မင်းတို့တွေအကုန် ငါ့ဆီပြန်လာရမယ်
Vol. 44 Ch. 649
ထိုလူများကို မြင်သည်နှင့် အရိုးခေါင်းများအားလုံး ချက်ချင်းပင် သေနတ်ဖွင့်ကာ ပစ်လိုက်ကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အမြဲတစေ အစွမ်းထက်ခဲ့သော ကျည်ဆန်များသည် ၎င်းတို့ စွမ်းအားကို ဆုံးရှုံးသွားခဲ့သည်။ ပြင်းအားမြင့် စနိုက်ပါရိုင်ဖယ်များထိမှန်လျှင်ပင် ထိုလူများ ခန္ဓာကိုယ်ကို ထိုးမဖောက်နိုင်ခဲ့ပေ။
ထို့နောက် ထိုလူများသည် ရုတ်တရက် လေထဲသို့ ခုန်တက်လာကာ အရိုးခေါင်းများရှိရာသို့ တည့်တည့် တိုးဝင်လာကြသည်။
"ခွေးမသားတွေ ဒါ ဘာတွေလဲကွ"
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်သည် ထိုကောင်များကို ထိခိုက်အောင် မလုပ်နိုင်မှန်း သိသွားသောအခါ ကြောက်လန့်တကြား တုန်ယင်သွားပြီး လိမ့်ကျသွားကာ ထိုအကာင်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရသည်။
သို့သော် သူရှောင်လိုက်သည်နှင့် သူ့အနောက်ရှိ အရိုးခေါင်း အော်သံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ချိန် အရိုးခေါင်းတစ်ယောက်သည် ထိုလူများထဲမှ တစ်ယောက်၏ လက်ထဲတွင် ဆွဲဖြဲခံနေရပြီး ဦးခေါင်းခွံမှာ ကြေမွသွားသည်ကို တွေ့လိုက်ရသည်။
...
ထိုအရိုးခေါင်း မျက်လုံးထဲရှိ မီးတောက်သ မငြိမ်းမီ ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်ကို တစ်ချက်ကြည့်ပြီးမှ ငြိမ်းသွားခဲ့သည်။ ထိုအချိန်တွင် အခြားအရိုးခေါင်းများလည်း ထိုတိုက်ခိုက်သူများ လက်ထဲတွင် အပိုင်းပိုင်း ဆွဲဖြဲခံနေရပြီး ကျိုးပဲ့နေသော အရိုးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်လည်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
"သောက်အလင်းနတ်ဘုရား မင်းရဲ့ မျိုးဆက်ဆယ့်ရှစ်ဆက်လုံး *ီးပဲဟေ့"
သူ ထိုသို့ပြောရင်း သူ့အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ထတိုက်ရန်ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ့ကို တစ်စုံတစ်ယောက်သည် တင်းကြပ်စွာ ဖက်လာပြီး သူ့နားထဲတွင် အရိုးခြောက်နံပါတ်ခြောက် အသံကို ကြားလိုက်ရသည်။
"စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ မင်း ဒီကောင်တွေကို မနိုင်ဘူး"
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်သည် သူ့ရင်ထဲမှ ဒေါသကို မထိန်းနိုင်တော့ချေ။
"ဒါပေမဲ့ လူတိုင်းက အဲ့ခွေးမသားတွေရဲ့ လက်ထဲမှာ အဆွဲဖြဲခံနေရပြီ"
အရိုးခြောက်နံပါတ်ခြောက်လည်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ငါမြင်တယ်၊ ဒါပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်နဲ့"
ထို့နောက် အရိုးခြောက်နံပါတ်ခြောက် ဘာမှမဖြစ်သလို ထပ်ပြောသည်။
"ဆေးလိပ်တွေ ကျန်သေးလား၊ ငါ့ကိုလည်း တစ်လိပ်ပေးဦး"
"မင်းကတော့ကွာ... တကယ်သွေးအေးတဲ့ အကောင်ပဲ၊ လူတိုင်းက အပိုင်းပိုင်းအစစ ဖြစ်နေပြီ၊ သူတို့ကို ပြန်ဆက်လို့တောင် ရတော့မယ်မထင်ဘူး၊ မင်းကတော့ ဒီလိုအချိန်မှာတောင် ငါ့အပေါ်မှာ တက်ခွထားတုန်းပဲ၊ ငါက ယောက်ျားလေးချင်း စိတ်မဝင်စားဘူး၊ ငါ့အပေါ်ကနေ ဖယ်စမ်း"
ဆေးလိပ်သောက်နေသော အရိုးခြောက်သည် ညည်းညူလိုက်သော်လည်း ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်ကာ နောက်သို့ လှည့်မကြည့်ဘဲ လှမ်းပေးလိုက်သည်။
သို့သော် ခဏအကြာအထိ ဘယ်သူမှ လှမ်းမယူလာပေ။
ဆေးလိပ်သောက်နေသော အရိုးခြောက်သည် စိတ်မရှည်စွာဖြင့် ခေါင်းကို ၁၈၀ ဒီဂရီ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်း..."
သူ့စကားမဆုံးခင်တွင် တောင့်ခဲသွားသည်။
အကြောင်းမှာ သူ့အပေါ်တွင် မှောက်လျက်အနေအထားဖြင့် ရှိနေသော အရိုးခြောက်နံပါတ်ခြောက် ခန္ဓာကိုယ်တစ်ခြမ်းသည် လုံးဝကြေမွနေပြီး မြင့်မြတ်သောအလင်းရောင်ကြောင့် ဖြစ်ပေါ်နေသော ဒဏ်ရာများ ရှိနေကာ ကျန်ရှိနေသောအရိုးများကို အသည်းအသန် တိုက်စားနေသောကြောင့် ဖြစ်သည်။
အရိုးခြောက်နံပါတ်ခြောက် မျက်လုံးထဲမှ မီးတောက်သည် အလွန်မှိန်ဖျော့နေသည်။
"ခြောက်... ခြောက်ကြီး"
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်သည် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
ထို့နောက် သူ ထရန်ကြိုးစားသည်။ အရိုးခြောက်နံပါတ်ခြောက်လည်း သူ့တွင် ကျန်ရှိနေသော လက်တစ်ဖက်ကို ခါယမ်းပြပြီး ပြောလိုက်သည်။
"မလှုပ်နဲ့၊ ငါမင်းကို ဖုံးထားပေးတယ်၊ သူတို့ မင်းကို မမြင်နိုင်ဘူး"
"ဒါပေမဲ့... ဒါပေမဲ့..."
အရိုးခြောက်နံပါတ်ခြောက် မျက်လုံးထဲမှ အလင်းရောင်သည် ပိုလို့ပင် မှိန်ဖျော့လာသည်။
"အစ်ကိုကြီး၊ အရင်တစ်ခေါက်က ဖဲရိုက်တုန်းကလေ... တကယ်တော့ ရှုံးတာက ကျွန်တော်ပါ၊ တောင်းပန်ပါတယ်"
"ငါလည်း လိမ်ကစားခဲ့တာပဲ ခြောက်ကြီး အခု စကားမပြောနဲ့တော့၊ အစ်ကိုကြီး မင်းကို ရအောင်ကယ်ထုတ်မယ်"
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်သည် တုန်ယင်သော အသံဖြင့် ပြောသည်။
အရိုးခြောက်နံပါတ်ခြောက် ခေါင်းခါလိုက်သည်။
"အသုံးမဝင်တော့ဘူး"
ထို့နောက် သူသည် ဆေးလိပ်သောက်နေသော အရိုးခြောက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီး၊ နောက်ဘဝမှာ ပြန်တွေ့ကြမယ်"
ထိုသို့ပြောပြီးသည်နှင့် သူ့မျက်လုံးထဲရှိ မီးတောက်သည် လုံးဝ ငြိမ်းသွားကာ သူ့ အရိုးများလည်း နေရာအနှံ့ ပြန့်ကြဲသွားသည်။
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက် မြေကြီးပေါ်တွင် လဲလျောင်းနေသည်မှာ အချိန်မည်မျှကြာသွားမှန်း မသိလိုက်ပဲ အဆုံးတွင် သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"နောက်ဘဝမှာ တွေ့ကြမယ်လို့ *ီးလို စကားတွေ မပြောနဲ့၊ ငါ ဒီလို ခွေးစကားတွေကို မယုံဘူး၊ မင်းတို့အားလုံး ငါ့ဆီပြန်လာရမယ်"
ဤအချိန်တွင် ထိုတောင်ပံပါသော လူများသည် အမှောင်အကာအကွယ်စွမ်းအား၏ နောက်ပြန်အရှိန်ကြောင့် သေဆုံးသွားကြပြီဖြစ်သည်။ ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်သည် မတ်တပ်ထရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ အရိုးခြောက်များအားလုံးကို ဂရုတစိုက် စုလိုက်သည်။
ထိုသို့လုပ်နေရင်း သူ တတွတ်တွတ် ရေရွတ်နေသည်။
"ဒီနံရိုးက ချောမွေ့ပြီး တောက်ပြောင်နေတာပဲ၊ ဒါ ၈ကြီးဆိုတဲ့ ကလေးရဲ့ အရိုးဖြစ်ရမယ်"
"ဒီတင်ပါးဆုံရိုးက အကြီးကြီးပဲ၊ ဒါ တင်ပါးတကားကားနဲ့ ၅ကြီး အရိုးဖြစ်ရမယ်"
သို့သော် သူ အရိုးနံပါတ်ခြောက်၏ အရိုးများကို ထိလိုက်သောအခါ မြင့်မြတ်သော အလင်းရောင်ဖြင့် တိုက်စားခံထားရသော အရိုးများသည် ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် လွင့်ပြယ်သွားခဲ့သည်။
ဤမြင်ကွင်းမှာ သူ့ကို လက်သီးတစ်ချက်ဖြင့် ထိုးလိုက်သည့်ပမာ လန့်နိုးသွားစေသည်။
"ခြောက်ကြီး... အစ်ကိုကြီး မှားသွားပါတယ်ကွာ၊ ဒီနေ့ကစပြီး ငါမင်းရဲ့မြေးလုပ်မယ်လေ၊ မင်းအရိုးတွေကို နေ့တိုင်း တိုက်ချွတ်ပေးမယ်၊ ကျေးဇူးပြုပြီး ငါ့ကိုမထားခဲ့ပါနဲ့ကွာ ဟုတ်ပြီလား"
ဆေးပြင်းလိပ်သောက်နေသော အရိုးခြောက်သည် နာကျင်စွာ အော်ဟစ်ငိုယိုလိုက်ရာ သူ့ မျက်လုံးထဲတွင် ပူနွေးသော မျက်ရည်များ စီးကျလာသည်။
တကယ်တော့...
အရိုးခေါင်းတွေလည်း ငိုတတ်ကြတာပဲကို...
ထိုအချိန်တွင် Metatron သည် ဘုရားကျောင်းအတွင်း၌ ရှိနေပြီး အလင်းမျက်နှာပြင်မှတစ်ဆင့် အမှောင်ရှေးဟောင်းရဲတိုက် အခြေအနေကို ကြည့်ရှုနေသည်။
ခုခံကာကွယ်ရေး စွမ်းအားများ အားနည်းလာသည်ကို မြင်သောအခါ သူ အနည်းငယ် ပြုံးလိုက်ပြီး ဝိုင်နီခွက်ကို ကောက်ကိုင်လိုက်သည်။
"တကယ့်ကို စွဲမက်စရာကောင်းတဲ့ အရသာပဲ၊ ငါ ဒီနေရာကို သဘောကျတယ်"
အောက်ဘက်ရှိ အလင်းရောင်နတ်ဘုရားအစွမ်းကို အသုံးပြုသူများသည် ခံစားချက်မရှိသော သစ်သားတိုင်များကဲ့သို့ ခပ်တောင့်တောင့် ရပ်နေကြသည်။
လင်းနန်တွင်...
ထိုနေရာသည် တောင်အာရှနှင့် နယ်မြေချင်းထိစပ်နေသော ဒေသတစ်ခုဖြစ်သောကြောင့် နတ်ဆိုးများကို ကိုးကွယ်သော ဘာသာတရားအမျိုးမျိုး ရှိနှင့်ပြီးသားဖြစ်သည်။
ထို့ကြောင့် နတ်ဆိုးမိစ္ဆာများ ဆင်းသက်လာသည်နှင့် လင်နန်မှာ ပိုမိုပြင်းထန်စွာ ထိခိုက်ခံခဲ့ရသည်။
သို့သော် ယွီမိသားစုကြောင့် ထိုဒေသသည် ဘေးဒုက္ခများစွာ မခံစားခဲ့ရပေ။
မည်သို့ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးမိစ္ဆာများ ပိုမိုဆင်းသက်လာသောကြောင့် ယွီမိသားစုသည် ထိုဝန်ထုပ်ဝန်ပိုးကို ထောက်ပံ့ရန် ရုန်းကန်လာရသည်။
ထိုအချိန်တွင်...
လင်းနန်တွင် မိုးခပ်ဖွဲဖွဲ ရွာနေသည်။
မျက်နှာစိမ်းစိမ်းနှင့် သွားချွန်ချွန်များရှိသော မိစ္ဆာစစ်သားအချို့သည် မြို့ထဲတွင် ထိန်းချုပ်မှုမရှိစွာ သောင်းကျန်းနေကြသည်။
သို့သော် ယခုအခါ လင်နန်မြို့သည် လူသူကင်းမဲ့နေပြီဖြစ်သည်။ အကြောင်းမှာ ယွီမိသားစုသည် မြို့သူမြို့သားများကို အစကတည်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ခံတပ်အသီးသီးသို့ ခွဲထားပေးခဲ့သောကြောင့် ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်း အားသာချက်မှာ ခုခံကာကွယ်ရေး လူအင်အားကို အနည်းဆုံးဖြစ်စေပြီး အပြစ်မဲ့ပြည်သူများ၏ ထိခိုက်သေဆုံးမှုကိုလည်း လျှော့ချရန် ဖြစ်သည်။
"ဒီကောက်ကျစ်တဲ့ သာမန်လူသားတွေ ၊ သူတို့ လူတိုင်းကို ရွှေ့ပြောင်းပြီးသွားပြီ၊ တကယ် ပျင်းစရာကောင်းတာပဲ"
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစစ်သားတစ်ယောက်သည် မကျေမနပ် ညည်းညူလိုက်သည်။
"ဟီးဟီးဟီး ဒီသာမန် ဓားကျင့်ကြံသူတွေလည်း ကြာကြာမခံနိုင်တော့ပါဘူး၊ ပြီးရင် ဒီမြို့ကြီးလည်းပျက်စီးရတော့မှာပဲ"
အခြားမိစ္ဆာစစ်သားတစ်ယောက်လည်း ကောက်ကျစ်စွာ လိုက်ပါရယ်မောလိုက်သည်။
ထိုစဉ် ရှေ့ဆုံးမှ လျှောက်နေသော မိစ္ဆာစစ်သားသည် ရုတ်တရက် ရပ်တန့်သွားသည်။
"ခြောက်ကြီး မင်း ဘာလို့ ရပ်လိုက်တာလဲ"
ခြောက်ကြီးဟုခေါ်သော မိစ္ဆာစစ်သား၏ မျက်လုံးထဲတွင် ရက်စက်သော အရောင်တစ်ချက် လက်သွားပြီး ပြုံးလိုက်သည်။
"မင်းတို့ မခံစားမိဘူးလား၊ ရှေ့တောင်ခြေမှာ ဘုရားကျောင်းလေးတစ်ဆောင် ရှိနေပုံပဲ"
မိစ္ဆာစစ်သားအုပ်စု ရပ်တန့်သွားပြီးနောက် စိတ်လှုပ်ရှားသော အမူအရာများ ပြလာကြသည်။
"လောကကြီးမှာ ဒီလို အားနည်းတဲ့ နတ်ဘုရားတစ်ပါး ရှိနေသေးတယ်ပေါ့၊ အမွှေးတိုင်ပူဇော်တာနဲ့ပဲ ရှင်သန်နေရတဲ့ ဒေသခံနတ်တစ်ပါးဖြစ်လောက်တယ်"
"ဟီးဟီး ဒီလို အားနည်းတဲ့ အငွေ့အသက်အရဆိုရင် နတ်သမီးတစ်ပါး ဖြစ်နိုင်တယ်"
မိစ္ဆာစစ်သားများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကာ လှောင်ပြောင်ရယ်မောရင်း ဘုရားကျောင်းလေးဆီသို့ အလျင်အမြန် သွားကြသည်။
မိုးနတ်ဘုရားကျောင်းတွင်...
ဘုရားကျောင်းရှိ ဘုန်းကြီးများအားလုံးနီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားကြပြီး ခေါင်းတစ်ခုလုံးဖြူဖွေးနေသော အဘိုးအိုတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
သူ့အသက်သည် သိပ်မရှည်တော့သောကြောင့် ဘုရားကျောင်းကို စောင့်ရှောက်ရန် နေခဲ့သည်မှာ ပိုကောင်းတယ်ဟု ထင်ခဲ့သည်။
ထိုအချိန်တွင် သူသည် မရပ်မနား ဆုတောင်းမေတ္တာပို့သပြီး အမွှေးတိုင်များထွန်းညှိနေသည်။
"မိုးနတ်သမီး... လောလောဆယ် ကျွန်တော်တို့ လောကကြီးက မငြိမ်းချမ်းတော့ပါဘူး၊ နတ်သမီး ကြောက်တတ်မှန်း ကျွန်တော်မျိုးသိပါတယ်၊ ဒါကြောင့် တတ်နိုင်သလောက် ပုန်းနေပါဦး၊ မနေ့ပ ယွီမိသားစုရဲ့ သခင်လေး မိစ္ဆာတစ်ကောင်ကို ထပ်သတ်လိုက်တယ် ဒါပေမဲ့ သူကိုယ်တိုင်လည်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်၊ အာ... ဒီနတ်ဘုရားမိစ္ဆာတွေကတော့ တကယ် ခက်ပြီ၊ သူတို့ဘာသာ ငြိမ်းချမ်းတဲ့ဘဝမှာ မနေဘဲ လူ့လောကကို ဘာလို့ ဆင်းသက်လာကြတာလဲ၊ အယ်... ကျွန်တော်မျိုး ကျိန်ဆဲမိတာ မဟုတ်ပါဘူး၊ မိုးနတ်သမီး ခွင့်လွှတ်ပေးပါ"
ဘုရားကျောင်းတွင် အဘိုးအို စကားပြောနေစဉ် နတ်ဘုရားရုပ်တုလေး၏ နှုတ်ခမ်းသည် ပြုံးနေသကဲ့သို့ အနည်းငယ် လှုပ်ရှားသွားပုံသည်။
သို့သော် ထိုအချိန်တွင်ပင်...
အားပြင်းသော မိစ္ဆာအငွေ့အသက်များ တိုးဝင်လာပြီး အဘိုးအို တုံ့ပြန်မှု မပြုနိုင်မီမှာပင် ဖြစ်ပျက်သွားခဲ့သည်။
ဘုရားကျောင်းတံခါးမကြီးသည် ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲထွက်သွားသည်။
ထို့နောက် မိစ္ဆာစစ်သားအချို့သည် ယုတ်မာစွာ ရယ်မောရင်း ဝင်ရောက်လာကြသည်။
အဘိုးအို တုန်လှုပ်တကြီး ပြောလိုက်သည်။
"မင်း... မင်းတို့..."
သူ စကားမဆုံးမီမှာပင် သူ့ ဦးခေါင်းသည် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး သူ့ အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ မိုးနတ်ဘုရားရုပ်တုသည် ပြင်းထန်စွာ တုန်ခါသွားသည်။
ထိုမိစ္ဆာစစ်သားများမှာမူ သူမကို တပ်မက်သော မျက်နှာများဖြင့် ကြည့်နေကြသည်။