← Chapters

မြက်ခင်းပြင်မှ တိုက်ပွဲ

Vol. 115 Ch. 1610

မြက်ခင်းပြင်မှ တိုက်ပွဲ

Vol. 115 Ch. 1610

“သူက အခြားလူတွေ အတွက် ချနင်းလို့ ကောင်းမယ့် ကျောက်တုံးကြီး တစ်ခု ဖြစ်လာလိမ့်မယ်...”

ဝေ့ဝူယင် မကောင်းဆိုးရွား စောင့်ကြပ်သူနှင့် ပတ်သက်၍ ဝင်ရောက် စွက်ဖက်ခြင်း မပြုဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ အခြားတစ်နေရာသို့ ရွေ့လျားသွားခဲ့၏။ ထိုနေရာ၌ ထာဝရသရဖူ အပိုင်းအစ တစ်ခု ရရှိထားသည့် ပုံရိပ် သဏ္ဌာန် တစ်ခုမှာ အလွန် လျှင်မြန်စွာ ထွက်ပြေး နေပေသည်။

သူမက အခြားလူ မဟုတ်...။ ထျန်းရီဝူထံမှ ဝေ့ဝူယင် ကယ်တင်ပေးခဲ့သည့် တစ်ယောက်ပင် ဖြစ်လေသည်။ သူမမှာ လက်တစ်ဖက်ကို ဆုံးရှုံးထားကာ အားကောင်းသည့် ရွေးချယ်ခံ လေးဦး၏ အမဲလိုက်ခြင်းကို ခံနေရသည်။

“စိတ်ဝင်စားစရာပဲ... အသွင်ပြောင်းခြင်း သရဖူ အပိုင်းအစ ဟုတ်တယ်မလား...”

ဝေ့ဝူယင်မှာ ထာဝရသရဖူ၏ အစိတ်အပိုင်း အားလုံးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ ထူးခြားသည့် စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။ အသွင်ပြောင်းလဲခြင်း အပိုင်းအစမှာ အမတေကို စွမ်းအင်၊ စွမ်းအင်ကို စွမ်းအား အဖြစ် ပြောင်းလဲ ပေးနိုင်စွမ်း ရှိသည်။ ၎င်းမှာ ကောင်းကင်ရတနာ တစ်ခုနှင့်ပင် ဆင်တူပေသည်။

ပို၍ အရေးကြီးသည်မှာ ထိုအစိတ်အပိုင်းထဲတွင် ထူးခြားသော ထုတ်ကုန်တစ်ခု ပါရှိနေခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ ခန့်မှန်းချက်အရ ဆိုလျှင် ၎င်းမှာ လူတစ်ယောက်၏ စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည့် လျှို့ဝှက် လောကအဆင့် ထုတ်ကုန် တစ်ခု ဖြစ်ပေသည်။

ထာဝရတိုက်ပွဲ၌ သူ့အား အနှောက်အယှက် ပေးခဲ့သူ နှစ်ယောက်ထံမှ မှတ်ဉာဏ်များ အရ ဆိုလျှင် အလွှာအပြင်က လောက၌ လောက အဆင့် အဂ္ဂိရတ် ရှန့်ထိုများ ရှိသော်လည်း လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန်များကတော့ ပေါပေါ့များများ မရှိကြောင်း သိရှိခဲ့ရသည်။ ကျင့်ကြံသူ အရေအတွက်နှင့် အဂ္ဂိရတ် ပညာရှင် အရေအတွက်တို့ကြားမှ အချိုး ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။

ချိပ်ပိတ်နယ်မြေနှင့် နှိုင်းယှဉ်ပါက အဇူရာမူလ ဂလက်စီ နယ်မြေ၏ အဂ္ဂိရတ် ထုတ်ကုန် ပံ့ပိုးနိုင်စွမ်း အခြေအနေမှာ ပိုမို၍ပင် ဆိုးရွားသေးသည်။ ထိုအဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ရသည်မှာ အလွန် ခက်ခဲသည့် အပြင် အချိန်အတိုင်းအတာ တစ်ခု အထိလည်း ကြာမြင့်သည်။ နှိုင်းယှဉ်ပါက အဂ္ဂိရတ် ထုတ်ကုန်ကို စုပ်ယူခြင်းမှာ ပိုမို၍ မြန်ဆန်ပေသည်။ ထို့ကြောင့်ပင်... ထုတ်လုပ်မှုမှာ ဝယ်လိုအားကို မည်သည့် အခါမှ လိုက်မမှီနိုင်ပဲ ကွာဟချက်သာလျှင် ပိုမို၍ တိုးလာခဲ့သည်။

သို့သော်လည်း... လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ဂဏန်းခန့်က ထာဝရ ဧကရာဇ် ပေါ်ထွန်းလာခြင်းနှင့် အတူ အဂ္ဂိရတ် ပညာရှင်များမှာလည်း အဇူရာ မူလ ကြယ်စင်စုတွင် တိုးပွားလာခဲ့သည်။ မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထိုများ ပေါ်ထွက်လာသည်နှင့် အမျှ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များမှာလည်း အတိုင်းအတာ ပမာဏ တစ်ခုအထိ ရရှိလာနိုင်ခဲ့သည်။ သို့မဟုတ်ပါက... အလွှာအပြင်က ရွေးချယ်ခံများမှာ အဘယ်ကြောင့် ဤမျှ အလွန် များပြားကာ အားကောင်းနိုင်မည်နည်း။

ဝေ့ဝူယင်၏ မျက်လုံးများက ရွေ့လျားသွားကာ “ကြီးထွားခြင်း” အပိုင်းအစကို သုံး၍ ကျင့်ကြံနေသည့် လူတစ်ပိုင်း အယ်ဗန်တစ်ပိုင်း ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။ သူက ကြယ်မျိုးစေ့ကို “ကြီးထွားစေဖို့” အတွက် ကြိုးစားနေပုံ ရကာ အလွန်အမင်းလည်း ထိရောက်မှု ရှိပေသည်။

ထာဝရသရဖူ၏ အပိုင်းအစ တစ်ခုချင်းစီမှာ ကောင်းကင် ရတနာ တစ်ခုစီ ဖြစ်ကြသည်။ ၎င်းတို့မှာ အစိတ်စိတ် အမွှာမွှာ အနေအထား တစ်ခုတွင် ရှိနေသော်လည်း ပိုင်ဆိုင်ထားသည့် ဂုဏ်သတ္တိများနှင့် အကျိုးသက်ရောက်မှုများကတော့ လုံးဝ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ ထိုကဲ့သို့သော ရတနာမျိုးကို လျှို့ဝှက် အရှင်သခင် အဆင့်များပင် ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ

“အစစ်အမှန် သူတော်စင် အဆင့်လား... အစစ်အမှန် ဝိညာဉ် အဆင့်လား...”

သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုအဆင့်များမှ ကျင့်ကြံသူများ ဖန်တီးခဲ့သည်ဟု မထင်ပါချေ။ ၎င်းကို အဂ္ဂိရတ် တာအို၏ နက်ရှိုင်းသော စွမ်းအားများအား အသုံးချနိုင်သည့် အဂ္ဂိရတ်ပညာရှင်တစ်ဦးမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ကောင်းကင် အဂ္ဂိရတ် ရှန့်ထို အဆင့်...

“သူက ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ...”

ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ ထာဝရ ဧကရာဇ်က အဘယ်ကြောင့် ထိုအရာ အားလုံးကို စီစဉ်ခဲ့ကြောင်း သူ သိလို နေခဲ့သည်။ အကြောင်းပြချက် တစ်ချို့ကြောင့် မဟာ ဧကရာဇ် ဝူယု၊ ဆန်းကြယ် ဧကရာဇ် ဟန့်ရှဲ့၊ အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် အသူရာ နတ်ဆိုးတောင်တန်း သခင်တို့ကို ဝေ့ဝူယင် ပြန်လည် တွေးလိုက်မိသည်။

“ဟူး...”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း စိတ်ရှုပ်ထွေးဖွယ် အတွေးများကို ဖယ်ထုတ်ပစ်လိုက်၏။ သူ့ထံတွင် အဖြေရှာစရာ ပဟေဠိ များစွာ ကျန်ရှိနေပေသေးသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပနေစဉ်တွင် အဖြူရောင် ဟင်းလင်းပြင် သင်္ဘောတစ်စင်းမှာ ရည်ရွယ်ချက်တစ်ခုဖြင့် ကြယ်ကွင်းပြင်များစွာကို ဖြတ်ကျော်နေခဲ့သည်။ လမ်းကြောင်းကို မှန်မှန်ကန်ကန် ခန့်မှန်း တွက်ချက်လိုက်မည် ဆိုပါက ၎င်းမှာ အဇူရာ မူလ ကြယ်စင်စုကို ဦးတည်နေခြင်း ဖြစ်ပေသည်။

...

ဘုန်း... ဘုန်း... ဘုန်း...

မြက်ခင်းပြင် တစ်ခုထက်၌ ပြင်းထန်သည့် လျှို့ဝှက် စွမ်းအင်များမှာ ဖျက်ဆီးခြင်း စွမ်းအင်များကို အဆုံးစွန်စွာ ထုတ်လွှတ် နေကြသည်။ မိုင်ပေါင်း ရာနှင့်ချီသည့် ဧရိယာ တစ်ခုလုံးမှာ လုံးဝ ရှုပ်ထွေးနေကာ အလင်း နှစ်ခုမှာ အကြမ်းတမ်း၊ အခက်ထန်ဆုံးသော နည်းလမ်းများနှင့် ထိပ်တိုက် တွေ့ဆုံ နေကြသည်။ တိုက်ခိုက်မှုတိုင်းတွင် ထိန်းချုပ်၍ မရနိုင်သည့် သတ်ဖြတ်လိုစိတ်များ ပါဝင် နေခဲ့၏။

“သေစမ်း...”

ကောင်းကင် မျိုးနွယ်ဝင်က ဟစ်ကြွေးလိုက်သည်။

“ဒါက ငါ့အပိုင်ပဲ...”

တိုက်တန် မျိုးနွယ်ဝင်ကလည်း ကြွေးကြော်လိုက်၏။

သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ ထိတ်လန့်ဖွယ်ရာ အဆင့်တစ်ခု အထိ မြင့်တက်လာကာ မကြာမီတွင်ပင် ရွေးချယ်ခံ တစ်ဦး၏ အသက်မှာ စောစောစီးသီး အဆုံးသတ်ရတော့မည် ဖြစ်သည်။

ဝှစ်...

သူတို့၏ အော်ရာများ အကန့်အသတ်သို့ ရောက်လာသည့် အခိုက်အတန့်တွင်ပင် အဝါရောင် မြေကြီး လျှို့ဝှက် စွမ်းအင် ဥက္ကာခဲ တစ်ခုမှာ ကောင်းကင်တွင် ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ မိုးခြိမ်းသံများနှင့် အတူ ဖြတ်သန်း၍ ပျံသန်း သွားလေရာ တိုက်ခိုက်နေသူ နှစ်ဦးမှာ တစ်ခဏမျှ တုန့်နှေး သွားကြသည်။ သူတို့က ခန္ဓာကိုယ် ပတ်လည်တွင် လျှို့ဝှက် အော်ရာများကို အထပ်ထပ် ဝန်းရံလိုက်ကြ၏။

ဘုန်း...

ဥက္ကာခဲမှာ အရှိန်အဟုန်နှင့် အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ ဆယ်မိုင်ခန့် ကျယ်ဝန်းသည့် ချိုင့်ဝှမ်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ၎င်းမှာ ရွေးချယ်ခံ နှစ်ဦး၏ တိုက်ပွဲ ဧရိယာနှင့် မိုင်ဂဏန်းခန့်သာ ကွာဝေးပေသည်။

အဝါရောင် မြေကြီး ဥက္ကာခဲ၏ အပေါ်ယံ အခွံမှာ လျှင်မြန်စွာပင် အရည်ပျော်ဝင်သွားကာ မြက်ခင်းပြင် အတွင်း စိမ့်ဝင်သွားခဲ့၏။ ပုံမှန် ဂြိုဟ်တစ်ခု ပေါ်တွင် ဆိုပါက ၎င်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွင်ပင် အဖိုးတန်မြေတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

“သေစမ်း...”

နှောက်ယှက်မှုများ ရှိနေသည့်တိုင် တိုင်ပွဲမှာ ပြင်းထန်စွာပင် ပြန်လည် စတင် လာခဲ့လေ၏။ ကောင်းကင်မျိုးနွယ်မှာ သာမည ခြေချခြင်း ကျင့်စဉ် တစ်ခုကိုပင် ထုတ်သုံးလာခဲ့သည်။

မြေကြီးရှန့်ထို အဆင့် တစ်ယောက်၏ လျှို့ဝှက် လမ်းစဉ်များအား ကိုယ်စားပြုနေသည့် ခြေချခြင်း ကျင့်စဉ်များနှင့် ခြားနားစွာပင် သာမည ခြေချခြင်း ကျင့်စဉ်များမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်၊ လျှို့ဝှက် ဝိညာဉ် အဆင့်နှင့် သေမျိုး တစ်ပိုင်း အရှင် အဆင့်များ၏ လျှို့ဝှက် လမ်းစဉ်များ အပေါ် နားလည်မှုများကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။

မကြာခင်မှာပင် သူတို့မှာ လမ်းစဉ် ခြောက်ခု အထိ ပေါင်းစပ် ပါဝင်နေသည့် သာမည ခြေချခြင်း ကျင့်စဉ်များကိုပင် ထုတ်သုံးလာခဲ့ကြ၏။

ဘုန်း... ဘုန်း...

တိုက်ပွဲမှာ အရှိန်အဟုန် ပြန်လည်၍ မြင့်တက်လာခဲ့ကာ ဒေါသတကြီး အော်ဟစ်သံများ နာကျင်စွာ ညီးတွားသံများမှာ မကြာမကြာ ပျံ့လွင့်လာခဲ့၏။

ခရက်...

ရုတ်တရက် ဥက္ကာခဲမှာ ကွဲအက်သွားကာ ပုံရိပ် နှစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ပထမ တစ်ယောက်မှာ အသက်မျှင်းမျှင်းမျှသာ ရှူနိုင်တော့သည့် ပိန်ချုံးနေသော လူငယ် တစ်ဦး ဖြစ်သည်။ သူ၏ အသားနှင့် ကြွက်သားများမှာ ဇရာ၏ တိုက်စားခြင်း ခံရသည့် အလား ခြောက်ကပ်၍ အရိုးပေါ် အရည်တင် ဖြစ်နေခဲ့ကာ သွေးစီးဆင်းမှုပင် ရှိသေး၍လော သံသယ ဝင်စရာပင်။

သို့သော်လည်း သူ့လက်မောင်းထဲတွင်တော့ မိန်းကလေး တစ်ယောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။

“မင်း... အဆင်... ပြေရဲ့လား...”

လူငယ်က မေးလိုက်၏။ သို့သော်လည်း သူ၏ အသံမှာ သေခါနီး လူနာတစ်ယောက်လို ဖျော့တော မှေးမှိန်နေကာ အချိန်မရွေး ပျောက်ကွယ်တော့မည့်ဟန် ရပေသည်။ သို့သော်လည်း သူ၏ စကားလုံးများကမူ အကြွင်းမဲ့ ရိုးသားကြောင်း မည်သူမဆို ခံစားနိုင်ပေသ်ည။

“...”

မိန်းကလေးမှာ ဘာပြောရမှန်း မသိ ဖြစ်နေခဲ့၏။ ထိုအခိုက်၌ သူမ၏ အတွေးများက အလွန်ပင် ရှုပ်ထွေး နေခဲ့သည်။ သို့သော်လည်း ထိုအခိုက် သူမ၏ စိတ်ထဲရှိ အတွေးအများစုကို နေရာယူထားသည်ကတော့ ချောမော ခန့်ညားသည့် ကျောင်းတော်သား ပုံစံ လူငယ်ပင်။

ဘုန်း... ဘုန်း...

ကောင်းကင်ထက်မှ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။ ၎င်းမှာ မကြာခင် အဆုံးသတ်တော့မည် ဖြစ်ပေသည်။

***

All Chapters