← Chapters

သူက ဖေဖေ့ရဲ့...

Vol. 68 Ch. 1089

သူက ဖေဖေ့ရဲ့...

Vol. 68 Ch. 1089

ကွင်းပြင်ထဲတွင် လက်ဇ်က ချန်လွေ့ကို အေးအေးဆေး‌ဆေး ကြည့်နေခဲ့သည်။

“အကြီးအကဲ စတန်ဝဲလ်၊ အကြီးအကဲ ပီလင်၊ တောင်းပန် ပါတယ်။ ကျုပ် ဒီလူကြီးမင်းနဲ့ တစ်ယောက်တည်း စကားနည်းနည်း ပြောစရာရှိလို့ပါ။”

စတန်ဝဲလ်က ချန်လွေ့မှ မည်သည့် ကန့်ကွက်မှုမှ မပြုလုပ်ကြောင်းကို တွေ့ရာ သူက ပီလင်ကို ချက်ချင်း အချက်ပြလိုက်သည်။ ထိုနှစ်ဦးက ချန်လွေ့ကို အရိုအသေ ပြုကာ အစီအရင်၏ အပြင်ဘက်သို့ ထွက်ခွာ သွားကြသည်။

ဧကရာဇ်လက်ဇ်သည်လည်း သိဒ္ဓိအလင်းတောင်၏ တိုက်ပွဲ၌ မျက်မြင်သက်သေတစ်ဦး ဖြစ်သည်။ စတန်ဝဲလ်က ဧကရာဇ်လက်ဇ်သည် ‘အာသာ’ကို မှတ်မိနေကြောင်း သိရှိသည်။ သို့‌သော် ‘အာသာ’ကို လက်ဇ်၏သားတော် ဖြစ်လိမ့်မည်ဟု မထင်ပေ။ သူက အင်ပါယာ၏ ထို’သားတော်’ကို နှင်ထုတ်ခဲ့ပြီး သိဒ္ဓိကျောင်းတော်သို့ သတင်းပို့ခဲ့၏။ ယခု ကျောင်းတော် ကိုယ်တိုင်ကပင် ထိုကိစ္စကို အပြည့်အဝ ရှင်းလင်းပြီး ဖြစ်သည်။

သို့သော် ယခု ကြည့်ရသည်မှာ ထိုနှစ်ဦး အကြားတွင် အခြားသော ရှုပ်ထွေးမှုများ ရှိနေနိုင်ပေသည်။

ထို့နောက် လက်ဇ်က ချန်လွေ့အား စတင် စကားဆိုသည်။ “တကယ့်ကို အံ့ဩစရာပဲ။ မင်းနဲ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။”

“ကျုပ်လည်း အံ့ဩမိပါတယ်။” ချန်လွေ့က ခပ်ပေါ့ပေါ့ ဆိုသည်။

“ဖေးလ်... မင်းကို လွမ်းနေတယ်။” လက်ဇ်က ခေါင်းခါ လိုက်သည်။ “ငါ ဘယ်လိုပဲ ရှင်းပြရှင်းပြ၊ သူက မင်းကို သူ့အစ်ကိုလို့ပဲ အမြဲယုံနေတယ်။”

“အနည်းဆုံးတော့ ဆန္ဒတစ်ခု ရှိနေတာက မျှော်လင့်ချက် ရှိနေတာ ပဲလေ။ သူ့ကို ကောင်းကောင်းလေး ဂရုစိုက်ပေးပါ။”

လက်ဇ်က သက်ပြင်းချလိုက်သည်။ “ဂါဖီးလ် သေပြီ။”

“သြော်...” ချန်လွေ့က မျက်ခုံးပင့် လိုက်သည်။

“လုခ်....” လက်ဇ်က နာမည် တစ်ခုကို ဆိုလိုက်သည်။

“စတုတ္ထမင်းသားလား။” ချန်လွေ့က မထီမဲ့မြင် ပြုသော အပြုံးဖြင့် ဆိုလိုက်သည်။ “သူလည်း အချိန်အကြာကြီး စိတ်ကို ချုပ်တည်း ထားခဲ့ရတာပဲ။ နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘူးလား။”

“သူက တိမ်စီးနင်း အင်ပါယာရဲ့ အကြွင်းအကျန်တွေနဲ့ အမြဲတမ်း ပူးပေါင်း ကြံစည်နေခဲ့တာ။ ငါ ကြုံခဲ့ ရတဲ့ လုပ်ကြံမှုတွေက သူစီစဉ်ခဲ့တာ။ သူက အပြစ်ကို ဂါဖီးလ်အပေါ်ပုံချပြီး ဂါဖီးလ် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတဲ့ ပုံစံမျိုး ဖန်တီးချင်ခဲ့တာ။ အကျိုးဆက်ကတော့...”

“လုခ်လည်း သေပြီလား။”

“မဟုတ်ဘူး။ သူ့ကို ငါ လျှို့ဝှက် အကျဉ်းချ ထားလိုက်ရုံပဲ။ သူက သူ့ဘဝကို ခြံဝင်း တစ်ခုထဲမှာပဲ ကုန်ဆုံးရတော့မှာ။” လက်ဇ်၏ မျက်လုံးများထဲတွင် အထီးကျန်ခြင်း အရိပ်အယောင်များ ရှိနေခဲ့သည်။

“ခင်ဗျားက အကောင်းဆုံး အချိန်မှာ ရှိနေပြီး အင်ပါယာ တစ်ခုလုံးကို ခိုင်ခိုင်မာမာ ထိန်းချုပ် ထားနိုင်တယ်။” ချန်လွေ့က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်လေသည်။ “အင်ပါယာတစ်ခု အတွက်တော့ ဒါက ကံကောင်းခြင်းပေါ့။ အုပ်ချုပ်သူ တစ်ယောက်ရဲ့ မိသားစုအတွက်တော့ ကံဆိုးခြင်းပဲ။ အမွေဆက်ခံသူတိုင်း လုံလောက်တဲ့ သည်းခံစိတ် မရှိဘူး။ အုပ်ချုပ်သူတိုင်းကလည်း လက်လွှတ် ပေးဖို့ သတ္တိနဲ့ ပြတ်သားမှု မရှိကြဘူး။ လုခ်ပဲဖြစ်ဖြစ်၊ ဂါဖီးလ်ပဲဖြစ်ဖြစ်၊ ဒီလို ဇာတ်သိမ်းက သက်သာရာရခြင်း တစ်မျိုးပဲ။ ဆက်ခံသူရှိဘူးလို့တော့ မပြောနဲ့ဦး။ ခင်ဗျားက ငယ်ငယ်ပဲ သေးတယ်။ အင်ပါယာ ကလည်း အတူတူပဲ။ ခင်ဗျားမှာ အမွေဆက်ခံ သူတွေကို ပြုစုပျိုးထောင်ဖို့ မွေးဖွားဖို့ အချိန်အလုံအလောက် ရှိတယ်။ ကျုပ် မျှော်လင့်တာကတော့ အလားတူ ရလဒ်မျိုး... ထပ်မဖြစ်ဖို့ပါပဲ။”

လက်ဇ်က သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သက်ပြင်းကို ညင်သာစွာ ချကာ ဆိုလိုက်သည်။ “ကျက်သရေပြာအင်ပါယာရဲ့ ဘုရင် ခလွန်တာလည်း လုပ်ကြံခံခဲ့ရတယ်။ ဒါပေမဲ့ ငါ့လောက် ကံမကောင်းခဲ့ဘူး ထင်တယ်။ ဒဏ်ရာ အပြင်းအထန် ရပြီးတော့ ဒဏ်ရာဟောင်းတွေကို ပြန်ဆွလိုက်သလို ဖြစ်သွားတယ်။ အခု သူက သတိလစ်နေတုန်းပဲ။ ဒီအချိန်အတောအတွင်းမှာ မင်းသမီး လန်ဘိစ်က ဒုတိယမင်းသား ဗစ်တာ အပါအဝင် အတိုက်အခံ အားလုံးကို သွေးနှင့်သံမဏိ မူဝါဒနဲ့ အမြန်ဆုံး ရှင်းလင်းပြီး အခြေအနေကို ခိုင်ခိုင် မာမာ ထိန်းချုပ်လိုက်ပြီ။ အားလုံး အဆင်ပြေသွားရင် ခလွန်တာ သတိ ပြန်ရလာတဲ့အခါ ဒါမှမဟုတ် သေဆုံး သွားရင် ကျက်သရေပြာ အင်ပါယာကို ဧကရီတစ်ပါး အစားထိုးတော့မှာပဲ။”

လန်ဘိစ်... နောက်ဆုံးတော့ ဆန္ဒ ပြည့်ဝသွားပြီလား။

“ဒါတွေ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး။” ချန်လွေ့က ခပ်ပေါ့ပေါ့ ပြုံးလိုက်၏။

လက်ဇ်က အစီအရင် အပြင်ဘက်ရှိ ဘော်တူလီနှင့် လာဗ်ဒီနိုကို ကြည့်လိုက်၏။ “ဒီနေ့ ဖြစ်ခဲ့တာကို ငါ သိပြီးသွားပြီ။ ဒီနှစ်ယောက်ကို ငါ့ကိုပဲ ထားခဲ့လိုက်ပါ။”

ချန်လွေ့က ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားရဲ့ ကိုင်တွယ် ဖြေရှင်းမှုက ကျုပ်နဲ့ ကျုပ်မိသားစုအတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု မပေးနိုင်ဘူးဆိုရင်တော့ ကျူပ်ကိုယ်တိုင် ကိုင်တွယ်မှာ။”

“မိသားစု ဟုတ်လား။ ဒါက...” လက်ဇ်၏ မျက်လုံးက ကတ်သရင်း အပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု တစ်ခု ဖြတ်သန်း သွားခဲ့သည်။ အကြောင်းမှာ ထိုလျှို့ဝှက်ဆန်းကြယ် ပုံရသော အမျိုးသမီးထံတွင် အလွန် ထူးခြားသော အရောင်အဝါတစ်ခု ရှိနေသည်ကို သူက အသေအချာ ခံစားမိ၍ပင်။

အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး။

ပြီးတော့ သာမန် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်ဘူး။

အဲဒီအကြည့်၊ အဲဒီ အရောင်အဝါ၊ အဲဒီစွမ်းအင်နဲ့ ထိုဩဇာအာဏာက လုံးဝကို...

အရာ အားလုံးကို အုပ်စိုးတဲ့ အုပ်ချုပ်သူ တစ်ပါးပဲ။

ကတ်သရင်းကလည်း ပုံမှန် မဟုတ်သည်ကို သတိပြုမိလိုက်၏။ ထိုနှစ်ဦး၏ မျက်လုံးများ ဆုံမိရာ သူတို့ နှစ်ဦးစလုံးက ‘မျိုးတူ’ ဟူသော ခံစားချက်ကို ခံစားလိုက်ရသည်။

ချန်လွေ့တွင်ပင် ထိုကဲ့သို့သော ခံစားချက်မျိုး ရှိချင်မှ ရှိပေမည်။ နှစ်ပေါင်းများစွာ အာဏာ၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ဖူး သူများသာလျှင် ထိုအရာကို ခံစားမိ နိုင်ပေလိမ့်မည်။

လက်ဇ် မျက်မှောင်ကြုံ့ သွား၏။ လူသား လောကမှာ ဒီလိုမျိုး အုပ်ချုပ်သူ တစ်ဦး ရှိနေခဲ့တာကို ငါမသိခဲ့ဘူး။ ဒါက သာမန် အုပ်ချုပ်သူဟုတ်ဘူး။ မဟာအုပ်ချုပ်သူပဲ။

“သူက ကျုပ်ရဲ့ မိန်းမပါ...”

ကတ်သရင်းက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် လက်ဇ်အား လေးနက်စွာ ဦးညွှတ် အရိုအသေ ပြုလိုက်သည်။

လက်ဇ်က အကယ်၍ ချန်လွေ့၏ စကားသာမရှိပါက သူနှင့် အမျိုးသမီး အကြားရှိ လောကဝတ်က ထိုသို့ လုံးဝ ဖြစ်လာမည် မဟုတ်ကြောင်း နားလည်လိုက်သည်။

“ဖေဖေ။ မေမေ...” သော်သော်က သိချင်စိတ်ဖြင့် အော်ခေါ်လိုက်သည်။ ချန်လွေ့က သူ့ကို ခေါင်းခါပြ လိုက်သည်။ သော်သော်က မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက် သော်လည်း ဆက်မပြောတော့ပေ။ သူ ဖခင်၏ ဆံပင်ကိုသာ ရှေ့နောက် ပွတ်သပ်နေခဲ့သည်။

လက်ဇ်က ‘ဖေဖေ၊ မေမေ’ ဟူသော စကားကို ကြားလိုက်ရာ တုန်လှုပ် သွားခဲ့မိသည်။ သူ သော်သော်ကို ကြည့်သော အကြည့်က ချက်ချင်း နူးညံ့သွားခဲ့သည်။ “ဒါ မင်းရဲ့ သမီးလား။ နာမည် ဘယ်လိုခေါ်လဲ။”

“သူ့ နာမည်က သော်သော်။” ချန်လွေ့က သမီးကို ကတ်သရင်း၏ ရင်ခွင်ထဲမှ ယူလိုက်ပြီး သူ၏ စောင်းနေသော ကျစ်ဆံမြီးများကို ချစ်ခင်စွာဖြင့် ပြန်လည် တည့်မတ် ပေးလိုက်သည်။ “သူ့ခန္ဓာကိုယ်က တစ်ခုခု ပြဿနာ ဖြစ်နေတယ်။”

“ဘာပြဿနာလဲ။”

“ခင်ဗျား ဒါကို သိဖို့ မလိုပါဘူး။ ကျုပ် သူ့ကို လင်းယုန်နီအင်ပါယာက နေမီးလျှံ မီးတောင်ဆီ ကုသဖို့ ခေါ်သွားမလို့။”

“နေမီးလျှံမီးတောင်လား။”

ချန်လွေ့က ခနဲ့လိုက်သည်။ “ခင်ဗျား မသိသေးဘူးထင်တယ်။ ပိုက်ဆံ အများကြီးပေးဖို့ ဆန္ဒရှိသရွေ့ ခင်ဗျားတို့ မိုးကြိုး ဗိုလ်ခြေက ထိပ်တန်း ကင်းထောက် ဂရစ်ဖင်တွေကို ကုန်ပစ္စည်းတွေ လူတွေ သယ်ဖို့ ကိုယ်ပိုင်ယာဉ်အဖြစ် အချိန်မရွေး ပြောင်းလဲနိုင်တယ် ဆိုတာကိုလေ။”

“အခု သိသွားပြီ။ ဒီတစ်ခေါက် ငါ ဖြေရှင်းချင်တဲ့ တခြားကိစ္စတွေလည်း ရှိသေးတယ်။” လက်ဇ်က အသက်ကို ပြင်းပြင်းရှူကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ “ဒါနဲ့ မိုးကြိုး ဗိုလ်ခြေက နေမီးလျှံမီးတောင်ကို ပျံသန်းလေ့ကျင့်ဖို့ သွားနေတာ...”

“နေမီးလျှံမီးတောင်ရဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို ထားလိုက်ဦး။ တည်နေရာ အရဆိုရင် အဲဒါက လင်းယုန်နီ အင်ပါယာရဲ့ အနောက်ဘက် အစွန်ဆုံးမှာ ရှိတာ။ ခင်ဗျားတို့ရဲ့ ဗိုလ်ခြေက အိမ်နီးချင်း တိုင်းပြည်ရဲ့ အချက်အချာ ကျတဲ့ နယ်မြေကို ဖြတ်ပြီး လေ့ကျင့်ဖို့ သွားနေတာလား။”

“မင်း ဒါကို သိဖို့မလိုဘူး။ မင်းကို ပြောချင်တာ ဗိုလ်ခြေထဲက ထိပ်တန်း စစ်သုံး ဂရစ်ဖင်က သာမန် ကင်းထောက် အမျိုးအစားထက် အများကြီး ပိုမြန်တယ်ဆိုတာပဲ။”

“ဟုတ်ပါပြီ။ ကျုပ်သိဖို့မလိုပါဘူး။ ခင်ဗျားတို့ရဲ့ လေ့ကျင့်မှုက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ဂရစ်ဖင်ကို မလိုတော့ဘူး။ ဂရစ်ဖင်ထက် အများကြီး ပိုမြန်တဲ့ သတ္တဝါတစ်ကောင် ရှိနေပြီလေ။” ချန်လွေ့က ခပ်ပေါ့ပေါ့ ဆိုသည်။ “တောင်းပန်ပါတယ်။ ကျုပ်မှာ အချိန် မရှိဘူး။ သွားရတော့မယ်... ဂရုစိုက်ပါ”

ဧကရာဇ်လက်ဇ်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ သူက လှည့်ထွက်သွားသော ချန်လွေ့ကို ကြည့်ကာ ဘာမှ မပြောဘဲ နေလိုက်သည်။

ကတ်သရင်းသည် လက်ဇ်ထံသို့ ခေါင်းလှည့်လိုက်၏။ ထိုအကြိမ်တွင် လက်ဇ်က မလှုပ်မယှက် ရပ်မနေဘဲ သူလည်း အလားတူပုံစံဖြင့် ဦးညွှတ် အရိုအသေပြုလိုက်သည်။

ကတ်သရင်းက စကားမဆိုဘဲ ချန်လွေ့၏ နောက်မှ လိုက်ပါ သွားခဲ့သည်။

“ဖေဖေ” သော်သော်က ချန်လွေ့ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။ “အဲဒီဦးလေးက ဘယ်သူလဲဟင်။”

“သူ့ကို ဦးလေးလို့ ခေါ်လို့မရဘူး။” ချန်လွေ့က ခဏ ရပ်တန့်သွားပြီး ညင်သာစွာ ပြန်ဖြေသည်။ “သူက ဖေဖေ့ရဲ့...”

လက်ဇ်သည် ချက်ချင်း နားစွင့် လိုက်သော်လည်း ကံမကောင်းစွာဖြင့် ရှင်းလင်းစွာ မကြားလိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် ချန်လွေ့က သော်သော်ကို ပိုက်လျက် အသံလုံ အစီအရင် အပြင်ဘက်သို့ ခြေလှမ်း အကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့ပြီ ဖြစ်၍ပင်။

လက်ဇ် အစီအရင်ကို ဖယ်ရှား လိုက်ရာ ချန်လွေ့က သော်သော်နှင့် ကတ်သရင်းနှင့်အတူ စတန်ဝဲလ် ထံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သော်သော်က ထို’ဦးလေး’နှင့် ပတ်သက်သော ဆက်ဆံရေးကို နားလည်သွားလောက်ပြီ ဖြစ်သည်။ သူ၏ ဖခင်ထံမှ အမိန့်တစ်ခုခုကြောင့် ဖြစ်မည်။ သူက စကားမပြောဘဲ အံ့ဩခြင်းများဖြင့် တောက်ပနေသော မျက်လုံးဖြင့် လက်ဇ်အား အားကုန် လက်ဝှေ့ယမ်းပြနေခဲ့သည်။

ကလေးမလေး၏ မည်သည့် အညစ်အကြေးမှမပါသည့် ဖြူစင်သောအပြုံးကို မြင်သောအခါ လက်ဇ်သည် သူ၏ နှလုံးသားထဲရှိ နူးညံ့သောနေရာကို ပြင်းထန်စွာ ထိတွေ့ခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုသို့သော စိတ်ခံစားမှုမျိုးက သူ ချစ်မြတ်နိုးရသော အီခရီနာကို ကပွဲတွင် ပထမဆုံး တွေ့ဆုံခဲ့စဉ် ကဲ့သို့ဖြစ်ပြီး ပထမဆုံး ရင်သွေးလေး မွေးဖွားလာစဉ်က ဖခင်တစ်ယောက် ဖြစ်လာရသော ခံစားချက်နှင့်လည်း တူလှသည်။

ထို့နောက်တွင် နဂါးအကြီးအကဲ စတန်ဝဲလ်က လူ့ပုံစံမှ ဧရာမနဂါး ကိုယ်ထည်အဖြစ်သို့ ပြောင်းသွားပြီး သူ၏ ထုံးစံအတိုင်း မာနကြီးသော ဦးခေါင်းကို ညွှတ်ကိုင်းလိုက်သည်။ ချန်လွေ့နှင့် ကတ်သရင်းတို့သည် သော်သော် နှင့်အတူ ခုန်တက် လိုက်ကြပြီး သိဒ္ဓိနဂါးသည် သူ၏ တောင်ပံ ခတ်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

လက်ဇ်က ကလေးမလေးသည် သူ့ကို လက်ဝှေ့ယမ်းနေ‌သေးကြောင်း မြင်လိုက်ရသည်။

ရိုသေကိုင်းရှိုင်း၍မဟုတ်၊ ကြောက်ရွံ့၍မဟုတ်ဘဲ၊ ရင်းနှီးချစ်ခင်၍သာ ဖြစ်၏။

လက်ဇ်က သူ့ကို အားကုန် လက်ဝှေ့ယမ်းပြချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် သူလုပ်နိုင်ခဲ့ပေ။

သူက ချန်လွေ့၊ ကတ်သရင်းနှင့် ကလေးမတို့ နဂါးကြီးကို စီးနင်းကာ အမြင်အာရုံမှ ပျောက်ကွယ်သွားသည် အထိ တိတ်ဆိတ်စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

အဝေးသို့ စိုက်ကြည့်နေသော အကြည့်ကို ပြန်ရုပ်သိမ်းပြီးနောက် လက်ဇ်က ရွှေရောင်စစ်သည်တော်များ၏ အလယ်သို့ ဖြည်းညှင်းစွာ ပြန်လျှောက်လာခဲ့ပြီး အကြည့်က အေးစက်တည်ငြိမ်သော အကြည့်သို့ ပြန်လည်ရောက်ရှိသွားကာ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေဆဲ ဖြစ်သော ဘော်တူလီနှင့် ပုံလျက်သား ဖြစ်နေသော လာဗ်ဒီနိုတို့ကို ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်က မျက်လုံးများ တဖျပ်ဖျပ်ခတ်နေသော ဗာဂျိုရွန် အပေါ်သို့ ကျရောက်သွားခဲ့သည်။

“မင်းပြောတဲ့ မရဏနက် နောက်လိုက်ဆိုတာက နဂါးတောင်ကြားရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။” လက်ဇ်၏ စကားတစ်ခွန်းက ဗာဂျိုရွန်ကို ချွေးစေးများ ပြန်သွားစေခဲ့သည်။ “ငါမင်းကို မိတ်ဆက်မပေးရသေးဘူး။ ဒီတစ်ယောက်က နဂါးဧကရာဇ် အရှင်မင်းမြတ် ပါဂရစ်ဇ်ရဲ့ အမိန့်အရ ငါ့ကို လျှို့ဝှက် ကာကွယ်ပေးနေတဲ့ နဂါးတောင်ကြားက အကြီးအကဲ ပီလင်ပဲ။ ခုနက ပျံသွားတဲ့ တစ်ယောက်ကတော့ နဂါးဧကရာဇ် အရှင်မင်းမြတ် ပါဂရစ်ဇ်ရဲ့ အရင်းနှီးဆုံးလူ၊ နတ်ဘုရားတစ်ပိုင်း အဆင့် သိဒ္ဓိနဂါး အကြီးအကဲ စတန်ဝဲလ်ပဲ။”

ထိုအခါမှ ဗာဂျိုရွန်သည် ထိုသူစိမ်း နှစ်ဦးမှာ လက်ဇ်ကို ပုန်းလျှိုး ကာကွယ်ပေးနေသော နဂါးများ ဖြစ်ကြောင်း သိသွားသည်။ လူအများ အရှေ့တွင် နဂါးသို့ ပြောင်းလဲရန် မတွန့်ဆုတ်ဘဲ ထိုသုံးဦးကို ရိုသေစွာ သယ်ဆောင်ပျံသန်းသွားသူမှာ နဂါးဧကရာဇ်၏ အရင်းနှီးဆုံး အကြီးအကဲနှင့် အစွမ်းထက်သည့် သိဒ္ဓိနဂါး တစ်ကောင် ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဧကရာဇ်လက်ဇ် သတိကြီးကြီးနဲ့ သွားရောက်ခဲ့တာ ဒါကြောင့်ကိုး။ အသံလုံ စကားဝိုင်းက ညှိနှိုင်း ဆွေးနွေးမှု တစ်ခု ဖြစ်မယ်။

ဒါဆိုရင် ငါ ကိုယ်တိုင် ခုနက သတ်မှတ်ခဲ့တဲ့ ‘မရဏနက် နောက်လိုက်’ ဆိုတဲ့သူက...

ဗာဂျိုရွန် ထိုသို့ တွေးမိသောအခါ ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ ထိုသို့ ထူးကဲသော အစွမ်းမျိုးသည် သာမန် လောကကို ကျော်လွန်သွားပြီဟု ဆိုနိုင်သည်။ အချို့သောစည်းမျဉ်းက သူတို့အတွက် အရာမဝင်ပေ။ အကယ်၍ သူတို့သာ တကယ် လက်စားချေလိုလျှင် သို့မဟုတ် တိုက်ခိုက်ချင်လျှင် အကျိုးဆက်များ ဆိုးရွားသွားပေလိမ့်မည်။

ကံကောင်းစွာဖြင့် နဂါးလင်းလက် အင်ပါယာ၏ နောက်ကွယ်၌ နဂါးများ ရှိနေသည်။ ထိုလူသည် ဧကရာဇ် လက်ဇ်ကို မျက်နှာသာ ပေးခဲ့လောက် ပေသည်။

“အရှင်မင်းကြီး။ ခုနက နားလည်မှု လွဲတာ တစ်ခု ဖြစ်သွားတဲ့ပုံပါပဲ။ တကယ်တော့ ကျွန်တော့်သား ဘော်တူလီက... အရှင်မင်းကြီးရဲ့ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားပေးနေတာပါ။”

“တိတ်စမ်း။ ငါ့ရဲ့ ဘေးကင်း လုံခြုံရေးက မင်း သားရဲ့ မိန်းမလှကို တပ်မက်စိတ်နဲ့ ဘာဆိုင်လို့လဲ။” ဧကရာဇ်လက်ဇ်က ဒေါသတကြီး ဆိုလိုက်သည်။ “မင်း အခုထိ ငြင်းချင်နေတုန်းပဲလား။ ငါရထားတဲ့ တိကျတဲ့ သတင်းအရ ဒီကိစ္စရဲ့ အကြောင်းရင်းက မင်းရဲ့သားက အဲဒီအရှင်မအပေါ်မှာ မရိုးသားတဲ့ စိတ်ထား လို့ပဲ။ ပြီးတော့ မင်း လာဗ်ဒီနို၊ မင်းက သူတို့ရဲ့ ရတနာကို တပ်မက်ရုံသာမက အဲဒီအရှင်မကို မရဏနက် နောက်လိုက် အနေနဲ့ စွပ်စွဲခဲ့တယ်။ မင်းက တကယ်ကို စိတ်ပျက်စရာပဲ။ အကြီးအကဲ ပီလင်။ ဒီလိုယုတ်မာတဲ့ကောင်ကို ခင်ဗျားဆီ အကြံပြုခဲ့မိတဲ့ အတွက် တောင်းပန် ပါတယ်။”

တောင်းပန်တယ်ပြောလို့ ဘာများ အသုံးဝင်မလဲ။ ဒီအရူးကောင်ကြောင့် ငါ သေမလိုဖြစ်သွားတာ... ပီလင်က စိတ်ထဲ၌ ရေရွတ်လိုက်သော်လည်း အပေါ်ယံတွင်မူ သူ၏ ခေါင်းကို ပြတ်သားစွာ ခါယမ်းလိုက်သည်။ “ကျွန်တော်က အဲဒီအရှင့်ရဲ့အမိန့်ကို လက်ခံ ရရှိပြီးသားပါ၊ လာဗ်ဒီနိုနဲ့ ဘယ်တော့မှ ပတ်သက်တော့မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက သူ့ကို အလိုရှိသလို စီရင်နိုင်ပါတယ်၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ပြီးတော့... သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး နမူနာပြသင့်တယ်လို့ အကြံပြုပါတယ်။”

နောက်ဆုံးစကားတစ်ခွန်းက နာကျင်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် နှိပ်စက်ခံနေရပြီဖြစ်သော လာဗ်ဒီနိုကို မထိန်းနိုင်တော့အောင် ဖြစ်သွားစေခဲ့သည်။ သူက နောက်ဆုံး သတိလစ်သွားခဲ့သည်။

ထို့နောက် ဧကရာဇ်လက်ဇ်က ဗာဂျိုရွန်ကိုလည်း သတိလစ်လုနီးပါး ဖြစ်သွားစေသော စကားတစ်ခွန်းကို ဆိုလိုက်သည်။ “မင်းရဲ့ ကျက်သရေ မရှိတဲ့ သားအကြောင်း ထားလိုက်ဦး။ ငါ့သား အကြောင်းကို ပြောရအောင်။ မင်းက ငါ့သားတော်တစ်ယောက်ကို သီးသန့်ဖြစ်တဲ့အချိန် ‘အရှင်မင်းကြီး’ လို့ ခေါ်လား။”

“အရှင်မင်းကြီး။ ကျွန်တော် လုံးဝ...”

သူ၏စကား မဆုံးသေးခင်မှာပင် စာအုပ်ငယ်တစ်အုပ်က ဗာဂျိုရွန်၏ ခြေရင်းသို့ ပစ်ချခံလိုက်ရပြီးနောက် လက်ဇ်၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။ “ကိုယ့်ဘာသာ ကြည့်လိုက်။”

ဗာဂျိုရွန်က စာအုပ်ငယ်ကို ကြောက်ရွံ့စွာ ကောက်ယူလိုက်ပြီး စာမျက်နှာ နည်းနည်း လှန်ပြီးနောက် တုန်ယင်လာခဲ့သည်။

“မင်းရဲ့ အကြံအစည်မှာ ပါဝင်တဲ့ သူတွေ ဖြစ်တဲ့ မိုးကြိုးဗိုလ်ခြေရဲ့ ဗိုလ်ခြေမှူး ဖိုလီ၊ ဒုတိယဗိုလ်ခြေ တပ်မှူး တီမွန်ဒရီ... နဲ့ တခြား သူတွေက ဝန်ခံပြီးပြီ။” လက်ဇ်က တင်းမာစွာဆိုသည်။ “ငါ ဒီတစ်ခေါက် နဂါးချိုမြို့ကို လာတာ စစ်ဆေးဖို့ တစ်ခုတည်း မဟုတ်ဘဲ အချို့ အရာတွေကို သက်သေပြဖို့လည်း ဟုတ်တယ်။ ရလဒ်တွေက... တကယ် ငါ့ကို အံ့ဩစေခဲ့တယ်။ ဘာကိုမှ မျှော်လင့်ချက် ထပ်မထားနဲ့တော့။ မင်း အခု မြင်နေရတာတွေက ငါ့အပေါ်မှာ လုံးဝ သစ္စာရှိတဲ့ တပ်ဖွဲ့တွေပဲ။ မင်းရဲ့ အင်အားစု အားလုံးကို ငါ ဖယ်ရှားပြီးသွားပြီ။”

“အရှင်မင်းကြီး၊ ကျွန်တော်က အဲဒီ အချိန်တုန်းက ခဏတာ စိတ်ရှုပ်ထွေး သွားပြီး စတုတ္ထမင်းသား ခြိမ်းခြောက် တာကို ခံခဲ့ရတာပါ။ အရှင်မင်းကြီး၊ လက်ခ်နီမိသားစု နှစ်ပေါင်းများစွာ အကျိုးပြုခဲ့တာကို ကြည့်ပြီးတော့...” ဗာဂျိုရွန်က အခြေအနေပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိပြီး ငြင်းခုံနေခြင်းက အသုံးမဝင်တော့သောကြောင့် လျင်မြန်စွာ အသနားခံလိုက်သည်။

လက်ဇ်က ကြောက်မက်ဖွယ် ကောင်းစွာဖြင့် ဆိုသည်။ “မင်းက ဒီလောက်တောင် စိတ်ရှုပ်ထွေး နေမှတော့ လက်ခ်နီ မိသားစုလည်း ဆက်ရှိနေဖို့ မလိုတော့ဘူး။”

လူမျိုးတုံးသတ်ဖြတ်ဖို့လား။ ဘေးနားရှိ အစိုးရ အုပ်ချုပ်ရေး ကောင်စီ၏ ဥက္ကဋ္ဌ ကိုဗက်ဇ်က အံ့အားသင့်သွားပြီး ဆိုလိုက်သည်။ “အရှင်မင်းကြီး...”

လက်ဇ်က လက်ကို မြှောက်ကာ ကိုဗက်ဇ်၏ အကြံပေး စကားကို တားလိုက်ကာ ဆွဲချသွားခြင်း ခံနေရသော ဗာဂျိုရွန်၏ အော်သံကို လုံးဝ လျစ်လျူရှု လိုက်သည်။ သူက ဖြည်းညှင်းစွာ အကြည့်လွှဲလိုက်ပြီး ဧရာမပုံရိပ် ပျောက်ကွယ်သွားခဲ့သော တိမ်တိုက်ပေါ်သို့ သူ၏ အကြည့်ကို စူးစိုက်ထားလိုက်၏။

All Chapters