စကားစမြည်ပြောလိုက်တာနဲ့ နတ်ဆိုးတစ်အုပ်လည်း အညံ့ခံသွားတယ်
Vol. 44 Ch. 658
ထန်တုန်က ကြုံးဝါးလျက် ရှေ့သို့ ပြေးဝင်လာသည်။ ဟုန့်မင်သည် ထန်ရှောင်းယွီကို အမှိုက်တစ်စကဲ့သို့ ပေါ့ပေါ့ပါးပါးကန်ချလိုက်သောကြောင့် သူမလည်း လွင့်စဉ်ထွက်သွားသည်။
ထန်တုန်သည် သမီးဖြစ်သူကို အမြန်ဖမ်းလိုက်သော်လည်း သူမ ခြေထောက်နှစ်ဖက်လုံး ပျက်စီးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ခဏတာအတွင်းပင် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။
ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်သော ထန်ရှောင်းယွီသည် ဟုန့်မင်၏ လက်ချက်ကြောင့် ရှုံးနိမ့်သွားခဲ့သည်။
လူတိုင်း မျက်နှာအမူအရာများလည်း အကျည်းတန်သွားကြသည်။
...
ချင်းထျန်က မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ တစ်ခုခုပြောရန်ပါးစပ်ဟလိုက်သည်။
ထိုစဥ် ဟုန့်မင်သည် ခပ်ပြတ်ပြတ်ပြောလာသည်။
"သခင်မလေးလုံအာက ပြောတယ်၊ အခုကစပြီး ပေကျင်းဒေသတစ်ခုလုံးကို ငါ အပြည့်အဝ တာဝန်ယူရမယ်တဲ့"
ချင်းထျန် အံ့အားသင့်သွားပြီးနောက် ရိုသေစွာဖြင့် ပြန်ပြောလိုက်သည်
"နားလည်ပါပြီ"
ထို့နောက် ဟုန့်မင်သည် ချင်းယွီဘက်လှည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"သခင်မလေးချင် အရင်တုန်းက ရွှယ်အန်းဆိုတဲ့ အကောင်ကိုကူပြီး ကျွန်တော်တို့ ဟုန်မိသားစုကို ဆန့်ကျင်ခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ရော တွေးဖူးလား"
ချင်းယွီက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။
"ဟုန့်မင်... အရင်ကဖြစ်ခဲ့တာတွေအားလုံးက နင့်အပြစ်နဲ့နင်ပဲ၊ ငါတို့ နင့်ကိုမသတ်လိုက်တာ နင်ကံကောင်းလွန်းလို့လေ၊ အခုမှ နင်က ဒီမှာလာပြီး လေကျယ်ရဲသေးတယ်ပေါ့ ဟုတ်လား၊ လူကြီးမင်းရွှယ် ပြန်လာပြီး နင့်ကို အပြတ်ရှင်းလိုက်မှာ မကြောက်ဘူးလား"
"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ၊ မင်းက လူကြီးမင်းရွှယ် အကြောင်းပြောနေတုန်းလား၊ ရွှယ်အန်းဆိုတဲ့ အကောင်က ဘာသဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားတော့ သေတာတောင်ကြာနေလောက်ပြီ၊ အခုကစပြီး ဒီကမ္ဘာကြီးက ငါတို့ ကောင်းကင်နဂါးမျိုးနွယ်က ပိုင်ဆိုင်ရတော့မှာ၊ မင်းကတော့ ငါ့အိပ်ရာပေါ်က အစေခံဖြစ်လာရမယ်"
ဟုန့်မင်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ချင်းယွီထံသို့ ချက်ချင်းပြေးဝင်လာကာ သူမပခုံးကို လှမ်းဆွဲလိုက်သည်။
ချင်းယွီသည် သိုင်းပညာ လေ့ကျင့်နေသူဖြစ်သော်လည်း လူတစ်ပိုင်း နဂါးတစ်ပိုင်းဖြစ်နေသော ဟုန့်မင်နှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးလိုဖြစ်သည်။
ထို့ကြောင့် ဤတိုက်ခိုက်မှုတွင် သူမသာ အဖမ်းခံရပါက ကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာမှာ စောင့်ကြိုနေပေလိမ့်မည်။
သူမအနားရှိ အခြားသူများသည် သူမကို ကယ်တင်ချင်သော်လည်း အချိန်မမီတော့ချေ။
ထိုအချိန်တွင်ပင်...
လေဟာနယ်ထဲတွင် လက်တစ်ဖက်သည် ရုတ်တရက်ပေါ်လာပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ယခင်က အလောတကြီးဖြစ်နေသော ဟုန့်မင်သည် နဂါးကြီးတစ်ကောင်နှင့် ၀င်တိုက်မိသည့်အလား သွေးတစ်လုပ်အန်ကာ နောက်သို့လွင့်စင်သွားပြီး နံရံအတွင်းကို မြုပ်၀င်သွားမှာသာ ရပ်တန့်သွားတော့သည်။
တစ်ချိန်မှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်လေးဟုတ် မတွေ့ရတာ အတော်ကြာပြီပဲ"
ထိုအသံကိုကြားသောအခါ ချင်းယွီနှင့် အခြားသူများလည်း မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ကြောက်တက်သွားပြီး မယုံနိုင်စွာ လှည့်ကြည့်လိုက်ကြသည်။
နက်ရှိုင်းသော မျက်ဝန်းများဖြင့် ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်သည် ၎င်းတို့ အလယ်တွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
"သခင်လေး"
ချင်းယွီက ဝမ်းသာလွန်းသောကြောင့် မျက်ရည်များပင်ကျဆင်းလာကာ အော် ခေါ်လိုက်သည်။ ရောက်လာသူမှာ ရွှယ်အန်းပင်ဖြစ်သည်။ သူ အန်းယန်နှင့်အတူ ပေကျင်းဒေသသို့ ရောက်လာပြီးနောက် သူ့စိတ်ဝိဉာဉ်စွမ်းအားကြောင့် ဤနေရာကို တစ်ခါတည်း ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူ အမြန်ရောက်လာနိုင်ခဲ့သည်။
ချင်ယွမ်၊ ဟွာရှင်းယွီနှင့် အခြားသူများသည် အတူတကွ ဦးညွှတ်လိုက်ကြသည်။
"လူကြီးမင်းရွှယ်"
ရွှယ်အန်း ခေါင်းအသာညိတ်လိုက်ပြီး ၎င်းတို့ကို ဝေ့ကြည့်လိုက်သည်။
သူသည် မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲနေသော ချင်းထျန်ကို မြင်သောအခါ ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
"လူသတ်တာက ပြဿနာအားလုံးကို မဖြေရှင်းနိုင်ပေမဲ့ အနည်းဆုံးတော့ ဒုက္ခအများကြီးကို လျှော့ချနိုင်တယ်ဆိုတာ ငါအခုမှ သဘောပေါက်တော့တယ်၊ ဥပမာ ဒီလူတွေဆိုရင် အစကတည်းက ငါ သတ်ပစ်လိုက်ရင် ပိုကောင်းသား...၊ ဒါဆို အခုလို လှည့်ကွက်တွေ လာလုပ်တော့မှာ မဟုတ်ဘူး"
သူ ထိုသို့ပြောနေစဉ်မှာပင် ဟုန့်မင်သည် သူ့နောက်ရှိ ကြေမွသွားသော နံရံကြားထဲမှ ခပ်ဖြည်းဖြည်း ထွက်လာသည်။ ၎င်းမျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး နဖူးပေါ်ရှိ အမှတ်အသားသည် ပို၍ပင် နီရဲနေသည်။
"ရွှယ်အန်း၊ မင်းတကယ်ပဲ အသက်ရှင်နေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"
ရွှယ်အန်း ၎င်းကိုကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။
"မင်းက မင်းရဲ့ဝိညာဉ်ကို ရောင်းပြီး တစ်ဘ၀လုံး နဂါးကျွန်အဖြစ် အမှုထမ်းမယ်လို့ ရွေးချယ်ထားတာကို၊ ဟုန့်မင်... မင်းတကယ့်ကို အစွမ်းကုန် ကြိုးစားနေတာပဲ"
ဟုန့်မင် ကြောက်မက်ဖွယ်ကောင်းစွာ တဟားဟားရယ်မောလိုက်ပြီး သူ့ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများလည်း စတင်ပ ထွက်ပေါ်လာသည်။
"ရွှယ်အန်း... ကောင်းကင်နဂါးကြီး ဆင်းသက်လာရင် ဒီကမ္ဘာကြီးကို နဂါးမျိုးနွယ်တွေ ပိုင်ဆိုင်ရတော့မှာ၊ မင်းကတော့ ငါပူဇော်မယ့် ပထမဆုံးယဇ်ကောင်ပေါ့"
ထိုသို့ပြောပြီးသည်နှင့် ဟုန့်မင်သည် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ပိုင်းနဂါးတစ်ပိုင်း အသွင်သို့ လုံးဝပြောင်းလဲသွားပြီး သူ့စွမ်းအားများမှာ ထိပ်ဆုံးသို့ရောက်သွားပြီး နဂါးဟိန်းသံကဲ့သို့ ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်လာသည်။
ထိုစွမ်းအားကြောင့် ချင်းယွီတို့မျက်နှာများ ဖြူဖျော့သွားကြသည်။
အထူးသဖြင့် ထန်တုန်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "အင်မော်တယ်အဆင့်၊ ဒါက အင်မော်တယ်အဆင့်ပဲ..."
လူတိုင်း နှလုံးသားများ ထိန့်လန့်တုန်လှုပ်သွားကြသည်။
ရွှယ်အန်းသည် အစွမ်းထက်သော်လည်း အင်မော်တယ်တစ်ဝက်အဆင့်သာ ရှိသေးသည်။ ယခုအခါ အင်မော်တယ်အဆင့် ဟုန့်မင်နှင့်တောင် သူ ရင်ဆိုင်ရပါက...
၎င်းတို့အတွေးများ ရုတ်တရက် ရပ်တန့်သွားကြသည်။
အကြောင်းမှာ လူတိုင်း အံ့အားတသင့်ကြည့်နေကြစဉ်မှာပင် ရွှယ်အန်းသည် ရုတ်တရက် နှာခေါင်းကိုပွတ်လိုက်ပြီး နှာတစ်ချက် ချေလိုက်သောကြောင့်ဖြစ်သည်။
"ဟက်ချိုး"
သူနှာချေလိုက်သည့်အချိန်တွင်ပင် ကြမ်းတမ်းခက်ထန်ကာ မာနကြီးနေဆဲဖြစ်သော ဟုန့်မင်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။
"ဆောရီး... ငါ ဒီရက်ပိုင်း နည်းနည်းဓာတ်မတည့်တာဖြစ်နေလို့"
ရွှယ်အန်း နှာခေါင်းကိုပွတ်ရင်း ပြောလိုက်သည်။ ဘယ်သူမှ သူ့ကို စကားပြန်မပြောကြချေ။
ရွှယ်အန်း၏ စကားဆုံးသည်နှင့် ဟုန့်မင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ လုံးဝပျောက်ကွယ်သွားတော့သည်။
နှာတစ်ချက်ချေလိုက်ရုံလောက်နဲ့ အင်မော်တယ်အဆင့် နဂါးကျွန်တစ်ယောက်ကို သတ်ပစ်လိုက်တယ်...
ဤမြင်ကွင်းသည် လူတိုင်းကို မှင်သက်သွားစေသည်။
အထူးသဖြင့် ချင်းထျန် မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"မင်း... မင်း..."
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၍ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ချင်းထျန်၏ တစ်ကိုယ်လုံး ချွေးစေးများပြန်နေကာ တုန်ရီနေပြီး ပြောစရာစကားလုံးများ လုံးဝပျောက်ရှနေသည်။
"သံသယဖြစ်စရာ မရှိတော့ဘူးထင်တယ်၊ ဒါဆိုရင်တော့ မင်းလည်း သူ့နောက်လိုက်သွားလိုက်တော့"
ချင်းထျန် အော်ဟစ်မည်ပြုစဉ်မှာပင် ရွှယ်အန်း လက်ကို ပေါ့ပါးစွာသာ ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းတန်းများ ဖြတ်သန်းသွားပြီး ချင်းထျန်ခေါင်းလည်း ပြတ်ထွက်သွားသည်။
သူသေခါနီးအချိန်တွင် သူ့မျက်နှာပေါ်တွင် ရွှယ်အန်းမှာ သူ့ကို ဤမျှ လျင်မြန်စွာ သတ်ပစ်လိုက်သည်ကို မယုံနိုင်သည့်အလား အံ့အားသင့်နေသော အမူအရာတစ်ခု ထင်ကျန်နေခဲ့သည်။
ချင်းယွီမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် သူမ တစ်ကိုယ်လုံး တုန်ရီနေပြီး ရွှယ်အန်း ပုံရိပ်သည် သူမ မျက်လုံးထဲတွင် ပိုလို့ပင်ကြီးကျယ်ခမ်းနားလာသည်။ အဘယ်ကြောင့်ဆိုသော် ချင်မိသားစုကို အကျပ်အတည်းသို့ တွန်းပို့ခဲ့သူများသည် ရွှယ်အန်း နှာတစ်ချက်ကိုပင် မတောင့်ခံနိုင်သောကြောင့် ဖြစ်သည်။
ဤသည်မှာ ရယ်ရုံလောက်နှင့် ခေါင်းဖြတ်ခြင်းပင်ဖြစ်၏။
ထိုအချိန်တွင် ချင်ယွမ်သည် ရှေ့သို့တိုးလာကာ ရိုသေစွာပြောလိုက်သည်။
"လူကြီးမင်းရွှယ် မြို့တော်ကိစ္စက..."
ရွှယ်အန်းက လက်ကာပြလိုက်သည်။
"ငါအကုန်သိတယ်၊ ထပ်ပြောစရာမလိုတော့ဘူး"
ထို့နောက် သူသည် အစည်းအဝေးခန်းမမှထွက်လာပြီး မြို့တော်ဘက်သို့ ပျံသန်းသွားသော အနက်ရောင်အလင်းတန်းအချို့ကို ကြည့်ကာ အနည်းငယ်ပြုံးလိုက်သည်။
"လုံအာ၊ လုံစန်း... ဟမ်.. ဒါဆို သူတို့မှာ လုံတာလည်း ရှိသေးမှာပေါ့၊ စာမတတ်တာက ဆိုးလိုက်တာ၊ နာမည်ပေးတာတောင် ဒီလောက် ရိုးလွန်းတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်း ပေါ့ပါးစွာ အမိန့်ပေးလိုက်သည်။
"မင်းတို့အားလုံး ဒီမှာနေပြီး ပေကျင်းဒေသရဲ့ အခြေအနေကို ရှင်းလင်းလိုက်ကြ..."
"ဟုတ်ကဲ့"
ရွှယ်အန်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။ ချင်ယွမ်နှင့် အခြားသူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ကျန်ရစ်ခဲ့ကြသည်။ ခဏအကြာတွင် ဟွာရှင်းယွီသည် ခါးသက်သော အပြုံးဖြင့် ပြောလာသည်။
"ရွှယ်သခင်လေးက အခုဆိုရင် အင်မော်တယ် ဖြစ်နေလောက်ပြီထင်တယ် ဟုတ်တယ်မလား"
ထန်ရှောင်းယွီသည် ကောင်းကင်ကံကြမ္မာသက်စောင့်ဆေးကို သောက်သုံးထားပြီး ပြန်လည်သက်သာလာရန် စောင့်ဆိုင်းနေရာမှ ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်မထင်တာမမှားဘူးဆိုရင် လူကြီးမင်းရွှယ်က အခုဆို ရွှေအင်မော်တယ်ဖြစ်နေပြီ၊ ပြီးတော့ စွမ်းအားအကြီးဆုံး အဆင့်ထဲတောင် ၀င်နိုင်လောက်တယ်"
လူအုပ်ကြီး တိတ်ဆိတ်သွားပြီးနောက် ၎င်းတို့ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
နတ်ဘုရားများနှင့် နတ်ဆိုးများ ပေါ်ပေါက်နေသော ကသောင်းကနင်းခေတ်ကြီးတွင် သက်ရှိအားလုံး မျှော်လင့်ချက်မဲ့နေသော ယခုလိုအချိန်တွင် လူကြီးမင်းရွှယ်တစ်ယောက်တည်း ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့်သူ ဖြစ်နိုင်လောက်လား...
မြို့တော်တွင်...
ရှီတုန်းသည် မျက်နှာချိုသွေးသော အမူအရာဖြင့် ဖားယားနေသည်။
"သခင်မလေး မြို့တော်တစ်ခုလုံးကို သေချာနှိမ်နင်းပြီးပါပြီ"
အချိန်အတော်ကြာပြီးနောက်...
ထိုင်ခုံပေါ်တွင် ထိုင်နေသော ပုံရိပ်သည် အဆုံးတွင် လှည့်ကြည့်လာသည်။
ထိုအမျိုးသမီးမှာ အသက်မကြီးသေးချေ။ သူမ၏ ဖီးနစ်မျက်ဝန်းများသည် စွဲဆောင်မှုရှိသော အလှတရားကို ဖော်ပြနေသည်။
ရှီတုန်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ခေါင်းကို အမြန်ငုံ့လိုက်ကာ ဆက်မကြည့်ရဲတော့ပေ။
"ကောင်းတယ်၊ ဒီနိုင်ငံကို မင်းလုံးဝ တည်ငြိမ်အောင်လုပ်ပြီးသွားရင် မင်းကို ဟုန့်မင်လို နဂါးကျွန်တစ်ယောက်ဖြစ်ခွင့်ပေးပြီး ထာဝရအသက်ကို ခံစားဖို့အခွင့်အရေးကို ငါစဉ်းစားပေးနိုင်တယ်" ထိုအမျိုးသမီးက ပြောလိုက်သည်။
ရှီတုန်တစ်ယောက် အလွန်ဝမ်းသာသွားရ၏။
"ကျေးဇူးတင်ပါတယ် သခင်မလေးလုံအာ"
"သွားတော့"
"ဟုတ်ကဲ့"
ရှီတုန်း ရိုသေစွာ တုံ့ပြန်ပြီးနောက် လှည့်ထွက်သွားသည်။
လုံအာသည် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ သူမ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
"သူက ရည်မှန်းချက်ပြည့်ဖို့အတွက် ဘယ်လိုနည်းလမ်းမဆို သုံးနိုင်တာပဲ၊ ကိုယ့်သားအရင်းကိုတောင် ဖမ်းထားရဲတယ်ဆိုတော့ တကယ် ရက်စက်လွန်းတယ်၊ ကံမကောင်းတာက သူ့လိုအယုတ်တမာက ငါ့အကြိုက်မဟုတ်ဘူး"
သူမစကားပြောနေစဉ်မှာပင် အခန်းထောင့်တွင် ရုတ်တရက် လှုပ်ရှားမှုတစ်ခုပေါ်လာပြီး အခန်းထဲတွင် အနက်ရောင်အရိပ်အချို့ ပေါ်လာတော့သည်။