ဝိညာဉ်ဖောက်ခွဲခြင်း၊ အတူတကွပျက်စီးခြင်း
Vol. 44 Ch. 646
ကြွက်စုတ်ဆိုသည်မှာ ကျိုယိ၏ နာမည်ပြောင်ဖြစ်သည်။
သာမန်အခြေအနေတွင် ကျိုးသာ့နျိုနှင့် ကျိုယိတို့သည် အကောင်းဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ကျိုးသာ့နျိုသည် ရိုးသားဖြောင့်မတ်ကာ ကျင့်ကြံဆင့်မြင့်မား၍ ကျိုယိ မှာမူ လည်လည်ဝယ်ဝယ်ရှိကာ ကျင့်ကြံမှုအဆင့်နိမ့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်သည့်အခါ တစ်ယောက်အားသာချက်ကို တစ်ယောက် ဖြည့်ဆည်းပေးနိုင်ကာ မီးဖီးတပ်ဖွဲ့ထဲတွင် အစွမ်းထက်ဆုံး အတွဲဖြစ်လာခဲ့သည်။
ကျိုးသာ့နျိုသည် နေ့တိုင်းလိုလို ကျိုယိအား 'ကြွက်စုတ်' ဟု ခေါ်တက်သည်။
ယခုအခါ ကျိုယိမျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံနေပြီး သူသည် ရှေ့သို့ မဆိုင်းမတွ ထွက်လာကာ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း လေးနက်စွာ ပြောလိုက်သည်။
"ငါ မသွားဘူး"
...
"ငတုံး... မင်း ဒီမှာနေရင် သေမှာပဲ၊ ငါ မင်းကို အခုချက်ချင်း ထွက်သွားလို့ ပြောနေတယ်လေ"
ကျိုးသာ့နျိုသည် ဒေါသတကြီး အော်ဟစ်လာပြီး သူ့မျက်လုံးများသည် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေသည်။ ကျိုယိလည်း ဒေါသတကြီး ပြန်အော်သည်။
"သေရင်လည်း သေတယ်ပေါ့၊ ငါ မင်းကို တစ်ယောက်တည်းပစ်ပြီး မထွက်ပြေးနိုင်ဘူး"
ထိုအချိန်တွင် ချန်ဟောက်နှင့် အခြားသူများလည်း အားယူထရပ်ကာ လာရောက်ကူညီရန် ကြိုးစားကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကောင်းကင်မှ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားက ခေါင်းကို ဖြည်ညှင်းစွာ ယမ်းကာ သက်ပြင်းချလိုက်သည်။
"တကယ့်ကို ချီးကျူးစရာကောင်းတဲ့ တိုက်ပွဲဝင်စိတ်ပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာက ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး"
သူ ထိုသို့ပြောပြီးသည်နှင့် လေထဲတွင် အနက်ရောင်ကြာပွတ် ဒါဇင်ပေါင်းများစွာ ပေါ်လာပြီး ၎င်းတို့အုပ်စုထံသို့ ရိုက်ချလိုက်သည်။
ချန်ဟောက်နှင့် အခြားသူများ မျက်နှာလည်း မည်းမှောင်သွားသည်။ ၎င်းတို့သည် အားအင်ကုန်ခမ်းနေပြီဖြစ်ပြီး ဆက်လက်တိုက်ခိုက်ရန် အားမရှိတော့သောကြောင့် မျက်လုံးမှိတ်ကာ သေခြင်းကို စောင့်နေရုံသာ တတ်နိုင်သည်။ သို့သော် ထိုအချိန်တွင် တောင်ပြိုသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။
"ခွေးမသား နတ်ဆိုးကောင်၊ ငါ မင်းကို ငရဲပို့ပစ်မယ်၊ ငါ ကျိုးသာ့နျိုက မင်းလိုကောင်မျိုးကို ဘယ်တော့မှ ဒူးမထောက်ဘူး"
ကျိုးသာ့နျိုသည် ထိုသို့ပြောပြီးနောက် သူ့ မျက်လုံးများထဲတွင် တုန်လှုပ်ဖွယ်ရာ ရွှေရောင်အလင်းတန်းတစ်ခု တောက်လောင်လာပြီး သူ့ကိုယ်လုံးသည် အလွန်အမင်း ကြီးထွားလာသညသည်။
ကျိုယိနှင့် ချန်ဟောက်တို့လည်း ထိတ်လန့်တကြား အော်လိုက်ကြသည်။
"သာ့နျို မလုပ်နဲ့"
သို့သော် သူတို့ပြောသည်မှာ နောက်ကျသွားပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးသာ့နျိုသည် မီတာနှစ်ဆယ်၊ သုံးဆယ်ခန့် မြင့်မားလာသည်။
ယခုအခါ သူ့ တစ်ကိုယ်လုံးသည် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။ ကျိုယိ မော့ကြည့်လိုက်ချိန် သူ့မျက်စိရှေ့မှ မြင်ကွင်းကို ကြောင်တက်တက် ကြည့်နေမိကာ သူ့မျက်ရည်များလည်း တာကျိုးမတက် စီးကျလာသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးသာ့နျိုလုပ်တော့မည့်အရာကို သူသိနေသောကြောင့် ဖြစ်သည်။
နတ်ဆိုး အမူအရာလည် ထိတ်လန့်မှုနှင့်အတူ ရှုပ်ထွေးမှုများဖြင့် အရောင်ပြောင်းလာသည်။ သူသည် ကျိုးသာ့နျိုထံမှ ထွက်ပေါ်နေသော စွမ်းအင်များကြောင့် သူ့ နှလုံးသားထိတိုင် ကြောက်ရွံ့မှုကို ခံစားရသောကြောင့် ဖြစ်သည်။ သို့သော် သူ့တွင်လည်း နတ်ဆိုးတစ်ပါး၏ မာနရှိသောကြောင့် ခဏတာ တုံ့ဆိုင်းပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ အေးစက်စွာ ပြက်ရယ်ပြုလိုက်သည်။
"ငါနဲ့ အသေခံတိုက်ဖို့ မင်းရဲ့ဝိညာဉ်ကို ဖောက်ခွဲတာက တန်လို့လား။ မင်းသိထားသင့်တယ်... ဝိညာဉ်ကို ဖောက်ခွဲတာရဲ့ အကျိုးဆက်က စိတ်ဝိညာဉ်ပါ ပြာဖြစ်ပြီး လုံးဝပျောက်ကွယ်သွားမှာ၊ ထာဝရ ကျိန်စာသင့်တာထက်တောင် ပိုဆိုးသေးတယ်"
ကျိုးသာ့နျိုသည် စကားတစ်ခွန်းမှ ပြန်မပြောပေ။ သူ့ကိုယ်ပေါ်မှ ရွှေရောင်အလင်းသည် ပိုလို့ပင်အားကောင်းလာကာ အဆုံးတွင် သူ့တစ်ကိုယ်လုံး အလင်းရောင်များဖြင့် ပြုလုပ်ထားသည့်ပမာ အလင်းသံချပ်ကာအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအခိုက်အတန့်မှာပင် ကျိုးသာ့နျိုသည် ရှေ့သို့တစ်လှမ်းတိုးကာ လက်သီးတစ်ချက် ထိုးလိုက်သည်။
ဤလက်သီးကြောင့် ကောင်းကင်နှင့်မြေကြီးပင် တုန်ခါလာပြီး အနီးအနားရှိ အဆောက်အအုံများမှာ ယိမ်းထိုးလာသည်။
နတ်ဆိုးလည်း မဲ့ပြုံးပြုံးလိုက်သည်။
"ကောင်းပြီလေ၊ မင်းက ဒီကစားပွဲကို စချင်မှတော့ ငါလည်း ကစားပေးမယ်"
ထိုသို့ပြောပြီးနောက် အနက်ရောင်ကြာပွတ်ရာပေါင်းများစွာ ထွက်ပေါ်လာပြီး ကျိုးသာ့နျိုကို ရုတ်တရက်ပင် အထပ်ထပ်အခါခါ ရစ်ပတ်လာကာ တင်းကြပ်စွာဆွဲစိလိုက်သောအခါ ကျိုးသာ့နျိုခန္ဓာကိုယ်ပေါ်တွင် တကျွီကျွီမြည်သံများ ထွက်ပေါ်လာသည်။
သို့သော် ကျိုးသာ့နျိုသည် နာကျင်မှုကို မခံစားရတော့သည့်အလား ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး သူ့ကို ချည်နှောင်ထားသော အနက်ရောင်ကြာပွတ်များကို ဆွဲဖြဲလိုက်သည်။
နတ်ဆိုးလည်း ညည်းလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးအချို့လည်း ဖြည်းညင်းစွာ စီးကျလာသည်။ ဤသည်မှာ သူ လူ့လောကထဲသို့ ဆင်းသက်လာပြီးနောက် ပထမဆုံးအကြိမ် ဒဏ်ရာရခြင်း ဖြစ်သည်။
ဤအဖြစ်မှာ ရှေးဟောင်းနတ်ဆိုးကို အလွန်အမင်း ဒေါသထွက်သွားစေသည်။
"သောက်ပုရွက်ဆိတ်တွေ မင်းတို့က ငါ့လို မြင့်မြတ်တဲ့သူကို ဒဏ်ရာရအောင် လုပ်တယ်ပေါ့၊ ငါ မင်းတို့ကို အစိမ်းလိုက် ဆွဲဖြဲပစ်မယ်၊ ပြီးရင် ဒီမြို့ကြီးတစ်ခုလုံးကို မင်းတို့နဲ့အတူတူ မြှုပ်နှံမယ်"
နတ်ဆိုး စကားသံများ ပဲ့တင်ထပ်လာပြီး ကြီးမားသော အနက်ရောင်တိမ်တိုက်များလည်း ရှန်းကျန်းမြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဤအချိန်တွင် စုန်ယိသည် သတိပြန်လည်လာကာစ ဖြစ်သည်။ သူ ထိုမြင်ကွင်းကို မြင်သောအခါ သူတစ်ကိုယ်လုံး တုန်ရီလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒါက မြို့ကို တစ်ခါတည်းဖျက်ဆီးနိုင်မဲ့ အကွက်ပဲ၊ သူ မြို့ကို ဖျက်ဆီးတော့မယ်"
ထိုသို့ပြောပြီးနောက် စုန်ယိမျက်နှာပေါ်တွင် ခုခံလိုစိတ်နှင့် မျှော်လင့်ချက်မဲ့မှုများ တလှည့်ဆီ ပေါ်လာသည်။
ဤနတ်ဆိုးသည် လူများ နှလုံးသားထဲရှိ ကြောက်ရွံ့မှုနှင့် လောဘကို စားသုံးကာ အသက်ရှင်သောကြောင့် ယခုလို လူဦးရေထူထပ်သော မြို့ကြီးများတွင် မရှုံးနိမ့်နိုင်သော သတ္တဝါတစ်ကောင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူများ နှလုံးသားထဲရှိ ကြောက်ရွံ့မှုနှင့် လောဘသည် ဖယ်ရှားရန် မဖြစ်နိုင်သလောက် ခက်ခဲသောကြောင့် ဖြစ်သည်။ သို့သော် ဆင်းသက်လာသောနတ်ဆိုးမှာ သူ၏ ကြမ်းကြုတ်သောအစီအစဉ်များကို လုပ်တော့မည့်အခိုက် သူ့နောက်တွင် တောက်ပသော ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာပြီး သူ့ကိုအနောက်မှ တင်းကျပ်စွာ ချုပ်လိုက်သည်။
ရွှေရောင်အလင်းသည် နတ်ဆိုးအား ဖုံးလွှမ်းသွားပြီး သူါကိုယ်ပေါ်ရှိ အမှောင်စွမ်းအင်များကိုလည်း တိုက်စားလာသည်။
ဤအဖြစ်သည် နတ်ဆိုးကို နာကျင်စွာ အော်ဟစ်စေခဲ့သည်။
ကောင်းကင်ပေါ်ရှိ တိမ်တိုက်မဲများသည်လည်း စုဝေးခြင်း ရပ်တန့်သွားသည်။ သို့သော် ဤအရာအတွက် အရင်းအနှီးတစ်ခု ပေးလိုက်ရသည်။ နတ်ဆိုး၏ သတ်ဖြတ်လိုစိတ်လည်း အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး ပြင်းထန်စွာ ရုန်းကန်လာသည်။ ကျိုးသာ့နျို ၎င်းအား တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူ့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ ဖြာထွက်နေသည်။
အဆုံးတွင်...
နတ်ဆိုးသည် အလွန်အမင်း ဒေါသထွက်နေသောကြောင့် ကောက်ကျစ်စွာ ဝိညာဉ်လောင်ကျွမ်းစေနိုင်သည့်မီးကို ထုတ်လွှတ်လိုက်သည်။ ကျိုးသာ့နျိုလည်း ပါးစပ်လည်းပွင့်သွားပြီး သူ့ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သို့သော် ထိုသို့ဖြစ်သည့်တိုင် ကျိုးသာ့နျို မလွှတ်ဘဲ ပို၍ပင် တင်းကျပ်စွာ ဖက်ထားသည်။ နတ်ဆိုး၏ နာကျင်စွာ အော်ဟစ်သံသည် ပိုလို့ပင် ပြင်းထန်လာသည်။
"သောက်ပုရွက်ဆိတ်၊ မင်းက ဒီလိုနည်းနဲ့ ငါ့ကို ဒုက္ခပေးနိုင်မယ် ထင်နေလား ငါက အမြင့်မြတ်ဆုံး နတ်ဆိုးနတ်ဘုရားပဲ မင်းရဲ့ ဝိညာဉ်ကို မီးလောက်တိုက်သွင်းပစ်မယ်"
နတ်ဆိုးလည်း ဟိန်းဟောက်လိုက်သည်။
ထိုအချိန်မှာပင် သူ့ကိုယ်ပေါ်ရှိ အနက်ရောင်စွမ်းအင်များသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ့ခန္ဓာကိုယ်မှ ထွက်တော့မည့်အလား ဖြစ်နေသည်။ ကျိုးသာ့နျိုမျက်နှာပေါ်တွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာပြီးနောက် ကျိုယိနှင့် အခြားသူများကို ငုံ့ကြည့်ကာ သူ့ ဧရာမမျက်နှာကြီးပေါ်တွင် ကြောင်တိကြောင်တောင် အပြုံးတစ်ခု ပေါ်လာသည်။
"နည်းပြကို ပြောလိုက်... ငါတို့ မီးဖီးတပ်ဖွဲ့ထဲမှာ သူရဲဘောကြောင်တဲ့သူ တစ်ယောက်မှမရှိဘူး၊ ငါ သာ့နျိုက သူ့ကို မျက်နှာမငယ်စေခဲ့ဘူးလို့ ပြောပေးပါ"
ချန်ဟောက်တို့လည်း မျက်ရည်များကျဆင်းပြီး တပြိုင်တည်း ခေါင်းညိတ်ပြကြသည်။ ကျိုယိမှာမူ အားအင်ကုန်ခမ်းသွားသည့်အလား မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။
"မဖြစ်ဘူး၊ မလုပ်နဲ့၊ သာ့နျို မင်းမရှိရင် ငါ ဘယ်လိုလုပ်ရမလဲ"
ကျိုးသာ့နျိုသည် ကျိုယိကို စူးနင့်စွာ စိုက်ကြည့်ကာ ရယ်မောလိုက်သည်။
"ကြွက်စုတ်၊ နောက်ဘဝရှိရင် ငါတို့ ညီအစ်ကိုတွေ ထပ်လုပ်ကြတာပေါ့ကွာ"
ထိုသို့ပြောပြီးသည်နှင့် ကျိုးသာ့နျိုမျက်လုံးထဲရှိ ဝိညာဉ်မီးတောက်သည် ပိုလို့ပင် ပြင်းထန်စွာ တောက်လောင်လာပြီး သူ့ ခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင်အလင်းသည် အတွင်းသို့ ကျုံ့ဝင်သွားသည်။ နတ်ဆိုးလည်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သောက်အရူးကောင်၊ မင်း ဘာလို့..."
သူစကားမဆုံးမီမှာပင်...
ကျိုးသာ့နျိုခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင်အလင်းသည် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ မူလတွင် မှောင်မိုက်နေခဲ့သော ညကောင်းကင်သည် ရွှေရောင်နေတစ်စင်း ထင်းလင်းလာသလို ထိုအလင်းရောင်ကြောင့် ရှန်းကျန်းတစ်မြို့လုံး လင်းထိန်သွားစေသည်။
မရေမတွက်နိုင်သော နတ်ဆိုးများနှင့် မိစ္ဆာများသည် အော်ဟစ်ချိန်ပင်မရလိုက်ဘဲ ထိုတိုက်ခိုက်မှုတစ်ခုတည်းဖြင့် ပြာအဖြစ်သို့ ပျောက်ကွယ်သွားကြသည်။
မီးဖီးတပ်ဖွဲ့ဝင်များလည်း ကြောင်ငေးကြည့်နေကြသည်။ အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ ကောင်းကင်သည် ဗလာနတ္ထိဖြစ်နေပြီး နတ်ဆိုး၏ အရိပ်အယောင်မရှိသလို ကျိုးသာ့နျိုလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျိုယိ၏ မျက်နှာတစ်ခုလုံး ပြာနှမ်းနေပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ့စိတ်ထဲတွင် ကျိုးသာ့နျိုနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့် ပုံရိပ်များ ထင်ဟပ်လာသည်။ ထိုစဉ် ကျိုးသာ့နျိုသည် ရိုးသားလွန်းကာ ခပ်တုံးတုံးပုံစံဖြင့် ဟောင်းနွမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ တွေ့သမျှလူတိုင်းကို အားရပါးရ ရယ်ပြတတ်သူ ဖြစ်သည်။
သို့သော် ထိုသို့သော သူသည် ကျင့်ကြံခြင်းလမ်းတွင် အဝေးဆုံးသို့ လျှောက်နိုင်ခဲ့သူလည်းဖြစ်သည်။
ရွှယ်အန်းပင် ၎င်းကို တစ်ကြိမ်ထက်မနည်း ချီးကျူးဖူးသည်။ ၎င်းကို အချိန်သာပေးလိုက်ပါက သာမန်ဘဝကို ကျော်လွန်၍ အင်မော်တယ်ပင်ဖြစ်နိုင်ပြီး ရွှေရောင်အင်မော်တယ် တစ်ယောက်ပင် ဖြစ်လာနိုင်သည်။
ဒါပေမဲ့ အခုတော့... အရာအားလုံး ပြီးသွားပြီ...
ဝိညာဉ်အားကိုယ်တိုင် ဖောက်ခွဲခြင်း၏ အကျိုးဆက်သည် အရာအားလုံး ဆုံးရှုံးခြင်း ဖြစ်သည်။ ကျိုယိသည် နှလုံးသားကို ရက်စက်စွာ ဆွဲထုတ်ခံရသည့်အလား နာကျင်နေမိသည်။
သူ့ကို ကြွက်စုတ် လို့ ရယ်ရယ်မောမော ခေါ်မဲ့သူက ထပ်မရှိတော့ဘူး...
လုံး၀မရှိတော့ဘူး…