ဘေးကြပ်နံကြပ်
Vol. 145 Ch. 2067
တုန်းဟွာကောင်းကင်ရှိ ယန်မိသားစု၏ အင်အားက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များထက် အများကြီး နိမ့်ကျပေသည်။ အနည်းငယ်မျှ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ရန်ဟောင်များစွာ သတ်ဖြတ်ခံလိုက်ရလေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်များက အညှာအတာမရှိ ခွန်အားအပြည့်အဝနှင့် တိုက်ခိုက်နေကြပေသည်။
သို့သော်လည်း ယန်မိသားစု၏ တန်ခိုးရှင်များက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ ထွက်ပြေးရာတွင် နှောင့်နှေးစေရန် လုပ်ထားရန်သာ ဖြစ်သည်။ အချိန်တိုလေးအတွင်းတွင် ကြောက်မက်ဖွယ် မဟာလမ်းစဥ် ဖိအားများ အဝေးမှ ကျဆင်းလာခဲ့သည်။
ပုံရိပ်တစ်ခုက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ပေါ် နတ်အလင်းများ လွှမ်းခြုံထားကာ လေဟာနယ်ကို ဖြတ်သန်းလာသည်။ ထိုသူက နင်ဟွာ ဖြစ်လေသည်။ သူက အလွန် လျင်မြန်လှသော အရှိန်နှင့် ရီဖူရှင်းထံ တိုးဝင်သွားခဲ့သည်။ ဤတာဝန်၏ အဓိကရည်ရွယ်ချက်မှာ ရီဖူရှင်းကို သတ်ဖြတ်ရန်ဖြစ်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအားလုံးက ထိုဖျက်ဆီးခြင်းနောက်မှ လိုက်ပါလာပေသည်။
ရီဖူရှင်း ဖော်ပြခဲ့သော ခွန်အားကြောင့်သာ မဟုတ်ဘဲ အခြားအရေးကြီးသော အကြောင်းရင်းလည်း ရှိသေးသည်။ သူက မိစ္ဆာနတ်ဘုရားကျောင်းဆောင်ကို ဖွင့်လှစ်ခဲ့ပြီး မိစ္ဆာနတ်ဘုရား ချန်ရစ်ခဲ့သော အရာအားလုံးကို ဆက်ခံခဲ့သည်။
ထို့ကြောင့် မည်သို့ဖြစ်စေ ရီဖူရှင်းက အဖမ်းခံရပေလိမ့်မည်။ အခြားသူများ ထွက်ပြေးသွားလျှင်ရသော်လည်း ရီဖူရှင်းသည်တော့ ထွက်ပြေး၍ မရပေ။
ဘုန်း...
ကျယ်လောင်သော အသံနှင့် ကောင်းကင် ကျောက်စာချပ်က နင်ဟွာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်အလင်းများကို တိုက်ရိုက်တားဆီးလိုက်လေသည်။ ပုံရိပ်တစ်ခုက ရီဖူရှင်း၏ အရှေ့တွင် ပေါ်ပေါက်လာသည်။ ၎င်းမှာ ကျုံးချန် ဖြစ်လေသည်။ သူက နင်ဟွာနှင့် မယှဥ်နိုင်သော်လည်း ဤအခြေအနေတွင် သူနှင့် လီချန်ရှန်းသာလျှင် နင်ဟွာ၏ တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်နိုင်ပေသည်။
နင်ဟွာက ရီဖူရှင်းအား ပစ်မှတ်ထားလျှင် မည်သို့ဖြစ်မည်မှာ သံသယရှိရန် မလိုပေ။
ဘန်း...
တုံ့ဆိုင်းခြင်းတစ်ချက်မရှိဘဲ ကောင်းကင်ကျောက်စာချပ်က ထိုးဖောက်ခံလိုက်ရကာ ပျက်စီးသွားလေသည်။ ကျုံးချန်၏ ခန္ဓာကိုယ်က ဆက်လက်ကာ ရှေ့သို့ ရွေ့လျားနေပြီး လမ်းကြောင်းကို တားဆီးလိုက်သည်။ သူက လက်ကို မြှောက်ကာ ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် ကျောက်စာချပ်များပေါ်ပေါက်လာပြီး သူ့ကို နတ်အလင်းများနှင့် ဝန်းရံထားကာ သူ့လက်ဝါးမှ အစွမ်းထက် အင်အားများ ပေါက်ကွဲထွက်လာပေသည်။ ကြီးမားလှသည့် လက်ဝါးရိပ်များက ကောင်းကင်ကျောက်စာချပ်မှ ဖြစ်တည်လာသည့် အရိပ်များကဲ့သို့ လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မိသည့်အသံက ထွက်ပေါ်လာပြီး လေဟာနယ်ကို ပြင်းပြင်းထန်ထန် တုန်ခါလာစေသည်။ သူတို့ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာများသို့ ပျံ့နှံ့သွားသည်။ အားကောင်းသန်မာခြင်းမရှိသော ရန်ဟောင်အဆင့်မှ တန်ခိုးရှင်အချို့က ချက်ချင်း နောက်သို့ လွင့်စင်သွားလေသည်။
ကျုံးချန်သည်လည်း နောက်သို့လွင့်ကာ ပျံသန်းသွားလေသည်။ သူက နာကျင်စွာ ညည်းညူလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများက ကပြောင်းကပြန် ဖြစ်သွားလေသည်။ ထိုမျှမကသေး သူ၏ လက်မောင်းတဝိုက်တွင် မဟာလမ်းစဥ် အရှိန်အဝါတို့ ဖုံးလွှမ်းထားပြီး ကြောက်မက်ဖွယ် မဟာလမ်းစဥ် ချိပ်စည်းများက သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်လာကာ သူ့လမ်းစဥ်ကို ချိပ်ပိတ်ရန် ကြိုးစားလိုက်သည်။
ကျုံးချန် ကျင့်ကြံသည့် လမ်းစဥ်ကို ဖိနှိပ်နိုင်သော လောကဖိနှိပ်ခြင်းလမ်းစဥ်သည် နှိုင်းယှဥ်၍ မရအောင် ဖိနှိပ်နိုင်စွမ်းကြီးမားသော ခွန်အားနှင့် တိုက်ခိုက်ရာတွင် အလွန် လွှမ်းမိုးနိုင်သည့် စွမ်းအားရှိသည်။ သို့ဆိုလျှင်ပင် သူက နင်ဟွာ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့ပေသည်။ သို့သော်လည်း နင်ဟွာက ထိုနေရာတွင် မြဲမြံစွာ ရပ်နေခဲ့ပြီး သူ၏ အလွန်အစွမ်းထက်သော တိုက်ခိုက်မှုကို ဖော်ပြလာသည်။
"ဖျက်ဆီးခြင်းစွမ်းအား..."
သူသည် နင်ဟွာက အစွမ်းထက် မှော်စွမ်းအားများစွာကို ကျင့်ကြံပြီး မဟာလမ်းစဥ် စွမ်းအားအမျိုးမျိုး၌ ကျွမ်းကျင်သည်ဟု ကြားဖူးပေသည်။ ချိပ်စည်းပညာရပ်က သူ အကျွမ်းကျင်ဆုံး စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် သူက အခြားသော စွမ်းရည်များကိုလည်း ကျွမ်းကျင်ပြီး ယခု မဟာလမ်းစဥ်ချိပ်စည်းစွမ်းအားတွင် ပေါင်းစပ်အသုံးပြုထားသည်။ သူက အမှန်တကယ်ပင် တုန်းဟွာကောင်းကင်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး သူ့နှင့် အဆင့်တူများကြားတွင် တစ်ယောက်တည်းသောသူ ဖြစ်လေသည်။
သူတို့နှစ်ယောက် အချင်းချင်း တိုက်ခိုက်ကြသောအခါ သူတို့နောက် လိုက်လာသော တန်ခိုးရှင်များကလည်း ရှေ့ထွက်လာပြီး လေဟာနယ်အတွင်း မတူညီသော နေရာများ၌ ရပ်တည်နေကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ဝန်းရံလိုက်သည်။ အဝေးတွင် ရှိနေသည့် လူတိုင်းက ရန်ဟောင်အဆင့်မှ ထိုလူများ၏ တည်ရှိမှုကို ခံစားမိလိုက်ပေသည်။
အဝေးတွင် တန်ခိုးရှင်များစွာ စုဝေးနေကြပြီး ဤလေဟာနယ်ကို မော့ကြည့်နေကြသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ရီနေခဲ့၏။ မည်မျှ ကြောက်မက်ဖွယ်ကောင်းလှသော ရန်ဟောင်များပေနည်း။
ထိုလူက ဒုနယ်မြေသခင် နင်ဟွာ ဖြစ်ပေသည်။ မည်သည့်ကိစ္စများ ဖြစ်ပွားနေကြသနည်း။
အားလုံးသော ရန်ဟောင်များက ကောင်းကင်တွင် ရပ်နေကာ ထိုနေရာရှိ လေဟာနယ်ကို မဟာလမ်းစဥ် ဖိနှိပ်ခြင်းစွမ်းအားများက ဖိနှိပ်ထားကြောင်း ခံစားမိပေသည်။ သူတို့က အဝေးမှာ ရပ်နေသော်လည်း မွန်းကြပ်ဖွယ်ဖိအားကို ခံစားနေရဆဲပင် ဖြစ်သည်။ သူတို့အားလုံးက မဟာလမ်းစဥ်နတ်အလင်းတို့နှင့် ခုခံကာကွယ်ထားကြပြီး တန်ခိုးရှင်အများစုက သူတို့၏ မဟာလမ်းစဥ်နတ်ဝင်ရိုးစွမ်းအားတို့ကို ထုတ်လွှတ်ထားရပေသည်။
"ငါ မင်းကို အခွင့်အရေးပေးခဲ့ပေမယ့် မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေခဲ့တာပဲ။" နင်ဟွာက ကျုံးချန်ကို ကြည့်ရင်း ပြောလိုက်သည်။ သူ့အသံထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ကောင်းကင်ထက် ပျံသန်းသွားကာ မဟာလမ်းစဥ် နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်သည်။ အလွန်ထိတ်လန့်ဖွယ် မဟာလမ်းစဥ်ချိပ်စည်းနတ်ဝင်ရိုးက ကောင်းကင်တွင် ချက်ချင်း ထွက်ပေါ်လာကာ ဆက်လက်၍ မြင့်တက်လာသည်။
ထိုအချိန်တွင် အနန္တချိပ်စည်းသင်္ကေတများက ကျယ်ပြောသော ကောင်းကင်၌ ထွက်ပေါ်လာကာ ကောင်းကင်မှနေ၍ နေရာအနှံသို့ ကျဆင်းလာပေသည်။ အချိန်တခဏအတွင်း ထိုလေဟာနယ်သည် သူ၏ မဟာလမ်းစဥ် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပေကာ အားလုံးသော မဟာလမ်းစဥ် စွမ်းအားများကို ဖိနှိပ်လိုက်သည်။
ဘုန်း...
အနန္တချိပ်စည်းနတ်အလင်းတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်တိုင်းဆီသို့ ထိုးဆင်းလာပေသည်။ ကြီးမားသော စာလုံးသင်္ကေတများက ကျဆင်းလာပြီး လူတိုင်းသည် သူတို့၏ မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော်လည်း နတ်အလင်းများက ၎င်းတို့ကို ထိတွေ့လိုက်သည်နှင့် သူတို့၏ စွမ်းအားများက ချက်ချင်းပင် ပျက်ပြယ်သွားရတော့သည်။
"ဘယ်လောက်အစွမ်းထက်လိုက်သလဲ။"
တိုက်ပွဲကို စောင့်ကြည့်နေသူများက ကြောက်ရွံ့မှုကို ခံစားလိုက်ကြရပေသည်။ ၎င်းက နင်ဟွာ၏ စွမ်းအားများလား။ တုန်းဟွာနယ်မြေ၏ ကြီးကျယ်ဂုဏ်ယူဖွယ် ပုဂ္ဂိုလ်က အမှန်တကယ် နှိုင်းယှဥ်မရအောင် ပြိုင်ဘက်ကင်းပေသည်။
ထိုစွမ်းအားများဖြင့် ရင်ဆိုင်ရသည့်အခါ လီချန်ရှန်း၊ ကျုံးချန်နှင့် အခြားသူများ၏ အကြည့်တို့က လေးနက်လာခဲ့သည်။ လီချန်ရှန်းက ရှေ့သို့ ဆက်သွားခဲ့ပြီး သူ့နတ်ဝင်ရိုးဖြစ်သော ရှေးဟောင်းသစ်ပင်တစ်ပင်က သူ၏ အထက်တွင် ပေါ်ပေါက်လာကာ မရေတွက်နိုင်သော အကိုင်းအခက်များနှင့် အရွက်များကို ချိပ်စည်းနတ်အလင်းထံ ဆန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ကျုံးချန်က ကောင်းကင်ထက် မတ်တပ်ရပ်နေကာ နင်ဟွာကို ရင်ဆိုင်လိုက်သည်။ မရေတွက်နိုင်သော ကျောက်စာချပ်များက ကောင်းကင်ထက်တွင် ပေါ်ပေါက်ကာ ကျဆင်းလာပြီး ကောင်းကင်ကို အပြည့်အဝ ဖုံးလွှမ်းသွားလေသည်။ ကောင်းကင်အမြင့်တစ်နေရာတွင် ရှေးဟောင်းတံခါးတစ်ချပ် ပေါ်ပေါက်လာ၏။ နတ်အလင်းများက သူ့အပေါ်ကျဆင်းလာသည့်အတွက်ကြောင့် ကျုံးချန်၏ ခန္ဓာကိုယ်က နတ်အလင်းများနှင့် လွှမ်းခြုံခံထားရလေသည်။
နင်ဟွာကို မည်သူမှ မရပ်တန့်နိုင်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ အားလုံး၏ စွမ်းအားက ချိပ်ပိတ်ခံထားလိုက်ရပြီး အခြားရန်ဟောင်များ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခြင်း မရှိဘဲ သတ်ဖြတ်ခံရပေလိမ့်မည်။
ကျယ်ပြောသော လေဟာနယ်အတွင်း နတ်ကျောက်စာချပ်နှင့် ချိပ်စည်းနတ်အလင်းတို့ ထိပ်တိုက်တွေ့ဆုံကြပေသည်။ ကျုံးချန်က နင်ဟွာကို စူးစိုက်ကြည့်နေပြီး သူ့ထံမှ တောက်ပသော နတ်အလင်းများ ထွက်ပေါ်လာကာ ကောင်းကင်ထက်ရှိ ရှေးဟောင်းတံခါးချပ်က ပွင့်ဟလာသလို ထင်မှတ်ရပေသည်။ သူ ခြေလှမ်းလာသည်နှင့် မရေတွက်နိုင်သည့် နတ်တံခါးချပ်များက ချက်ချင်း ပြုတ်ကျလာကာ နင်ဟွာ ရှိနေသော နေရာအား ပိတ်ဆို့တားဆီးလိုက်သည်။
လောကဖိနှိပ်ခြင်းလမ်းစဥ်က ကျဆင်းလာပြီး အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နင်ဟွာထံသို့ တည့်မတ်စွာ တိုးဝင်သွားသည်။
"မင်း တောင်းဆိုတာနော်။"
နင်ဟွာက အေးစက်သော အသံနှင့် ပြောလိုက်သည်။ သူ့အသံထွက်လာသည့်အခါ မရေတွက်နိုင်သော နတ်အလင်းများနှင့် ချိပ်စည်းမန္တာန်သင်္ကေတများက ရှေ့သို့ တိုးဝင်သွားကာ ကြီးမားသော ချိပ်စည်းအစီအရင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တွင် နတ်ဝင်္ကပါအစီအရင်ကဲ့သို့ လွှမ်းခြုံလာပေသည်။
ဘုန်း....
အဖြူရောင်အလင်းတို့ ကျဆင်းလာပြီး မဟာလမ်းစဥ်ချိပ်စည်းဝင်္ကပါနှင့် မဟာလမ်းစဥ် ဖိနှိပ်ခြင်းလမ်းစဥ်က ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်စွာ တုန်ယင်လာစေသည်။ ထို့အပြင် ကျုံးချန်၏ ခန္ဓာကိုယ်က ကောင်းကင်ထက်ရှိ နတ်တံခါးနှင့် ဆက်သွယ်ထားသည်။ မရေတွက်နိုင်သော နတ်အလင်းတို့ ထိုးထွက်လာပြီး ထိုမရေတွက်နိုင်သော အဆုံးမဲ့ နတ်တံခါးများအား တစ်ဖန်ပြီးတစ်ဖန် တိုက်ခိုက်နေခဲ့သည်။
ထိုအဆက်မပြတ် တိုက်ခိုက်နေမှုများက ချိပ်စည်းနတ်ဝင်္ကပါကို အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။
ထိုအချင်းအရာကို နင်ဟွာမြင်သည့်အခါ သူက အံ့သြသွားခဲ့သည်။ တုန်းဟွာကောင်းကင်တွင် သူနှင့် ညီမျှသော တစ်စုံတစ်ယောက်အနေနှင့် ကျုံးချန်က အမှန်တကယ်ပင် ခွန်အားရှိသည်ဟု ဆုံးဖြတ်နိုင်ပေသည်။ သူသာ မရှိလျှင် ကျုံးချန်က ပြိုင်ဘက်ကင်း ပုဂ္ဂိုလ် ဖြစ်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့် ကျုံးချန်က ယနေ့တွင် သေခြင်းဖြင့် အဆုံးသတ်ရပေလိမ့်မည်။
မဟာလမ်းစဥ်၏ အနန္တနတ်အလင်းများက နင်ဟွာ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေပြီး သူ့ခန္ဓာကိုယ်က ချိပ်စည်းနတ်ခန္ဓာတစ်ခု ဖြစ်လာသလို ထင်မှတ်ရပေသည်။ ပို၍ တောက်ပသော ချိပ်စည်းနတ်အလင်းများက ကျဆင်းလာပြီး ကျိုးပျက်သွားသော ချိပ်စည်းဝင်္ကပါကို ပြန်လည်ပြုပြင် အားဖြည့်ပေးသည်။ သူ၏ ပုံရိပ်က ရှေ့သို့ မျောလွင့်နေပြီး သူ့လက်ကို မဟာလမ်းစဥ်ချိပ်စည်းဝင်္ကပါသို့ တင်လိုက်သည်။ ရုတ်တရက် ဝင်္ကပါနတ်အလင်းတို့က ချက်ချင်းတောက်ပလာပြီး လေဟာနယ်ကို ဝါးမြိုလိုက်သည်။ လောကဖိနှိပ်ခြင်းလမ်းစဥ်က ထိုပတ်ဝန်းကျင်ကို တိုက်ခိုက်နေပြီး ချိပ်စည်းနတ်အလင်းတို့ဖြင့် စည်းချထားသည်။
မဟာလမ်းစဥ် ချိပ်စည်းနတ်အလင်းတို့က လေဟာနယ်ကို ဝါးမြိုသွားပြီး ကျုံးချန်ထံ တိုးဝင်သွားကာ လောကဖိနှိပ်ခြင်းလမ်းစဥ်အား အဆက်မပြတ် အားနည်းလာစေသည်။
သို့သော် နင်ဟွာက သူ့လှုပ်ရှားမှုများကို မရပ်တန့်ခဲ့ပေ။ အခြားလက်ဝါးရိုက်ချက်တစ်ခု ကျဆင်းလာသောအခါ လောကဖိနှိပ်ခြင်းလမ်းစဥ်၏ နတ်အလင်းများ အလယ်မှ နှစ်ခြမ်းကွဲသွားပြီး မည်သည်မှ မကျန်တော့အောင် ပေါက်ကွဲပျက်စီးသွားလေသည်။
သူက ရှေ့သို့ ခြေလှမ်းလာပြီး သူ့မျက်လုံးများက ကျုံးချန်ကို စိုက်ကြည့်နေခဲ့သည်။ ရုတ်တရက် နတ်အလင်းများက သူ့ထံ ကျူးကျော်လာပြီး ကျုံးချန်က ရုတ်တရက် သူ၏ စိတ်စွမ်းအားနှင့် ဝိညာဥ်စွမ်းအားတို့ကို ချိပ်ပိတ်ခံလိုက်ရကာ သူ့လောကတစ်ခုလုံးက ချိပ်စည်းလောကတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။ ၎င်း၏ မဟာလမ်းစဥ် စွမ်းအားများက နေရာအနှံ့ ရှိနေပြီး သူ့ဝိညာဥ်နှင့် ခန္ဓာကိုယ်ကို မည်သည့်နေရာမှ ထွက်ပြေးမလွတ်မြောက်စေရန် ရည်ရွယ်နေသည့် အကျဥ်းထောင်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။
***