← Chapters

ကမ္ဘာအား ဖျက်ဆီးကြခြင်း

Vol. 44 Ch. 647

ကမ္ဘာအား ဖျက်ဆီးကြခြင်း

Vol. 44 Ch. 647

ထိုအချိန်တွင် ကောင်းကင်ယံ၌ လှိုင်းဂယက်များ ပေါ်လာပြီး မြို့ထဲတွင် အနက်ရောင်အလင်းစက်လေးများသည် မြင့်တက်သွားကာ ကောင်းကင်ယံတွင် စုစည်းလာပြီး နှလုံးခုန်နေသည့်အလား တုန်ခါနေသော အနက်ရောင်အလုံးကြီး ဖြစ်လာသည်။

စုန်ယိမျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ဒါက အဲ့နတ်ဆိုး၊ သူမသေသေးဘူး၊ ပြီးတော့ သူက မြို့သူမြို့သားတွေရဲ့ အဆိုးမြင်စိတ်တွေကို စားသုံးပြီး သူ့ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနေတာ"

မီးဖီး အထူးတပ်ဖွဲ့ဝင်များအားလုံး မျက်နှာလည်းဖြူဖျော့သွာပြီး ကျိုယိသည် ရုတ်တရက် ထရပ်လိုက်လာကာ သူ့မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ ရူးသွပ်စွာ တောက်လောင်နေပြီး ရှေ့သို့ တဟုန်ထိုးပြေးသွားရန် ပြင်လိုက်သည်။

ချန်ဟောက်သူ့ကို တားလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ"

"ကပ္ပတိန်... ကျွန်တော် အဲ့ခွေးမသား နတ်ဆိုးကို သတ်ချင်တယ်"

ထိုသို့ပြောနေစဉ် ကျိုယိ၏ မျက်ဝန်းများမှ သွေးမျက်ရည်များ စီးကျလာသည်။

"အသုံးမဝင်ဘူး၊ ဒီမြို့ရှိနေသရွေ့ အသုံးမ၀င်ဘူး၊ မြို့က လူတွေ ရှိနေရင် ဒီနတ်ဆိုးက မသေနိုင်သလောက်ပဲ"

စုန်ယိလည်း ဖြူဖျော့နေသောမျက်နှာဖြင့် ရေရွတ်လိုက်သည်။

...

"ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် သူ့ကို သတ်ချင်တယ်၊ သာ့နျို အတွက်၊ အန်းအတွက် လက်စားချေချင်တယ်"

ကျိုယိသည် လုံးဝ စိတ်လွတ်သွားပြီး မည်သူ့တားဆီးမှုကိုမျှ ဂရုမစိုက်ဘဲ ရှေ့သို့ သွားရန်သာ စိတ်ပိုင်းဖြတ်ထားသည်။

ဖြန်း

ချန်ဟောက်ကျိုယိမျက်နှာကို ရိုက်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ကျိုယိစိတ်ထိန်းစမ်း"

ကျိုယိသည် အရိုက်ခံလိုက်ရသောကြောင့် ကြောင်အသွားပြီး သူ့မျက်နှာကို အုပ်ကိုင်လျက် ကျယ်လောင်စွာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"ကပ္ပတိန် ကျွန်တော့်ကို သွားခွင့်ပေးပါ၊ ကျွန်တော် ဒီနတ်ဆိုးတွေနဲ့အတူတူ သေချင်လို့ပါ"

"ငါက မင်းထက်တောင် သေချင်သေးတယ်၊ ဒါပေမဲ့ သေပြီးရင်ရော ဘာဖြစ်မလဲ၊ အန်းချင်ကိုရော ဘယ်လိုလုပ်မလဲ၊ ဒီမြို့က သာမန်ပြည်သူတွေကရော မင်း ဘယ်လိုလုပ်မလဲ"

ချန်ဟောက်အော်ဟစ်လိုက်သည်။

ကျိုယိမျက်နှာတွင် ရှုပ်ထွေးသွားသော အမူအရာတစ်ခု ပေါ်လာသည်။

ထိုစဉ် စွန်းလင်သည် အန်းချင်ကို ကျောပေါ် အားယူထမ်းပိုးလျက် အမှောင်ထဲမှ ထွက်လာသည်။

"ကပ္ပတိန်၊ အန်း..."

စွန်းလင်၏ မျက်လုံးများ နီရဲနေကာ သူ့အသံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်နေသည်။

ချန်ဟောက်နှင့် အခြားသူများလည်း ထိတ်လန့်သွားပြီး လျင်မြန်စွာ စုရုံးလာကြသည်။

၎င်းတို့သည် စွန်းလင်ကျောပေါ်တွင် လဲနေသော အန်းချင်ကို တွေ့လိုက်ရသည်။ သူမ မျက်လုံးများမှာ တင်းကြပ်စွာမှိတ်ထားပြီး ပိုးအိမ်ကဲ့သို့သော အရာတစ်ခုဖြင့် ပတ်ထားခံရပြီး ပါးပြင်လေးများသာ ပေါ်နေသည်။

"ဘာဖြစ်တာလဲ"

မီးဖီး တပ်ဖွဲ့ဝင်များ ပွက်လောရိုက်သွားသည်။

ရွှယ်အန်းသည် မီးဖီးတပ်ဖွဲ့၏ စိတ်ဝိညာဉ်ဆိုပါက အန်းချင်သည် လူတိုင်း နှလုံးသားထဲတွင် လေးစားရသော နတ်ဘုရားမတစ်ပါး ဖြစ်သည်။

ထို့ကြောင့် အန်းချင်ကို ယခုလိုအခြေအနေ မြင်လိုက်ရသောအခါ လူတိုင်းနီးပါး မျက်ရည်များကျကာ ဝမ်းနည်းကြေကွဲသွားကြသည်။ ထို့နောက် ၎င်းတို့အားလုံး ဒေါသများ တဟုန်းဟုန်းထွက်လာပြီး ထိုနတ်ဆိုးနှင့် အသေခံတိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

ချန်ဟောက်သည် သူ့စိတ်သူ မနည်းထိန်းချုပ်ထားပြီး လူတိုင်း မဆင်မခြင် မလုပ်ကြရန် အမိန့်ပေးလိုက်သည်။

သို့သော် စုန်ယိသည် အန်းချင်ကို တစ်ချက်လေ့လာပြီးနောက် သူ့ အမူအရာ ပြောင်းလဲသွားပြီး ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရကာ ချန်ဟောက်နှင့် အခြားသူများဘက်သို့ လှည့်၍ လေးနက်စွာ ဦးညွှတ်လိုက်သည်။

"ကပ္ပတိန်ချန်၊ အန်းချင်က အခု သတိလစ်နေပေမယ့် သူ့ရဲ့အသက်ရှုသံက ပုံမှန်ပါပဲ၊ သူ ဘာမှမဖြစ်လောက်ပါဘူး"

ချန်ဟောက်သူ့ကို အမြန်ထူပေးလိုက်သည်

"ဆရာစုန့် ဘာလုပ်တာလဲ၊ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့"

စုန်ယိခေါင်းအား စိတ်ဆုံးဖြတ်ထားစွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"ကပ္ပတိန်ချန်၊ အခုဆို ကမ္ဘာကြီးက ပရမ်းပတာဖြစ်နေပြီ၊ ရှန်းကျန်းက လူသန်းပေါင်းများစွာရဲ့ အသက်အတွက် ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်"

ချန်ဟောက်အမူအရာသည် လေးနက်သွားသည်။

"ပြောပါ ဆရာစုန့်"

စုန်ယိအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တစ်ချက်တုန်ခါလိုက်တိုင်း ပိုလို့ပင်ကြီးမားလာသော ကောင်းကင်ပေါ်မှ အနက်ရောင်အလုံးကို ကြည့်လိုက်သည်။

"ဒီနတ်ဆိုးက လူတွေရဲ့ ကြောက်ရွံ့မှုနဲ့ လောဘတွေကို စားသုံးပြီး ရှင်သန်နေတာ၊ ဒါကို အရင်းအမြစ်ကနေ မဖြတ်တောက်နိုင်ရင် သူ့ကို သတ်လို့မရဘူး"

"ဒါပေမဲ့ လူ့သဘာ၀စရိုက်ကို ဖယ်ရှားဖို့ ကြိုးစားတာက အရူးလုပ်ရပ်ပဲ၊ အခု တစ်ခုတည်းသော နည်းလမ်းက..."

"ရှန်းကျန်းက လူအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ပဲ၊ မြို့ကို လူမရှိအောင် ထားနိုင်ရင် ဒီနတ်ဆိုးရဲ့ ကြီးထွားမှုကို ထိန်းချုပ်နိုင်လိမ့်မယ်"

"ခင်ဗျား ဆိုလိုချင်တာက..."

"ရှန်းကျန်းရဲ့ လူဦးရေက သန်းနဲ့ချီရှိတယ်၊ အခုချက်ချင်း ရွှေ့ပြောင်းရင်တောင် ခက်ခဲတဲ့ အလုပ်ကြီးဖြစ်မှာမို့လို့ ဒါကို စီစဉ်ဖို့ စွမ်းအားကြီးတဲ့သူတွေ လိုအပ်လိမ့်မယ်၊ ဒါကြောင့် ကပ္ပတိန်ချန်နဲ့ မီးဖီးတပ်ဖွဲ့ဝင်တွေ ဒီတာဝန်ကို ထမ်းဆောင်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"

စုန်ယိပွင့်ပွင့်လင်းလင်း ပြောလိုက်သဖြင့် ချန်ဟောက်က မဆိုင်းမတွ သဘောတူလိုက်သည်။

"ဒီလို အရေးကြီးတဲ့အချိန်မှာ ဒါကိုလုပ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ၊ ဒါပေမဲ့ ဆရာစုန့်ပြောသလိုပဲ၊ အခု ရွှေ့ပြောင်းရင်တောင် အချိန်အကြာကြီး ယူရလိမ့်မယ်၊ ပြီးတော့ ဒီအမှောင်စွမ်းအင် ကြီးထွားနှုန်းကို ကြည့်ရတာ လူတွေမရွှေ့ပြောင်းခင်မှာပဲ နတ်ဆိုးက လူ့လောကကို ပြန်ခြေချလာနိုင်တယ်"

စုန်ယိက ခပ်ဖျော့ဖျော့ပြုံးလိုက်ရာ သူ့မျက်လုံးများသည် တောက်ပစွာ လင်းလက်နေသည်။

"ကပ္ပတိန်ချန် ကျွန်တော် ဘာအလုပ်လုပ်လဲဆိုတာ မေ့သွားပြီလား"

ချန်ဟောက်တစ်ယောက် ကြောင်သွားသည်။ စုန်ယိသည် တဖြည်းဖြည်းကြီးမားလာသော အနက်ရောင်စွမ်းအင်လုံးကို ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် ဒီမှာရှိနေသရွေ့ ဒီနတ်ဆိုးကို လူ့လောကထဲ နောက်တစ်ကြိမ် ဆင်းသက်လာခွင့် ပေးမှာမဟုတ်ဘူး"

ချန်ဟောက်ခဏတာတိတ်ဆိတ်သွားပြီး ဦးညွှတ်လိုက်သည်။

"ဒါဆိုရင် ဆရာစုန့် ဂရုစိုက်ပါ"

အခြေအနေမှာ အရေးတကြီး‌သောကြောင့် ဆွေးနွေးမှုပြီးသည်နှင့် ချန်ဟောက်သည် ရှန်းကျန်း ဆိပ်ကမ်းမှ ကြီးမားသော ရွှေ့ပြောင်းမှုကို ချက်ချင်း စတင်စီစဉ်တော့သည်။

မီးဖီးတပ်ဖွဲ့ဝင်များလည်း ထွက်ခွာသွားပြီးကြသည်။

စုန်ယိသည် သူနှစ်ပေါင်းများစွာ စုဆောင်းထားသော ဖုန်းရွှေ လျှို့ဝှက်လက်နက်များအားလုံးကို အသုံးပြုကာ ပတ်ဝန်းကျင်မြေအနေအထားအရ ဖုန်းရွှေအစီအရင် စတင်တည်ဆောက်သည်။

မိုးခြိမ်းသံအလား ကျယ်လောက်သော အသံကြီး ထွက်ပေါ်လာသည်။ အစီအရင်သည် အပြည့်အဝ တည်ဆောက်ပြီးသွားပြီဖြစ်သည်။ စုန်ယိလည်း သွေးတစ်လုပ် အန်ထုတ်လိုက်သည်။

ထိုအနက်ရောင်စွမ်းအင်လုံးအတွင်းမှ ဒေါသတကြီး နှာမှုတ်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်း ကြီးထွားနှုန်းသည်လည်း လျော့ကျသွားသည်။ ထိုအဖြစ်ကိုမြင်သောအခါ စုန်ယိနှုတ်ခမ်းများကွေးတက်သွားပြီး ပြတ်သားသော အပြုံးတစ်ခု ပေါ်လာကာ အစီအရင် အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲရှိ နွေးနေသေးသော "စစ်မှန်သော အစီအရင် နားလည်မှု" စာအုပ်ကို ဂရုတစိုက် ထုတ်ယူလိုက်သည်။

ဤသည်မှာ ထိုစဉ်က ရွှယ်အန်းသည် ဆိပ်ကမ်းတွင်ရှိသော နတ်ဘုရားအမွေအနှစ်နယ်မြေကို ဖောက်ထွင်းဝင်ရောက်ခဲ့စဉ် ရရှိခဲ့ပြီး စုန်ယိအား ပေါ့ ပေါ့ပါးပါး ပေးအပ်ခဲ့သောအရာဖြစ်သည်။ စုန်ယိသည် ၎င်းကို အဖိုးတန်ရတနာအလ တန်ဖိုးထားကာ အမြဲတစေ ကိုယ်နှင့်မကွာ ဆောင်ထားတက်သည်။

ယခု သူသည် ထိုစာအုပ်ကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်ပြီး သူ့မျက်နှာတွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာသည်။

ထိုနေ့တွင်ပင်…

ဆိပ်ကမ်းတွင် တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်။

မီးဖီးအထူးတပ်ဖွဲ့မှ ကျိုးသာ့နျိုသည် သူ့စိတ်ဝိညာဉ်သူ ဖောက်ခွဲဖျက်ဆီးကာ ဆင်းသက်လာသော နတ်ဆိုးကို ချေမှုန်းခဲ့သည်။

ထို့နောက် ရှန်းကျန်းဆိပ်ကမ်းမှ မြို့သူမြို့သားများသည် ကြီးမားသော ဆုတ်ခွာမှု စတင်ခဲ့သည်။ မြို့ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြပြီး မည်သူမျှ ခြေချခွင့်မရှိတော့ချေ။ ဤအဖြစ်အပျက် ဖြစ်ပွားသည်နှင့်တပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားကြသည်။ သို့သော် ကမ္ဘာကြီးသည် ဤအံ့ဩမှုမှ မနိုးထနိုင်မီ ထိုအဖြစ်အပျက်အား ကြီးမားသည့် ဖြစ်ရပ်များသည် လွှမ်းမိုးသွားသည်။

ကမ္ဘာမြေရှိ တံခါးပေါက်များ အကုန်ပွင့်သွားသည့်ပမာ လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားများနှင့် နတ်ဆိုးများ၏ အရေအတွက်သည် သိသိသာသာ တိုးပွလာပြီး နတ်ဘုရားနှင့် နတ်ဆိုးစစ်တပ်များ ဖွဲ့စည်းကာ ကမ္ဘာတစ်ခုလုံး အထိန်းအကွပ်မရှိ သောင်းကျန်းနေတော့သည်။

လူသားမျိုးနွယ်၏ ဂုဏ်ယူဖွယ်ရာ လက်နက်များသည် ဤအားကြီးသော သူများရှေ့တွင် အလွန်နုနယ်ကာ ပျက်စီးလွယ်ပုံရသည်။ နှစ်ရက်၊ သုံးရက်အတွင်းပင် နိုင်ငံငယ်လေးပေါင်းများစွာ ပျက်ဆီးသွားပြီး ကျန်ရှိနေသော အင်အားကြီးနိုင်ငံများလည်း ဆုတ်ခွာနေရသောကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်။ ကမ္ဘာကြီးသည် စစ်ပွဲနွံထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီး ရုန်းမထွက်နိုင်ဖြစ်နေသည်။

ထိုစဉ် ချင်းမန်မြို့တွင် ချန်ဟောက်၊ စွန်းလင်နှင့် အခြားသူများသည် တိတ်ဆိတ်စွာ တန်းစီရပ်နေကြသည်။

အန်းယန်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေကာ သူ့အား ထူထဲသော ပိုးအိမ်ဖြင့် ပတ်ထားခံရပြီး မျက်နှာတစ်ခြမ်းသာ ပေါ်နေသည့် ပုံရိပ်အား အန်းချင် တိတ်ဆိတ်စွာ ကြည့်နေသည်။

လေထုသည် အသက်ရှူမရလောက်အောင်ပင် ဖိအားများနေသည်။

သို့သော် ဤသေမလောက်အောင် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သူများသည် ရှန်းရှန်းနှင့် နျန်နျန်တို့ ဖြစ်သည်။ ၎င်းတို့သည် အိပ်ရာပေါ်ရှိ အန်းချင်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလျက် ပြောလိုက်သည်။

"အန်တီ နိုးလာပါတော့၊ မအိပ်နဲ့တော့နော်၊ သမီးတို့ကို ထပြီးတော့ စကားပြောပါဦး၊ ဖေဖေလည်း ပြန်မလာသေးဘူး၊ အန်တီကပါ သမီးတို့ကို ထားတော့မလို့လား"

ထိုမြင်ကွင်းကြောင့် သေခြင်းရှင်ခြင်းနှင့် ကျင့်သားရနေသော ယောက်ျားရင့်မာကြီးများပင် နှာခေါင်းထိပ်များ ချဉ်တက်လာပြီး မျက်ရည်များ ကျဆင်းလာသည်။ သို့သော် အန်းယန်သည် တုန်ယင်နေသော လက်များဖြင့် ကောင်မလေးနှစ်ယောက်၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"မငိုပါနဲ့၊ မင်းတို့အန်တီက အရမ်းပင်ပန်းနေလို့ပါ၊ သူ ကောင်းကောင်းအိပ်ပြီးရင် နိုးလာမှာ"

All Chapters