← Chapters

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ကျောပေါ်တွင် သယ်ပိုး၍ ပြန်လာခြင်း

Vol. 145 Ch. 2063

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ကျောပေါ်တွင် သယ်ပိုး၍ ပြန်လာခြင်း

Vol. 145 Ch. 2063

အင်ပါယာရှီ၊ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၊ မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်နှင့် အခြားသူများက နယ်မြေသခင်နင်ကို စိုက်ကြည့်လိုက်ကြသည်။

ဆေးအင်ပါယာက ထွက်သွားပြီ ဖြစ်သည်။ ယခုတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တပည့်များသာ ကျန်ရှိပေသည်။ အင်ပါယာယန်နှင့် လင်းရှောင်နန်းတော်မှ နန်းတော်သခင် လင်းယွင်ကျီတို့ နှစ်ယောက်လုံး ဤနေရာ၌ ရှိနေပေသည်။ သူတို့ကိုယ်တိုင် ပြဿနာများအား ဖြေရှင်းဖို့ရာ တောင်းဆိုခဲ့ခြင်းက ရီဖူရှင်း၏ သေဆုံးမှုကို ကြေညာလိုက်ခြင်းနှင့် ဆင်တူပေသည်။ အင်ပါယာယန်နှင့် လင်းယွင်ကျီကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက မည်သို့ ကိုင်တွယ်နိုင်ပါမည်နည်း။

နယ်မြေသခင်နင်သည် သမာသမတ်ကျပြီး အလယ်တွင် ရပ်တည်နေပုံပေါ်သော်လည်း အမှန်တွင် သူက ရီဖူရှင်းအား အဆုံးသတ်သွားစေရန် ပစ်ထားလိုက်ခြင်း ဖြစ်ပေသည်။

ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများက အံ့အားသင့်သွားကြသည်။ နယ်မြေသခင်နင်က ထိုသို့ ထူးချွန်သည့် ကျင့်ကြံသူအား မည်သည့်အတွက် လက်လွှတ်လိုက်ရသနည်း။ ရီဖူရှင်းက ကျင့်ကြံရန် နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်လိုကြောင်းဆန္ဒကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး ဖြစ်သည်။ သူက တုန်းဟွာအခမ်းအနားကို တက်ရောက်ခဲ့သည်မှာ ထိုအကြောင်းရင်းကြောင့် ဖြစ်ကြောင်းကိုလည်း ရှင်းလင်းစွာ ပြောခဲ့ပြီး ဖြစ်၏။ သူတို့က ရီဖူရှင်း လိမ်နေသည်ဟု မထင်ပေ။ ရီဖူရှင်း၏ အခြေအနေသည် အစကတည်းက ခက်ခဲနေခဲ့ပြီး ဖြစ်သည်။ သူက အင်အားစုနှစ်ခုကို ဆန့်ကျင်ခဲ့သည်။ နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ ကျင့်ကြံခြင်းက သူ့အတွက် အကျိုးရှိစေပေလိမ့်မည့်အပြင် ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်က သူ့ကို ပစ်မှတ်ထားခြင်းမှ ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် နယ်မြေသခင်နင်က ထိုကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့၏။

ထိုသည်ကို ကြည့်လျှင် နယ်မြေသခင်နင်က ရီဖူရှင်းအား မလိုမုန်းထားရှိနေခြင်း ဖြစ်ပေလိမ့်မည်။

သို့မဟုတ်လျှင် သူ၏ အဆင့်အတန်းနှင့် သူက ရီဖူရှင်းကို သေချာပေါက် ကာကွယ်နိုင်ပေသည်။

"နယ်မြေသခင်ရဲ့ ဘက်မလိုက်မှုကို ယန်ပြည်ထောင်က ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ဒီပြဿနာကို ကိုယ့်ဘာသာ ရင်ဆိုင်လိုက်ပါ့မယ်။" အင်ပါယာယန်က ပြောလိုက်သည်။ သူက လေထဲတွင် မျောလွင့်နေသော ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားတစ်ခုက ကောင်းကင်တွင် ပြည့်နှက်လာ၏။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များသည် ချက်ချင်းပင် သူတို့ပေါ် သက်ရောက်လာသည့် အစွမ်းထက် မဟာလမ်းစဥ် ဖိအားကို ခံစားမိလိုက်ကြပေသည်။

"ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ရီလျှို့နျန်က ကျုပ်သား ယန်တုန်းရန်ကို လျှို့ဝှက်နယ်မြေထဲမှာ သတ်ခဲ့တယ်။ မင်းက သေသင့်တယ်။" အင်ပါယာယန်၏ အသံက နဂါးတစ်ကောင် အော်မြည်သကဲ့သို့ ကောင်းကင်ကိုပင် တုန်ဟီးသွားစေသည်။ ထိုသည်မှာ တန်ခိုးရှင်တို့၏ နားစည်ကို ပြင်းထန်စွာ တုန်ခါလာစေသည်။ လူအများက သူတို့၏ အာရုံငါးပါးကို ချိပ်ပိတ်ကာ စိတ်ဝိညာဥ်အား ကာကွယ်ထားလိုက်သည်။

အင်ပါယာယန်၏ အသံတွင် အသံလှိုင်းလမ်းစဥ်စွမ်းအား ပါဝင်ပေသည်။

အဟွတ်...

ရီဖူရှင်းကာ ညည်းညူကာ ချောင်းဆိုးလိုက်၍ ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရသည်။ သဏ္ဌာန်မဲ့အသံလှိုင်းများက သူ့ထံသို့ တိုးဝင်လာသည်။ ယင်းတို့က တားဆီး၍ မရနိုင်သော ကောင်းကင်စွမ်းအားကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားခဲ့ကာ သူ့မျက်နှာက စက္ကူတစ်ခုကဲ့သို့ ဖြူဖျော့နေခဲ့သည်။

အင်ပါယာယန်က ချက်ချင်းတိုက်ခိုက်လိုက်သည်။ သူက ရီဖူရှင်းအား သတ်ရန် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

အင်ပါယာယန်က သူ့လက်ကို မြှောက်လိုက်သည်။ ကြီးမားသော ရွှေရောင်နတ်နဂါးတစ်ကောင်က ရီဖူရှင်း၏ ခေါင်းထက်၌ ထွက်ပေါ်လာသည်။ ထိုသည်မှာ ကောင်းကင်လမ်းစဥ်မှ ဖွဲ့စည်းထားခြင်းဟု ထင်မှတ်ရပေသည်။ ယင်းက သဏ္ဌာန်ဖွဲ့တည်လာကာ ရီဖူရှင်းအား လွှမ်းခြုံလိုက်သည်။ ကြီးမားသော ရွှေရောင်နဂါးလက်သည်းက လေဟာနယ်ကို ကုပ်ဆွဲလိုက်ပြီး ရီဖူရှင်းအား အထဲ၌ ထားကာ လေဟာနယ်ကို လွှမ်းခြုံလိုက်၏။ ရီဖူရှင်းထံ၌ ပြေးစရာမြေမရှိတော့ပေ။

ရီဖူရှင်းက ခေါင်းကို မော့ကာ သူ့ထံသို့ ထိုးဆင်းလာသည့် နတ်နဂါးလက်သည်းကြီးများအား ကြည့်လိုက်သည်။ ယင်းသည် နေမင်းနှင့်ကောင်းကင်ကို ပိတ်ကွယ်တားဆီးထားသည်။ သူ့အပေါ်သို့ နတ်စွမ်းအားများ ကျဆင်းလာ၏။ သူသည် ၎င်းတို့အား မတားဆီးနိုင်ပေ။ ပြိုင်ဘက်က ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ရီဖူရှင်းက မည်သို့ ဆန့်ကျင်ရင်ဆိုင်နိုင်ပါမည်နည်း။

"နေဦး" ထိုအခိုက်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။

ကျဆင်းလာနေသော ရွှေရောင်လက်သည်းက ရုတ်တရက် ရပ်တန့်သွားကာ ရီဖူရှင်း၏ ခေါင်းထက်တွင် ရစ်ဝဲနေသည်။ အင်ပါယာယန်က ပြန်လှည့်ကာ စကားပြောသည့်သူအား ကြည့်လိုက်သည်။ ထိုသူမှာ အင်ပါယာရှီ ဖြစ်လေ၏။

"အင်ပါယာရှီ အကြံပေးစရာတစ်ခုခုများ ရှိလို့လား။" အင်ပါယာယန်က မေးလိုက်သည်။

"နှစ်ဖက်လုံးက ပြဿနာကို အချင်းချင်း ဖြေရှင်းမယ် ပြောခဲ့ပြီးတော့ ဆေးအင်ပါယာ ဒီမှာမရှိဘဲ သူတို့ကို ချက်ချင်းတိုက်ခိုက်တာ မသင့်တော်ဘူးလို့ မထင်ဘူးလား။" အင်ပါယာရှီက တည်ငြိမ်စွာ မေးလိုက်သည်။ ထို့နောက် သူက နယ်မြေသခင်နင်အား ကြည့်ကာ ပြောလိုက်၏။ "ဒီလိုဆုံးဖြတ်ပြီးပြီဆိုမှတော့ သူတို့အနေနဲ့ ဆေးအင်ပါယာ ပြန်လာတဲ့အထိ စောင့်သင့်တယ်မလား။"

"အရင်တုန်းက ကျုပ်ကြားဖူးတာ အင်ပါယာရှီက လောကအရေးကို ဝင်စွက်ဖက်ရတာ မကြိုက်ဖူးတဲ့။ ဒါပေမယ့် ခင်ဗျား နတ်ဘုရားကပ်ဘေး ဖြတ်ကျော်ပြီးတော့ တုန်းဟွာနယ်မြေ အရေးကိစ္စတွေကို စိတ်ဝင်စားလာပုံပဲ။ ခင်ဗျားက ကျုပ်တို့ အင်အားစုနှစ်ခုကြားက ရန်ငြိုးကို ဝင်စွက်ဖက်မှာလား။" အင်ပါယာယန်က ပြောလိုက်သည်။

အင်ပါယာရှီက ပထမအဆင့်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ သူ၏ အဆင့်အတန်းက ထူးခြားသလို သူ့စွမ်းရည်ကလည်း အလွန် အစွမ်းထက်သည်။ အင်ပါယာယန်နှင့် လင်းယွင်ကျီတို့က သူ့အား သတိထားနေကြသည်။ အင်ပါယာရှီကသာ ဝင်စွက်ဖက်လျှင် သူတို့အတွက် အနည်းငယ် အခက်တွေ့နိုင်ပေသည်။

"နယ်မြေသခင်က ဒီကိစ္စကို ဝင်မစွက်ဖို့ သဘောတူထားပြီး နှစ်ဖက်လုံးကို ကိုယ့်ဘာသာ ဖြေရှင်းဖို့ ခွင့်ပြုထားခဲ့တယ်။ ကျုပ် ခင်ဗျားတို့ကို စောင့်ခိုင်းရတဲ့ ရည်ရွယ်ချက်က ကိစ္စတွေကို မဖြေရှင်းခင် ဆေးအင်ပါယာ ပြန်လာတာကို စောင့်ဖို့ပဲ ပြောတာ။ မဟုတ်ရင် ဒီတစ်ခေါက် တုန်းဟွာအခမ်းအနားကို လူတွေ ဘယ်လိုမြင်ကြမလဲ။" အင်ပါယာရှီက အပြုံးနှင့် ပြောလိုက်သည်။

"ဆေးအင်ပါယာက ပြဿနာရဲ့ အမှန်တရားကို သိလို့ တမင်သက်သက် ထွက်ပြေးသွားတာ ဖြစ်နိုင်တာပဲ။" လင်းယွင်ကျီက ပြောလိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်လာခဲ့ပေသည်။ တုန်းဟွာနယ်မြေအနှံ့မှ ထိပ်သီးပုဂ္ဂိုလ်ကြီးများ ရောက်နေကြသော တုန်းဟွာအခမ်းအနားသာ မဟုတ်ခဲ့လျှင် အင်ပါယာယန်နှင့် လင်းယွင်ကျီတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို တိုက်ခိုက်နေပြီ ဖြစ်သည်။

"ဟမ်..." လင်းယွင်ကျီက ရေရွတ်လိုက်ပြီး တစ်စုံတစ်ခုက မှားယွင်းနေသည်ကို သတိပြုမိလိုက်ပေသည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လေထုနှင့် တိမ်စိုင်များ ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။ ထိုနေရာ၌ အလွန် အစွမ်းထက်သော နတ်စွမ်းအားများ ထွက်ပေါ်လာလေသည်။

"ဘာတွေဖြစ်နေတာလဲ။"

အစွမ်းထက် ဖိအားတစ်ခုက ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ကျယ်ပြောသော လေဟာနယ်အတွင်း လူတိုင်းက မွန်းကြပ်ဖွယ် ဖိအားကို ခံစားနေကြရသည်။

သူတို့သာလျှင် မဟုတ်ဘဲ တုန်းဟွာကောင်းကင်မှ လူများအားလုံးသည်လည်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ နတ်အလင်းက အထက်မှ ကျဆင်းလာပြီး လေဟာနယ်ကို ဖိနှိပ်လိုက်သည်။ မရေတွက်နိုင်သော လူများက သူတို့၏ ရင်ဘတ်အတွင်းမှ ပြင်းထန်စွာ တုန်ယင်လာမှုအား ခံစားမိလိုက်ကြသည်။

ထိုသည်က မည်သည့်အရှိန်အဝါနည်း။

၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယင်းက နတ်စွမ်းအားနှင့်တူပေသည်။

ဒုန်း...

ကောင်းကင်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ တုန်းဟွာကောင်းကင်ရှိ မရေတွက်နိုင်သော တန်ခိုးရှင်များက မော့ကြည့်လိုက်ကြသည်။  အလွန် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုက ကောင်းကင်၌ ထွက်ပေါ်လာ၏။

ပုံရိပ်တစ်ခုက ထိုနေရာ၌ ရှိနေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ထိုပုံရိပ်က သေးငယ်နေပြီး အရေးမပါသလို ထင်မှတ်ရပေသည်။ သူ့နောက်ကျောတွင် နတ်ရတနာတစ်ခုဖြစ်သော စောင့်ကြည့်မျှော်စင်ကို သယ်ပိုးရင်း ပြန်လာလေသည်။ ၎င်းက အလွန်ကြီးမားလှ၏။ ထိုစောင့်ကြည့်မျှော်စင်မှ နတ်စွမ်းအားများ ထွက်ပေါ်နေပြီး ကျယ်ပြောသော ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။ တုန်းဟွာကောင်းကင်တစ်ခုလုံးကို ကြီးမားသော ဖိအားနှင့် ပြည့်နှက်နေစေခဲ့၏။

"အဲဒါ ဆေးအင်ပါယာပဲ။" တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

သူ့နောက်ကျောမှာ သယ်ဆောင်လာသည့်အရာက မည်သည်နည်း။ လူအုပ်ကြီးက အံ့အားသင့်နေကြသည်။ ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်နတ်ရတနာအား သူ့နောက်ကျောတွင် သယ်ဆောင်ရင်း လျှောက်လာခဲ့သည်။

ဒုန်း..

သူ၏ ခြေတစ်လှမ်းချင်းစီတိုင်းက အဆုံးမဲ့လေဟာနယ်တွင် ကျယ်ပြောသော အကွာအဝေးထိ ဖြတ်သန်းလာနိုင်ခဲ့သည်။ သူ၏ ခြေလှမ်းများ ဆင်းသက်လာသည့်အခါ ကုန်းမြေတစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်သွားလေသည်။ နတ်အလင်းတို့က ကောင်းကင်မှ ကျဆင်းလာ၏။ လူတိုင်းက မွန်းကြပ်ဖွယ်ဖိအားကို ခံစားမိပေသည်။

"ဆေးအင်ပါယာက ဘာလုပ်မလို့လဲ။"

နယ်မြေသခင်အိမ်တော်အပြင်ဘက်ရှိ မရေတွက်နိုင်သော တန်ခိုးရှင်များက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့က ထိုမြင်ကွင်းအား ထိတ်လန့်အံ့သြစွာ ကြည့်လိုက်ကြသည်။ ဆေးအင်ပါယာက နတ်ရတနာကို သူ့ကျောပေါ်တင်ကာ ပြန်လာခဲ့လေသည်။

ထိုသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို တည်ဆောက်ရန်သုံးထားသော နတ်ရတနာစောင့်ကြည့်မျှော်စင် ဖြစ်လေသည်။ ၎င်းက အစစ်အမှန် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ပင် ဖြစ်၏။ ယခု ဆေးအင်ပါယာက ၎င်းကို သူ့ကျောပေါ်တွင် သယ်ပိုးလာခဲ့သည်။ ထိုသည်မှာ သူက ကောင်းကင်အားသယ်ပိုးထားသလို ထင်မှတ်ရပေသည်။

နယ်မြေသခင်အိမ်တော်အတွင်းမှ တန်ခိုးရှင်များကလည်း သူ့ဘက်သို့ ကြည့်လိုက်ကြသည်။ တုန်းဟွာနန်းတော်မှ ပုဂ္ဂိုလ်ကြီးများသည်လည်း အတူတူပင် ဖြစ်၏။

ဘန်း...

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်က ပြင်းထန်စွာ တုန်ခါသွားပြီး ဆေးအင်ပါယာ၏ ပုံရိပ်က တုန်းဟွာနန်းတော် ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ သူက ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများ၏ အထက်တွင် ထွက်ပေါ်လာပြီး နတ်ရတနာကို ကျောတွင် သယ်ပိုးထား၏။

ထိုအခိုက်တွင် လူအုပ်ကြီးသည် ဆေးအင်ပါယာက မည်သည့်အတွက် ရုတ်တရက် ထွက်သွားကြောင်း သိလိုက်ရသည်။ ကြည့်ရသည်မှာ ဆေးအင်ပါယာက လျှို့ဝှက်နယ်မြေအတွင်းမှ အခြေအနေကို သိရှိပြီးဖြစ်ပုံရသည်။ ထို့ကြောင့် သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ မဆိုင်းမတွ ပြန်သွားခြင်း ဖြစ်လိမ့်မည်။ ယခု ဆေးအင်ပါယာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား သယ်ဆောင်ကာ ပြန်လာခဲ့ပေသည်။

ထိုမြင်ကွင်းအား မြင်သည့်အခါ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများက သူ ထိုအခြေအနေထိ လုပ်စေချင်နေသည်လားဟု တွေးလိုက်ကြသည်။ သူက အမှန်တကယ် စောင့်ကြည့်မျှော်စင်အား သယ်ဆောင်ရန် ပြန်သွားခြင်း ဖြစ်သည်။ သူက တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

အင်ပါယာယန်နှင့် လင်းယွင်ကျီတို့၏ အမူအရာက ပြောင်းလဲသွား၏။ သူတို့သည် ထိတ်လန့်ဖွယ် ကောင်းကင်စွမ်းအားများဝန်းရံထားသော လေထဲမှ ပုံရိပ်ကို ကြည့်လိုက်သည်။

နယ်မြေသခင်နင်က ဆေးအင်ပါယာကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက ကျဥ်းမြောင်းသွား၏။

မကြာသေးခင်က နယ်မြေသခင်အိမ်တော်မှ နတ်ရတနာက ဖျက်ဆီးခံလိုက်ရသည်။ ရီဖူရှင်းက ချိပ်စည်းအား ချိုးဖျက်ကာ ၎င်းကို ပျက်စီးစေခဲ့၏။ ယခု ဆေးအင်ပါယာက နတ်ရတနာတစ်ခုကို ယူလာခဲ့သည်။

ဆေးအင်ပါယာ၏ ပုံရိပ်က တုန်ခါနေပြီး နတ်ရတနာက သူ့ကျောပေါ်မှ လျှောကျသွားသည်။ ကျယ်လောင်သော အသံက အလွန် ကျယ်ပြောပြီး ဝေးကွာသော နေရာထိ ပဲ့တင်ထပ်လာစေ၏။ ကြီးမားသော စောင့်ကြည့်မျှော်စင် နတ်ရတနာတစ်ခုက ကောင်းကင်တွင် မားမားမတ်မတ် ရပ်တည်နေကာ လေဟာနယ်အား ဖိနှိပ်နေသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ ရန်ဟောင်အများကြီးက ဖိနှိပ်ခြင်းစွမ်းအားကို ခံနိုင်ရည် မရှိဘဲ မြေပြင်သို့ လဲကျသွားတော့သည်။

***

All Chapters