ခရမ်းရောင် နေကြယ်
Vol. 115 Ch. 1601
လျှို့ဝှက်လမ်းစဉ်၏ သင်္ကေတ ကိုးခုတွင် အလွန် လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအားများ ကိုယ်စီကိုယ်ငှ ရှိကြသည်။ ဥပမာအားဖြင့် ထာဝရ သင်္ကေတတွင် အစဉ်အမြဲ တည်မြဲနိုင်ခြင်း စွမ်းအား တည်ရှိကာ အချိန် သင်္ကေတသည်လည်း အချိန် နောက်ပြန်လှည့်ခြင်း စွမ်းအားကို ရရှိစေနိုင်သည်။ သို့သော်လည်း ၎င်းတို့က အခြေခံ စွမ်းအင်များသာ ဖြစ်သည်။
လျှို့ဝှက် သင်္ကေတများကို နှစ်ခု သို့မဟုတ် သုံးခု စသည်ဖြင့် ရောနှောလိုက်သည့် အခါ မယုံကြည်နိုင်စရာ ကောင်းလှသည့် စွမ်းအားများ ပေါ်ထွက်လာတတ်သည်။ ဥပမာအားဖြင့် အတွင်းပိုင်း လောကမှာ ထိုကဲ့သို့ ရောနှောထားသည့် စွမ်းအား တစ်ရပ် ဖြစ်ပေသည်။
စီးဆင်းမှု အရှိန်မြှင့်ခြင်း...
မန်နာ၊ ဝိညာဉ်၊ ရောင်စဉ်၊ အာကာသ၊ အချိန်၊ ဆက်သွယ်ခြင်းနှင့် သမုဒ္ဒရာ သင်္ကေတများကို အတူတကွ ပေါင်းစည်းလိုက်သောအခါ ရုပ်ပိုင်းဆိုင်ရာ အမြန်နှုန်းကို အဆမတန် အရှိန်မြှင့်နိုင်သည့် စွမ်းရည်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
အလွှာအပြင်က လောကတွင် ထိုကဲ့သို့ သင်္ကေတ ခုနစ်ခု ပေါင်းစပ်ထားသည့် စွမ်းအားမျိုးကို သတ္တမ အဆင့် ခြေချခြင်း နည်းလမ်း တစ်ခု အဖြစ် ရည်ညွှန်းကြသည်။ လောက အကျဉ်းထောင်နှင့် အာကာသ ရွှေ့ပြောင်းခြင်း ကဲ့သို့သော စွမ်းအားများကတော့ ပထမ အဆင့် ကျင့်စဉ်များ ဖြစ်ကြသည်။ ခြေချခြင်း ကျင့်စဉ်များမှာ မြေကြီး ရှန့်ထိုများနှင့် အထက်ဆင့်များ ပိုင်ဆိုင်ထားသည့် အဓိက စွမ်းအားများပင် ဖြစ်ကြသည်။
လောကအတွင်း၌ ကျင့်ကြံသူများမှာ မိမိတို့ အထူးပြု ကျင့်ကြံရာ သင်္ကေတများအား ပေါင်းစပ်ရင်း အလွန် ကွဲပြားသည့် အကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်လေရာ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း တစ်လျှောက် အမျိုးအမည် စုံလင်လှသော စွမ်းအား အသစ်များကို ပေါ်ထွန်းစေခဲ့လေသည်။ ထို့ကြောင့်ပင် ကျင့်ကြံခြင်း လမ်းစဉ်မှာ အကန့်အသန် မရှိဟု ရည်ညွှန်းကြခြင်း ဖြစ်ပေသည်။
အခြားတစ်ဖက်၌ ပေ့ယင်ယင်ကတော့ ၇၆ ခြောက်ယောက် မင်းသားမှာ အနှေးသရုပ်ဖော် နေသလိုမျိုး အလွန် နှေးကွေးစွာ ရွေ့လျားနေသည်ကို တွေ့မြင်နေရသည်။ သူမ၏ အမြင်တွင် တရှန်း အပါအဝင် ကျန်လောကကြီး တစ်ခုလုံးကတော့ လုံးဝ ရပ်တန့် နေခဲ့၏။
၇၆ ယောက်မြောက် မင်းသား၏ မျက်နှာထက်တွင် အလွန်တရာ ဒေါသထွက်နေသည့် ကြောက်မက်ဖွယ် အလင်း တစ်ခုကို သူမ တွေ့မြင် နေရသည်။ သူက မည်သူမှ မမြင်နိုင်သည့် နေရာတွင် အနက်ရှိုင်းဆုံးသော စိတ်ခံစားချက်များကို ထုတ်ဖော် နေခဲ့ခြင်း ဖြစ်နိင်သည်။
မင်းသားက လက်သီးကို ပထမဆုံးအကြိမ် အဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ဖြည်းဖြည်းချင်း လှုပ်ရှားနေသည့် တရှန်း၏ ဝမ်းဗိုက်ဆီသို့ ညင်သာစွာ ထိုးနှက်လိုက်သည်။ ထိုလက်သီးမှာ အလွန် နှေးကွေး နေသယောင် ထင်ရသော်လည်း ပုံမှန် အချိန် စီးဆင်းမှုနှင့် တွက်ချက်ရသော် အံ့မခန်း မြန်ဆန်လှသည်။ မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် အပြည့်အဝ စွမ်းအင် မြှင့်တင်ထားသည့် ထိုလက်သီးသာ တရှန်းကို ထိသွားပါက သူမ၏ အသား၊ အရိုးနှင့် စိတ်ဝိညာဉ် အားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလိမ့်မည် ဖြစ်သည်။ အစအနတစ်ခုမျှပင် ကျန်ရစ်မည် မဟုတ်ပေ။
၇၆ ယောက်မြောက် မင်းသားမှာ ထိုနတ်ဆိုးမျိုးဆက် အပေါ် သဘောထားကြီးရန် စဉ်းစားခဲ့ပါသေးသည်။ သို့သော်လည်း သူမမှာ သူ့ကို တစ်စင်တီမီတာမျှ အထိ နောက်သို့ ဆုတ်ရန် အတင်းအကြပ် လုပ်ဆောင်ခဲ့လေရာ ပရိသတ်များရှေ့တွင် သူ့ကို အရှက်ခွဲလိုက်ခြင်း ဖြစ်ပေသည်။ ထိုလုပ်ရပ်က အကြိမ် တစ်ထောင် သေဒဏ်ပေးရန် ထိုက်တန်သော်လည်း သူကတော့ သူမကို တစ်ကြိမ်သာ သေဆုံးစေမည်ဖြစ်သည်။
ဘေယင်ယင်၏ မျက်လုံးများက ပြူးကျယ်လာကာ ကျယ်လောင်စွာ အော်ဟစ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမ၏ အသံထဲတွင် မည်သည့် အင်အားမှ မပါရှိပါချေ။
မကြာမီမှာပင် ထိုလက်သီးမှာ တရှန်း၏ ဝမ်းဗိုက်မှ တစ်လက်မအကွာသို့ ရောက်ရှိလာ၏။
ဘုန်း...
ရုတ်တရက် အလွန်ပြင်းထန်လှသည့် လေပွေမုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာ၏။ ၎င်းက ၇၆ ယောက်မြောက် မင်းသား၏ မျက်လုံးများကို အနည်းငယ် ပြူးကျယ် သွားစေခဲ့သည်။ ထို့နောက် အံ့အားသင့်စွာပင် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ တွန်းပို့ ခံလိုက်ရသည်။ စီးဆင်းမှု အရှိန်မြှင့်တင်ခြင်း ကျင့်စဉ်မှာ ချက်ချင်းပင် အဆုံးသတ်သွား၏။ အလွန့်အလွန် များပြားလှသည့် လျှို့ဝှက် စွမ်းအားများ ကုန်ခန်းသွားမှုကြောင့် သူ၏ မျက်နှာအမူအရာက အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့သည်။
အခြားတစ်ဖက်၌ ပေ့ယင်ယင်ကတော့ လောကတစ်ခုလုံး တစ်ဖန် ပြန်လည်စတင်လာသလို ခံစားလိုက်ရသည်။ အချိန်စီးဆင်းမှုက ပုံမှန် အတိုင်း ပြန်လည် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“...”
တရှန်း၏ အမူအရာက ကြောက်မက်ဖွယ် ကောင်းအောင်ပင် မည်းမှောင်နေ၏။ ခန္ဓာကိုယ် အတွင်းမှ အလွန်ရင်နှီးသည့် အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့ကြောင်း သူမ ခံစားမိပေသည။ မိန်းကလေးက နှုတ်ခမ်းများကို တင်းတင်း ကိုက်လိုက်၏။
၇၆ ယောက်မြောက် မင်းသား၏ အမူအရာကတော့ မသေချာ၊ မရေရာမှု၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေခဲ့လေသည်။
တရှန်း၏ စိတ်အတွင်းတွင်တော့ ဝေ့ဝူယင်၏ အသံက ပဲ့တင်ထပ်နေခဲ့၏။
“မင်းက ဘယ်တုန်းက ဒီလိုမျိုး ပေါ့ဆဖူးလို့လဲ... မဆင်မခြင် နိုင်လိုက်တာ... ဒါ ငါသိတဲ့ မိန်းကလေး လား... ဒါက မင်းနဲ့ ငါနဲ့ကြားကလို အချစ်စမ်းတဲ့ တိုက်ပွဲတွေ မဟုတ်ဘူးနော်... သေခြင်းရှင်ခြင်း တိုက်ပွဲ... တစ်ကွက်မှားတာနဲ့ သွားပြီပဲ”
စကားလုံးတိုင်းက သူမကို ဆူပူနေခြင်း ဖြစ်ပေသည်။ တရှန်း တစ်ယောက် ပျော်ရွှင်သွားမိသလို အခြားတစ်ဖက်၌ ၇၆ ယောက်မြောက် မင်းသားကိုလည်း စိတ်ထဲမှ ကျိန်ဆဲ နေမိခဲ့သည်။ သကောင့်သားမှာ သူမကို အသေသတ်ဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ အချိန်မီ ကြားဝင်မလာပါက သူမ သေဆုံးပြီးသားပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဝေ့ဝူယင် ပြောတာ အမှန်ပင် ဖြစ်သည်။ သူမ အလွန် ပေါ့ဆခဲ့မိသည်။ စွမ်းအား အဆင့်ကို တစ်ဆင့်ချင်းစီ တိုးကာ ၇၆ ယောက်မြောက် မင်းသားဆိုသူကို စမ်းသပ် နေခဲ့မိသည်။ အသာစီး ရရှိနေမှုကြောင့်ပင် သေခြင်းရှင်ခြင်း တိုက်ပွဲများ၌ တစ်ကွက်ကောင်း တိုက်ခိုက်မှုက အရာ အားလုံးကို အဆုံးသတ်နိုင်ကြောင်း သူမ မေ့လျော့ နေခဲ့မိသည်။ သူမထံတွင် ဝှက်ဖဲများစွာ ရှိသေးသော်လည်း အသုံးမပြုလိုက်ရပါက ၎င်းတို့မှာ အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ၎င်းက တရှန်းအပြစ်တော့လည်း မဟုတ်ပါချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး ပါရမီရှင် ဆိုသူများမှာ သူမနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိလေရာ သေခြင်းရှင်ခြင်း တိုက်ပွဲများ မတိုက်ခိုက်ရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမမှာ တိုက်တန် ငရဲ ဧကရီ၏ တပည့် ဖြစ်သည်။ အာရုဏ်ဦး အဏာရှင် အင်ပါယာ၏ ချစ်သူ ဖြစ်သည်။ သူမအား မည်သူက ထိခိုက်အောင် လုပ်ရဲမည်နည်း။
ကံကောင်းထောက်မစွာပင် ဤအချိန်လေးက တရှန်းကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ မိမိကိုယ်ကို ဆင်ခြင်စေခဲ့သည်။ ၎င်းမှာ သင်ယူရန်အတွက် အလွန်ကောင်းမွန်သည့် အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်သာ ဝင်ရောက် မစွက်ဖက်ခဲ့ပါက သူမ ထိုသင်ခန်းစာကို နောက်ဘဝသို့ ရောက်မှသာ အသုံးချနိုင်လိမ့်မည် ဖြစ်သည်။
တရှန်းမှာ တဖြည်းဖြည်း စိတ်တည်ငြိမ် သွားခဲ့၏။ သူမ၏ ရွှေရောင်မျက်လုံးများ အတွင်းတွင် ပေါ့ဆမှု တစိုးတစိမျှ မရှိတော့ပေ။
“အဲ့တာက ဘယ်လို စွမ်းအားမျိုးလဲ”
၇၆ ယောက်မြောက် မင်းသားက မေးလိုက်၏။ သူ စူးစမ်းလိုစိတ်ကို မထိန်းထားနိုင်တော့ချေ။ တရှန်း၏ ဝမ်းဗိုက်ထံ သူ၏ လက်သီး ကျရောက်ခါနီးတွင် ဖခင်ဖြစ်သူ ရှေ့၌ ရပ်နေသလို မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသည့် ဖိနှိပ်ချုပ်ခြယ်မှု အော်ရာကို သူ ခံစားခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးပင်လျှင် အလွန် နက်ရှိုင်းစွာ ဖိနှိပ်ခံခဲ့ရသည်။
“...”
တရှန်းက ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။ ထို့အစား သူမက အရိုးများ အတွင်း ပျော်ဝင်နေသည့် ကြယ်တာရာ အမြုတေနှင့် သွေးမျိုးဆက်တို့ကိုသာ ထိတွေ့လိုက်သည်။ ချက်ချင်း ဆိုသလိုပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိနှိပ်ချုပ်ချယ်မှု အော်ရာ တစ်ခုမှာ လောကပေါ် ကျဆင်းလာ၏။ ကြယ်မရှိသည့် ကောင်းကင်တွင် ခရမ်းရောင် အလင်းစက် တစ်ခုမှာ ဖြည်းညင်းစွာပင် ပေါ်လာခဲ့၏။
၎င်းမှာ လောကအတွင်း ပျောက်ဆုံးနေသည့် နေကြယ်တစ်စင်း ပြန်လည် ထွန်းလင်း လာသကဲ့သို့ပင်။ နေကြယ် ထွက်ပေါ်လာခြင်းနှင့် အတူ တရှန်း၏ ခန္ဓာကိုယ်မှာလည်း ပိုမို၍ ကြီးထွား လာခဲ့လေတော့၏။
....
သဲကန္တာရ အတွင်း၌
ဟူး... ဟူး...
မိုင်ထောင်ပေါင်းများစွာ အတွင်းရှိ လေထု၊ အလင်း၊ အမတေ၊ မန်နာ၊ စွမ်းအင်၊ အချိန် စီးဆင်းမှုနှင့် အာကာသ တည်ရှိမှုတို့မှာ နတ်ဆိုး၏ အရှိန်အဝါ ဖိအားများ အောက်တွင် စတင်ကာ တုန်ရီလာခဲ့သည်။ ကောင်းကင်နှင့် အပင်များ၊ သဲများ အပါအဝင် ကန္တာရဒေသ အတွင်းရှိ အစိုဓာတ် မှန်သမျှတို့သည် ခရမ်းရောင် အသွေးဖြင့် တောက်ပလာကြ၏။
ဟူး... ဟူး....
ကုန်းပျံ့ချီ အိမ်တော်မှ မိန်းကလေး သုံးယောက် အပါအဝင် ကြည့်ရှု နေကြသူ အားလုံးမှာ အသက်ရှူသံများ လေးလံလာကာ အလွန် မောပန်း လာကြသည်။ သူတို့၏ ဝင်သက်ထွက်သက်တိုင်းမှာ ကောင်းကင်ထိအောင် ထိုးဖောက်နေသည့် တောင်ကြီး တစ်လုံး၏ ထိပ်သို့ တက်နေရသည့် ဘအလား ခက်ခဲ ပင်ပန်း လွန်းလှသည်။
အချို့မှာ ပုံမှန်မဟုတ်စွာပင် မူးဝေလာကြပြီး မြင်ကွင်းများ မှောင်မိုက် သွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်မှာ တောင်တန်းတို့၏ လေးလံမှုနှင့် နတ်ဆိုးတို့၏ ကြောက်ရွံ့မှုအောက်သို့ ရောက်ရှိသွားကြလေသည်။ သေမျိုး တာအိုအတွင်းရှိ အရာအားလုံးမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြလေ၏။
ခိုင်မာသည့် စိတ်ဆန္ဒနှင့် အစွမ်းထက်သည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများမှာ ခေါင်းများကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်ကြသည်။ ထိုနေရာ၌ ခရမ်းရောင် နေကြယ် တစ်ခု ရှိနေကြောင်း သူတို့ တွေ့မြင်နေရ၏။
“လောကချည်နှောင် ကြယ်တာရာ...”
အလွှာအပြင်က လောကမှ လာသည့် ရွေးချယ်များထဲ သာမန် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ချေ။ သူတို့အားလုံးမှာ အဇူရာ ကြယ်စင်စု၏ ဂုဏ်သိက္ခာအရှိဆုံးနှင့် ရှေးအကျဆုံး မျိုးရိုးများမှ ဆင်းသက်လာကြသူများ ဖြစ်သည်။ သူတို့ထံတွင် မည်သည့် သာမန် ကျင့်ကြံသူ ထက်မဆို ကျော်လွန်သည့် အသိပညာများ ရှိနေသည်။
အရေးအကြီးဆုံးအချက်က သူတို့ အားလုံးနီးပါးမှာ သေမျိုးတာအိုကို ကျော်လွန်ပြီး လျှို့ဝှက် အာဏာရှင်အဆင့်ကို တက်လှမ်းထားခဲ့ပြီးသူများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သေမျိုး တာအိုနှင့် ပတ်သက်သည့် သူတို့၏ အသိပညာများက အလွန်ပင် နက်ရှိုင်းလှသည်။
သေမျိုး ကျင့်ကြံခြင်း အခြေခံ၏ အရေးအကြီးဆုံး ကဏ္ဍတစ်ခုမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေပင် ဖြစ်လေသည်။
***