ရှီမိသားစုရဲ့ပုန်ကန်မှု
Vol. 44 Ch. 657
ထန်ရှောင်းယွီလည်း အေးစက်စွာ ပြောလိုက်သည်။
"အဖေ ပြောတာမှန်တယ်၊ ဒီလူတွေက ယုတ်မာပြီး သာမန်ပြည်သူတွေကို ဒုက္ခပေးဖို့အတွက် နတ်ဆိုးတွေဆီမှာ သူတို့အသက်ကို ဆက်သထားကြတာ၊ ကျွန်မ ထန်ရှောင်းယွီကလည်း သူတို့ကိုအဆုံးအထိ ဆန့်ကျင်သွားမှာ"
ချင်းယွီသည် လူတိုင်းကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ ချင်းမိသားစုက အားလုံးကို ကျေးဇူးတင်ပါတယ်!"
လူတိုင်းသည် အဆောက်အအုံမှ ထွက်လာကြပြီး ညှိနှိုင်းမှုပြုလုပ်မည့်နေရာသို့ ကားဖြင့်သွားရန် ပြင်ဆင်နေကြသည်။
ထိုစဥ် သူတို့ကားဘေးတွင် သိပ်မထူးခြားသော ကားတစ်စီးရပ်လာပြီး တုဖန်မှာ ကားပေါ်မှဆင်းလာပြီး ချင်းယွီအနားသို့ အမြန်လျှောက်လာပာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော် အခုလေးတင် သတင်းရလိုက်တာ၊ စီရင်စုမြို့က ရှီမိသားစုက ရုတ်တရက် သစ္စာဖောက်သွားပြီး မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုနဲ့ စီရင်စုမြို့ကို သိမ်းပိုက်လိုက်ပါတယ်၊ ချင်းမိသားစုရဲ့ တပ်ဖွဲ့တွေအားလုံး ချေမှုန်းခံလိုက်ရပြီး ဖုန်းမိသားစုက ဖုန်းချောင်စီလည်း ပျောက်ဆုံးနေပါတယ်၊ ရှီဟောက်ကိုလည်း အကျယ်ချုပ်ချထားတယ်လို့ ကြားရပြီး သစ္စာဖောက်တဲ့သူက အရင်မိသားစုခေါင်းဆောင်ဟောင်း ရှီတုန်ဖြစ်နိုင်ချေများပါတယ်"
ဤသတင်းကိုကြားသောအခါ ချင်းယွီ၏ မျက်နှာ သိသိသာသာ ပျက်ယွင်းသွားသည်။
"အဲ့ဒီ မြေခွေးအိုကြီးရှီတုန်က ဒီအချိန်ကျမှ သစ္စာဖောက်သွားတယ် ဟုတ်လား"
...
ကျန်လူများလည်း ဒေါသများပြည့်နှက်နေကြသည်။ ချင်းယွမ် တစ်ယောက်သာ တည်ငြိမ်သောအမူအရာကို ထိန်းထားနိုင်ပြီး မထူးခြားသလို ပြောလိုက်သည်။
"ဒါက အံ့ဩစရာ မဟုတ်ဘူး၊ ရှီတုန်လို လူတစ်ယောက်အတွက် သစ္စာစောင့်သိမှုဆိုတာ ကိုယ်ကျိုးစီးပွားလောက် အရေးမကြီးဘူး၊ နတ်ဆိုးတွေက ပိုအင်အားကြီးလာတော့ သူ ပုန်ကန်တာ သဘာဝကျတယ်"
ထိုအခိုက် ချင်းယွီသည် စိတ်ရှုပ်ထွေးနေလျက် သူမအသံမှာ ထိတ်လန့်မှုများရောပြွန်နေသည်။
"အဘိုး ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ"
စီရင်စုမြို့ကို ဆုံးရှုံးလိုက်ရခြင်းမှာ မတည်မငြိမ်ဖြစ်နေပြီးသား ချင်းမိသားစုအတွက် သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
၎င်းမှာ ညှိနှိုင်းမှုအတွက် အရေးပါသော အားသာချက်တစ်ခုကို ဆုံးရှုံးလိုက်ရသလိုပင်ဖြစ်သည်။
ထို့ကြောင့် ချင်းယွီ အလွန်ထိတ်လန့်နေမိသည်။ သို့သော် ချင်းယွမ်မှာ တည်ငြိမ်နေဆဲဖြစ်သည်။
သူ့ကဲ့သို့ ဘာမှမရှိသည့်အခြေအနေမှ စတင်ခဲ့သောလူသည် မရေမတွက်နိုင်သော မုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်ခဲ့သူတစ်ယောက်ဖြစ်သောကြောင့် မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်မှုသည် အရေးအကြီးဆုံးဆိုတာ သူသိသည်။
"တပ်လာရင် တပ်နဲ့တား၊ ရေလာရင် ငါတို့ မြေနဲ့ကာရမယ်၊ ပြိုင်ဘက်က ဘယ်လောက်ပဲ အားကြီးနေပါစေ ကိုယ့်လက်ထဲမှာ ဘာရှိလဲဆိုတာကို သူတို့ကို အလွယ်တကူ မမြင်စေနဲ့ နားလည်ကြလား"
ချင်းယွမ် ပြောလိုက်သည်။
ချင်းယွီ ကြောင်ငေးသွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
"သွားကြစို့၊ ငါတို့ ထွက်ခွာမယ်"
ထိုသို့ပြောပြီးနောက် ချင်းယွမ်သည် ရှေ့သို့ ဦးစွာလှမ်းလိုက်သည်။ သူ့ကျောပြင်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့သဖြင့် လောကဒဏ်ကြောင့် စုတ်ပြဲနေပြီဖြစ်သော်လည်း ဓားတစ်ချောင်းပမာ မတ်မတ်ရပ်နိုင်သေးသည်။ ညှိနှိုင်းမှုအား ပေကျင်းမြို့ရှိ အဆင့်မြင့်ဟိုတယ်တစ်ခုတွင် ပြုလုပ်မည်ဖြစ်သည်။
ကမ္ဘာကြီး ရှုပ်ထွေးနေသောကြောင့် ဟိုတယ် တံခါးပိတ်ထားသည်မှာ ကြာပြီဖြစ်သည်။
သို့သော် ၎င်းတို့ရောက်သွားသောအခါ ဟိုတယ်ရှေ့တွင် လူအချို့မှာ စောင့်ဆိုင်းနေပြီး ၎င်းတို့အဖွဲ့ကိုမြင်သောအခါ တိတ်ဆိတ်စွာပင် အတွင်းသို့ လမ်းပြခေါ်ဆောင်ပေးကြသည်။
ထန်တုန်က သူ့သမီးကို ခပ်တိုးတိုး ပြောလိုက်သည်။
“မြင်တယ်မလား"
ထန်ရှောင်းယွီ တည်ကြည်သောအမူအရာဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။
"အဲ့လူက ကောင်းကင်လူသားအဆင့်ပဲ"
"ကောင်းကင်လူသားအဆင့် ပညာရှင်တစ်ယောက်ကို တံခါးစောင့်အဖြစ်ထားထားတယ်ဆိုတော့ ချင်းထျန်က အခု အဲ့လောက်တောင် အင်အားကြီးနေပြီလား"
ထန်တုန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် စိုးရိမ်သောအရိပ်အယောင်များ ပေါ်လာသည်။
ဟိုတယ် အစည်းအဝေးခန်းမထဲတွင်...
လူတိုင်းဝင်ရောက်လာသောအခါ အဓိကနေရာတွင်ထိုင်နေသော ချင်းထျန်လည်း မော့ကြည့်လာပြီးနောက် လက်ထဲရှိ မီးခြစ်ကိုသာ အေးအေးလူလူ ဆက်ကစားနေသည်။ လူတိုင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။
ရှေ့ဆုံးမှ ချင်းယွမ်သည် ဦးစွာစကားစလိုက်သည်။
"ချင်းထျန် အပိုစကားတွေမပြောကြရအောင်၊ မင်း အတိအကျ ဘာလိုချင်တာလဲ၊ ငါတို့ရှင်းရှင်းလင်းလင်း ပြောကြမယ်"
ချင်းထျန် ရယ်မောလိုက်သည်။
"ချင်းယွမ် မင်းကတော့ တကယ့်ကို မပြောင်းလဲသေးဘူးပဲ၊ ငါ မင်း အလုပ်က အထွေထွေမန်နေဂျာဖြစ်တုန်းကလည်း မင်းက ဒီလိုပဲ၊ အခုလည်း ဒီလိုပဲ၊ အမြဲတမ်း ကျေးဇူးရှင်ကြီးတစ်ယောက်လို အမူအရာနဲ့ပဲ ဟန်ဆောင်နေတယ်"
ချင်းယွီ၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းသွားပြီး သူမ စကားပြောရန်ပြင်လိုက်စဉ် ချင်းယွမ် ညင်သာစွာ ခေါင်းယမ်းပြကာ သူမကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"ကောင်းပြီလေ၊ မင်းက အားလုံးကို ရှင်းရှင်းလင်းလင်းပြောဆိုတော့ ငါပြောပြမယ်၊ ငါလိုချင်တာ ချင်းမိသားစုပိုင်ဆိုင်တဲ့ အရာအားလုံးပဲ"
ချင်းထျန် ပြောလိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုပေါ်လာသည်။
"ချင်းထျန်... ဒါကဖြစ်နိုင်တယ်လို့ မင်းထင်နေတာလား" ချင်းယွမ်သည် ခဏမျှ တိတ်ဆိတ်နေပြီး ပြောလိုက်သည်။
ချင်းထျန်က အေးစက်စွာ နှာခေါင်းရှုတ်လိုက်ပြီးနောက် ကုလားထိုင်နောက်သို့မှီထိုင်ကာ ချင်းယွမ်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ ချစ်လှစွာသော ဦးလေး ချင်းယွမ်... ခင်ဗျား အခုထိ နားမလည်သေးဘူးထင်တယ်၊ ဒါက တန်းတူညှိနှိုင်းမှုမဟုတ်ဘူး၊ ခင်ဗျားတို့က ကျွန်တော့်ကို တောင်းဆိုမေရတာ၊ အားလုံးကို လိမ်လိမ်မာမာ အရှုံးပေးလိုက်... ဒါဆိုရင် ခင်ဗျားတို့အသက်ကို ကျွန်တော် ချမ်းသာပေးကောင်း ချမ်းသာပေးမယ်၊ မဟုတ်ရင်တော့..."
ချင်းထျန် အသံအဆုံးတွင် အစည်းအဝေးခန်းမ၏ ထောင့်တစ်နေရာ၌ အမှောင်စွမ်းအင်များ လှိုင်းထလာပြီး အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် လူတိုင်းအပေါ် လွှမ်းမိုးသွားသည်။
ထန်တုန်၊ ထန်ရှောင်းယွီနှင့် အခြားသူများမှာ တစ်ပြိုင်နက် ရှေ့သို့တိုးကာ ချင်းယွမ်တို့ကို ကာကွယ်ပေးလိုက်ကြသည်။ ချင်းယွမ်က လက်ဝှေ့ယမ်းပြကာ ၎င်းတို့ကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက် လေးနက်သောအသံဖြင့် မေးလိုက်သည်။
"ချင်းထျန်၊ မင်း တကယ်ပဲ နတ်ဆိုးတွေဆီမှာ ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်ပြီလား"
"ဟားဟား နတ်ဆိုးဆီမှာ ရောင်းစားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ၊ ခင်ဗျား အခုထိ နားမလည်သေးဘူးလား ချင်းယွမ်ရဲ့၊ လောကကြီးက ပြောင်းလဲသွားပြီ၊ နတ်ဘုရားတွေလည်း ဆင်းသက်လာတော့ အခုအချိန်ကစပြီး သူတို့က လောကကြီးကို အုပ်စိုးတော့မှာ၊ ငါတို့လူသားတွေက အသက်ရှင်ချင်ရင် သူတို့ရဲ့ ကျွန်တွေအဖြစ်ပဲနေရမှာ၊ ဒါကမျှတတဲ့ ဖလှယ်မှုတစ်ခုပဲလေ၊ ဒါကို တစ်ချိန်က ခင်ဗျားကြီး ကိုယ်တိုင် သင်ပေးခဲ့တာလေ"
ချင်းထျန်မှာ ဆက်စိတ်မရှည်တော့ချေ။
"ခင်ဗျား အခုချက်ချင်းပြော၊ ပေးမှာလား၊ မပေးဘူးလား၊ ခင်ဗျားတို့နဲ့ ညှိနှိုင်းတဲ့သူက တခြားတစ်ယောက်သာဆိုရင် ဒီလောက်ကောင်းတဲ့ စည်းကမ်းချက်တွေ ရှိမှာမဟုတ်ဘူး"
ချင်းယွမ် မျက်နှာမှာ ရေကဲ့သို့ တည်ငြိမ်နေဆဲဖြစ်ပြီး စကားပြောရန် ပြင်လိုက်သည်။
ထိုစဉ် ချင်းထျန်ဘေးရှိ ကုလားထိုင်ပေါ်တွင် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်ကို သူတို့မြင်လိုက်ရပြီး အေးစက်မောက်မာသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ချင်းထျန်... သခင်မလေးလုံအာက ပေကျင်းမြို့က တိုးတက်မှုကို အရမ်းမကျေမနပ်ဖြစ်နေတယ်"
ထိုအသံမှာ အနည်းငယ် ရင်းနှီးနေသောကြောင့် လူအုပ်မှာ ကြောင်အသွားကြသည်။
ထိုအသံကိုကြားသောအခါ ချင်းထျန်သည် ချက်ချင်းထရပ်ကာ ဘေးသို့ရွှေ့လိုက်သည်။
ထိုအချိန်တွင် ထိုပုံရိပ်သည် လူတိုင်းကို မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"လူကြီးမင်းတို့ မတွေ့ရတာကြာပြီပဲ"
ချင်းယွီသည် ၎င်းကို ပထမဆုံး မှတ်မိသွားသူဖြစ်ကာ မုန်းတီးစွာဖြင့် အံ့ကြိတ်လိုက်သည်။
"ဟုန့်မင်"
ဟုတ်သည်။ ထိုသူမှာ တစ်ချိန်က ဖန်းမင်ရွှယ်အား တိတ်တခိုးချစ်နေပြီး ရွှယ်အန်းကို အကြိမ်ကြိမ်ဆန့်ကျင်ခဲ့ကာ အဆုံးတွင် သူ့မိသားစုတစ်ခုလုံး နိုင်ငံမှ နှင်ထုတ်ခံလိုက်ရသောကြောင့် ခြေရာပျောက်ကွယ်သွားခဲ့သော ဟုန့်မင်ဖြစ်သည်။
သို့သော် ၎င်းတို့ရှေ့တွင်ရပ်နေသောလူမှာ အရင်ကနှင့်မတူတော့ပေ။
သူ့နဖူးပေါ်တွင် ရှုပ်ထွေးသော မန္တာန်စာလုံးတစ်ခု ရေးထိုးထားပြီး သူ့မျက်လုံးများမှာ မြွေတစ်ကောင်လို မျက်ဝန်းများဖြစ်နေကာ သူ့ခန္ဓာကိုယ်မှ လူသားမဆန်သော ကြောက်မက်ဖွယ် စွမ်းအင်များ ထုတ်လွှတ်နေသည်။
"ချင်းသခင်မလေးက ကျွန်တော့်ကို မှတ်မိနေသေးတာပဲ၊ ဒါက ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါ"
ဟုန့်မင် မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။
ချင်းယွီသည် ဟုန့်မင်ထံမှ မကောင်းဆိုးဝါးဆန်သော အကြည့်ကို ခံစားလိုက်ရပြီး အလိုလို တုန်လှုပ်သွားကာ ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
"ဟား... တစ်ချိန်က ခန့်ညားထည်ဝါခဲ့တဲ့ ချင်းသခင်မလေးက ကြောက်တတ်နေပြီပဲကိုး"
ဟုန့်မင်က လှောင်ပြောင်သလို ပြောလိုက်သည်။ ထိုအချိန်တွင် ထန်ရှောင်းယွီက ရှေ့သို့တိုးလာပြီး ချင်းယွီရှေ့တွင်ရပ်လိုက်ကာ အေးစက်စွာမေးလိုက်သည်။
"ဟုန့်မင် နင် ဘာလုပ်ချင်နေတာလဲ"
ဟုန့်မင်က ယုတ်မာစွာ ရယ်မောလိုက်သည်။
"ငါ ဘာလုပ်ချင်နေလဲ ဟုတ်လား၊ ဒါပေါ့... မင်းတို့နှစ်ယောက်လုံးကို လုပ်ချင်တာလေ"
ထန်ရှောင်းယွီသည် ဒေါသတကြီး နှာမှုတ်လိုက်ပြီး ရှေ့သို့ပြေးကာ သူမ ခြေထောက်ကိုမြှောက်၍ ကန်လိုက်သည်။ သူမသည် ကောင်းကင်လူသားအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သူမ ကန်ချက်မှာ သေစေနိုင်လောက်သည်အထိ ပြင်းထန်မှာသေချာသည်။
သို့သော် ဟုန့်မင်သည် မျက်တောင်တစ်ချက်မခတ်ဘဲ လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ထန်ရှောင်းယွီ ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။
"ငါ့ဆီကို ဒီလောက်တောင် ပစ်ဝင်ချင်နေတာလား"
ထို့နောက် သူသည် ၎င်းကို အားဖြင့် ပြင်းထန်စွာ ဆွဲလိုက်သည်။
ထန်ရှောင်းယွီ ခြေကျင်းဝတ်မှာ 'ကျွတ်' ဆိုသောအသံဖြင့် ရက်စက်စွာ ကြေမွသွားသည်။
သို့တိုင်အောင် ထန်ရှောင်းယွီ တစ်ချက်သာ ညည်းလိုက်ပြီး သူမ ခန္ဓာကိုယ်ကို တဖက်ပြန်လှည့်ကာ ကျန်ခြေတစ်ဖက်ဖြင့် ဟုန့်မင် ခေါင်းကို တည့်တည့်ကန်လိုက်သည်။
ဟုန့်မင်လည်း မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်ပြီး ရှောင်တိမ်းခြင်းမပြုဘဲ သူ့ခေါင်းပေါ်တွင် ပါးလွှာသော အကြေးခွံလွှာများသာ ပေါ်ထွက်လာသည်။
သူမ ကန်ချက်မှ ပြန်ကန်လာသော အားကြောင့် ထန်ရှောင်းယွီ ကျန်ခြေတစ်ဖက်ရှိ အရိုးများလည်း ကျိုးကြေသွားပြီး အကြောများမှာ စုတ်ပြတ်သွားတော့သည်။