အပိုင်း ၇၆၁-၇၆၄
Vol. 39 Ch. 761-764
အပိုင်း ( ၇၆၁ )
မလောပါနဲ့၊ တစ်ခုပြီး တစ်ခုပေါ့
လောင်းကစားသမားများမှာ သူတို့၏ ဒေါသတွေကို ပေါက်ကွဲထွက်ပြီးနောက် ကာစီနိုဝန်ထမ်းများ ရောက်လာပြီး လုံမာ့ကျီကို ခေါ်သွားကြသည်။
သူ ဘာဖြစ်သွားသည်ဆိုတာကို သူတို့ မသိကြပေ။
သို့သော် လူအများဆီမှ ဖြစ်စဉ်အား နားထောင်ပြီးသည့်နောက် ကာစီနိုသည် သူတို့၏ ပုံမှန်အပြစ်ပေးလမ်းစဉ် ဖြစ်သည့်အတိုင်း လိမ်ဆော့သူများကို ပြင်းထန်စွာ အပြစ်ပေးလေသည်။
အနည်းဆုံး လက်တစ်ချောင်း ကျိုးရပေမည်။
ယဲ့ဖန်သည် ထိုလူအတွက် သနားစိတ် တစ်စက်လေးမျှ မရှိပေ။
အကယ်၍ ယဲ့ဖန်နေရာ၌ အခြားသူတစ်ဦးဖြစ်နေခဲ့ပါက ထိုလိမ်စားသူသည် တစ်ဖက်သူအား မွဲပြာကျစေသည်အထိ ညစ်ဆော့မှာဖြစ်သည်။
သူကိုယ်တိုင်သည် အစွမ်းအစမရှိဘဲ အခြားလူများကို ဒုက္ခပေးချင်နေသေးသည်။
သူနှင့် ထိုက်တန်သည်ဟု ပြောနိုင်လေသည်။
ထိုကိစ္စကို သူ ဂရုမစိုက်တော့ချေ။
အဲ့ဒီအစား သူသည် စားပွဲပေါ်ရှိ တိုကင်ပြားများ အားလုံးကို ထုပ်ပိုးလိုက်တော့သည်။
စုစုပေါင်း ၆သိန်းမှ ၇သိန်းကြား ရှိသောကြောင့် ပတ်ဝန်းကျင်မှ လူများကို မနာလို ဖြစ်သွားစေခဲ့သည်။
" ညီလေး၊ မင်းက ဒီနေ့ တော်တော်လေး ကံကောင်းနေတာဆိုတော့ ငါတို့နဲ့ အံစာလာကစားပါလား "
" အံစာကစားတာ ဘာကောင်းလို့လဲ။ ဘာလို့ ငါတို့နဲ့ လာပြီး ပေါ်ကာ မကစားတာလဲ "
" ရွှေပန်းပွင့်ကစားရတာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ် "
" ငါတို့ မာဂျုံးကစားဖို့ လူလိုနေတာ ..... "
ယဲ့ဖန်သည် လုံမာ့ကျီအား ကံတရားကြောင့်အနိုင်ယူနိုင်ခဲ့သည်ဟု အားလုံးက ယူဆကြသောကြောင့် ယဲ့ဖန်အား အဆီပြည့်သော အသားတုံးကြီးအဖြစ် ဝါးချင်စားချင်နေကြသေးသည်။
သူတို့၏ စိတ်အားထက်သန်မှုကို ကြုံနေရသောကြောင့် ယဲ့ဖန်လည်း မငြင်းလိုက်တော့ချေ။
ယဲ့ဖန်သည် ချက်ချင်းပင် အန္တရာယ်ကင်းသော အပြုံးဖြင့် ပြုံးပေးလိုက်သည်။
" စိတ်မပူပါနဲ့၊ တစ်ယောက်ပြီးတစ်ယောက်ပေါ့ "
.........................................
လုံမာ့ကျီကို မြေအောက်ခန်းထဲသို့ ခေါ်သွားခံရသည်။
မြေအောက်ခန်းကြီးသည် စတုရန်းမီတာတစ်ရာကျော်ပတ်လည်ရှိပြီး ခမ်းနားလှပလျက် အဆင့်မှီစွာ အလှဆင်ထားသည်။
အပြင်မှ ညစ်ညမ်းသော လေထုနှင့် ကွာခြားလှသည်။
၎င်းသည်လည်း ကာစီနိုကြီးတစ်ခု ဖြစ်သော်လည်း ထိုနေရာ၌ လာရောက် လောင်းကစားလုပ်သူများမှာ အနည်းဆုံး ယွမ်သန်းချီ သုံးဖြုန်းကြလေသည်။
ထိုအပြင် ဤနေရာရှိ လောင်းကစားမှာ အထူးတလည် ကြီးမားသည်။
တစ်ချီတည်းဖြင့် သန်းဆယ်ချီ ရှုံးနိုင်သကဲ့သို့ နိုင်လည်း နိုင်နိုင်သည်မှာ ပုံမှန်ဖြစ်သည်။
ထိုလူအားလုံးသည် ဤကဲ့သို့ အခြေအနေမျိုးကို ကြုံဖူးကြလေသည်။
ထို့ကြောင့် လုံမာ့ကျီအား ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲခေါ်လာခံရသည်ကို တွေ့သောအခါ တွေ့ကြသော်လည်း ဘယ်သူကမျှ အရေးတယူ မလုပ်ကြပေ။
အချို့မှာ လှည့်၍ပင် မကြည့်ချေ။
လိုမာ့ကျီအား ရုံးခန်းတစ်ခုထဲသို့ ဆွဲခေါ်ခံရပြီးနောက် မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ချခံလိုက်ရသည်။
ထိုအချိန် ရုံးခန်းထဲ၌ လူနှစ်ယောက် ထိုင်နေလေသည်။
ယောက်ျားကြီးတစ်ယောက်မှာ ခပ်ဝဝမျက်နှာ၊ နားရွက်ကားကားနှင့် လက်မောင်းပေါ်တွင် အစိမ်းရောင်နဂါး တတ်တူးတစ်ခုရှိပြီး လုံမာ့ကျီကို တစ်ချက်ကြည့်လိုက်ကာ သူ၏ လက်အောက်ငယ်သားနှစ်ယောက်ကို ကြည့်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲ "
လက်အောက်ငယ်သားနှစ်ယောက်သည် ဖြစ်စဉ်ကို ထိုလူအား ချက်ချင်း အသေးစိတ်ရှင်းပြလေသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် လမ်းလျှောက်လာပြီး လုံမာ့ကျီ၏ ဆံပင်ကို ဆွဲဆောင့်ချလိုက်၏။
" မင်း ငါ့နေရာကို လာပြီး လိမ်ရဲတယ်လား။ မင်းက စောက်ရမ်း သတ္တိကောင်းနေတာပဲ "
လုံမာ့ကျီသည် သေလုမျောပါး ဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့် အလျင်အမြန် တောင်းပန်လေသည်။
" အစ်ကိုဖေး၊ ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ .......... "
'အစ်ကိုဖေး'ဟုခေါ်သော အမျိုးသားသည် ခေါင်းကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး လုံမာ့ကျီအား ထိလိုက်သော လက်ကို သုတ်ရန် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။
" ငါ မင်းကို တကယ် အခွင့်အရေးပေးချင်ပေမယ့် မင်းက အခွင့်အရေးပေးခွင့် မပေးဘူးလေ "
ထိုသို့ပြောပြီးနောက် လက်အောက်ငယ်သားနှစ်ယောက်ကို လက်ယမ်းပြလိုက်သည်။
" သူက ဘယ်ဘက်လက်နဲ့ ညစ်ဆော့တာလဲ။ အဲ့လက်ကို ခုတ်ထစ်ပြီး ခွေးစာကျွေးလိုက် "
လုံမာ့ကျီသည် ချက်ချင်းပင် ဆွဲထုတ်ခံလိုက်ရပြီး သူ၏ အော်သံကို လမ်းတစ်လျှောက်တွင် ကြားနေရသည်။
ထိုအခိုက်အတန့်၌ လက်အောက်ငယ်သားတစ်ဦး ရောက်လာပြီး ထိုအစ်ကိုဖေးဆိုသူအား သတင်းပို့၏။
" အစ်ကိုဖေး၊ လုံမာ့ကျီနဲ့ လောင်းကစားလုပ်တဲ့သူက ယွမ်၃သိန်းကျော် နိုင်ထားပါတယ်။ အစ်ကိုကြီး၊ ကျွန်တော်တို့ကို လှုပ်ရှားစေချင်လား ......... "
အစ်ကိုဖေးသည် သူစကားပြောနေသည်အား လက်ဆန့်ထုတ်ပြီး ရပ်လိုက်သည်။
" အဲ့ဒီကလေးက လိမ်ဆော့ခဲ့သေးလား "
လက်အောက်ငယ်သားမှ ချက်ချင်း ခေါင်းယမ်းလိုက်သည်။
" ကျွန်တော်တို့ အခုထိတော့ ဘာမှ မတွေ့သေးပါဘူး "
အစ်ကိုဖေးဆိုသူမှ ထိုလက်အောက်ငယ်သားကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
" ဒါဆို သူကို ကစားခွင့်ပေးလိုက်လေ။ တစ်ယောက်ယောက်က ပိုက်ဆံရရင် ငြိမ်မနေနိုင်ဘူးလား။ မင်းတို့ နည်းနည်းလောက် ပိုပြီး အမျှော်အမြင်ရှိကြစမ်းပါ။ သူက ယွမ်၃သိန်းလောက်ပဲ ရခဲ့တာ မဟုတ်လား။ သူ ၃သန်းလောက် အနိုင်ရတဲ့အခါမှ မင်းငါ့ကို လာပြော "
ထိုလက်အောက်ငယ်သားမှ လျှင်မြန်စွာ ခေါင်းညိတ်ပြီး ထွက်သွားခဲ့သည်။
အစ်ကိုဖေးသည် ရုံးခန်းထဲသို့ ပြန်ပြီးလျှောက်လာကာ ရက်စက်သော မျက်နှာထားနှင့် ထိုင်နေသည့် နောက်ထပ် ယောက်ျားကြီးတစ်ယောက်ကို ခါးသက်စွာ ပြုံးပြလိုက်သည်။
" ဟူး၊ ဒီကောင်တွေ တစ်ယောက်မှ အသုံးမကျဘူး။ သူတို့က တစ်နေ့လုံး အသေးအဖွဲကိစ္စလေးတွေကိုတောင် လာပြီး အနှောင့်အယှက်ပေးသေးတယ် "
အကယ်၍ ယဲ့ဖန်သည် ဤနေရာတွင် ရှိနေပါက ထိုလူကို သေချာပေါက် မှတ်မိလောက်မည် ဖြစ်သည်။
သူသည် ချောင်ရှင်းဂိုဏ်းမှ ရှုပြောင်းဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်၌ ယဲ့ဖန် ရှေးဟောင်းမြို့တွင် ရှေးဟောင်းပစ္စည်းများ စုဆောင်းနေသည်ကို တွေ့ခဲ့သည်။
ရှုပြောင်းသည် သူ၏ ညည်းတွားချက်ကို ကြားသည့်အခါအခါ မတတ်နိုင်ဘဲ ရယ်မိခဲ့သည်။
" သာ့ဖေး၊ မင်း ဘဝကောင်းမှာ နေနေရပြီပဲ။ နေ့တိုင်း ဘာမှလုပ်စရာမလိုဘဲနဲ့ မင်းကိုပိုက်ဆံတွေပေးဖို့ လာတဲ့သူတွေ အများကြီးရှိတယ်။ မင်း ဘာတွေ မကျေနပ်နေတာလဲ "
သာ့ဖေး ချက်ချင်း မျက်နှာသာလုပ်ရန် ကပ်လာသည်။
" ဒါတွေအားလုံးက အစ်ကိုပြောင်းရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့်ပဲ မဟုတ်ဘူးလား။ အစ်ကိုပြောင်းဆိုတာသာ မရှိရင် ကျွန်တော် သာ့ဖေးက ဒီနေ့ ဒီနေရာမှာ ရပ်တည်နိုင်ပါ့မလား "
ရှုပြောင်း သူ့မျက်နှာကို ပုတ်လိုက်သည်။
" မင်းသိတတ်တာ ကောင်းပါတယ်။ အစ်ကိုဟူခိုင်းတာကို မင်း လုပ်နေသရွေ့ မင်း အနာဂတ်မှာ အကျိုးခံစားခွင့်တွေ ရနေမှာပဲ "
သာ့ဖေးသည် ရှုပြောင်းမှ ထိုကိစ္စအား ပြောသည်ကို ကြားလိုက်သောအခါ ချက်ချင်းပင် အနည်းငယ် ကြောင်အသွားသလို ခံစားလိုက်ရသည်။
" အစ်ကိုဟူ ငွေခဝါချတာကို ကူညီတာက ကျွန်တော့်ရဲ့ မူလတာဝန်ဆိုပေမဲ့လည်း ပမာဏက များလွန်းနေတယ်။ ကျွန်တော် စိုးရိမ်တာက ....... "
ရှုပြောင်း၏ မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားသည်။
" အဓိပ္ပာယ်မရှိတာ။ အရေအတွက်မများရင် ငါ ဘာလို့ မင်းဆီလာရမှာလဲ။ မင်း မလုပ်နိုင်ဘူးလို့ ပြောချင်နေတာလား "
သာ့ဖေး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" လုပ်တော့ လုပ်နိုင်ပေမယ့် နည်းနည်းတော့ ကြာနိုင်ပါတယ် "
ထိုမှသာ ရှုပြောင်း ပြန်ပြုံးနိုင်တော့သည်။
" သာ့ဖေး၊ အစ်ကိုဟူက ငါတို့ရဲ့ ညီအစ်ကိုတွေကို ကမ်းခြေ ခေါ်သွားချင်နေတာ။ ငါတို့ညီအစ်ကိုတွေ ဒီလို ညစ်ပတ်တဲ့စီးပွားရေးကိုပဲ သူတို့တစ်သက်လုံး မလုပ်နိုင်ဘူးလေ ဟုတ်တယ်မလား "
သာ့ဖေး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
ဤကဲ့သို့ အကောင်ကြီးမျိုးကို ရင်ဆိုင်သည့်အခါ သတိထားရပေမည်။
မဟုတ်ရင် ကာစီနိုကို ရေရှည်ဖွင့်နိုင်မည်မှာ မသေချာနိုင်တော့ပေ။
သူတို့နှစ်ယောက် စီးပွားရေးအကြောင်းအား ဆက်မပြောဖြစ်ကြတော့ချေ။
ရေနွေးကြမ်းသောက်ပြီး ပေါ့ပေါ့ပါးပါး စကားပြောကြသည်။
ခဏအကြာတွင် လက်အောက်ငယ်သားက ရုတ်တရက် ပြန်လာသည်။
" အစ်ကိုဖေး၊ မကောင်း ..... မကောင်းတော့ဘူး ..... "
သာ့ဖေး သူ့ကို စိတ်မချမ်းမသာဖြင့် ကြည့်လိုက်သည်။
" မင်းကမှ မကောင်းတဲ့သူပဲ။ ငါ မင်းကို ဘယ်နှစ်ခါ သင်ပေးရမှာလဲ။ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ရဖို့ဆိုရင် ဒေါသကို ထိန်းထားနိုင်ရမယ်။ ဒီလိုမျိုးသာဆို မင်းက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်နိုင်ပါတော့မလား "
လက်အောက်ငယ်သားသည် ချက်ချင်းပင် ငြိမ်သက်သွားပြီး စကားမပြောရဲတော့ဘဲ ခေါင်းငုံ့လိုက်သည်။
သာ့ဖေး အနည်းငယ် စိတ်ဆိုးသွားသည်။
" ပြောစရာရှိရင် ပြော "
ထို့နောက် အောက်လက်ငယ်သားမှ ဆက်ပြောသည်။
" အဲ့ဒီကောင်လေးက ၃သန်း နိုင်သွားပါပြီ "
" ဖူး ...... "
အကြမ်းရည်သောက်နေသော သာ့ဖေးသည် တံတွေးထွေးကာ မတ်တပ်ထရပ်လိုက်မိသည်။
" မင်း ဘာပြောလိုက်တယ်။ သူက ၃သန်း နိုင်သွားပြီလား "
ရှုပြောင်းမှ အမြန်ပြောလိုက်သည်။
" သာ့ဖေး၊ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်နိုင်သူတွေက အေးဆေးနေရမယ် "
သာ့ဖေး လှည့်ကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
တစ်ဖက်သား၏ သရုပ်မှန်အား ကြောက်ရွံ့မနေပါက သူ တကယ်ပင် ဆဲလိုက်ချင်သည်။
အချိန်အခါလည်း ကြည့်လေ။ အေးအေးဆေးဆေး နေနိုင်ပါ့မလား။
အမှန်တွင် သူ ရရှိထားသော ငွေများသည် ဤမြေအောက်ကာစီနိုမှသာ ဖြစ်သည်။
အပြင်ဘက်မှ ကာစီနိုနေရာသည် အဓိကအားဖြင့် မြေအောက်ကာစီနိုကို ဖုံးကွယ်ရန် ရည်ရွယ်ထားသောကြောင့် အလွန်အကျွံ အာရုံမစိုက်စေချင်ပေ။
သို့သော် အခုအခါ ထိုကလေးသည် တစ်ချီတည်းဖြင့် ၃သန်းကျော် အနိုင်ရသွားသည့်အတွက် သူ့၏ 'ရုပ်ဖျက်ထားသောကာစီနို'ကို ဖြိုဖျက်ပစ်တော့မှာ ဖြစ်သည်။
ထို့ကြောင့် သူ ဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်တော့ချေ။
" မြန်မြန်လုပ်လေ၊ ငါ့ကို အဲ့ဒီကို ခေါ်သွား "
သာ့ဖေး ငြိမ်ပြီး ထိုင်မနေနိုင်တော့ဘဲ အမြန်ထွက်လာခဲ့ရသည်။
ရှုပြောင်းသည် ပြပွဲအား ကြည့်ရန်ပင် အလွန်ပျင်းရိနေသော ပုံစံဖြင့် ပြုံးလိုက်သည်။
ထို့နောက် တစ်ယောက်တည်း ဆက်ထိုင်နေပြီး အကြမ်းရည်ကို ဆက်သောက်နေလေသည်။
" ဟားဟားဟား၊ မင်းက ဒီလို စိတ်ခွန်အား သေးသေးလေးတွေနဲ့ ကြီးကျယ်ခမ်းနားတာတွေကို လုပ်ချင်သေးတာလား "
အပိုင်း ( ၇၆၂ )
သူ့အရည်အချင်းနဲ့သူ နိုင်ထားတာ၊ ဘာလို့ ပြန်ပေးရမှာလဲ
ယဲ့ဖန်သည် တကယ်ပင် အပြတ်ကြမ်းနေပြီဖြစ်သည်။
သူ့အား 'အဆီဖြိုးနေသော အသားတုံးကြီး'ဟု ထင်ထားသော သူများမှာ တကယ့် အဆီဖြိုးနေသော အသားတုံးကြီးများ ဖြစ်သွားရသည်။
ယဲ့ဖန်သည် သိုးငယ်လေးလို ဟန်ဆောင်ပြီး ကျားကြီးအသွင်ပြောင်းကာ အကုန်လုံးအား ဝါးမြိုသွားမည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြချေ။
ဤကာစီနိုအသေးလေး၏ လောင်းကြေးသည် မကြီးလွန်းပေ။
လောင်းကြေးအားလုံး ပေါင်းလျှင်မှ ၃သန်းမျှသာရှိပြီး အားလုံးကို ယဲ့ဖန်ကပဲ သိမ်းကြုံးယူသွားလေသည်။
ထိုအချိန်တွင် လောင်းကစားသမားများမှာ စိတ်လွတ်စွာဖြင့် ရပ်နေကြပြီး ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည်မှာတော့ လောင်းကစားဝိုင်းတွင် ထိုင်ကာ သူတို့ အနိုင်ရရှိထားသည့် တိုကင်ပြားများကို ရေတွက်နေကြသည်။
လောင်းကစားသမားများမှ ငိုတော့မတတ် ဖြစ်နေသည်။
ဒါတွေအားလုံးသည် သူတို့၏ ပိုက်ဆံအားလုံး ဖြစ်သည်။
" ဟားဟားဟား၊ ပိုက်ဆံအများကြီးပဲ။ ငါ ချမ်းသာပြီ ....... "
ကျူးရှောင်ကျောင်းမှာ ရယ်မောနေသော်လည်း သူတို့ နားထဲတွင်တော့ အလွန်စိတ်ရှုပ်စရာကောင်းလေသည်။
ယဲ့ဖန် သူတို့ကို မော့ကြည့်လိုက်သည်။
" ခင်ဗျားတို့ ကစားကြဦးမှာလား။ မကစားတော့ရင် ထွက်သွားတော့မယ် "
သူတို့ထဲမှ ဒေါသကြီးသူအချို့သည် ကျယ်လောင်စွာ ဆဲဆိုကြတော့သည်။
ပိုက်ဆံတွေက မင်းတို့နှစ်ယောက် အကုန်နိုင်ပြီးပြီလေ၊ ကစားတော့ ဘာထူးဦးမှာလဲ။
ယဲ့ဖန် ထပ်မေးလိုက်သော်လည်း မည်သူမျှ မဖြေကြ၍ ကျူးရှောင်ကျောင်းအား တိုကင်ပြားများသိမ်း၍ ထွက်သွားရန် ချက်ချင်း ပြောလိုက်သည်။
ကျူးရှောင်ကျောင်း အသံတိုးတိုးဖြင့် အမြန်မေးလိုက်သည်။
" ငါတို့ နည်းနည်းပဲ နိုင်သေးတာကို ဒီအတိုင်း ထွက်သွားတော့မှာလား "
ယဲ့ဖန် ယုံကြည်မှုရှိသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။
" မြွေတစ်ကောင်ကို တွင်းထဲကနေ ထွက်လာအောင် မြှူရတာ ဘာအဓိပ္ပာယ်လဲ သိလား "
သူတို့နှစ်ယောက် ဘာမှ ထပ်မပြောတော့ဘဲ တိုကင်ပြားများ ကိုင်ကာ ဧည့်ကောင်တာစားပွဲဆီသို့ ချက်ချင်း လျှောက်သွားကြသည်။
ထိုအခိုက်တွင် ကာစီနိုမှ လူအနည်းငယ်သည် ခပ်ဝဝယောက်ျားတစ်ဦး အနောက်မှ အမြန်လျှောက်လာနေသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုအုပ်စုထဲမှ တစ်ယောက်သည် ယဲ့ဖန်အား လက်ညှိုးထိုးပြပြီး ထိုလူ၏ နားထဲသို့ တစ်စုံတစ်ခုအား တီးတိုးကပ်ပြောနေသည်။
ထိုလူသည် အရင်ဆုံး ယဲ့ဖန်အား ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးနောက်မှ အတင်းပြုံးပြလိုက်သည်။
" ဟားဟားဟား၊ ငါ့ရဲ့ ကာစီနိုမှာ လောင်းကစားသမားတွေရဲ့ နတ်ဘုရား ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါက ဒီကာစီနိုရဲ့ သူဌေးပါ။ နာမည်က ချိန်ကျန်းဖေးပါ။ လူတိုင်းက ငါ့ကို အစ်ကိုဖေးလို့ ခေါ်ကြတယ် "
ယဲ့ဖန် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" မင်္ဂလာပါ အစ်ကိုဖေး၊ ဘာကိစ္စရှိလို့လဲ "
ချိန်ကျန်းဖေးက တောင်းပန်စွာ ပြုံးလိုက်သည်။
" ညီလေး၊ မင်းရဲ့ အရည်အချင်းနဲ့ဆို မင်းက စီးပွားရေး အကြီးကြီး လုပ်နေတဲ့သူလို့ ငါ ထင်တယ်။ ဒီနေ့ မင်းက ဒီကိုလာပြီး လူတိုင်းကို ဟာသလုပ်နေတာမလား။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ့ကို မျက်နှာသာလေးပေးပြီး ပိုက်ဆံတွေပြန်ပေးလိုက် "
ယဲ့ဖန် သူ့စကားကို ကြားပြီး ချက်ချင်း ဟက်ခနဲ လှောင်ရယ်လိုက်သည်။
" ကိုယ့်အစွမ်းအစနဲ့ကိုယ် အနိုင်ရထားတာကို ဘာလို့ ပြန်ပေးရမှာလဲ "
ချိန်ကျန်းဖေးသည် ထိုကလေးမှ သူ့အား ငြင်းဆန်မည်ဟု မမျှော်လင့်ထားချေ။
သူ့အမူအရာမှာ ချက်ချင်း တင်းမာသွားသည်။
" ညီလေး၊ ဒီငွေက မင်းအတွက် ဘာမှမရှိပါဘူး။ ဒါပေမယ့် သူတို့အတွက်တော့ ပိုင်ဆိုင်မှုအားလုံး ဖြစ်နိုင်တယ်။ ငါတွေးတာကတော့ ....... "
ယဲ့ဖန် သူ့ကို တုံ့ဆိုင်းခြင်းမရှိ တားလိုက်သည်။
" တွေးတာလား။ ကျွန်တော်ကတော့ ခင်ဗျားကို မတွေးစေချင်ဘူး၊ ကိုယ့်ဟာကိုယ်ဘဲ တွေးချင်တယ်။ အားလုံးက လာကစားတာဆို စည်းကမ်းတွေကို လိုက်နာသင့်တယ် မဟုတ်လား။ ခင်ဗျားကလည်း ကာစီနိုသူဌေးဖြစ်ပြီး ဦးဆောင် စည်းကမ်းဖောက်နေလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်က နိုင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့ တောင်းဆိုနိုင်တာလဲ "
ချိန်ကျန်းဖေးသည် အရှက်တကွဲ ဒေါသတကြီးဖြင့် စကားမပြောနိုင် ဖြစ်သွားသည်။
" ဒီမှာကောင်လေး၊ မင်း ဒီကို ဒုက္ခလာပေးနေတာလား "
သန်းရာနှင့်ချီ တန်ဖိုးရှိသော စူပါကားတစ်စီးကိုပင် ထိုကောင်လေးက မောင်းသည်ဟု သူ၏ လက်အောက်ငယ်သားထံမှ ကြားသိရသည်။
သူသည် လောင်းကစားငွေ သန်းချီလောက်ကို သူ ဂရုမစိုက်လောက်သည်မှာ သေချာလေသည်။
ထိုကောင်လေးမှာ တခြားစိတ်ရှိနေသည်ဟု ဆိုလိုနေသည်။
ယဲ့ဖန်သည် ထိုလူအပေါ်တွင် လေကုန်ခံပြောရမည်ကိုပင် ပျင်းလွန်းလှလေသည်။
ထို့နောက် သူ၏ ရည်ရွယ်ချက်ကို တန်းပြောလိုက်သည်။
" ပြောရရင် ကျွန်တော် ဂိမ်းအကြီးကြီးတွေ ကစားချင်တယ်။ ချိန်သူဌေးက စွမ်းဆောင်နိုင်မယ်ဆိုရင် သူတို့ရဲ့ ပိုက်ဆံတွေ ပြန်ရနိုင်အောင် ကူညီပေးနိုင်တယ် "
ချိန်ကျန်းဖေးသည် ယဲ့ဖန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ပြုံးပြလိုက်သည်။
" ဟားဟား၊ ညီလေးက ဒါလိုချင်တာလား။ စောစောက ပြောမှပေါ့။ ဘာလို့ အားထုတ် ဖြုန်းတီးနေတာလဲ။ ဂိမ်းအကြီးကြီးတွေကို ကစားချင်တာလား။ မင်းကို ငါ ကိုယ်တိုင် လိုက်ပို့ပေးမယ် "
ထိုသို့ဖြင့် သူ ချက်ချင်း မြေအောက်ခန်းကို ဦးဆောင်သွားပေးသည်။
တစ်ချိန်တည်းမှာပင် သူသည် ယဲ့ဖန်တို့ကို စိတ်ထဲမှ အေးစက်စွာ လှောင်ရယ်မောလိုက်သည်။
ဒီကလေးက အပြင်မှာ နည်းနည်းလောက် အနိုင်ရတာနဲ့ သူ့ကိုယ်သူ လောင်းကစားနတ်ဘုရားလို့ တကယ်ကြီး ထင်နေတာလား။
အထဲကလူတွေက အပြင်ကလူတွေလို အဖြစ်မရှိတဲ့သူတွေ မဟုတ်ဘူး။
ထိုလူအားလုံးသည် အရိုးပါမကျန် ဝါးမြိုကြမည့်သူများ ဖြစ်သည်။
မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါက ဖြည့်ဆည်းပေးမယ်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် သူ့နောက်မှလိုက်၍ မြေအောက်ခန်းထဲသို့ လိုက်သွားကြသည်။
" အင်း၊ ဒီနေရာက ငွေအများကြီးရှာနိုင်တဲ့ နေရာတစ်ခုလိုပဲ "
ကျူးရှောင်ကျောင်းသည် အတွင်းပိုင်းရှိ ဇိမ်ခံအလှဆင်ထားမှုများကို သဘောကျသွားသည်။
လောင်းကစားဝိုင်းရှိ လူများသည် သူတို့နှစ်ဦးကို ခဏ လှည့်ကြည့်ပြီးနောက် ဝိုင်းဆီသို့ အလျင်အမြန် အာရုံပြန်စိုက်လိုက်ကြသည်။
ချိန်ကျန်းဖေးသည် မန်နေဂျာဟု ထင်ရသောသူတစ်ယောက်ကို လက်ဝှေ့ယမ်းပြသည်။
ထိုလူက လျင်မြန်စွာ လျှောက်လာပြီး ရိုသေစွာ အော်နှုတ်ဆက်လိုက်သည်။
" အစ်ကိုဖေး "
" အာ့ဆန်း၊ ဒီထူးခြားတဲ့ ဂုဏ်သရေရှိဧည့်သည်တော်နှစ်ယောက်ကို ဂရုစိုက်ပေးလိုက်ပါဦး "
ချိန်ကျန်းဖေးသည် စကားပြောနေရင်း သူ့အား မျက်လုံးမှိတ်ပြရင်း လိုက်သည်။
'အာ့ဆန်း'ဟု ခေါ်သောသူမှာ ချက်ချင်း နားလည်သွားသည်။
ထိုအချက်ပြမှုသည် ဤအသားတုံးကြီးကို အပိုင်းပိုင်းတုံးလိုက်ဟု ပြောနေသယောင်ဖြစ်သည်။
ချိန်ကျန်းဖေးသည် သဘောတူညီမှုများ ပြုလုပ်ပြီးနောက် လှည့်ပြီး ယဲ့ဖန်တို့ကို ပြုံးပြလေသည်။
" မင်းတစ်ခုခုလိုရင် အာ့ဆန်းကိုပြောလိုက်။ ဟိုမှာအရေးကြီးဧည့်သည်တွေရှိလို့ ငါ အရင်သွားလိုက်ဦးမယ် "
ထို့နောက် လှည့်ထွက်သွားလေသည်။
အာ့ဆန်းမှ သူတို့ကို ချက်ချင်း ရိုသေစွာ နှုတ်ဆက်လိုက်သည်။
" လူကြီးမင်း၊ မိန်းကလေး၊ ဘယ်ကစားနည်း ကစားချင်ကြပါသလဲ "
ယဲ့ဖန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ပေါ့ပါးစွာ မေးလိုက်သည်။
" ဘယ်ဟာက ပိုမြန်လဲ "
အာ့ဆန်းက ချက်ချင်း တလေးတစား ပြန်ဖြေသည်။
" ပိုက်ဆံအမြန်လိုချင်ရင် ဂဏန်းအသေးအကြီး ကစားသင့်ပါတယ်။ လူတိုင်းကို ကတ်တစ်ကတ်ပေးထားပြီး ဂဏန်းအကြီးဆုံး အမှတ်အများဆုံးရတဲ့သူက အနိုင်ရမှာပါ။ မြန်ရင် ဆယ်စက္ကန့်အတွင်း တစ်ကျော့ကစားနိုင်ပါတယ် "
ယဲ့ဖန် ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
" ကောင်းပြီ ဒါဆို ဂဏန်းအကြီးအသေး ကစားကြတာပေါ့ "
အာ့ဆန်းသည် သူတို့နှစ်ယောက်အား ဂဏန်းအသေးအကြီးကစားသည့် စားပွဲဆီသို့ချက်ချင်း ခေါ်သွားသည်။
ဤဂိမ်းသည် အလွန်ရိုးရှင်းပြီး ကြမ်းတမ်းသောကြောင့် အခြေခံအားဖြင့် ကံကောင်းခြင်းနှင့် ရဲစွမ်းသတ္တိကို လောင်းကြေးတင်ရသည့် ကစားပွဲတစ်မျိုးဖြစ်သည်။
ကာစီနိုအား လာသည့်အသစ်များအတွက် အလွန်သင့်လျော်လေသည်။
ထိုအချိန်တွင် စားပွဲ၌ လူခုနစ်ယောက်၊ ရှစ်ယောက် ထိုင်နေကြသည်။
သူတို့အားလုံး၏ ပုံစံမှာ အတော်ကြည့်လေး ဂုဏ်သရေရှိပုံရသည်။
သူတို့သည် လောင်းကစားရုံအား အခုမှ ရောက်ဖူးသည်မှာ သိသာလေသည်။
ယဲ့ဖန် ထိုင်သည့်အခါ သူတို့ဝိုင်းမှာ တစ်ချီ ပြီးသွားခါစဖြစ်သည်။
ကတ်ဝေသည့် ကိုယ်စားလှယ်မှ ကတ်တွေကို ပြန်ဝေပေးလေသည်။
သူတို့ နှစ်ယောက်လည်း ကတ်တစ်ကတ်စီ ရသည်။
ယဲ့ဖန်တွင် စနစ်မှ နက်နဲသော စကန်ဖတ် စစ်ဆေးနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဤဂိမ်းကို ကစားရခြင်းမှာ လှည့်စားနေသလိုပင် ဖြစ်သည်။
အထူးသဖြင့် သူတို့လို အသစ်ကလေးများနှင့် ရင်ဆိုင်ရသည့်အခါ အသီးအရွက်တွေလှီးဖြတ်ရသလို လွယ်ကူလှသည်။
မိနစ်အနည်းငယ်အတွင်းတွင် စားပွဲဝိုင်းရှိ လူများအားလုံးကို အနိုင်ယူခဲ့သည်။
သူ့ရှေ့တွင် တိုကင်ပြား ထောင်ပေါင်းများစွာ ရှိနေသည်။
သို့သော် သူ ကစားပွဲအလျင်ကို အလွန်မကျေမနပ် ဖြစ်နေသည်။
" ငတုံးတွေကို အနိုင်ကျင့်ရတာ ပျင်းဖို့ကောင်းတယ်။ ကျွမ်းကျင်တဲ့သူတွေ မရှိဘူးလား။ ဂိမ်းအကြီးကြီးတွေ ကစားလို့ရမလား "
စားပွဲဝိုင်းရှိ လူများ၏ အမူအရာများမှာ အကျည်းတန်သွားရသည်။
ပိုက်ဆံဆုံးရှုံးတာတောင် စိတ်ပျက်စရာဖြစ်နေပြီကို အခု သူတို့ကို အထင်ပါသေးနေတာလား။
ဒီအခြေအနေသည် ရိုးရှင်းစွာဖြင့်ပင် ပေါ်ထင်သော အရှက်ကွဲမှုကြီးတစ်ခုဖြစ်သည်။
ယဲ့ဖန်၏ စကားများသည် အခြားစားပွဲရှိ လူများကို အမုန်းပွားစေခဲ့သည်။
" ဘယ်သူက ဒီလောက်တောင် မာနကြီးနေတာလဲ။ ငါနဲ့ ကြုံခွင့်ပေးစမ်းပါ "
" ဒီလောက် မာနကြီးတဲ့လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ငါ မင်းနဲ့ နှစ်ခါလောက် ကစားပေးရမလား "
" ငါလည်း ကစားမယ် "
ယဲ့ဖန်သည် သူ၏ ပိုက်ကွန်ကြီးကို ပစ်ပြီးချိန်တွင် 'ငါးကြီး' အနည်းငယ် ပေါ်လာလေသည်။
ထိုလူများသည် တိုကင်ပြားဗန်းကြီးတစ်ချပ်နှင့် ရောက်လာကြသည်။
ထိုစားပွဲရှိ 'ငတုံး'အနည်းစုသည် သူတို့အတွက် လိမ္မာပါးနပ်စွာ လမ်းပြပေးလိုက်ကြသည်။
" ကောင်လေး၊ ငါတို့ ဘယ်လိုကစားကြမလဲ "
မေးစေ့တွင် မှဲ့နှင့် ဆံပင်စုတ်ဖွားရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ယဲ့ဖန်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
" ဟားဟား၊ ငါနဲ့ ကစားချင်တာလား။ မင်း ပိုက်ဆံမတတ်နိုင်မှာကိုတောင် စိုးရိမ်ရတယ် "
ယဲ့ဖန် တိုက်ရိုက်မဖြေဘဲ ဆက်ပြီး ပုခုံးတွန့်ပြသည်။
ထိုလူက ချက်ချင်းပင် စားပွဲကို ရိုက်ချလိုက်သည်။
" မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ။ ဘယ်လိုကစားချင်လဲ ပြောလိုက်။ ဒီနေ့ မင်းကို အဆုံးထိ တိုက်ပြမယ်။ ပထမဆုံး အရှုံးကို ဝန်ခံရတဲ့သူက နိုင်တဲ့သူရဲ့မြေးပဲ "
အပိုင်း ( ၇၆၃ )
သူ ဆက်မလောင်းနိုင်တော့ရင် ငါ့ကို ခေါ်လိုက်။
ယဲ့ဖန်သည် ထိုအခြေအနေကို စောင့်ပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ဒါဆို ကျွန်တော်တို့ လောင်းကြေးကြီးကြီးနဲ့ အချီနည်းနည်းလောက် ကစားကြမယ်။ လောင်းကြေးတစ်ခုတိုင်းက ၁ သန်းထက် မနည်းရဘူး၊ လောင်းရဲလား "
" ဟား ........ "
ထိုစကားကို ပြောပြီးသည်နှင့် အားလုံးက အေးစက်သောလေကို ရှုရှိုက်လိုက်ကြသည်။
ဤမြေအောက်ကာစီနိုသည် ကြီးမားသော်လည်း လောင်းကြေးတစ်ခုစီတိုင်းသည် ၁သန်းထက် နည်းသောကြောင့် ယဲ့ဖန်ပြောသော လောင်းကြေးမှာ အနည်းငယ် ကြောက်စရာကောင်းလေသည်။
ဆံပင်စုတ်ဖွားဖြင့်လူပင် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
" ဒါက အရမ်းများလွန်းတယ် မဟုတ်ဘူးလား "
ယဲ့ဖန် သူ့ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
" ဟဲဟဲ၊ ခင်ဗျားတို့ မကစားရဲရင် သွားလိုက်တော့။ ဒါက အချိန်ဖြုန်းနေတာပဲ "
ထို 'ဆံပင်စုတ်ဖွား'သည် ထပ်ပြီး စိတ်ရှုပ်သွားသည်။
" ကောင်းပြီ၊ ငါ မင်းနဲ့ ကစားမယ်။ မင်းဘယ်လောက်ကြာကြာ ခေါင်းမာနိုင်မလဲဆိုတာ ကြည့်တာပေါ့ "
သူသည် ပြောပြီးသည်နှင့် ကတ်ကိုယ်စားလှယ်ကို အော်လိုက်လေ၏။
" ဘာကို စောင့်နေတာလဲ။ ကတ်တွေကို ဝေတော့ "
စားပွဲဝိုင်းမှ ကတ်ကိုယ်စားလှယ်သည် ထိတ်လန့်သွားပြီး ကတ်များကို အလျင်အမြန် မွှေကာ တစ်ယောက်ချင်းစီကို ကတ်တစ်ကတ်စီ ဝေပေးလိုက်သည်။
ယဲ့ဖန်သည် သူ့ကတ်ကို စားပွဲပေါ်မှပင် မယူချေ။
သူ၏ ကတ်မှာ 10♣️ ရှိသည်ဆိုကြောင်း သူ သိပြီးသားဖြစ်သည်။
ယဲ့ဖန် ဆံပင်စုတ်ဖွားကို တစ်ချက် ထပ်ကြည့်လိုက်ပြန်သည်။
ထိုလူ၏ လက်ထဲတွင် 9♦️ကို ကိုင်ထားပြီး သူ့ထက် အနည်းငယ်နိမ့်သောကတ် ဖြစ်လေသည်။
သို့သော် အချို့သူများသည် Qနှင့် Kကတ်များကို ရရှိထားကြသည်။
ပြိုင်ပွဲစည်းမျဉ်းအရ Aသည် အငယ်ဆုံးကတ်ဖြစ်ပြီး Kသည် အကြီးဆုံးကတ်ဖြစ်သည်။
Kကတ်အား ရနိုင်သော်လည်း ရနိုင်သည့် ဖြစ်နိုင်ချေမှာ အလွန်နည်းလေသည်။
ယဲ့ဖန် ဘာမှ မပြောချေ။
သူသည် တိုကင်ပြား ၁သန်းဖိုးကို တန်းပြီး လောင်းကြေးထုတ်ခဲ့သည်။
စားပွဲရှိ အခြားလူများသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ကတ်များကို တစ်ယောက်ပြီးတစ်ယောက် ပစ်ချကာ လက်ရှောင်လိုက်ကြသည်။
Qကတ် ရထားသည့်သူများပင် ကတ်များကို ပစ်ချကြ၏။
လောင်းကြေးလိုက်ချင်လျှင် အနည်းဆုံး ၁ သန်း လောင်းကြေးတင်ရမည်။
လူတိုင်း၌ ထိုမျှပိုက်ဆံအများကြီးအား ပုံအောရန် သတ္တိမရှိကြချေ။
K ကတ်ရှိသူသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် လောင်းကြေး ၁ သန်းကို လက်ခံလိုက်သည်။
ဒီတစ်ခါ ဆံပင်စုတ်ဖွားအလှည့် ဖြစ်သည်။
သူ့လက်ထဲတွင် 9 သာရှိပြီး တိုက်ခိုက်ဖို့ လုံးဝ ခွန်အားမရှိချေ။
ထို့ကြောင့် သူ့ကတ်ကို လွှင့်ပစ်လိုက်တော့မည် ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် သူ့အား အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုတင်သာမက သူသည် ကျူးရှောင်ကျောင်း၏ နားနားလေးသို့ တမင်တကာ ကပ်၍ တစ်စုံတစ်ခုကို ပြောနေလေသည်။
ကျူးရှောင်ကျောင်းသည် ဆံပင်စုတ်ဖွားကိုကြည့်ပြီး ပါးစပ်ကို အုပ်ပြီး ရယ်လိုက်၏။
ဆံပင်စုတ်ဖွား၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ယောက်ျားဆန်သည့်စိတ်မှာ အမှတ် ၁သောင်းလောက် လျော့ကျသွားသည်။
ငယ်စဉ်ကတည်းက ရုပ်ဆိုးခဲ့၍ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လှောင်ပြောင်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် သူသည် သူ၏ ဝမ်းနည်းမှုနှင့် ဒေါသကို ခွန်အားအဖြစ်သို့ ပြောင်းလဲကာ အလွန်ကြိုးစားငွေရှာခဲ့သည်။
သူသည် လက်ရှိတွင် အလွန်ချမ်းသာနေပြီ ဖြစ်သော်လည်း သိမ်ငယ်စိတ်က ရှိနေသေးသည်။
အထူးသဖြင့် ယခုအခါ အလွန်လှပသော ကောင်မလေးမှ လှောင်ပြောင်ခံရ၍ သူ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
" ငါ လောင်းကြေးလိုက်မယ် "
သူသည် ချက်ချင်းပင် ၁သန်းတန် တိုကင်ပြားတွေကို ထုတ်လိုက်သည်။
ယဲ့ဖန်သည် သူ့ကတ်တွေကို မကြည့်ဘဲ နောက်ထပ် ၁သန်း ထပ်ထည့်လိုက်သည်။
" ဆက်လောင်းမယ် "
Kကတ် ရှိသည့်သူသည် ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ကတ်ကို လွှင့်ပစ်လိုက်တော့သည်။
ယဲ့ဖန်နှင့် ဆံပင်စုတ်ဖွားတို့နှစ်ယောက် မည်မျှ သန်မာသည်ကို မြင်လိုက်ရပြီး စိုးရိမ်သွားသည်။
ဒီတစ်ခါ ဆံပင်စုတ်ဖွား၏ အသံဖြစ်သည်။
သူသည် စိတ်ဆောင်ကာ ဒေါသထွက်နေသော်လည်း သူ၏ အခြေခံ ကျိုးကြောင်းချင့်ချိန်တတ်မှုသည် ပျောက်ကွယ်မသွားပေ။
သူ့စိတ်ထဲတွင် လျှို့ဝှက်စွာ တွက်ချက်နေသည်။
သူ့လက်ထဲမှ နံပါတ်9 ကတ်သည် ဂဏန်းကြီးသည်လည်း မဟုတ်၊ သေးသည်လည်း မဟုတ်သောကြောင့် အနိုင်ရဖို့ အခွင့်အရေးမရှိဘူးဟု မပြောနိုင်ချေ။
အထူးသဖြင့် လက်ရှိဂိမ်းတွင် သူတို့နှစ်ဦးသာ ကျန်နေခဲ့ပြီး ယဲ့ဖန်သည် သူ၏ကတ်ကို မကြည့်ရသေးပေ။
ထို့ကြောင့် သူ့တွင် အနိုင်ရရန် ဖြစ်နိုင်ချေ အခွင့်အရေး ပို၍ပင် များလေသည်။
ထိုအချက်များကို စဉ်းစားတွေးပြီးနောက် သူ၏ယုံကြည်ချက်မှာ ချက်ချင်း တိုးသွားသည်။
သူသည် ၂ သန်းဖိုး လောင်းကြေးတင်လိုက်သည်။
" ကောင်လေး၊ မင်းမှာ သတ္တိရှိရင် အဆုံးထိ လိုက်ကြည့်လိုက်။ ဘယ်သူက ရှုံးတာကို အရင် ဝန်ခံရမလဲဆိုတာ ကြည့်ရအောင် "
ယဲ့ဖန် ထိုင်ခုံကို လှဲမှီပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျူးရှောင်ကျောင်းကို ပြောလေသည်။
" ငါ တစ်ရေး အိပ်လိုက်ဦးမယ်။ နင် လောင်းချင်သလောက် လောင်းလိုက်။ သူ လောင်းကြေး မလိုက်နိုင်တော့ရင် ငါ့ကိုခေါ် "
ထိုသို့ ပြောပြီးနောက် သူသည် စားပွဲကို အမှန်တကယ်ပင် လျစ်လျူရှုလိုက်ကာ တစ်ရေးတစ်မော အိပ်နေလိုက်သည်။
ယဲ့ဖန်၏ အထက်စီးဆန်သောအကြည့်သည် ထို'ဆံပင်စုတ်ဖွား'ကို ပို၍ပင် ဒေါသဖြစ်စေပြီး ကတ်နဲ့ပြင် လည်လှီးသတ်ပစ်ချင်နေခဲ့သည်။
ကျူးရှောင်ကျောင်းသည် နားထောင်ပြီး ယွမ် ၂သန်းတန်ဖိုးရှိ တိုကင်ပြားများကို ချက်ချင်း ထုတ်လိုက်သည်။
ထိုဆံပင်စုတ်ဖွားသည် အမျိုးသမီးတစ်ယောက်နှင့် ရင်ဆိုင်နေရ၍ သူ မည်သို့သော အားနည်းချက်ကိုမျှ မပြသနိုင်ပေ။
ထို့ကြောင့် စကားတစ်ခွန်းမျှ မပြောဘဲ နောက်ထပ် ၂သန်းကို လောင်းကြေးအဖြစ် တွန်းထုတ်လိုက်သည်။
ကျူးရှောင်ကျောင်းသည် သူမ၏ လက်ထဲတွင် တိုကင်ပြားများ မရှိတော့ပေ။
သူမသည် အာ့ဆန်းကို ချက်ချင်း ခေါ်ပြီး တုကင်ပြား ၁၀သန်းဖိုး လဲလိုက်သည်။
ထိုအချိန်တွင် အခြားစားပွဲဝိုင်းများမှ လူများသည်လည်း လာကြည့်ကြသည်။
သူမ၏ လုပ်ရပ်ကို မြင်လိုက်ရကာ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူမ တကယ် အဆုံးအစွန်ထိ သွားတော့မှာလား။
ကျူးရှောင်ကျောင်းသည် သူမ လဲထားသော တိုကင်ပြားများကို ယူကာ နောက်ထပ် ၂သန်းကို လောင်းကြေးတင်လိုက်ပြန်သည်။
ထို့သို့ဖြင့် နှစ်ယောက်မှ လောင်းကြေးတစ်လှည့်စီတင်ရင်း အချိန်တဖြည်းဖြည်း ကုန်လာသည်။
လောင်းကစား စားပွဲပေါ်တွင် စုပုံထားသော တိုကင်ပြားများမှာ တောင်တန်းကြီးလို ကြီးမားလာသည်။
နှစ်ဖက်စလုံးသည် ၁၀သန်းကျော်ထိ လောင်းကြေးတင်ထားကြပြီးဖြစ်ရာ အလွန်တရာပင် ကြေးကြီးမားသော လောင်းကစားပွဲဟု ယူဆနိုင်သည်။
ဆံပင်စုတ်ဖွားသည် နဖူးတွင် ချွေးများစိုနေပြီ ဖြစ်သည်။
သူသည် ကာစီနိုသို့ မကြာခဏ ရောက်ဖူးသော်လည်း ဤမျှကြီးကျယ်သည့် ကစားပွဲမျိုး တစ်ခါမှ မကစားဖူးချေ။
ထိုအခိုက်အတန့်တွင် သူသည် အလွန်ထိတ်လန့်လာသည်ဟု ခံစားလိုက်ရသည်။
ကျူးရှောင်ကျောင်းသည် သူမ၏ တိုကင်ပြားများအား ဆက်ပြီး တွန်းထုတ်နေသည်ကို မြင်သောအခါ သူ ဆက်ပြီး တောင့်မခံနိုင်တော့ပေ။
သူ့လက်ထဲမှ နောက်ဆုံးတိုကင်ပြားများကို တွန်းထုတ်လိုက်သည်။
" ကတ်တွေကို ကြည့်မယ် "
ထိုစကားမှာ သူ့အားအင်များကို စုပ်ယူသွားပုံရသည်။
ထိုစကားကို ပြောပြီးနောက် ကုလားထိုင်ပေါ်သို့ အားပျော့စွာ မှီလိုက်သည်။
ဤပွဲတွင် သူသည် ၁၅သန်း လောင်းထည့်ထားပြီး သူ့လက်ထဲတွင် နံပါတ် 9သာ ရှိလေသည်။
ထိုကောင်လေးကြောင့် သူ ခေါင်းမူးဝေသည်အထိ နှိုးဆော်ခံခဲ့ရသည်။
သို့သော် အခုအခါ စိတ်ပြန်ရှင်းလာပြီးနောက်ချက်ချင်း နောင်တရသွားတော့သည်။
သို့သော် ယခုအခါမှ စကား ပြန်ပြောင်းပြောရန်မှာ အသုံးမဝင်တော့ပေ။
ထိုကလေး၏ ကတ်မှာ သူ့ကတ်ထက် နံပါတ်နည်းပါစေဟုသာ တိတ်တဆိတ် ဆုတောင်းနေရသည်။ မဟုတ်ပါက ........ သူ အဆောက်အဦးပေါ်မှပင် ခုန်ချချင်သွားလောက်သည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို အမြန်တွန်းလိုက်သည်။
" သူက နောက်ထပ် လောင်းကြေးမတင်တော့ဘူး "
ယဲ့ဖန် အိပ်ပျော်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။
" အာ၊ သူက ထပ်ပြီး မသုံးနိုင်တော့ဘူးလား။ သူက တကယ် မလုပ်နိုင်ဘူးဘဲ "
ဆံပင်စုတ်ဖွားသည် အံကြိတ်ပြီး သူ့ကို စိုက်ကြည့်နေသည်။
" အပိုတွေပြောမနေနဲ့၊ မင်းရဲ့ကတ်ပြားကို ကြည့်လိုက် "
ယဲ့ဖန်သည် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။
" ခင်ဗျားရဲ့ ကတ်က ဘာလဲ။ ပြလိုက် "
ဆံပင်စုတ်ဖွားသည် သူ့ကို စိုက်ကြည့်ပြီးနောက် လက်ထဲမှ ကတ်ကို လှန်လိုက်သည်။
9♦️
လူတိုင်းသည် သူ့ကတ်တွေကို မြင်သည့်အခါ အံ့ဩသွားကြသည်။
" ဟ၊ မဖြစ်နိုင်တာ။ ဟုတ်ရော ဟုတ်ရဲ့လား။9♦️နဲ့လောင်းကြေးကို ၁၀သန်းအထိ တင်ရဲတာလား။ ညီအစ်ကို၊ မင်း အဆင်မှ ပြေရဲ့လား "
" ဘာတွေတွေးနေတာလဲ။ ငါသာဆိုရင် ၁ သန်းတောင် မပေးဘူး "
" သူက စိတ်တိုလွန်းလို့ စိတ်လွတ်သွားတာနေမှာ။ ဒီကောင်လေးရဲ့ ပါးစပ်က အမှိုက်တွေ ပြည့်နေတာလေ "
" ဒီအစ်ကိုကြီး ရှုံးမယ် မထင်ဘူး။ ဒီကလေးက သူ့ကတ်တွေကိုတောင် မမြင်ရသေးဘူး "
" ဟုတ်တယ်။ သူ့ကတ်က 9 ထက်ငယ်နေရင် ဘယ်လိုလုပ်မလဲ။ တကယ်ကို စောင့်မျှော်နေပြီ ဟားဟားဟား ........ "
အပိုင်း ( ၇၆၄ )
သတ်နေပြီ ...... အားလုံးကို အပြတ်သတ်နေပြီ
ယဲ့ဖန်သည် ကတ်ကိုပင် မကြည့်ဘဲ အကြီးအကျယ် လုပ်ခဲ့သောကြောင့် ကျူးရှောင်ကျောင်းမှ လွဲလျှင် အားလုံးက သူရှုံးလိမ့်မယ်ဟု မျှော်လင့်ခဲ့ကြသည်။
သူတို့ ဒေါသထွက်လေလေ ယဲ့ဖန် ပိုပျော်လေလေ ဖြစ်သည်။
ယဲ့ဖန်သည် သူတို့ ဒေါသဆက်ထွက်နေစေရန် စိတ်ထဲမှ ဆုတောင်းလိုက်သည်။
ဟုတ်တယ်၊ ဒါပဲလေ။
ယဲ့ဖန်သည် ကတ်ကို အရင်ဆုံး ကြည့်လိုက်သည့်ပုံ ဟန်ဆောင်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းကို မော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် ကတ်ပြားကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
" ဟားဟားဟား၊ တောင်းပန်ပါတယ်။ နံပါတ်က ခင်ဗျားထက် နည်းနည်းကြီးတယ် "
ဆံပင်စုတ်ဖွားသည် ယဲ့ဖန်လက်ထဲမှ 10♣️ကို မြင်သောအခါ ရင်ဘတ်တွေ ပူလာပြီး သွေးအန်ချင်လာသည်။
သူသည် တကယ်ပင် ရှုံးခဲ့သည့်အမှတ် တစ်မှတ်တည်းဖြင့် သူ့ကို ၁၀သန်းကျော် ဆုံးရှုံးသွားစေခဲ့သည်။
အခြားသူများအားလုံးလည်း အံ့သြသွားကြသည်။
" ဘာလဲ။ 10♣️လား။ 10♣️နဲ့ 9♦️ကို အနိုင်ရသွားတာလား "
" တစ်မှတ်လေးနဲ့ ကပ်ပြီး အနိုင်ရသွားတာတောင် သူက ၁၀သန်းကျော် ရသွားတာလား "
" ဒီလိုကြီး ရှုံးသွားတာက အရမ်းစိတ်ညစ်စရာ မကောင်းဘူးလား။ သူ နည်းနည်းလေးပဲ ပိုတာကို။ ဒီကံတရားက ကောင်းကင်ဘုံကိုတောင် အံတုနိုင်လောက်တယ် "
" တစ်ချီတည်းနဲ့ ၁၀သန်းကျော် အနိုင်ရခဲ့တာပဲ။ ဒါက နှလုံးဖောက်သွားနိုင်တဲ့ ကစားပွဲလို့ ပြောရမယ် ....... "
ထိုအခါ တခြားစားပွဲမှ လူတွေကလည်း ပွဲမကစားတော့ဘဲ ပွဲကြည့်ဖို့ စုရုံးလာကြသည်။
ယဲ့ဖန်သည် စိတ်ညစ်နေသော 'ဆံပင်စုတ်ဖွား'ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်၍ လှောင်ပြောင်လေသည်။
" ဟူး၊ အားလုံးက ဘာလို့ နလပိန်းတုံးတွေ ဖြစ်နေရတာလဲ။ အစွမ်းအစရှိတဲ့သူ မရှိဘူးလား "
'ဆံပင်စုတ်ဖွား'သည် နီရဲနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
" မင်း ဘယ်သူ့ကို နလပိန်းတုံးလို့ ခေါ်နေတာလဲ "
ယဲ့ဖန်မှ အမြန်တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ်၊ ကျွန်တော်က ခင်ဗျားအကြောင်းကို ပြောနေတာ မဟုတ်ပါဘူး။ ဒီမှာရှိနေတဲ့ ငတုံးတွေအကြောင်းကို ပြောနေတာပါ "
သူ့စကားသည် လူတိုင်းကို ဒေါသထွက်စေသည်။
" ချီး၊ ဒီကောင်က အရိုက်ခံချင်လို့ ဇာတ်လမ်းရှာနေတာလား။ ငါတို့က မင်းကို စော်ကားခဲ့လို့လား "
" ဒီလို မာနကြီးတဲ့လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ငါ့ကို မတားကြနဲ့။ ဒီကောင်ကို အနိုင်ပိုင်းပြီး ဒီနေ့ သူ့ကို ဒေဝါလီခံရအောင် လုပ်ပစ်မယ် "
" ဟေး၊ ငါ့အတွက် ယွမ်သန်း၂၀ဖိုး တိုကင်ပြားတွေ လဲပေးစမ်း။ ဒီကောင်ရဲ့ ကံက အမြဲတမ်း ကောင်းနေမယ်လို့ မထင်ဘူး "
" မင်း တစ်ကြိမ်လောက် ကံကောင်းပြီး အနိုင်ရတာနဲ့ မင်းကိုယ်မင်း လောင်းကစားသမားတွေရဲ့ နတ်ဘုရားလို့ တကယ် ထင်နေတာလား။ ဒီနေ့ မင်းကို ဒီနေရာကနေ တွားသွားပြီးမှ ပြန်ခွင့်ပေးမယ် "
အားလုံးသည် ရူးသွပ်သွားကြသည်။
သူတို့သည် ယဲ့ဖန်အား တိုက်ခိုက်ရန် ကြိုးစားနေကြသည်။
ယဲ့ဖန်သည် ရွှေဥ ဥနိုင်သည့် ကြက်တစ်ကောင်ကဲ့သို့ သူတို့အားလုံးက အပြုံးလေးဖြင့် ကြည့်လိုက်သည်။
" စိတ်မပူပါနဲ့၊ တစ်ယောက်ပြီးတစ်ယောက်ပေါ့ "
သူ၏အပြုံးကို လူတိုင်းမှ မြင်လိုက်သည့်အခါ အကြောင်းပြချက်မရှိ အံ့ဩသွားကြသည်။
ဘာလို့ သူတို့ လှည့်စားခံရတော့မယ်လို့ ခံစားနေရတာလဲ။
ထို့နောက် ထိုလူများသည် 'သားသတ်ရုံ'ဟူသည့် နေရာကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ခဲ့ရသည်။
ယဲ့ဖန်သည် သားသတ်သမားကဲ့သို့ 'အဆီအသားများပြည့်နေသည့်ဝက်ကောင်များ'ကိုတစ်ကောင်ပြီးတစ်ကောင် သတ်ကာ ပိုင်းဖြတ်နေသည်။
သူ၏ အကွက်များမှာ သန့်ရှင်းသပ်ရပ်ပြီး ထိရောက်လေသည်။
သူ့ရှေ့တွင် တိုကင်ပြားများသည် စုပုံထားလို့ပင် မရတော့ချေ။
မြေပြင်ပေါ်မှာပင် ရွှေတောင်ကြီးကဲ့သို့ စုပုံနေလေသည်။
................................
" သာ့ဖေး၊ ငါ ဒီကိစ္စတွေကို မင်းနဲ့ပဲ ဒီမှာ ထားခဲ့လိုက်တော့မယ်။ ငါ အရင်ပြန်နှင့်ပြီ "
ရုံးခန်းထဲတွင် ရှုပြောင်းသည် ညွှန်ကြားပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
" အစ်ကိုပြောင်း၊ စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျွန်တော့်ဆီ အပ်ထားလိုက်ပါ "
ချိန်ကျန်းဖေးသည် ချက်ချင်းပင် သူ့ရင်ဘတ်ကို ပုတ်ကာ ရှုပြောင်းအား လိုက်ပို့ရန် ပြင်ဆင်နေသည်။
ထိုအချိန်တွင် ရုံးခန်းတံခါးကို ရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး လက်အောက်ငယ်သားတစ်ဦး လဲကျလာသည်။
" အစ်ကိုဖေး၊ သတ်နေပြီ ....... သူတို့ကို အရူးအမူး သတ်နေပြီ "
ချိန်ကျန်းဖေးသည် သူ့ရန်သူများမှ သူ့အိမ်တံခါးဝသို့ လာနေသည်ဟု ထင်လိုက်ပြီး လက်နက်ရှာရန် အလျင်စလို လှည့်ကြည့်လိုက်သည်။
" ဘယ်သူတွေ ရောက်နေတာလဲ။ ရှဟော်ဂိုဏ်းလား "
လက်အောက်ငယ်သားမှ သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဟိုကောင်လေးက ရူးသွားပြီ "
ချိန်ကျန်းဖေးသည် ချက်ချင်း ဒေါသထွက်သွားသည်။
" ဒီကောင်လေးက တစ်ခုခုမှားနေတယ်ဆိုတာ ငါ သိတယ်။ ငါ့လူတွေကို သူ ဘယ်လိုတောင် သတ်ရဲတာလဲ။ ငါ သူ့ကို အခုချက်ချင်း သွားခုတ်သတ်မယ် "
လက်အောက်ငယ်သားသည် အလွန်စိတ်လှုပ်ရှားနေပြီး ငိုတော့မတတ် ဖြစ်နေသည်။
" မဟုတ်ဘူး၊ လူသတ်တာ မဟုတ်ပါဘူး။ သူက လောင်းကြေးတွေ နိုင်နေတာပါ။ နိုင်တာလည်း ပိုက်ဆံတွေ အများကြီးနိုင်နေတာ ....... "
ချိန်ကျန်းဖေး၏ မျက်နှာ တွန့်သွားပြီး သူ့လက်အောက်ငယ်သားကို ပါးရိုက်လိုက်သည်။
" ချီးပဲ၊ လူစကားကို ဘယ်လိုပြောရမလဲ မသိဘူးလား။ သူငွေရရင် ရတယ်ပေါ့။ အရူးလို သတ်နေပြီဆိုတာ ဘာကို ဆိုလိုတာလဲ။ ရန်သူရောက်လာပြီ ထင်နေတာ "
လက်အောက်ငယ်သားမှ သူ့ကို သနားစရာကောင်းစွာဖြင့် ကြည့်လေသည်။
" 'အနိုင်ရတယ်'ဆိုတဲ့ စကားလုံးကတောင် သူရဲ့ ရက်စက်ကြမ်းကြုတ်ပုံကို ဖော်ပြဖို့ မလုံလောက်တော့ပါဘူး "
ချိန်ကျန်းဖေးသည် ထိုစကားကြောင့် သဘောကျသွားသည်။
" သူက ဘယ်လောက် အနိုင်ရထားတာမလို့လဲ။ တကယ်ပဲ ရက်စက်တယ်လို့ ပြောထိုက်လို့လား "
လက်အောက်ငယ်သားမှ လက်သုံးချောင်းကို ဖြည်းဖြည်းချင်း ထောင်ပြပြီး တံတွေးမျိုချလိုက်သည်။
" ၃သန်းလောက်ကို ရက်စက်တယ်လို့ ယူဆနေတာလား။ ဒါဆို အဲ့ဒီတုန်းက ငါဘယ်လောက် ရက်စက်ခဲ့တယ်ဆိုတာ မင်းမမြင်ဖူးသေးဘူးဘဲ။ အဲ့အကြောင်းကို ပြောရရင် ....... "
ချိန်ကျန်းဖေးသည် နားလည်မှုလွဲသွားပြီး သူ့လက်အောက်ငယ်သားအား တစ်ချိန်က သူ၏ ကျက်သရေရှိလှသော အောင်မြင်မှုများအကြောင်းကို ပြောပြတော့မည်ဖြစ်သည်။
သို့သော် လက်အောက်ငယ်သားမှ ခေါင်းခါလိုက်သည်ကို တွေ့လိုက်ရသည်။
ထိုအခါ သူ အံ့ဩသွားရသည်။
" ၃သန်း မဟုတ်ဘူးလား။ သန်း၃၀လောက် ဖြစ်နိုင်လား။ ဒါက နည်းနည်းရယ်စရာကောင်းတယ် မဟုတ်လား။ ဒီကောင်လေး ဘယ်က ရောက်လာတာလဲ "
သူ မျက်မှောင်ကြုတ်ပြီး လေးနက်စွာ တွေးနေချိန်၌ သူ့လက်အောက်ငယ်သားမှ ဆက်ပြီး ခေါင်းခါနေသေးသည်ကို တွေ့လိုက်ရသည်။
သူသည် ချက်ချင်းပင် ဒေါသတဟုန်းဟုန်းထွက်လာကာ ပြေးပြီး ကန်လိုက်သည်။
" မင်းမှာ ပါးစပ်မရှိဘူးလား။ စကားမပြောနိုင်ဘူးလား "
အောက်လက်ငယ်သားသည် နံပါတ်တစ်ခုကို တင်ပြလိုက်တော့သည်။
" ဟုတ် ...… သန်း ၃၀၀ပါ "
ချိန်ကျန်းဖေးသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူသည် ထိုနေရာတွင် ကြောင်အစွာ ရပ်နေပြီး အတော်ကြာသည်အထိ သူ့အသိအာရုံများ ပြန်ကပ်မလာနိုင်တော့ချေ။
ဘေးမှာရှိနေသည့် ရှုပြောင်းပင် အံ့သြသွားမိသည်။
" ဘယ်လောက်လဲ။ သန်း ၃၀၀လား။ ငါ ကြားတာများ မှားသွားတာလား "
လက်အောက်ငယ်သားမှ လေးနက်စွာ ခေါင်းညိတ်ပြသည်။
" မှန်ပါတယ်၊ တကယ်ပဲ သန်း ၃၀၀ပါ။ ကျွန်တော်တို့ ကာစီနိုရဲ့ တိုကင်ပြားတွေတောင် မလောက်တော့ပါဘူး ....... "
သူ့စကားမပြီးခင်တွင် အစ်ကိုဖေး၏ အော်သံကို သူ ကြားလိုက်ရသည်။
" သေတော့မှာပဲ ...... "
ထို့နောက် သူ အမြန်ထွက်လာခဲ့သည်။
ရှုပြောင်းသည် သူ့နောက်သို့ လိုက်ကြည့်ချင်သော်လည်း ဒီနေရာသည် ချိန်ကျန်းဖေး၏ နယ်မြေဖြစ်လေသည်။
ထို့ကြောင့် သူ ပူးပေါင်းဖို့ အဆင်မပြေချေ။
သို့ဖြစ်၍ သူသည် ထိုင်နေပြီး အကြမ်းရည်ကို ဆက်သောက်နေရုံသာ တတ်နိုင်သည်။
ချိန်ကျန်းဖေးသည် ကာစီနိုထဲသို့ အပြေးဝင်သွားသည့်အခါ သူ့ဘဝ၏ ထိတ်လန့်စရာအကောင်းဆုံးမြင်ကွင်းကို တွေ့လိုက်ရသည်။
စားပွဲ၊ ကြမ်းပြင်နှင့် လမ်းတစ်လျှောက်၌ အပြာရောင်၊ အနီနဲ့ အဖြူ တိုကင်ပြားများ စုပုံနေသည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်ဆုံးမကမြင်နိုင်သော တောင်တန်းကြီးသဖွယ် တိုကင်ပြားပုံကြီးကိုလည်း တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် တိုကင်ပြားပုံကြီးအလယ်မှ လူတစ်ဦးက အော်ဟစ်နေသည်။
" မင်းတို့ရဲ့ ကာစီနိုက ဘာလုပ်နေတာလဲ။ တိုကင်ပြားတွေ အလုံအလောက် မရှိဘူးလား။ ငါအနိုင်ရတာ နှောင့်နှေးသွားရင် မင်းတို့ တာဝန်ယူပေးနိုင်မှာလား "
ရှုံးထားသော လူတစ်စုသည် မတတ်နိုင်ဘဲ ဝင်ပြောကြသည်။
" ငါတို့မှာ တိုကင်ပြားတွေ ရှိရင်တောင် မင်းနဲ့ ထပ်လောင်းဖို့ ပိုက်ဆံမရှိတော့ဘူး "
" သန်း ၂၀တောင် ရှုံးထားတာ။ ငါ့မိန်းမသာ သိသွားရင် ငါ အဝတ်လျှော်ဘုတ်ပေါ်မှာ ထပ်ပြီး ဒူးထောက်ရတော့မယ် "
" မင်း သန်း၃၀၀တောင် အနိုင်ရပြီးပြီကို မကျေနပ်သေးဘူးလား။ ငါတို့က ငွေထုတ်စက်တွေလို့ မင်း ထင်နေတာလား "
" ငွေထုတ်စက်တွေမှာလည်း ငွေပြန်ဖြည့်ဖို့လိုတယ်။ ဒီကောင်က တကယ် လွန်ပြီ "
" ငါ အမြဲတမ်း သတိရှိခဲ့တာကို မင်းရဲ့ လှည့်စားမှုတွေမှာ ငါဘယ်လိုလုပ်ပြီးများ ရှုံးသွားတာလဲ "