မကောင်းဆိုးရွား စောင့်ကြပ်သူ
Vol. 115 Ch. 1609
“လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...”
ကျောင်းတော်သား၏ အော်ဟစ်သံက အဆုံးစွန်သော ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက် နေခဲ့၏။ သို့သော်လည်း... မျိုးဆက်တစ်ခု၏ ထိပ်တန်း၌ ရပ်တည်နေသည့် လူတစ်ဦးနှင့် ထိုက်တန်စွာပင် သူ၏ မျက်လုံးများထဲ၌ ပြတ်သားမှု တစ်ခု ရှိနေခဲ့သည်။
သူက အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်၏။ သွေးများမှာ သူ၏ နှာခေါင်းမှ အများအပြား စီးကျလာခဲ့သည်။ သူက ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင် ပေါင်းစုံကို ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး ပုံစံဖြင့် လှည့်ပတ်နေကာ မိုးခြိမ်းသံများကိုပင် ဖြစ်ပေါ်လာစေခဲ့လေသည်။
ကျောင်းတော်သားမှာ လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်း တစ်ခုဖြင့် အရာရာအား ထိန်းချုပ်ရန် ခြိမ်းခြောက်နေသည့် လျှို့ဝှက်တာအို၏ ဆန္ဒကို ဆန့်ကျင် တိုက်ခိုက်နေခဲ့လေသည်။
တစ်ချိန်တည်း၌ အခြား ကျင့်ကြံသူ ငါးယောက်တို့၏ လျှို့ဝှက် စွမ်းအင်နှင့် အော်ရာတို့ကတော့ လုံးဝ ရပ်တန့် သွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်နှင့် အသိစိတ် ပင်လယ်များမှာ အနည်းငယ်မျှပင် လှုပ်ရှားနိုင်စွမ်း မရှိကြတော့ချေ။
လျှို့ဝှက် ဝိညာဉ် ထိခိုက်ခံထားရသည့် မိန်းကလေးမှာ ထိုစွမ်းအားကို အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိပါချေ။ သူမ၏ မျက်ဝန်းများ အတွင်းရှိ အလင်းရောင်မှာ လျှင်မြန်စွာပင် မှေးမှိန်သွားခဲ့၏။ သူမက လျှို့ဝှက် စွမ်းအင် စီးဆင်းမှုကို အတင်းအကြပ် ရပ်တန့် ပစ်လိုက်ခြင်း ဖြစ်သည်။ မဟုတ်ပါက ကျင့်ကြံခြင်း သွေဖီမှုနှင့် ကြုံတွေ့ရကာ သူမ၏ ခန္ဓာကိုယ်မှာ မျက်မှောင် တစ်ခပ်စာ အတွင်းမှာပင် ပေါက်ကွဲ သွားလိမ့်မည် ဖြစ်သည်။
သို့သော်... ယခုအခြေအနေမှာလည်း ဘာထူးလို့နည်း။ သူမမှာ မကြာခင် ခုတ်ဖြတ်ခံရတော့မည့် စင်းနှီးတုံးပေါ်မှ ငါးတစ်ကောင်လို အကူအညီမဲ့ နေခဲ့ပြီ ဖြစ်သည်။
ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသော မိန်းကလေး ကျင့်ကြံသူမှာလည်း သူမ ရောက်ရှိနေသည့် နေရာတွင် လုံးဝ ရပ်တန့် နေခဲ့သည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှသော ထိုစွမ်းအင် အောက်တွင် သူမ၏ စိတ်၊ ကိုယ်နှင့် ဝိညာဉ် သုံးခုစလုံးမှာ အပြည့်အဝပင် ထိန်းချုပ် ခံထားရသည်။
အခြားတစ်ဖက်၌ အဖြူရောင်ဝတ် ကျင့်ကြံသူ၏ အလေးချိန်မှာ လျှင်မြန်စွာ လျော့ကျသွား၏။ သူ၏ အဆီပိုများက လျှင်မြန်စွာပင် လောင်ကြွမ်းသွားကာ ကြွက်သားများနှင့် တောင့်တင်း ခိုင်မာသည့် ခန္ဓာကိုယ် တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ အော်ရာမှာလည်း အံ့မခန်း မြင့်တက်လာခဲ့၏။
တစ်ချိန်တည်းတွင်ပင် အေးစက်စက် မိန်းကလေး၏ မျက်လုံးများမှာ နေကြယ်များနှင့်ပင် နှိုင်ယှဉ်နိုင်သည့် ရောင်စဉ် အလင်းတန်းများနှင့် ပေါက်ကွဲလာခဲ့သည်။ သူမ၏ အကြည့်များ အတွင်း၌ ကြယ်တာရာ ပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာ၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ ပွက်ပွက်ဆူလာကာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထိုသက်ရောက်မှုနှင့် အတူ ဖယ်ရှားပစ်လိုက်သည်။
ကျောင်းတော်သား၊ အဖြူရောင်ဝတ် ကျင့်ကြံသူနှင့် အေးစက်စက် မိန်းကလေးတို့မှာ အလွှာ အပြင်က ရွေးချယ်ခံများထဲတွင်ပင် သာမန်များ မဟုတ်ကြကြောင်း ထင်ရှားနေချေပြီ ဖြစ်လေသည်။
“ဘယ်လောက်တောင် ထူးခြားတဲ့ နည်းလမ်းတွေလဲ...”
အံ့အားသင့်နေသည့် အသံတစ်ခုမှာ ပိရမစ်၏ မူလ တည်နေရာမှ နေ၍ လှိုင်းများ အလား ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ကမ္ဘာလောက အတွင်းရှိ စွမ်းအင်၊ အမတေ၊ မန်နာ၊ အလင်း၊ ဆွဲငင်အား၊ အာကာသ၊ အချိန်နှင့် အခြား အရာအားလုံးတို့၏ အာရုံ စူးစိုက်မှုများမှာ အေးစက်စက် မိန်းကလေး အပေါ်သို့ စုစည်း ကျရောက်သွားခဲ့သည်။
နေကြယ်များ အလား ပြင်းထန်သည့် အလင်းစွမ်းအင်များကို ထုတ်လွှတ်နေကြသော မိန်းကလေး၏ မျက်လုံးများမှာ ပြူးကျယ်လာကာ ထိတ်လန့်ခြင်းများနှင့် ပြည့်နှက်လာခဲ့သည်။
“ကျွန်မကို ကယ်ပါ လျူကျိယွမ်...”
မိန်းကလေးက လှိုင်းထနေသည့် လေသံဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ ပုံမှန်အားဖြင့် တည်ငြိမ်ကာ ခံစားချက် ကင်းမဲ့နေတတ်သည့် သူမ၏ လေသံမှာ ယခုတွင်တော့ ကြောက်ရွံ့မှု၊ မလိုလားမှုတို့နှင့် ပြည့်နှက် နေခဲ့လေသည်။
သို့သော်လည်း ကျောင်းတော်သားမှာ သူမကို တစ်ခဏမျှသာ လှမ်းကြည့်လိုက်၏။ ထို့နောက်တွင်တော့ သူက လောကရှန့်ထိုများပင် စိတ်ရှုပ်ထွေး သွားစေနိုင်သည့် လက်ဟန် ချိပ်စည်းများကိုသာ ဆက်လက် လုပ်ဆောင် နေခဲ့တော့သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် သူက လက်ဟန် ချိပ်စည်း နှစ်ထောင်ခန့် အထိ ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ လက်ဟန်တစ်ခု ပြီးမြောက်သွားတိုင်း သူ၏ အရေပြားထက်တွင် တောက်ပနေသည့် သင်္ကေတ တစ်ခု ပေါ်လာနေခဲ့လေ၏။
၎င်းတို့အားလုံးမှာ အာကာသ စွမ်းအင်များကို ထုတ်လွှတ်နေကြသည်။ ထို့နောက်တွင်တော့...
ဝှစ်...
ကျောင်းတော်သားမှာ လုံးဝ ပျောက်ကွယ်သွားခဲ့၏။ သူ၏ တည်မှုမှာ ကမ္ဘာလောကမှ လုံးဝ ထွက်ခွာသွား သကဲ့သို့ပင်။ ချက်ချင်း ဆိုသလိုပင် ဝိညာဉ်အာရုံ တစ်ခုမှာ ဆင်းသက်လာကာ ထိုနေရာကို စစ်ဆေးလိုက်၏။ ၎င်းမှာ ကျောင်းတော်သား အသုံးပြုခဲ့သည့် နည်းလမ်း၏ ဂုဏ်သတ္တိများကို ရှာဖွေရန် ကြိုးစားနေပုံ ရလေသည်။
အေးစက်စက် မိန်းကလေး၏ မျက်လုံးများမှာ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက် သွားခဲ့လေ၏။ သူမနှင့် ကျောင်းတော်သား ပုံစံ ရွေးချယ်ခံတို့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ဆယ်ခန့် ကတည်းက တရားမဝင် ဆက်ဆံရေး တစ်ခု ရှိခဲ့ကြသူများ ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူတို့မှာ တစ်ယောက်ကို တစ်ယောက် မည်မျှ ချစ်မြတ်နိုးကြောင်း ပြောခဲ့ကြသည်။ သူ့အတွက် သူမ၏ အဖိုးအတန်ဆုံးသော အရာကိုပင် ပေးအပ်ခဲ့သည်။ သို့သော်လည်း ယခုတွင်တော့....
ထိုအတွေးနှင့် အတူ မိန်းကလေးမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။ သူမ အဖြူရောင်ဝတ် ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။
ထိုလူငယ်မှာ သူမကို ရာစုနှစ်နှင့်ချီ၍ လိုက်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူမမှာ သူ့ကို အထင်သေးခဲ့ကာ ကိုယ်ပိုင် အကျိုးအမြတ် အတွက် သုံးစရာ ပေါ်လာမှသာ အသုံးချခဲ့သည်။ လျူကျိယွမ်နှင့် အတူတူ ရှိနေသည့် အချိန်တွင်း ထိုလူငယ်မှာ အချစ်လူမိုက်ဟု သူမ ခံစားခဲ့ရသည်။
ဝတ်စုံဖြူဝတ် လူငယ်မှာ လျူကျိယွမ် ထွက်ပြေးသွားမှုကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားခဲ့သော်လည်း သူ့ထံတွင် ပိုမို၍ အရေးကြီးသည့် ဦးစားပေး လုပ်စရာများ ရှိနေပေသည်။ မကောင်းဆိုးရွား စောင့်ကြပ်သူ လျူကျိယွမ်ကြောင့် အနည်းငယ် အာရုံလွင့်နေစဉ်တွင် သူက ထိုအခွင့်အရေးကို အလျှင်အမြန် အသုံးချကာ လျှို့ဝှက် ဝိညာဉ်ကို လောင်ကြွမ်း ပစ်လိုက်သည်။ ချက်ချင်းပင် လျှို့ဝှက် တစ်ပိုင်း အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် စွမ်းအားများမှာ သူ့ခန္ဓာကိုယ် အတွင်း ပြည့်ဝလာခဲ့၏။
သူက မတုန့်မဆိုင်းပင် ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်၏။ သို့သော်လည်း ထွက်ပြေးသွားခြင်း မဟုတ်ပါချေ။ ထို့အစား... အေးစက်စက် မိန်းကလေးထံကိုသာ တိုးဝင် သွားခဲ့ခြင်း ဖြစ်ပေသည်။
ဝှစ်...
အဖြူရောင်ဝတ် လူငယ်၏ လှုပ်ရှားမှုများမှာ အလွန်ပင် မြန်ဆန်လွန်းလှ၏။ သူက တဒင်္ဂ အတွင်းမှာပင် မိန်းကလေး အနားသို့ ရောက်ရှိသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်က ပိုမို၍ ပိန်လှီလာကာ အရိုးပေါ် အရည်တင်လုနီးပါး ဖြစ်သွားခဲ့သည်။ အကယ်၍ တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများကြောင့်သာ မဟုတ်ပါက သူ့ကို အလောင်းကောင် တစ်ကောင်နှင့်ပင် မှားကြလိမ့်မည် ဖြစ်သည်။
ဟူး... ဟူး...
မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် သူ၏ စွမ်းအားက လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် အတွက် စိတ်ကူးမယဉ်နိုင်လောက်သည့် အဆင့် တစ်ခုကို ရောက်ရှိသွားခဲ့သည်။ ၎င်းက လျှို့ဝှက်တစ်ပိုင်း အဆင့်ကိုပင် ကျော်လွန်သွားကာ မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိသွားခဲ့၏။
ကြီးမားသည့် ကျင့်ကြံခြင်း အခြေခံကို စတေးခဲ့ရသည့်တိုင် ဝတ်စုံဖြူဝတ် လူငယ်မှာ အေးစက်စက် မိန်းကလေးကိုပါ အပါ ခေါ်ဆောင်ဖို့ မျက်တောင် တစ်ချက် မခပ်ခဲ့ချေ။
ဝှစ်...
သူက သူမကို လက်မောင်းအတွင်း ပွေ့ဖက်ကာ ဥက္ကာပျံ တစ်ခုလို ပြေးထွက်သွားခဲ့သည်။ သူ၏ ကြိုးပမ်း အားထုတ်မှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများမှာ အချည်းနှီး မဖြစ်ခဲ့ပါချေ။ မကောင်းဆိုးရွား စောင့်ကြပ်သူ သတိထားမိသော အခိုက်၌ သူက မိုင်ပေါင်း သောင်းနှင့်ချီ ကွာဝေးသော အရပ်တစ်ခုကို ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။
“…”
မကောင်းဆိုးရွား စောင့်ကြပ်သူမှာ နောက်မှ မလိုက်ပါချေ။ ခဏကြာပြီးနောက် သူက ပိရမစ်ထဲမှ ထွက်လာခဲ့၏။ သူက ကျောက်မီးသွေး ကဲ့သို့ မည်းနင်သည့် အသားအရေ၊ ရှစ်ပေမျှ ရှည်လျားသည့် အရပ်နှင့် အလွန်တရာ ကြီးမားလှသည့် ကြွက်သားများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ လက်ထဲတွင်တော့ မိန်းကလေး တစ်ဦးကို လည်ဂုတ်မှ ဆွဲကိုင်ထားခဲ့၏။ သူမက သူတို့အုပ်စုထဲမှ စတုတ္ထမြောက် မိန်းကလေးပင် ဖြစ်သည်။
မကောင်းဆိုးရွား စောင့်ကြပ်သူက အဖြူရောင်ဝတ် လူငယ်နှင့် အေးစက်စက် မိန်းကလေးတို့ ထွက်ပြေးသွားသည့် မိုးကုပ်စက်ဝိုင်း အစွန်းကို လှမ်းကြည့်လိုက်၏။
“ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းတဲ့ သတ္တဝါလေးတွေလဲ...”
သူက ကျောက်သင်ပုန်းပေါ် လက်သည်းများ ကုန်ခြစ်သလို အသံဖြင့် မှတ်ချက်ပေးလိုက်သည်။ သူ၏ လက်ထဲရှိ မိန်းကလေးမှာ အော်ဟစ်ကာ ရုန်းကန်ဖို့ ကြိုးစား နေခဲ့၏။ သို့သော်လည်း သူမမှာ အဖမ်းခံလိုက်ရတည်းက ကျင့်ကြံခြင်း အခြေခံ ချိပ်ပိတ်ခံခဲ့ရပြီး ဖြစ်လေရာ မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
မကောင်းဆိုးရွား စောင့်ကြပ်သူက ပါးစပ်ကို ဖွင့်လိုက်ရင်း သွေးများ စွန်းထင်းနေသည့် နီရဲသော သွားချွန်ချွန်များကို ဖော်ပြလိုက်သည်။
ဟူး...
သူက ပြင်းထန်စွာ စုပ်ယူလိုက်ရာ မိန်းကလေး၏ ခန္ဓာကိုယ်မှာ တစ်စစီ ကြွေမွသွားကာ အမှုန်များ အဖြစ် ပြောင်းလဲ၍ သူ့ပါးစပ် အတွင်း ဝင်ရောက် သွားခဲ့လေ၏။ အချိန် အနည်းငယ် အတွင်းမှာပင် မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အမှုန့်များ အဖြစ်သို့ ပြောင်းလဲကာ မကောင်းဆိုးရွား စောင့်ကြပ်သူ၏ ဝမ်းဗိုက်အတွင်း ကျဆင်း သွားခဲ့ပြီ ဖြစ်လေသည်။
“အား... လတ်ဆတ်လိုက်တာ...”
မကောင်းဆိုးရွား စောင့်ကြပ်သူက အော်ဟစ်လိုက်၏။ ထို့နောက်... သူ၏ မျက်လုံးများက ဆာလောင်မှု အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပလာကာ အခြား မိန်းကလေး နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
“...”
မိန်းကလေးများ၏ မျက်လုံးများမှာ ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် သွားခဲ့လေ၏။ သူတို့မှာ ရှိသမျှ နည်းလမ်းများကို အစွမ်းကုန် အသုံးချကာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ဆန့်ကျင်ဖို့ ကြိုးပမ်း ခဲ့ကြသည်။ သို့သော်လည်း အသုံးမဝင်ပါချေ။ မကြာခင်မှာပင် သူတို့အားလုံး မကောင်းဆိုးရွား စောင့်ကြပ်သူ၏ ကိုက်စားခြင်းကို ခံလိုက်ရလေ၏။
တဖြည်းဖြည်းနှင့် မကောင်းဆိုးရွား စောင့်ကြပ်သူ၏ အော်ရာက ပိုမို ထင်ရှားလာသည်။ သူ၏ အော်ရာက ရှုယုထက် စာလျှင် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၊ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာတို့နှင့် ပိုမို၍ ဆင်တူနေသည်။
ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် အရပ် မျက်နှာ တစ်ခုကို လှည့်လိုက်သည်။ သူ၏ အကြည့်များမှာ မရေမတွက်နိုင်သည့် မိုင်ပေါင်းများစွာကို ဖြတ်ကျော်သွားကာ ကုဗတုံး သဏ္ဌာန် ပုံးတစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။
“...”
ကုဗတုံး အတွင်းတွင်တော့ အရာအားလုံးကို တိတ်တဆိတ် လေ့လာနေသည့် ဝေ့ဝူယင် ရှိနေခဲ့၏။ မကောင်းဆိုးရွား စောင့်ကြပ်သူမှာ မြေကြီး ရှန့်ထို အဆင့်တွင် ရှိနေသည်ကို သူ သဘောပေါက် ပေသည်။ သို့သော်လည်း သူက လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထိန်းချုပ်ထားသည်။ သို့သော်လည်း သူ၏ ထိုရည်ရွယ်ချက်မှာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်နှင့် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာတို့လောက်ပင် မပြည့်စုံပဲ လျှို့ဝှက်တာအို၏ အနှစ်သာရနှင့် စွမ်းအားများ ချို့တဲ့နေသည်။
သို့သော်လည်း... မြေကြီးရှန့်ထိုတစ်ပါးအနေဖြင့် လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ခြင်းမှာ စိတ်ကူးမယဉ်နိုင်လောက်သော အားသာချက်များကို ဆုပ်ကိုင်ထားခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများထဲတွင် ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်နှင့် ဓားနှလုံးသား ရည်ရွယ်ချက်များ တောက်ပလာခဲ့၏။ ဆန္ဒလှိုင်းတစ်ခုမှာ အတားအဆီး အနည်းငယ်မျှပင် မရှိပဲ ကုဗတုံးထဲမှ ထွက်ပေါ်လာခဲ့သည်။
မိုင်ပေါင်းများစွာ ကွာဝေးသော အရပ်တစ်ခုတွင်တော့ မကောင်းဆိုးရွား စောင့်ကြပ်သူမှာ မျက်လုံးများမှ သွေးများ စီးကျလာခဲ့၏။ သူက မျက်မှောင်ကြုတ်လိုက်ရင်း သွေးစွန်းနေသည့် သွားများကို ထုတ်ဖော်ကာ မာန်ဖီလိုက်သည်။ သို့သော်လည်း... သူ့ မျက်လုံးများ အတွင်းရှိ ကြောက်ရွံ့မှုကိုတော့ ဖုံးကွယ်လို့ မရနိုင်ပါချေ။
ဝှစ်... ဝှစ်...
မကောင်းဆိုးရွား စောင့်ကြပ်သူမှာ ထိုနေရာတွင် ဆက်လက် မနေတော့ပဲ အစာ အာဟာရ ရှာဖွေရန် အတွက် ပျံသန်း ထွက်ခွာ သွားခဲ့သည်။ သူ ပိရမစ်ထဲတွင် အချိန် ကြာမြင့်စွာ ရှိနေခဲ့ရလေရာ စွမ်းအားများစွာ ချို့တဲ့ နေခဲ့သည်။ မဟုတ်ပါက... သားကောင် သုံးကောင်မှာ မည်ကဲ့သို့ လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်နည်း။
***