မှားဖော်မှားဖက်များ
Vol. 115 Ch. 1605
ကောင်းကင်ရှိ နေကြယ်သုံးလုံးမှာ ထာဝရသရဖူ အခမ်းအနား၏ အပြောကျယ်လှသည့် ဒေသများစွာကို ဖြန့်ကျက်၍ ထွန်းလင်းတောက်ပသော နေရောင်ခြည်များကို ထုတ်လွှတ် နေခဲ့လေသည်။ ထိုမြင်ကွင်းမှာ အဆုံးမဲ့စွာ ခမ်းနားထည်ဝါလှသည်။
ထို့အပြင် နေကြယ် သုံးခုစလုံးမှာ တိုက်တန် အရွယ်အစား၌ ရှိနေပေသည်။ သို့သော်လည်း စိမ်းပြာရောင် အလင်းများကို ထုတ်လွှတ်နေသည့် နေကြယ်မှာ သိသိသာသာပင် ပိုမို၍ ကြီးမားကာ နေဘီလူး အဆင့်ကိုပင် ရောက်လုနီးပါး ဖြစ်သည်။
ထာဝရသရဖူ အဖမ်းအနား၏ မိုးသစ်တော ဒေသများစွာထဲမှ တစ်ခုအတွင်းတွင်တော့ ပုံရိပ် နှစ်ခုမှာ အလွန် ကြီးမားလှသည့် လေးထောင့် ကုဗတုံး တစ်ခုထဲတွင် ရှိနေကြသည်။ တစ်ဦးက အခြားတစ်ဦး၏ သေးကျဉ်းသော ခါးကလေးကို ဖက်ထားကာ အခြားတစ်ဦးက ကိုယ်လုံးတစ်ခုလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူတို့ နှစ်ယောက်မှာ အကြားတွင် ကွက်လပ် တစ်ခု မရှိရလေအောင် တစ်ယောက်ကို တစ်ယောက် ဖိကပ်ထားကြလေသည်။
ဝမ်ယင်ယာ၏ နူးညံ့သော နှုတ်ခမ်းကလေးများမှာ ဝေ့ဝူယင်၏ နှုတ်ခမ်းများနှင့် အဆက်မပြတ် ဖိကပ် နေခဲ့၏။ ဝေ့ဝူယင်၏ ပါးစပ် အတွင်းမှ မှိန်ပြပြ ခုနစ်ရောင်ခြယ် အလင်းမျှင်ကလေးများမှာ ဝမ်မင်ယာ၏ ခန္ဓာကိုယ် အတွင်း စီးဝင်ကာ ဦးနှောက်ဆီသို့ အဆက်မပြတ် ရွေ့လျား သွားနေခဲ့သည်။ အချိန်နှင့် အမျှ ဝမ်မင်ယာ၏ မျက်လုံးများမှာ ပိုမို၍ တောက်ပ လာနေခဲ့၏။
အချိန်များစွာ ကြာမြင့်ပြီးနောက် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ ရပ်တန့်သွားခဲ့၏။ ဝမ်မင်ယာ၏ လက်များက ပြေလျော့သွားခဲ့သည်။ သူတို့နှစ်ဦး ခွဲခွာလိုက်ကြကာ ဝမ်မင်ယာမှာ သူမ ရရှိထားသည့် အချက်အလက်များကို ချေဖျက်ရန် အတွက် အလျှင်အမြန်ပင် တရားထိုင် လိုက်လေသည်။
ဝေ့ဝူယင် မိန်းကလေး၏ မျက်နှာလေးကို ကြည့်ရင်း မြတ်နိုးစွာ ပြုံးလိုက်မိ၏။ အနမ်းဖြင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းမှာ သူတို့ နှစ်ယောက်ကြားရှိ လျှို့ဝှက် နည်းလမ်းလေး တစ်ခု ဖြစ်သည်။ ထိုအရာက အနည်းငယ် အသားယူရာ ရောက်သလော။ ဝေ့ဝူယင် ထိုခံစားချက်ကို ချောင်းဟန့်ခြင်းဖြင့် ခပ်မြန်မြန် ရှင်းလင်းလိုက်၏။
သူ ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်သည်။ ယခင်က နေကြယ် မရှိခဲ့သော ကောင်းကင်တွင် ယခုအခါ နေကြယ် သုံးလုံးမှာ အရောင်အဆင်း အမျိုးမျိုးဖြင့် ထွန်းလင်း နေခဲ့ပြီ ဖြစ်သည်။ နေကြယ် တစ်ခုချင်းစီတိုင်းမှာ အာရုဏ်ဦး နေကြယ်မျိုးစေ့ ဆေးလုံး၏ ထုတ်ကုန်များ ဖြစ်ကြသည်။ အော်ရာများမှ တစ်ဆင့် သူတို့က မည်သူ ဖြစ်ကြောင်းကိုပင် သူ အတိအကျ ဆုံးဖြတ်နိုင်ပေသည်။ ဝေ့ဝူယင် ပြုံးလိုက်မိ၏။
သူသည် ၇၆ ယောက်မြောက် မင်းသား၏ စွမ်းအားကို မြင်ခဲ့ရသည်။ ထိုလူက အလွန်အမင်း အစွမ်းထက်သည်။ သို့သော်လည်း သူ၏ သေဆုံးမှုက မတရားရာ ကျခဲ့ပေသည်။ တရှန်း ကဲ့သို့ပင် ၇၆ ယောက်မြောက် မင်းသားမှာလည်း အလွန်အမင်း ပေါ့ဆခဲ့သည်။ တရှန်းနှင့် သူ တိုက်ခိုက်ခဲ့သည့် အရေအတွက်က လိုအပ်သည့် အရေအတွက်ထက် အလွန်အမင်း ကျော်လွန်ခဲ့သည်။
မည်သို့ပင် ဆိုစေ… သူသာ ဝင်ရောက် မစွက်ဖက်ခဲ့ပါက တရှန်းမှာ ထိုမင်းသား၏ စီဆင်းမှု အရှိန်မြှင့်တင်ခြင်းကို သုံးကတည်းက သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။
“အထွတ်အမြတ် ဧကရာဇ် အော်ရာ...”
ဝေ့ဝူယင် ၇၆ ယောက်မြောက် မင်းသား၏ ထူးခြားသည့် စွမ်းအားနှင့်ပတ်သက်ပြီး ပြန်လည်၍ စဉ်းစားလိုက်သည်။ ၎င်းသည် အင်ပါယာ ကောင်းကင် အော်ရာ၊ အဆုံးမဲ့ ကောင်းကင် အော်ရာတို့နှင့် အလွန်အမင်း ဆင်တူမှု ရှိနေသည်။ သို့သော်လည်း မြင်ရသလောက် ၎င်းမှာ ပိုမို၍ အဆင့်နိမ့်သည်။
အကယ်၍ အော်ရာများကို အဆင့်သတ်မှတ်ရမည်ဆိုပါက အင်ပါယာ ကောင်းကင် အော်ရာမှာ အရည်အသွေး အမြင့်မားဆုံး ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် အော်ရာမှာ ဒုတိယ နေရာတွင် ရှိနေကာ အထွတ်အမြတ် ဧကရာဇ် အော်ရာက နောက်ဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်... ၎င်းနှင့် ဆန့်ကျင်ဘက် အဆင့် သတ်မှတ်ချက် အတိုင်း ပြောင်းလွယ်ပြင်လွယ် ရှိမှု တစ်ခုလည်း ရှိနေခဲ့သည်။
ဖော်ပြဖို့ ခက်ခဲသည့်တိုင် ကျင့်ကြံခြင်းတွင် ပြောင်းလဲပြင်လွယ် ရှိမှုမှာ စွယ်စုံ အသုံးပြုနိုင်ခြင်း အတွက် ပိုမို ကြီးမားသည့် အခန်းတစ်ခုကို ဖန်တီးပေးနေသကဲ့သို့ ရှိပေသည်။ ဥပမာအားဖြင့် သွေးမျိုးဆက်ကြောင့် ဝူယု၏ လျှို့ဝှက် ခန္ဓာကိုယ်က ကန့်သတ် ခံထားရချိန်တွင် အထွတ်အမြတ် ဧကရာဇ် အော်ရာကတော့ ရွှေ၊ မီး၊ အာကာသ စသည်ဖြင့် အမျိုးမျိုးသော အင်အားများနှင့် ရောနှောကာ မတူကွဲပြားသည့် ကျင့်ကြံခြင်း အခြေခံများကို ဖန်တီးနိုင်ပေသည်။
သာမည အင်ပါယာ ဥပဒေသဖြင့် လေ့လာမှု အရ ၎င်းတို့ အားလုံး၏ အလားအလာကတော့ အတူတူလောက်ပင် ရှိပေသည်။
မတူကွဲပြားသည့် အရည်အသွေး...
မတူကွဲပြားသည့် စွယ်စုံ ဖြစ်တည်နိုင်မှု...
တူညီသည့် အလားအလာ...
တစ်စုံတစ်ယောက်မှာ အင်ပါယာ မျိုးနွယ်နှင့် သက်ဆိုင်နေသည့် အဆိုပါ ကျင့်ကြံခြင်း နည်းလမ်းကို ပိုမို ခြုံငုံမှု ရှိစေရန်နှင့် ကျင့်ကြံရ လွယ်ကူစေရန် အတွက် နှစ်ပေါင်း မရေမတွက်နိုင်အောင် သန့်စင်ခဲ့ခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် ပြောနိုင်ပေသည်။
ချုံကုန်း အင်ပါယာ...
ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်၏။ အလွှာအပြင်က လောကနှင့် ပတ်သက်၍ ဝတ်စုံနက် ဝေ့ဝူယင်ထံမှ သိရှိခဲ့ရသည့် အချက်များကို သူ ပြန်လည်၍ သတိရလိုက်သည်။ ချုံကုန်း အင်ပါယာမှာ ကျင့်ကြံခြင်း နည်းလမ်းများကို ထပ်တလဲလဲ အကြိမ်ရေများစွာ ပြုပြင်နိုင်သည့် တစ်ဦးတည်းသော ဖြစ်နိုင်ချေ ရှိသူ ဖြစ်သည်။ ဝူယုနှင့် ဝူပိုင်ကျိုးတို့ကို ပြန်လည် တွေးတောမိသော အခိုက်၌ မကောင်းသည့် ခံစားချက် တစ်ခုက သူ့ရင်ဘတ် အတွင်း ဖြစ်ပေါ်လာခဲ့သည်။ ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရင်း ထိုခံစားချက်ကို ဖယ်ရှားပစ်လိုက်သည်။ သတိမထားလိုက်မိခင်မှာပင် သူ ညာဘက်လက်မောင်းကို ဘယ်ဘက်လက်ဖြင့် ပွတ်သပ်လိုက်မိ၏။
မကြာမီ ကောင်းကင်မှ ကြယ်များမှာ ပြောင်းလဲလာခဲ့၏။ နေကြယ်များထဲမှ တစ်လုံးမှာ ပျောက်ကွယ်သွားကာ လာခဲ့သည့် နေရာသို့ ပြန်လည် ရွေ့လျားသွားပုံ ပေါ်သည်။ သို့သော်လည်း... အခြား တိုက်တန် အရွယ်အစား နေကြယ် နှစ်လုံးမှာ ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်လာကြသည်။
အာဏာရှင်များမှာ သူတို့ကို သူတို့ စတင် ဖော်ထုတ် နေကြပြီ ဖြစ်လေသည်။
...
ထာဝရ သရဖူ အခမ်းအနား၏ မရေမတွက်နိုင်သည့် ဒေသများတစ်လျှောက်တွင် အလွှာအပြင်က လောကသားများနှင့် ချိပ်ပိတ်နယ်မြေ အတွင်းမှ ရွေးချယ်ခံများ အားလုံးမှာ ကောင်းကင်ထက်တွင် ထွန်းလင်းနေသည့် နေကြယ်များ၏ အံ့ဩဖွယ် မြင်ကွင်းကို ငေးမော နေကြသည်။ အလွှာအပြင်က လောကသား အများစုမှာ အလွန် စိတ်ရှုပ်ထွေးနေကာ ကြောက်ရွံ့စိတ်များက သူတို့၏ စိတ်ဝိညာဉ်များ အတွင်း ပြည့်နှက် နေခဲ့လေသည်။
သူတို့တွင်လည်း လောကချည်နှောင် နေကြယ်များ ရှိကြသည်။ သို့သော်လည်း သူတို့ထဲမှ များစွာမှာ ပုံသဏ္ဌာန်သက်သက်ကိုသာ ပိုင်ဆိုင်ထားကြသည်။ အမြုတေ မရှိကြချေ။
“သူတို့က သေမျိုးအဆင့်မှာပဲ ရှိသေးတယ်...”
ရုတ်တရက် သွေးအေး တည်ငြိမ်ကာ ခန္ဓာကိုယ် တစ်ခုလုံး အစီအစဉ်များနှင့် ပြည့်နှက်နေသည့် တိုက်တန် မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက်က အော်ဟစ်လိုက်၏။ သူမ၏ လေသံက အသံလှိုင်းများ အဖြစ် ပျံ့နှံ့သွားကာ ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ ထောင့်တိုင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုအသံက များစွာသော ရွေးချယ်ခံများ၏ နှလုံးသားထဲမှ ကြောက်ရွံ့စိတ်များကို တဖြည်းဖြည်းချင်း လျော့ကျသွားစေခဲ့သည်။ မကြာခင်မှာပင် ကောင်းကင်ရှိ နေကြယ်များမှာ သေမျိုးအဆင့် နေကြယ်များသာ ဖြစ်ကြောင်း အားလုံး သဘောပေါက် သွားကြသည်။
သူတို့ အလွန်အမင်း ထိတ်လန့်ကြရသည့် အကြောင်းရင်းမှာ ပထမဆုံး ထွက်ပေါ်လာခဲ့သည့် တရှန်း၏ နေကြယ်ကြောင့်ပင် ဖြစ်သည်။ ၎င်းမှာ ဝေ့ဝူယင်၏ အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံး၏ ထူးခြားသော ဖြစ်စဉ်ကြောင့် လျှို့ဝှက် တာအို အပါအဝင် အမျိုးမျိုးသော တာအိုများ၏ အရည်အသွေးများကို ပိုင်ဆိုင်ထားပေသည်။ သို့သော်လည်း... ထပ်မံ ပေါ်ထွက်လာသည့် အခြားနေကြယ်များမှာမူ လျှို့ဝှက်လမ်းစဉ်ကို ထိတွေ့ခြင်း မပြုရသေးသည့် သေမျိုးအဆင့် နေကြယ်များသာ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် ဆိုပါက ၎င်းတို့ကို ဖျက်ဆီးပစ်နိုင်ဖို့ အလားအလာ ရှိပေသည်။
အလွှာအပြင်က ရွေးချယ်ခံ အချို့မှာ လျှို့ဝှက် စွမ်းအင်ဖြင့် တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကာ ထိုနေကြယ်များကို ပြင်းထန်စွာ ထိခိုက်စေဖို့ ကြိုးစားလိုက်ကြသည်။ သူတို့၏ လုပ်ဆောင်ချက်များက နေကြယ် ပိုင်ရှင်များကို ထိတ်လန့်သွားစေကာ အလင်းရောင်များမှာ စတင် မှေးမှိန်လာကြသည်။ ထို့နောက်တွင်တော့ ၎င်းတို့ အားလုံးမှာ အာကာသကို ဖြတ်သန်း၍ ပျောက်ကွယ်သွားကာ စိတ်မျက်လုံးများ အတွင်း ပြန်လည်၍ ဝင်ရောက် သွားကြလေသည်။
ထာဝရသရဖူ လုပွဲမှာ သာမန် စစ်မြေပြင် တစ်ခု မဟုတ်ပါချေ။ ဤနေရာသို့ ရောက်လာသည့် မည်သူ တစ်ဦးတစ်ယောက်မှ သာမန် မဟုတ်ကြချေ။ အထူးသဖြင့် အလွှာအပြင်က လာသည့် ရွေးချယ်ခံများပင်။ သေမျိုး ကျင့်ကြံသူများအား သူတို့၏ အားသာချက် ဖြစ်သည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေများ တည်ဆောက်ထားရန် သူတို့ မည်ကဲ့သို့ သဘောတူနိုင်မည်နည်း။
မကြာခင်မှာပင် ကောင်းကင်မှာ ကြယ်တာရာ ကင်းမဲ့သည့် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့တော့သည်။
...
ဝှစ်... ဝှစ်...
ရွှေဖုန်းပေါင်မှာ တောင်တန်း ဒေသ တစ်ခုကို ဖြတ်ကျော်ကာ ပြေးလွှား နေခဲ့၏။ မီးစွမ်းအင်များနှင့် တောက်လောင်နေသည့် သူ၏ မျက်လုံးများက သားကောင်ဖြစ်သူ၏ လျှို့ဝှက် စွမ်းအင် အကြွင်းအကျန်များကို လိုက်လံ ရှာဖွေ နေခဲ့သည်။ ၎င်းတို့ကို ခြေရာခံရန် အတွက် မီးဥပဒေသ အော်ရာကို အသုံးပြုနေရလေရာ အကုန်အကျက များပြားလှပေသည်။
“အဲဒီ အစ်မကြီးက အရမ်းကို ပါးနပ်တယ်...”
သူက နှုတ်ခမ်းကို မဲ့ရင်း ပြောလိုက်လေ၏။
သေမျိုးတစ်ဦးက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို ခြေရာခံခြင်း...
၎င်းမှာ သဘာဝ မကျသည့် အပြင် မဆီလျော်သည့် အခက်အခဲများစွာ ရှိနေသော်လည်း ရွှေဖုန်းပေါင်ကတော့ မရပ်မနား လုပ်ဆောင် နေခဲ့သည်။ သူ၏ အသွင်သဏ္ဌာန်က ဒေါသထွက်နေသည့် မီးတောက် တစ်ခုလိုပင် ဖြစ်လေ၏။ နောက်ဆုံးသော လောင်စာကို မလောင်ကျွမ်းရ မချင်း သူ မရပ်တန့်လိုချေ။
သို့သော်လည်း... နေကြယ် ကင်းစင်သွားသည့် ကောင်းကင်ကို မော့ကြည့်လိုက်ရင်း အနည်းငယ် နှစ်သိမ့်မှုကို သူ ခံစားလိုက်ရသည်။
“ဘာပဲ ဖြစ်ဖြစ် ငါ တစ်ယောက်တည်း မဟုတ်ဘူး...”
ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးအား အသာစီးယူရန် လောကနယ်မြေကို ထုတ်လွှတ်လိုက်စဉ် အခါက သူ ကိုယ်တိုင်သည်လည်း လူတိုင်း၏ ပစ်မှတ် တစ်ခု ဖြစ်လာခဲ့ဖူးသည်။ ယခုအခါ အခြား အာဏာရှင် အဖွဲ့ဝင်များသည်လည်း ပစ်မှတ်ထားခံရခြင်း တည်းဟူသော မရှောင်လွှဲနိုင်သည့် အားနည်းချက်ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် စိတ်သက်သာရာရသွားသည်။
အနည်းဆုံးတော့ သူ့တွင် မှားဖော်မှားဖက်များ ရှိလာခဲ့ပြီ မဟုတ်ပါလား။
***