← Chapters

မုန့်ရှူရှူ၏ သတင်း၊ အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းခြင်း(၂)

Vol. 19 Ch. 275

မုန့်ရှူရှူ၏ သတင်း၊ အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းခြင်း(၂)

Vol. 19 Ch. 275

"မုန့်ချုံ.."

မုန့်ရှူရှူ၏ မျက်နှာက မဲမှောင်သွား၏။ မုန့်ချုံကို ကြည့်ကာ စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောသည်။

"နည်းနည်းလောက် အသံပေးလို့ မရဘူးလား... လန့်လို့ သေတော့မယ်.."

သူသည် လက်ခံရန် ခက်ခဲနေ၏။ သိုင်းသခင်တစ်ယောက် ဖြစ်လင့်ကစား အနီးသို့ လူတစ်ယောက် ကပ်လာတာကို သတိထားမိခြင်း လုံးဝမရှိခဲ့ပေ။ မုန့်ချုံ၏ ခွန်အားသည် ပိုမိုကာပင် သန်မာလာသည့်ပုံ ရှိ၏။

"ဆွေမျိုးလေး... ဘာလို့ ဒီလောက်တောင် ကြောက်တတ်နေတာလဲ... သူများလိုက်တာ ခံရပြန်ပြီလား။ ဝတ်စုံနက်နဲ့ လူတွေပဲလား.."

မုန့်ချုံက တက်ကြွစွာဖြင့် မေးသည်။

"ငါ့ကို ဘယ်သူမှ မလိုက်ဘူး.."

မုန့်ရှူရှူက ခေါင်းကိုရမ်းသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် မေး၏။

"စီနီယာအကိုရွှီရော.."

"စီနီယာအစ်ကိုကြီးက အလုပ်ရှုပ်နေလို့။ မင်းမှာ ကိစ္စတစ်ခုခုရှိရင် ငါ့ကိုပဲပြောလိုက်.."

မုန့်ချုံက သူ၏ပုခုံးကို ပုတ်ရင်းက ပြောသည်။

"ဒီကိစ္စက စီနီယာအစ်ကိုရွှီ မပါဘဲနဲ့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး.."

မုန့်ရှူရှူက အကူအညီမဲ့စွာ ပြောသည်။

"တကယ်လား... စစ်ဘုရင်တွေ ပါလို့လား.."

မုန့်ချုံ၏ မျက်ခုံးများက မြင့်တက်သွား၏။ သူက လက်သီးများကို ဆုပ်ကာ သတ်ဖြတ်လိုစိတ်ဖြင့် ပြောသည်။

"အဲ့ဒီ့ကောင်တွေ ဘယ်မှာလဲ... ငါ့ရဲ့ ဒေါသအချို့ကို  ဖြေသိမ့်ဖို့လိုနေတာ.."

"ညီလေးမုန့်... မင်း... အဆင့်ချိုးဖျက်သွားတာလား.."

မုန့်ရှူရှူက အံ့သြစွာ မေး၏။ မုန့်ချုံ၏ ယုံကြည်ချက်ကို ကြည့်ရသည်မှာ များစွာပိုမို သန်မာလာသည့်ပုံ ရှိ၏။

"နည်းနည်းပါးပါးပါ... ဒါပေမယ့် စစ်ဘုရင်တစ်ယောက်ကို ရိုက်နှက်ဖို့တော့ ပြဿနာမရှိဘူး.."

မုန့်ချုံက မောက်မာစွာ ပြော၏။

"အဲ့လိုဆိုလည်း စီနီယာအကိုရွှီကို ရှာဖို့ လိုသေးတယ်။ ဒီကိစ္စက သာမန်မဟုတ်ဘူး.."

မုန့်ချုံ၏ အဆင့်ချိုးဖျက်ပြီး ဖြစ်လင့်ကစား မုန့်ရှူရှူမှာ ယုံကြည်ချက်တို့ လစ်ဟင်းနေဆဲ ရှိသည်။

"ငါ့ကို သေသေချာချာပြောပါဦး။ ဘာကိစ္စမို့လို့လဲ.."

မုန့်ချုံက မျက်မှောင်ကျုံ့သွား၏။

"ကိစ္စက ဒီလိုကွာ။ ငါမင်းနဲ့ စီနီယာအကိုရွှီကို သိုလှောင်အိတ်တစ်အိတ်စီ အကြွေးတင်ထားတယ် မလား။ အဲ့ဒါကို အမြန်ဆုံး ဝယ်နိုင်ဖို့အတွက် နည်းလမ်းအားလုံးကို အသုံးပြုပြီး စိတ်ဝိဉာဉ်ဆေးပင်တွေကို ကြိုးစားရှာဖွေခဲ့တယ်။ ပြီးတော့ ရတနာနယ်မြေတစ်ခုကို ရှာတွေ့ခဲ့တယ်..."

ရွှီယန်၊ မုန့်ချုံတို့နှင့် ခွဲခွာပြီးနောက် မုန့်ရှူရှူသည် ထိုအကြောင်းကို စဉ်းစားမိပြီး ဆက်လက် ပျင်းရိနေလို့ မရကြောင်းအား နားလည်လိုက်သည်။ သူလည်း စစ်ဘုရင်အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ရန် လိုအပ်၏။ ထို့ကြောင့် စိတ်ကို ဆုံးဖြတ်ကာ အံကိုကြိတ်ပြီး ဆေးပင်များကို စတင် ရှာဖွေခဲ့သည်။

မိသားစုမှ လက်ဆင့်ကမ်းခဲ့သည့် လျှို့ဝှက်အတတ်များနှင့် နည်းလမ်းပေါင်းစုံတို့ကို အသုံးပြုကာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ရတနာနယ်မြေတစ်ခုကို ရှာတွေ့ခဲ့၏။ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များ ရှိနေရန် မြင့်မားသည့် ဖြစ်နိုင်ခြေ ရှိပါသည်။

ဝမ်းသာစွာဖြင့် မုန့်ရှူရှူက ရတနာနယ်မြေအတွင်းသို့ ဝင်ရောက်တော့မည့် အချိန်၌ ထိုနေရာတွင် ပုန်းအောင်းနေသည့် စွမ်းအားကြီး အင်အားစုတစ်ခုကို တွေ့လိုက်ရသည်။

ပုံမှန်ဆိုပါက မုန့်ရှူရှူအနေနှင့် ဒီအတိုင်း ဆုတ်ခွာလိုက်မှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရတနာနယ်မြေများစွာတို့ကို အခြားအင်အားစုများက သိမ်းပိုက်ထားပြီး ဖြစ်သည်မှာ ပုံမှန်သာ ဖြစ်၏။ ထိုကဲ့သို့သော နေရာမျိုးတွင် အင်အားစု များစွာတို့လည်း ဂိုဏ်းများကို တည်ဆောက်လေ့ရှိသည်။

သို့ပေမယ့် ယခုနေရာကို သိမ်းပိုက်ထားသည်မှာ ဝတ်စုံနက်နှင့် အဖွဲ့ဖြစ်၏။ သူက ဆုတ်ခွာတော့မည့် အချိန်၌ ကျောက်နံရံတစ်ခုမှ ထွက်လာသည့် ဝတ်စုံနက်တစ်ယောက်ကို တွေ့လိုက်ရသည်။

တစ်ချက်ကြည့်သည်နှင့် ကျောက်နံရံ၏ အတွင်းတွင် သေးငယ်သည့် အပင်ငယ်တစ်ခု ပေါက်ရောက်နေကြောင်းကို တွေ့လိုက်ရသည်။

၎င်းသည် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့်  အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တစ်ခုနှင့် အလွန်တူညီနေ၏။

ဝတ်စုံနက်မှာ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ မုန့်ရှူရှူသည် သူ၏ခွန်အားမှာ တစ်ဖက်လူထပ် အနည်းငယ်ပိုမို ပိုကောင်းသည်ဟု ခံစားရ၏။ သို့ပေမယ့်  တိုက်ခိုက်ရန် စဉ်းစားနေသည့် အချိန်၌  ကျောက်နံရံအတွင်းတွင် လျှို့ဝှက်ခန်း တစ်ခုကို ရှာတွေ့လိုက်သည်။

ထိုလျှို့ဝှက်ခန်းအတွင်းမှ စွမ်းအားကြီးမားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။ မုန့်ရှုရှူတစ်ယောက် ထိတ်လန့်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားပြီး ရတနာနယ်မြေမှ ထွက်ခွာခဲ့သည်။ ရွှီယန်နှင့် မုန့်ချုံတို့ကို စတင်ရှာဖွေ၏။

"ကြည့်ရတာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်မယ်ထင်တယ်.."

မုန့်ရှူရှူက လေးနက်စွာ ပြောသည်။

"အဲ့ဒါက ဝတ်စုံနက်တွေရဲ့စခန်းများလား.."

မုန့်ချုံ၏ မျက်လုံးများ၌ အေးစက်သည့် အလင်းရောင်တစ်ခု လက်သွားသည်။

မုန့်ရှူရှူသည် သူ၏ စီနီယာအစ်ကိုကြီးကို ရှာဖွေလိုတာ အံ့သြစရာ မရှိပေ။ ဘာပဲဖြစ်ဖြစ် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဟူသည်မှာ သူ၏ လက်ရှိခွန်အားနှင့် ကြောက်ရွံ့ခြင်း မရှိတော့ပေမယ့် အချိန်တိုအတွင်း အနိုင်ရရန်မှာ လွယ်ကူခြင်း မရှိပါ။

သူသာ နက်ရှိုင်းသည့် အခြေခံတို့ကို စုဆောင်းထားခြင်းမရှိပါက အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်မည်ပင် မဟုတ်လောက်ပေ။

ထို့အပြင် ဤသည်မှာ ဝတ်စုံနက်များ၏ စခန်းသာ အမှန်တကယ် ဖြစ်ပါက အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ထက် ပိုမို ရှိမှာပါ။ စီနီယာအကိုကြီး၏ အကူအညီဖြင့်သာလျှင် တစ်ခါတည်း ရှင်းလင်းနိုင်လောက်၏။

"ဆွေမျိုးလေး... အဲ့ဒီ့မှာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်ရှိတယ်ဆိုတာ မင်းသေချာလား.."

မုန့်ချုံက စိတ်လှုပ်ရှားလာပြီး ချက်ချင်းပင် မေးသည်။

"၈၀%သေချာတယ်.."

မုန့်ရှူရှူက လေးနက်စွာပြော၏။

"ဝတ်စုံနက်တွေက တကယ့်ကို ချမ်းသာကျတဲ့ကောင်တွေပဲ.."

မုန့်ချုံက မနေနိုင်ဘဲ အသံပြုသည်။

"ဆွေမျိုးလေး... ဒီကိစ္စက လောဖို့မလိုဘူး။ စခန်းကတော့ ပြေးသွားမှာ မဟုတ်ဘူး။ မင်းဒီတစ်ခေါက် အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ သိုလှောင်အိတ်နဲ့ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တွေရအောင် ဆက်ပြီးတော့ ကြိုးစား.."

"မင်းကိုယ်မင်း ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ စစ်ဘုရင်တစ်ယောက် ဖြစ်တာက လမ်းဆုံးမဟုတ်ဘူး။ မင်းမှာ ယုံကြည်ချက် မရှိရင်တော့ စစ်ဘုရင်အဆင့်ကိုတောင် ချိုးဖျက်နိုင်မှာ မဟုတ်ဘူး.."

မုန့်ချုံက မုန့်ရှူရှူ၏ ပုခုံးကိုပုတ်ကာ အားပေးစွာပြော၏။

"ငါအကောင်းဆုံး ကြိုးစားပါမယ်... စိတ်ဝိဉာဉ်ဆေးပင်တွေလည်း ပိုပြီးတော့ ရှာတွေ့အောင် ကြိုးစားမယ်.."

မုန့်ရှူရှူ၏ ပုံစံက ခိုင်မာမှုတို့ လစ်ဟင်းနေ၏။

"ဒါက ကောင်းကင်ဝတ်ရည် နှင်းစက်နဲ့ လုပ်ထားတဲ့ ဆေးလုံးပဲ။ မင်းရဲ့ ပါရမီနဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်။ အာနိသင်က ကောင်းကင်ဝတ်ရည်နှင်းစက်ကို တစ်ခါတည်းစားတာထက် အများကြီး ပိုပြီးကောင်းတယ်။ မင်းကို တစ်လုံးပေးမယ်လို့ ကတိပေးထားတော့ ငါ့ရဲ့စကားကို ပြန်ပြီးတော့ မရုတ်သိမ်းဘူး.."

မုန့်ချုံက ပြုံးကာ ကောင်းကင်ဝတ်ရည် ဆေးလုံးအားထုတ်၏။ မုန့်ရှူရှူသာ ဒီဆေးလုံးကို စားသုံးပြီး  အကျိုးအမြတ်များကို မြည်းစမ်းပြီးပါက သေချာပေါက် ပိုမိုအားစိုက်လာမှာ ဖြစ်သည်။

"ဒါက ဒန်ဆေးလုံးလား.."

မုန့်ရှူရှူက ကျောက်စိမ်းပုလင်းအတွင်းရှိ ကောင်းကင်ဝတ်ရည်ဆေးလုံးကို ကြည့်ကာ အံ့သြသွားသည်။

တစ်ချက်ကြည့်သည်နှင့် ဒီဆေးလုံးမှာ ထူးကဲလှကြောင်းကို ပြောနိုင်၏။

"ဟုတ်တယ်... နေရာတစ်ခု ရှာပြီးတော့ ဆေးစားလိုက်။ နောင်မှာ ငါ့ကိုရှာချင်ရင် ချန်ချင်းစံအိမ်ကို သွားလို့ရတယ်.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ကောင်းပြီ.."

မုန့်ရှူရှူက ခေါင်းငြိမ့်၏။ ဆေးလုံးကို သောက်ရန် စိတ်အားထက်သန်နေပါသည်။

စွန့်ပစ်ဒေသသို့ ပြန်ပြီးနောက် မုန့်ချုံက စုလင်းရှုံအား မုန့်ရှူရှူ၏ သတင်းကို ပြောပြ၏။

"တကယ်ပဲ ဝတ်စုံနက်တွေရဲ့ စခန်းလား.."

စုလင်းရှုံ၏ မျက်လုံးများက အေးစက်သွားသည်။

"သိပ်ပြီးတော့တော့ မသေချာဘူး... သူတို့ ထိန်းချုပ်ထားတဲ့ ရတနာနယ်မြေ တစ်ခုမို့လို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် အထိုင်ချနေ နေတာလည်း ဖြစ်နိုင်တယ်.."

မုန့်ချုံက ခေါင်းကိုရမ်းကာ ပြော၏။

"ကြည့်ရတာ အဲ့ဒီ့မှာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ရှိမယ်ထင်တယ်... ငါနဲ့ စီနီယာအစ်ကိုကြီး သေချာပေါက် ကောင်းကောင်း သွားယူခဲ့မယ်.."

ကောင်းကင်ဝတ်ရည်ဆေးလုံးကို ကြည့်ခြင်းအားဖြင့် အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်များ၏ မှော်ဆန်သည့် အာနိသင်နှင့် တန်ဖိုးကို တွေ့မြင်ပြီး ဖြစ်သည်။

"ဒါဆိုရင် စီနီယာအကိုတို့ကို အလုပ်များစေပြီ.."

စုလင်းရှုံက အလွန် ခံစားသွားရသည်။

၃ရက်ကြာပြီးနောက်...

"ဆရာ... တပည့်တို့ အတွင်းဘက်နယ်မြေကို ပြန်သွားတော့မယ်.."

စုလင်းရှုံက ဆရာဖြစ်သူ၏ ပုခုံးကို နှိပ့်ပေးရင်းက ပြော၏။

"အင်း... ဒါဆိုလည်း သွားတာပေါ့.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ဤသည်မှာ အတွင်းဘက်နယ်မြေသို့ သွားရောက်ရန် အချိန်ကျပါပြီ။ ထိုနေရာမှာ ဒီလောက၏ သိုင်းလောက တည်ရှိရာ နေရာဖြစ်၏။

"သွားကြမယ်.."

လီရွှမ်က မတ်တပ်ရပ်ကာ လက်ကိုဝှေ့ရမ်းပြီး ကြောင်နီ၏ ကျောပေါ်၌ ထိုင်ခုံတစ်ခုကို တင်လိုက်သည်။ ရှီအာက ကြီးမားသည့် ခြင်းကြီးနှစ်ခုကို ကြောင်နီတွင် ချိတ်ဆွဲလိုက်၏။ ဤသည်က ကြောင်နီကို ဒေါသဖြင့် လှည့်ကြည့်စေသည်။

ရှီအာ၏ ပါးစပ်က တွန့်ကွေးသွား၏။ ဒီကြောင်နီမှာ သူ့ထက် ပိုမိုသန်မာလာခဲ့ပါပြီ။

"ကြောင်နီ... ဒီခြင်းတောင်းထဲက ဟာတွေက ငါ့ဟာတွေ မဟုတ်ဘူး။ ဆရာ့ရဲ့ စာအုပ်တွေနဲ့ အခြားအသုံးအဆောင်တွေပဲ။ ဒီဘက်က ခြင်းတောင်ထဲမှာတော့ သခင်မလေးရဲ့ ပစ္စည်းတွေ။ မင်းမသယ်ချင်ဘူးဆိုရင် နောင်မှာ..."

ရှီအာက ပြော၏။

ကြောင်နီက ထိုစကားကို ကြားလိုက်ရသည်နှင့် သူ့ကို စူးစိုက်စွာ ကြည့်သည်။ စောစီးစွာ မပြောသည့်အတွက် သတ်ပစ်ချင်သည့်ပုံ ရှိ၏။

'ဒီဖက်တီးကျားစုတ်က ပိုပြီးတော့ ဉာဏ်ကောင်းလာတာပဲ... နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲမှာတော့ မဟုတ်လောက်ပါဘူးနော်..'

ရှီအာက တိတ်တဆိတ် ကျိန်ဆဲသည်။

လီရွှမ်က ကြောင်နီ၏ ကျောပေါ်ရှိ ကုလားထိုင်ပေါ်တွင်  ထိုင်သည်။ သူသည် ထိုင်ခုံ၏ ရှေ့တွင် စားပွဲတစ်ခုကိုပင် တင်ကာ တိမ်မြူစိတ်ဝိဉာဉ် လက်ဖက်ရည်တစ်အိုးနှင့် မုန့်အချို့တို့ကို သုံးဆောင်၏။

ထိုမုန့်များကို စုလင်းရှုံက ဒန်ဆေးနည်းပညာနှင့် စိတ်ဝိဉာဉ်အသီးများကို အသုံးပြုကာ ဆရာဖြစ်သူအား ကျေးဇူးတင်ရန် လုပ်ပေးထားခြင်း ဖြစ်သည်။

ကြောင်နီ၏ အရွယ်အစားနှင့် ကျောပေါ်တွင် ထိုင်ခုံတစ်ခုနှင့် စားပွဲငယ်တစ်ခုတို့ကို တင်ထားသည်မှာ  နေရာလွတ် ရှိပါသေးသည်။ စုလင်းရှုံလည်းပဲ ကြောင်နီ၏ ကျောပေါ်သို့ တက်ကာ လီရွှမ်၏ နောက်တွင် ထိုင်၏။ ဆရာဖြစ်သူ၏ ပုခုံးကို နှိပ်ပေးရင်းက အားတတ်သရော ပြောသည်။

"ဆရာ... စိတ်ဝိဉာဉ်ကိတ်မုန့်က အရသာ ဘယ်လိုရှိလဲ.."

"မဆိုးပါဘူး.."

လီရွှမ်က ခေါင်းငြိမ့်သည်။

"ဆရာ အတွင်းဘက်နယ်မြေကို သွားပြီးရင် တပည့်ရဲ့နောက်ခံက ပေါ်သွားနိုင်ခြေ ရှိတယ်။ အဲ့ဒါဆိုရင် ဆရာ့ကို ပြဿနာဖြစ်စေမယ် ထင်တယ်.."

စုလင်းရှုံက ညင်သာစွာပြော၏။

"ပြဿနာလား... နင့်ရဲ့ဆရာအတွက် ပြဿနာဆိုတဲ့ အရာမျိုး ဘယ်တော့မှ မရှိဘူး။ သူတို့က ပုရွဲဆိတ်သာသာပဲ.."

လီရွှမ်က လက်ကိုမြှောက်ကာ သူ၏ လက်ချောင်းထိပ်တစ်ခု၌ ပုရွဲဆိတ်တစ်ကောင် ရွေ့လျားနေ၏။ လက်ချောင်းနှစ်ခုကို ဖိကာ ပုရွဲဆိတ်ကို ဖုန်မှုန့်များအဖြစ် ညှစ်သတ်လိုက်သည်။

"တွေ့လား... ဒီပုရွဲဆိတ်က ဆရာ့အတွက် ပြဿနာဖြစ်စေလို့လား..."

စုလင်းရှုံက မှင်သက်သွား၏။ ထို့နောက် အလွန်စိတ်လှုပ်ရှားသွားသည်။

"ဆရာ... တပည့် အတွေးလွန်သွားတာပါ.."

သူမဆရာ၏ မျက်လုံးထဲတွင် သူမ၏ရန်သူများမှာ စစ်ဘုရင်များဟု ဆိုလျှင်တောင် ပုရွဲဆိတ်များထက် မပိုပေ။

"နင်နားလည်တာ ကောင်းတယ်... ဒါပေမယ့် နင့်ရဲ့ဆရာက တော်တော်လေးတော့ ပျင်းတတ်တယ်။ ပုရွဲဆိတ်တစ်ကောင် ဖြစ်ရင်တောင် ညှစ်သတ်ဖို့အတွက် ပျင်းနေမှာ.."

လီရွှမ်က ခေါင်းငြိမ့်ပြီးနောက် ထပ်ပေါင်းပြောသည်။ သူ၏ ခွန်အားနှင့် စစ်ဘုရင်တစ်အုပ်လောက်ကို လက်တစ်ဖက်အား ဝှေ့ရမ်းကာ အလွယ်တကူ သတ်ဖြတ်လိုက်နိုင်၏။

သို့ပေမယ့် တပည့်များအနေနှင့် သန်မာသည့် နောက်ခံရှိသည်ဟူ၍ အကြောက်အလန့် ကင်းမဲ့စွာ စစ်ဘုရင်အထက်ရှိ သိုင်းသမားများကို သွားရောက်ထိပါးမည်အား စိုးရိမ်ပါသည်။ ဤသည်က ပြဿနာများမှာ ဖြစ်၏။

လီရွှမ်သည် သူ၏ လက်ရှိခွန်အားနှင့် စစ်ဘုရင်အဆင့်၏ အထက်ရှိ သိုင်းသမားများပင်လျှင် သူ၏ပြိုင်ဖက် မဟုတ်ဟု တွေးမိ၏။ သို့ပေမယ့် ပိုမို အဆင့်မြင့်မားသည့် သိုင်းသမားများကို သတိထားရန် လိုအပ်ပါသေးသည်။

အတွင်းဘက်နယ်မြေတွင် ရှိသည်လား ဟူသည်မှာ  မသေချာပေမယ့် ဝူနိုင်ငံရှိ အကြီးအကဲဝူ၏ ဝင်ပူးခြင်းခံရခြင်းမှာ သိသာစွာပင် စစ်ဘုရင်တစ်ယောက် လုပ်နိုင်သည့်အရာ မဟုတ်ပေ။

ထိုမျှအဆင့်ရှိသည့် စွမ်းအားကြီးသူတို့ အတွင်းဘက်နယ်မြေမှာ မရှိတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ထိုလူများသည် တစ်နေရာရာတွင် ရှိနေမှာ ဖြစ်၏။

"ဆရာ.. တပည့်နားလည်ပါပြီ။ ပြဿနာကို ဖိတ်ခေါ်တဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး.."

စုလင်းရှုံက ဝမ်းသာစွာ ပြော၏။

ကြောင်နီသည် လီရွှမ်နှင့် စုလင်းရှုံတို့ကို သယ်ဆောင်ရင်းက အဆုံးမဲ့တောင်များ အတွင်းသို့ ဝင်ရောက်ကာ အတွင်းဘက်နယ်မြေသို့ ဦးတည်ခဲ့သည်။

ရှီအာနှင့် ကျိုးယင်တို့က ဘေးမှလိုက်၏။ မုန့်ချုံနှင့် ရွှီယန်တို့လည်း အသီးသီး ရောက်ရှိလာကြသည်။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကလည်း ရောက်ရှိလာကာ နှုတ်ဆက်စကားပြော၏။ နှစ်ယောက်စလုံးသည် ဓားသခင်ချောက်ကမ်းပါးသို့ ပြန်ပြီး ဒန်ဆေးလုံးအတွက် အကြွေးတင်နေသည့် စိတ်ဝိဉာဉ်ဆေးပင်များကို သွားရောက်စုစည်းမည် ဖြစ်သည်။ ၁၀ရက်မှ လဝက်အတွင်းတွင် အကြွေးများကို ပြန်လာဆပ်မည် ဖြစ်၏။

သူတို့သည် နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီးနောက် ပိုမိုပိုမိုကာ ဝေးကွာသွားသည့် စွန့်ပစ်ဒေသကို တွေ့လိုက်ရသည်။ ရှေ့တွင် အတွင်းဘက်နယ်မြေက ပေါ်လာခဲ့၏။ ဒီနေ့မှ စတင်ပြီး သူတို့သည် အတွင်းဘက်နယ်မြေ၏ သိုင်းလောကအတွင်းသို့ စစ်မှန်စွာ စတင် ခြေချခဲ့ပါပြီ။

ဤသည်မှာ စွန့်ပစ်ဒေသမှ သိုင်းသမားများအတွက်  အတွင်းဘက်နယ်မြေသို့ ပြောင်းရွှေ့ဖို့ရာ ပထမဆုံးအကြိမ် ခြေချခြင်းဖြစ်၏။

All Chapters