သဟွအား တည်ထောင်ခြင်း၊ ဝူကျူ၏ နှလုံးသား
Vol. 19 Ch. 276
ထယ်ရှန်းမြို့၏ အပြင်ဘက်တွင် ချန်ချင်းစံအိမ်သည် တောက်ပစွာ ရှိနေ၏။ ည၏ အမှောင်အောက်တွင် ကြီးမားသော ကျားကြီးတစ်ကောင် ရောက်ရှိလာခဲ့သည်။
ချန်ချင်းစံအိမ်၏ အပြင်ဘက်ရှိ မည်သူမှ သတိထားမိခြင်း မရှိပေ။
လီရွှမ်နှင့် အပေါင်းအပါ အုပ်စုသည် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခဲ့လေပြီ။ သူတို့သည် သူတို့၏ တည်ရှိမှုအား ဖုံးကွယ်ထားခြင်း မရှိသလို ခမ်းနားသည့် အပြင်အဆင်များအားလည်း ပြုလုပ်ခြင်း မရှိပါ။ သူတို့ကို သဟွမှ လာခြင်းဖြစ်သည်ဟု မည်သူမှ မသိကြပေ။
ထိုအထဲတွင် ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့မှာ ကြိုတင် ရောက်ရှိနေပြီးဖြစ်ကာ စောင့်နေကြ၏။ ကြောင်နီက ရပ်တန့်ခြင်းမရှိဘဲ စံအိမ်အတွင်းသို့ ဝင်ရောက်ကာ အတွင်းဘက်အကျဆုံး ခြံဝန်းဆီသို့ တစ်ခါတည်း ဦးတည်သွားသည်။
ထိုတိတ်ဆိတ်ကာ တင့်တယ်သည့် နေရာကို လီရွှမ်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်၏။
"လုပ်စရာရှိတာတွေကို သွားလုပ်ကြ.."
လီရွှမ်က ကြောင်နီပေါ်မှ ဆင်းပြီးနောက် ကုလားထိုင်ခုံနှင့် စားပွဲတို့ကို ခြံဝန်းအတွင်းရှိ သစ်ပင်ကြီးတစ်ပင်၏ အောက်သို့ ရွှေ့ပြောင်းပြီး နောက်လက်ကို ဝှေ့ရမ်းကာ ပြောသည်။
"ဟုတ်ကဲ့ပါဆရာ.."
စုလင်းရှုံက ချန်ချင်းစံအိမ်မှ ကိစ္စများကို စတင်စီစဉ်၏။
စိတ်ဝိဉာဉ်ဆေးပင်များ၏ ရောင်းချမှု၊ အကျိုးအမြတ်များကို မည်ကဲ့သို့ အကောင်းဆုံး မြှင့်တင်မှုနှင့် အခြားကိစ္စများစွာတို့သည် သူမ၏ ကိုင်တွယ်မှုအတွက် စောင့်စားနေပါသည်။
"ဆရာ... ကျွန်တော် ဂျူနီယာညီလေးနဲ့ အပြင်သွားစရာရှိသေးလို့.."
ရွှီယန်က လေးစားစွာဖြင့် ပြော၏။
"သွားလေ... ငါဒီမှာရှိရင် သိုင်းသခင်တွေ စစ်ဘုရင်တွေ အားလုံးက ဘာမှဟုတ်မှာ မဟုတ်ဘူး.."
လီရွှမ်က ခေါင်းကိုငြိမ့်၏။
ရွှီယန်နှင့် မုန့်ချုံတို့သည် စစ်ဘုရင်တို့ကို သတ်ဖြတ်ရန်အတွက် ထပ်မံထွက်ခွာကြမှာ ဖြစ်သည်။ လီရွှမ်အနေနှင့် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုများကို ရရှိမှာဖြစ်၏။
ထို့အပြင် ရွှီယန်၏ သိုင်းလောကသို့ လှည့်လည်ခြင်းမှာ သူ၏ ဉာဏ်အလင်းပွင့်မှု ရရှိရန်လည်း အထောက်အကူပြု၏။ ဤသည်က လီရွှမ်၏ ခွန်အားကို မြှင့်တင်ရန်အတွက် အကျိုးဖြစ်စေမှာပါ။
"ကျေးဇူးတင်ပါတယ် ဆရာ.."
ရွှီယန်မှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေ၏။
ထိုရတနာနယ်မြေတွင် အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်များ ရှိနေလောက်ပါသည်။ အမှန်တကယ်ကို ဝတ်စုံနက်များသည် လူကို ချမ်းသာစေသည့် အဖွဲ့အစည်းတစ်ခုဖြစ်၏။
ဝတ်စုံနက်များ၏ ရတနာနယ်မြေအပြင် ချန်းလန်ကျွန်းပေါ်ရှိ နတ်ဆိုးအရှင်သခင် ဟော်ထူကိုလည်း ရှင်းလင်းဖို့ လိုအပ်ပါသည် ယခုမျှ ရိုင်းစိုင်းနေခြင်းမှာ အသက်ရှင်ရတာ ပင်ပန်းနေသည်ပင်။
"စီနီယာအစ်ကိုကြီး... ကျွန်တော်တို့တွေ ချန်းလန်ကျွန်းကိုသွားပြီး နတ်ဆိုးအရှင်သခင် ဟော်ထူကို အရင်သွားသတ်ကြမလား။ ဒါမှမဟုတ် ဝတ်စုံနက်တွေရဲ့ စခန်းဆီကို အရင်သွားကြမလား.."
မုန့်ချုံက ချန်ချင်းစံအိမ်မှ ထွက်လာပြီးနောက် မေး၏။
"ချန်းလန်ကျွန်းက အလျှင်မလိုသေးဘူး။ အရင်ဆုံး ဝတ်စုံနက်တွေရဲ့ နေရာစီကို သွားပြီး အဲ့ဒါက သူတို့ရဲ့ စခန်းလားဆိုတာ သေချာအောင်လို့ရမယ်။ အဲ့ဒီ့မှာ ငါတို့တွေ ချမ်းသာကြွယ်ဝမှုတစ်ခု ရနိုင်တယ်"
"ချန်းလန်ကျွန်းကတော့.... နတ်ဆိုးအရှင်သခင် ဟော်ထူကို ရက်အနည်းငယ်လောက် ဆက်ပြီး အသက်ရှင်ခိုင်းလိုက်ဦးမယ်။ ပြီးတော့ နတ်ဆိုးအရှင်သခင် ၉ယောက်ထဲက တစ်ယောက်အနေနဲ့ သူ့ရဲ့ချမ်းသာမှုကလည်း အထင်သေးလို့ မရဘူး.."
"အဲ့တော့ ငါသူ့ကို အလကားတော့ သတ်လို့မဖြစ်ဘူး။ မသတ်ခင်မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ပြင်ခိုင်းထားရမယ်.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြော၏။
နတ်ဆိုးအရှင်သခင် ဟော်ထူမှာ သူ၏ပေါ်လာမှုအတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို သေချာပေါက် ထုတ်လာမှာ ဖြစ်သည်။
ထို့အပြင် ချန်းလန်ကျွန်းပေါ်တွင် နတ်ဆိုးအရှင်သခင် တစ်ယောက်တည်း ရှိမည် မဟုတ်လောက်ပါ။ သူ့ကို သတ်ဖြတ်ချင်နေသည့် လူများအနေနှင့် သက်ဆိုင်ရာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပမာဏတစ်ခုအား ပေးဆောင်ကြမည် ဖြစ်၏။
"နတ်ဆိုးအရှင်သခင် ဟော်ထူမှာ သိုလှောင်အိတ်တစ်ခုများ ရှိမလား မသိဘူး.."
ရွှီယန်က သိလိုစွာ ပြော၏။
နတ်ဆိုးအရှင်သခင် ၉ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အလွန်ကျော်ကြားကာ ရက်စက်ကြမ်းကြုတ်လှရာ ဖြစ်နိုင်သည်မှာ သူ့တွင် ရတနာသိုလှောင်အိတ်တစ်ခု ရှိနေနိုင်၏။
"မတိုက်ခိုက်ခင်မှာ ပစ္စည်းတွေကိုရအောင် တောင်းသင့်တယ်။ ဒါမှ တိုက်ပွဲတွေ ပြင်းထန်လာရင် ပျက်စီးမသွားမှာ.."
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
သူလည်း သိုလှောင်အိတ်တစ်ခုကို ရရှိရန် ကြံစည်နေတာ အချိန်အတော်ကြာပြီး ဖြစ်၏။ သို့ပေမယ့် ယခုအချိန်အထိ မြင်ဖူးခြင်းပင် မရှိသေးပေ။
ထယ်ရှန်းမြို့ရှိ ခြံဝန်းငယ်တစ်ခု၏ အတွင်းတွင် မုန့်ရှူရှူမှာ အလွန် စိတ်လှုပ်ရှားနေ၏။ ကောင်းကင်ဝတ်ရည် ဒန်ဆေးလုံးကို သန့်စင်ပြီးနောက် သူ၏ ကိုယ်ပိုင်ပါရမီ၏ မြင့်တက်လာမှုကို တွေ့လိုက်ရသည်။
ယခုအချိန်၌ ယခင်က နားမလည်ခဲ့သည့် မိသားစုလျှို့ဝှက်အတက်ကို ရုတ်တရက် နားလည်လာခဲ့ပြီးဖြစ်၏။
"ဒါက ဒန်ဆေးလုံးရဲ့ စွမ်းအားပဲ.."
ကောင်းကင်ဝတ်ရည် ဒန်ဆေးလုံးတစ်လုံးသည် သူ၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်း တို့ကို ကြီးစွာမြင့်တက်လာစေခဲ့သည်။
သူ့အနေနှင့် ကောင်းကင်ဝတ်ရည်နှင်းစက် အပင်တစ်ခုလုံးကို စားသုံးလျှင်တောင် ယခုမျှ ထိရောက်မည် မဟုတ်ပါ။
ဆေးပင်များကို ရှာဖွေသည့် မိသားစုမှ မျိုးဆက်တစ်ယောက်အနေနှင့် မုန့်ရှူရှူတွင် ကောင်းကင်ဝတ်ရည်နှင်းစက်၏ အာနိသင်နှင့် ပတ်သက်ပြီး နားလည်မှုအချို့ ရှိပါသည်။
'ပြီးတော့ ကျင့်ကြံခြင်းအတွက် ဒန်ဆေးလုံးတွေလည်း ရှိဦးမှာ မလား။ တကယ်သာ ရှိနေရင် ငါစစ်ဘုရင်အဆင့်ကို မကြာခင်မှာ ချိုးဖျက်နိုင်တော့မယ် မဟုတ်ဘူးလား..'
မုန့်ရှူရှူမှာ အလွန် စိတ်လှုပ်ရှားနေ၏။
'ငါစိတ်ဝိဉာဉ်ဆေးပင်တွေကို ကြိုးစားပြီးတော့ ပိုရှာရမယ်။ ပိုပြီးတော့ စူးစမ်းရှာဖွေ စွန့်စားမှုတွေ လုပ်ရမယ်။ ပိုများများရလေ ပိုကောင်းလေပဲ..'
ထိုအချိန်၌ မုန့်ရှူရှူ၏ နှလုံးသားထဲတွင် မီးတောက်နေပုံပေါ်၏။
"အစ်ကိုကြီး... ကျွန်တော်တို့ သွားလို့ရပြီ.."
မုန့်ချုံ၏ အသံက အပြင်ဘက်မှ ပေါ်လာ၏။
"လာပြီလာပြီ.."
မုန့်ရှူရှူက စိတ်လှုပ်ရှားစွာဖြင့် တံခါးကို ဖွင့်ကာ ထွက်ခွာလာ၏။
"စီနီယာအကိုရွှီ.. ညီလေးမုန့်... မင်းတို့မှာ ကျင့်ကြံခြင်းအတွက် ဒန်ဆေးလုံးလေး ဘာလေးများ ရှိလား.."
စိတ်လှုပ်ရှားကာ တက်ကြွနေသည့် မုန့်ရှူရှူကို တွေ့ရပြီးနောက် မုန့်ချုံက ပြုံးသည်။ သူ့ကို ဆေးပုလင်းတစ်ခုအား ပစ်ပေးလိုက်၏။
"အထဲမှာ ယွမ်ချီဆေးလုံး ရှိတယ်။ ကျင့်ကြံခြင်းမှာ အထောက်အကူ ပြုပေးနိုင်တယ်။ အစ်ကိုကြီး.. ဒီနေ့ကစပြီး မင်းကြိုးစားရမယ်။ ပိုပြီးတော့ ကြိုးစားလေလေ ဆေးလုံးတွေ ပိုရလေပဲ။ ဒီဆေးလုံးတွေက သန့်စင်ဖို့ အရမ်းခက်တာကို မင်းသိတယ်မလား.."
သူက မုန့်ရှူရှူကို ကတိအချို့အား ပေး၏။ ဤသည်က မုန့်ရှူရှူ၏ သွေးများကို ဆူပွက်လာစေသည်။ စိတ်ဝိဉာဉ်ဆေးပင်များကို ချက်ချင်းပင် သွားရောက်ရှာဖွေကာ ခဏတာပင် အနားယူလိုစိတ် မရှိတော့ပေ။
ရွှီယန်က မုန့်ရှူရှူ၏ ပုခုံးကိုပုတ်ကာ ပြော၏။
"ဒန်ဆေးသန့်စင်တာက မလွယ်ကူဘူး... စိတ်ဝိဉာဉ်ဆေးပင် ကုန်ဆုံးမှုကလည်း ကြီးမားတယ်။ ဆေးလုံးတွေရဲ့ အဆင့်မြင့်မားလေလေ ကုန်ဆုံးမှုက ပိုကြောက်စရာကောင်းလေလေပဲ။ ဒါ့ကြောင့်မို့လို့ မင်းကြိုးစားရမယ်။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်နဲ့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေ ပိုရလေ ပိုကောင်းလေပဲ.."
"စိတ်မပူပါနဲ့ စီနီယာအစ်ကိုရွှီ... ဒီနေ့က စတင်ပြီး ကျွန်တော် မုန့်ရှူရှူ ဘယ်တော့မှ အပျင်းမခိုဘူး။ နေ့ရောညရော ကြိုးစားရှာဖွေနေမယ်။ မင်းကို စိတ်မပျက်စေရဘူး.."
မုန့်ရှူရှူက ရင်ဘတ်ကိုပုတ်ကာ စိတ်လှုပ်ရှားစွာပြော၏။
"ကောင်းပြီ... မင်းမှာ ဒီလိုစိတ်မျိုးရှိတာ ငါတကယ်ပဲ ဝမ်းသာတယ်.."
ရွှီယန်က ကျေနပ်စွာ ခေါင်းငြိမ့်ပြီးနောက် ပြောသည်။
"ငါမင်းကို အထူးကမ်းလှမ်းချက် တစ်ခုပေးမယ်။ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်အတွက် ယွမ်ချီဆေးလုံး တစ်ပုလင်းရမယ်။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ၃ခုအတွက် ကောင်းကင်ဝတ်ရည်ဆေးလုံးနဲ့ အဆင့်တူတဲ့ ဆေးလုံးတစ်လုံးကို ရမယ်.."
"ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကိုရွှီ.."
မုန့်ရှူရှူမှာ အလွန် စိတ်လှုပ်ရှားနေ၏။
"သွားကြရအောင်... ရတနာနယ်မြေ ဘယ်မှာလဲ။ ငါတို့တွေ အခုပဲ သွားကြမယ်.."
ရွှီယန်က လက်ကိုရမ်းသည်။
"ကောင်းပြီ။ နောက်ကလိုက်ခဲ့... ရတနာနယ်မြေက ဒီကနေ တော်တော်လေး ဝေးသေးတယ်။ အဲ့ဒါက ယန်နိုင်ငံရဲ့ နယ်စပ်မှာရှိတာ..."
၃ယောက်သားသည် ထယ်ရှန်းမြို့မှ ထွက်ခွာပြီး ဝတ်စုံနက်များ သိမ်းပိုက်ထားသည့် ရတနာနယ်မြေဆီသို့ ဦးတည်ခဲ့ကြ၏။
ချီနိုင်ငံ၏ နယ်စပ်တွင် လီရွှမ်၏ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်မှုနှင့် ရွှီမိသားစု၏ အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းမှုတို့ကြောင့် စွန့်ပစ်ဒေသ၏ သိုင်းသမားများအားလုံး သူတို့ နေထိုင်သည့်နေရာမှာ သိုင်းပညာမရှိသည့် စွန့်ပစ်ဒေသတစ်ခုသာ ဖြစ်ကြောင်းကို နားလည်လာကြသည်။
သူတို့သည် ပိုမိုသိရှိလေလေ သိုင်းသူတော်စင်အပေါ်၌ ပိုမိုကျေးဇူးတင်လေ ဖြစ်လာခဲ့၏။ ဤသည်မှာ စွန့်ပစ်ဒေသ၏ သူရဲကောင်း ဖြစ်သည်။ သဟွ(စွန့်ပစ်ဒေသ) ဆီသို့ စစ်မှန်သည့် သိုင်းပညာကို သယ်ဆောင်လာပြီး သဟွရှိ လူများ၏ ဘဝကို ပိုမို မြင့်တက်လာစေသည်။
ရွှီကျွင်းဟယ်က အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခဲ့ပေမယ့် ရွှီမိသားစုတွင် စောင့်ကြပ်နေသူ မည်သူမှ မကျန်ရစ်ခဲ့သည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သဟွ၏ သိုင်းလောက မြင့်မြတ်နယ်မြေအနေနှင့် သိုင်းသမားများ ရှိနေရန် လိုအပ်သေး၏။
သဟွရှိ သိုင်းပညာ ကျင့်ကြံသူများကို ညွှန်ကြားချက်တို့ ပေးစွမ်းကာ သိုင်းသမားများ၏ နှလုံးသားကို စုစည်းရပေမည်။