← Chapters

နဂါးတောင်ကြားမှ ကံဆိုးသူနှစ်ဦး

Vol. 68 Ch. 1088

နဂါးတောင်ကြားမှ ကံဆိုးသူနှစ်ဦး

Vol. 68 Ch. 1088

မည်သို့ပင် ဆိုစေကာမူ ငွေရောင် ဆံပင်နှင့် လူငယ်က အသွင် ပြောင်းလဲထားသော နဂါးကြီးမှာ ပို၍ အစွမ်းထက်လှသည်။ မကြာမီ သူက [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] ကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] ၏ အထူး အရည်အသွေးမှာ ‘မသေမျိုး’ ဖြစ်ရာ သိဒ္ဓိနဂါးနဂါးကို အလွန် ဒုက္ခရောက် စေခဲ့သည်။

ထိုအခိုက်တွင် သတ္တုကောင်ကြီး ရုတ်တရက် ပျောက်ကွယ်သွား၏။ သိဒ္ဓိနဂါးက အနည်းငယ် အံ့အားသင့် သွားသည်။ သူက လူသားပုံစံသို့ ပြန်ပြောင်းလဲကာ ကတ်သရင်းထံသို့ ထပ်မံ စူးစိုက်ကြည့်လိုက်၏။ သို့သော် သူက ပို၍ပင် အံ့အားသင့်သွားသည်။ အကြောင်းမှာ ကတ်သရင်း၏ ကိုယ်ပေါ်ရှိ [ယုံကြည်မှုချပ်ကာ] သည်လည်း ပျောက်ကွယ်သွား၍ပင်။

သိဒ္ဓိနဂါး၏ ပထမဆုံးတုံ့ပြန်မှုမှာ ရန်သူ အားအင် ကုန်ခမ်းသွားပြီဟု ထင်မှတ်သော်လည်း ထို့နောက်တွင် သူ ကိုယ်တိုင်ပင် ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ ဒီအမျိုးသမီးမှာ စွမ်းအင် အများကြီး ကျန်သေးတာ အသေအချာပဲ။ ဒါဆိုရင် ဘာလို့...

အဖြေက ကလေး၏ ပျော်ရွှင်စွာ အော်သံနှင့်အတူ ချက်ချင်း ပေါ်ထွက် လာခဲ့သည်။ “ဖေဖေ!”

ထို့နောက်တွင် သိဒ္ဓိနဂါး ချိပ်ပိတ် နေရာလွတ် အပြင်းအထန် တုန်ခါပြီး ပြိုကျသွားလေတော့သည်။

သိဒ္ဓိနဂါး ထိတ်လန့်သွားခဲ့သည်။ သူ တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် မျက်နှာကို ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ဖမ်းဆုပ်ထားခဲ့ပြီး ဖြစ်သည်။

သူက ပထမဆုံးအကြိမ် အဖြစ် သေခြင်းတရားနှင့် ထိုမျှနီးကပ်စွာ ရှိနေကြောင်း ရှင်းလင်းစွာ ခံစား လိုက်ရသည်။ ထိုလက်၅ချောင်းသာ အားစိုက်လိုက်လျှင် သူ၏ဦးခေါင်းနှင့် ဝိညာဉ် တစ်ခုလုံးပင် ကြေမွသွား ပေလိမ့်မည်။ သိဒ္ဓိနဂါးတွင် အစွမ်း ထက်လှသော ကိုယ်တိုင်ကုသနိုင်စွမ်း ရှိနေသည့်တိုင် သေဆုံးသွားမည်သာ ဖြစ်သည်။

အစမှ အဆုံးတိုင် သိဒ္ဓိနဂါးက ခုခံနိုင်စွမ်း မရှိခဲ့ပေ။ သူသည် ထိုစွမ်းအားဖြင့် လုံးဝ ဖိနှိပ်ချုပ်ချယ် ခံလိုက်ရသည်။

ဒီအမျိုးသမီးမှာ ဒီလောက်‌တောင် ကြောက်စရာကောင်းသော အဖော် တစ်ယောက် ရှိနေတာပဲ။ ခဏလေး၊ ခုနက ကလေးမလေးက သူ့ကို ‘ဖေဖေ’ လို့ ခေါ်လိုက်တာလား။

ချီးပဲ၊ ငါ့တစ်ကိုယ်လုံး လှုပ်လို့ မရတော့ဘူး၊ ငါ့ရဲ့ ဝိညာဉ်တောင်မှ ပျက်စီးခြင်း အငွေ့အသက်တစ်မျိုးနဲ့ ခဲသွားသလိုပဲ။ နဂါးဧကရာဇ်ကို ဆင့်ခေါ်ဖို့ လျှို့ဝှက်ပညာရပ်ကို အသက်သွင်း ချင်ရင်တောင် လုပ်လို့ မရတော့ဘူး။

သိဒ္ဓိနဂါး မျှော်လင့်ချက် ကင်းမဲ့ နေစဉ်မှာပင် နားထဲသို့ အသံတစ်ခု ဝင်ရောက်လာခဲ့သည်။ “စတန်ဝဲလ်၊ ခင်ဗျားက အရှင် ပါဂရစ်ဇ်နဲ့ ဒေါ်လေးမာရီယာကို ကျေးဇူးတင် သင့်တယ်။ မဟုတ်ရင် ခင်ဗျားက ဒီစကားကို ကြားရဖို့ အသက်ရှင် နေမှာ မဟုတ်ဘူး။”

ထိုသို့ ရင်းနှီးနေသော အသံသည် သိဒ္ဓိနဂါး စတန်ဝဲလ်ကို တုန်လှုပ်သွား စေခဲ့သည်။ သူ၏ ဦးခေါင်းက ‘ဘုန်း’ ခနဲ အသံနှင့်အတူ ပေါက်ကွဲသွား သကဲ့သို့ပင်။

သူပဲ!

သူ့ မျက်နှာက ပြောင်းလဲသွား ပေမယ့် ဒီအသံ... ဒါ မှားနိုင်စရာ မရှိဘူး။

အကယ်၍ ဒီလူသာဆိုရင် နဂါး ဧကရာဇ်ကို ဆင့်ခေါ်ရင်တောင် အထောက်အကူဖြစ်မှာ မဟုတ်ဘူး။

ထိုအသံက သူ၏ အကြီးမားဆုံး အရှက်တရားပင်။ ‘ယောက်ဖ’ ဟု အခေါ်ခံရခြင်းက သူ့နှင့် သူ၏ညီမ လော်ရိန်းကို နဂါးတောင်ကြား၏ ဟားတိုက်စရာ ဖြစ်စေခဲ့သည်။

ထိုအသံ ပိုင်ရှင်က နဂါးဧကရာဇ် ပါဂရစ်ဇ်ပင် မငြင်းဆန်နိုင်သော အကျိုးအမြတ်များကို ကမ်းလှမ်းခဲ့ပြီး အကြီးအကဲ မီရီယာ၏ အားနည်းချက်ကို ရုတ်တရက် ပြောင်းပြန်လှန်ပေးကာ မီရီယာ၏ ရာထူးကို ခိုင်မာစေခဲ့၏။ အကျိုးဆက် အားဖြင့် အကြီးအကဲ ဖြစ်လိုသော သူ၏အိပ်မက် ကြေမွသွားခဲ့ရသည်။

စတန်ဝဲလ်၏ စိတ်ထဲတွင် ထိုလူကို မုန်းတီးပြီး ကြောက်ရွံ့ခဲ့သည်။ သူ ကြိုးစား လေ့ကျင့်ကာ စွမ်းအား တစ်ဆို့မှုကို ကျော်လွှားပြီး အရှက် တရားကို အမြန်ဆုံး ဆေးကြော ပစ်မည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန် ချခဲ့သည်။

သို့သော် သိဒ္ဓိအလင်းတောင်တွင် သိဒ္ဓိသားတော် ဘွဲ့ခံယူအခမ်းအနား တိုက်ပွဲကို မြင်တွေ့ ခဲ့ပြီးနောက် စတန်ဝဲလ် သူ၏အစွမ်းမှာ နတ်ဘုရား တစ်ပိုင်းအဆင့် အလယ်အလတ်သို့ တိုးတက်သွားခဲ့လျှင်ပင် မည်သည့် လက်စားချေလိုစိတ်မှ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ကောင်းကင်တမန်သုံးပါးထဲမှ တစ်ပါး ဖြစ်သော ရာဖယ်ရယ်ရယ်နှင့် တိုက်ခိုက် နိုင်စွမ်းရှိသောကြောင့်ပင်။

ရာဖယ်ရယ်ရယ်က အစွမ်း အထက်ဆုံး နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်များထဲမှ တစ်ဦး ဖြစ်သည်။ နဂါးဧကရာဇ် ပါဂရစ်ဇ်ပင် သူ၏ ရှေ့တွင် အားနည်းလှသည်။ သို့သော် ထိုလူသည် ရာဖယ်ရယ်ရယ်နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ပြီး ရာဖယ်ရယ်ရယ်ကိုပင် အရှုံးနှင့် ရင်ဆိုင်ရ လုနီးပါး ဖြစ်စေခဲ့သည်။ နောက်ဆုံး သူက ကောင်းကင်တမန်သုံးပါး၏ သားရဲတွင်း ဖြစ်သော သိဒ္ဓိအလင်း တောင်မှ ပြောင်ပြောင်တင်းတင်းပင် လွတ်မြောက်သွားခဲ့သည်။

ရာဖယ်‌တော် သူ လွတ်မြောက် သွားတာကို ဘာမှ မတတ်နိုင်ဘဲနဲ့ ကြည့်နေခဲ့ရတယ်။

ဘွဲခံယူအခမ်းအနား သတင်းကို ချိပ်ပိတ်ထားပြီးတော့ ဧည့်သည် အားလုံးကို မပေါက်ကြားစေဖို့ သတိ ပေးထားခဲ့တယ်။ သူတို့က သိဒ္ဓိ သားတော် ‘အာသာ’ က မရဏနက် နောက်လိုက်တွေရဲ့ အဆိပ်ခတ်တာ ခံရပြီးတော့ ဘွဲ့ခံယူ အခမ်းအနားမှာ ဝမ်းနည်းဖွယ်ရာ သေဆုံးသွားခဲ့တယ် ဆိုပြီး ကြေညာခဲ့တယ်။ ဒါကြောင့် မရဏနက်နောက်လိုက်တွေကို ရှင်းလင်းတဲ့ လှုပ်ရှားမှုကြီးကို စတင်ခဲ့တယ်။ ဒါပေမဲ့ မရဏနက် နောက်လိုက်တွေက ပေါ့သေးသေး မဟုတ်ကြဘူး။ သူတို့ကလည်း တန်ပြန်တိုက်ခိုက်တွေ အမျိုးမျိုးကို ခဏခဏ လုပ်ခဲ့ကြတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နတ်ဘုရား-ယောင် ‘အာသာ’ အစွမ်းထက်မှုက သံသယဖြစ်စရာ မရှိဘူး။

အဲဒီတုန်းက နဂါးတောင်ကြားမှာ သူက ပုရွက်ဆိတ် တစ်ကောင် ဖြစ်တဲ့ ငါ့ကို တိုက်ခိုက်ဖို့တောင် စိတ်မပါ ခဲ့တဲ့ပုံပဲ။ နဂါးဧကရာဇ် ရှေ့မှာတောင် သူက စွမ်းအားတွေကို တမင်တကာ ဖုံးကွယ်ထားခဲ့တယ်။ စတန်ဝဲလ်က သူ ထိုအကြောင်းကို အရှင်မင်းမြတ် ပါဂရစ်ဇ်ထံသို့ သတင်းပို့ခဲ့စဉ်က နဂါးဧကရာဇ်၏ မျက်လုံးထဲမှ ထိတ်လန့်သွားသော အမူအရာကို ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။

ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ‘အာသာ’ နဲ့ ထပ်တွေ့လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။

ငါ ရန်စမိခဲ့တဲ့ အမျိုးသမီးနဲ့ ဟိုကလေးမလေးက... အို ချစ်လှစွာသော နဂါးဘုရားသခင်၊ ဘာကြောင့် အရှင့်ရဲ့ သစ္စာအရှိဆုံး ယုံကြည်သူကို စွန့်ပယ်ရတာလဲ။

စတန်ဝဲလ်၏ စိတ်သည် တုန်လှုပ်ခြင်းနှင့် ရှုပ်ထွေးခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ချန်လွေ့ သူ၏ လက်ကို လွှတ်ပေးလိုက်သည့်တိုင် သူက တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ သော်သော် အသံ ထွက်ပေါ်လာသည် အထိ သူ၏မျက်နှာ ထိတ်လန့်နေဆဲ ဖြစ်သည်။ “ဖေဖေက ဒီလူဆိုးတွေကို ရိုက်ပစ်လိုက်တာပဲ...”

“ဖေဖေ ရှိနေရင် ဒီလူဆိုးတွေ လှုပ်တောင် မလှုပ်ရဲဘူး။” ချန်လွေ့က သော်သော်ကို ပြုံးပြပြီး မေးလိုက်သည်။ “ကတ်သရင်း၊ သူတို့နဲ့ ဘယ်လိုဖြစ်ပြီး ပြဿနာ ဖြစ်ရတာလဲ။”

ကတ်သရင်းက အဝေးတစ်နေရာမှ အစောင့်များကာကွယ်ပေးထားသော ဘော်တူလီကို တစ်ချက် လှမ်းကြည့် လိုက်ပြီးနောက် ကြောက်ရွံ့နေပြီ ဖြစ်သော လာဗ်ဒီနိုကို လှမ်းကြည့် လိုက်သည်။ သူက ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။ “ရိုးရှင်းပါတယ်။ ဒီတော်ဝင် မှော်ပညာရှင်က ရှင့် သမီးရဲ့ လည်ဆွဲကို လုချင်တယ်။ ပြီးတော့ မြို့တော်ဝန်သား ဆိုတဲ့ တစ်ယောက်က... ရှင့်သမီးရဲ့ အမေကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်။ ကျွန်မက သူတို့ကို သာမန်လောက်ပဲ သင်ခန်းစာပေးလိုက်တာ။ ပြီးတော့ သူတို့ နဂါးနှစ်ကောင်ကို အကူအညီ ခေါ်တယ်။ သူတို့က ကျွန်မကို မရဏနက် နောက်လိုက်လို့တောင် ပြောသေးတယ်။”

စိတ်အခြေအနေ အနည်းငယ် ပြန်လည်တည်ငြိမ်လာသော စတန်ဝဲလ်က ကတ်သရင်း၏ စကားကို ကြားလိုက်ရာ စိတ်ထဲ၌ မရေတွက်နိုင်သော ကြမ်းတမ်းသည့် စကားလုံးများဖြင့် ဆဲဆိုမိလေသည်။ ချီးပဲ။ အဲဒီ အသိတရားမဲ့တဲ့ အမှိုက် သရိုက် နှစ်ကောင်က အားလုံးထဲမှာမှ နတ်ဘုရား တစ်ပိုင်း ပုဂ္ဂိုလ်ကိုမှ ရွေးပြီး ရန်စခဲ့တယ်။ ပြီးတော့ အဲဒီနတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်ရဲ့ နောက်မှာ ဒီကျက်သရေ မရှိတဲ့ နတ်ဘုရား-ယောင် ရှိနေသေးတယ်။

“အိုး... ဒီလို ဖြစ်ခဲ့တာကိုး။” ချန်လွေ့က စတန်ဝဲလ်ကို လှမ်းကြည့် လိုက်သည်။

စတန်ဝဲလ်က သူ၏ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုစိတ် ချက်ချင်း မြင့်တက် လာသည်ကို ခံစားလိုက်ရသည်။ ထိုသတ်ဖြတ်လိုစိတ်က ထိုမိုက်မဲသူ နှစ်ဦးထံသို့ သာမက သူ့ထံသို့ပါ ဦးတည်နေခဲ့သည်။ သူ၏စိတ်ထဲတွင် အေးစက်သွားခဲ့သည်။

“ခဏလေး နေပါဦး! ဒါက လုံးဝ အထင်လွဲတာပါ! ကျုပ်တို့က ကာကွယ်ဖို့ လာတာ...” စတန်ဝဲလ်က နှုတ်ခမ်းမွေးနှင့် လူလတ်ပိုင်းကို သူ၏ စိတ်ထဲမှ ကြောက်ရွံ့မှု သက်သာရန် ပြင်းပြင်းထန်ထန် ကြည့်လိုက်သည်။ သူက အံကြိတ်ကာ ဆိုလိုက်၏။ “ပီလင်! ခွေးကောင်! မင်းရဲ့ တပည့်ကောင်းကြောင့်ပဲ...”

ပီလင်ကလည်း ချန်လွေ့၏ အသိ မိတ်ဆွေတစ်ဦး ဖြစ်သည်။ သူနှင့် စတန်ဝဲလ်တို့က နဂါးတောင်ကြားမှ ကံဆိုးသူနှစ်ဦး ဖြစ်ကြလေသည်။ ထိုစဉ်က ဇိုလာသည် သူ၏ မိန်းမလျာသားနှင့် လက်ထပ်ခြင်းကို ရှောင်တိမ်းပြေးခဲ့သည်။ သို့သော် နောက်ထပ် သားတစ်ယောက် အန်ဒါလူလေးက ချန်လွေ့ကို အမြင်ကောင်း ပေးခဲ့သည်။

ပီလင်သည် ထိုစုံတွဲမှာ မည်သူ ဖြစ်ကြောင်း မသိသော်လည်း စတန်ဝဲလ် ခုနက အလွယ်တကူ အနိုင်ယူခံလိုက်ရသည့် အချက်နှင့် သူ၏ ဒေါသထွက်နေသော အသံကို ကြည့်ခြင်းအားဖြင့် သူတို့သည် သူ အာခံ၍ မရနိုင်သူများ ဖြစ်ရမည်ဟု သေချာနေသည်။ သူသည် မူလက နဂါးဧကရာဇ်၏ အကြံပေးချက်အရ နဂါးလင်းလက်အင်ပါယာနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ထိုတပည့်ကို လက်ခံခဲ့ခြင်းသာ ဖြစ်သည်။ ထို့ပြင် လာဗ်ဒီနို၏ မှော်ပညာအထုံပါရမီနှင့် အရည်အချင်းကို ဧကရာဇ် လက်ဇ်က အကြံပြုခဲ့ရာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းပင်။ မမျှော်လင့်ဘဲ သူက ထိုမျှကြီးမားသော ဘေးဒုက္ခကို ဖြစ်စေခဲ့သည်။

“ဘုန်း!” ပီလင်က တိုက်ကွက် တစ်ခုကို ထုတ်လိုက်သည်။ သို့သော် ချန်လွေ့ထံ မဟုတ်ဘဲ လာဗ်ဒီနိုထံသို့ ဖြစ်သည်။ ထိုအခိုက် လာဗ်ဒီနိုက သူ၏ ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင် အားလုံး ပြိုလဲကျသွားသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် အောက်ပိုင်းတွင် ယောက်ျားသား လုပ်ဆောင်ချက် တစ်ခုခု ဆုံးရှုံးသွား သကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူက အော်ဟစ် မိလိုက်သော်လည်း သူ၏အသံပင် ပျောက်ဆုံးသွားခဲ့သည်။ သူက ပုစွန်ကြော်ကဲ့သို့ပင် မြေပြင်ပေါ်တွင် ကွေးကောက်ကာ တုန်လှုပ်နေရုံသာ တတ်နိုင်တော့သည်။

လာဗ်ဒီနိုသည် မိန်းမစိုး တစ်ဦး ဖြစ်သွားရသည့်အတွက် အနည်းငယ် မတရားသလို ခံစားမိသည်။ သူက ကတ်သရင်း အလှကို တပ်မက်ခဲ့ခြင်း မဟုတ်ဘဲ သော်သော် ဝတ်ထားသော မီးဒြပ်စင် ရင်းမြစ် အပိုင်းအစကိုသာ သဘောကျခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် နာကျင်မှုအပြင် သူက ကြောက်ရွံ့မှုကို ပိုမိုခံစားနေရသည်။ သူက ရန်မစသင့်သောသူကို ရန်မိခဲ့ပြီ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ နဂါးတောင်ကြားမှ အထူးအကြီးအကဲ နှစ်ဦးပင် ကြောက်ရွံ့ရသူ ဖြစ်နေ၏။

ထိုအချိန်တွင် သူက သတိ ပြန်မရ သေးသော ဘော်တူလီကို အနည်းငယ် အားကျမိသည်။ မသိ နားမလည်သူက အကြောက်တရား ကင်းမဲ့လေသည်။

“လူကြီးမင်း...” ပီလင်က ပြတ်သားသော လုပ်ရပ်ကို လုပ်ပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။ “ပထမဆုံးအနေနဲ့ အရှင်နဲ့ အရှင့်မိသားစု အတွက် ကျုပ် အလေးအနက်ဆုံး တောင်းပန်ချင် ပါတယ်။ ဒီလိုမျိုး အထင်လွဲတာရဲ့ အကြောင်းစုံကို ကျုပ် မသိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ကိုယ်ကျင့် တရား မရှိတဲ့ တပည့်ကို လက်ခံခဲ့တဲ့ ကျုပ် ဆုံးဖြတ်ချက် မှားခဲ့ပါတယ်။ သူက အရှင်မရဲ့ ရတနာကို လုယူချင်တဲ့အပြင် အရှင်မကို မရဏနက် နောက်လိုက် အနေနဲ့ စွပ်စွဲခဲ့ပါသေးတယ်။ ကျုပ်က အရှင့်ရဲ့ ဆုံးရှုံးမှုအားလုံးအတွက် လျော်ကြေး ပေးဖို့ ဆန္ဒရှိပါတယ်။ ဟိုလာဗ်ဒီနို အတွက်တော့ သူက ကျုပ်ရဲ့ တပည့် မဟုတ်တော့လို့ သဘောရှိသလို စီရင်နိုင်ပါတယ်။”

ချန်လွေ့က ပီလင် လိမ်ညာနေခြင်း မဟုတ်ကြောင်းကို မြင်နိုင်လေသည်။ “ကတ်သရင်း၊ ဒီအတိုင်းပဲလား။”

“ဒီအတိုင်းပါပဲ။” ကတ်သရင်းက ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆို မင်း ကိုယ့်ကို ခေါ်လိုက် သင့်တယ်။”

“ကျွန်မက အသားမကျ သေးလို့...” ကတ်သရင်းက သော်သော် လက်ထဲရှိ ဖြုတ်တပ်ထားသော အပိုင်းများကို ကြည့်လိုက်သည်။ “ရှင့်ရဲ့အဖိုးတန် သမီးလေးက အဲဒါကို ပိုပြီးတော့ စိတ်ဝင်စားနေတဲ့ပုံပဲ။”

“ဖေဖေ ဒီမှာကြည့်။ သော်သော် တော်တယ်ဟုတ်...”

ချန်လွေ့က အခြားသူများ မရှိသလို စကားပြော ရယ်မောနေသော်လည်း သူ့ဘေးရှိ နဂါးအကြီးအကဲနှစ်ဦးမှာမူ တိတ်ဆိတ်နေကြသည်။ သူတို့က အသက်ပင် ပြင်းပြင်းမရှူဝံ့ကြပေ။

“စတန်ဝဲလ်။ ခင်ဗျား နေမီးလျှံ မီးတောင်ကို ရောက်ဖူးလား။”

“ရောက်ဖူးတယ်။” စတန်ဝဲလ်က အလျင်အမြန် ပြန်ဖြေသည်။

“သိပ်ကောင်းတယ်။” ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ အနီးရှိ လမ်းများမှာ တပ်ဖွဲ့ဝင်အများအပြား ဝန်းရံထားခြင်း ခံလိုက်ရသည်။

မြင်းစီး ဦးဆောင်လာသူမှာ နဂါးချို မြို့၏ မြို့တော်ဝန် ဗာဂျိုရွန်ပင်။ ချက်ချင်းပင် အစောင့်များက သူ့ထံသို့ ဘော်တူလီကို ဒဏ်ရာရစေခဲ့သော ‘တရားခံ’ အကြောင်း သတင်းပို့၏။ ကံမကောင်းစွာပင် ထိုအစောင့်များ၏ အမြင်အာရုံ အလွန်အားနည်းသဖြင့် ခုနက တိုက်ပွဲ၏ အခြေအနေကို မခန့်မှန်း နိုင်ခဲ့ကြသလို စွမ်းအား အဆင့်ကိုလည်း မမြင်နိုင်ခဲ့ကြပေ။

တစ်ဦးတည်းသော သားဖြစ်သူ၏ မျက်ရည်၊ နှာရည်၊ မစင်နှင့် ဆီး များဖြင့် ဝမ်းနည်းဖွယ်ရာ အဖြစ်ကို မြင်ရာ ဗာဂျိုရွန်သည် ဒေါသကို မထိန်းနိုင်တော့ပေ။ ကတ်သရင်းနှင့် ချန်လွေ့ကို မြင်သောအခါ သူက လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။ “သူတို့ကို ဖမ်းလိုက်။”

“ခဏနေဦး...” အဝေးတစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလိုက်ရသောအခါ ဗာဂျိုရွန်၏ ဒေါသက ချက်ချင်း တစ်ဝက်ခန့် ငြိမ်းသွားခဲ့သည်။ သူက မြင်းပေါ်မှ အမြန် ခုန်ဆင်းလိုက်၏။

စစ်တပ်က ဖြည်းဖြည်းချင်း လမ်းဖယ် ပေးလိုက်ပြီး အလွန် ကောင်းမွန်စွာ ဝတ်ဆင်ထားသော စစ်သည်တော် အဖွဲ့တစ်ဖွဲ့က နောက်ဘက်တွင် ရောက်လာသည်။ ထိုစစ်သည်တော်များက ရွှေရောင်နှင့် ငွေရောင်ချပ်ကာများကို ဝတ်ထားပြီး အစွမ်းထက်သော အရှိန်အဟုန်ကို ထုတ်လွှတ် နေကြသည်။ တစ်ချက် ကြည့်ရုံဖြင့် လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြောင်းကို သိနိုင်ပေသည်။

ထိုစစ်သည်တော်များအကြားတွင် အဝါနုရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးသည် စစ်မြင်းဖြူ တစ်ကောင် စီးနင်းလျက် ရှိပြီး ဦးခေါင်းတွင် သရဖူ တစ်ခု ဆောင်းထားကာ ခါးတွင် ဓားရှည် တစ်ချောင်း ချိတ်ဆွဲထားသည်။ သူ၏ မျက်လုံးများထဲတွင် အထွတ်အထိပ် ဘုန်းတန်ခိုးတစ်ခု ရှိနေခဲ့သည်။

“အရှင်မင်းကြီး။ ဘာကြောင့် ကိုယ်တိုင် ကြွလာတာလဲ။” ဗာဂျိုရွန် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ဦးညွှတ်လိုက်၏။ “ဒီသံသယဖြစ်စရာ သူတွေက မရဏနက် နောက်လိုက်တွေ ဖြစ်နိုင်ပါတယ်။ သူတို့က အ‌‌တော်လေး အန္တရာယ် များတယ်။ ကျွန်တော့်ရဲ့ သား ဘော်တူလီက သူတို့ အကြံအစည်ကို တားဆီးဖို့ ကြိုးစားရင်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်...”

နဂါးချိုမြို့သို့ ဗိုလ်ခြေကို စစ်ဆေးရန် ကြွချီလာသူက အမှန် စင်စစ် ဧကရာဇ် လက်ဇ် ဖြစ်နေ၏။

ဧကရာဇ်လက်ဇ်သည် ယခင်က မရဏနက် နောက်လိုက်များ၏ လုပ်ကြံသတ်ဖြတ်မှု များစွာနှင့် ကြုံတွေ့ ခဲ့ရသည်ဟု ဆိုကြသည်။ စတန်ဝဲလ်နှင့် ပီလင်တို့ ထိုနေရာ၌ ရှိနေသည်မှာ အံ့ဩစရာ မရှိပေ။ သူတို့က လာဗ်ဒီနိုထံမှ သတိပေးချက်ကို ရရှိသည်နှင့် ချက်ချင်း ရောက်ရှိလာခဲ့ပြီး ကတ်သရင်းကို မရဏနက် နောက်လိုက်ဟု အထင်မှားကာ တိုက်ပွဲ ဖြစ်ပွားစေခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်လက်ဇ် ကြွချီလာခြင်းက လျှို့ဝှက်ချက် ဖြစ်လောက်သည်။ လူများက အရေးကြီး ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာသည်ကိုသာ သိရှိကြပြီး လက်ဇ် ကိုယ်တိုင် ဖြစ်ကြောင်း မသိကြပေ။ သို့သော် ယခုတွင် လက်ဇ်က သရုပ်မှန်ကို မဖုံးကွယ် တော့ဘဲ တိုက်ရိုက် ပေါ်ထွက် လာခဲ့သည်။

ဗာဂျိုရွန် စကား အနည်းငယ် ပြောပြီးနောက် ဧကရာဇ်လက်ဇ်က သူ့ကို လုံးဝ လျစ်လျူရှုထားသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအစား သူက ‘မရဏနက်နောက်လိုက်’ ထံသို့ အာရုံ စူးစိုက်ထားပြီး အလွန် ထူးဆန်း နေသလို ဖြစ်နေသည်။

“အရှင်မင်းကြီး...”

ဧကရာဇ်လက်ဇ် လက်ကို ဝှေ့ယမ်း လိုက်သည်။ ဗာဂျိုရွန်က ဆက်၍ မပြောဝံ့ဘဲ နောက်ဆုတ်သွား၏။

ထို့နောက် ဧကရာဇ်လက်ဇ်က မြင်းပေါ်မှ ဆင်းကာ ‘အန္တရာယ် ရှိသောလူများ’ ထံသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ သူ၏နောက်မှ ရွှေရောင်စစ်သည်‌တော်များနှင့် ငွေရောင်စစ်သည်တော်များက ဗာဂျိုရွန် ခေါ်ဆောင်လာသော စစ်တပ်ကို သီးခြား ခွဲထုတ်ရန် စက်ဝိုင်းတစ်ခု လျင်မြန်စွာ ဖွဲ့စည်း လိုက်ကြသည်။

ဧကရာဇ်လက်ဇ်က ကွင်းပြင်ထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားပြီး အစီအရင် ပစ္စည်းတစ်ခုကို အသက် သွင်းလိုက်သည်။ ဗာဂျိုရွန်က သူ၏ အမြင်အာရုံ ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး အသံကိုလည်း မကြားနိုင်တော့ပေ။ အရှင်မင်းကြီးက အဲဒီအန္တရာယ်ရှိတဲ့ လူတွေနဲ့ ရင်းနှီး နေတာလား။ ဒါဆို ဘော်တူလီ... ဗာဂျိုရွန်၏ စိတ်ထဲ မကောင်းသော နိမိတ်တစ်ခု စတင်ပေါ်လာခဲ့၏။

All Chapters