အားများစွာ စိုက်ထုတ်ရခြင်းမရှိဘဲ သေကုန်ကြခြင်း(၂)
Vol. 19 Ch. 285
နတ်ဆိုးဂိုဏ်းမှာ အရင်က အလွန် ထည်ဝါခဲ့၏။ သို့ပေမယ့် နတ်ဆိုးအရှင်သခင်ကြီး၏ ပျောက်ကွယ်သွားမှုနှင့်အတူ အပြင်ဘက် ဖိအားနှင့် အတွင်းဘက် မစည်းလုံးမှုတို့ကြောင့် ပြိုကွဲသွားခဲ့၏။ အရင်ကကဲ့သို့ မဟုတ်တော့ပေ။
များပြားလှသည့် စွမ်းအားကြီး ပုဂ္ဂိုလ်များနှင့် အင်အားစုများက ချန်းလန်ကျွန်းဆီသို့ အကြည့်ရောက်နေကြစဉ် သတင်းတစ်ခု စတင်ပျံ့နှံ့လာခဲ့၏။ နတ်ဆိုးရှင်သခင် ဟော်ထူက စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ပေးဆောင်ကာ တိုက်ပွဲကို ဖြစ်မြောက်စေမည်ဟူ၍ ဖြစ်သည်။
ဤသည်က လူတိုင်းအား ဟော်ထူ၏ ရွှီယန်အပေါ် သတ်ဖြတ်ရန် ပြက်သားမှုကို နားလည်သွားစေပြီး အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။
ထိုကဲ့သို့သော တောင်းဆိုချက်ကိုတောင် သဘောတူခဲ့၏။
ထို့အပြင် နတ်ဆိုးအရှင်သခင် ဟော်ထူက သူ၏ တစ်ဘဝတာ စုဆောင်းမှုများကို ရတနာမြေပုံတစ်ခု ပြုလုပ်ပြီး ချန်းလန်ကျွန်းပေါ်တွင် ထားရှိထားသည်ဟု ကောလဟာလများ ထွက်လာကြသည်။ ရွှီယန်သာ အနိုင်ရပါက ၎င်းကို ရယူနိုင်မှာ ဖြစ်၏။
ထိုအချိန်၌ မျက်လုံးအားလုံးတို့သည် ရွှီယန်အပေါ်သို့ ရောက်ရှိသွားကြသည်။ ရွှီယန်က ဒီစိန်ခေါ်မှုကို အမှန်တကယ် လက်ခံလိုက်မည်လား။ ထို့အပြင် အချို့ စူးရှသည့် အမြင်နှင့် အင်အားစုများ အနေနှင့် ချန်းလန်ကျွန်းမှာ ထောင်ချောက်တစ်ခု ဖြစ်ပုံပေါ်သည်ကို စတင်ခံစားလာရသည်။
"ဒါက သေလောက်တဲ့ ထောင်ချောက်ပဲ.."
ရွှီယန်မှာ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ကိုယ်စား ထန်းပေါင်စံအိမ်က ပေးဆောင်လာသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံတို့ကို ရရှိပြီးနောက် အလွန် စိတ်လှုပ်ရှားနေပါသည်။
"ဒီလိုမျိုး ရန်သူတွေ များများရှိရင် ပိုကောင်းလိမ့်မယ်။ ၈ယောက်.. ၁၀ယောက်လောက်ကို သတ်ပြီးရင် ဆင်းရဲမှာ မဟုတ်တော့ဘူး.."
ရွှီယန်က အံ့ဩစွာဖြင့် သက်ပြင်းချ၏။
"အစ်ကိုကြီး... မင်းက တကယ့်ကို စီးပွားရေးလုပ်တာ ထူးချွန်တယ်။ ငါ့ထက် အများကြီး သာတယ်။ ငါဆို အခုထက်ထိ ဒီလောက်များတဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ မရှာနိုင်သေးဘူး.."
မုန့်ချုံက သက်ပြင်းချသည်။ အစ်ကိုကြီးဆီမှ သင်ယူရန် များစွာ ရှိသေးသည်ဟု ခံစားရ၏။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြောစရာစကား ပျောက်ဆုံးနေကြသည်။
ဒီညီအစ်ကို နှစ်ယောက်သာလျှင် ဤနည်းအားဖြင့် ပိုက်ဆံရှာနိုင်ကြမည် ဖြစ်၏။ သူတို့တွင်သာ ထိုကဲ့သို့သော ခွန်အားရှိပါသည်။
"နတ်ဆိုးအရှင်သခင် ဟော်ထူကို ပြောလိုက်။ ငါရွှီယန် ချိန်းဆိုချက်ကို သေချာပေါက် အလေးအနက်ထားပြီး ချန်းလန် ကျွန်းရဲ့ အပြင်ဘက်မှာ သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြမယ်လို့.."
လေးနက်သည့် အကြည့်ဖြင့် ရွှီယန်က ထန်းပေါင်စံအိမ်မှတစ်ဆင့် ပြန်ကြားချက်ကို ပြောလိုက်သည်။ လိုချင်တာကို ရရှိပြီးနောက် ရွှီယန်တို့သည် ချန်းလန်ကျွန်းဆီသို့ အေးအေးလူလူဖြင့် ထွက်ခဲ့၏။ မည်သည့် အလျှင်လိုခြင်းမှ မရှိပေ။
"နတ်ဆိုးအရှင်သခင် ဟော်ထူဆီကနေ ရတနာမြေပုံကို ရပြီးရင် အစ်ကိုကြီးကို အခြားလူတွေများ လာပြီး လုကြမလား.."
မုန့်ချုံက မျှော်လင့်မှုအချို့ဖြင့် မေး၏။
"အဲ့ဒါက ပြောဖို့ခက်တယ်။ ဘာပဲဖြစ်ဖြစ် ငါက အထွတ်အထိပ် စစ်ဘုရင်ကိုတောင် သတ်ဖြတ်ပြီးနေပြီလေ။ ဘယ်သူက လာလုရဲမှာလဲ.."
ရွှီယန်က နောင်တရစွာဖြင့် ခေါင်းကိုရမ်း၏။
ရှဲ့လင်ဖုန်းက မနေနိုင်ဘဲ ကြားဝင်ပြောသည်။
"အဲ့လိုလည်း အသေအချာ ပြောလို့မရဘူး... အခြားနတ်ဆိုးအရှင်သခင်တွေ လှုပ်ရှားလာနိုင်သေးတယ်..
ရွှီယန်၏ မျက်လုံးများက လင်းလက်လာ၏။
"အဲ့ဒါဆိုရင် ကောင်းမှာ။ ဂုဏ်သရေရှိ နတ်ဆိုးအရှင်သခင်တွေက တော်တော်လေး ချမ်းသာကြွယ်ဝမှာမလား။ ဒါဆိုရင် နောက်ထပ်ကံကောင်းမှုတစ်ခု ကြုံတွေ့နိုင်ပြီ.."
ရှဲ့လင်ဖုန်း၏ ပါးစပ်က တွန့်ကွေးသွား၏။ သူ့အနေနှင့် မည်သည်ကို ဆက်ပြောရမည်မသိ ဖြစ်နေပါသည်။
သက်ပြင်းသာ ချမိ၏။ ဤသည်မှာ စွမ်းအားကြီးမားခြင်း၏ ယုံကြည်ချက်လေလား။
လမ်းတလျှောက်တွင် သူတို့သည် အံ့သြစရာကောင်းလောက်အောင် အသိ လူတစ်ယောက်နှင့် ကြုံတွေ့ခဲ့၏။ ဤသည်မှာတော့ ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကြီးကြပ်သူ ဖူယွင်ထန်းဖြစ်သည်။
"မဟာကြီးကြပ်သူ ဆရာဖူ... ကျွန်တော့်ကို လာရှာတာလား.."
ရွှီယန်က အံ့သြသွား၏။
"မိတ်ဆွေလေးရွှီ.. ဒီတိုက်ပွဲပြီးရင် ငါတို့ခုနှစ်စင်ကြယ်အကယ်ဒမီကို ကျေးဇူးပြုပြီး လာလည်လှည့်ပါဦး။ ငါတို့ အကယ်ဒမီရဲ့ ကျောင်းတော်သခင်က မင်းကို တွေ့ချင်နေတယ်။ ပြီးတော့ မင်းစိတ်ဝင်စားမယ့် သတင်းလည်းရှိတယ်.."
ဖူယွင်ထန်းက ပြော၏။
"ကိစ္စမရှိဘူး.."
ရွှီယန်က တုံ့ဆိုင်းခြင်းမရှိပဲ သဘောတူ၏။ သူ့အနေနှင့် တိုက်ပွဲပြီးမှသာ ခုနှစ်စင်ကြယ်အကယ်ဒမီကို လာရောက်ရန် ဖိတ်ခေါ်ခံရခြင်းမှာ သူ၏ ခွန်အားကို ကြည့်ရှု့လို၍ ဖြစ်သည်။
ဖူယွင်ထန်း ထွက်ခွာသွားပြီးနောက် မိန်းမငယ်၂ယောက် ပေါ်လာ၏။ ဤသည်မှာတော့ ဝူရွှမ်းစံအိမ်မှ စစ်ဘုရင်ဝူရွှမ်းနှင့် ရိုးရှင်းသည့် ဝတ်စုံနှင့် မိန်းကလေး ဖြစ်သည်။
"သခင်လေး... ကျွန်မတို့တွေ နောက်ဆုံးအကြိမ် တွေ့ခဲ့တာ တော်တော်လေးတောင် ကြာပြီနော်.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက ရွှင်ပြစွာဖြင့် နှုတ်ဆက်သည်။
"အဲလောက်ကြီး မကြာသေးပါဘူး.."
ရွှီယန်က မျက်တောင်ခတ်ကာ ပြော၏။
ဝတ်စုံပြောင်နှင့် မိန်းကလေး"..."
ဝူရွှမ်းစစ်ဘုရင်မှာ သူမ၏ ရယ်မောချင်မှုကို ဖိနှိပ့်ထားရဟန် တူသည်။
"ကျွန်တော့်ကို ရှာနေတာ ဘာကိစ္စရှိလို့လဲ မသိဘူး.."
ရွှီယန်က မေး၏။
"ဒီကိုလာတာ သခင်လေးရွှီကို သတိပေးစရာ ရှိလို့ပါ။ ချန်းလန်ကျွန်းပေါ်မှာ အထွတ်အထိပ်စစ်ဘုရင် တစ်ယောက်ထက် ပိုပြီး ရှိနေတယ်။ ဒါကြောင့်မို့လို့ သတိထားစေချင်တာ.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက လေးနက်စွာဖြင့် ပြော၏။
"အထွတ်အထိပ် စစ်ဘုရင် ၁၀ယောက်လောက် ရှိလို့လား.."
ရွှီယန်က စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် မေးသည်။
ဝတ်စုံပြောင်နှင့် မိန်းကလေးက မှင်သက်သွား၏။
အထွတ်အထိပ် စစ်ဘုရင် ၁၀ယောက်လေလား။ အထွတ်အထိပ် စစ်ဘုရင်၁၀ယောက်သာ မရှိပါက သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိဟု ဆိုလိုချင်သည်လား။
ထိုမျှလောက်အောင် အမှန်တကယ် စွမ်းအားကြီး နေပြီလား။
"မရှိဘူး.. ထင်ပါတယ်.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက နေရခက်စွာ ပြောသည်။
"၁၀ယောက်တောင် မရှိဘူးလား... ဒါက ငါရွှီယန်ကို အထင်သေးတာပဲ.."
ရွှီယန်က သက်ပြင်းချ၏။ သူ၏ အသက်ငယ်ရွယ်မှုကြောင့် ဒီအတိုင်း အထင်သေးကြသည်လား။
ဝတ်စုံပြောင်နှင့် မိန်းကလေးက တိတ်ဆိတ်သွားသည်။ ခဏတာအတွင်း မည်သည်ကို ပြောရမည်မသိ ဖြစ်နေ၏။
ဝူရွှမ်းစစ်ဘုရင်က မနှစ်မြို့စွာဖြင့် နှာခေါင်းရှုံ့သည်။
"ကောင်လေး... ဘယ်လောက်မောက်မာလိုက်လဲ... အထွတ်အထိပ် စစ်ဘုရင်၁၀ယောက် မရှိတာနဲ့ နင့်အပေါ် အထင်သေးတယ် ဖြစ်ရောလား.."
"ဖြစ်နိုင်တာက အထွက်ထိပ် စစ်ဘုရင်၁၀ယောက်ကို နင်တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်လို့လား.."
ဒီကောင်လေးကအလွန်မောက်မာပါသည်။ လွန်ကျူးလှသဖြင့် သူမပင်လျှင် တစ်ဖက်လူကို သင်ခန်းစာပေးချင်ကာ ရိုက်နှက်ချင်လုမတတ် ဖြစ်စေ၏။
ရွှီယန်က သူမကို ကြည့်သည်။
"ခင်ဗျားတို့လို မိန်းမက ဘာသိမှာလဲ။ အားနည်းတဲ့လူတွေပဲ မောက်မာကြတာ။ စစ်မှန်တဲ့ စွမ်းအားကြီးကြီးသူတွေက ဘယ်တော့မှ မမောက်မာဘူး။ အမှန်ကိုပဲ ပြောကြတာ.."
"ဟန့်... အဲ့လို ပြောဖို့အတွက် ခွန်အားကလည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာနေဖို့လိုအပ်တယ်.."
ဝူရွှမ်းစစ်ဘုရင်က လှောင်ပြောင်စွာ ပြောသည်။
"မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာစရာ မလိုပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခင်ဗျားလို လူတစ်ယောက်ကို သတ်ဖို့အတွက်တော့ ဓားချက်နှစ်ချက်သုံးချက်ပဲ လိုမှာ။ အများကြီး အားစိုက်စရာမှ မရှိတာ.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် လေးနက်စွာပြောသည်။
စစ်ဘုရင်ဝူရွှမ်းက ဒေါသတကြီးဖြင့် အံကိုကြိတ်၏။
သူမ၏ အရှိန်အဝါက မြင့်တက်လာပြီး လေပြင်းများ ထန်လာခဲ့သည်။ အံကိုကြိတ်ရင်းက ဒေါသတကြီး ပြော၏။
"မောက်မာတဲ့ ကောင်လေး... နင်ကများ ငါ့ကို ဓားနှစ်ချက်သုံးချက်နဲ့ သတ်မှာလား။ ဘယ်လိုလုပ်မလဲ ဆိုတာကို ကြည့်တာပေါ့.."
သူမသည် အလေးစားခံ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ဖြစ်၏။ ယခုကဲ့သို့ ဘယ်တုန်းက အစော်ကားခံခဲ့ရဖူးလို့နည်း။ ဓားသခင် ချောက်ကမ်းပါးမှ ရှဲ့ထန်းဟန်ပင်လျှင် ထိုကဲ့သို့သော ပေါက်ကရ စကားမျိုးကို ပြောရဲခြင်း မရှိပါ။
"ဆရာ.. စိတ်ထိန်းစိတ်ထိန်း.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက အမြန်ပြော၏။
ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။
"ခင်ဗျားကို ကျွန်တော်က ဘာလို့ အလကား သတ်ပေးရမှာလဲ။ ပြီးတော့ ကျွန်တော့ရဲ့ အတတ်ပညာတွေက အရမ်းစျေးကြီးတယ်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံ မရှိဘဲနဲ့ သတ်ပေးဖို့ မဖြစ်နိုင်ဘူး.."
စစ်ဘုရင်ဝူရွှမ်းမှာ လုံးဝ သည်းမခံနိုင်တော့ပေ။ သူမ၏ ရင်ဘတ်က နိမ့်ချီမြင့်ချီ ဖြစ်နေ၏။ မျက်နှာက နီရဲနေပြီး တပည့်ဖြစ်သူကို နောက်သို့ လွှင့်လိုက်ကာ ဒေါသတကြီး ပြောသည်။
"ဒီနေ့မှာ ငါဒီကောင်ကို ကောင်းကောင်း သင်ခန်းစာပေးရမယ်။ ငါ့ကိုမဆွဲနဲ့.."
ဝတ်စုံပြောင်နှင့် မိန်းကလေး၏ မျက်နှာက ပြောင်းလဲသွား၏။ နောက်မှ အလျှင်အမြန် လှမ်းအော်သည်။
"သခင်လေးရွှီ... ကျေးဇူးပြုပြီး ညှာတာပေးပါ.."
စစ်ဘုရင်ဝူရွှမ်း "..."
"သစ္စာဖောက်မ..."
သူမ၏ ဒေါသက ပိုမိုကာပင် ကြီးထွားလာပြီး လက်ကိုမြှောက်ကာ အိတ်တစ်အိတ်ကို ရွှီယန်ဆီသို့ ပစ်ပေးလိုက်သည်။ အေးစက်စွာ ပြော၏။
"ဒီအိတ်ထဲမှာ နင်တောင်းတာထက် ပိုတဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ပါတယ်။ နင်ငါ့ကို ဓားချက်နှစ်ချက်သုံးချက်နဲ့ ဘယ်လိုသတ်နိုင်မလဲ ဆိုတာကို ကြည့်တာပေါ့.."