← Chapters

ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ခြင်း(၂)

Vol. 19 Ch. 271

ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ခြင်း(၂)

Vol. 19 Ch. 271

"တပည့် သေချာပေါက် ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုနဲ့ ရောင့်ရဲနေမှာ မဟုတ်ပါဘူး။ အဲ့ဒါကို အခြေခံအဖြစ် အသုံးပြုပြီး ပိုအဆင့်မြင့်မားတဲ့ ဒန်ဆေးသန့်စင်ခြင်း နည်းလမ်းတွေကို လေ့လာပြီး ဆေးပညာရဲ့ တာအိုကို ရှာဖွေမှာပါ.."

လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။

"ဒန်ဆေးသိုင်းပညာကျမ်း အပေါ်လည်း တပည့် အတွေးအမြင်အသစ်အချို့ ရလာပြီးပါပြီ။ မကြာခင်မှာ ပိုပြီးအဆင့်မြင့်မားတဲ့ ဒန်ဆေးသိုင်းပညာကျမ်း တစ်ခု ဖော်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်ပြောသည်။

လီရွှမ်က ပိုမိုကာပင် ဝမ်းသာသွား၏။ ထိုသို့ဆိုပါက သူ့အနေနှင့် ပိုမို အဆင့်မြင့်မားသည့် ဒန်ဆေးသိုင်းပညာကျမ်းကို မကြာခင်တွင် ရရှိတော့မည် မဟုတ်ပါလား။

"ကောင်းတယ်... နင့်ရဲ့ လေ့လာနိုင်စွမ်းက ဆရာ့ကိုတကယ်ပဲ ဝမ်းမြောက်စေတယ်.."

လီရွှမ်က အသိအမှတ်ပြုစွာ ပြော၏။

ထို့နောက် ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းအတတ်အား စုလင်းရှုံကို လက်ဆင့်ကမ်းပေးသည်။ ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်း အတတ်ကို သင်ယူပြီးနောက် စုလင်းရှုံမှာ ချက်ချင်း အသုံးပြုနိုင်ခြင်း မရှိသေးပါ။

ဘာပဲဖြစ်ဖြစ် သူမသည် မူလအဆင့်၏ စတင်ခြင်း၌သာ ရှိသေး၏။ ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုကို ပြုလုပ်ရန် ခွန်အားအချို့ လိုအပ်နေပါသေးသည်။

သို့ရာတွင် ထိုအတတ်မှ ဒန်ဆေးသန့်စင်ခြင်းနှင့် ပတ်သက်ပြီး နားလည်သဘောပေါက်မှု အချို့ ရရှိလာစေကာ လက်ဖြင့် ဒန်ဆေးသန့်စင်ခြင်း စွမ်းရည်က နောက်ထပ် ခြေတစ်လှမ်း တိုးတက်လာခဲ့သည်။

အစက သူမသည် ကောင်းကင်ဝတ်ရည် နှင်းစက်အား ဆေးလုံးအဖြစ် သန့်စင်ရန် စီစဉ်ထားပြီး ဖြစ်၏။

သို့ပေမယ့် ယ‌ခုတော့ ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းကို  လေ့လာနေသဖြင့် ရပ်နားထားရလေသည်။

ရက်အနည်းငယ် ကြာပြီးနောက် စုလင်းရှုံ၏ ဒန်ဆေးသန့်ရှင်းခြင်း စွမ်းရည်တို့ ပိုမို မြင့်တက်လာခဲ့၏။

ယခုအချိန်၌ သူမတွင် ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ရန်အတွက် ယုံကြည်ချက်တို့ ပိုမိုရှိလာပါပြီ။ ဒန်ဆေးလုံးအဖြစ် ဖန်တီးရန် အဆင်သင့်ဖြစ်နေပြီးဖြစ်၏။

ရွှီယန်လည်း ပြန်လာခဲ့သည်။

"ဂျူနီယာညီမလေး... နင့်ကိုယ်နင် ယုံကြည်မှုရှိပါ။ အကောင်းဆုံးသာလုပ်။ ကျရှုံးမှာကို မကြောက်နဲ့။ ဒါက စိတ်ဝိဉာဉ်ဆေးပင်လေး တစ်ပင်ပဲ ဖြစ်တယ်။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ဆိုပေမယ့် ငါတို့မှာ တစ်ခုရှာနိုင်ရင် ဒုတိယတစ်ခု.. တတိယတစ်ခု.. အသီးသီးရှာလာနိုင်မှာ.."

စုလင်းရှုံ၏ ကျရှုံးမည်ကို ကြောက်ရွံ့ကာ ကြီးမားသည့် ဖိအားအောက်၌ ရောက်ရှိနေပုံကို တွေ့ရပြီးနောက် ရွှီယန်ကပြော၏။

"စီနီယာအစ်ကိုကြီး ပြောတာ မှန်တယ်။ ငါတို့တွေ တစ်ခုကို ရှာနိုင်ကတည်းက ဒုတိယတစ်ခုကိုလည်း ရှာနိုင်မယ့် အခွင့်အရေးတွေ ပေါ်လာမှာပဲ။ ဒီတစ်ကြိမ် ကျရှုံးလည်း အတွင်းဘက်နယ်မြေကို ရောက်ပြီးရင် နင့်အတွက် ပိုပြီးတော့ ထပ်ရှာပေးမယ်.."

မုန့်ချုံကလည်း ပြောသည်။

"ဟုတ်ကဲ့။ စိတ်ချပါ အစ်ကိုတို့။ ညီမ ယုံကြည်ချက် ရှိပါတယ်.."

စုလင်းရှုံက လက်သီးများကို ဆုပ်ကာ ပြော၏။

ဟူရှန်းနှင့် ရှဲ့လင်ဖုန်းတို့လည်း ရောက်ရှိလာကြသည်။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်...

ဤသည်မှာ မည်မျှ အဖိုးတန်လိုက်သနည်း။ ထိုဆေးပင်ကို အသုံးပြုကာ သန့်စင်သည့် ဒန်ဆေးလုံးသည် မည်မျှ မှော်ဆန်သည့် အာနိသင်တို့ ပိုင်ဆိုင်ထားမည်နည်း။

လူတိုင်းက သိလိုစွာဖြင့် စုလင်းရှုံ၏ ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ပုံကို လာရောက် ကြည့်ရှု့ကြသည်။ စံအိမ်၏ အပြင်ဘက်တွင် လဲလျောင်းနေသည့် ကြောင်နီပင်လျှင် ခုန်ဝင်လာပြီး အနီးအနား၌ ထိုင်ကာ ကြည့်၏။

လီရွှမ်အနေနှင့် ကြောင်နီကို ဒန်ဆေးလုံးသန့်စင်မှု ကျရှုံးခြင်းအတွက် မျှော်လင့်နေသည်ဟု သံသယဝင်မိသည်။

အဘယ်ကြောင့်ဆိုသော် ကျရှုံးမှသာလျှင် သူ့အနေနှင့် အဖိုးတန်သည့် ဆေးပင်ကို စားသုံးရန် အခွင့်အရေး ရှိလာမှာ ဖြစ်၏။

"ဒီကြောင်နီကို ကြည့်ရတာ အသိဉာဏ် ပိုရှိလာပုံပဲ.."

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကြောင်နီကို ခဏတာကြည့်ပြီး စဉ်းစားသည်။

ကောင်းကင်ဝတ်ရည် နှင်းစက်အား သန့်စင်ခြင်း မပြုခင်တွင် စုလင်းရှုံက ဒီအတောအတွင်းတွင် သူမ သုတေသနပြုလုပ်ထားသည့် နောက်ထပ် ဒန်ဆေးလုံးတစ်မျိုးကို သန့်စင်သည်။ ထိုဆေးလုံးမှာ အဆင့်နိမ့်ပါးခြင်း မရှိပဲ ထူးကဲသည့် အာနိသင်တို့ ရှိ၏။

"အသက်ကယ်ဆေးလုံး..."

ဤသည်မှာ အသက်တစ်မျှင် ကျန်ရှိနေသ၍ လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သည့် ကုစားခြင်း ဆေးလုံးတစ်မျိုး ဖြစ်သည်။ အခြေခံကို ပြန်လည် ပြင်ဆင်နိုင်သည့် အာနိသင်လည်း ရှိ၏။

စုလင်းရှူံက အသက်ကယ်ဆေးလုံးကို ကျွမ်းကျင်စွာ သန့်စင်ပြီးမှ နောက်တစ်သုတ်တွင် ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ရန် ပြင်ဆင်မည် ဖြစ်သည်။

"ဟူရှန်း... ငါတို့ ဓားသခင်ချောက်ကမ်းပါးမှာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ရှိလား.."

ရှဲ့လင်ဖုန်းက သိလိုစွာ မေးသည်။

"ငါလည်း မသိဘူး.."

ဟူရှန်းက ခေါင်းကိုကုပ်ကာ ပြော၏။

"အကိုရှဲ့... ဓားသခင်ချောက်ကမ်းပါးက နက်ရှိုင်းတဲ့ အမွေအနှစ်နဲ့ စွမ်းအားကြီး အဖွဲ့အစည်း တစ်ခုပဲ။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် မရှိတာတော့ မဟုတ်လောက်ဘူးမလား.."

ရွှီယန်ကလည်း ဝင်ရောက်စပ်စုသည်။

"ငါလည်း အသေအချာ မပြောနိုင်ဘူး.."

ရှဲ့လင်ဖုန်းက ခေါင်းကိုရမ်း၏။

"အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်က တကယ့်ကို.. ကံအပေါ်ကို မူတည်နေတယ်။ အတွင်းဘက်နယ်မြေ တစ်ခူလုံးမှာ အရမ်းကို ရှားပါးတယ်။ မဟုတ်ရင် ထန်းပေါင်စံအိမ်မှာ ရောင်းစရာ ဘာမှမရှိဘဲ နေမှာ မဟုတ်ဘူး.."

ခဏတာ စဉ်းစားပြီးနောက် ထပ်ပေါင်းပြောသည်။

"ဓားသခင်ချောက်ကမ်းပါးက သမိုင်းကြောင်း ရှည်ကြာခဲ့တော့ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တွေကို ရတနာအဖြစ် အမှန်တကယ်ပဲ သိမ်းထားလောက်တယ်။ ဒါပေမယ့် အဲ့ဒါက ဂိုဏ်းရဲ့ စစ်မှန်တဲ့ အုတ်မြစ်ဖြစ်တယ်။ ဒ့ါကြောင့်မလို့ ငါမထိတွေ့နိုင်သေးဘူး.."

"ပြန်ပြီးတဲ့ အခါကျရင် အဖေ့ကို မေးကြည့်လိုက်မယ်.."

ရွှီယန်လည်း ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရ၏။

အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်မှာ စစ်မှန်သည့် အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်မှာပါ။

"သခင်လေး... ကျွန်တော်တို့မှာ အဆင့်၅စိတ်ဝိဉာဉ်ဆေးပင်ရှိရင် ဘာလို့ ဒန်ဆေးလုံးအဖြစ် မသန့်စင်မှာလဲ။ အဲ့ဒါဆိုရင် ကျွန်တော်တို့ရဲ့ အခြေခံအုတ်မြစ်က ပိုပြီးတော့တောင် သန်မာလာမှာ.."

ဟူရှန်းက မျှော်လင့်ချက်အပြည့်ဖြင့် ပြော၏။

အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုကို အသုံးပြုပါက လူတစ်ယောက်အတွက်သာ အကျိုးရှိနိုင်၏။ ခွဲခြမ်းကာ အသုံးပြုနေလျှင်တောင် အလွန်ဆုံး လူနှစ်ယောက်၊ သုံးယောက်စာသာ ရပါသည်။ ဤသည်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး ဖြစ်၏။

ဒန်ဆေးလုံးအဖြစ် သန့်စင်လျှင်တော့ သူ့တွင်လည်း သောက်သုံးရန် အခွင့်အရေးတို့ ရှိလာနိုင်ပါသည်။

"ဒါလည်း အဓိပ္ပာယ်ရှိတယ်... ဒါပေမယ့် အဖေက ငါ့ကို ပေးချင်ဦးမှ.."

ရှဲ့လင်ဖုန်းက အကူအညီမဲ့စွာ ပြော၏။

စုလင်းရှုံသည် သူမ၏ ဒန်ဆေးသန့်စင်မှုတွင် ပြီးပြည့်စုံစွာ အာရုံစိုက်ထားပါသည်။ အသက်ကယ်ဆေးလုံး တစ်အိုးတို့ကို အောင်မြင်စွာ သန့်စင်ပြီးစီးပြီး စုစုပေါင်း ဆေးလုံး၃၆လုံးတို့ ရရှိခဲ့၏ ၎င်းတို့ကို ကျောက်စိမ်းပုလင်း ၃ခုအတွင်းသို့ သေသပ်စွာ ထည့်သည်။

"ဒါက အသက်ကယ်ဆေးလုံးပဲ... စစ်ဘုရင်တစ်ယောက် ဒဏ်ရာအပြင်းအထန် ရပြီး အသက်တစ်မျှင်လောက်ပဲ ကျန်ရင်တောင် ပြန်ရှင်လာစေနိုင်တယ်။ ပြီးတော့ ထိခိုက်သွားတဲ့ အခြေခံကိုလည်း ပြန်ပြီးတော့ ပြုပြင်ပေးလိမ့်မယ်.."

စုလင်းရှုံက ဆေးပုလင်း၃ခုတို့ကို စားပွဲပေါ်သို့ တင်ကာ ပြောသည်။

"ကျွန်တော် တစ်ပုလင်းလိုချင်ရင်ရော... အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၀ခုဆိုရင် ရလား.."

ရှဲ့လင်ဖုန်းက စိတ်လှုပ်ရှားစွာ မေးသည်။

"ရတာပေါ့.."

စုလင်းရှုံက ခေါင်းငြိမ့်၏။

အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်၁၀ခုနှင့် သူမသည် အသက်ကယ်ဆေးလုံး တစ်ပုလင်းအပြင် များပြားလှသည့် အကျိုးအမြတ်များကိုလည်း ရရှိနိုင်ပါသည်။

သို့ပေမယ့် ရှဲ့လင်ဖုန်းအတွက်မူ အလွန် အမြတ်ရလိုက်သည်ဟု ခံစားရ၏။ သူတို့၏ ဆက်ဆံရေးသာ မရှိပါက ၁၀ပင်ကို မပြောနှင့် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၀၀ပင်လျှင် ယခုကဲ့သို့ အာနိသင်ထူးကဲသည့် ဆေးလုံးမျိုးကို ဝယ်ယူနိုင်မည် မဟုတ်ပေ။

"ကျေးဇူးပါ.."

ရှဲ့လင်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ဆေးပုလင်း တစ်ခုကို ယူငင် သိမ်းဆည်းလိုက်သည်။ စုလင်းရှုံက ကောင်းကင်ဝတ်ရည်နှင်းစက်ကို စတင် သန့်စင်၏။ သူမ၏ ပုံစံက လေးနက်နေပြီး အလွန် အာရုံစူးစိုက်နေပါသည်။

ရွှီယန်နှင့် အခြားလူများမှာ အသက်ကို  အောင့်ထားကြသည်။ သူမ၏ ဒန်ဆေးသန့်စင်မှုကို အနှောင့်အယှက်ဖြစ်မည်အား ကြောက်ရွံ့ကာ မည်သည့်အသံကိုမှ ထုတ်လွှတ်ရဲခြင်း မရှိကြပေ။

ရွှီယန်ဆိုလျှင် အနီးအနားတွင် ထိုင်နေသည့် ကြောင်နီကိုပင်လျှင် စူးစိုက်စွာ ကြည့်နေ၏။ မည်သည့်အသံမှ မထွက်ရန် သတိပေးနေပြီး မဟုတ်ပါက ချက်ပြုတ်စားသောက်ပစ်မည့်ဟန် ရှိသည်။

ကြောင်နီမှာ အလွန်ထိတ်လန့်နေပြီး သူလည်းပဲ  အသက်ပင် မရှူရဲတော့ပေ။ ရှိသမျှ လူအားလုံးတို့တွင် သူသည် ရွှီယန်ကို အကြောက်ဆုံး ဖြစ်၏။ ရွှီယန်သာ သူ့ကို ချက်ပြုတ်လိုပါက မည်သူမှ  တားဆီးနိုင်မည် မဟုတ်ပေ။

လီရွှမ်မှာတော့ သေချာပေါက် တားမည့်လူ မဟုတ်ပါ။

ဤသည်မှာ ဆရာကြီး၏ တန်ဖိုးထားရဆုံး တပည့်ဖြစ်၏။

ကောင်းကင်ဝတ်ရည် နှင်းစက်၏ သန့်စင်မှုမှာ နှေးကွေးပြီး လိုအပ်ချက် များပြားလှသည်။ ဤသည်က စုလင်းရှုံ၏ နဖူးတွင် ချွေးစေးများ ထွက်လာစေ၏။ သူမသည် အာရုံစိုက်မှုကို ပျက်ပြယ်ရဲခြင်းမရှိဘဲ ဒန်မီးတောက်များကို ဂရုတစိုက်ဖြင့် ထိန်းချုပ်သည်။

အခိုက်အတန့်တစ်ခုတွင် ဆေးပေါင်းအိုးကို လက်နှစ်ဖက်ဖြင့် ရိုက်လိုက်၏။ ဆေးလုံးတို့ အောင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာသည့် ဆေးလုံး၃၆လုံးတို့တွင် ၆လုံးမှာ ကျရှုံးခဲ့၏။ ကျန်ရှိသည့် အလုံး၃၀တို့ဟာ နှင်းစက်များကဲ့သို့ တောက်ပနေပါသည်။ အလွန် စွဲမက်စရာကောင်းလှ၏။

၎င်းတို့၏ ဆေးအနံ့များက ဆေးလုံးတွင်သာ စုစည်းကာ ရစ်ဝဲနေ၏။ ဆေးလုံးကို နှာခေါင်းအနီးသို့ ယူငင်လိုက်မှသာလျှင် ရနံ့သင်းသင်းကို ရရှိနိုင်သည်။

၆လုံးမှ။ ကျရှုံးခဲ့ပေမယ့် ဖြစ်စဉ်က အောင်မြင်မှု ရရှိခဲ့သည်။ စုလင်းရှူံမှာ အလွန် စိတ်လှုပ်ရှားနေ၏။

စားပွဲခုံပေါ်တွင် သေးငယ်သည့် ကျောက်စိမ်းပုလင်း ၃၆ခုတို့ ရှိနေ၏။ အားလုံးတို့ကို စိတ်ဝိဉာဉ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ဟူရှန်းက ထယ်ရှန်းမြို့မှ ဝယ်လာခဲ့ခြင်းဖြစ်သည်။ တစ်ပုလင်ချင်းစီ တိုင်းတွင် ဆေးလုံးတစ်လုံးကို  ထည့်၏။

"ဒါက အဆင့်၅ ဒန်ဆေးလုံးပဲ... ကောင်းကင်ဝတ်ရည် ဒန်ဆေးလုံးက ပါရမီနဲ့ နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးနိုင်တယ်.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ဒါက ပါရမီနဲ့ နားလည်သဘောပေါက်မှုကို တကယ်ပဲ မြှင့်တင်ပေးနိုင်တာလား.."

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က အံ့သြသွားကြသည်။ သိုင်းသမားများအတွက် ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းမှာ အခြေခံ ဖြစ်၏။ ၎င်းတို့ကို မွေးဖွားစဉ်ကတည်းက သတ်မှတ်ထားပြီး ဖြစ်သည်။ ပြောင်းလဲလို့ မရလုနီးပါး ရှိနေ၏။

"ဒါပေါ့.."

စုလင်းရှုံက ခေါင်းငြိမ့်ကာ ထပ်ပေါင်းပြော၏။

"ဒါပေမယ့် ရှင့်ရဲ့ပါရမီက အရမ်းကို မြင့်မားပြီး နားလည်သဘောပေါက်နိုင်စွမ်းကလည်း အားကောင်းတယ်။ အဆင့်၅ ကောင်းကင်ဝတ်ရည် ဆေးလုံးက အရမ်းကြီး အာနိသင် မကောင်းလောက်ဘူး.."

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်၏ ပါရမီက ကောင်းကင်ဝတ်ရည်နှင်းစက် ဆေးလုံး၏ အဆင့်ထက် ကျော်လွန်နေရာ သမုဒ္ဒရာထဲသို့ ရေစက်ကျသွားသကဲ့သို့သာ ရှိနေမှာပါ။ မည်သည့် သိသာသည့် တိုးတက်မှုမှ ဖြစ်ပေါ်မည် မဟုတ်ပေ။

ထို့အပြင် ကောင်းကင်ဝတ်ရည်နှင်းစက်သည် ပထမဆုံး အသုံးပြုမှုတွင် အထိရောက်ဆုံး ဖြစ်၏။ ဒုတိယမြောက် ဆေးလုံးကို အသုံးပြုပါက အာနိသင်တစ်ဝက်လောက်သာ ရှိတော့သည်။ တတိယမြောက် ဆေးလုံးမှာ အကန့်အသတ် ဖြစ်၏။

ဆက်လက် စားသုံးပါက မည်သည့် အာနိသင်မှ ပြတော့မည် မဟုတ်ပေ။

ရွှီယန်က ကောင်းကင်ဝတ်ရည်ဆေးလုံး တစ်လုံးကို ထုတ်ကာ အနီးကပ် ခဏတာ လေ့လာ၏။

"ဒါက ငါ့အတွက် ဘားမှအသုံးမဝင်ဘူးပဲ.."

လီရွှမ်က ပြုံးသည်။

"ကောင်းကင်ဝတ်ရည် ဆေးလုံးကို မင်းအတွက် အသုံးမဝင်ဘူးလို့ ပြောတာက ဘာမှမဟုတ်ဘူး။ လောကမှာရှိတဲ့ ပါရမီနဲ့ လေ့လာနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အဆင့်အမြင့်ဆုံး ဆေးလုံး သို့မဟုတ် ရတနာတွေတောင် မင်းနဲ့ဆိုရင် အသုံးမဝင် ဖြစ်နေမှာ.."

"ဘာလို့လဲဆိုတော့ မင်းရဲ့ မကောင်းဆိုးဝါးဆန်တဲ့ စွမ်းရည်တွေက ပါရမီနဲ့ နားလည်နိုင်စွမ်းတွေ တိုင်းတာနိုင်တဲ့ အကန့်အသတ်ထဲကနေ ကျော်လွန်နေပြီး ဖြစ်လို့ပဲ.."

မုန့်ချုံလည်းပဲ ခေါင်းကိုရမ်းသည်။ ဒီကောင်းကင်ဝတ်ရည်ဆေးလုံးသည် သူ့အတွက်လည်း အသုံးမဝင်ပေ။

ဘာပဲဖြစ်ဖြစ် သူ့တွင် ပိုင်ဆိုင်ထားသည်မှာ သာမန် ခန္ဓာကိုယ် မဟုတ်ပါ။ ဗာဂျရာအရိုးကို သန့်စင်ပြီးကတည်းက သူသည် သာမန်လူများထက် ကျော်လွန်ပြီးဖြစ်၏။ သူ၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းက သာမန် မဟုတ်တော့ပေ။

ဟူရှန်းမှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး အသံပြုသည်။

"အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်၂၀... ကျွန်တော်ကောင်းကင်ဝတ်ရည်ဆေးလုံး တစ်လုံးကို ယူမယ်.."

သူ့တွင် မည်သည်တို့ လစ်ဟင်းနေသနည်း။ ဤသည်မှာ ပါရမီနှင့် နားလည်နိုင်စွမ်းတို့ ဖြစ်သည်။

"ရတယ်.."

စုလင်းရှုံက သူ့ကို ကျောက်စိမ်းပုလင်း တစ်ခုအား ပေးသည်။

အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်၂၀မှာ သေးငယ်သည့် ပမာဏ မဟုတ်ပေ။ သို့ပေမယ့် ခင်မင်ရင်းနှီးမှုကို  တွက်ဆထားခြင်းကြောင့်သာ တစ်လုံးကို ရောင်းပေးခဲ့ခြင်းဖြစ်၏။

ထို့နောက် ရှဲ့လင်ဖုန်းကို ကြည့်သည်။

"ရှင်ရော တစ်လုံးလိုလား.."

ရှဲ့လင်ဖုန်း၏ နှုတ်ခမ်းက တွန့်ကွေးသွား၏။ ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံပင်လျှင် ကောင်းကင်ဝတ်ရည်ဆေးလုံးကို အသုံးပြုနိုင်ခြင်း မရှိပေ။

သို့ပေမယ့် ဓားသခင်ချောက်ကမ်းပါးမှ နံပါတ်တစ်ပါရမီရှင်ဖြစ်သည့် သူကတော့ ကောင်းကင်ဝတ်ရည် ဆေးလုံးကို အသုံးပြုပြီး သူ၏ ပါရမီနှင့် နားလည်နိုင်စွမ်းတို့ကို မြှင့်တင်ရန် လိုအပ်သည်လား။

ခြားနားချက်က ကြီးမားလှပါသည်။ အလွန်မျက်နှာပူစရာ ကောင်းလှ၏။

"လိုတယ်.."

ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်သည်။

စုလင်းရှုံက သူ့ကို ကျောက်စိမ်းပုလင်း တစ်ခုအား  ပေး၏။ နောက်ထပ် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်၂၀အား ရရှိခဲ့လေသည်။

"ရှင့်ရဲ့ ပါရမီက သိပ့်ပြီးတော့ မဆိုးဘူး။ ဒါ့ကြောင့်မို့လို့ ကောင်းကင်ဝတ်ရည်နှင်းစက်ရဲ့ အာနိသင်က ရှင့်အတွက် အရမ်းကြီး မြင့်မှာမဟုတ်ဘူး.."

စုလင်းရှုံက သတိပေး၏။

ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားလေလေ ကောင်းကင်ဝတ်ရည် ဆေးလုံး၏ အာနိသင်တို့ ပိုမိုနည်းပါးလေဖြစ်သည်။

"ကျွန်တော်နားလည်ပါတယ်.."

ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်သည်။ မည်သည့် တိုးတက်မှုမဆို မည်မျှပင် နည်းပါးစေကာမူ ဤသည်မှာ တိုးတက်ခြင်း ဖြစ်သည်ဟု တွေးမိ၏။

မုန့်ချုံက ဆေးလုံးတစ်လုံးကိုယူကာ ပြောသည်။

"ငါ့ရဲ့ မျိုးရိုးတူ ဆွေမျိုးတစ်ယောက်ကို တစ်လုံးပေးမယ်လို့ ကတိပေးထားတယ်... အကျိုးအမြတ်တွေကိုသာ သူခံစားမိရင် သေချာပေါက် သူပိုပြီးတော့ အလုပ်ကြိုးစားမှာ.."

အကျိုးအမြတ်များကို ထိတွေ့ပြီးပါက မုန့်ရှူရှူသည်  အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်များကို ရှာဖွေရန်အတွက် သေချာပေါက် ပိုမိုကြိုးစားမှာ ဖြစ်၏။

All Chapters