ့ပြီး ကိုယ်ပိုင်စစ်တပ်ကို ၇၀၀၀ မှ ၅၀၀၀ သို့ မိမိသဘောအလျောက် ဖြတ်တောက်ခဲ့သည်။

သို့ပေမည့် ဘုရင်မင်းမြတ်၏ ပထမဆုံးဓားချက်မှာ တုံးကျန့်မြို့စားအိမ်တော် ဖြစ်ခဲ့သည်။ ယခု ဤမူဝါဒသစ်၏ ဒုတိယဓားချက်က ရွှမ်ဝူမြို့စားအိမ်တော်ထံသို့ ပိုင်းဖြတ် ရောက်ရှိလာသည်။ ခုနစ်နှစ်ကြာ ဝေးကွာနေခဲ့သော ကျန်းယွမ်နယ်စားသည် ရာထူးအပ်နှံတိုးမြင့်ပေးခြင်းကို ခံခဲ့ရသည်။

ရွှမ်ဝူအိမ်တော်နှင့် ဆက်ဆံခြင်းမရှိရန် သတိပေးနေခြင်းလည်း ဖြစ်၏။

ထို့အပြင် ဤသည်မှာ ကျန်းပေးနယ်စားအတွက်လည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ အကယ်၍ နန်းကုန်းအိုသာ နာခံမှုမရှိပါက ချက်ချင်း အစားထိုးခံရနိုင်သည်ဟု ဆိုလိုသည်။

‘တစ်ဦးကို ဆွဲဆောင်၊ တစ်ဦးကို တိုက်ခိုက်၊ တစ်ဦးကို ခြိမ်းခြောက်’ ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ပစ်ခြင်းပင်။ ဘုရင်မင်းမြတ်သည် နည်းဗျူဟာအရာ၌ အလွန်ပင် ကျွမ်းကျင်လှ၏။

ဤအခြေအနေတွင် နန်းကုန်းအိုသည် ကျန်းချုံး၏ တောင်းဆိုမှုကို တရားဝင် လက်ခံလိုက်သည်။ “ကျုပ် ဘုရင်မင်းမြတ်ဆီကို ကိုယ့်သဘောနဲ့ကိုယ် တင်ပြမယ်။ မိသားစုကိုယ်ပိုင်စစ်တပ်ကို စေလွှတ်ပြီး နန်အိုနိုင်ငံကို ပုန်ကန်မှုနှိမ်နင်းဖို့ သွားမယ်”

နန်းကုန်းအိုက ပြောလိုက်၏။ “ရွှမ်ဝူမြို့စားကြီးဘက်ကတော့ ကျုပ် ယုံကြည်တယ်။ သူက ဖြောင့်မတ်သူဖြစ်လို့ ဘုရင်မင်းမြတ်ကို ဆန့်ကျင်တဲ့လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူသာ စိတ်လွတ်သွားတယ်ဆိုရင်လည်း ကျုပ် အားလုံးကို ရှင်းပစ်နိုင်ပါတယ်”

ကျန်းချုံးသည် ချက်ချင်းထကာ အရိုအသေပြုလိုက်သည်။ “အားလုံးက နယ်စားရဲ့ စိတ်ဆန္ဒပါပဲ။ ကျုပ်ရဲ့ ကျေးဇူးတင်မှုက ပြောမပြတတ်အောင်ပါပဲ”

(ဘာသာပြန်သူ၏ ဝန်ခံချက် - စာစဉ် (၉) ရှိ အခန်းများသည် မြန်မာ word count 1400- 1700 ကြားထိ ရှည်လာသောကြောင့် အပိုင်းအနည်းငယ် ဖြတ်ထားပါတယ်ခင်ဗျာ။ တစ်ပိုင်းကို မြန်မာ word count 1000 စွန်းစွန်း၊ font size 12 ဖြင့် A4 စာမျက်နှာ ၁၂ အဖြစ် ချိန်ဆတည်းဖြတ်ထားပါတယ်။

အားပေးဖတ်ရှုသူများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။)

All Chapters