← Chapters

တရှန်း၏ စွမ်းအား

Vol. 115 Ch. 1603

တရှန်း၏ စွမ်းအား

Vol. 115 Ch. 1603

ဘုန်း...

၇၆ ယောက်မြောက် မင်းသားမှာ လက်သီးကို တင်းတင်းဆုပ်ကာ ထိုးလိုက်လေ၏။ ထိုလက်သီးချက်က ရိုးရှင်းသည်။ သို့သော်လည်း ၎င်းမှာ သမုဒ္ဒရာ၊ မာနာ၊ ထာဝရနှင့် ဆက်သွယ်ခြင်း လမ်းစဉ်တို့ကို ပေါင်းစပ်ထားသည့် စတုတ္ထဆင့် ခြေချခြင်း ကျင့်စဉ်တစ်ခုဖြစ်သည်။ ၎င်းမှာ အလွန်ပင် အစွမ်းထက်ကာ လျှို့ဝှက် တာအိုနှင့် လောကတို့ ကိုယ်တိုင် ရှေ့တန်းက တိုက်ခိုက်နေသကဲ့သို့ ခံစားရသည်။

၇၆ ယောက်မြောက် မင်းသား၏ ရည်ရွယ်ချက်က ရှင်းလင်သည်။ သူ တရှန်းကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုသည်။ သူမ ဖန်တီးထားသည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေကိုပါ ပျက်စီးသွားစေလိုသည်။

သို့သော်လည်း... ကံမကောင်းစွာပင် စတင် တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အော်ရာမှာ မတည်မငြိမ် ဖြစ်လာခဲ့၏။ သေမျိုးတာအိုက သူ၏ အမိန့်များကို ခုခံနေလေရာ ၎င်းကို အခြေခံအဖြစ် အသုံးပြုနေသည့် လျှို့ဝှက် တာအိုမှာ ပို၍ပင် မတည်မငြိမ် ဖြစ်လာသည်။ ထိုအခြေအနေနှင့် အတူ စတုတ္တ အဆင့် ခြေချခြင်း ကျင့်စဉ်ကို ထိန်းသိမ်းရန် ပိုမိုကြီးမားသည့် စွမ်းအားများ လိုအပ်လာလေရာ သူ၏ လျှို့ဝှက် စွမ်းအင်များကို ပမာဏ ကြီးမားစွာ လျော့ကျသွားစေခဲ့လေသည်။

၇၆ ယောက်မြောက် မင်းသား၏ စိတ်မှာ စတင်ကာ တုန်လှုပ်လာခဲ့၏။ လောကချည်နှောင် ကြယ်တာရာ နယ်မြေမှာ သေမျိုးတာအို အပေါ် သက်ရောက်မှုရှိနိုင်သည်မှာ မှန်ပေသည်။ သို့သော်လည်း... လျှို့ဝှက် တာအိုကိုကို မည်ကဲ့သို့ သက်ရောက်နိုင်ရသနည်း။

သို့သော်လည်း တရှန်းမှာ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် တာအို သုံးခုထံမှ ကောင်းချီးကို ခံစားခဲ့ရကြောင်း သူ မည်ကဲ့သို့ သိနိုင်မည်နည်း။

အာရုံစူးစိုက်မှု လမ်းလွဲသွားခြင်းနှင့် အတူ ၇၆ ယောက်မြောက် မင်းသား၏ ကျင့်စဉ်မှာ ခြောက်ဆယ် ရာခိုင်နှုန်းလောက် အထိ အားနည်း သွားခဲ့သည်။ ဧရာမ တူကြီးနှင့် ရင်ဆိုင် တွေ့လိုက်သော အခိုက်၌ သူ၏ လက်သီးမှာ အစိတ်ပေါင်း ငါးသိန်း အထိ ကွဲကြလောက်ကာ ဖုန်မှုန့် အဖြစ်ပင် ပြောင်းလဲ သွားစေနိုင်သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

အခြေအနေက နားလည်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း ၇၆ ယောက်မြောက် မင်းသား သဘောပေါက်လိုက်ပြီ ဖြစ်သည်။ သူ ချက်ချင်းပင် ထွက်ပြေးဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဟင်းလင်းပြင် စွမ်းအင်လှိုင်း တစ်ခုမှာ အချိန်နှင့် အာကာသတို့ကို သက်ရောက်စေကာ သူ့အား ထွက်ပြေးခြင်း မပြုနိုင်အောင်၊ ရှန့်ထို လက်စွပ်ကိုပင် မသုံးနိုင်အောင် တားဆီးထားကြောင်း တွေ့ရှိလိုက်ရသည်။

“မဟုတ်ဘူး...”

ဘုန်း...

စစ်သုံးတူကြီးမှာ ၇၆ ယောက်မြောက် မင်းသား၏ တည်ရှိမှုကိုပင် သတိပြုမိပုံ မရပဲ အဟန့်အတား သဲကန္တာရ မျက်နှာပြင်ပေါ်သို့ ကျဆင်း သွားခဲ့သည်။ ၎င်းမှာ သဲများကို ဖြတ်ကျော်ကာ အောက်ခံမြေထဲကိုပင် နက်ရှိုင်းစွာ နစ်ဝင် သွားခဲ့၏။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ငလျင်လှိုင်းများမှာ မိုင်ထောင်ပေါင်းများစွာ တိုင်အောင် လှုပ်ခတ် သွားခဲ့လေသည်။

တရှန်း၏ ရွှေရောင် မျက်လုံးများမှာ အသွင်ပြောင်းလဲထားသည့် အချိန်တွင် မီးအိမ်ကြီးများ ကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။ သူမက ပေပေါင်း ငါးထောင် အမြင့်ရှိကာ ပုံပြင်များထဲမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးနှင့်ပင် တူနေခဲ့သည်။

“…”

တူတစ်ချက် အဝေ့တွင်ပင် ၇၆ ယောက်မြောက် မင်းသား၏ အသက်အော်ရာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဖန်ဟုန်ဟုန် တစ်ယောက် ဆွံ့အ နေခဲ့၏။

၇၆ ယောက်မြောက် မင်းသား ပြိုင်ပွဲ အတွင်း ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရပြီး နောက်တွင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ နောက်ဆုံး အနိုင်ရရှိသူမှာ သူသာလျှင် ဖြစ်လိမ့်မည်ဟု သူမ သေချာ နေခဲ့သည်။ အဇူရာ ကြယ်စင်စုမှ ကျင့်ကြံသူများမှာလည်း သူ၏ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို တွေ့မြင်ပြီး နောက်တွင် အလားတူပင် ယုံကြည်ခဲ့ကြသည်။

ဖန်ဟုန်ဟုန် တံတွေး မျိုချလိုက်မိ၏။ သို့သော်လည်း ယခုတွင်တော့ ထိုရွေးချယ်ခံ ဧကရာဇ်လောင်းမှာ သေမျိုး နတ်ဆိုးမျိုးဆက် တစ်ဦး၏ ချေမှုန်းမှုကိုခံလိုက်ရပြီ ဖြစ်သည်။

“ဒီတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက အရင်က ကျင်းပခဲ့တဲ့ ဘယ်ပြိုင်ပွဲနဲ့မှ မတူဘူး...”

သူမ တီးတိုး ရေရွတ်လိုက်မိလေ၏။

အခြားတစ်ဖက်တွင်တော့...

“ဟူး… ဟူး…”

တရှန်း၏ ရင်ဘတ်မှာ လျှင်မြန်စွာပင် လှုပ်ရှား နေခဲ့၏။ သူမ အသက်ရှူထုတ်လိုက်သည့် အခါတိုင်း မိုးခြိမ်းသံနှင့် အတူ မုန်တိုင်းငယ်များပင် ဖြစ်ပေါ်လာခဲ့သည်။ သူမ၏ ခရမ်းရောင် အသားအရေက ဖြူရော်သွားခြင်း မရှိစလို ရွှေရောင် မျက်လုံးများမှာလည်း ဂုဏ်ယူမှု၊ အောင်ပွဲခံမှု အလင်းတန်းများနှင့် တောက်ပနေခဲ့သည်။

“ဟင်းလင်းပြင် ဖျက်ဆီးခြင်းကို သုံးဖို့ ကြယ်တာရာ အင်အား အတော်ကုန်တာပဲ... ဟူး...”

တရှန်း စိတ်ထဲမှ တွေးလိုက်မိသည်။ ပင်ပန်း နွမ်းနယ်မှုလှိုင်းလုံးများမှာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အရှိန်အဟုန် ပြင်းစွာ ရိုက်ခတ်နေခဲ့၏။ ကြယ်တာရာ စွမ်းအင်များစွာ ကုန်ခမ်းသွားသော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကတော့ ပြည့်ဝနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ ပင်ပန်း နွမ်းနယ်မှုများကို သတိထားမိရန် အလွန် ခက်ခဲလှသည်။

တရှန်း၏ လှုပ်ရှားမှုတိုင်းမှာ လောက၏ လေနှင့် မာနာတို့ကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်၏။ သူမ ကျင့်စဉ်ကို မဆင်မခြင် ပြန်လည် ရုတ်သိမ်းခြင်း မပြုချေ။ ထို့အစား... ရန်သူ အမှန်တကယ် သေ၊ မသေကိုသာ သေချာ ဆန်းစစ် နေခဲ့၏။

လျှို့ဝှက် အာဏာရှင်များ အထူးသဖြင့် မြေကြီး ရှန့်ထိုများမှာ သတ်ဖြတ်ရန် အလွန်တရာ ခက်ခဲလှသည်။ သူတို့၏ ရှင်သန်နိုင်စွမ်းက အလွန်ပင် ထူးခြားပေသည်။

ပုံမှန်အတိုင်းသာ ဆိုပါက တရှန်းမှာ ၇၆ ယောက်မြောက် မင်းသားကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ကိုးခုကို ပိုင်ဆိုင်ထားသည့် မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် သူ့ထံတွင် အသက်ကယ် နည်းလမ်းများစွာ ရှိပေလိမ့်မည်။

သို့သော် ဟင်းလင်းပြင် ဖျက်ဆီးခြင်းမှာလည်း ပုံမှန် မြင်တွေ့နေကျ လက်နက် တစ်ခု မဟုတ်ပါချေ။ ၎င်းကို ဟင်းလင်းပြင် နဂါး သတ္တဝါကြီး၏ အကြေးခွံများမှ ထုဆစ်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူမ ဝတ်ဆင်ထားသည့် ခြေကာလက်ကာများကိုလည်း ၎င်း၏ သွေးဖြင့် သန့်စင်ထားပေသည်။ ထိုလက်နက် အားကိုးကြောင့်သာ သူမ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် ဖျက်ဆီးခြင်း စွမ်းအားကို ထုတ်ဖော် နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၇၆ ယောက်မြောက် မင်းသား ထွက်မပြေးနိုင်စေရန် အတွက်လည်း သူမ ဟင်းလင်းပြင် လှောင်အိမ်ကို အသုံးပြုခဲ့သည်။ အာကာသ အကျဉ်းထောင်နှင့် လောက အကျဉ်းထောင်တို့မှာ အာကာသ လမ်းစဉ်ဖြင့် ထုဆစ်ထားသည့် စွမ်းရည်နှစ်မျိုး ဖြစ်မည် ဆိုလျှင် ဟင်းလင်းပြင် လှောင်အိမ်မှာ ဆက်သွယ်ခြင်း တည်းဟူသော လျှို့ဝှက် သင်္ကေတမှ အပ ကျန် သင်္ကေတ အားလုံး ပါဝင်သည့် ရှစ်ဆင့် ခြေချခြင်း ကျင့်စဉ် တစ်ခု ဖြစ်သည်။ ၎င်းမှာ မနှိုင်းယှဉ်သာအောင် အစွမ်းထက်ကာ အတွင်း၌ ရှိသမျှ လူအားလုံးကို ချိပ်ပိတ် ဖိနှိပ်နိုင်စွမ်း ရှိသည်။

မလိမ်ညာစတမ်း ဝန်ခံရပါက ၎င်းကို ချိပ်ပိတ်နယ်မြေ ဒေသ၏ ချိပ်စည်းကို အတုခိုး၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကျင့်စဉ်မျိုးကို ခရမ်းရောင် တောင်တန်း နတ်ဆိုး သွေးမျိုးဆက်၏ ရက်စက် ကြမ်းကြုတ်သည့် စွမ်းအားနှင့် ပေါင်းစည်းလိုက်သည့် အခါ ၇၆ ယောက်မြောက် မင်းသား၏ စိတ်၊ ရုပ် ဝိညာဉ် သုံးခုစလုံးကို ချုပ်နှောင်ထားနိုင်ရုံမျှသာ မက သူ၏ အသက်ကယ် နည်းလမ်းများကို အသုံးမပြုနိုင်အောင် တားဆီး ထားနိုင်ခဲ့သည်။

သူက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက တရှန်း၏ နောက်ဆုံး ကောက်ချက် ဖြစ်သည်။ အကယ်၍ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် မြေခွေးအိုကြီးများသာ ဝင်ရောက် မနှောက်ယှက်ခဲ့တာ သေချာပါက... ၇၆ ယောက်မြောက် မင်းသားမှာ ထာဝရ သရဖူ လုပွဲ၏ ပထမဆုံး နေ့တွင်ပင် နတ်ဆိုး မျိုးဆက် တရှန်း၏ လက်ထဲ၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ အကြံအစည်များ၊ နှစ်ပေါင်းရာချီ ကြိုးစားအားထုတ်မှုများနှင့် နာရီပေါင်းများစွာ ဆက်တိုက် ကျင့်ကြံမှုများ အားလုံးမှာ အသက်တစ်ရှိုက်စာ အတွင်းမှာပင် အားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ဘဝက တစ်ခါတစ်ရံ အေးစက်သည်။ တစ်ခါတစ်ရံ မျှော်လင့် မထားသည့် အရာများ ဖြစ်လာတတ်သည်။

တရှန်း၏ ပွက်ပွက်ဆူနေသည့် နတ်ဆိုးတိုက်တန် သွေးများက လျှင်မြန်စွာပင် အေးစက်လာကာ ချွေးပေါက်များမှ အငွေ့များ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် သဲကန္တာရဒေသ တစ်ခုလုံးမှာ ခရမ်းရောင် အခိုးအငွေ့များနှင့် ဖုံးလွှမ်း သွားခဲ့၏။ ကြည့်ရှုနေသူများမှာ နတ်ဆိုးစွမ်းအင်များကြောင့် မညစ်ညမ်းစေရန် လျှို့ဝှက်အကာအကွယ်များ တည်ဆောက်ကာ ကိုယ့်ကိုယ်ကို အလျင်အမြန် ကာကွယ်လိုက်ကြရသည်။ ထိုအခိုးအငွေ့များမှာ ရှစ်စက္ကန့်ခန့်မျှသာ ကြာမြင့်ခဲ့လေ၏။

“သူ ပျောက်သွားပြီ...”

ရွေးချယ်ခံ အချို့မှာ ပင့်သက်များ ရှိုက်ရင်း ရေရွတ်လိုက်ကြ၏။ အရပ် ပေပေါင်း ငါးထောင်လောက် မြင့်မားလှသည့် လူ့ဘီလူကြီး၏ ဖြစ်တည်မှုမှာ ကောင်းကင်မှ ခရမ်းရောင် ကြယ်တစ်စင်းနှင့် အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အရာက အောက်သို့ ကျဆင်းနေဆဲ ဖြစ်သည့် ခရမ်းရောင် အလင်း အကြွင်းအကျန်များသာ ဖြစ်ပေသည်။

မရေမတွက်သည့် လူများမှာ ဝိညာဉ်အာရုံ ဖြန့်ကျက်လိုက်ကြရင်း တရှန်း၏ အော်ရာကို ရှာဖွေဖို့ ကြိုးပမ်းလိုက်ကြသည်။ သို့သော်လည်း သူမ၏တည်ရှိမှု တစ်ခုလုံးမှာ လုံးဝ ပျောက်ကွယ် နေခဲ့၏။ ပိုမို ဉာဏ်ကောင်းသည့် လူများကတော့ ကလေးမလေးကိုပါ ရှာဖွေဖို့ ကြိုးစားကြသည်။ သို့သော်... သူမသည်လည်း အလားတူပင် ပျောက်ကွယ် နေခဲ့၏။

ရှစ်စက္ကန့်…

ရှစ်စက္ကန့်မျှ ကြာပေသေးသည်။ သူမ မည်သည့် နေရာကို ရောက်သွားသနည်း။

...

ဝှစ်...

မိုင်ပေါင်း တစ်သောင်းခွဲခန့် အကွာ၌ ပါးလျသည့် လေထုအတွင်းမှ တိုးထွက်လာသည့် အလား ပုံရိပ် နှစ်ခု ထွက်ပေါ်လာခဲ့သည်။ အရပ်ရှစ်ပေမျှ ရှည်လျားသည့် ခရမ်းရောင် အလှပဂေး တစ်ဦးနှင့် သူမ၏ ညာဘက် ပခုံပေါ်၌ ထိုင်နေသည့် အပြစ်ကင်းစင်ကာ ချစ်စရာ ကောင်းလှသော မိန်းမငယ်လေး တစ်ဦးတို့ပင်။

မှန်ပေသည်။ သူတို့က အားလုံးလိုက်ရှာနေကြသည့် တရှန်းနှင့် ပေ့ယင်ယင်တို့ပင် ဖြစ်လေတော့သည်။

***

All Chapters