နယ်မြေသခင်၏ ဆုံးဖြတ်ချက်
Vol. 145 Ch. 2062
တန်ခိုးရှင်များစွာသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့၏။ သူတို့၏ ပုံရိပ်များက ကောင်းကင်တွင် မျောလွင့်နေပြီး တုန်းဟွာနန်းတော်သို့ ကြည့်လိုက်ကြသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များလည်း ဤနေရာ၌ ရှိနေခဲ့သည်။ လီချန်ရှန်းလည်း ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ခြေလှမ်းကာ နယ်မြေသခင်နင် ရှိရာသို့ အရိုအသေပေးရင်း ပြောလိုက်သည်။ "နယ်မြေသခင်ကို အစီရင်ခံပါတယ်။ ကျုပ်တို့ လျှို့ဝှက်နယ်မြေကို ဝင်သွားပြီးတော့ နတ်ဆိုးသားရဲ တောင်တန်းကို ရောက်သွားပြီး နတ်ဆိုးအင်ပါယာတွေ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ထဲမှာ ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်တို့က နတ်ဆိုးကလန်က တန်ခိုးရှင်တွေကို တိုက်ခိုက်ဖို့ မပူးပေါင်းရုံမကဘဲ ကျုပ်တို့ကို သတ်ဖို့တောင်မှ ကြိုးစားခဲ့တယ်။ အဲဒီတုန်းက ရန်ဟောင်တွေ အများကြီးက ရီလျှို့နျန်နောက်ကို လိုက်သွားကြတယ်။ သူတို့ထဲမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုက ယန်တုန်းရန်နဲ့ လင်းရှောင်နန်းတော်က လင်းဟယ်လည်း ပါတယ်။ ကျုပ် မေးပါရစေ။ ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်ရဲ့ လူတွေက ရီလျှို့နျန်ကို သတ်ဖို့ ကြိုးစားခဲ့တာလား။ မဟုတ်ရင် ရီလျှို့နျန်က သူတို့ကို သတ်ဖို့ ကြိုးစားခဲ့တာလား။ နယ်မြေသခင် မျှမျှတတ ဆုံးဖြတ်ပေးပါ။"
လီချန်ရှန်းသည် နယ်မြေသခင်နင်က အရာအားလုံး၏ နောက်ကွယ်၌ ရှိနေသည်အား သိသော်လည်း ယခုချိန်၌ ထိုအရာကိုထုတ်ဖော်ပြသရန် မဖြစ်နိုင်သေးပေ။ သူတို့က ထိုအကြောင်းကို သိလျှင်ပင် မသိသလို ဟန်ဆောင်ထားရန်သာ တတ်နိုင်သည်။ ထိုနည်းလမ်းနှင့် နယ်မြေသခင်သည် ကိစ္စရပ်များပေါ်တွင် အယောင်ဆောင် ရပ်တည်မှု လုပ်ပေးပေလိမ့်မည်။ မဟုတ်ပါက သူတို့က သူ့မျက်နှာဖုံးအား သွားချွတ်မိခဲ့လျှင် သူတို့အတွက် ပြေးစရာမြေရှိတော့မည် မဟုတ်ပေ။
"အဓိပ္ပါယ်မရှိတာတွေ။" တစ်စုံတစ်ယောက်က အေးစက်သော အသံနှင့် အော်ဟစ်လိုက်သည်။ သူ၏ အသံက ကောင်းကင်ကို တုန်ခါသွားစေပြီး လီချန်ရှန်း၏ သွေးများကို လှုပ်ရှားလာစေသည်။ အင်ပါယာယန်က ချောက်ကမ်းပါးအစွန်း၌ ရပ်နေခဲ့သည်။ သူ ပေးလာသည့် ဖိအားက လီချန်ရှန်းအတွက် သည်းမခံနိုင်ဖွယ်ပင် ဖြစ်သည်။ အင်ပါယာယန်က အေးစက်သော အသံနှင့် ပြောလိုက်သည်။ "မင်းပြောသလိုဆို ရီလျှို့နျန်က အသက်မရှင်နေသင့်တော့ဘူး။"
"ဒုနယ်မြေသခင်လည်း ဒါကို တွေ့ခဲ့တယ်။" လီချန်ရှန်းက နင်ဟွာကို ကြည့်ကာ ပြောလိုက်သည်။
"ကျုပ် ရောက်တာ နောက်ကျလို့ ရီဖူရှင်းလက်ထဲမှာ လူအများကြီး သေသွားတာကိုပဲ မြင်လိုက်တယ်။ ကျုပ်မရောက်ခင် ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မရှင်းဘူး။" နင်ဟွာက ပြောလိုက်သည်။
"ဘာတွေဖြစ်လဲ ကျွန်မ မြင်တယ်။ အဲဒီတုန်းက ကျွန်မတို့ ဖြတ်သွားတာ။ အင်အားစုနှစ်ခုက လူတွေ ရီလျှို့နျန်နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေနောက်ကို လိုက်နေကြတာ အမှန်ပဲ။" အသံတစ်ခုက ပြောလိုက်သည်။ ထိုပြောလိုက်သူမှာ မြူနှင်းဝေနတ်နန်းတော်မှ ကျန်းယွဲ့လီဖြစ်သည်။ သူမက ထိုသို့ ပြောပြီးနောက် မည်သည်ကိုမှ ထပ်မဖော်ပြတော့ပေ။ ထိုပြဿနာက ဝင်ပတ်သတ်ရန်မှာ အလွန် ရှုပ်ထွေးလှသည်။ သူတို့ ဝင်စွက်ဖက်သင့်သော အခြေအနေမျိုး မဟုတ်ပေ။ သို့သော်လည်း သူမ မြင်တွေ့ခဲ့သည်ကို ဖော်ပြခြင်းက ပြဿနာဖြစ်နိုင်မည် မဟုတ်ပေ။
ရီဖူရှင်းကဲ့သို့သော သူမျိုးက အသက်ရှင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ့အတွက် အသက်ရှင်ရန် မျှော်လင့်ချက်က သေးငယ်သော်လည်း သူမသည် ထိုအကြောင်းအား ထုတ်ပြောရင်း အကူအညီ တစ်ခုခု ရစေလိုနေဆဲ ဖြစ်သည်။ အနည်းဆုံး ထိုအင်အားစုနှစ်ခုက ရီဖူရှင်းကို အရင်ဆုံး တိုက်ခိုက်လာသည်အား သက်သေပြပေးနိုင်ပေသည်။
"ကျုပ်တို့ အပြင်ရောက်တဲ့အခါ အခွင့်အရေးရရင် အချင်းချင်း ရင်ဆိုင်ကြမယ်လို့ ပြောခဲ့တယ်။ တုန်းဟွာအခမ်းအနားမှာတုန်းကလည်း ရီလျှို့နျန်က အဖွဲ့လိုက်တိုက်ပွဲအကြောင်း ပြောခဲ့သေးတယ်။" ယန်ဟန်ရှင်းက အေးစက်သော အသံနှင့် ပြောလိုက်သည်။ "ဒါကြောင့် ကျုပ်တို့ လျှို့ဝှက်နယ်မြေကို ဝင်ပြီးတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရန်ဟောင်တွေနဲ့ ပညာဖလှယ်ကြည့်ချင်ခဲ့တယ်။ ကျုပ်တို့က ထောက်ပြလမ်းညွှန်မှုတွေ ဖလှယ်ရုံပါပဲ။ ဘယ်လိုလုပ် သူတို့ကို တိုက်ခိုက်တယ်လို့ သတ်မှတ်နိုင်မှာလဲ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တစ်ယောက်တစ်လေတောင် အနိုင်မရခဲ့လို့များလား။ ဒါပေမယ့် ရီဖူရှင်းက နယ်မြေသခင် ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ဆန့်ကျင်ပြီး တိုက်ရိုက်သတ်ဖြတ်ခဲ့တယ်။ ဒုနယ်မြေသခင်က သူ့ကို မလုပ်ဖို့ တားတာတောင် သူက ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်က ရန်ဟောင်တွေကို လူတိုင်းရှေ့မှာ ဆက်ပြီး သတ်ခဲ့သေးတယ်။"
"ဟေး..." အသံတစ်ခုက ပြောလိုက်သည်။ ချန်ယိက လေထဲမှာ ရပ်နေရင်း ယန်ဟန်ရှင်းအား ကြည့်ကာ ပြောလိုက်၏။ "ရှေးဟောင်းတော်ဝင် ယန်မိသားစုက အိမ်ရှေ့စံက အဆင့်ကိုးရန်ဟောင် ဖြစ်နေပေမယ့် စကားပြောတာ အတော် အရှက်မရှိတာပဲ။ သူတို့ရဲ့ စွမ်းရည်က နိမ့်ကျလို့သာ ရီလျှို့နျန်ရဲ့ တန်ပြန်တိုက်ခိုက်မှုမှာ သေခြင်းနဲ့ အဆုံးသတ်သွားကြရတာလေ။ ဘာလို့ မင်းက သူတို့ ရီလျှို့နျန် သတ်တာခံရအောင် ရပ်စောင့်နေသလိုမျိုး ထင်သွားအောင် ပြောရတာလဲ။ ပြီးတော့ လျှို့ဝှက်နယ်မြေက မိစ္ဆာနတ်ဘုရားမျှော်စင် ရှေ့မှာလည်း မင်းတို့ အင်အားစုနှစ်ခု ပေါင်းပြီး ရီလျှို့နျန်တစ်ယောက်တည်းကို ဝိုင်းခဲ့ကြတာ။ ရီလျှို့နျန်ကို မသတ်နိုင်ဘဲ သူတို့ပဲ သေသွားကာမှ ရီလျှို့နျန်က လူတိုင်းရှေ့မှာ သူတို့ကို သတ်တယ် ဖြစ်ရောလား။ မင်းပြောသလိုသာဆို ရီလျှို့နျန်က မင်းတို့ သူ့ကို သတ်လို့ရအောင် ငြိမ်ငြိမ်လေး ရပ်စောင့်နေရမှာလား။"
ချန်ယိ ပြောပြီးသည်နှင့် လူတိုင်း၏ အကြည့်များက သူ့ထံကျရောက်လာသည်။ ကြောက်မက်ဖွယ်ဖိအားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သော်လည်း ချန်ယိက မကြောက်ပေ။ သူက နယ်မြေသခင်အား ဦးညွှတ်ကာ ပြောလိုက်သည်။ "နယ်မြေသခင် ကျုပ်က ဒီကိစ္စတစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရတာ။ အင်အားစုနှစ်ခုပေါင်းပြီး ရီလျှို့နျန်ကို တလျှောက်လုံး လိုက်နေခဲ့တယ်။ သူက သူ့ကိုယ်သူ ကာကွယ်ဖို့ ဖိအားပေးခံရရုံပါပဲ။"
"ရီလျှို့နျန်က ဘယ်မှာလဲ။" နယ်မြေသခင်က မေးလိုက်သည်။ သူ့အသံက လေဟာနယ်တွင် ပဲ့တင်ထပ်ကာ ကျယ်ပြောသော နေရာအထိ ရောက်ရှိသွားခဲ့သည်။
အောက်ဘက်တွင် ပုံရိပ်တစ်ခုက ထိုးတက်လာပြီး တောင်ထိပ်သို့ ကျဆင်းလာသော အလင်းတန်းတစ်ခု ဖြစ်လာသည်။ ထိုသူမှာ ရီဖူရှင်းပင် ဖြစ်သည်။ သူက လီချန်ရှန်းကဲ့သို့ပင် နယ်မြေသခင်အား အရိုအသေပေးလိုက်သည်။ သူသည်လည်း အခြေအနေအား နားလည် သဘောပေါက်ပေသည်။ သူက နယ်မြေသခင် မည်သို့သော လူစားဖြစ်ကြောင်း သိလျှင်ပင် အသက်ရှင်ကျန်ရန် နည်းလမ်းရှာရလိမ့်ဦးမည် ဖြစ်သည်။
"နယ်မြေသခင်ကို အစီရင်ခံပါတယ်။ လျှို့ဝှက်နယ်မြေထဲမှာ ရှေးဟောင်းတော်ဝင်ယန်မိသားစုနဲ့ လင်းရှောင်နန်းတော်က ကျုပ်နောက်ကို တလျှောက်လုံး လိုက်ဖမ်းခဲ့ကြတယ်။ အဲဒီလိုနဲ့ ပြန်တိုက်ခိုက်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။" ရီဖူရှင်းက ဖြေးလေးစွာ ပြောလိုက်သည်။ "နယ်မြေသခင်က ကျုပ်တို့ကို လျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံစေလိုခဲ့တယ်။ ဒါပေမယ့် တိုက်ဆိုင်မှုတချို့ကြောင့် ကျုပ်က မတော်တဆနဲ့ မိစ္ဆာနတ်ဘုရားမျှော်စင်ကို ဖွင့်မိပြီး နောက်ဆက်တွဲဖြစ်ရပ်တွေ ဖြစ်လာစေခဲ့တယ်။ ဒီအမှားအယွင်းကို နယ်မြေသခင် ဗွေမယူဖို့ မျှော်လင့်ပါတယ်။
ရီဖူရှင်းက သူ မည်သည်အား ရင်ဆိုင်နေရသည်ကို ရှင်းလင်းစွာ သိထားသော်လည်း မည်သည့်ပြဿနာမှ မရှိသလို တည်ငြိမ်စွာ ပြုမူနေသည်။ ယခုချိန်မှ ကြောက်ရွံ့တုန်လှုပ်နေခြင်းက အဓိပ္ပါယ်မရှိပေ။
နယ်မြေသခင်နင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်၏ ကိစ္စအပြင် ရီဖူရှင်းက ချိပ်စည်းအား ချိုးဖျက်ကာ နတ်ရတနာကို ပျက်စီးစေသည်မှာ ခွင့်မလွှတ်နိုင်စရာပင် ဖြစ်သည်။ သို့သော် နယ်မြေသခင်သည် တန်ခိုးရှင်များကို လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ကျင့်ကြံရန် ခွင့်ပြုခဲ့သူ ဖြစ်သည်။ သူက မဝင်ရောက်ရမည့်နေရာဟု သတ်မှတ်ကာ တားမြစ်ခဲ့ခြင်း မရှိသည့်အတွက် သူ့တွင် ရီဖူရှင်းအား အပြစ်တင်ရန် အခွင့်အရေးမရှိပေ။
ထိုအခိုက်တွင် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
"သူတို့ပြောတာ အမှန်တွေလို့ ကျုပ်ယုံတယ်။ အင်အားစုနှစ်ခုနဲ့ ပြဿနာတက်တဲ့အခါ ရီဖူရှင်းက မတုံ့ပြန်ဘဲ သေဖို့ကို စောင့်ဆိုင်းနေလို့ မဖြစ်ဘူးလေ။ ချိပ်စည်းကို ချိုးဖျက်နိုင်စွမ်းရှိတာကတော့ ဒီကလေးက ထင်ထားသလို ပါရမီရှင်ပဲ။" အင်ပါယာရှီက အပြုံးနှင့် ပြောလိုက်သည်။ သူက သာမန်အကြောင်းအရာကို ပြောနေသလိုပင် ကိစ္စရပ်အား မည်သည့် သက်သောင့်သက်သာ ဖြေရှင်းချင်နေပုံရလေသည်။
"အင်ပါယာရှီ ဒီလူက ယန်ပြည်ထောင်ရဲ့ မင်းသားတစ်ပါးနဲ့ လင်းရှောင်နန်းတော်က သခင်ငယ်လေးအပြင် ရန်ဟောင်အများကြီးကို လျှို့ဝှက်နယ်မြေထဲမှာ သတ်ခဲ့တာနော်။" အင်ပါယာယန်က ပြောလိုက်သည်။ အင်ပါယာရှီက အမှန်တကယ်ပင် ရီဖူရှင်းအား လေးစားကာ သူ့အတွက် ပြောပေးချင်နေသည်။
အင်ပါယာရှီက ပြုံးကာ ထပ်မပြောတော့ပေ။ ထိုသည်မှာ ကျင့်ကြံသူများ၏ စရိုက်ပင် ဖြစ်၏။ ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရနေရသည့် ရီဖူရှင်းသည် အလွန် အခွင့်မသာသော အခြေအနေ၌ ရှိနေခဲ့သည်။ ထိုလူများက အမှားအမှန်ကို မေးလိမ့်မည် မဟုတ်ပေ။ သူတို့က ရလဒ်ကိုသာ လိုချင်ကြသည်။ သူတို့က ရီဖူရှင်း၏ အသက်ကို လိုချင်နေကြပေသည်။
ယခု နယ်မြေသခင်နင်က ဤအခြေအနေအား မည်သို့ မြင်သလဲဟူသည့်အပေါ်တွင် မူတည်နေသည်။
ရီဖူရှင်းက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ "အရင်တုန်းက နယ်မြေသခင် ပြောခဲ့တာ လျှို့ဝှက်နယ်မြေကို ဖြတ်သန်းအောင်မြင်တဲ့သူ ဘယ်သူမဆို ဆန္ဒရှိရင် နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ကျင့်ကြံနိုင်တယ်တဲ့။ ကျုပ် ဒီကိုမလာခင်က အဲဒီအကြောင်းကို ဆေးအင်ပါယာနဲ့ ဆွေးနွေးဖူးတယ်။ ကျုပ်က နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ချင်ခဲ့တာ။ အဲဒါက ကျုပ် တုန်းဟွာအခမ်းအနားကို ဆေးအင်ပါယာနဲ့ လိုက်လာခဲ့တဲ့ အကြောင်းရင်းပဲ။ အခု လျှို့ဝှက်နယ်မြေက ပျက်စီးသွားပြီဆိုတော့ ကျုပ် နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးမှ ရှိပါဦးမလား သိချင်မိတယ်။"
နယ်မြေသခင်ကို အရိုအသေပြုလိုက်ကာ ပြောလိုက်သည့် ရီဖူရှင်း၏ အမူအရာက တည်ငြိမ်နေသည်။ ထိုစကားသည် လူတိုင်းကို အံ့အားသင့်စွာနှင့် သူ့ကို ချက်ချင်း လှည့်ကြည့်လာစေခဲ့သည်။ ရီဖူရှင်းက အခု နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ ကျင့်ကြံရန် အကြောင်းပြောနေသည်လား။ ထိုသည်က လူတိုင်းကို အံ့အားသင့်သွားစေသည်။
လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သူများမှာ ပို၍ အံ့အားသင့်နေခဲ့ကြသည်။ သူတို့သည် နင်ဟွာက ရီဖူရှင်းအား သတ်လုနီးပါးဖြစ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ကြရပေသည်။ ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်းက နင်ဟွာနှင့် ကမ္ဘာ့ရန်သူ ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း သူသည် မာနအား ခဝါချကာ နယ်မြေသခင်အိမ်တော်သို့ ဝင်ခွင့်ရရန် မေးနေခဲ့သည်။ သူက ရဲတင်းလွန်းလှ၏။
အင်ပါယာယန် နှင့် လင်းယွင်ကျီ နှစ်ယောက်လုံးက သူ့ကို ထူးဆန်းသော အမူအရာနှင့် ကြည့်နေခဲ့သည်။ ထိုအဖြူရောင်ဆံပင်နှင့် လူငယ်က အမှန်တကယ်ပင် ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ သူက ဤသို့သော အခြေအနေမျိုး၌ပင် နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ရန်အကြောင်း အမှန်တကယ် ပြောချင်နေခဲ့သည်။ ထိုသို့သော အခြေအနေတွင် သူတို့ကသာ နယ်မြေသခင်အိမ်တော်နှင့် ဆက်နွယ်မှုမရှိခဲ့ပါလျှင် နယ်မြေသခင်က သူ့အား လက်ခံ၍ ကာကွယ်ပေးပေလိမ့်မည်။ ထိုသို့ဖြစ်ပါက နယ်မြေသခင်အိမ်တော်က ထူးချွန်သော မကောင်းဆိုးဝါးကဲ့သို့ တန်ခိုးရှင်မျိုး နောက်ထပ်တစ်ယောက်ကို ပိုင်ဆိုင်ရပေလိမ့်မည်။
သို့သော် ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းနောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း မသိခြင်းဖြစ်နိုင်သည်။
ထို့ကြောင့် ရီဖူရှင်းအတွက် နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ နယ်မြေသခင်နင်က သူ့ကို ထိခိုက်စေနိုင်မည့် ရန်သူအား အိမ်တော်သို့ ဝင်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
နယ်မြေသခင်နင်က ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ "မင်း ပြောချင်တာကို ကျုပ် နားလည်ပါတယ်။ တစ်ဖက်စီမှာ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိနေကြတယ်။ ကြည့်ရတာ ရှေးဟောင်းတော်ဝင် ယန်မိသားစု၊ လင်းရှောင်နန်းတော်နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြားက ပဋိပက္ခတွေက ပြန်မသင့်မြတ်နိုင်တော့ဘူး။ မင်းမှာ ဘာအကြောင်းပြချက်ပဲရှိရှိ ကျုပ်ရဲ့ စည်းမျဥ်းတွေကို ဆန့်ကျင်ပြီး အင်အားစုနှစ်ခုရဲ့ တန်ခိုးရှင်တွေကို သတ်ခဲ့တာတော့ အမှန်ပဲ။ ဒီနေရာမှာ အကြောင်းပြချက်ရှိတယ်ဆိုပေမယ့် ကျုပ် မင်းကို ကာကွယ်မပေးနိုင်ဘူး။ ဒါကြောင့် ရီလျှို့နျန် မင်း နယ်မြေသခင်အိမ်တော်မှာ ကျင့်ကြံမယ့်ကိစ္စကို မေ့လိုက်ပါတော့။"
နယ်မြေသခင်၏ စကားကို ကြားသောအခါ လူတိုင်းက ကြက်သေသေသွားလေသည်။ နယ်မြေသခင်က ထိုမျှ အရည်အချင်းရှိသော ကျင့်ကြံသူအား လက်လျှော့လိုက်ပုံပေါ်သည်။ ထိုသို့သော မကောင်းဆိုးဝါးသဖွယ် ထူးချွန်လှသူက ပူးပေါင်းရန် တက်ကြွစွာ တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ခံခဲ့ရသည်ဟု လူအများက တွေးခဲ့ကြသည်။
သူက အငြင်းခံခဲ့ရသည်ဟု ရန်ဟောင်များက တွေးလိုက်ကြပေသည်။ ရီဖူရှင်းကဲ့သို့ ထူးချွန်သူက အမှန်တကယ် အငြင်းဆန်ခံခဲ့ရပေသည်။
"ပြီးတော့ မင်းတို့ အင်အားစုသုံးခုမှာ ရှင်းမရတဲ့ ရန်ငြိုးတွေ ရှိကြတယ်။ ဒါကြောင့် ကိုယ့်ဘာသာပဲ ဖြေရှင်းကြပါ။" နယ်မြေသခင်က ဆက်ပြောလိုက်သည်။ တန်ခိုးရှင်များက နယ်မြေသခင်ကို ကြည့်လိုက်ကြ၏။ သူက အမှန်တကယ်ပင် ရီဖူရှင်းအား လက်လွှတ်လိုက်ပြီ ဖြစ်သည်။
ပြဿနာကို မိမိဘာသာ ဖြေရှင်းကြရမည်လား။ ရီဖူရှင်းက အင်အားကြီးပုဂ္ဂိုလ်နှစ်ဦးနှင့် မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
ထိုသည်မှာ သေချာပေါက် သေရမည့်အဖြစ်ပင် ဖြစ်သည်။
***