သော်သော်၏ ‘ရောဂါ’
Vol. 68 Ch. 1090
ချန်လွေ့က နဂါးချိုမြို့၌ ဧကရာဇ် လက်ဇ်၏ ရှင်းလင်းမှုကို မသိရှိခဲ့ပေ။ အမှန်တကယ်တွင် ထိုအရာက သူနှင့် လုံးဝ မသက်ဆိုင်ပေ။ သူ၏ အဓိက စိုးရိမ်မှုမှာ နေမီးလျှံ မီးတောင်သို့ အမြန်ဆုံး ရောက်ရှိရန် ဖြစ်သည်၊ အကြောင်းမှာ သော်သော်၏ ‘ရောဂါ’ ပြန်ထလာသောကြောင့်ပင်။
“ဖေဖေ၊ သော်သော် အရမ်း ချမ်းတယ်။”
“စတန်ဝဲလ်၊ ခင်ဗျား နည်းနည်း ပိုမြန်လို့ရမလား။”
“ဒါ အမြန်ဆုံးပဲ။ ဒီအရှိန်နဲ့ဆိုရင် ငါတို့ နေမီးလျှံ မီးတောင်ကို နှစ်ရက် အတွင်း ရောက်နိုင်တယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ခုနက သူသည် အလွန်အမင်း စိုးရိမ် လွန်သွားခဲ့သည်။ အမှန်တကယ်တွင် စတန်ဝဲလ် အစွမ်းနှင့် ပျံသန်းနှုန်းက ဂရစ်ဖင် တစ်ကောင်ထက် များစွာ သာလွန်လှပေသည်။ နေမီးလျှံ မီးတောင်သို့ နှစ်ရက်အတွင်း ရောက်နိုင်ခြင်းက ထင်ထား သည်ထက် ပို၍ မြန်ဆန်လှသည်။
“သော်သော်၊ ဖေဖေ သမီးကို သီချင်းဆိုပြမယ်။”
ချန်လွေ့၏ သံစဉ် မမှန်သော သီချင်းဆိုသံကို နားထောင်ရင်း စတန်ဝဲလ်သည် ယခင်က ရယ်စရာ ကောင်းသည်ဟု ထင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူနှင့် ညီမငယ် လော်ရိန်းတို့ အချင်းချင်း မှီခိုအားထား ခဲ့ရသည့် အခြေအနေကို ပြန်လည် အမှတ်ရမိလိုက်သည်။ ရုတ်တရက် သူက အနည်းငယ် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သူ၏မုန်းတီးမှုနှင့် ကြောက်ရွံ့မှုအချို့က မသိလိုက်ဘဲ မှေးမှိန်သွားခဲ့၏။
နေ့ရောညပါ ခရီးနှင်ပြီးနောက် သူတို့က ဒုတိယနေ့ ညနေပိုင်းတွင် နေမီးလျှံ မီးတောင်သို့ နောက်ဆုံး ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာက မီးတောင်တစ်ခုတည်း မဟုတ်ဘဲ ကြီးမားသော မီးတောင် အစုအဖွဲ့တစ်ခု ဖြစ်သည်။ ‘နေမီးလျှံ’ ဟူသော အမည်နှင့်အညီ မီးတောင်ဝ များစွာက နေကဲ့သို့ မီးတောက်များ ထုတ်လွှတ်လေ့ရှိသည်။ ပေါက်ကွဲမှု အဆက်မပြတ် ဖြစ်ပေါ်နေပြီး ပူပြင်းသော ချော်ရည်များက တစ်နှစ်ပတ်လုံး စီးဆင်းနေ၏။
ထိုနေရာက လင်းယုန်နီ အင်ပါယာ ပိုင်နက်ဖြစ်သော်လည်း ပတ်ဝန်းကျင် အလွန် ကြမ်းတမ်းရာ လူသူ တစ်ဦး တစ်ယောက်မျှ မရှိပေ။
“ဒီမှာ မီးတောင်တွေ အရမ်း များတယ်၊ ပထဝီဝင် အနေအထား အရလည်း အရမ်း ကျယ်ပြန့်တယ်။ စတန်ဝဲလ်၊ မီးဒြပ်စင်ကောင်တွေ ဘယ်နေရာမှာရှိလဲ သိလား။”
စတန်ဝဲလ်က သူ့ဧရာမခေါင်းကို ခါယမ်းလိုက်သည်။ “ဒီနေရာက တကယ် ပူတယ်။ ငါ အရင်တစ်ခေါက် နဂါးနီနဲ့အတူ ဒီကို ခဏလောက်ပဲ ရောက်ဖူးတာ။ သေချာ မစူးစမ်း ခဲ့ဖူးဘူး။”
“ကောင်းပြီလေ။ ခင်ဗျား အခု သွားလို့ရပြီ။” ချန်လွေ့ ခေါင်းညိတ်ပြီး ကတ်သရင်းနှင့် သော်သော်နှင့်အတူ အောက်သို့ ဆင်းသက်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် ဆေးရည်မည်း တစ်ပုလင်းက သိဒ္ဓိနဂါး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ “အရင် ဖြစ်ခဲ့တာတွေက နားလည်မှု လွဲလို့ဆိုတာကို ကျုပ် သိပြီးသားပါ။ ဒီပြန်လည် ရှင်သန်ခြင်း ဆေးရည်က ခင်ဗျားအတွက် ဆုလာဘ်ပဲ။”
ပြန်လည် ရှင်သန်ခြင်း ဆေးရည်။ စတန်ဝဲလ်၏ မျက်လုံးများ တောက် ပသွားခဲ့သည်။ ဒါက မဟာ့မဟာ ဆရာသခင်တွေပဲ ဖော်စပ်နိုင်သော ဆေးရည်ပဲ။ မဟာ့မဟာ ဆရာသခင် မရှိတဲ့ ဒီလောကမှာ ၎င်းက လုံးဝကို တစ်ခုတည်းသော ရတနာပဲ။
သော်သော်က စတန်ဝဲလ်ကို လက်ဝှေ့ယမ်း ပြလိုက်သည်။ “ဦးဦး၊ ဦးဦးက လူဆိုးမဟုတ်ပါဘူး။ တာ့တာ”
စတန်ဝဲလ်က အမှတ်မထင် လက်ဝှေ့ယမ်း ပြပြီးမှ ရုတ်တရက် သတိ ပြန်ဝင်လာခဲ့သည်။ သူ၏ မျက်နှာ နီရဲသွားပြီး အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ ပျောက်ကွယ် သွားလေတော့သည်။
“ရှင့်သမီးက ရှင့်ထက် ပိုပြီး သေစေနိုင်စွမ်း ရှိတယ်။” ကတ်သရင်း သော်သော်၏ မျက်နှာလေးကို ထိလိုက်သည်။
“သေနိုင်တယ်၊ သေနိုင်တယ်..” သော်သော်က လက်သီးဆုပ်ကို ဂုဏ်ယူစွာ ဝှေ့ယမ်းလိုက်သည်။
“ဘယ်လိုလုပ်မလဲ။ ဒီသမီးက သူ့အမေနဲ့ တူနေတာကိုး။ အပြုံး တစ်ချက်နဲ့ မြို့ကို အောင်နိုင်တယ်၊ ရန်သူနဲ့ မတိုက်ဘဲ အနိုင်ယူနိုင်တယ်။” ချန်လွေ့က စိတ်သက်သာရာရဟန် ဆောင်ကာ မျက်စိမှိတ်ပြလိုက်၏။ ထိုရက်ပိုင်းများအတွင်း သော်သော်၏ အခြေအနေကြောင့် သူနှင့် ကတ်သရင်း နှစ်ဦးစလုံး ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားအောက်တွင် ရှိနေခဲ့သည်။ တင်းမာမှု အနည်းငယ်ကို ဖြေလျှော့နိုင်ခြင်းက ရှားပါးလှပေသည်။
“အပိုတွေ...” ကတ်သရင်းက ခေါင်းခါလိုက်သည်။ “မီးဒြပ်စင်ကောင်တွေကို ဘယ်လိုမျိုး ရှာမလဲဆိုတာ အရင်စဉ်းစားတာပေါ့။”
“အများကြီး စဉ်းစားပြီးတော့ မိုက်မဲတဲ့ ဖြေရှင်းနည်း တစ်ခုပဲ ရှိတော့တယ်။” ချန်လွေ့က သော်သော်၏ နားရွက်များကို ပိတ်လိုက်သည်။ “မင်းလည်း နားရွက် ပိတ်ထားသင့်တယ်။”
“ဒါက မိုက်မဲတယ် ဆိုတာ အသေအချာပဲ။” ကတ်သရင်းက ထူးဆန်းစွာ ဆိုလိုက်သည်။ “ဒါပေမဲ့ ကျွန်မ ထင်တာတော့ ရှင်က ပိုတောင် မိုက်မဲတယ်။ ဘာလို့ ကျွန်မတို့ကို ကျက်သရေမျှော်စင်ထဲမှာ မထားခဲ့တာလဲ။”
“ဟုတ်သားပဲ။ မင်းမှန်တယ်ဆိုတာ ကိုယ် ဝန်ခံပါတယ်။ ထက်မြက်တဲ့ အမျိုးသမီးလေး။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။
ခဏအကြာတွင် ခရမ်းရောင် ကြယ်အလင်းက ကောင်းကင်ယံ၌ ထွန်းလင်းလာခဲ့သည်။ ထို့နောက် နားကွဲလုမတတ် ကျယ်လောင်သော အသံက အဓိက မီးတောင်၏ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“အော့ခ်မာတွန်။ မီးဒြပ်စင်ရင်းမြစ် အပိုင်းအစ။”
စကားလုံးနှစ်ခုသာ ဖြစ်သော်လည်း ချန်လွေ့က အော့ခ်မာတွန်သည် ‘မီးဒြပ်စင် ရင်းမြစ် အပိုင်းအစ’ ဟူသော စကားကို ကြားသည်နှင့် ချက်ချင်း ရောက်လာမည်ဟု ယုံကြည်သည်။
အသေအချာပင်၊ မိနစ် ၂၀ခန့် အကြာတွင် အလင်းတန်းသုံးခုက အမြင်အာရုံထဲ ရောက်လာခဲ့သည်။
အဖြူ၊ အစိမ်း၊ အနီ။
အလင်းဘုရင်သုံးပါး။
ချန်လွေ့သည် သက်ပြင်းရှည်ကြီး ချကာ [ဓူဝံကြယ်အသွင်ပြောင်းခြင်း] ကို ပယ်ဖျက်လိုက်သည်။
“ဒြပ်စင်ဘုရင်ရဲ့ မှတ်ဉာဏ်တွေ ထဲမှာတောင် မင်းက နတ်ဘုရား-ယောင် အဆင့် အစွမ်းနဲ့ အော်ဟစ်တဲ့ ပထမဆုံးလူပဲ။” အလင်းဒြပ်စင်ဘုရင် ဒယ်ကက်စ်က အံ့အားသင့်နေသော အမူအရာကို ပြသလိုက်သည်။
လေဒြပ်စင်ဘုရင် ဆက်သ်တိုင်း၏ မျက်လုံးများ တောက်ပနေခဲ့သည်။ “မင်းရဲ့အစွမ်း တိုးတက်လာတာကို ငါ အံ့ဩမိတယ်။ မိတ်ဆွေ ချန်လွေ့...”
“ငါက ဝေ့လည်ကြောင်ပတ် ပြောရတာကို ကြိုက်တဲ့ ဒီလို ကြောင်သူတော် နှစ်ယောက်နဲ့ မတူဘူး။” မီးဒြပ်စင်ဘုရင် အော့ခ်မာတွန်က အလျင်အမြန် မေးလိုက်သည်။ “မီးဒြပ်စင်ရင်းမြစ် အပိုင်းအစ ဘယ်မှာလဲ။”
“ပြောရင်တော့ အရှည်ကြီးပဲ...”
အော့ခ်မာတွန်က ချက်ချင်း ဖြတ်ပြောလိုက်သည်။ “ဒါဆိုရင် အတိုချုံးပြီးပြော...”
“တကယ်တော့ ကျုပ် မီးဒြပ်စင် ရင်းမြစ်အပိုင်းအစကို ရှာတွေ့ခဲ့ပြီ။” ချန်လွေ့က မတူညီကြသော အမူအရာများ ရှိနေသည့် ဒြပ်စင်ဘုရင် သုံးပါးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခုရှိနေတယ်...”
ခဏအကြာ မီးဒြပ်စင်ကောင်များ နေထိုင်ရာ မီးလျှံခန်းမ၌-
ချန်လွေ့ ပြောသော သော်သော် အခြေအနေ အကြောင်း အတိုချုံး နားထောင်ပြီးနောက် မီးဒြပ်စင်ဘုရင် အော့ခ်မာတွန်က ချော်ရည်များနှင့် မီးတောက်များဖြင့် ပြည့်နေသော နန်းတော်ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားစွာ ပျံဝဲနေသော ကလေးမလေးကို ကြည့်လိုက်သည်။ သူ၏ မီးလောင်ကျွမ်းနေသော မျက်နှာပေါ်တွင် အံ့ဩနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ “ချန်လွေ့။ မင်းရဲ့အိမ်က မီးလျှံ ခန်းမနဲ့ တူနေလို့လား။”
ချန်လွေ့ ပြောစရာမဲ့သွားခဲ့သည်။ ခင်ဗျားရဲ့ အိမ်ကမှ မီးတွေနဲ့ ပြည့်နေတာ။ ဟုတ်သား၊ ဒီမှာတော့ တကယ်ပဲ မီးတွေနဲ့ ပြည့်နေတာပဲ။
ဆက်သ်တိုင်း ခေါင်းခါလိုက်၏။ “မင်းရဲ့ ဥပမာက မင်းရဲ့ စိတ်နေ စိတ်ထားလို ညံ့ဖျင်းနေတုန်းပဲ။ အော့ခ်မာတွန်။ မင်းပြောသင့်တာက ဒီကလေးမလေးက လူသားအရေခွံ ခြုံထားတဲ့ မီးဒြပ်စင်ကောင်လို့ ပြောသင့်တာ။”
ဒီဥပမာ ပိုတောင် ဆိုးသေးတယ်။ ချန်လွေ့က ပို၍ ပြောစရာမဲ့သွားခဲ့၏။ “အရှင်မင်းကြီးတို့၊ မီးဒြပ်စင် ရင်းမြစ် အပိုင်းအစ ပေါ်ထွက်လာတာက အားလုံးကို စိတ်ကောင်းစေတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ် ဇနီးနဲ့ ကျုပ်က အတ်ေလေးကို စိုးရိမ်နေ ပါတယ်။ ကျုပ်ရဲ့ သမီးကို နာကျင်မှုကနေ ကယ်တင်ဖို့ နည်းလမ်း တစ်ခုခု ရှိလား။”
အော့ခ်မာတွန်က သော်သော်ကို သံသယ ဖြစ်နေသော အမူအရာဖြင့် အနီးကပ် ကြည့်လိုက်သည်။ “အဲဒီ ကလေးမလေးက မင်းရဲ့သမီးအရင်း ဟုတ်ရဲ့လား။”
“တခြား တစ်ယောက်ယောက်က ကျုပ်ကို ဒီလိုမေးရင် ကျုပ် သူ့ကို မညှာမတာ ထိုးပစ်လိုက်မှာပဲ။” ချန်လွေ့ မျက်မှောင်ကြုတ် လိုက်၏။ “ကျုပ်က အကူအညီ တောင်းဖို့ လာတာပါ။ သော်သော်ရဲ့ ရောဂါကို ဘယ်လို ကုသမလဲ။ ခင်ဗျားတို့မှာ တကယ် နည်းလမ်း ရှိတယ်ဆိုရင်၊ တကယ်ပဲ ကျွန်တော့်ကို မိတ်ဆွေ တစ်ယောက်လို သဘောထားတယ် ဆိုရင် ကျေးဇူးပြုပြီး အမှန်အတိုင်း ဖြေပေးပါ။”
“ငါလည်း အတည်ပြောနေတာပဲ။ သူက တကယ်ပဲ မင်းရဲ့သမီးလား။”
ချန်လွေ့သည် မူလက ထိုနေရာသို့ ရောက်လာပြီးနောက် မီးဒြပ်စင် ဘုရင်တွင် သော်သော်ကို ကယ်တင် နိုင်မည့် နည်းလမ်း ရှိလိမ့်မည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူက သူ့ကို ထိုကဲ့သို့ လှောင်ပြောင် လိမ့်မည်ဟု မည်သူသိမည်နည်း။ သူ၏ စိတ်ထဲတွင် စုပုံနေသော ဖိအားက ရုတ်တရက် ပေါက်ကွဲ ထွက်လာပြီး အော်ဟစ်လိုက်သည်။ “အော့ခ်မာတွန်..”
“ချန်လွေ့..” ကတ်သရင်းက ချန်လွေ့ကို အချိန်မီ သတိပေး လိုက်သည်။ “အရှင်မင်းကြီးတို့၊ ဒါက ကျွန်မ သမီးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်နေတဲ့ အတွက် ကျွန်မ ခင်ပွန်း အနည်းငယ် ရိုင်းပြသွား ပါတယ်။ ခွင့်လွှတ်ပေးပါ။ ဒါက ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပေမယ့် အလင်း ဘုရင်သုံးပါးကို မိတ်ဆွေကောင်းတွေလို့ မှတ်ယူ နိုင်တယ်လို့ ချန်လွေ့ ပြောတာကို ကျွန်မ ကြားဖူးပါတယ်၊ အထူးသဖြင့် လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းပေါ့။ အရှင်အော့ခ်မာတွန်နဲ့ ဒယ်ကက်စ် အတွက် ချန်လွေ့က အလင်းဒြပ်စင် ရင်းမြစ် အပိုင်းအစနဲ့ မီးဒြပ်စင် ရင်းမြစ် အပိုင်းအစကို ရှာဖွေပေးဖို့ သူရဲ့ကတိကို တည်နိုင်ခဲ့တဲ့အတွက် ကတိတည်တဲ့ မိတ်ဆွေ တစ်ယောက် ဖြစ်လောက်တယ်။ ဒါကြောင့် ကျွန်မ အရင်ဆုံး ကိစ္စတစ်ခုကို အတည်ပြု ချင်တယ်။ သော်သော်ရဲ့ အခြေအနေ စိုးရိမ်ရလား။”
“မစ်-ကတ်သရင်း။ မင်းရဲ့ လေ့လာ သုံးသပ်နိုင်စွမ်းက ချီးကျူးစရာပါပဲ။” ဆက်သ်တိုင်းက ဆိုသည်။ “ဒါပေမဲ့ မင်းသမီးရဲ့ အခြေအနေက ထင်ထား တာထက် ပိုပြီး ထူးခြားနေတယ်။”
“ဟုတ်တယ်။” အော့ခ်မာတွန်က ပြန်ဖြေသည်။ “ဒီကလေးမလေးထဲက စွမ်းအား အငွေ့အသက်က ငါ့အတွက် ကျယ်ပြောပြီးတော့ ရင်းနှီးသလို ခံစားရတယ်။ ဒါတင်မကသေးဘူး။ သူ့မှာ ရှေးကျပြီးတော့ ရှားပါးတဲ့ သွေးမျိုးဆက် စွမ်းအားတစ်ခုလည်း ရှိနေနိုင်တယ်။ ဒါကြောင့်မို့လို့ သူက မင်းရဲ့ သမီးအရင်း ဟုတ်မဟုတ် ငါ ရှင်းရှင်းလင်းလင်းသိချင်ခဲ့တာ။”
ချန်လွေ့လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ “တောင်းပန်ပါတယ် အော့ခ်မာတွန်။ ကျုပ် ခုနက စိတ်မရှည် ဖြစ်မိသွားတယ်။”
“ငါက ပွင့်ပွင့်လင်းလင်း ပြောတဲ့ မိတ်ဆွေတွေကို ပိုကြိုက်တယ်။” အော့ခ်မာတွန် ခေါင်းခါလိုက်သည်။ “ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ လက်ရှိ အခြေအနေက မင်းရဲ့ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီးလိုသေးတယ်။ မဟုတ်ရင် တိုက်ပွဲကောင်း တစ်ခုက မိတ်ဆွေ ဖြစ်ဖို့ လုံလောက်တယ်။”
“မင်းရဲ့ အကျင့်ဆိုးတွေ သိမ်းထား လိုက်စမ်းပါ။ အကြောင်းအရာမလွဲနဲ့။” ဒယ်ကက်စ်က ပြောလိုက်သည်။ “ဒြပ်စင်ဘုရင်တွေအနေနဲ့ မင်းက ရင်းမြစ်အပိုင်းအစကို ပြန်ယူဆောင် လာပေးတဲ့အတွက် ငါတို့က မင်းကို အထူး ကျေးဇူးတင်ပါတယ်။ မင်းက ဒြပ်စင်ဘုရင်တွေ အသိအမှတ်ပြုတဲ့ စစ်မှန်တဲ့မိတ်ဆွေပဲ။ အခု မင်း အကူအညီလိုအပ်နေချိန်မှာ ငါတို့က သေချာပေါက် အစွမ်းကုန် ကြိုးစား သွားမှာပါ။ အခုတော့ သော်သော်ရဲ့ တိကျတဲ့ အခြေအနေကို အရင်ဆုံး ရှာဖွေပြီးမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ နည်းလမ်းကို ရွေးချယ်နိုင်မှာ။”
“စကား အပိုတွေ မပြောတော့ ပါဘူး။” ကတ်သရင်းက ခေါင်းညိတ် လိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မက နတ်ဆိုးဘုံရဲ့ အက်စ်မိုဒက်စ် တော်ဝင်မိသားစု ကပါ။ ကျွန်မတို့က တကယ်ပဲ သော်သော်ရဲ့ မိဘတွေပါ၊ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ဝန်ဆောင်ခြင်းက... ချန်လွေ့ဆီကနေ ကျွန်မလက်ခံခဲ့တဲ့ အထူးစွမ်းအားတစ်ခုကြောင့် ဖြစ်နိုင်တယ်။ အဲဒီစွမ်းအားကြောင့် ကျွန်မက အက်စ်မိုဒက်စ် တော်ဝင် မိသားစုရဲ့ (၅)ကြိမ်မြောက် နိဗ္ဗာန်ကို ပြီးမြောက်ခဲ့ပြီးတော့ ဒီကလေးကို ကိုယ်ဝန်ဆောင်ခဲ့တာပါ။”
“အထူးစွမ်းအား ဟုတ်လား။” ဒယ်ကက်စ်က ချန်လွေ့ကို လှမ်းကြည့်လိုက်သည်။
“ခင်ဗျားတို့သုံးယောက် ‘ဇာမဏီ’ လို့ခေါ်တဲ့ တည်ရှိမှု တစ်ခုအကြောင်း ကြားဖူးလား မသိဘူး။”
“ဇာမဏီငှက်လား” ဒယ်ကက်စ်က ခေါင်းကို ပုတ်လိုက်သည်။ “သူ့မှာ မီးဒြပ်စင်နဲ့ ဒီလောက် ရင်းနှီးမှု ရှိတယ်လို့ ခံစားမိနေတာက ဒါကြောင့်ကိုး။ ဇာမဏီငှက်က အစွမ်းထက်တဲ့ တိုက်ခိုက်ရေး စွမ်းရည်ရှိတဲ့ ရှေးကျတဲ့ နတ်ဆိုး သားရဲ တစ်ကောင်ပဲ။ ပြီးတော့ မီးတောက်တွေထဲမှာ ပြန်ပြီးတော့ မွေးဖွားနိုင်တယ်။ ဒါပေမဲ့ ကပ်ဘေး တစ်ခု ပြီးတော့ သူတို့ ပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့တယ်။ ဇာမဏီငှက် အခုထိ ရှိနေသေးမယ်လို့ ငါ မထင်ခဲ့ဘူး။ ဒါပေမဲ့ ဘာလို့ သူက လူသားခန္ဓာကိုယ် ဖြစ်နေရတာလဲ။”
“ကျုပ် ဇာမဏီငှက်ကို တစ်ခါက မတော်တဆ ပေါက်ဖွားစေခဲ့ဖူးတယ်။ ကျုပ်အတွက်တော့ သူက သမီး တစ်ယောက် လိုပါပဲ။ မတော်တဆမှု တစ်ခုကြောင့်...” ချန်လွေ့က သူ၏ ဘယ်ဘက်လက်မောင်းပေါ်ရှိ [မီးဇာမဏီ အမာရွတ်] ကို ပြသလိုက်သည်။ “ဒါပေမဲ့ သူက တကယ်တမ်း ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ အဲဒီအစား သူက ဒီအမှတ်အသားထဲ နေနေခဲ့တယ်။ ခင်ဗျားတို့ ဒါကို မမြင်နိုင်လောက်ဘူး၊ ဒါပေမဲ့ ဒီအမှတ်အသားက တကယ် ရှိနေတယ်။ နောက် ကတ်သရင်းနဲ့ ကျွန်တော် လင်မယား ဖြစ်ခဲ့တယ်။ သော်သော်က ဒီနည်းလမ်းနဲ့ လူသား ခန္ဓာကိုယ်အဖြစ် ပြန်ဝင်စားပြီးတော့ ကျုပ်တို့ရဲ့ သမီးအဖြစ် ပြန်မွေးဖွား လာခဲ့တာ ဖြစ်နိုင်တယ်။”
ဒယ်ကက်စ်က စဉ်းစားပြီးနောက် ပြောသည်။ “ဒါက သော်သော် ဘာလို့ မီးပတ်ဝန်းကျင်ကို ဒီလောက် ကြိုက်လဲ ဆိုတာကို ရှင်းပြနိုင်တယ်။ ဒါပေမဲ့ ဒါက အဓိက မေးခွန်း မဟုတ်ဘူး။ ဇာမဏီငှက်တောင်မှ အဲဒီလို သွေးမျိုးဆက်မျိုး ရှိနိုင်မှာ မဟုတ်ဘူး။”
“ခင်ဗျားတို့ ပြောနေတဲ့ ရှေးကျတဲ့ သွေးမျိုးဆက်က ဇာမဏီငှက် မဟုတ်ဘူးလား။” ထိုအရာမှာ ချန်လွေ့ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။
“သူက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေပြီးတော့ မိခင်ရဲ့ ခန္ဓာကိုယ် ကနေတစ်ဆင့် မွေးဖွားလာခဲ့တာ...” ဆက်သ်တိုင်းက ကတ်သရင်းကို ခေတ္တမျှကြည့်ကာ ခေါင်းခါလိုက်ပြီး နောက်ဆုံးတွင် သူ၏ အကြည့်ကို ချန်လွေ့ပေါ်သို့ စူးစိုက်လိုက်သည်။
ဆက်သ်တိုင်းသာမက အော့ခ်မာတွန်နှင့် ဒယ်ကက်စ်လည်း ချန်လွေ့ကို စိုက်ကြည့်နေကြသည်။ သူက စိုက်ကြည့် ခံနေရသဖြင့် အနည်းငယ် မလုံမလဲဖြစ်သွား၏။ “ကျုပ်မှာ ဘာမှားနေလို့လဲ။”
“ဖြစ်နိုင်ခြေကတော့ နှစ်ခု ရှိတယ်။ တစ်ခုက သော်သော် ကိုယ်တိုင် ကြောင့်ပဲ။ နောက်တစ်ခုက မင်းပဲ။” ဆက်သ်တိုင်းက နက်နဲစွာ ဆိုသည်။ “ဘယ်လို အကြောင်းရင်းပဲ ဖြစ်ဖြစ် ငါမင်းကို တိတိကျကျ ဖြေနိုင်တယ်။ သော်သော်ရဲ့ အခြေအနေက ရောဂါ မဟုတ်ဘူး။”
“ရောဂါမဟုတ်ဘူးလား။” ချန်လွေ့ နှင့် ကတ်သရင်းတို့ တပြိုင်တည်း ဆိုလိုက်ကြသည်။
“ဒါက သွေးမျိုးဆက် စွမ်းအားရဲ့ ‘နိုးထခြင်း’ ဖြစ်နိုင်လောက်တယ်။” ဒယ်ကက်စ်က လေးနက်စွာ ဆို၏။ “ဒါက ဇာမဏီငှက် သွေးမျိုးဆက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက နဂိုကတည်းက အသန့်စင်ဆုံး ဇာမဏီငှက် စွမ်းအားကို ပိုင်ဆိုင် ထားပြီးသား မို့လို့ပဲ။ ဒီလိုမျိုး သွေးမျိုးဆက်က အရမ်းရှားပါးတယ်။ ပြီးတော့ အန္တိမ တည်ရှိမှုနဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရနိုင်တယ်။ တစ်နည်းအားဖြင့် ဆိုရရင် ဒါက အန္တိမကို ရောက်ဖို့ အလွယ်ဆုံး ဖြတ်လမ်းပဲ။”
အန္တိမ ဟုတ်လား။ ကတ်သရင်းနှင့် ချန်လွေ့တို့ အချင်းချင်း ကြည့်လိုက် ကြသည်။ ကတ်သရင်းက စကား ဆိုလိုက်၏။ “သော်သော်မှာ အန္တိမနဲ့ အနီးစပ်ဆုံး သွေးမျိုးဆက် ရှိနေတာလား။”
“သော်သော် ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူ ဖြစ်နိုင်တယ်...” ဒယ်ကက်စ်က ချန်လွေ့ကို ကြည့်လိုက်သော်လည်း နောက်ဆုံး ကတ်သရင်းကို ပြောလိုက်သည်။ “ထူးဆန်းတာက မင်းမှာလည်း အဲဒါ နည်းနည်းရှိနေတယ်။ ဒါက သူ ဒါမှမဟုတ် ဒီကလေးမှာ တစ်ခုခု ဖြစ်ခဲ့လို့ဖြစ်မယ်။ ဒီလို လွှဲပြောင်းမှုက အကျိုးအမြတ်တွေ အများကြီး ရရှိစေခဲ့တယ်။”
“လွှဲပြောင်းမှု။ အကျိုးအမြတ်။ ဟုတ်လား” ကတ်သရင်းက အံ့အားသင့်မှု ဖော်ပြပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။ “(၅)ကြိမ်မြောက် နိဗ္ဗာန်!”