တောင်နှင့်မြစ် ဓားတာအို၏ အကြီးစားကျွမ်းကျင်မှု၊ မိတ်ဆွေဟောင်း
Vol. 19 Ch. 282
မုန့်ရှူရှုက တံတွေးများကို မျိုချကာ သူ၏ ဦးရေပြားများ ထုံထိုင်းလာသည်ဟု ခံစားရ၏။ ချန်းလန်ကျွန်းပေါ်တွင် နတ်ဆိုးအရှင်သခင် ဟော်ထူအပြင် အခြားစစ်ဘုရင်များ ရှိနေသည်လား။
"စစ်ဘုရင်အဆင့် ဘယ်နှစ်ယောက်ရှိလဲ မသိဘူး.."
ထိုစကားအရ ရွှီယန်သည် ထိုသူတို့အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လို့လား။
'မဟုတ်သေးဘူး။ သူနဲ့အတူ မုန့်ချုံလည်း ပါသေးတယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် အရမ်းကိုအန္တရာယ်များလွန်းနေမှာ'
"စီနီယာအကိုရွှီ... အဲ့ဒီ့မှာ အထွတ်အထိပ်စစ်ဘုရင် တစ်ယောက်ထက်ပိုပြီး ရှိနေရင် ဘယ်လိုလုပ်မလဲ.."
မုန့်ရှူရှူက သတိပေး၏။
ရွှီယန်က သူ့ကို ထူးဆန်းစွာကြည့်ပြီး ပြောသည်။
"ငါ.. အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အကြောင်းက ပျံ့နှံ့နေတာ ကြာပြီ။ သူတို့တွေ ငါ့ကိုဝိုင်းပြီးတော့ သတ်ချင်တယ်ဆိုရင် အထွတ်အထိပ် စစ်ဘုရင်တွေကိုပဲ စစ်ကူခေါ်မှာပေါ့.."
"အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ထက် ပိုပြီး ရှိနေမှာ ပုံမှန်ပဲ မဟုတ်ဘူးလား.."
မုန့်ရှူရှူ၏ ပါးစပ်က ပွင့်ဟနေ၏။ မည်သည်ကို ပြောရမည်အား မသိနိုင်အောင် ရှိနေပါသည်။
လက်စသတ်တော့ ရွှီယန်သည် ချန်းလန်ကျွန်းပေါ်တွင် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ထက် ပိုမိုကာ ရှိနေမှာ ဖြစ်မည်ဟု ကြိုတွက်ထားပြီး ဖြစ်၏။
ပါးစပ်ဟသည်နှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို တောင်းဆိုခဲ့တာ အံ့သြစရာ မရှိပေ။
"အရင်ဆုံး ပြန်ကြရအောင်။ စိတ်ဝိဉာဉ် ဆေးပင်တွေကို ဂျူနီယာညီမလေးဆီ လက်လွှဲပြီးတော့မှပဲ ချန်းလန်ကျွန်းဆီကို သွားတာပေါ့.."
ရွှီယန်က တက်ကြွစွာ ပြုံး၏။ ၃ယောက်သား လန်းဖင်စီရင်စုဆီသို့ ထွက်ခဲ့ကြသည်။
ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့၏ စီမံမှုအောက်တွင် ထယ်ရှန်းမြို့ရှိ ချန်ချင်းစံအိမ်မှာ တဖြည်းဖြည်း နာမည်တစ်ခု ရလာခဲ့၏။ ဆေးလုံးများကို ကြေငြာပြီးခြင်း မရှိသေးလျှင်တောင် ဖြစ်သည်။
သူတို့သည် ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေရန်ဟူ၍ ဆေးလုံးအချို့ကိုသာ စတင်ရောင်းချ၏။ သို့ပေမယ့် ထယ်ရှန်းမြို့က အလွန်ဆင်းရဲပါသည်။ လူနည်းစုသာလျှင် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို အသုံးပြုကာ ဆေးလုံးများကို ဝယ်ယူရန်တတ်နိုင်၏။
ထို့အပြင် သိုင်းသမား အများစုတို့မှာ ထန်းပေါင်စံအိမ်မှသာ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝယ်ယူလေ့ရှိသည်။
ရွှီကျွင်းဟယ်က အလျှင်လိုခြင်း မရှိပါ။ သူသည် ချီနှင့်သွေးဆေးလုံး၊ အရိုးသန့်စင်ခြင်းဆေးလုံး အစရှိသော သာမန် အဖိုးတန်ဆေးပင်များကို အသုံးပြုကာ ဖန်တီးနိုင်သည့် အခြေခံကျင့်ကြံမှုအတွက် အထောက်အကူပြု ဆေးလုံးများကို စတင် စုဆောင်းသည်။
တစ်ချိန်တည်းတွင် ထယ်ရှန်းမြို့ရှိ အဆုံးမဲ့တောင်များ၏ အနီးရှိ ရွာများဆီသို့ လူလွှတ်ကာ သဟွ၏ သဘောတရားနှင့် အခြေခံသိုင်းပညာတို့ကို တိတ်တဆိတ် သင်ကြားပေး၏။
ထယ်ရှန်းမြို့တွင် သိုင်းပညာကျင့်ကြံခြင်းမှာ အထက်တန်းကျနေဆဲ ရှိသည်။ သိုင်းပညာကို ကျင့်ကြံလိုသည့် လူများစွာတို့သည် ကျင့်ကြံခြင်းအတတ်နှင့် အရင်းအမြစ်တို့ ရှားပါးမှုကြောင့် နောင်တရစွာဖြင့် သေဆုံးခဲ့ရ၏။
ရွှီကျွင်းဟယ်က ထိုလူများအကြားတွင် သိုင်းပညာကို စတင်ဖြန့်ကျက်သည်။ သူသည် ဆေးလုံးများကိုပင် လှူဒါန်းကာ သဟွ၏ စိတ်ကူးစိတ်သန်းတို့ကို မိတ်ဆက်ပေးပြီး အတွင်းဘက်နယ်မြေမှာ ၎င်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်းကို ရှင်းပြသည်။
သူတို့၏ ယုံကြည်မှုက တဖြည်းဖြည်းနှင့် အတွင်းဘက်နယ်မြေမှ သဟွဟူ၍ ပြောင်းလဲလာခဲ့၏။ ထိုဖြန့်ကျက်မှုနှင့်အတူ ထယ်ရှန်းမြို့ရှိ တောတောင် ရွာငယ်များမှ လူငယ်များသည် သဟွသိုင်းပညာကို တိတ်ဆိတ်စွာဖြင့် စတင် ကျင့်ကြံခဲ့ကြသည်။
သူတို့အားလုံး အထွတ်အထိပ် သဟွသိုင်းဘိုးဘေးကို ရိုသေလေးစားကြ၏။ ရွှီကျွင်းဟယ်ဆိုလျှင် လူရှာကာ သဟွ၏ အထုပ္ပတ္တိကို ရေးဆွဲပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စတင်ခြင်းအကြောင်း ဒဏ္ဍာရီများကို ဖန်တီးကာ သဟွ၏ စစ်မှန်သည့် လက်ဆင့်ကမ်းမှုကို ပုံဖော်ခဲ့သည်။
လီရွှမ်က အထုပ္ပတ္တိကို လှန်လှောရင်းက မကြာခဏ ခေါင်းငြိမ့်သည်။ ရွှီကျွင်းဟယ်မှာ အမှန်တကယ်ကို ပါးနပ်လှပါသည်။ အတွင်းဘက်နယ်မြေသို့ ဖြေညှင်းစွာ ထိုးဖောက်စိမ့်ဝင်၏။
ထိုအထုပ္ပတ္တိသည် သမိုင်းဒဏ္ဍာရီတစ်ခုထဲသို့ ရှိနေပြီး အထွတ်အထိပ်သို့ ရောက်ရှိကာ ဂရုဏာတရား ကြီးမားသည့် သဟွသိုင်းဘိုးဘေးဖြစ်သည့် သူ့ကို အဓိကထားလေသည်။
ရွှီကျွင်းဟယ်၏ ဒီအထုပ္ပတ္တိကို ရေးရန် ဉာဏ်ပညာတို့ကို ရွှီယန်၏ ဒဏ္ဍာရီများအပေါ် ရူးသွပ်မှုနှင့် သိုင်းပညာအပေါ် မနားတမ်း လိုက်လံရှာဖွေ ခဲ့မှုတို့မှ စိတ်ကူး ရရှိလာသည်ဟု လီရွှမ် သံသယဝင်မိသည်။
ဒီအထုပ္ပတ္တိအား ယုံကြည်မှုရှိကာ သဟွသိုင်းပညာကို ကျင့်ကြံပါက ပိုမိုတက်ကြွစွာ ကြိုးစားအားထုတ်ပြီး ထိုအထဲရှိ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များနှင့် ဒဏ္ဍာရီများကို မျှော်လင့်အောင် ဖြစ်စေ၏။
ဒီအထုပ္ပတ္တိအတွက် လီရွှမ်ဆီကလည်း ညွှန်ကြားချက်အချို့ကို ပေးခဲ့၏။
ဥပမာအားဖြင့် အမှောင်ကာလ၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ပြိုလဲခြင်း၊ ဘိုးဘေး၏ လောကကို ကယ်တင်ခြင်းနှင့် ခေတ်အားလုံးတို့ကိုတစ်ယောက်တည်းနှင့် အုပ်စိုးခြင်း... အစရှိသဖြင့် ပါဝင်သည်။
'ကောင်းတယ်... ဒီငါ့ရဲ့ သဟွသိုင်းဘိုးဘေး အကြောင်းက တကယ့်ကို ကြည့်လိုက်တာနဲ့ ထည်ဝါတယ်။ ငါက သိုင်းသမားတွေရဲ့ နှလုံးသားထဲက ယုံကြည်ရာပဲ။ ငါ့ရဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်အောင်လို့ ပိုပိုပြီးတော့ စွမ်းအားကြီးတဲ့ သိုင်းပညာတွေကို ဖန်တီးရမယ်..'
လီရွှမ်လည်းပဲ စိတ်အားထက်သန်စွာ ခံစားလာရ၏။ သဟွကို ဖတ်ရှု့ရင်းမှ ပိုမိုကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်၌ ရွှီကျွင်းဟယ်က ထန်းပေါင်စံအိမ်၏ မန်နေဂျာကို ထန်းပေါင်စံအိမ်၏ လမ်းကြောင်းများအား အသုံးပြုပြီး သဟွ၏ အထုပ္ပတ္တိအား အတွင်းဘက်နယ်မြေ၏ နေရာတိုင်းဆီသို့ ဖြန့်ကျက်ရန် လှည့်ဖျားကာ တိုက်တွန်းနေ၏။
၎င်းကို ထန်းပေါင်စံအိမ်က ဒဏ္ဍာရီပုံပြင်တစ်ခု သဖွယ် အမည်ဖြင့် ရောင်းချမည် ဖြစ်သည်။ သို့ပေမယ့် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများအကြားတွင် မည်သူက ထိုကဲ့သို့သော ပုံပြင်မျိုးကို ဖတ်ရှု့မည်လဲ။
ရလဒ်အနေနှင့် ဉာဏ်များသည့် ရွှီကျွင်းဟယ်က အထုပ္ပတ္တိအတွင်းတွင် ရတနာများနှင့် အနှိုင်းမဲ့သည့် သိုင်းပညာတို့အား ကွယ်ဝှက်ထားသည်ဟူသည့် ဒဏ္ဍာရီတစ်ခုကို ဖန်တီးလေသည်။
လူတစ်ယောက်သာ လျှို့ဝှက်ချက်ကို ဖော်နိုင်ပါက အတွင်းဘက်လောက၏ ထိပ်ဆုံးတွင် သေချာပေါက် ရပ်တည်နိုင်မှာ ဖြစ်၏။ ထပ်မံပြီး ချီစုဆောင်းခြင်း ဆေးလုံးကို ပေးကာ ထန်းပေါင်စံအိမ်၏ မန်နေဂျာအား အရူးလုပ်သည်။
သူသည် ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်မှ ဆေးပင်များ ထောက်ပံ့မှုနှင့် ချီစုဆောင်းခြင်း ဆေးလုံးများကို သန့်စင်ကာ အတွင်းဘက်နယ်မြေရှိ နေရာတိုင်းသို့ ဖြန့်ဝေပိုင်ခွင့် အကြောင်းတို့အားလည်း အကြမ်းဖျင်း သဘောတူညီချက် ရခဲ့၏။
ဤသည်မှာ ဆရာသခင် တစ်ယောက်က ဖန်တီးခဲ့ပြီး ကျင့်ကြံခြင်းတွင် အထောက်အကူပြုသည့် ထူးကဲသည့် အာနိသင်နှင့် ဆေးလုံးဖြစ်သည်။
လီရွှမ်က မနေနိုင်ဘဲ ရွှီကျွင်းဟယ်၏ အရည်အချင်းအတွက် လေးစားမိ၏။ ထန်းပေါင်စံအိမ်၏ မန်နေဂျာက ချီစုဆောင်းခြင်း ဆေးလုံး၏ အံ့သြစရာကောင်းသည့် အာနိသင်ကို ကြုံတွေ့ပြီးနောက် နောက်တစ်နေ့တွင်ပင် သူတို့ဆီသို့ လာရောက်ခဲ့သည်။
သူသည် ဆေးဖော်မြူလာကို ဝယ်ယူလို၏။ သို့ပေမယ့် ရွှီကျွင်းဟယ်က ဆေးဖော်မြူလာ တစ်ဝက်ကိုသာ ပေးကာ ဒီဆေးလုံးအား လေ့လာရာတွင် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ရပြီး အကျိုးအမြတ်များပင် မရှာနိုင်သေးကြောင်းအား ရှင်းပြ၏။
သူ့အနေနှင့် ထန်းပေါင်စံအိမ်၏ လမ်းကြောင်းကို မှီခိုကာ အတွင်းဘက်နယ်မြေ တစ်ခုလုံးသို့ ဖြန့်ကျက်လိုကြောင်းအား ဆိုလေသည်။ သူသည် ချန်ချင်းစံအိမ်အား တည်ထောင်ခြင်း၏ အရွယ်ချက်အား ဖြည့်တင်းလို၏။
ထန်းပေါင်စံအိမ်၏ မန်နေဂျာလည်း ရွှီကျွင်းဟယ်၏ အလွန်ရက်ရောပုံကို တွေ့ရပြီး ဆေးဖော်မြူလာတစ်ဝက်အား တစ်ခါတည်း ရရှိခဲ့ရာ အများကြီး စဉ်းစားမနေဘဲ ချက်ချင်း သဘောတူခဲ့သည်။
ချီစုဆောင်းခြင်း ဆေးလုံးများအား ရောင်းချပေးမည်ဖြစ်ပြီး အကျိုးအမြတ်ကို ၃၀/၇၀ခွဲ၏။ ချန်ချင်းစံအိမ်က ၇၀%ရပြီး ထန်းပေါင်စံအိမ်က ၃၀%ရသည်။
ဘာပဲဖြစ်ဖြစ် ချန်ချင်းစံအိမ်ကို လည်ပတ်စေရန်မှာ လွယ်ကူခြင်း မရှိပေ။ သူတို့တွင် ဆေးဖော်မြူလာတစ်ဝက်လည်း ရရှိနေပြီး ဖြစ်၏။ ကျန်ရှိသည့် တစ်ဝက်ကို ချန်ချင်းစံအိမ်၏ အရင်းအနှီးသို့ ပြန်လည်ဖြည့်တင်ပြီးမှသာလျှင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။
ထန်းပေါင်စံအိမ်သည် အလွန် ဂုဏ်သတင်းမြင့်မားပြီး ယုံကြည်ချက်လည်း အလွန်ရှိ၏။ အခြား စီးပွားရေးသမားများနှင့် လုပ်ငန်း လုပ်ဆောင်သည့်အခါ မည်သည့် ရိုင်းပြမှုမှ ပြသခြင်း မရှိပါ။
ထို့ကြောင့်သာလျှင် အတွင်းဘက်နယ်မြေ၌ နာမည်ကောင်းဖြင့် ရပ်တည်နိုင်ခြင်း ဖြစ်၏။ သူတို့သည် ဘယ်တုန်းကမှ ဆိုးရွားသည့် ဂုဏ်သတင်းမျိုး မရှိခဲ့ပေ။
လီရွှမ် စိတ်ကူးကြည့်နိုင်၏။ မကြာခင်တွင် ချီစုဆောင်းခြင်း ဆေးလုံးသည် အတွင်းဘက်နယ်မြေ တစ်ခုလုံး၌ ကျော်ကြားလာမှာ ဖြစ်သည်။ ထိုအတွက် ထန်းပေါင်စံအိမ်၏ လမ်းကြောင်းများအား ကျေးဇူးတင်ရပေမည်။
သိုင်းသခင်အဆင့် သိုင်းသမားများ အများအပြား ဝယ်ယူကြမှာ ဖြစ်၏။
ထိုအခါ ချန်ချင်းစံအိမ်၏ အမည်လည်း အတွင်းဘက်နယ်မြေတလျှောက် ပျံ့နှံ့သွားမှာ ဖြစ်သည်။ စိတ်ဝိဉာဉ်ဆေးပင်များနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများအပြားကို အကျိုးအမြတ် ရနိုင်မည် ဖြစ်၏။
ထန်းပေါင်စံအိမ်ကို ပေးမည့် ဆေးဖော်မြူလာမှာတော့ ဘာအရေးနည်း။ သူတို့တွင် ဆေးဖော်မြူလာရှိလျှင်တောင် နည်းလမ်းမရှိဘဲ ချီစုဆောင်းခြင်း ဆေးလုံးကို မည်ကဲ့သို့ သန့်စင်နိုင်မည်နည်း။