သိုင်းဆရာသခင် ဒုတိယအဆင့် ၊ ဝိညာဉ်ခန္ဓာ အလယ်ဆင့်
Vol. 24 Ch. 336
အခန်း (၃၃၆) သိုင်းဆရာသခင် ဒုတိယအဆင့် ၊ ဝိညာဉ်ခန္ဓာ အလယ်ဆင့်
ပင်လယ်အနက်ရှိုင်းဆုံးနေရာတွင် ဖြတ်သန်းသွားလာနေသော ‘မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်’ ထဲတွင် ရန်ကျောက်ကဲ ရှိနေသည်။
သူက တင်ပျဉ်ခွေထိုင်ရင်း စွမ်းအင်ဗဟိုချက်တည်ရှိရာ ဝမ်းဗိုက်နေရာတွင် လက်ဟန်ဖြင့် စည်းတံဆိပ်သဏ္ဌန်တစ်ခုဖန်တီးထားသည်။
ကြယ်တာရာချီစွမ်းအားများက သူ့တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ်လှည့်ပတ်ရင်း ပိုမိုလေးလံလာသလို အားလည်းကောင်းလာသည်။
ပရမ်းပတာချီစွမ်းအားစီးဆင်းမှုက ပိုမိုလေးလံလာသည်နှင့်အမျှ ရှုတ်ထွေးနက်ရှိုင်းလာသည်။
၎င်းချီစွမ်းအား၏ အလေးချိန်က မြေကြီးထုထည်ပမာလေးလံပြီး အရာအားလုံးကို လက်ခံနိုင်စွမ်းရှိသလို ပျိုးထောင်နိုင်စွမ်းလည်း ရှိသည်။
ဤသည်က သိုင်းဆရာသခင်အဆင့်၏ ပထမအဆင့်ဖြစ်သော ဝိညာဉ်ခန္ဓာကနဦးအဆင့်၏ အမှတ်သင်္ကေတဖြစ်သည်။ ဝိညာဉ်စွမ်းအားများပြည့်လျှံလာပြီး ဝိညာဉ်နယ်မြေတစ်ခု ဖြစ်တည်လာကာ ကြယ်တာရာချီစွမ်းအားများကို ရိုးရှင်းစွာ လှည့်ပတ်စေခြင်း ဖြစ်သည်။
လူတစ်ယောက်၏ အစစ်အမှန် သိုင်းဝိညာဉ်ကို ပျိုးထောင်ပေးသော နယ်မြေဖြစ်သည့်အတွက် ဝိညာဉ်နယ်မြေဟု ခေါ်ဆိုခြင်းပင်။
ယခု ရန်ကျောက်ကဲလေ့ကျင့်ထားသည့် သိုင်းပညာများအားလုံးကို ဆွဲယူနေသော ကြယ်တာရာချီစွမ်းအားသည် မြေသြဇာကောင်းလှသောလီပေါင်းတစ်ထောင်မြေသားပမာ အလွန်အားကောင်းနေပြီး မျိုးစေ့ချရန် အသင့်ဖြစ်နေပေပြီ။
ဝိညာဉ်နယ်မြေတွင် နက်ရှိုင်းချီစွမ်းအားကျင့်စဉ်တစ်ခုတည်းကို အခြေခံအုတ်မြစ်ထားမည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် ယခုချက်ချင်း ဝိညာဉ်ခန္ဓာ ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲက နက်ရှိုင်းချီစွမ်းအားကျင့်စဉ်တစ်ခုတည်းကို အခြေခံအုတ်မြစ်အဖြစ် မထားရှိချင်ပေ။ သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုလည်း အခြေခံအုတ်မြစ်အဖြစ် ထားရှိလိုသည်။
ထို့ကြောင့် အခက်အခဲများ မလွှဲမရှောင်သာ တိုးလာရပြီး အဆင့်မတက်ခင် အရာအားလုံး ပြီးပြည့်စုံကြောင်း သေချာစေရန် ခွဲခြမ်းစိတ်ဖြာပြီး ချိန်ညှိမှုများ ပြလုပ်နေရသည်။
မြောက်ပင်လယ်သို့သွားသည့်ခရီးလမ်းက ရှည်လျားလေရာ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို ထိန်းချုပ်သည့်အချိန်မှလွဲပြီး ကျန်အချိန်များကို ရန်ကျောက်ကဲ ကျင့်ကြံနေခဲ့သည်။
ရန်ကျောက်ကဲ သင်ပေးထားသဖြင့် အားဟူသည်လည်း လွန်းပြန်ယဉ်ကို ထိန်းချုပ်တတ်နေပြီ ဖြစ်သည်။
အားဟူက လွန်းပြန်ယဉ်ကို ပဲ့ကိုင်နေစဉ် ရန်ကျောက်ကဲက ကျင့်ကြံသည်။ ရန်ကျောက်ကဲ ကျင့်ကြံခြင်းပြီးဆုံးသည့်အခါ လွန်းပြန်ယဉ်ကို တလဲပဲ့ကိုင်ပေးပြီး အားဟူက အနားယူသည်။
အနားယူခြင်းဆိုသော်လည်း အားဟူက ကျင့်ကြံနေခြင်းပင် ဖြစ်သည်။ ထိုလူထွားကြီးက ရသည့်အချိန်တွင် စိတ်အားထက်သန်စွာ ကျင့်ကြံလေ့ရှိသည်။
သူ အသက်ရှူထုတ်လိုက်သည့်အခါ အနက်ရောင်ချီစွမ်းအားစီးကြော်းများ ထွက်ပေါ်လာသည်။ ထိုချီစွမ်းအားများက မီးခိုးငွေ့များကဲ့သို့ မဟုတ်ဘဲ စီးဆင်းနေသည့်လေများနှင့် ဆင်တူသည်။
အားဟူ အသက်ရှူထုတ်ပါများလာသည့်အခါ လေစီးကြောင်းများက အနက်ရောင်မုန်တိုင်းငယ်တစ်ခု ဖြစ်တည်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်နေသည်။
ရန်ကျောက်ကဲနှင့် အားဟူတို့ တစ်ယောက်တလဲ ကျင့်ကြံလိုက် ၊ လွန်းပြန်ယဉ်မောင်းလိုက်ဖြင့် အရှေ့ပင်လယ်နှင့် မြောက်ပင်လယ်ကိုဖြတ်ကျော်ကာ မြောက်ဖျားဒေသဆီသို့ ဦးတည်လျှက် ရှိသည်။
ယနေ့တော့ ရန်ကျောက်ကဲက ပင်လယ်ရေမျက်နှာပြင်ထက်သို့တက်ရန် မြေအောက်ထိုးခွင်းလွန်းပျံယဉ်ကို ပဲ့ကိုင်နေသည်။
ပင်လယ်ရေမျက်နှာပြင်ထက်သို့ ရောက်လာသော်လည်း ကုန်းမြေကိုမတွေ့ရဘဲ မြောက်ပင်လယ်ထဲတွင်သာ ရှိနေသေးသည်။ ပင်လယ်ရေပြင်ထက်တွင် ရေခဲတုံးများမျောပါနေပြီး လေပြင်းများလည်း တိုက်ခတ်နေလေရာ ရန်ကျောက်ကဲကဲ့သို့ သိုင်းဆရာသခင်တစ်ယောက်သည်ပင် အရိုးထဲထိ အေးစိမ့်မှုကို ခံစားရသည်။
သာမန်လူများသာမက သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများသည်ပင် ဤသို့သောပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်သန်ရန် မဖြစ်နိုင်ပေ။ အေးခဲပြီး အသက်ပျောက်သွားနိုင်သည်။
မြောက်ဖျားဒေသက အနောက်ဘက်သဲကန္တာရကြီးနှင့် တောင်ပိုင်းမြေအောက်နန်းတောင်ကဲ့သို့ အန္တရယ်ကြီးမားသော နယ်မြေတစ်ခုဖြစ်သည်။ အန္တရယ်များသည်မှလွဲပြီး အခြားမက်မောစရာ ဘာမှမရှိပေ။
ရန်ကျောက်ကဲ အားဟူကို လှည့်ကြည့်လိုက်သည်။ အားဟူက သူ၏ကြယ်တာရာချီစွမ်းအားများကို လှည့်ပတ်နေပြီး သူ့ခန္ဓာကိုယ်မှ အနက်ရောင်လေပြင်းများထွက်ပေါ်လျှက် ရှိသည်။
အားဟူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များက တစ်ပြိုင်နက်တည်းခုန်လှုပ်နေပြီး ကြောက်မက်ဖွယ်ရာ အနက်ရောင်လေပြင်းများက မွေးညှင်းပေါက်တစ်ခုချင်းစီအတွင်းမှ ထွက်ပေါ်လျှက် ရှိသည်။
ရန်ကျောက်ကဲကဲ့သို့ပင် အားဟူသည်လည်း ကျင့်ကြံခြင်းအဆင့်တက်ရန် နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အားဟူ၏ ဝိညာဉ်နယ်မြေသည် နှိုင်းယှဉ်မရအောင် သန့်စင်နေပြီး ဝိညာဉ်မျိုးစေ့ အောင်မြင်စွာမွေးဖွားလာရန်သာ လိုတော့သည်။ ဝိညာဉ်မျိုးစေ့ မွေးဖွားလာလျှင် သိုင်းဆရာသခင်အဆင့် ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်ခန္ဓာအလယ်ဆင့်သို့ ရောက်ရှိပေမည်။
သို့သော် အားဟူက အလျင်စလိုမလုပ်ဘဲ သူ၏ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်ရန် ဂရုတစိုက် ကျင့်ကြံနေသည်။
ရန်ကျောက်ကဲက အားဟူကို တစ်ချက်လှမ်းကြည့်ရင်း...
"မင်းရဲ့စိတ်ကိုတည်ငြိမ်အောင်ထား ၊ မဟာခရမ်းရောင်ချီစွမ်းအားကျင့်စဉ်က ကြမ်းတမ်းတဲ့လေပြင်းတွေကို ထိန်းချုပ်ပြီး မိုးမြေစွမ်းအားကို ငြိမ်သက်အောင် ပြောင်းလဲပေးနိုင်ရင် နောက်ဆုံးမှာ ရက်စက်ကြမ်းတမ်းတဲ့ ကြောက်စရာစွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာလိမ့်မယ် ၊ ခံစစ်ရော တိုက်စစ်ရော နှစ်ခုလုံးအတွက် အခြေခံအနှစ်သာရက အတူတူပဲ”
မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ထဲတွင် ကျင့်ကြံနေသည့်အားဟူက မျက်လုံးများကို မှိတ်ထားရင်းဖြင့် ခေါင်းညိတ်ပြသည်။
အနက်ရောင်အိပ်မက်ဆိုးတောင်တန်းမှ အကြွင်းအကျန်များက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဝါဒတောင်ကို တိုက်ခိုက်ခဲ့ကြသည်။
အဆုံးသတ်ရလဒ်ကတော့ အနက်ရောင်အိပ်မက်ဆိုးတောင် အလုံးစုံ ပျက်ဆီးသွားခြင်းပင် ဖြစ်၏။ အနက်ရောင်အိပ်မက်ဆိုးတောင်မှ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော အမတလက်ဖွဲ့ ၊ နှောင်းပိုင်းအဆင့်ရှိသည့် အကြွင်းအကျန် (၂)ယောက်လုံး ဝါဒတောင်တွင် အသက်ဆုံးခဲ့ကြသည်။
တိုက်ပွဲပြီးဆုံးသည့်နောက် ရှန်သန်ရပ်တည်ရန် ကြိုးစားရုန်းကန်နေရသည့်
ဝါဒတောင်တိုက်ပွဲကြီး ပြီးဆုံးသည့်နောက် ယခင်က ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော်လည်း လက်ရှိအချိန်တွင် ရှင်သန်ရပ်တည်နိုင်ရန် မနည်းရုန်းကန်နေရသော အနက်ရောင်အိပ်မက်ဆိုးတောင်သည် အပြည့်အဝဖျက်ဆီးခံလိုက်ရသည်ဟုဆိုလျှင် အနည်းနှင့်အများ မှန်ပေလိမ့်မည်။
တိုက်ပွဲအောင်နိုင်ခဲ့ပြီးနောက် အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန်အချို့ကို အရှင်ဖမ်းယူနိုင်ခဲ့သဖြင့် ဝါဒတောင်အတွက် များစွာအကျိုးအမြတ် ရရှိခဲ့သည်။
ထိုအကျိုးအမြတ်များထဲမှတစ်ခုမှာ အနက်ရောင်အိပ်မက်ဆိုးတောင်၏ ထိပ်တန်းအဆင့် သိုင်းပညာတစ်ရပ်ကို အပြည့်အဝ ရရှိလိုက်ခြင်း ဖြစ်၏။
မဟာခရမ်းရောင်ချီစွမ်းအားကျင့်စဉ်။
ထိုကျင့်စဉ်ပညာသည် အနက်ရောင်အိပ်မက်ဆိုးတောင်အတွက် ဝါဒတောင်၏ နက်ရှိုင်းချီစွမ်းအားကျင့်စဉ် (ဒုတိယပိုင်း) နှင့် နေသူတော်စင်ဂိုဏ်း၏ မဟာနေမင်းချီစွမ်းအားကျင့်စဉ်တို့ကဲ့သို့ အလွန်တရာ အဖိုးတန်သော အထွတ်ထိပ်ကျင့်စဉ် ဖြစ်သည်။
အားဟူ အရင်က ကျင့်ကြံခဲ့သော အနက်ရောင်အိပ်မက်ဆိုးလေပွေမုန်တိုင်း သိုင်းပညာသည် မဟာခရမ်းရောင်ချီစွမ်းအားကျင့်စဉ်နှင့် အနှစ်သာရအားဖြင့် တူညီသည်။
ထို့ကြောင့် ရန်ကျောက်ကဲက မဟာခရမ်းရောင်ချီစွမ်းအားကျင့်စဉ်ကို အားဟူထံ ပေးခဲ့သည်။ အားဟူက ဝိညာဉ်နယ်မြေတွင် ဝိညာဉ်မျိုးစေ့မွေးဖွားလာရန်အတွက် ထိုပညာကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်လျှင် အနက်ရောင်အိပ်မက်ဆိုးလေပွေမုန်တိုင်းသိုင်းပညာထက် ပိုမိုအကျိုးရှိနိုင်သည်။
ဝါဒတောင်တိုက်ပွဲကြီးပြီးကတည်းက ယခုအချိန်ထိ အားဟူက ထိုကျင့်စဉ်ကို မရပ်မနားကျင့်ကြံခဲ့သည်။ ယခုဆိုလျှင် မဟာခရမ်းရောင်ချီစွမ်းအားကျင့်စဉ်တွင် အောင်မြင်မှုအချို့ ရရှိကာ အတော်လေးပင် ခရီးရောက်နေပေပြီ။
အားဟူကျင့်ကြံနေသည်ကို သေသေချာချာကြည့်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်မှထွက်လာသည့် အနက်ရောင်မုန်တိုင်းများအလယ်တွင် မှိန်ဖျော့ဖျော့ခရမ်းရောင်ချီစွမ်းအားတစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုချီစွမ်းအားက အနက်ရောင်လေစီးကြောင်းနှင့်အတူ လွင့်ပျံလျှက် ရှိသည်။
ရန်ကျောက်ကဲ ကြည့်လိုက်တော့ အနက်ရောင်မုန်တိုင်းထဲတွင် ခရမ်းအလင်းတန်းများ ဖြတ်သန်းသွားသည့်အလား တွေ့မြင်ရသည်။
***
အားဟူ ကျင့်ကြံပြီးသည်နှင့် လွန်းပြန်ယဉ်ကို ပဲ့ထိန်းပေးစဉ် ရန်ကျောက်ကဲက ထပ်မံကျင့်ကြံသည်။
သူ၏ ကြယ်တာရာချီစွမ်းအားက ပရမ်းပတာချီစွမ်းအားအတွင်းသို့ တဖြည်းဖြည်းနစ်မြုပ်သွားပြီး လီပေါင်းတစ်ထောင် ကျယ်ပြန့်သောနယ်မြေတစ်ခု ဖြစ်တည်လာပြီး များပြားလှစွာသော ရှုတ်ထွေးသည်ချီစွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။
ရှုတ်ထွေးသည့်ချီစွမ်းအားများက မြေကြီးအတွင်းသို့ အမြင့်ဆုံးအဆင့် နစ်မြုပ်သွားပြီးနောက် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက ချက်ချင်းပင် ကြည်လင်လာပြီး တဖြည်းဖြည်းကျယ်ပြန့်လာကာ ချီစွမ်းအားစီးကြောင်းများအဖြစ် ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။
ထို အခြေအနေ (၂)ခုကြား အသွင်ကူးပြောင်းမှုက ပဋိပက္ခများနှင့် ပြည့်နက်နေသလို ရုတ်တရက်လည်းဆန်သဖြင့် ဘေးမှကြည့်နေသူများအတွက် နားလည်ရခက်ပေလိမ့်မည်။
သို့ပေသိ ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းကတော့ ထိုသို့ပင် အမှန်တကယ် ဖြစ်ပျက်ခဲ့၏။
ကြည်လင်သောချီစွမ်းအားက ကောင်းကင်ဆီသို့ မြင့်တက်သွားချိန် ရှုတ်ထွေးနောက်ကျိသောချီစွမ်းအားက မြေကြီးအတွင်းပိုင်းအထိ နစ်မြုပ်သွားသည်။ ထိုအရာက (၂)ခု တစ်ပြိုင်တည်းဖြစ်ပေါ်လာသည်နှင့် မိုးမြေအသွင်ကူးပြောင်းမှု ပြီးပြည့်စုံသွားကာ ရန်ကျောက်ကဲ၏ ကြယ်တာရာချီများက တူညီသည့်စီးကြောင်းတစ်ခုပမာ လှည့်ပတ်သွားသည်။
ကြည်လင်သောချီစွမ်းအားက ကောင်းကင်ထက်တွင် စုဝေးနေပြီး ရှုတ်ထွေးနောက်ကျိသော ချီစွမ်းအားက ကြီးမားလေးလံသောဝိညာဉ်နယ်မြေအောက်ခြေတွင် မျိုးစေ့တစ်စေ့ကဲ့သို့သော အစက်တစ်စက် ဖြည်းဖြည်းချင်း ဖြစ်တည်လာသည်။
ထို့နောက် ကြည်လင်သောချီစွမ်းအားနှင့် နောက်ကျိရှုတ်ထွေးသောချီစွမ်းအား ပေါင်းစည်းသွားလိုက် ၊ ကွဲကွာသွားလိုက် အကြိမ်ပေါင်းများစွာဖြစ်ပေါ်ပြီးနောက် အဆုံးသတ်တွင် တစ်သားတည်းပေါင်းစပ်သွားသည်။
ရန်ကျောက်ကဲ မျက်လုံးဖွင့်လိုက်ပြီး အသက်တစ်ချက် ရှူသွင်းလိုက်သည်။
မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို ထိန်းချုပ်နေသော အားဟူက လွန်းပြန်ယဉ်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ မြောက်ဖျားဒေသ၏ ရေခဲပင်လယ်များက သူ့ကို အံ့အားသင့်စေသည်မှာ အမှန်ပင်။
ထိုအချိန် ရန်ကျောက်ကဲထံ တစ်စုံတစ်ခု ထူးခြားသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
အားဟူက တအံ့အသြဖြင့်...
“သခင်လေး ၊ သိုင်းဆရာသခင်ဒုတိယအဆင့် ၊ ဝိညာဉ်ခန္ဓာအလယ်ဆင့်ကို တက်ရောက်သွားပြီလား”
ရန်ကျောက်ကဲကို အမြဲတမ်းမြှောက်ပင့်ပြောဆိုပြီး စိတ်ကျေနပ်အောင်လုပ်လေ့ရှိသော နံပါတ် (၁)ကိုယ်ရံတော် အားဟူသည် ယခုတော့ အချိန်အတန်ကြာအောင် စကားမပြောနိုင်တော့ပေ။
ဟိုးယခင်အချိန်က အသက်ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအပေါ် အချိန်ပေးမှုနည်းပါးသူ ရန်ကျောက်ကဲက သူနှင့် ကျင့်ကြံခြင်းအဆင့် အတော်လေးကွာခြားခဲ့သည်။ ယခုတော့ သခင်လေးက သူ့ကိုပင် ကျော်တက်သွားခဲ့ပြီ။
“သခင်လေးကတော့ တကယ့်ကို သခင်လေးပါပဲ”
ဟု ချီးကျူးစကား ဆိုလိုက်ချင်သော်လည်း အားဟူခမျာ မည်သို့မှမတတ်နိုင်စွာ မှင်တတ်နေမိပြီး အချိန်အတန်ကြာသည်အထိ သတိပြန်ဝင်မလာခဲ့ပေ။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“မင်းလည်း မကြာခင် အဆင့်တက်တော့မှာပါကွာ...”
ထိုအခါမှ အားဟူ သတိပြန်ဝင်လာပြီး နှုတ်ခမ်းကိုလက်ဖြင့်ပွတ်ရင်း ချီးကျူးစကားဆိုရန် ပြင်လိုက်တော့သည်။
***
ရေခဲပင်လယ်ကိုဖြတ်ကျော်ပြီးနောက် ကုန်းတွင်းပိုင်းသို့ ရောက်လာကြသည်။
မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို သိမ်းဆည်းလိုက်ပြီး သူတို့ ကမ်းပေါ်သို့တက်လာကြသည်။
လူသားများနေထိုင်သည့် လက္ခဏာဆို၍ လုံးဝမတွေ့ရှိရသော မြောက်ဖျားဒေသ...။
ထိုသို့ပင် ဖြစ်သင့်လေသည်။
သို့သော်...
ယခုတော့ လူပေါင်းများစွာရှိနေကြောင်း ရန်ကျောက်ကဲနှင့် အားဟူတို့ တွေ့မြင်လိုက်ရသည်။
ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ။