အခုကစပြီး မင်းကို အသက်ဆယ်ချက်ရှုစာ အသက်ရှင်ခွင့်ပေးမယ်
Vol. 44 Ch. 654
"ဘာဖြစ်တာလဲ" လုံစန်းက အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ယံရှိ ကြယ်နှင့်လများ စတင်လည်ပတ်လာ၍ ကျယ်ပြောလှသော အချိန်နှင့်အာကာသ တံခါးပေါက်ကြီးတစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။
လုံစန်း၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း တင်းမာလာသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ဤအချိန်နှင့်အာကာသ တံခါးပေါက်နောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းကာ အစွမ်းထက်သော စွမ်းအားတစ်ခုရှိနေသည်ကို မသဲမကွဲ ခံစားမိသောကြောင့်ဖြစ်သည်။ အန်းယန်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိကာ သူမ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်အောင် တုန်ယင်လာသည်။
ရှောင်ရှသည် ကောင်းကင်ကို မော့ကြည့်ရန် သူ၏ခွန်အားရှိသမျှကို အသုံးပြုပြီး ခေါင်းမော့ကာ တကိုယ်တည်းရေရွတ်နေသည်။
"သခင်ပဲ၊ သခင်ပြန်လာပြီ"
ထိုအခိုက်ပင် အချိနှင့်အာကာသတံခါးပေါက်သည် ဖြည်းညင်းစွာ ပွင့်လာသည်။
...
ထို့နောက် ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာပြီး ကောင်းကင်၏ အမြင့်ဆုံးနေရာတွင် ရပ်နေသည်။
ထိုပုံရိပ်ပေါ်လာသည့်အခိုက်တွင် ကောင်းကင်အပြည့်ရှိ ကြယ်နှင့်လတို့ပင် ဦးညွှတ်လိုက်ကြသည့်ပမာ ထင်ရသည်။ ဤသို့ ကြောက်မက်ဖွယ်ကောင်းကာ ခန့်ညားထည်ဝါသော ဖိအားအောက်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး ငြိမ်သက်သွားကဲ့သို့ တိတ်ဆိတ်ခြင်းအတိသာ ကြီးစိုးသွားသည်။
သို့သော် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူများမှာ နူးညံ့သော ကလေးအသံလေးနှစ်ခုဖြစ်သည်။
"ဖေဖေ"
"ဖေဖေ ပြန်လာပြီ"
ရှန်းရှန်းနှင့် နျန်နျန်တို့သည် ဝမ်းသာအားရ အော်ဟစ်ကာ ခုန်ပေါက်နေကြသည်။ အန်းယန်မှာမူ သူမ ပါးစပ်ကို လက်ဖြင့် အတင်းဖိအုပ်ထားလျက် တာကျိုးသွားသည့်ဆည်တစ်ခုအလား မျက်ရည်များတားဆီးမရစွာ ကျဆင်းလာသည်။
လင်ဖုန်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့ မျက်နှာအရောင်သည် ချက်ချင်း ဖြူဖျော့သွားသည်။
"ဒါ... ဒါက သူတကယ်ပဲ ပြန်ရောက်လာတာလား"
ယခုအခြေအနေသည် သူ့မေးခွန်းကို ဖြေပြီးသည့်အလားဖြစ်သည်။ အလင်းတန်းတစ်ခုမှာ လင်းလက်သွားပြီး ရွှယ်အန်း ပုံရိပ်သည် သူ့သမီးနှစ်ယောက်ရှေ့တွင် ပေါ်လာကာ ကလေးမလေးနှစ်ယောက်ကို လက်မောင်းများထဲတွင် ပွေ့ချီလိုက်သည်။
ရှန်းရှန်းနှင့် နျန်နျန်တို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေးများ နီမြန်းနေပြီး ရွှယ်အန်း လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားကာ တစ်ယောက်တစ်ချက်စီ နမ်းလိုက်ကြသည်။
"ဖေဖေ... နောက်ဆုံးတော့ ဖေဖေပြန်လာပြီပဲ၊ သမီးတို့က ဖေဖေ့ကို အရမ်းလွမ်းနေတာ"
"ဟုတ်တယ် ဖေဖေ၊ ဒီတစ်ခေါက် ဘာလို့ အဲ့လောက်အကြာကြီး ပျောက်သွားတာလဲ"
ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်၏ မျက်ရည်များကိုမြင်သောအခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်မိပြီး နာကျင်လာမိကာ ညှင်သာစွာပြောလိုက်သည်။
"ဖေဖေ မှားပါတယ်၊ ဖေဖေ နောက်ဆိုဘယ်တော့မှ ဒီလောက်အကြာကြီး ထွက်မသွားတော့ပါဘူး"
"ဟုတ်"
ကလေးမလေးနှစ်ယောက်သည် ရွှယ်အန်း လက်မောင်းများထဲတွင် လိမ္မာစွာ မှီနေကြကာ လွှတ်ပေးရန် ငြင်းဆန်ကြသည်။ ထို့နောက် ရွှယ်အန်းသည် အန်းယန်ဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ယန်အာ ကိုယ်ပြန်လာပြီ"
အန်းယန် အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းတယ်၊ ရှင်ပြန်လာတာ အရမိးကောင်းတယ်"
ရွှယ်အန်း ပြုံးနေဆဲဖြစ်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်သည့်အလား သူ့အပြုံးသည် ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားသည်။
"ယန်အာ မင်းနားသယ်စပ်က ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ"
အန်းယန် လန့်သွားပြီး သူမနားကို ထိကြည့်လိုက်သည်။
"ဒဏ်ရာရှိတာလား"
ဤပွန်းပဲ့မှုလေးသည် အလွန်သေးငယ်သောကြောင့် သူမကိုယ်တိုင်ပင် သတိမပြုမိခဲ့ပေ။
ထိုအချိန်တွင် နဂါးမန္တာန်ဖြင့် ချုပ်နှောင်ခံထားရသော ရှောင်ရှသည် အော်ဟစ်ပြောလာသည်။
"ဘော့စ်၊ သခင်မကို အဲ့ကောင်က ဒဏ်ရာရအောင်လုပ်တာ၊ ကျွန်တော် မျက်စိနဲ့မြင်တယ်"
ကလေးမလေးနှစ်ယောက်လည်း လုံစန်းကို လက်ညှိုးထိုးကာ တိုင်ပြောလိုက်သည်။
"ဖေဖေ... အဲ့လူဆိုးကြီးက အရမ်း အရမ်း ဆိုးတာပဲ၊ သူက ရှောင်ရှကို ဖမ်းထားပြီး ရှောင်ယွီ ခြေထောက်တွေကိုတောင် ဖြတ်ပစ်တယ်"
"ဟုတ်တယ်၊ သူက မေမေ့ကိုလည်း အနိုင်ကျင့်တယ်၊ မေမေ့ကို ခေါ်သွားမယ်လို့လည်း ပြောတယ်"
ရွှယ်အန်းသည် တိတ်ဆိတ်စွာ နားထောင်ပြီး လုံစန်းကို ခဏမျှ စောင့်ကြည့်လိုက်ကာ သူ့အကြည့်သည် ဘေးရှိ လင်ဖုန်းထံသို့ ရွေ့သွားသည်။
"သခင်လေးလင်း မတွေ့ရတာကြာပြီပဲနော်"
ရွှယ်အန်း ပြောလိုက်သည်။
လင်ဖုန်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလိုအလျောက် ခြေလှမ်းအနည်းငယ် ဆုတ်မိသွားကာ သူ့မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး တစ်ခုခုပြောချင်သော်လည်း လုံးဝ ပြောမထွက်နိုင်ခဲ့ပေ။
ထိုအချိန်တွင် လုံစန်းသည် ရုတ်တရက် ခပ်ဖြည်းဖြည်း လက်ခုပ်တီးလိုက်ပြီး လှောင်ပြောင်မှုအပြည့်နှင့် လေသံဖြင့် ပြောလိုက်သည်။
"ကျစ်ကျစ်၊ ဘာပဲဖြစ်ဖြစ် မင်းလာပုံကတော့ တကယ့်ကို... ခမ်းနားတာပဲ"
ထိုအခါမှ လင်ဖုန်းသည် သူနှင့်အတူ အလွန်အစွမ်းထက်သော ပညာရှင်တစ်ဦးကို ခေါ်လာခဲ့သည်ကို သတိရသွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်သည်။
"သခင်လေးလုံ..."
လုံစန်း လက်ဝှေ့ယမ်းပြပြီး ခေါင်းမော့ကာ ရွှယ်အန်းကို မောက်မာစွာ ကြည့်လိုက်သည်။
"မင်းက ရွှယ်အန်းလား"
ရွှယ်အန်းသည် ၎င်းကို တိတ်ဆိတ်စွာ ကြည့်နေပြီး ခဏအကြာတွင် အလေးမထားစွာ ပြောလိုက်သည်။
"အခုကစပြီး ငါ မင်းကို နောက်ထပ် အသက်ရှုဆယ်ခါစာ အသက်ရှင်ခွင့်ပေးမယ်"
ထိုစကားကို ကြားသောအခါ လုံစန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အသက်ရှူဆယ်ခါစာတဲ့လား? ရွှယ်အန်း... မင်းက ရွှေအင်မော်တယ်ဖြစ်နေတာ ငါ့ကို တော်တော်အံ့ဩစေတာမှန်ပေမဲ့ ရွှေအင်မော်တယ်လောက်နဲ့ ကြိုက်သလိုလုပ်လို့ရပြီလို့ မထင်နဲ့၊ ငါတို့ ကောင်းကင်နဂါးမျိုးနွယ်ရဲ့အမြင်မှာ မင်းတို့ ရွှေအင်မော်တယ်တွေက..."
သူ့စကားမဆုံးခင်ပင် ရွှယ်အန်းသည် သူသမီးနှစ်ယောက်၏ အသိစိတ်ကို ကာကွယ်ရန် လက်ကိုမြှောက်လိုက်ပြီး လုံစန်းရှေ့သို့ တိတ်ဆိတ်စွာ ပြေးဝင်သွားသည်။
လုံစန်းသည် သူ့တစ်ကိုယ်လုံးရှိ အကြေးခွံများ ချက်ချင်း ပွင့်ထွက်သွားသည်ကို ခံစားလိုက်ရပြီး အန္တရာယ်ကို အာရုံခံမိသောကြောင့် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
ရွှယ်အန်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
လုံစန်းလည်း ဒေါသတကြီး အော်ဟစ်ကာ ရုန်းထွက်ရန် ကြိုးစားသည်။
ရွှယ်အန်း မျက်နှာအမူအရာသည် အေးစက်နေပြီး သူ့မျက်လုံးများသည် နတ်ဘုရားအလင်းတန်းများ တောက်ပနေကာ ကိုင်ထားသောလက်ကို ရုတ်တရက် အားစိုက်လိုက်သည်။
ကျွတ်...
ကျောချမ်းဖွယ်ကောင်းသော အရိုးကျိုးသံတစ်ခုသည် ရှင်းလင်းပြတ်သားစွာ ထွက်လာသည်။
ရွှယ်အန်းသည် လက်တစ်ဖက်တည်းဖြင့် လုံစန်း လည်ပင်းရိုးကို ချိုးခဲ့သည်။
သို့သော် ကောင်းကင်နဂါးမျိုးနွယ်၏ အားကောင်းသော ရှင်သန်နိုင်စွမ်းကြောင့် လုံစန်းသည် ထိုကဲ့သို့သော ဒဏ်ရာကို ဂရုမစိုက်သည့်အပြင် လှောင်ပြောင်လိုက်သေးသည်။
"အသုံးမ၀င်ဘူး၊ ငါတို့ ကောင်းကင်နဂါးမျိုးနွယ်ရဲ့ခန္ဓာကိုယ်တွေက အင်မော်တယ်တွေနီးနီးပဲ ငါက... အားးးးး"
လုံစန်း နာကျင်စွာ အော်ဟစ်လိုက်သည်။
အဘယ့်ကြောင့်ဆို ရွှယ်အန်းသည် အခြားလက်တစ်ဖက်ဖြင့် လုံစန်းခေါင်းကို ဆွဲကိုင်ပြီး လက်နှစ်ဖက်စလုံးဖြင့် အားစိုက်ဆွဲလိုက်သောကြောင့် ဖြစ်သည်။
ဖွပ်...
ဘီယာပုလင်းဖုံး ဖွင့်လိုက်သည့်ပမာ တိုးညှင်းသော အသံတစ်ခုနှင့်အတူ လုံစန်းခေါင်းကို အတင်းဆွဲဖြုတ်လိုက်သည်။
၎င်းလည်းပင်တွင် သွေးများအဆက်မပြတ် စီးကျနေသော်လည်း လုံစန်းသည် အမှန်တကယ် အသက်ရှင်နေဆဲဖြစ်ပြီး သူ၏ ပြတ်သွားသောခေါင်းသည် ထိတ်လန့်တကြား အော်ဟစ်လာသည်။
"ဘာဖြစ်တာလဲ၊ ငါ့ရဲ့စွမ်းအားတွေကို ဘာလို့ သုံးလို့မရတော့တာလဲ"
လုံစန်းသည် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားသော်လည်း မည်သို့လုပ်စေကာမူ စွမ်းအားမထုတ်နိုင်တော့ပေ။
ရွှယ်အန်း ခံစားချက်ကင်းမဲ့စွာသာ ကြည့်နေပြီး လုံစန်း အော်ဟစ်သံများကို ဂရုမစိုက်ချေ။
လုံစန်း၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်သည် လည်ပင်းနေရာမှ လှုပ်စိစိဖြစ်လာပြီး ခေါင်းအသစ်တစ်ခုပြန်ပေါက်ရန် ကြိုးစားနေပုံရသည်။
လုံစန်းပြောသလိုပင် ကောင်းကင်နဂါးမျိုးနွယ်၏ မွေးရာပါ သွေးမျိုးဆက်စွမ်းရည်များကြောင့် ၎င်းတို့ ခန္ဓာကိုယ်များသည် အလွန်ကြံ့ခိုင်ကာ သာမန်ဒဏ်ရာလောက်ဖြင့် ၎င်းတို့ကို လုံး၀မသတ်နိုင်ချေ။
၎င်းတို့ကို အစိတ်သေးသေးလေးများ ခုတ်ထစ်လိုက်လျှင်ပင် ပြန်လည်အသက်ရှင်နိုင်သေးသည်။
"ဟားဟား ရွှယ်အန်း၊ မင်းက တကယ့်ကို တော်တော်စွမ်းတာပဲ၊ ဒါပေမဲ့ ငါ့ကိုတော့ မသတ်နိုင်ပါဘူး"
လုံစန်း၏ တဖြည်းဖြည်း ပြန်လည်ဖွဲ့စည်းလာသော ခေါင်းသည် မောက်မာစွာပြောလာသည်။
ရွှယ်အန်း စိတ်မ၀င်စားစွာ ပြောလိုက်သည်။
"ခုနက တစ်ချက်က ငါ့မိန်းမအတွက် အကြွေးပြန်ဆပ်တာ၊ အခုတော့... သေလိုက်တော့"
ထိုသို့ပြောပြီး ရွှယ်အန်းသည် သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
"ကံကြမ္မာ"
ဘုန်း
လုံစန်း ခန္ဓာကိုယ်သည် ချက်ချင်းပင် ရေခဲတုံးလို ခဲသွားသည်။
သူ့မျက်လုံးများထဲရှိ တဖျပ်ဖျပ် လှုပ်ခတ်နေသော ထိတ်လန့်မှုကြောင့်သာ ဤအရာသည် ရုပ်ထုမဟုတ်ကြောင်း ပြောသည့်အရာဖြစ်သည်။
"ပြောင်းပြန်လှန်"
ထိုအမိန့်နှင့်အတူ လုံစန်း ခန္ဓာကိုယ်အနှံ့တွင် အက်ကြောင်းများ ပေါ်လာပြီး သူ့အား လျင်မြန်စွာ ဖုံးလွှမ်းလာကာ အဆုံးတွင် ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပျောက်ကွယ်သွားသည်။
ဤသည်မှာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ဤလောကတွင် သူ့တည်ရှိမှုနှင့် ကံတရားပင် လုံးဝပျက်စီးသွားခြင်းဖြစ်သည်။
ယခုတွင် အသက်ရှူဆယ်ကြိမ်တိတိ ပြည့်သွားပြီဖြစ်သည်။
လင်ဖုန်းသည် ဤမြင်ကွင်းကို မြင်သောအခါ သူ့အမြင်အာရုံသည် မှောင်မိုက်သွားပြီး မေ့လဲလုမတတ်ဖြစ်သွားသည်။ လုံစန်းကဲ့သို့ အစွမ်းထက်သော ပညာရှင်တစ်ယောက်သည် ရွှယ်အန်းကို အသေအချာ ဖယ်ရှားနိုင်လိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော် အံ့ဩသင့်စွာ တွေ့လိုက်ရသည်မှာ ရွှယ်အန်းရှေ့တွင် လုံစန်းသည် အသက်ရှူ ဆယ်ကြိမ်စာပင် မတောင့်ခံနိုင်ခဲ့ပေ။
လင်ဖုန်းသည် ရွှယ်အန်း သူ့ကို လှည့်ကြည့်လာသောအခါ သူ့မျက်နှာလည်း ပြာနှမ်းသွားကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"ရွှယ်... ရွှယ်အန်း၊ မ... မသတ်ပါနဲ့၊ ကျွန်တော့်မှာ ပြောစရာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရှိ..."
ရွှယ်အန်း နှုတ်ခမ်းများ ကော့တက်စွာပြုံးလိုက်သည်။
"အရေးကြီးတဲ့ သတင်းအချက်အလက်လား"
"ဟုတ်တယ်၊ ကျွန်တော့်ကိုသာ အသက်ချမ်းသာပေးပါ၊ အခုချက်ချင်း ပြောပြပါ့မယ်"
သို့သော် ရွှယ်အန်းသည် ခေါင်းခါယမ်းလိုက်သည်။
"မလိုဘူး"
"ရွှယ်အန်း... ကျွန်တော်..."
သူ့စကားမဆုံးခင် သူ့ခြေထောက်များအား မီးစွဲနေပြီး တစ်ကိုယ်လုံးကို ချက်ချင်း ဝါးမြိုသွားသည်။
"အားးးးး" လင်ဖုန်းသည် အလွန်နာကျင်စွာ အော်ဟစ်လိုက်သည်။
"ရွှယ်အန်း... မင်းက အရမ်းရက်စက်တာပဲ"
ရွှယ်အန်းသည် မီးတောက်များအတွင်း လောင်ကျွမ်းနေသော လင်ဖုန်းကို တိတ်တဆိတ်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"မင်း ငါ့မိသားစုကို ကြံစည်ရဲမှတော့ သေရင်မြှုပ်စရာမြေမရှိတဲ့ဘဝကို ကြိုပြင်ထားသင့်တယ်၊ ပြီးတော့ အခုက အစပဲရှိသေးတယ်”