← Chapters

အပိုင်း ၇၆၅-၇၆၈

Vol. 39 Ch. 765-768

အပိုင်း ၇၆၅-၇၆၈

Vol. 39 Ch. 765-768

အပိုင်း ( ၇၆၅ )

ချိန်သူဌေးက စည်းကမ်းတွေကို ဖောက်ဖျက်ဖို့ ကြိုးစားနေတာလား

ချိန်ကျန်းဖေး၏ မျက်လုံးများသည် မှုန်တွေမှုနှင့် ပြည့်နေသည်။

မြေအောက်ကာစီနိုထဲသို့ ဝင်နိုင်သူတိုင်းသည် သူ၏ ငွေရှာနိုင်သူများဖြစ်သည်။

သူသည် ပိုက်ဆံရှာရန် ထိုလူများကို အားကိုးနေရလေသည်။

ယခုအခါ တစ်စုံတစ်ဦးမှ သူ၏ စားအိုးကို လာပြီး လုယူနေသည်။

ဒါကို သူ ဘယ်လိုလုပ်ပြီး သည်းခံရမှာလဲ။

သို့သော် သူသည် စိတ်ထဲမှ ဒေါသကို ချိုးနှိမ်လျက် ချက်ချင်း ပြုံးပြလိုက်သည်။

သူ လျင်မြန်စွာ လျှောက်သွားပြီး ပြောလေသည်။

" ဟားဟားဟား၊ ဒီညီငယ်လေးရဲ့ လောင်းကစားစွမ်းရည်က တကယ်ကို ကောင်းတာပဲ။ သေချာတာကတော့ လောင်းကစားသမားတွေရဲ့ နတ်ဘုရားအဆင့်ရှိတယ်။ အားလုံးပဲ အဲ့လို မထင်ဘူးလား "

သူဌေးကိုယ်တိုင်မှ ကိုယ်တိုင် ရောက်လာသည်ကို တွေ့ပြီး အားလုံးက ခေါင်းညိတ်ကြသည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ အရင်က လောင်းကစားဂိမ်းတွေ တော်တော်များများမှာ ပါဝင်ခဲ့ဖူးပေမယ့် တစ်ယောက်ယောက် ဒီလောက်အများကြီး အနိုင်ရတာကို ပထမဆုံးမြင်ဖူးတာပဲ "

" စာအုပ်တစ်အုပ်ကို သူ့ရဲ့အဖုံးနဲ့ အကဲဖြတ်လို့မရဘူး။ ဒီလူငယ်လေးက ဒီလောက် အစွမ်းထက်နေမယ်လို့ မမျှော်လင့်ထားဘူး။ သူ့ကို လောင်းကစားသမားတွေရဲ့ နတ်ဘုရားလို့ ခေါ်ရင်တောင် ချဲ့ကားနေတာ မဟုတ်ဘူး "

" ရုပ်ရှင်တွေအကုန်လုံးက အတုတွေလို့ ထင်ခဲ့ဖူးတယ်။ နောက်ဆုံးတော့ ဒီနေ့ကျ လောင်းကစားနတ်ဘုရားက ဘာလဲဆိုတာ ငါသိလိုက်ပြီ "

" ဟူး၊ ဒီနေ့ ရှုံးတာ အရမ်းများသွားပြီ ဒီကို ထပ်မလာရဲတော့ဘူး "

" ငါရောပဲ။ နောက်ဆို လောင်းကစားကို ဖြတ်ဖို့ စိတ်ကူးထားတယ်။ ဒီလောက် ရှုံးနေတာကို ဘယ်သူက ခံနိုင်မှာလဲ "

" မှန်တယ်။ ဆက်ရှုံးနေရင် ငါတို့ ဒေဝါလီခံရလိမ့်မယ် ....... "

လူတိုင်း၏ ဆွေးနွေးမှုကို ကြားသောအခါ ချိန်ကျန်းဖေး၏ နှလုံးသားမှာ ပြုတ်ကျသွားရပြန်သည်။

သူ အစိုးရိမ်ဆုံးဖြစ်ခဲ့သည့် အရာမှာ လက်ရှိတွင် ဖြစ်လာခဲ့လေသည်။

အကယ်၍ သူ၏ 'ငွေရှာပေါက်'များသည် ရှုံးနိမ့်ပြီး နောက်တစ်ကြိမ် ထပ်မလာရဲတော့ပါက နောင်တွင် သူသည် မြောက်လေကိုသာ ရှူနေရတော့မည် ဖြစ်သည်။

ထိုအချက်ကို တွေးပြီး ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" အားလုံးပဲ စိတ်မပူပါနဲ့။ ဒီညီလေးက လူတိုင်းနဲ့ နောက်ပြောင်နေတာပါ။ ဒီညီငယ်ရဲ့ လောင်းကစားကျွမ်းကျင်မှုနဲ့ ဒီလောက် ငွေနည်းနည်းလေးကို ဂရုစိုက်နေမယ်လို့ ထင်ကြလို့လား "

အားလုံးသည် သူ့စကားကို ကြားပြီးသည့်အခါ သူတို့၏ မျှော်လင့်ချက်များ ချက်ချင်း ပြန်လည်တောက်ပသွားသည်။

ငွေကို သူက တကယ်ပဲ သူတို့ကို ပြန်ပေးနိုင်ပါ့မလား။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ စကားများက သူတို့၏ မျှော်လင့်ချက်များမီးရောင်ကို ပြန်ငြိမ်းသွားစေခဲ့သည်။

" ကျွန်တော်နောက်နေတာလို့ ဘယ်သူပြောတာလဲ။ လောင်းကစားလုပ်ရင် အရှုံးကို ဝန်ခံရဲရမှာ ကာစီနိုရဲ့ စည်းမျဉ်းပဲလေ၊ ဟုတ်တယ်ဟုတ်။ ချိန်သူဌေးက ဦးဆောင်ပြီး စည်းကမ်းဖောက်ဖို့ ကြိုးစားနေတာလား "

ချိန်ကျန်းဖေး၏ မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားသည်။

" ညီလေး၊ မိတ်ဆွေလုပ်ရအောင်။ ဒီနေ့ သူတို့ကို ပိုက်ဆံပြန်ပေးလိုက်။ ငါ ချိန်ကျန်းဖေးက မင်းကို ငါ့မိတ်ဆွေအဖြစ် သတ်မှတ်ပေးမယ်။ တခြားတော့ ဘာမှ အာမခံပြီး မပြောနိုင်ပေမယ့် ယန်းချန်းမြို့နယ်မြေထဲမှာ ရှိနေသရွေ့တော့ ငါ့စကားတွေက ထိရောက်တယ်။ အနာဂါတ်မှာ ဘာပဲဖြစ်နေဖြစ်နေ ငါ့ကိုရှာဖို့ အားမနာနဲ့။ ငါ မင်းကို ကူညီဖြေရှင်းပေးမယ် "

သူ၏ စကားများမှာ အနည်းငယ် မာနကြီးလွန်းနေသည်။

သူနဲ့ မိတ်ဆွေဖြစ်ဖို့ သန်း ၃၀၀ပေးရမယ်ဆိုတာက နည်းနည်း မလွန်လွန်းဘူးလား။

သို့သော် ချိန်ကျန်းဖေး၏ ကျောထောက်နောက်ခံသည် ချောင်ရှင်းဂိုဏ်းဖြစ်သည်ကို ကောင်းစွာ သိထားကြသောကြောင့် ရှိနေသူအများစုမှာ ထိုစကားတွင် အမှားပါသည်ဟု မထင်ခဲ့ကြပေ။

ယန်းချန်းမြို့တွင် ချောင်ရှင်းဂိုဏ်မှ မကိုင်တွယ်နိုင်သောအရာဟူ၍ မရှိချေ။

ချောင်ရှင်းဂိုဏ်းနှင့် မိတ်ဖွဲ့ရန် သန်း၃၀၀သုံးစွဲလိုက်ခြင်းက တန်သည်ဟု ဆိုနိုင်သည်။

သို့သော် ယဲ့ဖန်ကတော့ ထိုကမ်းလှမ်းချက်ကို ပြက်ရယ်ပြုလိုက်သည်။

" တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ မိတ်ဆွေဖွဲ့တဲ့ အဆင့်အတန်းက အရမ်းမြင့်တယ်။ လူတိုင်းက ကျွန်တော့်ရဲ့ မိတ်ဆွေဖြစ်ဖို့ အရည်အချင်းမရှိဘူး။ ခင်ဗျားက ကျွန်တော့်ကို သန်း၃၀၀ပေးရင်တော့ စဉ်းစားပေးလို့ ရတယ် "

သူ ထိုသို့ ပြောလာသည့်အခါ အားလုံးက အံ့သြသွားကြသည်။

" ဒီကလေးက ရူးလွန်းလို့ လွတ်သွားတာတော့ မဟုတ်ဘူးမလား။ အစ်ကိုသာ့ဖေးက မိတ်ဆွေဖွဲ့ဖို့ ပြောတာတောင် ဒီကလေးက သူ့ကို မျက်နှာသာ မပေးဘူး "

" သူက အစ်ကိုသာ့ဖေးရဲ့ နောက်ခံအကြောင်း မသိတာ ဖြစ်နိုင်တယ်။ ယန်းချန်းမြို့မှာ ဒီလို ကာစီနို အကြီးကြီးတစ်ခု ဖွင့်နိုင်မှတော့ သူက ဘယ်လို သာမန်လူတစ်ယောက် ဖြစ်နိုင်မှာလဲ "

" ဒီကောင်က အရှက်မဲ့လွန်းတယ်။ အစ်ကို သာ့ဖေးဆီက သန်း၃၀၀ လိုချင်နေတာလား။ ငါ နားကြားတာများ မှားသွားတာလား "

" တချို့လူတွေက ပူးပေါင်းမယ့်အစား အချောင်နှိုက်ချင်ကြတယ်လေ။ အစ်ကိုသာ့ဖေးက သူ့ကို အများကြီး မျက်နှာသာပေးထားတာတောင် သူက အတွန့်တက်နေသေးတယ် "

" ဒါကို သူ့ဟာသူ ဖန်တီးနေတာပဲ။ ဒီကောင် ဒီနေ့ သေရမှာ သေချာတယ် ....... "

မျှော်လင့်ထားသည့်အတိုင်း ချိန်ကျန်းဖေး၏ မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားသည်။

" ကောင်လေး၊ ငါ မင်းကို ကောင်းကောင်းစကားပြောနေတုန်း လက်ခံလိုက်။ ငါ့ရဲ့ ကြင်နာမှုကို ဘယ်လို တန်ဖိုးထားရမှန်း မသိရင်တော့ ငါ့ကို အပြစ်မတင်နဲ့ "

ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို မကြောက်ချေ။

" ဟား၊ နိုင်ထားတဲ့ပိုက်ဆံကို ပြန်ပေးခိုင်းချင်နေတာလား။ ရှုံးရင်တော့ရပြီး နိုင်လို့မရဘူးလား။ ဒါက ခင်ဗျားကာစီနိုက စည်းမျဉ်းလား "

ချိန်ကျန်းဖေး သူ့မျက်လုံးတွေကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

" ဒါဆိုရင်ရော ဘယ်လိုလဲ။ ငါ ခြေတစ်လှမ်း ဆုတ်ပေးမယ်။ သန်း၅၀ ယူပြီး ကျန်တာကို ပြန်ပေးလိုက်။ ဒါဆို အဆင်ပြေသင့်တယ်မဟုတ်လား "

ယဲ့ဖန်မှ အေးစက်စွာ ဟက်ခနဲ အသံပြုလိုက်သည်။

" ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ နိုင်ထားတဲ့ ပိုက်ဆံတွေကို ငါက ဘာလို့ ပြန်ပေးရမှာလဲ။ ဒီမှာ တစ်ခါတည်း ပြောလိုက်မယ်။ ဒီငွေရဲ့ တစ်ပြားတစ်ချပ်ကိုတောင် ပြန်ပေးမှာ မဟုတ်ဘူး "

ချိန်ကျန်းဖေးသည် ခံနိုင်ရည် လုံးဝ မရှိတော့ချေ။

သူ ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

" မင်း ငါ့ပိုက်ဆံတွေကို လိုချင်ရင် ငါက မင်းအသက်ကို ယူပေးမယ် "

ချွမ် ချွမ်

ထိုအခါ လက်နက်ကြီးငယ် ကိုင်ထားသော လူတစ်စုသည် ချက်ချင်း ပြေးဝင်လာပြီး ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ကို ဝိုင်းထားလိုက်သည်။

ကျူးရှောင်ကျောင်း ဒေါသထွက်သွားသည်။

" နင်တို့ လွန်မလာနဲ့။ ဘယ်လိုလုပ်ပြီး နင်တို့လိုလူတွေ ရှိနေရတာလဲ။ ငါတို့ ပိုက်ဆံတွေ နိုင်နေတာကို တွေ့ပြီး ပြန်ယူချင်နေတာလား "

ချိန်ကျန်းဖေး၏ မျက်နှာသည် ရက်စက်မှုဖြင့် ပြည့်သွားသည်။

" မင်းတို့ကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မင်းတို့ဘဝကို လိုချင်လား၊ ဒါမှမဟုတ် ပိုက်ဆံကို မင်းလိုချင်လား။ တစ်ခု ရွေးလိုက် "

ကျူးရှောင်ကျောင်းသည် သူ့ကို မကြောက်မရွံ့ဖြင့် စိုက်ကြည့်နေသည်။

" ငါတို့က အသက်ရော ငွေရော လိုချင်တယ်။ ငါ မကြောက်ဘူး။ နင့်မှာ သတ္တိရှိရင် ငါတို့ကို လာထိလိုက် "

ချိန်ကျန်းဖေး အမူအရာမဲ့စွာဖြင့် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

" သူ့ကို ရိုက်ကြ။ ခုခံရဲတဲ့ သတ္တိရှိနေရင် သူ့ကို သနားမနေဘဲ သတ်ပစ်လိုက် "

လက်အောက်ငယ်သားတစ်စုသည် သူတို့နှစ်ယောက်ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။

ယဲ့ဖန်သည် တခြားဘာမျှ မပြောချေ။

ချက်ချင်း တိုက်ပွဲ အနေအထားကို စနည်းနာလိုက်သည်။

ဖရိုဖရဲဖြစ်မည့် တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် ဘေးတစ်နေရာမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

" ရပ်လိုက်ကြစမ်း "

လူတိုင်းသည် လှည့်ကြည့်လိုက်သည့်အခခ ရုံးခန်းထဲမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူ၏ အမူအရာမှာ ချိန်ကျန်းဖေးထက်ပင် ပိုပြင်းထန်လေသည်။

သူသည် ချောင်ရှင်းဂိုဏ်း၏ ကျားဗိုလ်ချုပ် ရှုပြောင်းဖြစ်သည်ကို လူအများက သတိထားမိလိုက်ကြသည်။

ချိန်ကျန်းဖေးသည် သူ့ဆီသို့ အမြန်လျှောက်လာခဲ့သည်။

" အစ်ကိုကြီးပြောင်း၊ သူက ကောင်းကင်နဲ့မြေကြီးရဲ့ ကွာခြားမှုကို မသိတဲ့ ခွေးကောင်ပဲ။ ကျွန်တော် သူ့ကို ရှင်းနိုင်ပါတယ်။ အစ်ကိုကြီးကိုယ်တိုင် လုပ်စရာမလိုပါဘူး ......... "

သူ၏ တင်ပြချက်မပြီးခင်တွင် ရုံးခန်းထဲ၌ သူ့အပေါ်အား ယဉ်ကျေးစွာ ပြောဆိုခဲ့သည့် ရှုပြောင်းက သူ့ကို ပါးရိုက်လိုက်သည်။

ဖြောင်း

ဒီရိုက်သံမှာ ကျယ်လောင်လွန်း၍ နေရာ၌ ရှိနေကြသူတိုင်း ကြောက်လန့် တုန်လှုပ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ ချိန်ကျန်းဖေးသည်လည်း နာမည်နှင့် ဂုဏ်ရှိသောသူတစ်ဦး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် ချောင်ရှင်းဂိုဏ်း၏ 'လက်အိတ်ဖြူ'လည်းဖြစ်လေသည်။

သူ၏ အဆင့်အတန်းအား လျှော့တွက်၍ မရချေ။

သို့သော် ထိုရှုပြောင်းသည် သူ့အား လူမြင်ကွင်း၌ အမှန်တကယ်ပင် ပါးရိုက်လိုက်သည်။

ဤသည်မှာ မြေကြီးတုန်ခတ်မတတ် ကြောက်စရာကောင်းလှသည်။

ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ဘဲ အားလုံးမှာ တခဏတာ ကြောင်အနေခဲ့ကြသည်။

ချိန်ကျန်းဖေးပင်လျှင် အံသြသွားသည်။

ထို့နောက် ပူလောင်နေသော ပါးပြင်ကို လက်ဖြင့် အုပ်လိုက်သည်။

" ရှုပြောင်း မင်း ငါ့ကို ရိုက်ရဲတာလား "

ရှုပြောင်းသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ငါ မင်းကို ရိုက်မယ်။ မင်း ယဲ့လူကြီးမင်းကို မထီမဲ့မြင်လုပ်ရဲရင် ငါ မင်းကို ရိုက်နှက်မှာပဲ။ ယဲ့လူကြီးမင်းက စိတ်ထဲမထားဖို့ ဆုတောင်းလိုက်။ ဒါမှမဟုတ်ရင် ငါ မင်းကို အသက်ရှင်လျက်နဲ့ အရေစုတ်ပစ်မယ် "

ထိုသို့ ပြောပြီးနောက် သူသည် ယဲ့ဖန်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

" ယဲ့လူကြီးမင်း ....... ဘာလို့ ဒီကို ရောက်နေတာလဲ "

ရှုပြောင်းသည် ယဲ့ဖန်ကို ပြောဆိုရသောအခါ သူ၏ လေသံမှာ အလွန်လေးစားလေသည်။

ထို့အပြင် အနည်းငယ်လည်း တုန်ရီနေသည်။

ယဲ့ဖန်သည် သူ့ကို တစ်ချက်ကြည့်ကာ မသိချင်ယောင်ဆောင်လျက် မေးသည် ။

" ဒါက အစ်ကိုပြောင်း မဟုတ်ဘူးလား။ ဒါ ခင်ဗျားရဲ့ နေရာလား "

" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို သာ့ပြောင်းလို့ပဲ ခေါ်နိုင်ပါတယ်။ သာ့ဖေး .... သူက ကျွန်တော်တို့ ချောင်ရှင်းဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူ့ကိုယ်စား တောင်းပန်ပါတယ်။ သူက လူကြီးမင်းကို မစော်ကားမိဘူးလို့ မျှော်လင့်ပါတယ် "

ရှုပြောင်းသည် နဖူးမှ ချွေးအေးများ စီးကျလျက် သတိထားပြီး ပြန်ပြောလိုက်သည်။

အားလုံးက ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။

ချောင်ရှင်းဂိုဏ်းရှိ ရှုပြောင်း၏ အဆင့်အတန်းမှာ မနိမ့်ကျပေ။

သူ့အား သာ့ပြောင်းဟု ခေါ်ရဲသူကို သူတို့ မမြင်ဖူးကြပေ။

သို့သော် သူသည် ထိုလူငယ်လေးအား မြေးမှ အဘိုးအား ဆက်ဆံနေသကဲ့သို့ အောက်ကြို့ပြောဆိုနေခဲ့သည်။

အပိုင်း ( ၇၆၆ )

အစ်ကိုကြီးဟူက မင်းလောက် မပျော့ညံ့ဘူး

" ဒီလူက ဘယ်သူမလို့လဲ။ အစ်ကိုပြောင်းက သူ့ကို တော်တော်လေး ကြောက်နေပုံရတယ် "

" အဲ့တာတင် မဟုတ်မှာတောင် စိုးရိမ်ရတယ်။ သူကဖြင့် ဒူးထောက်ပြီး သူ့ကို အဘိုးလေးလို့ ခေါ်တော့မယ် ထင်တာပဲ။ ဒါ ငါတို့သိတဲ့ အစ်ကိုပြောင်း ဟုတ်ရဲ့လား "

" အစ်ကိုပြောင်းက တခြားသူတွေနဲ့ တိုက်ခိုက်ဖို့လက်အောက်ငယ်သားတွေကို ခေါ်လာတာ တစ်ခါ တွေ့ဖူးတယ်။ ဒါက မျက်တောင်မခတ်ဘဲ သတ်ပစ်ခဲ့တဲ့ ရက်စက်တဲ့လူရော ဟုတ်သေးလို့လား"

" ဒါဆို ဒီလို ရက်စက်ပြီး ကြမ်းတမ်းလွန်းတဲ့သူကတောင် ရိုကျိုးရတဲ့ ဒီလူငယ်က ဘယ်သူလဲ "

လူတိုင်းသည် ယဲ့ဖန်၏ သရုပ်မှန်ကို သိချင်လာကြသည်။

သို့သော် ယဲ့ဖန်သည် သူတို့၏ သံသယများကို စိတ်မ၀င်စားဘဲ ရှုပြောင်းကိုသာ အေးစက်စွာ ကြည့်နေခဲ့သည်။

" ဒါဆို သူက မင်းရဲ့ ချောင်ရှင်းဂိုဏ်းကလား။ ဒါဆို အစ်ကိုပြောင်းက သူ့ဘက်က ရပ်တည်ပေးမှာလား "

သူ့စကားကြောင့် ရှုပြောင်း၏ မျက်နှာမှာ ကြောက်ရွံ့မှုဖြင့် တွန့်သွားရသည်။

သူသည် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ယဲ့လူကြီးမင်း၊ အထင်လွဲသွားတာပါ။ ဒီကောင်မှာ မျက်လုံးတွေရှိပေမယ့် သူက ဧဝရတ်တောင်ကိုတောင် မမှတ်မိပါဘူး။ သူက လူကြီးမင်းရဲ့ နာမည်ကိုလည်း မသိပါဘူး။ ယဲ့လူကြီးမင်းက ဒီငွေတွေ အားလုံးကို တရားမျှတစွာနဲ့ အနိုင်ရရှိခဲ့တာပါ။ ကျွန်တော်တို့ဘက်က ပြန်ယူဖို့ အကြောင်းပြချက် မရှိပါဘူး "

ထိုမှသာ ယဲ့ဖန် ပြန်လည် ပြုံးလိုက်သည်၊

" ဒါဆိုလည်း တိုကင်ပြားတွေ လဲဖို့ အစ်ကိုပြောင်းကို အပူပေးရတော့မှာပဲ "

ရှုပြောင်း လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

" ယဲ့လူကြီးမင်းအတွက် တာဝန်ထမ်းဆောင်ရတာက ဂုဏ်ယူစရာပါ "

ထိုသို့ပြောပြီး သူ၏ လူများအား တိုကင်ပြားများအား ရေတွက်ရန် ညွှန်ကြားတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ချိန်ကျန်းဖေးသည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် လျှောက်လာသည်။

" ရှုပြောင်း၊ ငါ့ကာစီနိုမှာ မင်းက ဆုံးဖြတ်ချက်ခွင့် မရှိဘူး။ မင်းကို ဘယ်သူက တိုကင်ပြားတွေ လဲခိုင်းနေလို့လဲ "

ရှုပြောင်း သူ့ကို စိုက်ကြည့်နေသည်။

" ငါ မင်းကို ကယ်နေတာ။ မသေချင်ရင် မိုက်မဲတဲ့စကားတွေပြောနေတာ ရပ်လိုက် "

ချိန်ကျန်းဖေး ပို၍ပင် ဒေါသဖြစ်သွားသည်။

" မင်းက ငါ့ကို အခွင့်ကောင်းယူပြီး အပြင်လူကို ဖားယားဖို့ ငါ့ကာစီနိုရဲ့ ပိုက်ဆံတွေကို သုံးနေတာလား။ အစ်ကိုကြီးဟူကို ဖုန်းဆက်ပြီး မင်း ဒီလိုတွေ လုပ်နေတာကို သဘောတူလားလို့ မေးလိုက်မယ် "

စကားပြောနေရင်းဖြင့် ဖုန်းကို ထုတ်လိုက်သည်။

ရှုပြောင်းသည် အေးစက်စွာ ကြည့်လိုက်သည်။

" ဖုန်းဆက်တာမျိုး မလုပ်ဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ် "

ချိန်ကျန်းဖေး ချက်ချင်း ရယ်လိုက်သည်။

" အစ်ကိုဟူက မင်းလို မပျော့ညံ့ဘူး။ ဘာလဲ ယဲ့လူကြီးမင်းဆိုတဲ့ကောင်အတွက် မင်းက ငါ့ဆီကနေ ပိုက်ဆံကို ယူချင်နေတာလား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး "

ထို့နောက် သူသည် ကောင်းဟူ၏ နံပါတ်ကိုခေါ်ပြီး ဖုန်းစပီကာကို ဖွင့်လိုက်သည်။

ကောင်းဟူ၏ စိတ်အားထက်သန်သော အသံသည် ဖုန်း၏ အခြားတစ်ဖက်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။

" ဒါက သာ့ဖေး မဟုတ်လား။ ပြောင်းကျီက ပြောပြီးပြီ မဟုတ်လား။ ငါ ဒီကိစ္စ မင်းကို လွှဲထားလိုက်မယ်။ ဒါက ငါတို့ ချောင်ရှင်းဂိုဏ်းရဲ့ အနာဂတ်နှင့် သက်ဆိုင်နေတယ်။ အဲ့ဒီတော့ မင်း သတိထားရမယ် "

ချိန်ကျန်းဖေးသည် ကောင်းဟူကို စကားပြောသည့်အခါ ချက်ချင်း လေးစားသည့်ပုံစံ ဖြစ်သွားသည်။

" အစ်ကိုဟူ၊ စိတ်မပူပါနဲ့။ အဲ့ဒီကိစ္စကို ကျွန်တော့်ဆီ အပ်ထားလိုက်ပါ။ ကျွန်တော် အစ်ကိုကြီးကို ခေါ်လိုက်တာက ကျွန်တော့်မှာတခြားဆုံးဖြတ်စရာလေး ရှိနေလို့ပါ "

ကောင်းဟူ၏ သဘောထားမှာ ပို၍ စိတ်အားထက်သန်လာသည်။

" သာ့ဖေး၊ မင်း ငါ့ကို ဘာလို့ ဒီလောက် ယဉ်ကျေးနေတာလဲ။ ပြောစရာရှိရင် ပြောလိုက်ရုံပဲ။ ငါ မင်းကို ကူညီဖြေရှင်းပေးမယ် "

ချိန်ကျန်းဖေးသည် ယဲ့ဖန်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

" ခွေးသားတစ်ယောက်က ဒီနေ့ ကျွန်တော့်နေရာကို ရောက်လာပြီး ဘယ်လိုနည်းတွေနဲ့မှန်းမသိ သန်း၃၀၀ နိုင်ထားပါတယ်။ ကျွန်တော် သူ့ကို နားချဖို့ ကြိုးစားပေမယ့် သူက ပိုက်ဆံကို ယူသွားဖို့ပဲ ပြောနေတာပါ ...... "

ကောင်းဟူသည် ချက်ချင်းပင် ရက်စက်သော အသံဖြင့် ပြောလိုက်သည်။

" ပိုက်ဆံတွေ အများကြီးယူဖို့က မလွယ်ဘူး။ သာ့ဖေး၊ မင်း လုပ်ချင်သလို လုပ်နိုင်တယ်။ တစ်ခုခုဖြစ်ရင် မင်းကို ငါတာဝန်ယူမယ် "

ချိန်ကျန်းဖေး၏ မျက်နှာသည် တောက်ပလာပြီး ရှုပြောင်းကို ထပ်မံ စိုက်ကြည့်လိုက်သည်။

" အစတုန်းကတော့ အဲ့ဒီကလေးကို ဖမ်းဖို့ လုပ်ခဲ့ပေမယ့် အစ်ကိုပြောင်းက ကျွန်တော့်ကို တားပြီး အဲ့ကောင်ကို ဘိုးဘေးလို ဦးညွှတ်နေခဲ့တာ။ သူက အဲ့ဒီကောင်လေးအတွက် တိုကင်ပြားတွေကိုတောင် ကိုယ်တိုင်ကိုယ်ကျ လဲပေးချင်နေတာကြောင့် အစ်ကိုကြီးကို ဖုန်းဆက်လိုက်ရတာပါ "

ထိုအခိုက်အတန့်တွင် ကောင်းဟူ၏ အသံမှာ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားကြောင်း ထင်ရှားလေသည်။

" ရှုပြောင်းကို ဖုန်းပေးလိုက်။ ငါ သူနဲ့စကားပြောမယ် "

ချိန်ကျန်းဖေးသည် ဖုန်းကို ရှုပြောင်းအား ဂုဏ်ယူစွာဖြင့် ချက်ချင်း လှည့်ပေးလိုက်သည်။

" အစ်ကိုဟူက မင်းနဲ့ ဖုန်းပြောချင်တယ်တဲ့ "

ရှုပြောင်းသည် ပေါ့ဆမနေဝံ့ဘဲ ရှေ့သို့ အလျင်အမြန် လျှောက်သွားသည်။

" အစ်ကိုဟူ၊ ကျွန်တော် သာ့ပြောင်းပါ။ ကျွန်တော် နားထောင်နေပါတယ်။ ကျေးဇူးပြုပြီး ပြောပါ "

ကောင်းဟူ၏ အသံသည် အနည်းငယ် အေးစက်သွားသည်။

" အတိအကျ ဘာဖြစ်သွားတာလဲ။ ဒါက ဘယ်လောက်ပြင်းထန်လဲ သိလား။ ဒီကလေးကို ဒီနေ့ သန်း၃၀၀လုံး တကယ် ပေးလိုက်ရင် နောက်ဆို ငါတို့နေရာမှာ ဘယ်သူက လာပြီး ကစားရဲတော့မှာလဲ။ သာ့ဖေးနဲ့ ချက်ချင်းပူးပေါင်းပြီး ပိုက်ဆံတွေ အားလုံးကို ပြန်ယူပစ်လိုက် ........ "

ချိန်ကျန်းဖေးနှင့် တစ်ဖက်မှ လောင်းကစားသမား အုပ်စုသည် ရှုပြောင်းကို မာန်တက်စွာ ကြည့်နေခဲ့သည်။

အပြင်လူဘက်က ဆက်ပါနေရင် အရိုက်ခံရမှာ မဟုတ်လား။

ရှုပြောင်းသည် သူ့ဘေးနားရှိ ယဲ့ဖန်ကို လျင်မြန်စွာ ကြည့်လိုက်ပြီး နှစ်ကြိမ် ချောင်းဟန့်လိုက်သည်။

" အစ်ကိုဟူ၊ အဲ့ဒီငွေတွေကို ရသွားတဲ့ လူကြီးလူကောင်းက ....... "

" သူဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူက အဲ့ဒီပိုက်ဆံတွေကို ယူဖို့ဆို မေ့ထားလိုက်နိုင်တယ်။ သူ့အတွက် ဘာကောင်းလဲဆိုတာ မသိရင် အစွမ်းထက်တဲ့ အရသာကို မြည်းစမ်းခိုင်းလိုက် ...... "

ကောင်းဟူသည် သူ၏ အမိန့်ကို ပြင်းထန် ကျယ်လောင်စွာ ပေးနေချိန်တွင် ယဲ့ဖန်မှ ရုတ်တရက် လျှောက်လာသည်။

" အစ်ကိုဟူက ငါ့ကို ဘာပေးမှာလဲလို့ တွေးမိတယ် "

" မင်းက ဘယ်သူမလို့လဲ ....... "

ကောင်းဟူ ရုတ်တရက် ပြောနေရင်းဖြင့် ဗလုံးဗထွေး ဖြစ်သွားရသည်။

" ဘာလို့ ဒီအသံက အရမ်းရင်းနှီးရတာလဲ "

ရှုပြောင်း သူ့ကို အမြန် သတိပေးလိုက်သည်။

" အစ်ကိုဟူ၊ ဒီငွေတွေကို ရထားတဲ့ လူကြီးလူကောင်းက ယဲ့လူကြီးမင်းပါ ..... "

ကောင်းဟူ၏ အသံသည် ဝက်လည်စင်းခံလိုက်ရသလို ဖြစ်သွားသည်။

" ဘယ်သူ၊ ဘယ်သူလဲ။ ယဲ့ ..... ယဲ့လူကြီးမင်းလား။ အခု ယဲ့လူကြီးမင်းမှန်း ကျွန်တော် မသိလိုက်လို့ပါ။ ကျွန်တော် တကယ် သေဖို့ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ "

ချိန်ကျန်းဖေးနှင့် အခြားသူများမှာ မာန်တက်နေကြသော်လည်း ကောင်းဟူ၏ စကားကို ကြားလိုက်သည့်အခါ အားလုံးက အံ့သြသွားကြသည်။

ဒီဇာတ်ညွှန်းကြီးက မမှန်ဘူးလေ။

ရှုပြောင်းက အဲ့လူငယ်လေးကို လေးစားရင်ရပေမဲ့ အစ်ကိုဟူက ဘယ်သူမလို့လဲ။

ကောင်းသူဌေး သေသွားပြီးနောက်တွင် အစ်ကိုဟူသည် ချောင်ရှင်းဂိုဏ်း၏ ခေါင်းဆောင်အသစ် ဖြစ်လေသည်။

သေချာသည်မှာ ယန်းချန်းမြို့၏ အကောင်ကြီးတစ်ယောက် ဖြစ်လေသည်။

အဲ့လိုလူက ဒီလူငယ်လေးကို တကယ်ပဲ ကြောက်နေတာလား။

ဘာတွေဖြစ်နေတာလဲ။

အပိုင်း ( ၇၆၇ )

သူဆီမှာ ရှုံးသွားတာကလည်း ဂုဏ်ယူစရာပဲ။

ကောင်းဟူ၏ တောင်းပန်စကားကို ကြားသော်လည်း ယဲ့ဖန်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသေးသည်။

" အစ်ကိုဟူ၊ ခင်ဗျားက သိပ်အထင်ကြီးစရာကောင်းတာပဲ။ ဒီမှာကျ ရှုံးလို့ရပြီး နိုင်လို့ မရဘူးလား။ ပိုက်ဆံရဖို့ အသက်ကိုတောင် စွန့်ရမှာလား။ ကျွန်တော် တကယ်ပဲ ဗဟုသုတ တစ်ခု ရလိုက်ပါတယ် "

တစ်ဖက်တွင်ရှိနေသည့် ကောင်းဟူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ရီနေပြီ ဖြစ်နိုင်သည်။

သူအသံမှာ ငိုတော့မလို ဖြစ်နေသည်ကိုပင် ကြားလိုက်ရသည်။

" ယဲ့လူကြီးမင်း၊ ဒါတွေ အားလုံးက နားလည်မှုလွဲနေတာပါ။ နိုင်သွားတာက လူကြီးမင်းမှန်းသိရင် အသက်တစ်ရာရှိနေရင်တောင် မပြောရဲပါဘူး "

ယဲ့ဖန်၏ အမူအရာမှာ ပိုဆိုးသွားသည်။

" အခြားသူဆိုရင်လည်း ဒီလိုလုပ်မှာပဲလား။ လုပ်ငန်းစလုပ်ပြီဆိုရင် စည်းကမ်းတွေကို လိုက်နာရမယ်။ ခင်ဗျားတို့လုပ်ငန်း အရှုံးပေါ်ရင်တောင် စည်းမျဉ်းတွေကို မဖောက်ဖျက်ရဘူး။ စင်မြင့်ပေါ်ကို မတက်နိုင်တဲ့ ခွေးချေးတွေက အမြဲ ဒီလိုတွေပဲ ဖြစ်နေမှာ "

လူများစွာရှေ့တွင် ကောင်းဟူအား'ခွေးချီး'ဟုယဲ့ဖန်မှ ဆဲလိုက်သည်ကို လူတိုင်းကြားလိုက်သည့်အခါ သူတို့၏ ပါးစပ်များ ကျယ်လောင်စွာ ပွင့်သွားရသည်။

ယခုလက်ရှိ ယန်းချန်းမြို့တွင် ကောင်းဟူအား ဤကဲ့သို့ ကြိမ်းမောင်းရဲသူမှာ ဤလူငယ်သာ ရှိနိုင်သည်။

အထူးသဖြင့် ချိန်ကျန်းဖေးသည် အလွန်ကြောက်လန့်ပြီး မူးလဲလုမတတ် ဖြစ်နေခဲ့သည်။

သူ ဘယ်လို ဘိုးဘေးကို စော်ကားမိလိုက်သနည်း။

ကောင်းဟူသည် ဆက်၍ တောင်းပန်နေခဲ့သည်။

" ယဲ့လူကြီးမင်း၊ မှန်ပါတယ်။ နောက်ဆို ကျွန်တော်တို့ စည်းကမ်းတွေကို သေချာလိုက်နာပါ့မယ်။ လူကြီးမင်းအတွက်လည်း ငွေတွေကို လဲပေးမယ်လို့ အာမခံပါတယ် "

ယဲ့ဖန် အေးစက်စွာ ဟက်ခနဲ အသံပြုလိုက်ပြီး တခြားဘာမှ ပြန်မပြောတော့ချေ။

ထိုအချိန်တွင် ရှုပြောင်းသည် ဖုန်းနားကို ကပ်လိုက်ပြန်သည်။

" အစ်ကိုဟူ၊ စိတ်မပူပါနဲ့။ ကျွန်တော်ကိုယ်တိုင် ယဲ့လူကြီးမင်းအတွက် တိုကင်ပြားတွေကို လဲလှယ်ပေးလိုက်ပါ့မယ့်။ တစ်ပြားမှ မလျော့စေရဘူးလို့ အာမခံပါတယ် "

ကောင်းဟူ အံကြိတ်ကာ မေးသည်။

" ချိန်ကျန်းဖေး ဘယ်မှာလဲ "

ချိန်ကျန်းဖေးသည် ကောင်းဟူမှ သူ့အကြောင်းမေးသည်ကို ကြားပြီး အမြန် ပြန်ဖြေလေသည်။

" အစ်ကိုဟူ၊ ကျွန်တော် ဒီမှာပါ "

" ရှုပြောင်း၊ ငါ့အစား သူ့လက်တစ်ဖက်ကို ဖြတ်ပြီး ယဲ့လူကြီးမင်းကို တောင်းပန်လိုက် "

ချိန်ကျန်းဖေးသည် ထိုစကားကို ကြားပြီးသောအခါ သူ့လက်သည် ချက်ချင်းပင် တုန်ရီလာပြီး ဖုန်းကလည်း မြေပြင်ပေါ်သို့ ကျသွားသည်။

" အစ်ကိုဟူ၊ ကျွန်တော် မှားမှန်း သိပါပြီ။ အစ်ကိုဟူ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ ...... "

သူစကားမဆုံးခင်၌ ရှုပြောင်းသည် သူ့လက်အောက်ငယ်သားတစ်ဦးထံမှ ဓားတစ်ချောင်းကို ယူလာခဲ့ပြီးဖြစ်သည်။

သူသည် ဓားရှည်ကို မြှောက်လိုက်ပြီး ညာလက်ကို ခုတ်လိုက်သည်။

ချိန်ကျန်းဖေး နာကျင်စွာ အော်ဟစ်လိုက်သည်။

သွေးထွက်နေသော ညာလက်ကို ပွေ့ဖက်ကာ မြေပြင်ပေါ်တွင် လူးလဲနေသည်။

သူ့စိတ်ထဲတွင် ကျိန်ဆဲချင်နေသည်။

ရှုပြောင်း၊ မင်း ခွေးသား။ ခုတ်ချင်ရင် ဘယ်လက်ကို ဖြတ်လိုက်ပါလား။

ငါ့ဖင်ဆေးဖို့နဲ့ ထမင်းစားဖို့ ညာလက်သုံးရမှာလေ။

ထိုသွေးထွက်သံယို မြင်ကွင်းသည် ရှိနေသူတိုင်းကို ချက်ချင်းပင် ကြောက်လန့်သွားစေခဲ့သည်။

ကျယ်လောင်စွာပင် အသက်ရှူမရဲကြတော့ပေ။

ကျူးရှောင်ကျောင်းပင် အံ့အားသင့်သွားပြီး ယဲ့ဖန်ကို တစ်ချက် ခိုးကြည့်လိုက်သည်။

ကောင်းဟူသည် ယဲ့ဖန်အား ဒီလောက်ထိ ကြောက်မည်ဟု သူမ မမျှော်လင့်ထားချေ။

ကောင်းဟူသည် ယဲ့ဖန်ကို တောင်းပန်ရန်အတွက်ဖြင့် အရည်အချင်းရှိသော ဂိုဏ်းသား၏ လက်ကိုပင် တန်းဖြတ်စေခဲ့သည်။

ရှုပြောင်းသည် သူ့လက်ကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ အစ်ကိုဟူရဲ့ တောင်းပန်မှုကို ကျေနပ်ပါရဲ့လား။ မကျေနပ်သေးရင် ဒီကောင်ရဲ့ ခြေလက်လေးချောင်းလုံးကို ဖြတ်ပစ်လိုက်ပါ့မယ် "

ချိန်ကျန်းဖေးသည် ချက်ချင်းပင် သေမတတ် ကြောက်လန့်သွားသည်။

သူ ကုန်းထပြီး ယဲ့ဖန် ရှေ့၌ ဒူးထောက်ရန် ရုန်းကန်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ "

ယဲ့ဖန် မျက်မှောင်ကြုတ်ပြီး ရှုပြောင်း ကို ကြည့်သည်။

" ဘာလို့ သူ့လက်ကို လိုချင်ရမှာလဲ။ မဟုတ်တဲ့ စကားတွေကို ရပ်လိုက်ပြီး ငါ့အတွက် တိုကင်ပြားတွေကိုသာ အမြန်လဲပေးလိုက် "

ရှုပြောင်း သက်ပြင်းချပြီး ချိန်ကျန်းဖေးကို ဆေးရုံပို့လိုက်သည်။

လက်ကို ပြန်ချိတ်ဆက်နိုင်မည်လား ဆိုသည်မှာသူ့ကံပေါ် မူတည်လေသည်။

ထို့နောက် တိုကင်ပြားများကို ရေတွက်ရန် လူတွေခေါ်လိုက်သည်။

တစ်နာရီကြာပြီး နောက်ဆုံးတွင် သူတို့ ရေတွက်လို့ ပြီးသွားသည်။

ယဲ့ဖန်သည် ယခုအကြိမ်တွင် စုစုပေါင်း ယွမ် ၃၀၆,၇၂၃,၄၀၀ ရရှိခဲ့ပြီး သုညပေါင်းများစွာ ရှိနေခဲ့သည်။

ရှုပြောင်းသည် စုစုပေါင်း သန်း၃၁၀ လွှဲပေးရန် ပြောခဲ့သော်လည်း ယဲ့ဖန်က ငြင်းပယ်ခဲ့သည်။

" စောစောက ပြောခဲ့သလိုပဲ အားလုံးက စည်းကမ်းအတိုင်း လုပ်ရမယ်။ ဘယ်လောက်ပဲ နိုင်ပါစေ၊ တစ်ယွမ်မှ ပိုမယူဘူး "

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ယဲ့လူကြီးမင်း ပြောတဲ့အတိုင်း လုပ်ပါ့မယ် "

ရှုပြောင်းသည် ငွေစာရင်းကိုင်သူတစ်ဦးအား ငွေလွှဲခိုင်းလိုက်သည်။

ယဲ့ဖန်သည် ဘဏ်မှ အကြောင်းကြားစာကို မြင်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

" အရင်ကတည်းက ဒီလိုဖြစ်ခဲ့ရင် ပိုကောင်းမှာ မဟုတ်ဘူးလား။ မြင်ကွင်းကို ရုပ်ဆိုးအောင် လုပ်မှ ရမှာလား "

ရှုပြောင်းသည် အကြိမ်ကြိမ် ခေါင်းညိတ်သည်။

ယဲ့ဖန် မနေတော့ဘဲ ကျူးရှောင်ကျောင်းနှင့်ချက်ချင်း ထွက်သွားသည်။

ရှုပြောင်းသည် သူတို့နှစ်ယောက်ကို ခြံဝင်းထဲမှ အပြင်ထိ လိုက်ပို့ခဲ့သည်။

Blue Charm Night ထွက်သွားသည်ကို ကြည့်ပြီးနောက်မှ သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။

ထိုအချိန်တွင် သူ့နောက်မှ လိုက်လာသော လောင်းကစားသမားများက စပ်စုပြီး မေးသည်။

" အစ်ကိုကြီးပြောင်း၊ ဒီကောင်လေး ..... ဒီလူကြီး ဘယ်ကလာတာလဲ "

" ဟုတ်တယ်၊ အစ်ကိုပြောင်းနဲ့ အစ်ကိုဟူကတောင် အရမ်းလေးစားရတာ ကျွန်တော်တို့ မြင်တယ်။ သူ့မှာ အစွမ်းထက်တဲ့ နောက်ခံရှိတယ် မဟုတ်လား "

" ကျွန်တော်ကို ညွှန်ပြပေးနိုင်မလား။ တော်ကြာ ဘာမှမသိဘဲ သေနေရလိမ့်မယ် "

ရှုပြောင်း သူတို့ကို မော့ကြည့်လိုက်သည်။

" နျုံစစ်သွမ်း၊ ကောင်းသူဌေးနဲ့ ရီမိသားစုက ယဲ့လူကြီးမင်းကြောင့် ဒီလိုအခြေအနေတွေ ရောက်သွားတာပဲ။ တစ်နည်းပြောရရင် လက်ရှိ ယန်းချန်းမြို့မှာ ယဲ့လူကြီးမင်းက နောက်ဆုံးပြောပိုင်ခွင့် ရှိတဲ့သူ။ ကျန်တာကတော့ ကိုယ်တိုင် သွားစုံစမ်းလို့ရတယ် "

ထိုသို့ဖြင့် သူ့ကားပေါ် တက်ပြီး မောင်းထွက်သွားသည်။

လောင်းကစားအဖွဲ့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်သွားကြသည်။

" သူက ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းလား "

" အဲ့ဒီလူကလွဲရင် တခြားဘယ်သူက ချောင်ရှင်းဂိုဏ်းက ကောင်းဟူလို ဝံပုလွေတစ်ကောင်ကို ကြောက်လန့်အောင် လုပ်နိုင်မှာလဲ "

" ဒီကြားမှာ ယဲ့လူကြီးမင်းနဲ့ ပတ်သက်ပြီး ကောလဟာလတွေ အများကြီး ကြားခဲ့ရတယ်။ ဒီနေ့ သူ့ကို အသက်ရှင်လျက် တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး "

" ဟုတ်တယ်၊ ငါတို့အဆင့်က လူတွေက ဒီလောက်ကြီးကျယ်တဲ့အဆင့်အတန်းက အကောင်ကြီးမျိုးနဲ့ ကြုံဖူးတာ ယုံတောင် မယုံနိုင်ဘူး။ ဒီနေ့ ငါတို့ တကယ် ကံကောင်းတာပဲ "

" ယဲ့လူကြီးမင်းဆီမှာ ရှုံးလိုက်ရတာ ငါတော့ ဂုဏ်ယူတယ်။ ဒီအကြောင်းကို တစ်သက်လုံး ကြွားလုံးထုတ်နိုင်ပြီ "

" ငါရော။ အမှန်တော့၊ လူတိုင်းကတောင် ယဲ့လူကြီးမင်းဆီက အနိုင်ယူခံရဖို့ အရည်အချင်း မပြည့်မီဘူး။ သူ့ဆီက အနိုင်ယူခံရတာ ဂုဏ်ယူစရာပဲ "

" ဒီနေ့ သန်း၂၀ ရှုံးခဲ့ပေမယ့် ယဲ့လူကြီးမင်းဆီမှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်လို့ ထိုက်တန်တယ် "

" ရှုံးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူများတွေဆို ပိုက်ဆံဘယ်လောက်ကုန်နေပါစေ ဒီလို အခွင့်အလမ်းတောင် ရှိမှာ မဟုတ်ဘူး "

" ငါသာ ယဲ့လူကြီးမင်းမှန်းသိရင် သူ့အတွက် ထပ်အရှုံးခံပါတယ် "

" ဟားဟား၊ မင်း ဒီအခွင့်အရေးကို လွတ်သွားပြီ။ မင်း ထပ်မရနိုင်တော့ဘူး။ ပိုက်ဆံမရှုံးတဲ့သူတွေ သွားပြီး နောင်တရလိုက်ကြ "

ကာစီနိုတွင် ထူးဆန်းသော အခြေအနေတစ်ခု ပေါ်လာသည်။

ပိုက်ဆံ ရှုံးသွားသူများ အားလုံးက ရူးသွပ်စွာ ပျော်ရွှင်နေကြပြီး ပိုက်ဆံမကုန်သည့်သူများက အလွန် ကြေကွဲနေကြသည်။

ဤသည်မှာ တကယ်ပင် ထူးဆန်းသောအရာ ဖြစ်လေသည်။

အပိုင်း ( ၇၆၈ )

သူနဲ့အတူ ရတနာလိုက်ရှာရဦးမယ်။

" ဟားဟားဟား၊ ငါ ဒီနေ့အရမ်းပျော်တယ်။ တစ်ချီတည်းနဲ့ ငါတို့ ပိုက်ဆံအများကြီးရခဲ့တယ် "

သူတို့နှစ်ယောက်လုံး အဝေးသို့ လျှောက်လာပြီးကြသော်လည်း ကျူးရှောင်ကျောင်းသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေသည်။

" ဘာပျော်စရာရှိလို့လဲ။ ငါမင်းကို ဒီငွေတွေ တစ်ယွမ်တောင် မပေးဘူး "

ယဲ့ဖန် စိတ်ပျက်သည့် လေသံဖြင့် ချက်ချင်း ပြောလိုက်သည်။

ကျူးရှောင်ကျောင်း လှည့်ပြီး သူ့ကို စိုက်ကြည့်နေသည်။

" နင် အရမ်းကပ်စီးကုတ်တာပဲ။ ဒီလောင်းကစားရုံအကြောင်း နင့်ကို ငါ ပြောပြရတာလေ။ အနည်းဆုံး တစ်ဝက်ပေးသင့်တယ် မဟုတ်ဘူးလား "

ယဲ့ဖန်သည် သူ့အိတ်ကပ်ကို အမြန်ဖုံးလိုက်သည်။

" အိပ်မက်မက်နေတာတွေ ရပ်လိုက်။ ငါ့မှာ ပိုက်ဆံမရှိဘူး။ ငါ့မှာ အသက်တစ်ခုပဲရှိတယ်။ အနည်းဆုံးတော့ မင်းကို ထမင်းကျွေးမယ်။ တခြားဘာကိုမှ မစဉ်းစားနဲ့ "

ကျူးရှောင်ကျောင်း သူ့ကို အထင်သေးစွာ စိုက်ကြည့်နေသည်။

" ဒါဆို ငါ စားတော်ပွဲကြီးနဲ့ ပွဲခံချင်တယ် "

ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" သေချာပေါက် ပွဲတော် ဖြစ်စေရမယ် "

.....................................

ဆယ်မိနစ်ကြာပြီးနောက် သူတို့နှစ်ယောက်သည် ခေါက်ဆွဲပန်းကန်တစ်လုံးစီ ကိုင်ထားပြီး လမ်းဘေးတစ်နေရာ၌ ထိုင်နေကြသည်။

ကျူးရှောင်ကျောင်းက သူ့ကို ကြောင်အစွာ ကြည့်နေမိသည်။

" ဒါလား၊ နင်ပြောတဲ့ စားတော်ပွဲက "

ယဲ့ဖန်သည် အသင့်စားခေါက်ဆွဲရည်ကို တစ်ငုံ သောက်လိုက်သည်။

" မြန်မြန်စား၊ ကြီးကြီးကျယ်ကျယ်တွေ မလုပ်နဲ့။ မလုံလောက်ရင် မင်းကို နောက်ထပ်တစ်ထုပ် ပေးမယ်။ မင်း ဗိုက်ပြည့်တယ်ဆိုတာ သေချာအောင် လုပ်ပေးမယ် "

ကျူးရှောင်ကျောင်းသည် သူမပန်းကန်ထဲမှအသင့်စားခေါက်ဆွဲကို ရွံရှာစွာ ကြည့်နေသည်။

" ဒီလို အမှိုက်မျိုးကို မစားဘူး။ ကျန်းမာရေးနဲ့ မညီညွတ်ဘူး "

ယဲ့ဖန်သည် ပါးစပ်အပြည့် ဝါးလိုက်သည်။

" အရင်ဆုံး စမ်းစားကြည့်။ ဟိုလို ဟင်းပွဲကြီးတွေထက် ပိုအရသာရှိမယ်လို့ အာမခံတယ်။ စိတ်ချ "

ကျူးရှောင်ကျောင်း သူ့ကို သံသယရှိစွာ ကြည့်လိုက်သည်။

" တကယ်လား "

ယဲ့ဖန် အမြန် ခေါင်းညိတ်လိုက်သည်။

" အရင်စားကြည့်စမ်းပါ။ မင်း မကျေနပ်ရင် မင်းကို ပွဲတော်တည်ပေးမယ် "

ကျူးရှောင်ကျောင်း သူမပန်းကန်ထဲမှ ခေါက်ဆွဲကို တစ်ချက် ကြည့်လိုက်ပြန်သည်။

အမှန်တိုင်း ပြောရလျှင် သူမသည် ဗိုက်ဆာနေပြီဖြစ်သည်။

ထို့အပြင် အနံ့လည်း အတော်လေး မွှေးလေသည်။

အဆုံးတွင် သူမ၏ အစားစားချင်စိတ်က လွှမ်းမိုးသွားသည်။

ခေါက်ဆွဲကို ခက်ရင်းဖြင့်ထိုးပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

" ဟုတ်တယ်...အရမ်းစားကောင်းတယ် "

သူမသည် ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ဝင်လိုက်သလို ရုတ်တရက် အော်လိုက်သည်။

" ငါ မင်းကို လိမ်တာ မဟုတ်ဘူးမလား။ ဒီခေါက်ဆွဲက ပွဲတော်တည်တဲ့ ဟင်းပွဲကြီးတွေထက် ပိုအရသာရှိတယ် "

ယဲ့ဖန် သူ့ကိုယ်သူ ဘဝင်ခိုက်နေသော အမူအရာရှိနေသည်။

သူသည် ကလေးမလေးအား မကောင်းမှုပြုရန် လှည့်စားနေသော ထူးဆန်းသည့် ဦးလေးကြီးနှင့် တူသည်။

ကျူးရှောင်ကျောင်း ချက်ချင်းပင် ယဲ့ဖန်ကို အတုယူပြီး ပါးလုတ်ပလောင်း စားလိုက်သည်။

တစ်ချိန်တည်း၌ သူမ ရေရွတ်ပြောလေသည်။

" ငါ့မိသားစုက ဒီလိုတွေကို ဘယ်တော့မှ မစားခိုင်းဘူး။ အဲ့တာကြောင့် အသင့်စားခေါက်ဆွဲတွေက ဒီလောက်အရသာရှိမှန်း မသိဘူး "

ထိုစကားကို ကြားပြီး ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။ မင်းမှာ ဒီလောက် ဝမ်းနည်းစရာကောင်းတဲ့ နောက်ကြောင်းရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ခေါက်ဆွဲတောင် မစားဖူးဘူးတဲ့ "

ကျူးရှောင်ကျောင်းသည် သူ့စကားကိုပင် ကြားပုံမရပေ။

သူမသည် ခေါက်ဆွဲ စားရန်သာ အာရုံစိုက်နေခဲ့သည်။

ခဏအကြာတွင် ခေါက်ဆွဲ တစ်ပန်းကန်လုံး ကုန်သွားသည်။

ယဲ့ဖန် သူ၏ လက်ကျန် ခေါက်ဆွဲတစ်ဝက်ကို သူမအား ပေးလိုက်သည်။

" စားချင်သေးလား "

မမလေးကျူးသည် မငြင်းဘဲ ပန်းကန်တစ်ဝက်ကို အပြီးသတ်လေသည်။

သူမ ဗိုက်ကို ပွတ်သပ်ပြီး လေတက်လိုက်သည်။

" ဒါက ငါစားဖူးသမျှ အရသာအရှိဆုံးပဲ "

ယဲ့ဖန် ရယ်မောလိုက်သည်။

" မင်း အတွေ့အကြုံမရှိတာကို ငါ ကြိုက်တယ် "

ကျူးရှောင်ကျောင်း သူမနှုတ်ခမ်းတွေကို သပ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။

" နင် ဘာပြောလိုက်တာလဲ။ နင် ငါ့ကိုသဘောကျတာလား။ ဟွန့်၊ နောက်ဆုံးတော့ မြေခွေးရဲ့အမြီးကို ဖျောက်လို့ မရပါဘူး၊ ဟုတ်တယ်မလား။ နင် ငါ့အပေါ်ကို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားတယ်ဆိုတာ ငါသိထားပြီးသား "

ယဲ့ဖန် မျက်လုံးပြူးသွားသည်။

" မင်းက မိန်းကလေးပဲ။ မိန်းကလေးတွေက ဒီလိုစကားတွေ ကြားရင် မရှက်သင့်ဘူးလား။ မင်းလိုမိန်းကလေး ဘယ်လိုလုပ်ပြီးများ ရှိရတာလဲ "

ကျူးရှောင်ကျောင်း နှာမှုတ်လိုက်သည်။

" တစ်ယောက်ယောက်ကို သဘောကျရင် ပြောလိုက်သင့်တယ်။ ဘာလို့ ဖုံးကွယ်နေမှာလဲ။ ဘယ်အရာက အရင်လာမယ်၊ မနက်ဖြန်မှာ ဘာဖြစ်မယ်၊ ဒါမှမဟုတ် ဘယ်တော့သေမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ကျယ်ကျယ်တောင် မပြောနိုင်လောက်တဲ့အထိ ဘယ်လိုအချစ်မျိုး ရှိနေလို့လဲ "

ထိုအချိန်တွင် သူမ၏ မျက်နှာပေါ်မှ စိတ်ဓာတ်ကျသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။

ယဲ့ဖန်သည် သူမမျက်နှာပေါ်တွင် ဤကဲ့သို့ အမူအရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူမ ဘာတွေ တွေးနေသည်ကို မသိချေ။

" ငါ မင်းကို ပြန်ပို့ပေးရမလား "

" အင်း "

ယဲ့ဖန်သည် သူမကို တွေ့ခဲ့သည့် နေရာသို့ မောင်းပို့လိုက်သည်။

ကျူးရှောင်ကျောင်းသည် သူမ ဘယ်မှာနေသည်ဆိုတာကို မပြောဖူးသလို ယဲ့ဖန်ကလည်း မမေးခဲ့ဖူးချေ။

" ယဲ့ဖန်၊ ကျေးဇူးတင်ပါတယ်။ နင်နဲ့ အတူတူ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေက ငါ့ဘဝရဲ့ အပျော်ရွှင်ဆုံး အချိန်တွေပဲ "

ကျူးရှောင်ကျောင်း ကားထဲမှ မထွက်ခင် သူမသည် ရုတ်တရက် ကြင်နာလာခဲ့သည်။

ယဲ့ဖန်က ပြုံးမပြုံးခင် ခဏလောက် ထိတ်လန့်သွားခဲ့သည်။

" မင်း ရုတ်တရက်ကြီး ဘာလို့ ဒီလောက်တောင် လေးနက်နေရတာလဲ။ ငါတို့က သေပြီး နှုတ်ဆက်ရတော့မှာလိုပဲ။ အသက်ဘယ်လောက်ရှိသေးလို့ ဒီလိုစကားတွေ ပြောရဲနေတာလဲ "

ကျူးရှောင်ကျောင်းသည် သူမ၏ မျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ခု ရှိနေသည်။

" ဘဝဆိုတာ တိုသလား၊ ရှည်သလားနဲ့ မဆိုင်ပါဘူး။ အဓိကက အနှစ်သာရပဲ။ တစ်ချို့လူတွေက အနှစ်၂၀လောက်ပဲ နေနိုင်ပေမယ့် တခြားသူတွေအတွက်တော့ တစ်သက်တာထက် ပိုတယ် "

ယဲ့ဖန်သည် သူမ၏ မျက်နှာပေါ်ရှိ နက်နဲပုံစံကို ရင်းနှီးကျွမ်းဝင်မှု မရှိပေ။

" မင်း ရုတ်တရက်ကြီး လေးနက်လာတာကိုငါ နေသားမကျဘူး။ ငါက မင်းလို ရူး

နေတုန်းပဲ။ ကျေးဇူးပြုပြီး ပြန်ကောင်းလာစမ်းပါ "

ကျူးရှောင်ကျောင်းသည် သူ့ကို စိုက်ကြည့်ပြီးနောက် ပြတင်းပေါက်ကို ရုတ်တရက် ညွှန်ပြသည်။

" ကြည့်စမ်း၊ ဟိုမှာ အလှလေးတစ်ယောက် "

ယဲ့ဖန် ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း ပြတင်းပေါက်အပြင်ဘက်တွင် ဘာမျှမရှိချေ။

လှည့်စားခံရကြောင်း သူသိလိုက်ပြီး သူမနှင့် ဇယားရှင်းရန် သူမဘက်သို့ ပြန်လှည့်လိုက်သည်။

ထိုအချိန်၌ သူ့မျက်နှာမှာ ရုတ်တရတ် ပူသွားပြီး ချက်ချင်း လန့်သွားရသည်။

ကျူးရှောင်ကျောင်း သူ့ကို ထိလိုက်ပြီးသည်နှင့် သူမ၏ ရူးသွပ်သော ပုံစံအဖြစ်သို့ ပြန်ရောက်သွားသည်။

" ဟားဟားဟား၊ နင် အလိမ်ခံရပြီ ဟုတ်တယ်မလား။ ငါက ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တဲ့သူပါ။ အနာဂတ်မှာ ကမ္ဘာကြီးကိုလည်း ကယ်တင်ပေးဖို့ ကျန်သေးတယ်။ ဟွန့်၊ သွားပြီ "

ထိုသို့ဖြင့် သူမ ကားပေါ်မှ ဆင်းပြီး ထွက်သွားလေသည်။

ယဲ့ဖန်သည် သူမ၏ ထွက်သွားသော အသွင်အပြင်ကို ကြည့်လိုက်ပြီး နွေးထွေးဆဲဖြစ်သည့် သူ၏ မျက်နှာကို ကိုင်လိုက်ကာ ခေါင်းခါလျက် ခါးသက်သက် ပြုံးမိသည်။

သူမသည် အရူးလုပ်သွားသော်လည်း သူမ၏ လေးနက်သောပုံစံ ရှိနေသေးသည်ဟု တွေးမိသည်။

သူမ၏ ပုံစံအစစ်အား ဤမျှ မြန်မြန် ဖော်ထုတ်မည်ဟု သူ မမျှော်လင့်ထားချေ။

ယဲ့ဖန် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်ကာ ကားကို မောင်းထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သူသတိမထားမိသည့် ထောင့်တစ်နေရာ၌ ကျူးရှောင်ကျောင်းသည် ဖြည်းဖြည်းချင်း ယဲ့ဖန် မောင်းထွက်သွားသည့် လမ်းကြောင်းကို ငေးကြည့်နေသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦး ရုတ်တရက် သူမအနောက်မှ ပေါ်လာသည်။

" မမလေး၊ ကျွန်တော်တို့ ဆေးရုံကို ပြန်သွားရပါမယ်။ အမေရိကန်က ဒေါက်တာဒီမိုရီကနောက်ထပ် စစ်ဆေးမှုတစ်ခု ကူညီပြီး လုပ်ပေးဖို့ ရောက်လာပါတယ် "

ကျူးရှောင်ကျောင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" နောက်ထပ် ဆရာဝန်တစ်ယောက်လား။ နောက်ဆုံးအကြိမ် အဲဒီလူက ထွက်သွားတုန်းက ငါ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ အင်အားတွေ ဆက်ပြီး ဖြုန်းတီးနေဖို့ လိုလို့လား "

ထိုလူသည် ချက်ချင်း သူမကို စိုးရိမ်တကြီး ကြည့်သည်။

" မမလေး၊ ကျွန်တော်တို့ တစ်ကမ္ဘာလုံးက နှလုံးအထူးကုဆရာဝန်တွေကို ရှာနေပါတယ်။ ကျေးဇူးပြုပြီး လက်လွှတ်မခံပါနဲ့ "

ကျူးရှောင်ကျောင်း ချိုသာစွာ ပြုံးလိုက်သည်။

" ငါအရှုံးမပေးဘူး။ ငါ သူနဲ့ အတူတူ ရတနာလိုက်ရှာချင်သေးတယ် ...... "

ထိုအချိန်တွင် သူမ ရင်ဘတ်အား နာကျင်နေသော အမူအရာဖြင့် ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

သူမ၏ မျက်နှာလှလှလေးကြောင့်သာ မဟုတ်ပါက သူမပုံစံမှာ အတော်ကြောက်စရာကောင်းနေလိမ့်မည်။

ထိုလူက တုန်လှုပ်သွားသည်။

" မမလေး၊ အဆင်ပြေရဲ့လား "

ကျူးရှောင်ကျောင်း ခေါင်းခါလိုက်ပြီး တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း အမြင်တွေဝေဝါးကာ အမှောင်ကျသွားတော့သည်။

All Chapters