ပိရမစ်ထဲမှ ပုဂ္ဂိုလ်
Vol. 115 Ch. 1608
မိနစ် အနည်းငယ် အတွင်းမှာပင် ပိန်ရှည်ရှည် လူငယ်နှင့် လျှပ်စီး ကျင့်ကြံသူ မိန်းကလေး နှစ်ယောက်စလုံး ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။ ထောင်ချောက်ဆင် တိုက်ခိုက်သူများမှာလည်း အလျှိုလျှို ထွက်ပေါ်လာကြ၏။ သူတို့အဖွဲ့ဝင် ယောက်ျား နှစ်ဦး၊ မိန်းကလေး လေးဦး စုစုပေါင်း ခြောက်ဦး ပါဝင်နေပေသည်။
အဖြူရောင်ဝတ် လူငယ်မှာ သူ့ တူနှစ်စင်းကို စစ်ဆေးလိုက်၏။ တစ်စုံတစ်ရာ ထိခိုက်မှု မရှိတာ သေချာ သွားသောအခါတွင်မှ သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
အေးစက်စက် မိန်းကလေးမှာ သတိလစ် မေ့မြောနေသည့် လူနှစ်ယောက်ကို ငုံ့ကြည့်လိုက်၏။ သူတို့မှာ အသက်ရှင်နေဆဲ ဖြစ်သော်လည်း လုံးဝ ချိပ်ပိတ်ခံထားရသည်။ သို့သော်လည်း ထိုနှစ်ယောက်မှာ ပိုင်ဆိုင်ထားသည့် အဆင့်အတန်း အရ သေလုမြောပါး အခြေအနေကို ရောက်ရှိနေလျှင်ပင် အသက်ကယ် အဆောင်များကို အသက်သွင်းနိုင်ချေ ရှိပေသည်။
သူတို့ အဖွဲ့ထဲမှ ဒုတိယမြောက် အမျိုးသားမှာ ကျောင်းတော်သား တစ်ယောက်လိုမျိုး ဝတ်ဆင်ထားကာ ပေတံတစ်ခုနှင့် ပေသီးတွက်ခုံ တစ်ခုတို့ကို ကိုင်ဆောင်ထားသည်။ သူက ပင်လယ်အတွင်း ဝှက်ထားသည့် ဝင်္ကပါများကို အဓိက ထိန်းချုပ်နေသူ ဖြစ်လေရာ ယခုမှသာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ အခြား မိန်းကလေး သုံးယောက်မှာလည်း ကိုယ်စီ အလှတရားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ သူတို့က မတူကွဲပြားသည့် အရောင်များကို ဝတ်ဆင်ထားလေရာ မတူညီသည့် အဖွဲ့အစည်းများကို ကိုယ်စားပြုနေကြောင်း ရှင်းလင်းပေသည်။
“လေးရက်ကြာခဲ့တယ်... နောက်ဆုံးတော့ ငါတို့ အောင်မြင်ခဲ့ပြီ...”
မိန်းကလေး တစ်ဦးက ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်၏။ သူမက ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သည်။ ၎င်းအား ပြန်လည် ရယူရန် အတွက် ကုန်ကျစရိတ်မှာ အလွန်ပင် မြင့်မားလှကာ သက်တမ်း နှစ်ပေါင်း သုံးဆယ်ကျော် အထိ စတေးခဲ့ရသည်။ သူမမှာ ပိန်သွယ်သွယ် လူငယ်ကို တံတွေးဖြင့် ထွေးလိုစိတ် ဖြစ်ပေါ်လာခဲ့၏။ သို့သော်လည်း ကိုယ့်သိက္ခာကို ထောက်ကာ ထိန်းထားလိုက်သည်။
အခြားမိန်းကလေး တစ်ယောက်ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ သူမမှာ လျှို့ဝှက် ဝိညာဉ် ထိခိုက်ခဲ့ရကာ လက်ရှိ ကျင့်ကြံခြင်း အဆင့်ကို ဆက်လက် ထိန်းသိမ်းထားရန် အတွက် လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် မျိုးစံကို အသုံးပြုခဲ့ရသည်။
“ဟုတ်တယ်...”
အေးစက်စက် မိန်းကလေးက ပြောလိုက်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ အလားတူပင် ချိပ်ပိတ်ခံထားရသည့် နောက်ထပ် ပုံရိပ် နှစ်ခု ပေါ်လာခဲ့သည်။ သူတို့သည်လည်း ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်ပင် ဖြစ်သည်။ သူမက ထိုလေးဦးကို ဆွဲယူကာ ပိရမစ်ထံသို့ ရွေ့လျား သွားခဲ့၏။
“အပြင်လောကမှာတောင် ဆန့်ကျင်ဘက် လျှို့ဝှက် ဝိညာဉ်တွေ ရှိတဲ့ လူပျို၊ အပျို လေးယောက်ကို ရှာရတာ အရမ်း ခက်ခဲတယ်... ကျေးဇူးတင်စရာပဲ... ငါတို့ဆို လူပျိုဘဝကို ဆုံးရှုံးခဲ့တာ ကြာပြီပေါ့...”
အဖြူရောင်ဝတ် လူငယ်က ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။ လူပျိုဘဝဖြင့် သေဆုံးရခြင်း... ၎င်းက သူ့အတွက်တော့ မဖြစ်နိုင်ပါချေ။
ဒုတိယ အသုတ် သူတို့ ဖမ်းဆီးလာသည့် နှစ်ယောက်မှာ ရေနှင့် လျှပ်စီး လျှို့ဝှက် ဝိညာဉ်များကို ပိုင်ဆိုင်ထားကာ ပထမ အသုတ် နှစ်ယောက်ကတော့ ရေခဲနှင့် မီး လျှို့ဝှက် ဝိညာဉ်များကို ကိုယ်စီ ပိုင်ဆိုင်ထားကြပေသည်။
ထာဝရသရဖူ လုပွဲ အတွင်းသို့ ဝင်ရောက်လာကြသည့် ကျင့်ကြံသူများ အနက် အမျိုးသား ၉၀ ရာခိုင်နှုန်းခန့်မှာ လူပျိုစစ်စစ်များ မဟုတ်ကြလျှင် မိန်းကလေး ၉၀ ရာခိုင်နှုန်းခန့်ကတော့ အပျိုစင်များ ဖြစ်ကြသည်။ အမျိုးသမီး ကျင့်ကြံသူများ အတွက် မူယင်၏ အကျိုးသက်ရောက်မှုမှာ ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလေလေ ပိုမို၍ သိသာလေလေ ဖြစ်သည်။ မူလယင်ကို မပိုင်ဆိုင်ကြသူများမှာ သူတို့၏ ကျင့်ကြံခြင်း အစောပိုင်း ကာလများတွင် အရည်အချင်း ထက်မြင်သည့် တာအို လက်တွဲဖော်များကို တွေ့ဆုံခဲ့သူများ သို့မဟုတ်... ယင်ပံပိုးမှု နည်းလမ်းများဖြင့် ကျင့်ကြံရန် ယန်စွမ်းအင်ကို လိုအပ်သူများ ဖြစ်ကြသည်။
“ငါတို့ ပြန်ကောင်းလာတဲ့အထိ စောင့်သင့်လား... ပိရမစ်ထဲမှာ မကောင်းဆိုးရွား စောင့်ကြပ်သူ တစ်ယောက် ရှိနေရင် ဘယ်လိုလုပ်မလဲ...”
မိန်းကလေး တစ်ဦးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ချိပ်ပိတ်ခံထားရသည့် ကျင့်ကြံသူ လေးယောက်ကို ပိရမစ်ထံ ခေါ်ဆောင်သွားနေသည့် အေးစက်စက် မိန်းကလေးက ရပ်တန့်လိုက်သည်။
“အချိန် ဘယ်လောက် ကြာမှာလဲ...”
ထိုမေးခွန်းအရ သူမမှာ အနားယူရန် အကြံကို စွန့်ပယ်လိုပုံ မရချေ။
“…”
အဖွဲ့အတွင်းရှိ လူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ခဏတာမျှ ဆွေးနွေး လိုက်ကြ၏။ ထို့နောက်တွင်တော့ တစ်ရက် ဟု သူတို့ ဆုံးဖြတ်လိုက်ကြလေသည်။
ထာဝရသရဖူ လုပွဲ၏ ဆယ့်တစ်ရက်မြောက်နေ့...
အေးစက်စက် မိန်းကလေးနှင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသော မိန်းကလေးတို့မှာ ချိပ်ပိတ်ထားသည့် လူလေးယောက်ကို ခေါ်လာခဲ့ကြသည်။ အံ့အားသင့်စရာ ကောင်းစွာပင် သူတို့ လေးဦးစလုံး သတိရှိ နေကြသည်။ အချို့က မုန်းတီးမှု ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် တိုက်ခိုက်နေကြကာ အချို့ကတော့ တောင်းပန်သည့် မျက်ဝန်းများနှင့် ရုန်းကန် နေကြသည်။
ရေခဲဒြပ်စင် လျှို့ဝှက် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေးမှာ သူမကိုသာ လွှတ်ပေးပါက ခန္ဓာကိုယ် တစ်ခုလုံး ပုံအပ်မည် ဖြစ်ကြောင်း တိုးလျှိုးတောင်းပန်နေသော မျက်ဝန်းများနှင့် ကြည့်နေခဲ့သည်။ သို့သော်လည်း အဖြူရောင်ဝတ် လူငယ်က သူမကို လှောင်ပြောင်လိုက်ကာ မျက်နှာပေါ်သို့ သလိပ် အပြည့်ဖြင့် တံတွေး ထွေးချလိုက်သည်။ ထိုကဲ့သို့ ပြုလုပ်ရင်း သူက သဘောကျစွာ ရယ်မော နေခဲ့သည် အခြားလူများမှာမူ ထိုအချင်းအရာကို မမြင်သကဲ့သို့ လျစ်လျူ ထားကြ၏။
နောက်ဆုံး၌ သူတို့ လေးဦးစလုံး ပိရမစ်ရှေ့သို့ ရောက်လာကြသည်။ အေးစက်စက် မိန်းကလေးက ပိရမစ် ညွှန်ကြားသည့် အတိုင်း လက်ဟန် ချိပ်စည်းများကို လုပ်ဆောင် လိုက်၏။
ဝှစ်... ဝှစ်...
ထို့နောက်တွင်တော့ ထူးဆန်းသည့် စွမ်းအင် တစ်ခု ထွက်ပေါ်လာကာ ချိပ်ပိတ်ထားသည့် ကျင့်ကြံသူ လေးယောက်ကို လေထဲသို့ မြှောက်တင်၍ ပိရမစ် အတွင်း ဆွဲခေါ်သွားခဲ့သည်။ ချက်ချင်းပင် သူတို့၏ ဝိညာဉ် အော်ရာများက မှေးမှိန်သွားကာ တကျွတ်ကျွတ် အသံများ ထွက်ပေါ်လာခဲ့လေသည်။
သေသွားလေပြီ...။
“ဟင်း...”
ရုတ်တရက် မသဲမကွဲ ညည်းသံ တစ်ခု ထွက်ပေါ်လာကာ ပိရမစ်မှာ အဂ္ဂိရတ် စွမ်းအင်များ လွှမ်းခြုံနေသည့် ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပလာခဲ့သည်။ အဖွဲ့ဝင် ခြောက်ဦးတို့၏ မျက်ဝန်းများမှာ ပျော်ရွှင် ဝမ်းမြောက်မှု အလင်းတန်းများနှင့် ပြည့်နှက် သွားခဲ့၏။ ၎င်းမှာ အားကောင်းသည့် အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ လက္ခဏာ ဖြစ်ပေသည်။
ဟား... ဟား... ဟား...
ရုတ်တရက် ရူးသွပ်မှု၊ ယုတ်မာမှုများနှင့် ပြည့်နှက်နေသည့် ထူးဆန်းသော အော်ရယ်သံ တစ်ခုမှာ မုန်တိုင်းများ ထိုးဖောက်နေသည့် ဝေဟင်ကို ထိုးဖောက်ကာ ပင်လယ်ရေနှင့် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့လေသည်။
ဘုန်း...
မိုးခြိမ်းသံမှာ ကောင်းကင်ဆီမှ ထွက်ပေါ်လာကာ မီးခိုးရောင် တိမ်လိပ် မည်းမည်းများ ချက်ချင်း အုံ့စိုင်း တက်လာခဲ့၏။
“မယုံနိုင်စရာပဲ... ငါ လွတ်မြောက်ပြီ...”
ပဲ့တင်ထပ်နေသော အသံမှာ ကျောက်သင်ပုန်းပေါ်တွင် လက်သည်းများကို ကုတ်ခြစ် သကဲ့သို့ စူးရှလှကာ ငရဲဘုံမှ သရဲတစ္ဆေ တစ်ကောင် အော်ဟစ် နေသည့် အလား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရွေးချယ်ခံ ခြောက်ဦးမှာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
“ပြေး...”
ပထမဆုံး ထွက်ပြေးသူမှာ အေးစက်စက် မိန်းကလေး ဖြစ်သည်။ သူမက ခရမ်းရောင် ဖုန်မှုန့်များ ပြည့်နှက်နေသည့် လေစွမ်းအင်ကို အသုံးပြုထားကာ ရွေ့လျားမှုမှာ အစောပိုင်း တန်ခိုးအဆင့်ကို ထုတ်ဖော် ပြသခဲ့သည်ထက် အဆပေါင်း များစွာ ပိုမို လျှင်မြန်လှပေသည်။
ကျောင်းတော်သား ပုံံစံ ရွေးချယ်ခံမှာလည်း အလျှင်အမြန်ပင် လက်ဟန် ချိပ်စည်းများကို ဆက်တိုက် ဖော်ထုတ်လိုက်ကာ ကြိုတင် တည်ဆောက်ထားသည့် ဝင်္ကပါများကို အသက်သွင်းရင်း နောက်ပြန်ဆုတ် သွားခဲ့သည်။
အဖြူရောင်ဝတ် လူငယ်၏ မျက်လုံးများက ပြူးကျယ်လာကာ ခန္ဓာကိုယ်မှာ တုန်ယင်လာ၏။ လျှို့ဝှက် သင်္ကေတများမှာ ထောင်နှင့်ချီ၍ မီးတောင် ပေါက်ကွဲ သကဲ့သို့ ပေါ်ထွက်လာကြောင်း သူ မြင်လိုက်ရသည်။ သူက ချင်ချင်းပင် မြေကြီး စွမ်းအင်များကို ထုတ်လွှတ်ကာ ပင်လယ်ထဲသို့ တိုးဝင် ထွက်ပြေးရန် ဟန်ပြင်လိုက်လေသည်။
အခြားလူများမှာလည်း အမျိုးမျိုးသော နည်းလမ်းများကို ထုတ်ဖော် အသုံးပြုလိုက်ကြ၏။ လျှို့ဝှက် ဝိညာဉ် ထိခိုက်ခဲ့သည့် မိန်းကလေး ဆိုလျှင် ကြောက်မက်ဖွယ်ရာ လျှို့ဝှက် ရည်ရွယ်ချက်များ ပါဝင်နေသည့် လောက အဆင့် အဆောင် တစ်ခုကို ထုတ်ယူ အသုံးပြု လိုက်လေသည်။
ဝှစ်...
ရုတ်တရက် လေထုမှာ အဆမတန် လေးလံလာကာ အလွန်တရာ အားကောင်းလှသည့် ဆန္ဒ တစ်ခုမှာ လောကတစ်ခွင် ပျံ့နှံ့လာ၏။ ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူ ခြောက်ဦးစလုံး၏ လျှို့ဝှက် အော်ရာများနှင့် လျှို့ဝှက် စွမ်းအင်များမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ ဆက်တိုက်ဆိုသလိုပင် သူတို့ တစ်ဦးချင်းစီမှာ ဒွါရပေါက်များမှ သွေးများ စီးကျလာကာ ရပ်တန့်သွားခဲ့ကြ၏။
“လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်...”
ကျောင်းတော်သားက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေ၏။
***