လိမ္မာတဲ့နဂါးတစ်ကောင်ဖြစ်အောင် သင်ပေးမယ်
Vol. 44 Ch. 660
ထိုအချိန်၌ အလွန်ဒေါသထွက်ပုံပေါ်သော နဂါးဟိန်းသံက မြို့တစ်ခုလုံးကို ပျံ့နှံ့သွားပြီးနောက် ကောင်းကင်ယံထက်သို့ လူတစ်ယောက် ပျံတက်လာသည်ကိုမြင်လိုက်ကြရသည်။
“ငါ့ကောင်းကင်နဂါးမျိုးနွယ်စုဝင်တွေကို ဘယ်ဓားကျင့်ကြံသူက သုတ်သင်ရဲတာလဲ”
သူမ စကားသံနှင့်အတူ ထိုပုဂ္ဂိုလ်က ရွှယ်အန်းကို လက်ဝါးနှစ်ချက် ဆက်တိုက်ရိုက်လိုက်သည်။ ၎င်းတို့သည် အလွန်စွမ်းအားကြီးလွန်းလှသဖြင့် လမင်းကို ကိုင်လှုပ်ပစ်နိုင်မည်ထင်ရသည်။ သို့သော် ရွှယ်အန်းက ယင်းတို့ကို တစ်ချက်မျှပင်မကြည့်ဘဲ အန်းယန်ဘက်သို့လှည့်၍ ပြုံးပြလိုက်၏။
…
“ယန်အာ ကို ဒီကောင့်ကို နိုင်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ”
အန်းယန်က ခေါင်းခါ၍ အနည်းငယ် တုံ့ဆိုင်းစွာ ပြန်ဖြေသည်။
“ကျွန်မ မသိဘူး”
ထိုလက်ဝါးချက်၏ လေပြင်းက ၎င်းတို့ဆီသို့ရောက်ခါနီးတွင် အန်းယန်က စိုးရိမ်ကြီးအော်လိုက်သည်။
“ယောက်ျား”
ရွှယ်အန်းက ခေါင်းပင်မလှည့်ဘဲ လက်ကို ဘာသိဘာသာဝှေ့ယမ်းလိုက်သည်။ ထို ပြင်းထန်၍ ကြောက်မက်ဖွယ် လက်ဝွးချက်က ချက်ချင်းပင် မီးခိုးများနှင့် တိမ်များကဲ့သို့ပျောက်ကွယ်သွားသည်။ ဤသည်ကိုမြင်သောအခါ လုံအာ၏နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားရကာ သူမ၏ မျက်လုံးထဲတွင် သတိကြီးသောအမူအရာများ ထင်ဟပ်လာည်။ မြို့တစ်ခွင်လုံးကို ဖုံးအုပ်သွားသည့် ဓားရောင်ဝါက နတ်ဆိုးတစ္ဆေများကို သုတ်သင်ပစ်လိုက်ချိန်တွင် သူမသည် အခန်းထဲ၌ တိတ်ဆိတ်စွာထိုင်နေခဲ့သည်။ ဤနတ်ဆိုးတစ္ဆေများအားလုံးသည် ကောင်းကင်နဂါးမျိုးနွယ်စုမှ သူမနှင့်အတူ သေမျိုးလောကသို့ ဆင်းသက်လာခဲ့သူများဖြစ်သည်။ ယခု အားလုံးက သုတ်သင်ခံလိုက်ရပြီဖြစ်၍ ၎င်းက လုံအာကို သဘာဝအတိုင်း ဒေါသဖြစ်စေသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် ကောင်းကင်ယံထက်သို့ ပျံသန်းလျက် သေချာမကြည့်ဘဲ လက်ဝါးနှစ်ချက် ရိုက်ချခဲ့သည်။
လုံအာ၏ အမြင်တွင် သာမန်ဓားကျင့်ကြံသူများက ကြောက်မက်ဖွယ် ကောင်းကင်တာအိုကိုရှိနိုင်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များကမူ ယေဘုယျအားဖြင့် အလွန်အားနည်းနေသေးသည်။ ထို့ကြောင့် ၎င်းတို့ သတိလက်လွတ်ဖြစ်နေချိန် ထိုလက်ဝါးနှစ်ချက်ဖြင့် ထိမှန်လျှင် အပြင်းအထန် ဒဏ်ရာရမည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ သို့သော် လုံအာက ထိုလက်ဝါးနှစ်ချက်က ထိုလူငယ်ဆီသို့ရောက်ခါနီးတွင် ပျောက်ကွယ်သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤအခိုက်အတန့်တွင် လုံအာသည် လေထုအလယ်တွင်ရပ်လျက် ရွှယ်အန်းကို လေ့လာကြည့်ရှု့ကာ သူမ၏ အမူအရာက ပြောင်းလဲလျက်ရှိသည်။ သူမ ဤလူကို မြင်ဖူးသည်ဟု ကောင်းစွာ ခံစားမိသည်။ ရုတ်တရက် နဂါးနတ်ဆိုးတစ္ဆေများမှ တင်ပြထားသော ရုပ်ပုံများကို သူမမှတ်မိသွားသည်။ နဂါးကျွန်ဟုန့်မင်ကို သုတ်သင်ခဲ့သူသည်လည်း လူငယ်တစ်ဦးဖြစ်ကာ ထိုရုပ်ပုံက ဝေဝါး၍ မကြည်လင်သော်လည်း ၎င်းသည် သူမရှေ့မှ လူနှင့် အတန်ငယ် ဆင်တူလှသည်။ ဤအချိန်တွင် ရွှယ်အန်းက ခေါင်းကိုလှည့်၍ သူမကို ပြုံးပြလိုက်၏။
“မင်းက လုံအာလား”
လုံအာက ခေါင်းကို ခပ်ပါးပါးညိတ်လိုက်ပြီးနောက် သူမ၏ အမူအရာက ပို၍ လေးနက်လာသည်။
“ဟုတ်တယ်။ ဒါပေမယ့် ရှင်က ဘယ်ဓားကျင့်ကြံသူလဲဆိုတာ မသိဘူး။ နောက်ပြီး ဘာလို့ ကျွန်မတို့ ကောင်းကင်နဂါးမျိုးနွယ်စုဝင်တွေကို သတ်ပစ်တာလဲ”
အနန္တစကြဝဌာတွင် ခွန်အားက အရေးအပါဆုံးဖြစ်သည်။ ရွှယ်အန်းက ယခု သူ၏ ခွန်အားဖြင့် လုံအာ၏ လေးစားမှုကို ရခဲ့သည်။
“မင်းရဲ့မျိုးနွယ်ဝင်တွေဟုတ်လား” ရွှယ်အန်းက သူ့ခြေထောက်အောက်မှ မြို့ကို လက်ညှိုးထိုးပြကာ ဘာသိဘာသာပြောလိုက်ည်။
“ဆိုတော့ ဒီလူသားတွေ အစုလိုက်အပုံလိုက်သေရတာ မင်းအမိန့်ကြောင့်ပေါ့”
လုံအာက အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ပြန်တုံ့ပြန်သည်။
“ရွှေအင်မော်တယ်တစ်ယောက်အနေနဲ့ ရှင်က ဘာလို့ ဒီလို ပုရွက်ဆိတ်သေမျိုးတစ်စုကို ဂရုစိုက်နေတာလဲ”
ဤသို့ပြောလျက် လုံအာ၏ မျက်နှာထက်တွင် ရိုးသားသောအပြုံးတစ်ခုပေါ်လာသည်။
“ကျွန်မက အခုတင် ဒေါသထွက်သွားလို့ အလောတကြီး ရိုက်လိုက်မိတာပါ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ ရှင်ဆန္ဒရှိရင် ကျွန်မတို့ ကောင်းကင်နဂါးမျိုးနွယ်စုက ရှင်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မတို့ ဒီသေမျိုးလောကမ အတူတူချီတက်ပြီး အတူတူနောက်ဆုတ်ကြပြီး ပိုပြီး ကောင်းမွန်တဲ့ စိတ်ဝင်စားဖွယ်ရာအရာတွေကို လုယူကြမယ်လေ။ ဘယ်လိုလဲ”
ရွှယ်အန်းက အလွန် စွမ်းအားကြီးကြောင်း မြင်သောအခါ လုံအာက မဟာမိတ်ဖွဲ့ချင်စိတ်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင်မူ ဓားကျင့်ကြံသူများသည် အနန္တစကြဝဌာတွင် အဆိပ်အပြင်းဆုံးအင်အားစုများအဖြစ် သတ်မှတ်ခံထားကြရသည်။ ထို့ကြောင့် ကောင်းကင်နဂါးမျိုးနွယ်စုသာ မဟာမိတ်ဖွဲ့နိုင်ပါက အနာဂတ်တွင် အကျိုးအမြတ်များစွာရနိုင်ပေလိမ့်မည်။
“အိုး မင်းက ငါနဲ့ မဟာမိတ်ဖွဲ့ချင်တာလား။ ဒါပေမယ့် ငါ အခုတင် မင်းတို့ မျိုးနွယ်ဝင်တွေ အများကြီးကို သတ်ပစ်လိုက်ပြီလေ” ရွှယ်အန်းက ဘာသိဘာသာပြောသည်။
လုံအာက ခပ်ပါးပါးပြုံးလိုက်ပြီးနောက် သူမ၏ ဖီးနစ်မျက်လုံးများက တောက်ပလာသည်။
“ရှင်ဆန္ဒရှိရင် မျိုးနွယ်ဝင်လေးနည်းနည်းသေသွားတာ ကိစ္စမရှိပါဘူး။ သူတို့ကို အမြဲ ပြန်ပို့ပေးလို့ရတယ်”
ဤသည်က လုံအာ၏ ခေါင်းထဲတွင်တွေးထားသောအရာဖြစ်သည်။ ဤနတ်ဆိုးတစ္ဆေများသည် မူလကတည်းက စစ်မြေပြင်အတွက် အမြောက်စာများဖြစ်ကြသည်။ ၎င်းတို့အားလုံးသေသွားလျှင်ပင် လုံအာက ပူဆွေးနေမိမည်မဟုတ်ပေ။ နဂါးကျွန် ဟုန့်မင်သည်မူ ထည့်ပြောရန်ပင်မတန်ပေ။ အကယ်၍ သူမသာ ရွှယ်အန်းကဲ့သို့ အင်အားကြီးသူတစ်ဦးကို ရနိုင်ပါက ၎င်းတို့အားလုံးက ထိုက်တန်ပေလိမ့်မည်။
ရွှယ်အန်းက ထိုစကားကိုကြားသောအခါ ရယ်မောလိုက်သည်။
“မင်းက လုံအာဆိုတော့ မင်းမှာ လုံသာ့ဆိုတဲ့ ညီမတစ်ယောက်ရှိလား”
လုံအာက အနည်းငယ် ကြောင်အသွားသည်။ ရွှယ်အန်းက အဘယ်ကြောင့် ဤသို့မေးလာသည်ကို သူမနားမလည်နိုင်သော်လည်း ခေါင်းညိတ်လိုက်သည်။
“ဟုတ် ဒါပေမယ့် သူက ကျွန်မ အစ်မပါ။ ကျွန်မတို့မှာ ညီအစ်ကိုအစ်မ ကိုးယောက်ရှိပါတယ်”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“တကယ်ပဲ နဂါးတွေက သားသမီး ကိုးယောက်တောင် မွေးနိုင်တယ်”
“အရှင်…” လုံအာက တစ်စုံတစ်ခုကို ထပ်ပြောချင်နေသေးသည်။
ရွှယ်အန်း၏ အပြုံးကအေးစက်လာ၏။
“မိသားစုက ဘာလို့ ဒီလောက် မျိုးဆက်အများကြီး ရှိနေလဲဆိုတာ နားမလည်နိုင်ပေမယ့် သေမျိုးလောကကိုတောင် အရောက်လာပြီး မင်းတို့ကို ဘယ်သူမှ မတားနိုင်ဘူးလို့ ထင်ရဲတယ်ပေါ့”
“ရှင်…” လုံအာ၏ မျက်နှာက မှောင်မိုက်သွားသည်။
“ဘာကို ‘ရှင်’လဲ ဒီနေ့ မင်းကို လိမ္မာတဲ့နဂါးတစ်ကောင်ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ်”
ရွှယ်အန်းက ရှေ့သို့တိုး၍ လေဟာနယ်ကို ဖြတ်ကာ လုံအာ၏ ရှေ့တည့်တည့်တွင်ပေါ်လာသည်။ လုံအာက ယခုအချိန်တွင် လုံးဝ ဒေါသထွက်နေပြီဖြစ်သ်ည။
“ချီးမြောက်တဲ့ခွက်ကိုမသောက်ဘဲ အဆိပ်ကို သောက်ချင်နေတဲ့ကောင် သေချင်နေတာပဲ”
ဤသို့ပြော၍ သူမက လက်ဝါးချက်များစွာရိုက်ချလိုက်ပြန်သည်။
ရွှယ်အန်းက အေးစက်စွာရယ်မောလိုက်ပြီးနောက် လုံအာ၏ လက်ဝါးက သူ့ဆီသို့မရောက်ခင်တွင် သူ၏ လက်ကိုမြှောက်ကာ ပြန်ရိုက်လိုက်သည်။
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပျံ့နှံ့သွားကာ လုံအာသည် ရွှယ်အန်း၏ ရိုက်ချက်ကြောင့် လွင့်ထွက်၍ မြေကြီးပေါ် တိုက်ရိုက်ကျလျက် အထပ်မြင့်အဆောက်အဦကြီးကို ဝင်တိုက်မိသွားသည်။
ဤမြင်ကွင်းကို ရှီမိသားစု၏အဆောက်အဦ ခေါင်မိုးထပ်တွင်ရပ်နေသော ရှီတုန်က အလွန်ရှင်းလင်းစွာမြင်လိုက်သည်။ သူသည် ထိုအလွန်ပြင်းထန်စူးရှသော ဓားရည်ရွယ်ချက်က မြို့တော်ပေါ်သို့ သက်ရောက်လာသည်ကိုမြင်လိုက်ကာ နှလုံးသားထဲ၌ ကြောက်လန့်တကြားတုန်လှုပ်သွားသည်။
မဖြစ်နိုင်ဘူး။
အဲ့လူမဖြစ်နိုင်ဘူး။
သူသေတာကြာပြီ ဘယ်လိုလုပ် သူပြန်ရောက်လာနိုင်မှာလဲ”
မိမိကိုယ်မိမိ များစွာသော အကြောင်းပြချက်များဖြင့် စိတ်သက်သာရာရစေပြီးနောက် တိုးတိတ်စွာဖြင့် အဆောက်အဦ၏ ခေါင်းမိုးသို့ တွယ်တက်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာတစ်ကိုယ်လုံးက ထိန်းချုပ်၍ မရနိုင်အောင် တုန်လှုပ်သွားသည်။
‘အဲ့တာ တကယ်သူပဲ’
‘သူပြန်လာတာ မယုံနိုင်ဘူး’
ကြောက်လန့်မှုနှင့် ဒေါသတို့က ရှီတုန်၏ နှလုံးသားထဲသို့ ပျံ့နှံ့သွားသည်။ ၎င်းက လုံအာ စတင်လှုပ်ရှားခဲ့သော အခိုက်ပင်ဖြစ်သည်။ ရှီတုန်အတွက် လုံအာသည် ရေနစ်နေသော လူတစ်ယောက်ဆီရောက်လာသည့် ကောက်ရိုးတစ်မျှင်ကဲ့သို့ဖြစ်ကာ ရွှယ်အန်းကို အနိုင်ယူနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် နတ်ဘုရားပင်လျှင် သူ၏ ဆုတောင်းများကို မဖြေကြားရဲပုံရကာ စက္ကန့်အနည်းငယ်အကြာ၌ လုံအာက ရွှယ်အန်း၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။
ဤအရာက မည်ကဲ့သို့ ရှီတုန်ကို မကြောက်လန့်စေဘဲနေလိမ့်မည်နည်း။
ထို့အချိန်၌ပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသော အဆောက်အဦက ရုတ်တရက် အပြင်းအထန် တုန်ခါသွားသည်။ ထို့နောက် ကျယ်လောင်သော ဒေါသအပြည့်ပါဝင်နေသည့် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။ ခေါင်းမိုးထက်က ရုတ်တရက် ပြိုကျလာကာ ကြီးမားသော နဂါးဦးခေါင်းကြီးက ယင်းမှထွက်လာ၍ အဆောက်အဦးကြီးကို ထောက်တိုင်တစ်တိုင်နှယ်ရစ်နွယ်လိုက်သည်။ ရှီတုန်၏ မျက်နှာထက်မှ စိတ်လှုပ်ရှားမှု မျက်ရည်များစီးကျလာသည်။
“ဗုဒ္ဓဘုရား ငါတို့ ကို ကောင်းချီးပေးပါစေ… မိန်းကလေး လုံအာ ရွှယ်အန်းကို မြိုချနိုင်ပါစေသား”
သူက ခပ်တိုးတိုးရေရွတ်ဆုတောင်းလိုက်သည်။
ယခု အသွင်ပြောင်းထားသော လုံအာက ဒေါသတကြီး ဟိန်းဟောက်ကာ သူမ၏ ခန္ဓာကိုယ်သည် စပရိန်ကဲ့သို့ ရစ်နွယ်လျက် ရွှယ်အန်းဆီသို့ ရုတ်တရက်ဦးတည်သွားသည်။ ဤချီတက်တိုက်ခိုက်မှုက အဆုံးမဲ့သော စွမ်းအားများဖြင့်တောက်ပနေရာ မြို့တော်တစ်ခုလုံးကို တုန်ခါသွားစေသည်။ အန်းယန်၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။
“ယောက်ျား”
ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ တည်ငြိမ်စွာပြောလိုက်သည်။
“ယန်အာ နဂါးအသည်းကြိုက်လား”
“အမ်’
“ကိုအဲ့တာ စားရတာ အရင်က အရမ်းငြီးငွေ့တာ။ အခု ပြန်ပြီး အရသာခံလည်း မဆိုးလောက်ပါဘူး”
ဤသို့ပြော၍ အလင်းတစ်ခုက ရွှယ်အန်း၏ မျက်လုံးထဲတွင် လင်းလက်သွားသည်။ ထို့နောက် သူက လက်သီးကိုမြှောက်ကာ ဝင်လာသော ဧရာမနဂါးကြီးကို ထိုးချလိုက်သည်။ ဤလက်သီးချက်က အမြင့်မှအောက်သို့ ထိုးချခြင်းဖြစ်ကာ လုံအာ၏ ခေါင်းတည့်တည့်သို့ ထိမှန်သွားသည်။
ဘမ်း
ရွှယ်အန်း၏ လက်မောင်းက လုံအာ၏ ဦးခေါင်းသို့ တည့်တည့် ဖောက်ထွင်းဝင်သွားရာ သူမ၏ ဦးခေါင်းတစ်ခုလုံး ပေါက်ထွက်သွားသည်။ လုံအာက ကျယ်လောင်စွာငိုကြွေးလျက် သူမ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လေထဲတွင် တွန့်လိမ်ကာ ရုန်းထွက်နိုင်ရန် ကြိုးစားနေ၏။