လက်သီးသုံးချက် (၂)
Vol. 115 Ch. 1599
ဘုန်း...
သဲကန္တာရထဲ၌ အလွန် ကြီးမားလှသော ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်လာကာ သဲများက လေးဖက်လေးတန်သို့ မုမုန်တိုင်းများသဖွယ် ပျံလွင့်သွားကြသည်။
ပွဲကြည့် ပရိသတ်များမှာ သူတို့ထံ ရောက်ရှိလာသည့် သဲမုန်တိုင်းကို ကာကွယ်ရန် အတွက် တံတိုင်းများ ဖန်တီးလိုက်ကြရ၏။ သို့သော်လည်း... သူတို့၏ နှလုံးသားများကတော့ ထိုလက်သီးချက်ထဲတွင် ပါဝင်နေသည့် စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။ အချို့က ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် သူတို့ ခံနိုင်ရည်ရှိပါ့မလားဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့မိကြသည်။
“အိုး...”
သို့သော်လည်း... အာကာသ၊ အချိန်နှင့် မန်နာတို့ ငြိမ်သက်သွားသည့် အချိန်၌ ၇၆ ယောက်မြောက် မင်းသားမှာ မူလနေရာတွင်ပင် မူလ ကိုယ်ဟန်အနေအထားအတိုင်း ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ မျက်နှာ အမူအရာသာလျှင် မဆိုသလောက်ကလေး ပြောင်းလဲ သွားခဲ့၏။
“မင်းက သေမျိုး အကန့်အသတ်ထက်ကို ကျော်လွန်နေတဲ့ စွမ်းအားကို ထုတ်ပြနိုင်တာပဲ... မင်းက ဘာလဲ”
သူက မေးလိုက်၏။
“…”
တရှန်းက အံ့ဩသွားခဲ့သည်။ သူမသည် ထိုတိုက်ခိုက်မှုကို အနည်းငယ်မျှပင် ထိန်ချန်ထားခြငး မရှိခဲ့ချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားအားလုံးကို ထည့်သွင်းထားခဲ့ပေသည်။ သို့သော်လည်း…
ဘုန်း...
၇၆ ယောက်မြောက် မင်းသားမှာ ဘယ်တော့မှ မရှုံးနိမ့်နိုင်ဟု လူအများ တွေးတော နေကြစဉ်မှာပင် ရုတ်တရက် သူ၏ ဘယ်ဘက် အင်္ကျီလက်မှာ ပေါက်ကွဲသွားခဲ့၏။ အဝတ်စများက ပြာများအဖြစ်သို့ ပြောင်းလဲကာ ပျက်စီးသွားသည်။
ချက်ချင်းပင်... အဝတ်အစားများအောက်မှ ကြွက်သားများ ပြည့်နှက်နေသည့် လက်တစ်ဖက် ထွက်ပေါ်လာခဲ့၏။ ထိုလက်မောင်းထက်ရှိ သွေးကြောများက ပေါက်ကွဲလုနီးနီးအထိ ပြင်းထန်စွာ ခုန်နေခဲ့လေသည်။
“…”
ကြည့်ရှုနေကြသူ အားလုံး ထိတ်လန့် အံ့ဩသွားကြ၏။ ၇၆ ယောက်မြောက် မင်းသားမှာ တကယ်တမ်းတွင် ဒဏ်ရာရသည့် လက္ခဏာများ ပြသနေခြင်း ဖြစ်သည်။ သူ၏ မျက်နှာအမူအရာက အလွန် တည်ငြိမ်နေကာ လျစ်လျူထားသည့် ဟန်ပန်ကို ဖော်ထုတ်ထာခဲ့သော်လည်း အမှန်တရားကတော့ ထုတ်ဖော်ပြသပြီးသားပင် ဖြစ်သည်။ သူက ထိုတိုက်ခိုက်မှုကို လွယ်လွယ်ဖြင့် ပိတ်ဆို့နိုင်ခဲ့ခြင်း မဟုတ်ပေ။
တရှန်းက တစ်ဖန် နောက်ဆုတ်လိုက်၏။ သူမ၏ မျက်လုံးများက ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ကာ သဖူဆောင်းထားသည့် လူငယ်ကို သိချင်စိတ်ဖြင့် ကြည့်ရှုလိုက်သည်။ သူက အတော်လေး ဟန်ဆောင်ကောင်းသည်။ သို့သော်လည်း သူမ၏ လက်သီးချက်အောက်၌ သူက ဆက်လက်၍ မားမားမတ်မတ် ရပ်နိုင်လေရာ အတန်အသင့် အစွမ်းထက်သူ တစ်ယောက်တော့ ဖြစ်ပေသည်။
“ငါ နားလည်ပြီ”
၇၆ ယောက်မြောက် မင်းသားက လက်ဖဝါးကို နောက်ပြန် ရုတ်သိမ်းကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရ၏။ အချိန်ကို နောက်ပြန်ဆုတ်လိုက်သကဲ့သို့ သူ၏ လက်အင်္ကျီက ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားသည်။ ထိုဖြစ်စဉ်က အလွန် ချောမွေ့ကာ အံ့ဖွယ်ကောင်းလှသည်။
ထိုအချင်းအရာကို ကြည့်ရင်း ကြည့်ရှုနေသူ လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားလေသည်။
“မဟုတ်ဘူး…”
ကုန်းပျံ့ချီ အိမ်တော်မှ မိန်းကလေးများမှာ ထိတ်လန့် တုန်လှုပ်ဖွယ် အော်ဟစ်သံ တစ်ခုကို ကမ္ဘာလောကထံသို့ ထုတ်လွှတ်လိုက်လေ၏။ တရှန်း၏ ရွှေရောင် မျက်လုံးများမှာလည်း အနည်းငယ် ပြူးကျယ်သွားသည်။
“မင်းက ငါ့ရဲ့ အစွမ်းအထက်ဆုံး ရွှေနတ်ဘုရား ခန္ဓာကိုယ်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ ထင်မထားခဲ့ဘူး”
၇၆ ယောက်မြောက် မင်းသားက ပြောလိုက်သည်နှင့် လောကအတွင်းရှိ လေထုက ချက်ချင်းပင် ဖိအားများ တိုးလာခဲ့၏။ သဲကန္တာရဒေသ တစ်ခုလုံးရှိ သဲများမှာ တစ်ခုမကျန် တုန်ခါလာကြသည်။ လောက၏ မန်နာတို့မှာလည်း သဘာဝအတိုင်း မဟုတ်ဘဲ ပွေလီရှုပ်ထွေးစွာ စတင် လှုပ်ရှားလာကြ၏။
ဘုန်း...
လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်စေနိုင်သည့် အော်ရာမှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံကာ ပေါက်ကွဲလာခဲ့သည်။ ကောင်းကင်၏ အရောင်မှာ စတင် ပြောင်းလဲ လာကာ တောက်ပသည့် ရောင်စဉ်တန်းများမှာ ဖြာထွက်လာ၏။ လေထု အတွင်း ရွှေစင်ရွှေစများ လွင့်ပျံလာသလို ရှိလာခဲ့သည်။ ၇၆ ယောက်မြောက် မင်းသားမှာ သူ၏ လျှို့ဝှက် အော်ရာကို ထုတ်လွှတ်လိုက်ပြီ ဖြစ်လေသည်။
“မြေ…မြေကြီး… မြေကြီးရှန့်ထို...”
ကြောက်ရွံ့မှု၊ ထိတ်လန့် တုန်လှုပ်မှုများက ထိုနေရာတွင် ရှိနေသည့် လူတိုင်း၏ စိတ်နှင့် နှလုံးသားများထဲတွင် နေရာယူ သွားခဲ့သည်။ သူတို့ အားလုံး ရူးသွပ်လုနီးပါး အခြေအနေ တစ်ခုသို့ ရောက်ရှိသွားကြသည်။ ချက်ချင်းပင် လူသားမျိုးနွယ် မဟုတ်သည့် ကျင့်ကြံသူတိုင်းမှာ ခြေဦးတည့်ရာကို ထွက်ပြေးကြတော့သည်။
အခြားတစ်ဖက်၌ တရှန်း၏ မျက်လုံးများကတော့ ဖော်ပြ၍ မရနိုင်လောက်အောင် တောက်ပလာခဲ့၏။ ၎င်းမှာ ညကောင်းကင်တွက် မျက်စိစူးလောက်အောင် လင်းလက်နေသည့် ကြယ်တာရာများနှင့် ယှဉ်ပြိုင်နေသယောင် ထင်ရသည်။ မိန်းကလေး၏ တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများက ပေါက်ကွဲလာကာ နတ်ဆိုး အရိုးများထဲတွင် တည်ရှိနေသည့် ကြမ်းတမ်းခက်ထန်မှုက အသက်ဝင်လာလေ၏။
အလွှာအပြင်က လောကမှ ရွေးချယ်ခံများ ထွက်ပြေးနေကြချိန်တွင် ခရမ်းရောင်အသားအရေ၊ ရွှေရောင် မျက်လုံးများနှင့် လှပသော ခရမ်းရောင် နတ်ဆိုးမကတော့ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်လေသည်။ မန်နာများမှာ ဆုပ်ယူ ဆွဲငင်ခြင်း ခံလိုက်ရသည့် အလား သူမ၏ လက်သီး အတွင်း အရှိန်အဟုန် ပြင်းစွာ စုစည်း ဝင်ရောက် လာကြ၏။ ချက်ချင်းပင် မိုင်ပေါင်း တစ်သောင်း အကွာအဝေး အတွင်းရှိ ဧရိယာ တစ်ခုလုံးမှာ မန်နာများ ကင်းမဲ့ သွားခဲ့ကြတော့သည်။
မိန်းကလေး၏ လက်သီးမှာ ခရမ်းရောင်နှင့် မြေကြီးရောင် အလင်းတစ်မျိုးဖြင့် ဖုံးအုပ်သွားကာ တတိယမြောက် လက်သီးချက်ကို ထိုးနှက်လိုက်လေသည်။
သူမ ထိုလက်သီးချက်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ဘက်တွင် အလွန် ကြီးမားသည့် ခရမ်းရောင် တောင်ကြီးတစ်လုံး၏ ပုံရိပ်က မှိန်ပြပြ ပေါ်လာခဲ့သည်။ ၎င်းသည် ပြင်းထန်သည့် ဆွဲငင်အားများကို ထုတ်ဖော်နေကာ ခရမ်းရောင် အလင်းရောင်တစ်ခုဖြင့် လွှမ်းခြုံနေ၏။
ချက်ချင်းပင် ထွက်ပြေးနေသူများ အားလုံး သဲပြင်ပေါ်သို့ လဲကျသွားကြကာ တဖြည်းဖြည်းချင်း နောက်သို့ ပြန်လည် ဆွဲငင်ခံလိုက်ရသည်။ ပိုမို အစွမ်းထက်ကြသည့် လူအနည်းငယ်သာ ထိုဆွဲငင်အားကို ခံနိုင်ရည်ရှိကြသည်။
ကျန်သူများ အားလုံးတော့ သွေးများ အန်လိုက်ကြရာ အရိုးများပင် ကျိုးကြေကုန်ကြ၏။ သူတို့၏ အသိစိတ်များက တဖြည်းဖြည်း ကင်းမဲ့လာကာ အပေါ်သို့ ဖြည်းဖြည်းချင်း မြောက်တက်လာကြသည်။
ဟူး... ဟူး...
အခြားတစ်ဖက်၌ ၇၆ ယောက်မြောက် မင်းသား၏ လျှို့ဝှက် အော်ရာက ခမ်းနားထည်ဝါစွာ တောက်လောင် နေခဲ့၏။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရွှေရောင် အလင်းဖြင့် ညစ်ညမ်းနေခဲ့သည်။ လူငယ်မှာ ခေတ်ပေါင်းများစွာကို အုပ်စိုးနေသည့် ဘုရင်တစ်ပါး အလား ထင်ရသည်။
၇၆ ယောက်မြောက် မင်းသားက မထီမဲ့မြင် အမူအရာဖြင့်ပင် လျှို့ဝှက် အော်ရာကို လည်ပတ်ရင်း ဘယ်ဘက် လက်ဖဝါးကို နောက်တစ်ဖန် ဆန့်ထုတ်လိုက်သည်။ သူ၏ အမူအရာက တရှန်းကို အထင်သေးနေသကဲ့သို့ ရှိသော်လည်း လျှို့ဝှက် အော်ရာကတော့ အလွန် ရှင်းလင်းသည့် လျှို့ဝှက် သင်္ကေတ ကိုးမျိုးနှင့်အတူ လှည့်ပတ်နေသည်။
လမ်းစဉ် ကိုးခု...
တရှန်း၏ လက်သီးမှာ ၇၆ ယောက်မြောက် မင်းသား၏ လက်ဖဝါး အတွင်း တည့်တည့်မတ်မတ်ပင် ကျဆင်း သွားကာ လက်ဖဝါး အလယ်ဗဟိုနှင့် ခိုင်မာစွာ ထိတွေ့သွားသည်။
ဘုန်း...
နတ်ဘုရားများနှင့် တစ္ဆေတို့ပင်လျှင် နားစည်များ ကွဲအက်သွားစေနိုင်သည့် အလွန် ကြမ်းတမ်း ခက်ထန်လှသော ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကန္တာရ အတွင်းရှိ သဲများမှာ ချက်ချင်းပင် လေးဘက်လေးတန်သို့ ပြန့်ကျဲသွားကာ မြေကြီးအောက်ခံကျောက်သားများပင် ပေါ်လွင်လာခဲ့၏။
ဘုန်း... ဘုန်း...
အလွန်တရာ ပြင်းထန်လှသော လေနှင့် မန်နာ မုန်တိုင်းများမှာ ထာဝရသရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေ တစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ ထိုအချင်းအရာကို မျှော်လင့် မထားကြသော လူများမှာ ချက်ချင်းပင် အငိုက်မိသွားကြကာ မည်သည့်နေရာထံ ရောက်ရှိသွားသည်ကိုပင် မသိနိုင်လောက်အောင် လွင့်စဉ်သွားကြလေသည်။
ချက်ချင်းပင် သိန်းနှင့်ချီသည့် ပတ်ဝန်းကျင် ဒေသကြီး တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားခဲ့လေ၏။
“အိုး... နင် အခုတော့ ငါ့ကို ကြည့်ပြီပေါ့...”
တရှန်း၏ လှောင်ပြောင်သံက လောက တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။
ထိုအခိုက်၌ ၇၆ ယောက်မြောက် မင်းသား၏ ရွှေရောင်ဖျော့ဖျော့ မျက်လုံးများမှာ ပေ့ယင်ယင်ထံ၌ မရှိတော့ချေ။ ထို့အစား တရှန်း အပေါ်တွင်သာ အပြည့်အဝ စုစည်း ကျရောက် နေခဲ့၏။ သူ၏ ဘယ်ဘက်လက်မောင်းကမူ သဘာဝအတိုင်း မဟုတ်တော့ဘဲ ကောက်ကွေးနေကာ အရိုးများမှာ အရေပြား အပြင်ဘက်သို့ပင် ထိုးဖောက် ထွက်နေခဲ့သည်။ ရွှေရောင် သွေးများမှာ ရေပန်းတစ်ခု သဖွယ် ပန်းထွက် နေခဲ့လေ၏။
“လုံးဝ ပြီးပြည့်စုံတယ်...”
တရှန်းက ရုတ်တရက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ အလွန်တရာ ကြီးမားလှသည့် ကြေးနီရောင် စစ်တူကြီးကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ ဆယ်ပေခန့် အထိ ရှည်လျားကာ တူ၏ မျက်နှာပြင် နှစ်ဖက်ကတော့ ထုထည်ကြီးမားစွာ ပြားချပ် နေ၏။ တရှန်းက တူရိုးကို လက်ဖြင့် ကိုင်ကာ လှပစွာ လှည့်ပတ် ဆော့ကစားလိုက်သည်။
“နင့်ရဲ့ ခံနိုင်ရည်နဲ့ ဆိုရင် ကစားလို့ ကောင်းမယ် ထင်တယ်...”
***