ရီထျန်ရှင်း၏တွက်ချက်မှု
Vol. 37 Ch. 548
ရီဖန်သည် ဘုရားကျောင်းနယ်နိမိတ်တစ်ခုလုံးကို ရှာဖွေခဲ့ကာ ဆံချည်တစ်မျှင်ပင် မကျန်ခဲ့ပေ။ ရီဖန်၏ အဓိကရှုံးနိမ့်မှုနှစ်ခုက နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားကြောင့် ဖြစ်သဖြင့် သူ အလွန်ဒေါသထွက်နေသည်။ နောက်တစ်ကြိမ်ဆိုလျှင် ၎င်းကို ထွက်ပြေးခွင့်ပေးမည်မဟုတ်ဟု သူ၏စိတ်ထဲတွင်ဆုံးဖြတ်ထား၏။
ရီဖန်သည် နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရား၏ ရောင်ဝါကို နောက်ထပ် အသေအချာမှတ်သားထားလိုက်သည်။ သို့မှသာနောက်အကြိမ် တွေ့သောအခါတွင် ၎င်းကို ချက်ချင်းမှတ်မိနိုင်ပြီး ၎င်းကို တစ်ခါတည်း သတ်ပစ်နိုင်မည်ဖြစ်သည်။
ရီဖန်ခံပြင်းသည့်အချက်မှာ ၎င်းသည် နောက်ယောင်ခံစရာတစ်ခုမှ ကျန်မနေခဲ့ခြင်းဖြစ်သည်။ လိုက်စရာမရှိသဖြင့်ရီဖန်သည် မျက်နှာသေဖြင့် မြောက်ဒေသရှိ နေရာလွတ်နတ်ဘုရားမျှော်စင်သို့ ပြန်လာခဲ့သည်။
“ငါတို့မိသားစုကို ကာကွယ်ပေးတဲ့အတွက် နှစ်ဖက်လုံးကို အထူးကျေးဇူးတင်ပါတယ်” ဟု ရီဖန်က ပြောလိုက်သည်။
သူ၏ စိတ်အခြေအနေ မကောင်းသော်လည်း ရီထျန်ရှင်းကို ကယ်ဆယ်ပေးခဲ့သော စစ်မှန်သောနတ်ဘုရားနှစ်ဦးအပေါ် ကောင်းမွန်စွာ ပြောဆိုခဲ့သည်။ သူ့ကို ထိခိုက်စေသူကို ပြန်လည်ရှာဖွေတိုကိခိုက်ရမည်ဖြစ်သကဲ့သို့ အကူအညီပေးသူကိုလည်း အသေအချာ မှတ်သားထားရမည်ဖြစ်သည်။
ဤအရာသည် ရီမိသားစု၏နည်းလမ်းဖြစ်သည်။ ရီမိသားစုအကြောင်း အခြားလူတို့ အမျိုးမျိုးပြောဆိုကြသော်လည်း ၄င်းတို့၏ ဂုဏ်သိက္ခာအား အကျခံမည်မဟုတ်ပေ။
တစ်ဖက်တွင် ရီထျန်ရှင်းအနေဖြင့် သူနှင့် ဆုံရန်အလွန်စိတ်အားထက်သန်နေသော လန်ယာ၏သမီးနှင့်တွေ့နေရကာ နေရခက်နေသည်။ သူ့အမြင်တွင် သူမသည် အတင်းလိုက်ကပ်နေပြီး ကိုယ်ရေးကိုယ်တာကိစ္စများကို မေးလွန်းသဖြင့် စိတ်ရှုပ်နေသည်။
သူမက သူ့အား ပြိုင်ဘက်အဖြစ်မြင်နေပြီး နောက်ပိုင်းတွင် အနိုင်ယူနိုင်ရန် သူ့အကြောင်းများကို သိချင်နေခြင်းဖြစ်သည်ဟု ရီထျန်ရှင်းထင်နေသည်။ ထိုအတိုင်းဆိုလျှင် သူမထံအချက်အလက်များ မပေါက်ကြားသွားစေရန် ပိုမိုသတိထားသင့်သည်။ သူမက ဟန်မဆောင်တတ်သူဖြစ်ကြောင်းလည်း ရီထျန်ရှင်း အလွယ်တကူပင်သိသည်။
ရီထျန်ရှင်းက အခြေအနေကို သဘောမပေါက်သည်ကိုမြင်သော ရီဖန်သည် ဘာလုပ်ရမှန်းမသိဖြစ်နေကာ ပြုံးရုံသာပြုံးနေမိသည်။ အိမ်ပြန်ရောက်လျှင် သူ၏ စိတ်ခံစားမှုပညာကိုလည်း တိုးတက်အောင်သင်ကြားပေးရန် လိုအပ်ကြောင်း သဘောပေါက်လာသည်။
ဉာဏ်ပညာသာရှိပြီး စိတ်ခံစားမှု စွမ်းအားမကောင်းလျှင်လည်း အစွမ်းထက်သောကျင့်ကြံမှုလောကအတွက် မလုံလောက်ချေ။ ကျင့်ကြံမှုဆိုသည်မှာ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းသာမက လောကကြီး၏အကြောင်းကိုလည်း စဉ်းစားနိုင်ရမည်ဖြစ်သည်။
“မိတ်ဆွေချန်ရီ၊ ရီထျန်ရှင်းကို ငါတို့လန်ယာနတ်ဂိုဏ်းမှာ ပူးပေါင်းစေချင်တယ်။ လက်ခံပေးလို့ရမလား” ဟု လန်ယာစစ်မှန်သောနတ်ဘုရားမက မေးလိုက်သည်။
ယခင်က လန်ယာ၏ရည်ရွယ်ချက်မှာ ရီထျန်ရှင်းကို လန်ယာနတ်ဂိုဏ်းသို့ ခေါ်ဆောင်လိုခြင်းသာ ဖြစ်သည်။ လန်ယာနတ်ဂိုဏ်းသည် ဂိုဏ်းသားများ၍၏ အမျိုးအနွယ်ကို စဉ်းစားခြင်းမရှိသော်လည်း ယခုအခါ ရီထျန်ရှင်း၏မျိုးနွယ်ကို သိရပြီးဖြစ်သောကြောင့် သူမလက်လွှတ်ခံမည်မဟုတ်ပေ။
“အဆင်ပြေပါတယ်။ ရီထျန်ရှင်းကသာ လက်ခံရင် ဘာပြသာနာမှမရှိပါဘူး” ဟု ချန်ရီက ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော် ဝင်ချင်ပါတယ်!” ဟု ရီထျန်ရှင်းက ချက်ချင်းပြန်ဖြေလိုက်သည်။
ရီထျန်ရှင်းသည် လန်ယာစစ်မှန်သောနတ်ဘုရားမ၏ စွမ်းအားကို ကိုယ်တိုင်မြင်ခဲ့သဖြင့် သူမကို ဆရာအဖြစ် လက်ခံရန် ငြင်းဆန်စရာမရှိပေ။ ဂိုဏ်းနှင့်ပူးပေါင်းလိုက်သဖြင့် ရီမိသားစု၏ အရင်းအမြစ်များသည်လည်း လျော့နည်းသွားမည် မဟုတ်သဖြင့် ငြင်းရန်အကြောင်းမရှိပါ။
ထို့အပြင် လန်ယာစစ်မှန်သောနတ်ဘုရားသည် အမှန်တကယ်အစွမ်းထက်သူဖြစ်သည့်အတွက် လန်ယာနတ်ဂိုဏ်းတွင်လည်း အရည်အချင်းပြည့်စုံသူများစွာ ရှိလိမ့်မည်ဟု ရီထျန်ရှင်းထင်သည်။ ၎င်းတို့က သူ့ကိုဖိအားပေးကာ ကျင့်ကြံမှုကို တိုးမြှင့်စေရန်ပင် မျှော်လင့်ထား၏။
“ဖီးနစ်စစ်မှန်တဲ့နတ်ဘုရား ဒါက မီးထုတ်လုပ်စေနိုင်မဲ့နတ်ဆေးလုံး ဖော်စပ်နည်းပါ။ သင်က အရင်းအမြစ်တွေသာ စုဆောင်းနိုင်ရင် ငါဖန်တီးပေးနိုင်တယ်” ဟု ပြောကာ ရီဖန်သည် ဖီးနစ်စစ်မှန်သောနတ်ဘုရားအား ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်။
“မီးလျှံနတ်ဆေးလုံး” ဟူသောစကားကို ကြားလိုက်ချိန်မှစ၍ ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် မျက်နှာအမူအရာကို မထိန်းနိုင်သည်အထိဖြစ်သွားသည်။
ဖီးနစ်မျိုးနွယ်စုအတွက် ထိုနတ်ဆေးလုံးသည် နဂါးအဖွဲ့အတွက် အသွင်ပြောင်းနဂါးဆေးလုံးကဲ့သို့ အရေးကြီးသည်။ ထိုနတ်ဆေးလုံးနှစ်လုံး သုံးလုံးသာ ရှိလျှင် စစ်မှန်သောနတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ဦးထွက်ပေါ်လာနိုင်စေသည်။
ဖီးနစ်မျိုးနွယ်စုအတွက် ဤဆေးလုံးသည် အခြားနတ်ဆေးလုံးများဖြင့်ပင် မလဲနိုင်သော အရာဖြစ်၏။ ဖီးနစ်စစ်မှန်သောနတ်ဘုရား၏ နဂိုရည်ရွယ်ချက်မှာ ရီမိသားစု၏မျက်နှာသာပေးခြင်း ခံရရန်နှင့် နောင်တွင်အခွင့်သင့်လျှင် ရီမိသားစုက သူတို့ကို အသွင်ပြောင်းနဂါးဆေးလုံး ထုတ်လုပ်ရာတွင် ကူညီပေးရန်သာသည်။
သို့သော် ရီဖန်က မီးလျှံနတ်ဆေးလုံးကို ထုတ်လုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ထိုအကြောင်းကို သိလိုက်ရသောအခါ အလွန်အံ့ဩသွားသည်။ ထို့ကြောင့် စိတ်ထဲတွင်လဲ ရီဖန်ကို အနည်းငယ်ပို၍ အထင်ကြီးသွားသည်။
သူသည် စွမ်းအားကြီးရုံသာမက ယခင်က ပျောက်ကွယ်သွားပြီဟု ထင်ခဲ့သည့် ဆေးလုံးများကိုပါ သန့်စင်နိုင်သူ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို အဖိုးတန်လူတစ်ဦးဟု မြင်နေသည်။ သို့သော် သူ၏ တပည့်တစ်ဦးကို ရီမိသားစုထံ ပေးပို့ရန် အစီအစဉ်ကိုမူ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
ထိုအတွက် ဒုတိယမျိုးဆက် တပည့်တစ်ဦးကို ရှာဖွေရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့မဖြစ်နိုင်ပါက တတိယမျိုးဆက်တပည့်တစ်ဦးကို ပို့ဆောင်ရမည်။ အကြောင်းမှာ အိုထျန်းထက် ငယ်ရွယ်သောတပည့်ကို မပို့ချင်သောကြောင့်ဖြစ်သည်။ ဖီးနစ်မျိုးနွယ်စုအတွက် ရီမိသားစုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသည် အလွန်အရေးကြီးသော မူဝါဒဖြစ်လာသည်။
တစ်ဖက်တွင် စစ်မှန်သောနတ်ဘုရားအများအပြားသည် ကြောက်လန့်တုန်လှုပ်ကာ နောက်ပြန်ဆုတ်နေစဉ် ရီဖန်သည် ၎င်းတို့၏ဂိုဏ်းများသို့ ကိုယ်တိုင် သွားကြည့်သင့်သလားဟု စဉ်းစားနေသည်။ ထိုသို့ ရီဖန်စဉ်းစားနေစဉ်၌ ဆက်သွယ်ရေးကျောက်စိမ်းပြားက ရုတ်တရက် အသံမြည်လာသည်။
စစ်မှန်သောနတ်ဘုရားအချို့သည် တောင်းပန်ရန်အတွက် အရှေ့ပိုင်းဒေသရှိ ရီမိသားစုထံသို့ အရင်းအမြစ်များစွာဖြင့်ပင် ရောက်ရှိနေကြပြီးဖြစ်သည်။ အရင်းအမြစ်များမှာ များပြားရုံသာမက တန်ဖိုးကြီးသည့် အရာများလည်းဖြစ်သည်။
ဤသို့ ရုတ်တရက် စိတ်ပြောင်းသွားခြင်းကို ရီဖန်သည် မျှော်လင့်မထားမိ၍ အံ့ဩသွားသကဲ့သို့ ၎င်းတို့ကို ဆက်လက်၍ပြဿနာ ရှာသင့်သလား မသင့်သလားဆိုသည်ကိုပါ တွေဝေသွားသည်။ မဆုံးဖြတ်နိုင်တော့သဖြင့် နောက်ဆုံးတွင် ရီဖန်သည် ရီထျန်ရှင်း၏ အကြံဉာဏ်ကို မေးမြန်းလိုက်ရတော့သည်။
ဤကိစ္စတွင် အဓိကအကျဆုံးသူမှာ ရီထျန်ရှင်းဖြစ်နေသောကြောင့် ဖြစ်သည်။ ရီထျန်ရှင်းကလည်း သူအနေဖြင့် အခက်အခဲမရှိကြောင်း ပြောခဲ့သည်။ ယင်းစစ်မှန်သောနတ်ဘုရားများသည် ပြဿနာကို သေချာနားလည်ပြီး လာရောက်တောင်းပန်နေပြီဖြစ်ရာ သူသည်လည်း ၎င်းတို့ကို ထပ်မံ၍ မတိုက်ခိုက်လိုတော့ခေ။
ဆက်လိက်တိုက်ခိုက်နေလျှင် အကျိုးဆက်အနေဖြင့် ရီမိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သည်။ ရီဖန်သည် ဂုဏ်သိက္ခာကို အလေးမထားလျှင်တောင်မှ လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့လိုသူတစ်ဦးအနေဖြင့် ကျင့်ဝတ်များကို လိုက်နာသင့်သည်။
ထိုကျင့်ဝတ်များအရ ရီထျန်ရှင်းသည်လည်း အရင်းအမြစ်များ၏ ဆယ်ပုံတစ်ပုံကိုမူ ခွဲဝေယူလိုသည်။ ထိုအချိန်တွင် ရီဖန်သည် ရီထျန်ရှင်း၏ ရောက်ရာအရပ်တွင် ပြဿနာဖြစ်စေနိုင်စွမ်းကို သဘောပေါက်မိ၍ ခဏတာဆွံ့အသွားရသည်။
သို့သော်လည်း အဆုံးတွင်မူ ရီထျန်ရှင်းသည် ကံကောင်းမြဲဖြစ်သည်။ အမြဲတမ်းကံကောင်းမှုကြောင့် သူသည် အတော်အတန်ပင် ခရီးရောက်နေပြီဖြစ်သည်။
“ဆရာနဲ့ ဘိုးဘေးတို့ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး”
ရီဖန်နှင့်အခြားသူများသည် ဆုံးဖြတ်မှုများပြီး၍ ပြန်ရန် ပြင်ဆင်နေစဉ်တွင် ရီထျန်ရှင်းက တားဆီးလိုက်သည်။ ထို့နောက် ရီထျန်ရှင်းသည် လက်သင်္ကေတကို ဖန်ဆင်းကာ နေရာလွတ်နတ်ဘုရားမျှော်စင်နှင့် ချိတ်ဆက်လိုက်သည်။
စစ်မှန်သောနတ်ဘုရားများပင် လှုပ်ရှားအောင်မလုပ်နိုင်ခဲ့သော နေရာလွတ်နတ်ဘုရားမျှော်စင်သည် ထိုအချိန်တွင် ဆက်တိုက်တုန်ခါလျက်ရှိသည်။ နောက်ဆုံးတွင် ၎င်းသည် တဖြည်းဖြည်းမြင့်တက်လာပြီး သေးငယ်သွားကာ နောက်ဆုံးတွင် ရီထျန်ရှင်း၏ လက်ပေါ်သို့ ရောက်ရှိသွားသည်။
ရီဖန်နှင့် လန်ယာစစ်မှန်သောနတ်ဘုရားတို့၏ အမြန်သိမြင်နိုင်စွမ်းဖြင့် ထိုအရာသည် တကယ့်နတ်လက်နက်ဟု ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့အပြင် နတ်လက်နက်များထဲတွင် ၎င်းသည် အနိမ့်စားမဟုတ်ဘဲ လန်ယာစစ်မှန်သောနတ်ဘုရား၏ အနိမ့်အဆင့်နတ်လက်နက်ထက်ပင် ပိုမိုကောင်းမွန်သည်။
နေရာလွတ်နတ်ဘုရားမျှော်စင် ပျောက်ကွယ်သွားသောအခါ အဝေးမှ စောင့်ကြည့်နေသော အထွတ်အထိပ်သူတော်စင်များစွာသည် ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကြသည်။
ရီထျန်ရှင်းသည် အမှန်တကယ်ပင် နေရာလွတ်နတ်ဘုရားမျှော်စင်၏အမွေအနှစ်ကို ရရှိခဲ့ပြီဖြစ်သည်။ အစပိုင်းတွင် ရီထျန်ရှင်းသည် မည်သည့် အမွေအနှစ်မျှမရရှိခဲ့ဟု ထင်ပြီး အပြစ်တင်ခဲ့သူများသည် ယခုအခါ ကိုယ့်ကိုကိုယ်ပင် ရိုက်ပစ်လိုက်ချင်သည်အထိ ဖြစ်နေကြသည်။
အစကတည်းကပင် ၎င်းတို့ကသာ ရီထျန်ရှင်း၏ အရူးလုပ်ခြင်းခံခဲ့သူများဟု ထင်လာကြသည်။ ထို့ကြောင့် ၎င်းတို့သည် သူ့အား အလွန်ပင် အပြစ်တင်ပြောဆိုနေကြသည်။ ထိုအတိုင်းဆိုလျှင် အနာဂတ်၌ ကောင်းကင်ချိတ်ဆက်နယ်မြေတွင် ရီထျန်ရှင်း၏ဂုဏ်သီတင်းသည် သိပ်ကောင်းမွန်မည်မဟုတ်ဟု ထင်ရသည်။
နောက်ခံမရှိသူများသည် ဤနယ်မြေ၌ မည်သို့ အသက်ရှင်ရမည်မသိဖြစ်နေကြသည်။ မဟာသူတော်စင်အဆင့်သို့ ရောက်ခြင်းကို အင်အားရှိသည်ဟု ၎င်းတို့က မသတ်မှတ်ကြချေ။ ထို့ကြောင့် မဟာသူတော်စင်အဆင့်သည် ၄င်းတို့အတွက် မလုံလောက်ဖြစ်နေသည်။
တစ်ဖက်တွင်လည်း ရီထျန်ရှင်းက “ဘိုးဘေး၊ ဒီနတ်လက်နက်ကို လက်ခံပါ!” ဟုပြောကာ ရီဖန်အား ပေးအပ်လိုက်သည်။
ရီဖန်သည် သူ့ကြောင့် နှစ်ကြိမ်ဆက်တိုက် အခက်အခဲကြုံရပြီး စွမ်းအားအများအပြားကို အသုံးပြုကာ စစ်မှန်သောနတ်ဘုရားကျွမ်းကျင်သူနှစ်ဦးကို နှိမ်နင်းခဲ့ရသည်။ ဤအဖြစ်အပျက်များကြောင့် ရီထျန်ရှင်းသည် အလွန်ရှက်နေမိသည်။
ရီမိသားစုမှ အခြားသူများတွင် ဘိုးဘေးကို အကြိမ်ကြိမ်ဆင့်ခေါ်ပြီး အကူအညီယူခဲ့ရသူမရှိပေ။ ယခုအချိန်တွင် သူကိုယ်တိုင်ပင် မိသားစု၏အရှက်ရစရာဖြစ်လာသည်ဟု ခံစားနေမိသည်။ ထိုဖြစ်ရပ်များအတွက် သူ့ထံမှ ပေးနိုင်သည့် တစ်ခုတည်းအရာမှာ နေရာလွတ်နတ်ဘုရားမျှော်စင်သာဖြစ်သည်။
သို့သော်ရီဖန်က “မလိုပါဘူး မင်းဘဲယူထားလိုက်ပါ” ဟုငြိမ်သက်စွာ ပြန်ပြောလိုက်သည်။
ရီဖန်သည် ကိုယ်ပိုင်နတ်လက်နက်မရှိသော်လည်း တပည့်တစ်ဦး၏ နတ်လက်နက်ကိုတော့ ယူလိုစိတ်မရှိပါ။
“ဘိုးဘေးပဲ ယူသင့်ပါတယ်၊ ဒီလက်နက်ကိုသာ လက်မခံရင် ကျွန်တော် အပြင်တောင်မထွက်ဝံ့တော့ပါဘူး” ဟု စိတ်မကောင်းစွာဖြင့်ပြောကာ လက်နက်ကို အတင်းပင် လက်ထဲထည့်ပေးလိုက်သည်။
မဟာသူတော်စင်တစ်ဦးသာ နတ်လက်နက်ကို ကိုင်ဆောင်ထားလျှင် မရေမတွက်နိုင်သော စစ်မှန်သောနတ်ဘုရားများ၏ ခြုံခိုတိုက်ခိုက်ခံရမည်မှာ သေချာသည်။ ရီဖန်၏အမည်ကြောင့် ကာကွယ်မှု တစ်စုံတစ်ရာ ရှိမည်ဖြစ်သော်လည်း ရန်သူလက်မှ အပြည့်အဝလွတ်မြောက်နိုင်မည် မဟုတ်ဘဲ အချိန်တန်လျှင် သတ်ခံရမည်သာ ဖြစ်သည်။
ထိုအချိန်တွင် ရီဖန်သည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ အကြောင်းမှာ ရီထျန်ရှင်းသည် ဤနေရာလွတ်နတ်ဘုရားမျှော်စင်ကို ကိုင်ဆောင်သွားလျှင် တကယ့်အခွင့်အလမ်းကြီးများတွင် ပါဝင်လာနိုင်သည်။ ထိုအချိန်တွင် ရီမိသားစု၏ ဂုဏ်သီတင်းသည်လည်း မြင့်တက်သွားနိုင်သည်။
သို့သော် ရီထျန်ရှင်း၏ ပြဿနာရှာနိုင်စွမ်းကိုလည်း ရီဖန်ကောင်းစွာနားလည်နေသည်။ ရီဖန် ထိုသို့တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ရီထျန်ရှင်းသည် ပြာယာခတ်စွာပင် နေရာလွတ်နတ်ဘုရားမျှော်စင်ကို ချက်ချင်းပင် ရီဖန်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
နတ်လက်နက်ဆိုသည်မှာ လူတိုင်းလိုချင်သည့် အရာဖြစ်ပြီး ရီထျန်ရှင်းကလည်း ၎င်းကို မကိုင်ဆောင်ထားချင်ဖြစ်နေသည်။ ထိုအခြေအနေတွင် ရီဖန်သည် မလွှဲမရှောင်သာသဖြင့် လက်ခံရန်သာ ဆုံးဖြတ်လိုက်သည်။ ရီဖန် ထိုသို့လက်ခံလိုက်မှသာ ရီထျန်ရှင်းသည် စိတ်သက်သာရာရသွားသည်။
“ဘိုးဘေး၊ အချိန်တန်ရင်တော့ ကျွန်တော်လည်း နတ်လက်နက်အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အဲ့အချိန်ကျရင်တော့ ကျွန်တော့အတွက် တစ်ခု သန့်စင်ပေးပါ” ဟု ရီထျန်ရှင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
ယခု အသုံးမဝင်သေးသောနတ်လက်နက်တစ်ခုအစား အနာဂတ်တွင် ရီဖန်သန့်စင်ပေးမည့် လက်နက်တစ်ခုဖြင့် အစားထိုးရခြင်းသည် သူ့အတွက်အလွန်အဆင်ပြေသော အစီအစဉ်ဖြစ်သည်။ ဘိုးဘေးရီဖန် သန့်စင်ပေးမည့် နတ်လက်နက်သည် ဤနေရာလွတ်နတ်ဘုရားမျှော်စင်ထက် ပိုမိုကောင်းမွန်မည်ဟု သူထင်သည်။
နှစ်ဦးလုံးသည် ထိုသို့ စကားကောင်းနေကြသဖြင့် ဘေးနားတွင် မကျေနပ်သည့်မျက်နှာဖြင့် ရပ်နေသော လန်ယာစစ်မှန်သောနတ်ဘုရားကိုပင် မေ့နေကြသည်။
“ရီထျန်ရှင်း၊ ငါက မင်းဆရာပါ၊ ငါလည်း ဒီနတ်လက်နက်ကို မင်းအတွက် သိမ်းထားပေးနိုင်ပါတယ်” ဟု သူမ တွေးနေမိသည်။