အားများစွာ စိုက်ထုတ်ရခြင်းမရှိဘဲ သေကုန်ကြခြင်း
Vol. 19 Ch. 284
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က စိတ်လှုပ်ရှားနေသည့် ညီအစ်ကိုနှစ်ယောက်တို့ကို ကြည့်သည်။ ပြောစရာစကားမဲ့စွာ ခံစားရ၏။
သူတို့ပြောနေသည်မှာ အထွတ်အထိပ် စစ်ဘုရင်များ ဖြစ်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် ထိုလူများသည် အလွန် အားအင်ချိနဲ့ နေသည်လား။ ပိုးကောင်တစ်ကောင်ကဲ့သို့ အလွယ်တကူ ရိုက်နှက်သတ်ဖြတ်နိုင်သည့် အရာလေလား...
"အကိုရှဲ့... အခြား အထွတ်အထိပ် စစ်ဘုရင်တွေက ဘယ်သူတွေလဲ။ နတ်ဆိုးဂိုဏ်းကလား။ ဒါမှမဟုတ် ဝတ်စုံနက်တွေရဲ့ အဖွဲ့ကလား.."
ရွှီယန်က သိလိုစွာ မေးသည်။
နတ်ဆိုးအရှင်သခင် ဟော်ထူအပြင် အခြား ပူးပေါင်းပါဝင်နိုင်မည့် အထွတ်အထိပ် စစ်ဘုရင်မှာ ဝတ်စုံနက်ဂိုဏ်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်များ သို့မဟုတ် နတ်ဆိုးဂိုဏ်းမှ ဖြစ်လောက်မှာပါ။
ထိုအဖွဲ့နှစ်ခုမှ လွဲ၍ ရွှီယန်အနေနှင့် သူ့ကို အငြိုးကြီးစွာ ဝိုင်းဝန်းတိုက်ခိုက်လိုသည့် အခြားအဖွဲ့အစည်းကို စဉ်းစားနိုင်ခြင်း မရှိပေ။
သူတို့သည် ဝတ်စုံနက်အဖွဲ့မှ အထွက်အထိပ်စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ပြီးခဲ့တာ မကြာသေးပေ။
နောက်ထပ် ထိုအဖွဲ့မှ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်သာ ချန်းလန်ကျွန်းတွင် ရှိနေပါက ထိုလူကို ရှင်းလင်းလိုက်လျှင် အဖွဲ့အစည်း၏ အမြင့်ပိုင်း ခွန်အားကို သိသာစွာ ထိခိုက်စေမှာပါ။
"ဝတ်စုံနက်အဖွဲ့က ဖြစ်မယ်ထင်တယ်.."
ရှဲ့လင်ဖုန်းက လေးနက်စွာ ပြော၏။
"ငါ... ဓားသခင် ချောက်ကမ်းပါးရဲ့ သတင်းလမ်းကြောင်း အချို့ကို အသုံးပြုခဲ့တယ်။ ဒါပေမယ့် ဝတ်စုံနက်တွေက ဘယ်အဖွဲ့ကလဲ ဆိုတာကို ရှာမတွေ့သေးဘူး။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် သူတို့တွေက နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေပြီး အထင်သေးလို့ မရတဲ့ အင်အားစုတစ်ခုဆိုတာကို ပြသနေတယ်.."
ရွှီယန်၏ မျက်နှာက တင်းမာသွားပြီး အေးစက်စွာပြော၏။
"သူတို့ရဲ့ အထွတ်အထိပ် စစ်ဘုရင်တွေကို အများအပြားသတ်ပြီးရင် အစစ်အမှန်ပုံရိပ်ကို ပြသလာမလားဆိုတာ ကြည့်တာပေါ့။ သူတို့ဆီမှာ အသတ်ခံဖို့ အထွတ်အထိပ် စစ်ဘုရင် ဘယ်နှစ်ယောက် ရှိမှာလဲ.."
"ချန်းလန်ကျွန်းကို သွားကြရအောင်။ ဒါပေမယ့် အဲ့ဒီ့မတိုင်ခင် နတ်ဆိုးအရှင်သခင် ဟော်ထူကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ငွေပေးချေ ခိုင်းရမယ်.."
ရွှီယန်က ပြော၏။ သူ၏လက်နှင့် သင်္ကေတလုပ်ပြသည်။
၄ယောက်သားသည် ထယ်ရှန်းမြို့မှ ထွက်ခွာပြီး ချန်းလန်ကျွန်းဆီသို့ ဦးတည်ခဲ့၏။ သို့ရာတွင် လန်းဖင်စီရင်စု၌ သတင်းတစ်ခု ဖြန့်ကျက်ခဲ့လေသည်။ ချန်းလန်ကျွန်းဆီသို့ ပျံ့နှံ့စေ၏။
နတ်ဆိုးအရှင်သခင် ဟော်ထူသာ ရွှီယန်နှင့် ချန်းလန်ကျွန်းပေါ်တွင် တိုက်ခိုက်လိုပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ပြင်ဆင်ထားပြီး ပိုင်ဆိုင်မှုအားလုံးတို့ကို ချန်းလန်ကျွန်းပေါ်သို့ ရွှေ့ပြောင်းထားရမည် ဖြစ်သည်။
မဟုတ်ပါက ရွှီယန်အနေနှင့် တိုက်ခိုက်မှုကို လက်ခံမည်မဟုတ်ပေ။
ထိုသတင်း ထွက်ပေါ်လာပြီးနောက် အတွင်းဘက်နယ်မြေမှ သိုင်းသမားအားလုံးတို့ အံသြမှင်သက်ကုန်ကြသည်။
ဤသည်က ဖြစ်နိုင်သေးသည်လား။
ရွှီယန်၏ ရှင်းပြချက်အရ ချန်းလန်ကျွန်းမှာ ဖျက်ဆီးခြင်း ခံထားရတာ ဖြစ်ပေလိမ့်မည်။ ဤသည်က သူ့ကိုကြီးမားသည့် ဆုံးရှုံးမှုတို့အား ဖြစ်ပေါ်စေ၏။ ချန်းလန်ကျွန်းကို ပြန်လည် အနိုင်ယူနိုင်လျှင်တောင် ထိုဆုံးရှုံးမှုများကို ဖြည့်တင်းနိုင်မည် မဟုတ်ပါ။
နတ်ဆိုးအရှင်သခင် ဟော်ထူအနေနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို တိုက်ခိုက်မှု အခကြေးငွေအဖြစ် ပေးကာ ပိုင်ဆိုင်မှုအားလုံးတို့အား ချန်းလန်ကျွန်းပေါ်သို့ ရွှေ့ပြောင်းမှသာလျှင် ရွှီယန်အနေနှင့် လာရောက် ရင်ဆိုင်ပေးမည် ဖြစ်သည်။
ချန်းလန်ကျွန်းပေါ်တွင် ကြမ်းကြုတ်သည့် အသွင်အပြင်နှင့် ဆံပင်နီများရှိသည့် နတ်ဆိုးအရှင်သခင် ဟော်ထူက ဒေါသတို့ဖြင့် ပြည့်နက်နေ၏။
"ဒီခွေးကောင်က တော်တော်လေး မလေးမခန့်လုပ်တာပဲ.."
တစ်ဖက်လူသည် သူ့ဆီမှ တိုက်ခိုက်မှု အခကြေးငွေကို ပြောင်ပြောင်တင်းတင်းပင် တောင်းဆိုလာ၏။ ထို့အပြင် သူ၏ပိုင်ဆိုင်မှု အားလုံးတို့ကိုလည်း ချန်းလန်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရမည်ဟု ဆိုလေသည်။ ထိုအခါမှသာ တိုက်ခိုက်ရန် သဘောတူမည် ဖြစ်၏။
ထို့အပြင် ဒီကောင်သည် ကိုယ့်ကိုယ်ကို အဟုတ်ထင်နေပြီး ရှက်ရွံ့စွာ ခံစားရခြင်း လုံးဝမရှိပေ။ သူ၏ နာမည်နှင့် ဂုဏ်သိက္ခာ ကျဆင်းသွားမည့် လက္ခဏာရပ် တို့ကိုလည်း ဂရုစိုက်ဟန် မရှိပါ။
နတ်ဆိုးအရှင်သခင် ဟော်ထူကို ပိုမိုကာပင် ဒေါသထွက်စေသည်မှာ အတွင်းဘက်နယ်မြေမှ သိုင်းလောကသားများက ရွှီယန်၏ ထိုအကြောင်းပြချက် ပေးကာ ငြင်းဆန်မှုကို ဉာဏ်ပညာရှိသည့် အပြုအမူဟု ပြောဆိုကြခြင်း ဖြစ်သည်။
သူတို့သည် ရွှီယန်ကို မှန်ကန်စွာ အကွက်ရွှေ့တတ်ပြီး ပါရမီပြည့်စုံ... အလားအလာကောင်းသည့် လူငယ်တစ်ယောက်ဟု မှတ်ချက်ပြုကြ၏။
ယခုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် စွမ်းအားကြီးမားသည့် ပါရမီ ရှိလေသည်။ ဒီအချိန်၌ အညွန့်တက်နေချိန်တွင် နာမည်ကျော်ကြားသည့် နတ်ဆိုးအရှင်သခင် ဟော်ထူကို တိုက်ခိုက်မှုမှ ရှောင်ကြဉ်ခြင်းမှာ အရှက်ရစရာ ဘာမှမရှိပေ။
ဤသည်က နတ်ဆိုးအရှင်သခင်ကို အလွန်ဒေါသထွက်စေပြီး သူသည် ချန်းလန်ကျွန်း တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက် ချင်မိသည်။
သို့ရာတွင် ရွှီယန်သာ တိုက်ခိုက်ရန် ငြင်းဆန်ပါက ဟော်ထူအနေနှင့် မည်သည်မှ လုပ်နိုင်ခြင်း မရှိပေ။ သူက ရွှီယန်ကို လိုက်ရှာကာ တိုက်ခိုက်လိုလျှင်တောင် မဖြစ်နိုင်ပါ။ ထိုကဲ့သို့သာ ရှာနိုင်မည်ဆိုပါက ချန်းလန်ကျွန်းပေါ်သို့ပင် လာရောက်နေထိုင်နေမည် မဟုတ်ပေ။
"သူ့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်.."
နတ်ဆိုးအရှင်သခင် ဟော်ထူ၏ နောက်တွင် ရပ်နေသည့် ဝတ်စုံနက်နှင့်လူက ပြော၏။
"ငါ့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ယူဖို့အတွက် လူတိုင်းက အဆင့်မှီ မနေဘူး။ မင်းတို့တွေ သူ့ကို သတ်ချင်ရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ကိုယ့်ဘာသာထုတ်.."
နတ်ဆိုးအရှင်သခင် ဟော်ထူက အေးစက်စွာ ပြောသည်။
"ငါတို့ ထုတ်ပေးလို့ရတယ်.."
ဝတ်စုံနက်က ခေါင်းငြိမ့်၏။
"ယင်ကျွယ်... မင်းက ယင်လုံ့စံအိမ်ရဲ့ လက်ထောက်တာဝန်ခံပဲ။ ဒီကိစ္စမှာ မင်းကိုယ်တိုင် ပါဝင်လာတယ်ဆိုတော့ ဒီရွှီယန်နဲ့ နက်ရှိုင်းတဲ့ ရန်ကြွေးတစ်ခု ရှိရမယ်မလား.."
နတ်ဆိုးအရှင်သခင် ဟော်ထူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး မေးသည်။
"ဟော်ထူ... မင်းမသိသင့်တဲ့ အရာကို မမေးနဲ့။ မပြောသင့်တဲ့ အရာကိုလည်း အလွယ်တကူ မပြောမိစေနဲ့။ မဟုတ်ရင် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလိမ့်မယ်.."
ယင်ကျွယ်၏ အကြည့်က ရေခဲကဲ့သို့ အေးစက်သွားပြီးပြော၏။
"ဟန့်.."
နတ်ဆိုးရှင်သခင် ဟော်ထူက နှာခေါင်းရှုံ့သည်။
"မင်းရဲ့နောက်မှာ ယင်လုံ့စံအိမ်ရဲ့ မကောင်းဆိုးဝါးအိုကြီး ရှိနေလို့သာ မဟုတ်ရင် ငါက အတူတူ အလုပ်လုပ်ဖို့ သဘောတူမယ် ထင်လား.."
"ဟော်ထူ... မင်းရဲ့စကားလုံးတွေကို ဉာဏ်ပညာရှိရှိရွေးချယ်ဖို့ ငါအကြံပေးတယ်.."
ယင်ကျွယ်က အေးစက်စွာ သတိပေး၏။
"ဟန့်.."
ဟော်ထူက နှာခေါင်းရှုံ့သည်။ သူ၏ မျက်လုံးများထဲ၌ အကြောက်တရားတစ်ခု ဖြတ်သန်းသွား၏။
အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်သည့် သူပင်လျှင် ယင်လုံ့စံအိမ်၏ သခင်အကြောင်းကို တွေးမိလိုက်ချိန်၌ ထိတ်လန့်သည့် ခံစားချက်တစ်ခုကို ရရှိဆဲဖြစ်သည်။ အလွန် ကြောက်ဖို့ကောင်းလှ၏။
"ရွှီယန်ကို ပြောလိုက်။ ငါဟော်ထူ သူ့ကို ချန်းလန်ကျွန်းမှာ စောင့်နေမယ်လို့။ ချန်းလန်ကျွန်းပေါ်မှာ ငါ့ရဲ့ ရတနာတွေ သိမ်းထားတဲ့ မြေပုံတစ်ခုနဲ့ စောင့်နေတယ်.."
နတ်ဆိုးအရှင်သခင် ဟော်ထူက အေးစက်စွာ ပြောသည်။
သူက ယင်ကျွယ်ကို ကြည့်သည်။ ထို့နောက် အနောက်တွင် ရပ်နေသည့် ဝတ်စုံနက်နှင့် လူကို ကြည့်၏။
ဤသည်မှာ ယင်လုံ့၏ စောင့်ရှောက်သူများထဲမှ တစ်ယောက် ဖြစ်သည်။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်၏။
သူ၏အကြည့်က ချန်းလန်မြစ်ပေါ်သို့ ကျရောက်သွားသည်။ ရေအောက် တစ်နေရာရာတွင် လူတစ်ယောက် ပုန်းအောင်းနေဟန် ရှိ၏။
ယင်လုံ့စံအိမ်၏ လက်ထောက်တာဝန်ခံသည် စောင့်ရှောက်သူနှစ်ယောက်နှင့် ရောက်လာခဲ့၏။
နတ်ဆိုးအရှင်သခင် ဟော်ထူနှင့် ပေါင်းလိုက်ပါက စုစုပေါင်း လူငယ်တစ်ယောက်ကို သတ်ဖြတ်ရန်အတွက် အထွတ်အထိပ် စစ်ဘုရင်၄ယောက် ရှိပါသည်။
ထိုကဲ့သို့သော အခြေအနေမှာ အတွင်းဘက်နယ်မြေ၏ သိုင်းလောကတွင် ဘယ်တုန်းကမှ ပေါ်ပေါက်လာဖူးခြင်း မရှိပါ။
သို့ရာတွင် သူတို့အားလုံးသည် ရွှီယန်၏ အလားအလာမှ ကြီးမားသည့် ကဒ်ဘေးတစ်ခုကို ကြောက်ရွံ့နေကြ၏။
စွမ်းအားတို့ ပြည့်စုံစွာ မြင့်တက်မလာသေးခင်တွင် ရှင်းပစ်ရမည် ဖြစ်ကြောင်းကို နားလည်ပါသည်။ မဟုတ်ပါက အဆုံးမသတ်နိုင်သည့် ပြဿနာများ ပေါ်ပေါက်လာမှာ သေချာ၏။
သို့ရာတွင် ယင်လုံ့စံအိမ်၌ အခြား ရည်ရွယ်ချက်တို့ ရှိနေသည့်ပုံ ရှိသည်။ လူတစ်ယောက်ကို ရှာနေဟန် ရှိ၏။
ကြည့်ရတာ ယင်လုံ့စံအိမ်၏ သခင်ဆီမှ အမိန့် ဖြစ်နိုင်သည်။
ဒီအချိန်အတွင်းတွင် ချန်းလန်ကျွန်းမှာ စွမ်းအားကြီး သိုင်းသမားများစွာတို့၏ အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ နာမည်ကျော်ကြားသည့် နတ်ဆိုးအရှင်သခင် ဟော်ထူက ဂုဏ်သတင်း မြင့်တက်လာနေသည့် ပါရမီရှင် ရွှီယန်ကို စိန်ခေါ်ခဲ့၏။
သိုင်းလောကတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဘယ်တုန်းကမှ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိပါ။ ရွှီယန်၏ ပုံပြင်က ကျယ်ပြန့်စွာ ဖြန့်ကျက်လာပြီး သူ၏ ခုနှစ်စင်ကြယ်အကယ်ဒမီမှ စင်မြင့်၉ခုတို့အား ဖြတ်ကျော်ခဲ့ပုံ၊ သိုင်းသခင်များအား အနိုင်ယူခဲ့ပုံနှင့်... အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင် နှစ်ယောက်တို့အား တစ်ယောက်တည်း သတ်ဖြတ်ခဲ့ပုံအထိ စုံလင်လှ၏။
ယခုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် သူ၏ခွန်အားမှာ စစ်ဘုရင်များစွာတို့ကို ကျော်လွန်ပြီး ဖြစ်သည်။ ဤသည်မှာ သိုင်းလောကတွင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင် ဖြစ်၏။
နတ်ဆိုးရှင်သခင် ဟော်ထူတွင် ထိတ်လန့်ဖွယ် ဂုဏ်သတင်းတစ်ခု ရှိသည်။ အဖွဲ့အစည်းများစွာ ကလည်း သူ၏ သေဆုံးမှုကို လိုလား၏။ ရန်ကြွေးများအတွက် လာရောက်သတ်ဖြတ် လိုကြသည်။
သို့ရာတွင် သူတို့အားလုံးသည် လမ်းတွင် အနှောင့်အယှက်များကို ခံခဲ့ရပုံ ပေါ်၏။ နတ်ဆိုးဂိုဏ်းမှ အခြား နတ်ဆိုးအရှင်သခင် ၂ယောက်တို့က လက်စားချေလို သူများကို ကျွန်းသို့ မရောက်စေရန် ကာကွယ်ထားကြသည်။
ထို့အပြင် အခြား အမည်မသိ နတ်ဆိုးအရှင်သခင်များဟု ယူဆရသည့် စွမ်းအားကြီးမားသည့် လူများလည်း ပေါ်လာကြ၏။ ဤသည်က အဓိကအဖွဲ့အစည်းများ အားလုံးကို သံသယ ဝင်လာစေသည်။ နတ်ဆိုးဂိုဏ်းသည် တစ်ဖန် ပြန်လည်ပေါင်းစည်းရန် စီစဉ်ထားပြီး အတွင်းဘက်နယ်မြေကို ကျူးကျော်စစ် ဆင်နွှဲတော့မည်လား။