ဇာမဏီငှက် နှင့် သိဒ္ဓိနဂါး
Vol. 68 Ch. 1087
မျက်နှာလွှားကို မတင်လိုက်စဉ် မြင်လိုက်ရသော တဒင်္ဂအလှသည် အလွန်အမင်း ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ဘော်တူလီက မည်သည့် အမျိုးသမီးကိုမှ ထိုမျှ ပိုင်ဆိုင်လိုစိတ် မဖြစ်ဖူးခဲ့ပေ။ သူက အမြင်ကို အလွန်ပင် ဂုဏ်ယူမိသွား ခဲ့လေသည်။ ဒီအမျိုးသမီးက သာမန် လူတစ်ယောက်နဲ့ မတူပေမဲ့ ကလေးနဲ့အတူ တစ်ယောက်တည်း ခရီးသွားနေပြီးတော့ ဘေးနားမှာ အစောင့်အရှောက်တွေ မရှိနေဘူး ဆိုတော့ တော်ဝင်မျိုးနွယ် တစ်ဦး မဖြစ်နိုင်ဘူး။ သူက အစွမ်းထက် ရင်တောင် ကိစ္စ မရှိဘူး။
ဒီနဂါးချိုမြို့မှာ ‘ငါ့အဖေက မြို့တော်ဝန်’ ဆိုတော့ ငါ ဘော်တူလီ လက်ခ်နီ မရနိုင်တဲ့ အရာ မရှိဘူး။
ပြီးတော့လည်း မြို့တော်ကနေ အသစ်ရောက်လာတဲ့ တော်ဝင် မှော်ပညာရှင် ဆာ-လာဗ်ဒီနိုကလည်း အဲဒီ ကလေးမလေးရဲ့ လည်ဆွဲကို လိုချင်နေတယ်။ ဒါအတွက်တင် ငါ့အဖေ ဗာဂျိုရွန်က အပြည့်အဝ ထောက်ခံပေးလိမ့်မယ်... ဟုတ်ပြီ၊ ဒီကလေးမလေးကို ဓားစာခံနေနဲ့ ဖမ်းထားမည်ဆိုလျှင် ဒီမိန်းမလှကို ငါ့ဆီ အညံ့ခံလာအောင် လုပ်နိုင်မှာ သေချာတယ်။
ထိုအခိုက် သူက ထိုအမျိုးသမီး၏ ‘မိုက်မဲလိုက်တာ’ ဟူသော စကားကို ကြားလိုက်ရသည်။ သူ၏ တကိုယ်လုံး ရေခဲလို အေးစက်သော ချောက်နက် ထဲသို့ ပြုတ်ကျ သွားသလို ဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှစ၍ ဝိညာဉ်အထိ ကြောက်မက်ဖွယ်ရာ စွမ်းအား တစ်မျိုးဖြင့် ဆုတ်ဖြဲ ခံလိုက်ရသည်။
လမ်းသွားလမ်းလာများက ဘော်တူလီ မလှုပ်မယှက် ရပ်တန့် နေသည်ကို တွေ့မြင်နေရပြီး သူက တုန်လှုပ်လာလေသည်။ ချွေး၊ နှာရည်များနှင့် မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။ သူ၏ ဘောင်းဘီ အောက်ဘက်မှ ထွက်ပေါ်လာသော အနံ့ဆိုးကိုပင် ရေးရေးလေး အနံ့ရနေနိုင်သည်။
တော်ဝင်မှော်ပညာရှင် လာဗ်ဒီနိုမှာ ထိတ်လန့်သွား၏။ ကလေးမလေးနှင့် အတူ ထွက်ခွာသွားပြီ ဖြစ်သော လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးကို မြင်လိုက်ရာ သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရသည်။ သူက အာမခံ သင့်သောသူကို အာခံ မိသွားခြင်း ဖြစ်နိုင်သည်။
ဘော်တူလီက သူနှင့်အတူ အပန်းဖြေရန် လိုက်ပါလာသော မြို့တော်ဝန်၏သား ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်း သွားပါက သူ မျက်နှာပျက်ရုံသာမက မြို့တော်ဝန် ဗာဂျိုရွန်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
အရေးကြီးဆုံးမှာ လာဗ်ဒီနိုသည် ထိုမီးဒြပ်စင်ကျောက်မျက်ကို ရရှိရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။ သူသည် အသံကျယ်ကျယ် အော်ဟစ်လိုက်ပြီး ကတ်သရင်း နောက်သို့ ချက်ချင်း ရောက်ရှိသွားကာ ကတ်သရင်းထံသို့ မီးလျှံတစ်ခုကို ပစ်လွှတ်လိုက်၏။
အနီးအနားရှိ လူများက ကြီးမားသောစွမ်းအားကြောင့် လွင့်စင်သွားကြသည်။ သကြားလုံး ရောင်းသော အနီးဆုံး ဈေးသည်မှာ လွင့်ထွက်သွားပြီး သူ၏ လက်ထဲမှ သလင်းကျောက်နက်ဒင်္ဂါးများလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
မှော်ပညာရှင် ထုတ်လွှတ် လိုက်သော မီးလျှံများက ကလေး ပိုက်ထားသော အမျိုးသမီးထံသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရာ လူအများအပြား အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့ကြသည်။
မီးလျှံ အနားသို့ ကပ်လုနီးပါး ဖြစ်နေစဉ် ကတ်သရင်း ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။ လာဗ်ဒီနိုသည် သူ၏ ထိန်းချုပ်မှု အောက်ရှိ အစွမ်းထက်သော မီးလျှံ စွမ်းအင်မှာ ရွှံ့နံရံတစ်ခုနှင့် တွေ့ကြုံ လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားခဲ့သည်။ သူက တစ်ချက်သာ ကြည့်လိုက်ခြင်း ဖြစ်သည်။
ထိုအကြည့်၏ စွမ်းအားသည် ထိုမျှနှင့် မရပ်တန့်ခဲ့ပေ။ လာဗ်ဒီနို၏ စိတ်ထဲရှိ စုစည်းထားခဲ့သော စိတ်စွမ်းအင်မှာ အတွင်းထဲ၌ ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်များ ပြင်းထန်စွာ တန်ပြန် ကန်ထွက်မှုကို ဖြစ်ပေါ် စေခဲ့သည်။ သူက သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။
ဒီလောက်တောင် ကြောက်စရာ ကောင်းတဲ့ စွမ်းအား။ ဒီမိန်းမက ဘယ်သူလဲ။ လာဗ်ဒီနိုသည် ထိတ်လန့်သွားပြီး သူ၏ ဘေးနားရှိ ဈေးသည် မြေပြင်ပေါ် ပြုတ်ကျ ခဲ့သော သလင်းကျောက်နက်ဒင်္ဂါးကို လှမ်းကြည့်လိုက်သည်။ သူက တုန်လှုပ်သွားခဲ့ပြီး အထူး သတိပေးချက် တစ်မျိုးကို ချက်ချင်း အသက်သွင်းလိုက်သည်။
ထိုအချိန်တွင် ဘော်တူလီ၏ အစောင့်များက ကတ်သရင်းထံသို့ ပြေးဝင်လာခဲ့လေပြီ။ ကတ်သရင်းက လှုပ်ရှားလိုက်ဟန် တူသော်လည်း အစောင့်များက မမြင်နိုင်သော စွမ်းအားတစ်မျိုးဖြင့် လွှင့်ပစ်ခံလိုက် ရသကဲ့သို့ ဖြစ်သွားသည်။ သူတို့က အဝေးတစ်နေရာသို့ လွင့်ထွက်ပြီး အတော် ကြာသည်အထိ ပြန်မထ နိုင်ကြတော့ပေ။
ယခုက လုံခြုံရေး တင်းကြပ်ချိန် ဖြစ်ပြီး ကင်းလှည့်အဖွဲ့မှာ ပုံမှန်ထက် အဆပေါင်းများစွာ ပိုများနေသည်။ ခဏအကြာ အစောင့်အများအပြား ရောက်ရှိလာခဲ့သည်။ ကတ်သရင်းက ထိုလူများနှင့် အရှုပ်အထွေး မဖြစ်လို။ သူ၏ ပုံရိပ်က တစ်ချက် လက်ခနဲ ဖြစ်သွားပြီး နေရာ ရွှေ့ပြောင်းရန် ပြင်လိုက်၏။ သို့သော် နှစ်ကြိမ်တိုင် ရွှေ့ပြောင်းပြီးနောက် နေရာလွတ်က စွမ်းအား တစ်မျိုးမျိုးဖြင့် ကန့်သတ် ခံထားရသကဲ့သို့ပင် သူက မီတာ ဆယ်ဂဏန်းမျှသာ ရွေ့လျားနိုင်ခဲ့၏။
ကတ်သရင်း၏ မျက်လုံးများက ပုံရိပ်နှစ်ခုပေါ်သို့ ရောက်သွားသည်။ တစ်ဦးမှာ နှုတ်ခမ်းမွေးနှင့် စူးရှသော မျက်နှာနှင့် ကိုယ်နေဟန်ထား ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး အခြားတစ်ဦးကတော့ မြင့်မားသော မျက်ခုံးရိုး၊ ညှို့မှိုင်းသော မျက်ခုံးများ ရှိသည့် ငွေရောင် ဆံပင်နှင့် လူငယ် တစ်ဦး ဖြစ်သည်။ ထိုလူငယ်သည် ခုနက နေရာလွတ်ကို ကန့်သတ်သည့် စွမ်းရည်ကို အသက်သွင်းခဲ့သူပင်။
“မင်း ဘယ်သူလဲ။ ဒီကိုလာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။” နှုတ်ခမ်းမွေးနှင့် အမျိုးသားက ကတ်သရင်းကို ခဏ ကြည့်လိုက်၏။ သူက တိုင်းတာ၍ မရနိုင်သော စွမ်းအင်ကို သိသိသာသာ ခံစားမိရာ အလွန်သတိထားနေပုံရသည်။
“ကျွန်မက လမ်းသွားလမ်းလာ တစ်ယောက်ပါပဲ။ ဟိုအသိတရားမဲ့တဲ့ နှစ်ယောက်က ကျွန်မကို အရင် လာပြီး ရန်စတာပါ။ ကျွန်မ သက်ညှာ ပေးပြီးသားပါ။” ကတ်သရင်းက ခပ်ပေါ့ပေါ့ ဆိုလိုက်၏။ ဒီနှစ်ဦးက နဂါးတွေ ဖြစ်မယ်။ နှုတ်ခမ်းမွေးနဲ့ လူလတ်ပိုင်း တစ်ယောက် အစွမ်းက တိုင်းပြည်အဆင့် အထွတ်အထိပ်ပဲ။ ငွေရောင်ဆံပင်နဲ့ လူငယ်ရဲ့အစွမ်းက ငါ့ထက် နည်းနည်း သာတယ်။
သူက ထိုနှစ်ဦးကို မကြောက်ရွံ့ သော်လည်း သော်သော် ထိခိုက်သွား မည်ကို စိုးရိမ်မိသည့်အတွက် ထိုသို့ တိုက်ခိုက်ခြင်းက သူ နတ်ဆိုးတစ်ဦး ဖြစ်ကြောင်း ပြသရာ ရောက်ပေမည်။ အကယ်၍ ပဋိပက္ခကို ရှောင်လွှဲ နိုင်ပါက သူတိုက်ခိုက်ချင်ပေ။
“ဆရာ။ သတိထား။” လာဗ်ဒီနိုက အဝေးမှ အားယူ၍ ဆိုလိုက်သည်။ “ဒီအမျိုးသမီးက မရဏနက် နောက်လိုက်ပဲ။”
ပတ်ဝန်းကျင်ရှိလူများက ‘မရဏနက်နောက်လိုက်’ ဟူသော စကားလုံးကို ကြားလိုက်ရာတွင် ထိတ်လန့်တကြား ထွက်ပြေးကြ၏။ မရဏနက်နောက်လိုက်များသည် မကြာသေးမီက အလွန် လှုပ်ရှား တက်ကြွနေပြီး လောကအနှံ့တွင် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှု များစွာကို ဖြစ်ပေါ်စေခဲ့သည်။ သိဒ္ဓိ အင်ပါယာ နှစ်ခုမှ ဧကရာဇ်နှစ်ပါးပင် လုပ်ကြံသတ်ဖြတ်မှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။
“ဒီတော့ ရှင်က သူ့ရဲ့ဆရာပေါ့။ ကျွန်မ အရင်ဆုံး ပြောချင်တာက ကျွန်မက မရဏနက်နောက်လိုက် မဟုတ်ဘူး။ တကယ်လို့ ကျွန်မကို ရန်စချင်ရင်တော့ အကျိုးဆက်တွေ ထည့်ပြီးတော့ စဉ်းစားရလိမ့်မယ်။” ကတ်သရင်း၏ စွမ်းအားများကို တဖြည်းဖြည်း ထုတ်လွှတ်လာခဲ့၏။ “ကျွန်မရဲ့ စည်းမျဉ်းကတော့ ကျွန်မကို မစော်ကားရင် ကျွန်မက ဘယ်သူ့ကိုမှ မစော်ကားဘူး။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်မကို စော်ကားလာခဲ့ရင်တော့ အသက်နဲ့လဲပြီး တိုက်ခိုက်မှာပဲ။”
ဘုရားတစ်ပိုင်း အငွေ့အသက်က ငွေရောင် ဆံပင်နှင့် လူငယ်ကို အနည်းငယ် အံ့အားသင့်သွားစေပြီး နှုတ်ခမ်းမွေးနှင့် လူလတ်ပိုင်းမှာမူ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ စိုးရိမ်နေလေသည်။
“ဆရာ။ သူ့ရဲ့ ကောက်ကျစ်တဲ့ စကားတွေကို နားမယောင်ပါနဲ့။” လာဗ်ဒီနိုက သူ၏ လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ထား၏။ “ဒါ သူ ခုနက သုံးခဲ့တဲ့ ဒင်္ဂါးပဲ။ ကျွန်တော် သူ့အပေါ်က အမှောင်စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားမိတယ်။”
လူသားလောက ငွေကြေးစနစ်က နတ်ဆိုးဘုံနှင့် ဆင်တူပြီး နှစ်ခုလုံးမှာ တူညီသောအလေးချိန်နှင့် အရည်အသွေးရှိသော သလင်းကျောက်ဒင်္ဂါးများကို အခြေခံထားသည်။ လူသားလောက ငွေကြေးများတွင် များသောအားဖြင့် ဘုရင်၏ ဦးခေါင်း သို့မဟုတ် တော်ဝင်မိသားစု၏ အမှတ်တံဆိပ်ကို ထွင်းထုထားလေ့ ရှိသည်။ မည်သည့် အမှတ်အသားမှမပါသော သလင်းကျောက်ဒင်္ဂါးများကိုလည်း သုံးစွဲနိုင်လေသည်။
အနည်းငယ် ကွာခြားချက်မှာ နတ်ဆိုးဘုံ သလင်းကျောက်ဒင်္ဂါးထဲ အမှောင်ဒြပ်စင်စွမ်းအင် ပါဝင်နေပြီး သာမန်လူများ အတွက် တွေ့ရှိရန် ခက်ခဲသည်။ လာဗ်ဒီနိုတွင် အထူး အာရုံခံနိုင်စွမ်း ရှိသောကြောင့် သူက မူမမှန်ခြင်းကို ချက်ချင်း ခံစားသိရှိ နိုင်ခဲ့လေသည်။
နှုတ်ခမ်းမွေးနှင့် လူလတ်ပိုင်းက လာဗ်ဒီနို၏ ဆရာဖြစ်သည်။ ထိုသို့ ကြားရာ သူက ငွေရောင်ဆံပင်နှင့် လူငယ်ကို လှမ်းကြည့်ကာ သူ၏ အမြင်ကို တောင်းခံလိုက်သည်။
“အဲဒီဒင်္ဂါးမရှိရင်တောင် အလင်းရောင်ထဲမှာ ရှင်သန်နေတဲ့ သိဒ္ဓိနဂါးမျိုးနွယ်အနေနဲ့...” ငွေရောင်ဆံပင်နှင့် လူငယ်က အေးစက်စွာ ဆိုလိုက်သည်။ “မင်း ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အတော် ကြွယ်ဝတဲ့ အမှောင် စွမ်းအင်ကို ငါ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်တယ်။ ငါတို့ရဲ့ အစွမ်းနဲ့ဆိုရင် ငြင်းခုံနေတာ အဓိပ္ပာယ်မရှိဘူး။ တကယ်လို့ မင်း လက်နက်မချချင်ဘူး ဆိုရင်တော့...”
ထိုသို့ ပြောပြီးနောက် ငွေရောင် ဆံပင်နှင့် လူငယ်၏ ပုံရိပ်သည် အဝေးရှိ လူများ၏ မျက်လုံးထဲတွင် ပုံရိပ်ထပ်များလို ဝေဝါးသွားဟန် တူသည်။ သူတို့က အထူး နေရာလွတ် တစ်ခုဖြင့် ခြားနားခံထားရသည်။
တစ်ချိန်တည်းမှာပင် ငွေရောင် ဆံပင်နှင့် လူငယ်၏ ကိုယ်ပေါ်တွင် ငွေရောင် အလင်းတန်းများ ဖုံးလွှမ်း သွားပြီး ချပ်ကာတစ်ခု လျင်မြန်စွာ ပုံပေါ်လာခဲ့သည်။ သူက [ယုံကြည်မှုချပ်ကာ] ကို အမြန် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ သေချာသည်မှာ သူ ကတ်သရင်းကို အမြန်ဆုံး အနိုင်ယူရန် အစွမ်းကုန် တိုက်ခိုက်လိုခြင်းပင်။
“မေမေ။ ဒါ လူဆိုးကြီးပဲ။ သူ့ကို ရိုက်ပစ်လိုက်။” သော်သော်က ထိုလူ၏ ရန်လိုမှုကို ရှင်းလင်းစွာ ခံစားမိပြီး သူ၏ လက်သီးဆုပ်များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ပတ်ဝန်းကျင်ရှိ နေရာလွတ်က ထိုအထူး စွမ်းအားဖြင့် ပိတ်ဆို့ခံထား ရသောကြောင့် ကတ်သရင်းက လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ ကတ်သရင်းက ထိုတိုက်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိရှိသောကြောင့် အားနည်းသည့် အမူအရာမပြဘဲ နှာခေါင်းရှုံ့လိုက်၏။ သူ၏ ကိုယ်ပေါ်တွင် အနက်နှင့် အနီရောင် မီးတောက်များ ချက်ချင်း လောင်ကျွမ်းလာပြီး မီးတောက်ထဲ ကိုယ်လုံးပြည့် ချပ်ကာ တစ်ခု ပေါ်ထွက် လာခဲ့သည်။ ၎င်းက အနီရောင် အစက်များ ပါဝင်သော အနက်ရောင်ဖြစ်ပြီး ကြယ်ကဲ့သို့ တောက်ပမှုနှင့်အတူ ခန့်ညားပြီး တည်ငြိမ်လှသည်။
၎င်းက ‘ဉာဏ်ပညာနတ်ဘုရားမ’ ၏ ကြယ်ချပ်ကာပင် ဖြစ်သည်။ ရှောင်လွှဲလို့ မရနိုင်မှတော့ ငါ့ရဲ့ အစွမ်း အကုန်သုံးပြီးတော့ တိုက်ခိုက် ရမှာပဲ။
နေရာလွတ် အပြင်ဘက်တွင်ပင် နှုတ်ခမ်းမွေးနှင့် အမျိုးသားက နှစ်ဖက်စလုံး၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိပြီး တိတ်တဆိတ် ထိတ်လန့်နေခဲ့သည်။ သူက အကာအကွယ် အစီအရင်တစ်ခုကို တည်ဆောက်ရန် မှော်စွမ်းအင်ကို လျင်မြန်စွာ အသက်သွင်းလိုက်၏။
ငွေရောင်ဆံပင်နှင့် လူငယ်က ကတ်သရင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်လုံးပြည့်ချပ်ကာကို ကြည့်ကာ ပေါက်ကွဲ ထွက်လာသော အစွမ်း ထက်သည့် စွမ်းအင်က သူ့ထက် မနိမ့်ကျကြောင်း ခံစားမိလိုက်သည်။ သူ အနည်းငယ် အံ့အားသင့်ပြီး လှောင်ပြောင်လိုက်သည်။ “အပေါ်ယံပဲ လှတာ။ လက်တွေ့ အသုံးမဝင်ဘူး။”
ပုံမှန်အားဖြင့် နတ်ဘုရား တစ်ပိုင်း၏ [ယုံကြည်မှုသံချပ်ကာ]က ခန္ဓာကိုယ် တစ်ပိုင်း ချပ်ကာဖြစ်ပြီး တိုင်းပြည် စွမ်းအင်ကို ထုတ်လွှတ်ရန် အသင့်တော်ဆုံး စွမ်းအင်ပုံစံ ဖြစ်၏။ ဘုရား-ယောင်အဆင့်မှသာ ကိုယ်လုံးပြည့် ချပ်ကာ ဖြစ်သည်။
ထိုအမျိုးသမီးက နတ်ဘုရား တစ်ပိုင်း အဆင့်ကို မကြာခင်ကမှ တက်လှမ်းလာတာ အသေအချာပဲ။ [ယုံကြည်မှုသံချပ်ကာ] ကို ဝတ်ဆင် ပြီးတော့ သူ ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်က နတ်ဘုရား တစ်ပိုင်း အဆင့် အလယ်ပိုင်းရှိတဲ့ ငါ့ရဲ့ စွမ်းအင်ကို လိုက်မှီခဲ့တယ်။
ငွေရောင်ဆံပင်နှင့် လူငယ်က လက်များကို အရှိန်ပြင်းစွာ ဝှေ့ယမ်း လိုက်ရာ ကတ်သရင်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မရေမတွက် နိုင်သော အဖြူရောင် ချည်မျှင်များ ပေါ်ထွက်လာခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်း ထိုအဖြူရောင် ချည်မျှင်များ ဆက်တိုက်ပတ်ကာ သူကို အဖြူရောင်ပိုးအိမ်တစ်ခု အဖြစ် ရစ်ပတ်သွားခဲ့သည်။
လည်နေသော အလင်းပိုးအိမ်က ရုတ်တရက် ရပ်တန့်သွားပြီး ပိုးအိမ် ပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပွင့်ထွက်လာခဲ့သည်။ ဧရာမတောင်ပံ တစ်ခု၏ ပုံသဏ္ဌာန်က ထိုအထဲမှ ပေါ်ထွက်လာခဲ့သည်။ တောင်ပံကို ခတ်လိုက်သည်နှင့် အလင်းပိုးအိမ် တစ်ခုလုံး စုတ်ပြဲသွားခဲ့သည်။
သို့သော် စုတ်ပြဲသွားခဲ့သော အလင်းပိုးအိမ်က မပျောက်ကွယ်ဘဲ မရေမတွက်နိုင်သော ရွှေရောင် အလင်းတန်းများအဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုစွမ်းအားက ယခင် အဖြူရောင်ချည်မျှင်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။ ၎င်းတို့က ကတ်သရင်းထံသို့ ပျံသန်း သွားကြသည်။
ငွေရောင်ဆံပင်နှင့် လူငယ်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက မှော်ပညာနှင့် သိုင်းပညာ နှစ်မျိုးစလုံးကို လေ့ကျင့်ထားသူ ဖြစ်သည်။ ခုနက အဖြူရောင် ချည်မျှင်များက စမ်းသပ်တိုက်ခိုက်မှု တစ်ခုသာ ဖြစ်၏။ စစ်မှန်သော အဆုံးသတ် တိုက်ကွက်မှာ ယခု [ရွှေရောင်တောက်ပလျှပ်တပြက်] ပင် ဖြစ်သည်။ ထိုအရာက ကြီးမားသော အလင်းဒြပ်စင်နှင့် ပေါင်းစပ် ထားသော အစွမ်းထက် တိုက်ကွက် ဖြစ်ပြီး မှော်ပညာနှင့် စွမ်းအားတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုနှင့် ညီမျှသည်။ ၎င်းက အမှောင်ဒြပ်စင် စွမ်းအင်၏ ဝိပါက်ပင် ဖြစ်သည်။
သူက ထိုတိုက်ကွက်ကို အသုံးပြု၍ ပြိုင်ဘက်ကို လုံးဝအနိုင်ယူနိုင်မည်ဟု ယုံကြည်စိတ်ချနေသော်လည်း ထိုလှောင်ပြုံးက သူ့မျက်နှာပေါ်တွင် ချက်ချင်း ခဲသွားခဲ့သည်။ ရွှေရောင် အလင်းက တောင်ပံကို ထိလိုက်သည့် အခိုက်တွင် မီးအနားသို့ ချဉ်းကပ် လာသော နှင်းဘောလုံး ကဲ့သို့ပင် လျင်မြန်စွာ အားပျော့သွားခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
တောင်ပံ၏ ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားပြီး ချပ်ကာဖုံးထားသော လက်က ပေါ်လွင်လာ၏။ ၎င်းက ကတ်သရင်း၏ ညာလက်ဖြစ်ပြီး သူ၏ ဘယ်လက်ဖြင့် သော်သော်ကို ပွေ့ထားဆဲ ဖြစ်သည်။
ငွေရောင်ဆံပင်နှင့် လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့် အမူအရာ မရှိတော့ပေ။ သူ ခုနက [ရွှေရောင်တောက်ပလျှပ်တပြက်] ၏ အလင်းဒြပ်စင်စွမ်းအင်သည် အလွန်အမင်း ထိန်းချုပ်နိုင်သော ထူးဆန်းသည့် စွမ်းအားတစ်မျိုးနှင့် တွေ့ကြုံခဲ့ရကြောင်း ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ၎င်းက အမှောင် ဒြပ်စင် မဟုတ်ဘဲ အခြားစွမ်းအား တစ်ခု ဖြစ်သည်။
ဒီအမျိုးသမီး၏ အစွမ်းအစကို အပေါ်ယံနဲ့ တိုင်းတာလို့ မရဘူး။ တကယ် ကြောက်စရာကောင်းတဲ့ ရန်သူ တစ်ဦးပဲ။ လျှော့တွက်လို့ မရဘူး။ အဲဒီကလေးပဲ အားနည်းချက် ဖြစ်နိုင်လောက်တယ်။
စဉ်းစားနေစဉ်မှာပင် ငွေရောင် ဆံပင်နှင့် လူငယ်က ရုတ်တရက် သတိပေး အာရုံ တစ်ခုကို ခံစားလိုက် ရသည်။ ခန္ဓာကိုယ်ကို လျှပ်တစ်ပြက် ရွှေ့ပြောင်းပြီး သူက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်း နီးပါးမှာပင် ဧရာမ ခြေထောက်ကြီး တစ်ခုက သူ၏ မူလ နေရာကို နင်းခြေလိုက်လေသည်။ ထိုတိုက်ကွက်၏ စွမ်းအားက အလွန် ကြီးမားလှသဖြင့် ပိတ်ဆို့ထားသော နေရာလွတ်တစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားခဲ့သည်။
ထိုအရာက သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော မြင့်မားသည့် ခန္ဓာကိုယ်ဖြစ်ပြီး အမှောင်ရွှေရောင် အလင်းကို ပြသနေ၏။ ခုနက ကန်ချက် စွမ်းအားကို ကြည့်ရလျှင် ၎င်းတွင် အနည်းဆုံး နတ်ဘုရား တစ်ပိုင်း အဆင့် ရှိလေသည်။
[ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး]!
စစ်ရုပ်သေးက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အစွမ်းထက် ပါရမီတစ်ခု ဖြစ်သည်။ သာမန် ရုပ်သေးများ၏ စွမ်းအားအဆင့်မှာ သတ်မှတ်ထားပြီး ဖြစ်သည်။ ဥပမာ ရွှေရုပ်သေးက နတ်ဆိုး အရှင်သခင် အဆင့်၊ ငွေရုပ်သေးက နတ်ဆိုး ဧကရာဇ်အဆင့် စသည်ဖြင့်ပင်။ သို့သော် သန္ဓေ ပြောင်းလဲသော ပါရီရှိသည့် တော်ဝင်မျိုးနွယ်အချို့က ရုပ်သေး၏ စွမ်းအားကို ၎င်းတို့၏ ကြီးထွားမှုနှင့်အတူ တိုးပွားစေ၏။
ကတ်သရင်း၏ စစ်ရုပ်သေး ပါရမီက သန္ဓေပြောင်းလဲသော စွမ်းရည် မဟုတ်သော်လည်း သူ့တွင် သမိုင်းတလျှောက် အစွမ်းအထက်ဆုံး [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] ရှိနေပြီး ၎င်းသည် သူ၏ ကိုယ်ပိုင် အစွမ်းနှင့် ညီမျှသော သို့မဟုတ် ကျော်လွန်သော စွမ်းအားကိုပင် လွယ်ကူစွာ ထုတ်ဖော်နိုင်လေသည်။ ၎င်းနှင့် အတူဆိုလျှင် အနီးကပ် တိုက်ခိုက်သော အစွမ်းထက်သည့် ကူညီသူတစ်ဦး ရရှိထားသကဲ့သို့ပင်။
သတ္တုဧရာကောင်ကြီး သူ့ဆီသို့ ထပ်မံ ပြေးဝင်လာသည်ကို မြင်ရာ ငွေရောင် ဆံပင်နှင့် လူငယ်က ငွေရောင်နဂါးအဖြစ် ပြောင်းသွားပြီး [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] ထံသို့ နဂါးအာငွေ့ကို မှုတ်ထုတ် လိုက်လေသည်။
[ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] သည် ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။ နဂါးအာငွေ့က ၎င်း၏ ရင်ဘတ် အလယ်တည့်တည့်ကို ထိမှန်သွားပြီး ပွင့်ဖောက်နေသော အပေါက်ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] က ထိခိုက်မှုမရှိဟန်ဖြင့် နဂါးကြီးထံသို့ ဆက်လက်ပြေးဝင်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
နဂါးက လွင့်စင် သွားခဲ့သည်။ အကယ်၍ ထိုနေရာက သီးခြား နေရာလွတ်တစ်ခု မဟုတ်ပါက အိမ်အများအပြားကို ပြိုကျစေခဲ့ပြီး ဖြစ်ပေလိမ့်မည်။ [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] ဆက်လက် လိုက်လံတိုက်ခိုက်ခြင်း မပြုမီ သူက သူ၏ ဟန်ချက်ကို ထိန်းညှိကာ [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] ထံသို့ ထပ်မံပြေးဝင်သွားပြန်သည်။
ဟိန်းဟောက်သံများ အကြားတွင် အလွန်ကြီးမားသော ပုံရိပ် နှစ်ခုက အပြင်းအထန် လုံးထွေးနေတော့၏။