အလွှာဆယ့်တစ်သို့ တက်လှမ်းသွားသော နာလန်...
Vol. 35 Ch. 532
ကြီးမြတ်သူများက လက်တွေ့အကျိုးအမြတ်များကို မမြင်ရလျှင် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြမည်မဟုတ်ပေ။
" ကြီးမြတ်သူတွေ တိုက်ပွဲမှာ ရတနာတွေ ပျံ့ကြဲသွားတာဆိုတော့ အဲ့ဒီအနက်ရောင်ဂြိုလ်က ရတနာတွေထဲက တစ်ခုဖြစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ပြီးတော့ ရတနာတွေက သဘာဝအလျောက် သူတို့ကို သူတို့ ဖုံးကွယ်နိုင်ပြီး ကြီးမြတ်သူတွေတောင် နီးကပ်မနေရင် သူတို့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး။ "
လင်းယွမ်က သူ့ကိုသူ အမှန်တကယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ အချိန်များစွာ ကြာပြီးနောက် ရတနာအများစုကို ရှာတွေ့သွားကြပြီဖြစ်သည်။ အချို့က မထင်မှတ်ထားသော နေရာများတွင် သေချာပေါက် ဖုံးကွယ်နေပေလိမ့်မည်။
" လေးစားရပါသော ပညာရှင်ယွမ် ဒီအနက်ရောင်ဂြိုလ်က လူသားမျိုးနွယ်မတိုင်မီ လျို့ဝှက်ချက်တွေ ပါဝင်ပါတယ်။ ဒါကို ကောင်းမှုအမှတ် အများအပြားနဲ့ လဲလှယ်ပြီး လူသားမျိုးနွယ်ကို လေ့လာဖို့အတွက် ပေးအပ်နိုင်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက တဖန် ထွက်ပေါ်လာပြန်သည်။
" ကောင်းမှုအမှတ် ဘယ်လောက်ရနိုင်လဲ။ " လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။ ကောင်းမှုအမှတ်သာ လုံလောက်လျှင် သူက အနက်ရောင်ဂြိုလ်ကို လူသားမျိုးနွယ်သို့ ပေးအပ်လည်း ပြဿနာမရှိပေ။
" ကနဦး အကဲဖြတ်မှုအရ ကောင်းမှုအမှတ် သန်းငါးရာ တန်ဖိုးရှိပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
" ကောင်းမှုအမှတ် သန်းငါးရာ" လင်းယွမ်က အံ့အားသင့်သွားသည်။
၎င်းက အလွန်များပြားသော အရေအတွက်ဖြစ်သည်။ လင်းယွမ်ဖန်တီးခဲ့သော သိုင်းတာအိုနဝမအလွှာကဏ္ဍကပင် သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်အပါအဝင် ကောင်းမှုအမှတ် သန်းနှစ်ရာသာ ရရှိခဲ့လေသည်။
" အများကြီး ဆိုပေမယ့် ငါ့အတွက် အဓိပ္ပါယ်မရှိဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
လင်းယွမ်က အဆင့်ကိုးနိုင်ငံသားအဖြစ် မြှင့်တင်ရန် ကောင်းမှုအမှတ် တစ်ဘီလီယံ လိုအပ်လေသည်။ သူက ထိုသန်းငါးရာကို ယူလျှင်တောင် အဆင့်ကိုးနိုင်ငံသားဖြစ်လာရန် ဝေးကွာနေဆဲ ဖြစ်သည်။
လူသားမျိုးနွယ်၏ စကြာဝဠာရတနာများနှင့် လဲလှယ်ရန်လည်း လင်းယွမ်၏ ကျင့်ကြံခြင်းက ချောမွေ့စွာ တိုးတက်နေသောကြောင့် ရတနာများကို မလိုအပ်ပေ။
" ကျုပ်စဉ်းစားပါမယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားကို ပြန်ဖြေလိုက်သည်။
သူက အလွှာတစ်ဆယ်သို့ တက်လှမ်းပြီး သက်ဆိုင်ရာ ပေါင်းစပ်နိယာမများကို နားလည်မှ အနက်ရောင်ဂြိုလ်ကို ကိုယ်တိုင်လေ့လာရန် ဆုံးဖြတ်ထားသည်။ ပြီးမှ ၎င်းကို လူသားမျိုးနွယ်သို့ ရောင်းချနိုင်လေသည်။
တစ်လကြာသောအခါ လင်းယွမ်က ကျင့်ကြံနေစဉ် သတင်းတစ်ခုကို လက်ခံရရှိလိုက်သည်။ ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ ယခင် ဒုမျှော်စင်သခင် နာလန်က အလွှာဆယ့်တစ်သို့ တက်လှမ်းသွားခဲ့သည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူက လူသားမျိုးနွယ်၏ ကြီးမြတ်သူများပြီးလျှင် အင်အားအကြီးဆုံးဖြစ်လေသည်။
လူသားမျိုးနွယ်အတွက် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာခြင်းက ကြီးမားသော ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဆယ်မြောက် ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာရန် အခွင့်အလမ်းက နောက်ထပ်ပို၍ နီးကပ်လာပြီဖြစ်သည်။ ထို့ကြောင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာခြင်းကို ဂုဏ်ပြုကြလေသည်။
ထိုအချိန်တွင် လူသားမျိုးနွယ်၏ အင်အားစုများစွာက ဂုဏ်ပြုကြလေသည်။ လူသားမျိုးနွယ်နှင့် ရန်လိုမှုမရှိသော မျိုးနွယ်ခြားများကလည်း ဂုဏ်ပြုကြလေသည်။
VR ကမ္ဘာတွင် လင်းယွမ်ကလည်း နာလန်၏ ဂုဏ်ပြုပွဲသို့ တက်ရောက်လာခဲ့သည်။
" လူအများကြီး ရှိနေတာပဲ။ " လင်းယွမ်က အခမ်းအနား VR ကမ္ဘာထဲတွင် ပေါ်လာခဲ့သည်။
၎င်းက ကြယ်စနစ်တစ်ခုကဲ့သို့ ဖြစ်သည်။ ဂုဏ်ပြုစကားများကို ပြောရန် လာရောက်ကြသော ဧည့်သည်များက မတူညီသော ဂြိုလ်များပေါ်တွင် နေထိုင်ကြလေသည်။ အဆင့်အတန်းများကို ခွဲခြားထားသောကြောင့် လင်းယွမ်က သဘာဝအားဖြင့် အလယ်ရှိ ဂြိုလ်ပေါ်တွင် နေထိုင်ရလေသည်။
" နဂါးငွေ့တန်းကြယ်သခင် "
" နဂါးငွေ့တန်းကြယ်သခင် မင်းရောက်လာပြီလား။ "
အနက်ရောင်ကြယ်သခင်၊ လျိုလီကြယ်သခင်နှင့် အခြားအလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကို နှုတ်ဆက်လိုက်ကြသည်။
" ငါပြောတာမှန်တယ်မဟုတ်လား။ ဒုမျှော်စင်သခင် နာလန်က အလွှာဆယ့်တစ်ကို တကယ် တက်လှမ်းနိုင်ခဲ့တယ်။ " အနက်ရောင်ကြယ်သခင်က ချက်ချင်း ပြောလိုက်သည်။
လင်းယွမ်က သူတို့နှင့် စကားပြောနေခဲ့သည်။
ခဏကြာသောအခါ အနက်ရောင်ကြယ်သခင်က ဂြိုလ်၏ အလယ်သို့ ကြည့်လိုက်သည်။ " အချိန်ကျပြီ။ ငါတို့ ဒုမျှော်စင်သခင် နာလန်ကို သွားဂုဏ်ပြုကြမယ်။ "
ဒုမျှော်စင်သခင်နာလန်က ဂြိုလ်၏ အလယ်တွင် ဂုဏ်ပြုရန် လာရောက်ကြသော အရေးကြီးဧည့်သည်များနှင့် စကားပြောနေခဲ့သည်။ လင်းယွမ်နှင့် အခြားသူများက ဂြိုလ်၏ အလယ်သို့ ပျံသန်းသွားကြသည်။
" နာလန် အလွှာဆယ်တစ်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ " အားလုံးက ဂုဏ်ပြုစကားပြောလိုက်ကြသည်။
အလွှာတစ်ဆယ် အဆင့်အေ၏ အနည်းစုအနေဖြင့် အနက်ရောင်ကြယ်သခင်နှင့် လျိုလီကြယ်သခင်တို့က အလွှာဆယ့်တစ်နှင့် အနီးစပ်ဆုံးထဲတွင် ပါဝင်ကြလေသည်။ နာလန်က အဆင့်မတက်မီ သူတို့နှင့် အတူတူဖြစ်သော်လည်း ယခု သူတို့ထက် သာသွားခဲ့သည်။
" ဟားဟား မင်းတို့လည်း အလွှာဆယ့်တစ်ထဲ ဝင်ရောက်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။ " နာလန်က ပြုံး၍ ပြောလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် " နာလန်ကို လင်းယွမ်ကို မြင်သောအခါ စိတ်အားထက်သန်စွာ ခေါ်လိုက်သည်။ " ငါ အဆင့်တက်ပြီးတော့ အတွေ့ချင်ဆုံးသူက မင်း နဂါးငွေ့တန်းကြယ်သခင်ပဲ။ ဒါပေမယ့် ငါ အရမ်းအလုပ်များနေခဲ့တယ်။ "
ဒုမျှော်စင်သခင် နာလန်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ အနက်ရောင်ကြယ်သခင်နှင့် အခြားသူများကို ဆက်ဆံသော ပုံစံနှင့်မတူဘဲ သူက လင်းယွမ်ကို ကွဲပြားစွာ ဆက်ဆံနေသည်။
" ဟမ် " အနက်ရောင်ကြယ်သခင်နှင့် လျိုလီကြယ်သခင်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ဒုမျှော်စင်သခင်နာလန်က လင်းယွမ်ကို သူနှင့် အဆင့်တူတစ်ယောက်ကဲ့သို့ ဆက်ဆံနေလေသည်။
လူသားမျိုးနွယ်၏ ပါရမီရှင်များထဲတွင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်သို့ ရောက်ရန် မျှော်လင့်ချက်အရှိဆုံး ဖြစ်လေသည်။ သို့သော် မျှော်လင့်ချက်သာဖြစ်ပြီး နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်မဟုတ်သေးပေ။
ထိုအခြေအနေအောက်တွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူဖြစ်သော နာလန်က နဂါးငွေ့တန်းကြယ်သခင်ကို ထိုကဲ့သို့ ဆက်ဆံနေလေသည်။
နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူရှချင်၏ နှစ်သက်ခြင်းခံရသော ဂျူနီယာတစ်ယောက်ဖြစ်သည်ကို လူတိုင်းသိကြလေသည်။ သို့သေည် လူသားမျိုးနွယ်တွင် ခွန်အားဖြင့်သာ စကားပြောလေသည်။ အမှန်တကယ် သန်မာခြင်းမရှိဘဲ ကြီးမြတ်သူတစ်ယောက်၏ မျိုးဆက်ဖြစ်လျှင်တောင် အခြားဆင့်ကဲပြောင်းလဲသူများက အရေးပေးမည်မဟုတ်ပေ။
အလွှာဆယ့်တစ်သို့ ရောက်ရှိသွားသော နာလန်က အခြေခံအားဖြင့် လူသားမျိုးနွယ်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်၏ အလားအလာကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။
အနက်ရောင်ကြယ်သခင်နှင့် လျို့လီကြယ်သခင်တို့က လင်းယွမ်နှင့် နာလန်တို့ ဖော်ရွေစွာ စကားပြောကြသည်ကို ကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ထံမှ ထိုကဲ့သို့သော အာရုံစိုက်မှုမျိုး ရရှိသောကြောင့် သူတို့မသိသေးသော လျို့ဝှက်ချက်များ ရှိနေနိုင်လေသည်။
" နဂါးငွေ့တန်းကြယ်သခင် ငါတို့ အချိန်နိယာမ ယှဉ်ပြိုင်မှုမှာ မင်းသာ အနိုင်မယူခဲ့ဘူးဆိုရင် ငါ ဒီလောက်မြန်မြန် အဆင့်တက်နိုင်မှာမဟုတ်ဘူး။ " နာလန်က လင်းယွမ်ကို အလွန်ကျေးဇူးတင်လေသည်။
မည်သို့ပင်ဖြစ်စေ သူ၏ အဆင့်တက်မှုက လင်းယွမ်နှင့် များစွာ သက်ဆိုင်နေလေသည်။ ထို့အပြင် နာလန်က လင်းယွမ်၏ အလားအလာကို သိခဲ့ရသည်။
ပြင်ပတွင် လင်းယွမ်က အလွှာဆယ့်တစ်ထဲသို့ ဝင်ရောက်ရန် ကြီးမားသော အခွင့်အလမ်းရှိသည်ဟု ယုံကြည်ကြလေသည်။ သို့သော် နာလန်က လင်းယွမ်ကို အလွှာဆယ့်တစ်သို့ သေချာပေါက် ရောက်လိမ့်မည်ဟု ယုံကြည်လေသည်။
ထို့အပြင် အလွှာဆယ့်တစ်သို့ ရောက်လျှင်တောင် လင်းယွမ်က ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိပေလိမ့်မည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအချို့က အချိန်နိယာမကို နားမလည်ကြသေးပေ။ အချို့က အချိန်နိယာမကို နားလည်ရုံသာမက အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့ ပေါင်းစည်းမှုကို အောင်မြင်ထားကြပြီး ကြီးမြတ်သူများဖြင့်ပင် ယှဉ်နိုင်သော နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။
" ကျုပ်မရှိရင်တောင် ဒုမျှော်စင်သခင်က မကြာခင် အဆင့်တက်နိုင်မှာ သေချာပါတယ်။ " လင်းယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
နာလန်၏ အဆင့်တက်မှုက လင်းယွမ်၏ လှုံ့ဆော်မှုကြောင့်ဖြစ်သော်လည်း အဓိကအကြောင်းရင်းမှာ နာလန်၏ လုံလောက်သော အခြေခံအုတ်မြစ်ကြောင့်ဖြစ်သည်။
" ဒါက မတူဘူး။ " နာလန်က ခေါင်းခါလိုက်သည်။
သူ၏ မာနနှင့် လင်းယွမ်ကဲ့သို့ နဝမအလွှာ တစ်ယောက်ထံတွင် ရှုံးနိမ့်ခြင်းမရှိခဲ့လျှင် သူ၏ စိတ်က ယခုကဲ့သို့ ပြောင်းလဲမှုမျိုးကို ကြုံတွေ့ရမည်မဟုတ်ပေ။
" ဘာပဲဖြစ်ဖြစ် ငါက မင်းကို ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်းကြယ်သခင်။ အနာဂတ်မှာ မင်းအကူအညီတစ်ခုခုလိုရင် ငါ့ကို ပြောပါ။ " နာလန်က လေးနက်စွာ ပြောလိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေကြချိန်တွင် နာလန်ကို ဂုဏ်ပြုကြသော ဧည့်သည်များက ပို၍ ရောက်ရှိလာကြသည်။
" ကျုပ်သွားလိုက်ပါဦးမယ်။ " လင်းယွမ်က အခြေအနေကို သိသောကြောင့် သူ၏ နေရာသို့ ပြန်လာလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းနဲ့ နာလန်က ရင်းနှီးကြတာလား။ " အနက်ရောင်ကြယ်သခင်က မေးလိုက်သည်။
လင်းယွမ်အပေါ် နာလန်၏ အထူးဆက်ဆံမှုက သူတို့ကို သိလိုစိတ်ဖြစ်စေခဲ့လေသည်။ လျိုလီကြယ်သခင်ကလည်း လင်းယွမ်ကို ကြည့်နေသည်။
" အင်း ငါတို့ အရင်က အကြိမ်နည်းနည်း တွေ့ဖူးတယ်လေ။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" အကြိမ်နည်းနည်း တွေ့ဖူးတာနဲ့ သူက မင်းကို ဒီလို ဆက်ဆံတာလား။ " အနက်ရောင်ကြယ်သခင်က ခေါင်းခါလိုက်သည်။
သူလို အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကိုပင် နာလန်က ပြုံး၍ စကားအနည်းငယ်သာ ပြောခဲ့လေသည်။ သို့သော် နာလန်က လင်းယွမ်အပေါ် စိတ်အားထက်သန်စွာ ဆက်ဆံနေသည်ကို မည်သူမဆို မြင်နိုင်လေသည်။