မုန့်ရှူရှူ၏သတင်း၊ အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းခြင်း
Vol. 19 Ch. 274
"ငါတို့တွေ ဝတ်စုံနက်နဲ့ လူရဲ့နောက်က အဖွဲ့အစည်းကို သဲလွန်စ လိုက်လို့ရလား.."
ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ခြံဝန်းငယ်တစ်ခု၏ အတွင်းတွင် သုယွီယင်းက ရှေ့ရှိလူကို ကြည့်ကာမေးသည်။
"မရပါဘူး.."
တစ်ဖက်လူက ခေါင်းကိုရမ်းသည်။ ခဏတာ စဉ်းစားပြီးနောက် သုယွီယင်းက ပြော၏။
"ထန်းပေါင်စံအိမ်ကို သွားပြီး ဝတ်စုံနက်နဲ့ လူတွေနဲ့ ပတ်သက်ပြီး ဘာသတင်းတွေများ ရှိလဲလို့ စုံစမ်းကြည့်.."
"သခင်မလေး... ဒီလောက်စွမ်းအားကြီးတဲ့ အမှောင်အင်အားစုတစ်ခုကို ထန်းပေါင်စံအိမ်က သိရင်တောင် သဘောတူညီချက်အချို့ ရှိထားပြီး ထုတ်ဖော်ပြောကြားမှာ မဟုတ်လောက်ဘူး.."
"ထန်းပေါင်စံအိမ်က ထုတ်ဖော်ပြောကြား ချင်ရင်တောင် ကျွန်တော်တို့တွေ နားထောင်ဖို့ တတ်နိုင်မှာလား.."
ထိုလူက သက်ပြင်းချ၏။
ခဏတာ တိတ်ဆိတ်နေပြီးနောက် သုယွီယင်းက မေးသည်။
"အဲ့ဒီ့နေရာကို နင်ရှာတွေ့ပြီလား... ပြီးတော့ ငါလိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေရော.."
"သခင်မလေး... ကျွန်တော်တို့တွေ စိတ်ဝိဉာဉ်ဆေးပင်ကို ရှာတွေ့ပြီးပါပြီ။ အဲ့ဒီ့အရာနဲ့ ပတ်သက်ပြီးကတော့ သဲလွန်စတစ်ခုပဲ ရသေးပြီး ဆက်လက် စုံစမ်းနေပါတယ်.."
တစ်ဖက်လူက ဖြေကြား၏။
"ငါ့ကို စိတ်ဝိဉာဉ်ဆေးပင်တွေပေး။ ပြီးတော့ အဲ့ဒီ့နေရာကို အမြန်ဆုံး ရှာတွေ့နိုင်အောင် လုပ်ပါ.."
သုယွီယင်းက သူမ၏နဖူးကို နှိပ်ရင်းက ပြော၏။
"ဟုတ်ကဲ့ပါ.."
ဝူရွှမ်းစံအိမ်အတွင်းတွင် ဝတ်စုံပြောင်နှင့် မိန်းကလေးက ဆရာဖြစ်သူကို မေးသည်။
"ဆရာ... ဝတ်စုံနက်နဲ့ လူတွေက ဘယ်သူတွေလဲ.."
ဝူရွှမ်းစစ်ဘုရင်၏ မျက်နှာပေါ်၌ အကူအညီမဲ့သည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။
"ငါ့ရဲ့တပည့်လေး... အဲ့ဒီ့ဝတ်စုံနက်တွေက အရမ်းကြီး စွမ်းအားကြီးတယ်။ သူတို့ကို မထိပါးမိအောင် အတတ်နိုင်ဆုံးနေ.."
သူမသည် အနည်းငယ် ခေါင်းကိုက်စွာ ခံစားနေရ၏။ တပည့်ဖြစ်သူသည် အမှန်တကယ်ကို ရွှီယန်၏ နှလုံးသားကို လိုချင်နေပါသည်။
"တပည့်သူတို့ကို မထိပါးပါဘူး။ သတင်းအချက်အလက် နည်းနည်းပဲ သိချင်တာ.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက တည်ငြိမ်စွာ ပြောသည်။
"အခုတော့ ဘာသတင်းမှ မရှိသေးဘူး.."
ဝူရွှမ်းစစ်ဘုရင်က ခေါင်းကိုရမ်း၏။
"ရွှီယန် တိတ်ဆိတ်နေတာ အချိန်အတော်ကြာပြီ။ ချန်းလန်ကျွန်းကို နတ်ဆိုးအရှင်သခင် ဟော်ထူက သိမ်းပိုက်ထားတာကို သူ့ဘက်က ဘားမှတုံ့ပြန်ချက်မှ မပြသေးဘူး။ သူဒီအချိန်အတွင်း သည်းခံဖို့ ဆုံးဖြတ်ထားတာများလား.."
ဝူရွှမ်းစစ်ဘုရင်က ခဏတာ စဉ်းစားပြီးနောက် ထပ်ပေါင်းပြောသည်။
"ဆရာ ရွှီယန်ကို သည်းခံတတ်တဲ့ လူတစ်ယောက်လို့ ထင်လို့လား.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက အသာရယ်၏။
ဝူရွှမ်းစစ်ဘုရင်က ခဏတာ မှင်သက်သွားသည်။ သူမ၏ စိတ်ထဲတွင် ရွှီယန်၏ ဂုဏ်ယူထောင်လွှားသည့် ပုံရိပ်က ပေါ်လာခဲ့၏။
သူသည် ဘယ်တော့မှ နောက်ဆုတ်ခြင်း၊ သည်းခံခြင်း မရှိမည့် အလွန်မောက်မာသူ တစ်ယောက် ဖြစ်သည်။ သူ၏လက်ရှိ ပျောက်ကွယ်နေမှုမှာ ကိစ္စတစ်ခုကိုသာ ဆိုလို၏။ ချန်းလန်ကျွန်းရှိ အခြေအနေများကို မသိရှိခြင်း ဖြစ်ပေလိမ့်မည်။
"သူခွန်အားကို မြှင့်တင်ဖို့ တံခါးပိတ် ကျင့်ကြံနေတာများလား.."
ဝူရွှမ်းစစ်ဘုရင်က စဉ်းစား၏။
"ရွှီယန် နောက်တစ်ခါထပ်ပြီးတော့ လှုပ်ရှားမှုပြုရင် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကိုများ သတ်ဖြတ်မှာလား။ နတ်ဆိုးအရှင်သခင်ဟော်ထူ ဘယ်လို အဆုံးသတ်လိမ့်မလဲ.."
ထိုကဲ့သို့ တွေးမိသည်ကပင် သူမ၏ နှလုံးသားကို တုန်ခါလာစေ၏။ အတွင်းဘက်နယ်မြေရှိ အင်အားစုအားလုံးနှင့် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များသည် ရွီယန်၏ နတ်ဆိုးအရှင်သခင်ဟော်ထူအား မည်ကဲ့သို့ တုံ့ပြန်မည်ကို စောင့်စားနေကြ၏။
ဒီနယ်မြေ၏ အစွန်တွင် ရှိနေသည့် ရွှီယန်မှာတော့ အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းရန်အတွက်သာ အလုပ်ရှုပ်နေပါသည်။
ခုံရော့ကျစ်က ချန်ချင်းစံအိမ်ရှိ အဖွဲ့ဝင်အချို့တို့ကို ဦးဆောင်ကာ အတွင်းဘက်နယ်မြေရှိ ချန်ချင်းစံအိမ်သို့ ထွက်ခွာခဲ့ပြီး ဖြစ်သည်။ သူတို့၏ အခြေခံအုတ်မြစ်ကို စတင်ချမှတ်၏။
ရွှီကျွင်းဟယ်မှာလည်း ရည်ရွယ်ချက်တို့ ပြန်လည်ကြီးမားလာ၏။ သူသည် အတွင်းဘက်နယ်မြေတွင် ကြီးမားသည့် ချမ်းသာကြွယ်ဝမှုကို ရှာဖွေလိုလေသည်။ ထို့ကြောင့် စုလင်းရှုံက လာရှာသည့် အချိန်၌ အလွယ်တကူပင် လက်ခံခဲ့၏။
ထို့အပြင် ဆေးဆရာဖန်မှာ စုလင်းရှုံ၏ သင်ကြားမှုအောက်တွင် ဒန်ဆေးသန့်စင်ခြင်၌ အခြေခံတစ်ခု ရရှိလာပြီး ဖြစ်၏။ သူတစ်ယောက်တည်းနှင့် ဒန်ဆေးသန့်စင်မှုကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေမယ့် အဆင့်များစွာနှင့် အလွန် ရင်းနှီးလာခဲ့သည်။
အထူးသဖြင့် နောက်ဆုံးအဆင့်ဖြစ်သည့် ဆေးလုံးစုစည်းခြင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူသည် ဆေးဆရာတစ်ယောက်ဖြစ်ပြီး ဆေးပညာအပိုင်းတွင် ပါရမီရှိပါသည်။
သူ့ကို ဒန်ဆေးခန်းမနှင့် အစရှိသည်တို့ အတွက် ယာယီတာဝန်ပေးထား၏။ သူလည်းပဲ ခုံရော့ကျစ်နှင့်အတူ အတွေးဘက်နယ်မြေသို့ လိုက်ပါသွားသည်။
ထယ်ရှန်းမြို့၏ မလှမ်းမကမ်းတွင် အမြင့်ဘက်မှ ကြည့်ပါက မြို့ငယ်တစ်ခု၏ အသွင်အပြင်နှင့် ကြီးမားသည့် စံအိမ်ကြီးတစ်ခု မြင့်မားစွာ ရှိနေပါသည်။
အတွင်းထဲတွင် မြင့်မာသည့် အဆောက်အအုံများ ထည်ဝါစွာ ရှိနေပြီး ဤသည်က ထယ်ရှန်းမြို့ အတွင်းရှိ အင်အားစုများ၏ အာရုံကို ဆွဲဆောင်သွားသည်။
သို့ပေမယ့် ထိုအင်အားစုများထဲမှ မည်သည်မှ သွားရောက်တားဆီးရဲခြင်း မရှိသလို လုယူရဲခြင်းလည်း မရှိပေ။
ချန်ချင်းစံအိမ်၏ အမည်သည် ထယ်ရှန်းမြို့ တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းသမားတစ်ယောက်က ဖန်တီးထားသည့် စီးပွားရေး အင်အားစုတစ်ခု ဖြစ်သည်။
ပြောကြသည်ကား ထိုအဖွဲ့သည် သိုင်းသမားများ ကျင့်ကြံရာတွင် လိုအပ်သည့် ဆေးလုံးများကို အဓိက ရောင်းချမည်ဟု ဆို၏။
ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်ကို ဦးဆောင်သည့်လူမှာ ချန်ချင်းစံအိမ်၏ တည်ထောင်မှုကို ဂရုစိုက်ခြင်း မရှိပေ။
ထိုအဖွဲ့ကို ထန်းပေါင်စံအိမ်နှင့် ယှဉ်ပြိုင်နိုင်မည်ဟုလည်း တွေးမှတ်ထားခြင်း မရှိပါ။
အတွင်းဘက်နယ်မြေတွင် အသေးနှင့်အကြီး စီးပွားရေးအင်အားစုများစွာတို့ ရှိနေ၏။ သို့ပေမယ့် ၎င်းတို့အားလုံးသည် ထန်းပေါင်စံအိမ်၏ ရှေ့တွင် အသေးအဖွဲလေးများသာ ဖြစ်ကြပြီး ဘာခြိမ်းခြောက်မှုမှ မရှိပေ။
အချို့ စီးပွားရေး အင်အားစုများ ဆိုလျှင် ရှင်သန်ရန်အတွက် ထန်းပေါင်စံအိမ်၏ အပေါ်တွင် မှီခိုရန်ပင်လိုအပ်၏။
ချန်ချင်းစံအိမ်၏ သိုင်းသမားများ ကျင့်ကြံမှုအတွက် ဆေးလုံးများကို ရောင်းချသည် ဟူသည်မှာတော့ ထန်းပေါင်စံအိမ်အနေနှင့် ပိုမိုကာပင် ဂရုမစိုက်သေးသည်။
ထန်းပေါင်စံအိမ်ရှိ ဆေးများမှာ အနည်းငယ် စျေးကြီးပေမယ့် အာနိသင်က အခြား စီးပွားရေး အင်အားစုများ ရောင်းချသည့် ဆေးများက နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
ထန်းပေါင်စံအိမ်သည် အလွန် ထည်ဝါမြင့်မားပြီး အခြားစီးပွားရေး အင်အားစုများကို ဘယ်တုန်းကမှ ဖိနှိပ့်ရန် စိတ်ကူးမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ လုပ်ဆောင်စရာ မလိုသောကြောင့် ဖြစ်၏။
တကယ်တော့ စီးပွားရေးအင်အားစု များစွာတို့သည် သူတို့၏ ရောင်းချကုန်များကို ထန်းပေါင်စံအိမ်မှ ဝယ်ကြရသည်။
မုန့်ရှူရှူတစ်ယောက် မြင့်မားထည်ဝါသည့် ချန်ချင်းစံအိမ်ကို ကြည့်ကာ သူ၏မျက်နှာက မျက်မှောင်ကျုံ့သွားသည်။ သွားရောက် စုံစမ်းရမည်လားဟု တုံ့ဆိုင်းနေ၏။ သို့ပေမယ့် သူ့ကိုယ်သူ ပေါ်သွားမှာလည်း ကြောက်ရွံ့နေပါသည်။
သူသည် ထယ်ရှန်းမြို့သို့ ရောက်ရှိတာ အချိန်တစ်ခု ကြာပြီးဖြစ်သည်။ ရွှီယန်နှင့် မုန့်ချုံတို့၏ အကြောင်းကို စုံစမ်းနေပေမယ့် မည်သည့် အောင်မြင်မှုမှ မရသေးပေ။
ဤသည်က သူ့ကို အနည်းငယ် စိုးထိတ်လာစေ၏။
'စီနီယာအကိုရွှီနဲ့.. ညီလေးမုန့်တို့ ဘယ်ကိုများ ရောက်နေလဲမသိဘူး... ဓားသခင် ချောက်ကမ်းပါးကိုလည်း စာပို့ပြီးနေပြီကို။ ဒါပေမယ့် သူတို့လည်း ဘာတုံ့ပြန်မှုမှ မလာသေးဘူး.."
မုန့်ရှူရှူက အလွန်အကူအညီမဲ့စွာ ခံစားနေရ၏။ သူ့ကို ပေးခဲ့သည့် ဆက်သွယ်ရန် နည်းလမ်းမှာ ရွှီယန်နှင့် မုန့်ချုံတို့ကို ဆက်သွယ်ရာတွင် အသုံးမဝင်ကြောင်း ပြသနေပါသည်။
ရွေးချယ်စရာမရှိဘဲ ထယ်ရှန်းမြို့ဆီသို့ ကိုယ်တိုင် လာရောက်ရ၏။ သို့ပေမယ့် မည်သည်မှ ထူးခြားမလာပေ။
သူသည် အလွန်စိုးရိမ်နေပြီး ဗလတောင့်ကာ ကတုံးပြောင်သည့် လူငယ်တစ်ယောက်ကို ရှာတွေ့သည့်လူ ရှိလားဟုပင် စုံစမ်းကြည့်ခဲ့၏။
တစ်နေ့တွင် ချန်ချင်းစံအိမ်မှ လူတစ်ယောက်၏ အနည်းငယ် ထူးဆန်းသွားပုံကို သတိထားမိလိုက်သည်။
'ငါသွားပြီးတော့ စုံစမ်းကြည့်ရမလား... ငါဒီမှာ အကြာကြီး ဆက်နေလို့မရဘူး။ မဟုတ်ရင် ရန်သူတွေ ရှာတွေ့သွားပြီး အန္တရာယ်များလိမ့်မယ်..'
မုန့်ရှူရှူက စဉ်းစားသည်။
သူသာ မုန့်ချုံ၏ အကြောင်းကို ဆက်လက် ရှာဖွေနေပါက ဝတ်စုံနက်များ၏ အာရုံကို သေချာပေါက် ဆွဲဆောင်သွားမှာပါ။
မုန့်ချုံသည် အလွယ်တကူ မှတ်မိနိုင်သည့် ပုံပန်းသဏ္ဍာန်ရှိ၏။ သို့ရာတွင် ရွှီယန်မှာလည်း ဂုဏ်သတင်း ပိုမိုကြီးမားပြီး မုန့်ချုံထပ်ပင် ကျော်လွန်ကာ အာရုံအားလုံးတို့က သူ့ဆီ၌ စူးစိုက်နေကြပါသည်။
'ဘာပဲဖြစ်ဖြစ် တစ်ခါလောက်တော့ သွားကြည့်တာပေါ့။ အဖြေတစ်ခု ရရမရရ ထယ်ရှန်းမြို့ကနေ ပြီးရင် ထွက်သွားတော့မယ်..'
မုန့်ရှူရှူက အံကိုကြိတ်ကာ မတ်တပ်ရပ်ပြီး ချန်ချင်းစံအိမ်အတွင်း၌ သွားရောက်စုံစမ်းရန် ပြင်သည်။ ရုတ်တရက် သူ၏ပုခုံးက နိမ့်ဆင်းသွားခဲ့၏။ လက်တစ်ဖက်က ပုခုံးပေါ်သို့ ရောက်ရှိလာခဲ့သည်။
မုန့်ရှူရှူက မှင်သက်သွားပြီး ထိတ်လန့်စွာဖြင့် တိုက်ခိုက်တော့မှာပါ။ ထိုအချိန်၌ အသံတစ်ခုကို ကြားလိုက်ရ၏။
"ငါ့ကိုရှာနေတာလား.."