မီးစုစည်း သလင်းကျောက်သဲ
Vol. 68 Ch. 1091
“ငါ ထပ်ပြီးတော့ အတည်ပြုဖို့ လိုသေးတယ်။ ချန်လွေ့၊ မစ်- ကတ်သရင်း၊ ကျေးဇူးပြုပြီး မင်းတို့ရဲ့ လက်တွေကို ပေးပါ။ ပြီးတော့ စွမ်းအားအားလုံးကို ဖြေလျှော့ထားပြီး မခုခံပါနဲ့။” ဒယ်ကက်စ်၏ လက်တွင် သလင်းကျောက် အဖြူရောင်အလင်း ထွန်းလင်းလာခဲ့သည်။
ကတ်သရင်းနှင့် ချန်လွေ့တို့က သူ၏ စကားအတိုင်း လက်များကို ဆန့်လိုက်ကြသည်။ ဒယ်ကက်စ်က သူတို့၏ လက်များကို ကိုင်ကာ မျက်လုံးကို မှိတ်ပြီး ရေးရေးလေး တောက်ပနေသော အဖြူရောင် အလင်းဖြင့် သူတို့ကို လွှမ်းခြုံ လိုက်လေသည်။
ခဏအကြာတွင် အလင်းက ပျောက်ကွယ်သွားခဲ့သည်။ ဒယ်ကက်စ်က လက်လွှတ်လိုက်ပြီး ချန်လွေ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ “ပြောရရင် မင်းလို [ကျက်သရေ အလင်းခန္ဓာ]မျိုးကို ငါ့ရဲ့ အလင်း ဒြပ်စင်နှလုံးသားက ပိုပြီးတော့ လွယ်လွယ်ကူကူ သိနိုင်သင့်တယ်။ ဒါပေမဲ့ အံ့ဩစရာ ကောင်းတာက ငါ ဘာမှသိသာတဲ့ ရှာဖွေတွေ့ရှိမှုမျိုး မရှိခဲ့ဘူး။ မင်းပြောတဲ့ ‘အမာရွတ်’ ကိုတောင် မထောက်လှမ်းနိုင်ခဲ့ဘူး။ ငါ့ရဲ့ ပင်ကိုယ် အသိစိတ်နဲ့ မင်းရဲ့ ခန္ဓာကိုယ်က အဆုံးမဲ့ ကျယ်ပြောတဲ့ စွမ်းအားက စကြဝဠာလိုပဲ နက်နဲ သလို ခံစားမိခဲ့တယ်။ ပြောရရင်တော့ မင်းမှာရှိတဲ့ လျှို့ဝှက်ချက်တွေက ငါ ထောက်လှမ်းနိုင်တာထက်ကို အများကြီး ကျော်လွန်နေတယ်။”
လေဒြပ်စင်ဘုရင်နှင့် မီးဒြပ်စင်ဘုရင်တို့က အချင်းချင်း အံ့ဩတကြီး ကြည့်လိုက်ကြသည်။ အလင်းဒြပ်စင် ဘုရင်၏ ဒြပ်စင် နှလုံးသားတွင် အရာအားလုံးကို ‘ထွင်းဖောက်မြင်နိုင်’စွမ်း ရှိသည်။ အထူးသဖြင့် ထိုသို့ နက်ရှိုင်းသည့် ခန္ဓာကိုယ် ထောက်လှမ်းမှုမျိုး၌ပင်။ နတ်ဘုရား-ယောင်အဆင့်ပင်လျှင် သူ့စွမ်းရည်မှ မလွတ်မြောက်နိုင်ပေ။ သို့သော် ဒယ်ကက်စ်က ချန်လွေ့၏ လျှို့ဝှက်ချက်များမှာ သူ၏အသိပညာ ကန့်သတ်ချက်ထက် ကျော်လွန်နေ သည်ဟု ဆိုလေသည်။
ချန်လွေ့က ထိုအရာမှာ စူပါစနစ်ကြောင့် ဖြစ်ကြောင်း သိလေသည်။
“မစ်-ကတ်သရင်း၊ မင်းကလည်း မယုံနိုင်စရာကောင်းပါတယ်။ မင်းပြောတဲ့ ‘နိဗ္ဗာန်’က နတ်ဆိုးဘုံရဲ့ အက်စ်မိုဒက်စ် တော်ဝင်မိသားစုက ပါရမီတစ်ခု ဆိုရင်တော့...” ဒယ်ကက်စ်က ကတ်သရင်းဘက်သို့ လှည့်လိုက်သည်။ “အဲဒီပါရမီရဲ့ တကယ့်လျှို့ဝှက်ချက်က အားအကောင်းဆုံးစွမ်းအားကို ရရှိဖို့အတွက် ဇစ်မြစ် အရင်းအမြစ် သွေးမျိုးဆက်တစ်ခုကို တစ်လှမ်းချင်း ချဉ်းကပ်ဖို့ ကြိုးစားတာပဲလို့ ငါ ပြောနိုင်တယ်။ အနိမ့်ကနေ အမြင့်ကို တက်လှမ်းတဲ့ဖြစ်စဉ်က အတော်လေး အန္တရာယ်များတယ်။ သတိမထားရင် ပျက်သုဉ်း သွားနိုင်တယ်။ မင်းရဲ့ အခြေအနေ အရဆိုရင် မင်းက ပိုပြီးအားကောင်းတဲ့ သွေးမျိုးဆက် တစ်ခုကနေ မိတ်ဆက်ခံရပြီးတော့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့တဲ့ပုံပဲ။ အဲဒီဖြစ်စဉ်မှာ အဲဒီသွေးမျိုးဆက်ရဲ့ အစိတ်အပိုင်း အနည်းငယ်က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေပြီးတော့ မင်းကို အားကောင်းတဲ့ စွမ်းအားတွေ ပေးတဲ့ အထူးပြောင်းလဲမှုတွေလည်း ဖြစ်စေခဲ့တယ်။”
“မင်းရဲ့စွမ်းအားက စိတ်ကူးထက် ကျော်လွန်နေတယ် ဆိုတာကို ငါ ခံစားမိနိုင်တယ်။ မင်းရဲ့ အခုလက်ရှိ နတ်ဘုရား တစ်ပိုင်း ကနဦးပိုင်း အဆင့်နဲ့ဆိုရင် နတ်ဘုရားတစ်ပိုင်း အလယ်ပိုင်းအဆင့် တည်ရှိမှုတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်။”
ဒယ်ကက်စ်၏ စကားများသည် [သရုပ်ခွဲမျက်လုံး]တွင် ပြသသော ကတ်သရင်း၏ [မီးဇာမဏီ မျက်နှာသာ] ကို ချန်လွေ့အား အမှတ်ရစေခဲ့ပြီး သူကိုယ်တိုင်တွင်မူ [မီးဖီးနစ်ငှက်တမ်းတ] ဖြစ်လေသည်။ ထိုအရာများက သော်သော်ကြောင့် ဖြစ်လောက်ပေသည်။
ဒယ်ကက်စ်၏ ဆုံးဖြတ်ချက်မှာ အတော် တိကျလှသည်။ သွေးရောင် အင်ပါယာ၏ သိုင်းပြိုင်ပွဲတွင် ကတ်သရင်း၏ အထူးစွမ်းအားက လက္ခဏာများ စတင်ပြသခဲ့သည်။ ကတ်သရင်းကိုယ်တိုင် သော်သော်က သူ့အား အလွန် အစွမ်းထက်သော စွမ်းအားတစ်ခုကို ပေးခဲ့သော်လည်း သူက အစိတ်အပိုင်း အနည်းငယ်သာ ချေဖျက်နိုင်သေးကြောင့် ဆိုခဲ့သည်။ အဆင့် ကျော်လွန်၍ ရင်ဆိုင် တိုက်ခိုက်ခြင်း အတွက်မူ နဂါးချို မြို့တွင် နတ်ဘုရားတစ်ပိုင်း အဆင့် အလယ်ပိုင်းရှိသော စတန်ဝဲလ်နှင့် တိုက်ခိုက်မှုဖြင့် အကောင်းဆုံး သက်သေပြခဲ့သည်။ ကတ်သရင်းက နတ်ဆိုးတစ်ဦး အဖြစ် ဖော်ထုတ်ခံရ မည်ကို စိုးရိမ်နေသော်လည်း ချန်လွေ့ ရောက်ရှိလာချိန်တွင် သူ ရပ်တန့်ခဲ့ပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုမတိုင်မီ စတန်ဝဲလ်နှင့် ရင်ဆိုင် တိုက်ခိုက်မှုတွင် သူက အရေးနိမ့်ခြင်း မရှိခဲ့ပေ။ သော်သော်ကို သယ်ဆောင် ထားရသည့် အားနည်းချက်ကိုပင် ထည့်မတွက်ရသေးပေ။
“ဇစ်မြစ်သွေးမျိုးဆက်ကို ချဉ်းကပ် နေပြီ ဟုတ်လား။” ကတ်သရင်းက ဒယ်ကက်စ်ပြောသော ‘နိဗ္ဗာန်’၏ လျှို့ဝှက်ချက်ကို သတိပြုမိလိုက်၏။
“ဇစ်မြစ် သွေးမျိုးနွယ်က အတော်လေးကို အစွမ်းထက်တာ အမှန်ပဲ။ အမျှင် (၇)မျှင် အဖြစ် ကွဲပြားနေပေမယ့် ပြောရရင်တော့ မင်းတို့ သွေးမျိုးဆက် ပိုင်ဆိုင်တဲ့ ‘ဟင်းလင်းပြင်’ စွမ်းအားက အနှစ်သာရ အရှိဆုံး တည်ရှိမှု ဖြစ်လောက်တယ်။”
“ဟင်းလင်းပြင် လား။” ချန်လွေ့၏ အတွေးများ လည်ပတ်သွားပြီး သူ၏ လက်ထဲတွင် ဝတ်ရုံ တစ်ထည် ပေါ်လာခဲ့သည်။ “ခင်ဗျားတို့ ဒါကို ဘယ်လိုခေါ်လဲ။”
ကတ်သရင်းက ချန်လွေ့၏ လက်ထဲမှ ဝတ်ရုံမှာ အဆောင်ပစ္စည်း (၇)ခုထဲမှ တစ်ခု အရိပ်နက်ဝတ်ရုံ ဖြစ်ကြောင်း မှတ်မိလေသည်။ ဆက်သ်တိုင်းကမူ ၎င်း၏ အခြား အမည်ကို အော်ခေါ်လိုက်သည်။ “ဒါ တကယ် ဟင်းလင်းပြင် တံဆိပ်ပဲ။”
“လေ၊ မီး၊ ရေ၊ မြေ၊ အလင်း၊ အမှောင်၊ ဟင်းလင်းပြင်...” ချန်လွေ့ နားလည်သွားဟန်တူသည်။ “ခင်ဗျားတို့ ပြောတဲ့ ကွဲပြားနေတဲ့ သွေးမျိုးဆက်(၇)ခုက ဒီ(၇)ခုလား။”
“အမှန်ပဲ။” ဒယ်ကက်စ်က မျက်မှောင်ကြုတ်လိုက်၏။ “မင်း ခုနက ဟင်းလင်းပြင် တံဆိပ်ကို ဘယ်လို ထုတ်လိုက်လဲ။ အသိအမှတ် ပြုခံရတဲ့ သွေးမျိုးဆက် အနွယ်ဝင် တစ်ယောက်မဟုတ်ရင် နေရာလွတ် ပစ္စည်းထဲမှာတောင် သိမ်းထားလို့ မရဘူး။”
“ကျုပ် ခင်ဗျားတို့ကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ တိကျတဲ့ အဖြေ တစ်ခုရဖို့ မျှော်လင့်ပါတယ်။” ထိုသို့ ပြောပြီးနောက် ချန်လွေ့၏ လက်ထဲ ဓားရှည်တစ်ချောင်း ပေါ်လာခဲ့၏။ အလင်းဘုရင်သုံးပါး ထပ်မံ တုန်လှုပ် သွားကြပြန်သည်။
“အလင်းတံဆိပ်။ မဟုတ်ဘူး၊ မြေတံဆိပ်၊ မီးတံဆိပ်ရောပဲ ... အို ချစ်လှစွာသော ဒြပ်စင်ဘုရားသခင်..” အော့ခ်မာတွန်က အာမေဋိတ်အသံ ပြုလိုက်သည်။ “အမြင့်မြတ်ဆုံး အဆောင်ပစ္စည်းရဲ့ အစိတ်အပိုင်း (၇)ခုလုံးက တကယ်ပဲ အတူတူ ရှိနေတာပဲ။ မင်းက ထပ်ပြီးတော့..”
အော့ခ်မာတွန် ဆက်မပြောဘဲ ချန်လွေ့က ချက်ချင်းမေးလိုက်သည်။ “အမြင့်မြတ်ဆုံး အဆောင်ပစ္စည်းက ဘာလဲ။ ဒီအဆောင်ပစ္စည်း(၇)ခုရဲ့ လျှို့ဝှက်ချက်တွေက ဘာလဲ။ ကျုပ် ဒီအကြောင်းကို ကြားဖူးတာ တစ်ခါ မကပေမဲ့ အဖြေကို ခုထိမရသေးဘူး။”
“သူတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန် ပိုင်ရှင် တစ်ယောက် အနေနဲ့ မင်းက ငါတို့ထက် ပိုပြီးတော့ သိမှာပါ။” ဒယ်ကက်စ်က ချန်လွေ့ကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “မင်းအပေါ်မှာ ငါ ဒီလို ခံစားချက် ရှိတာ ဒါကြောင့်ကိုး။ မင်းရဲ့သမီးမှာ အဲဒီလို သွေးမျိုးဆက် ရှိနေတာလည်း မဆန်းတော့ဘူး။”
“ခင်ဗျားတို့ အားလုံး နားလည်မှု လွဲနေတယ်လို့ ကျုပ် အသေအချာ ပြောနိုင်တယ်။” ချန်လွေ့က ပြတ်သားစွာ ခေါင်းခါလိုက်သည်။ သူ ထိုကဲ့သို့ အထင်မှား ခံရသည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ အဆောင်ပစ္စည်း(၇)ခုသည် နားလည်မှုလွဲခြင်း၏ ရင်းမြစ်တစ်ခု ထပ်မံဖြစ်လာပုံရသည်။ “သော်သော်မှာ အဲဒီလို စွမ်းအားမျိုး ရှိနေတာက သူကိုယ်တိုင်ကြောင့်ပါ။ ဒီပစ္စည်း(၇)ခုကတော့ တိတိကျကျ ပြောရရင် ကျုပ်က သူတို့ရဲ့ တကယ့် ပိုင်ရှင် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်က လျှို့ဝှက်ပညာရပ်နဲ့ ဆင်တူတဲ့ နည်းလမ်း တစ်ခုကို သုံးပြီးတော့ သူတို့ရဲ့ စွမ်းအားကို အတင်းအဓမ္မ ထိန်းချုပ်ထားတာပါ။”
ဆက်သ်တိုင်းက ကြားဖြတ်ပြီး ပြောလိုက်သည်။ “မင်း ဘယ်လိုပဲ လုပ်လုပ် အရေးမကြီးဘူး။ မင်းက အခု သူတို့ရဲ့ ပိုင်ရှင်ပဲ။ သိပ်မကြာခင် ဒါမှမဟုတ် နောက်ကျရင် မင်း နားလည်လာမှာပါ...”
အဝေးတွင် ပျံဝဲကစားနေသော သော်သော် ရုတ်တရက် တုန်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ချန်လွေ့နှင့် ကတ်သရင်းတို့က သမီးဖြစ်သူ၏ လှုပ်ရှားမှုများကို အမြဲ အာရုံစိုက် နေခဲ့ရာ သူတို့က တစ်ချိန်တည်းနီးပါး လှုပ်ရှားလိုက် ကြသည်။ နောက်ဆုံးတွင် ချန်လွေ့က ခြေတစ်လှမ်းပိုမြန်ကာ သူတို့သမီးကို အချိန်မီ ဖမ်းလိုက်နိုင်သည်။
“ဖေဖေ။ သမီး အရမ်းချမ်းတယ်။” သော်သော်၏ အသံက ပိုမို၍ပင် အားနည်းလာခဲ့သည်။
“သမီးလေး ကောင်းသွားမှာပါ။” ချန်လွေ့၏ နှလုံးသားက လျင်မြန်စွာ အေးစက်လာသော သမီးဖြစ်သူကို ပွေ့ဖက်ထားရင်း တုန်လှုပ်သွား၏။
“ဖေဖေ၊ ငိုနေတယ်။” ကလေးမက လက်လှမ်းကာ နီရဲနေသော ချန်လွေ့ မျက်လုံးများကို ထိလိုက်၏။ ထိုလက်၏ အေးစက်မှုကို ခံစားမိရင်း ချန်လွေ့က အပြုံးတစ်ခုကို ညှစ်ထုတ် လိုက်သည်။ “ဖေဖေ့ မျက်လုံးတွေက နေမကောင်းလို့ပါ၊ ငိုတာမဟုတ်ဘူး။ သော်သော်လည်း သတ္တိရှိရမယ်နော်။”
“ဟုတ်...” သော်သော် တုန်ခါလျက် ကွေးကွေးလေး နေနေပြီး စကား တစ်ခွန်းမှ မပြောတော့ပေ။ ကတ်သရင်းက သော်သော်ကို ချန်လွေ့၏ လက်ထဲမှ ယူကာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။
ချန်လွေ့က ချက်ချင်း ဘုရင်သုံးပါး ထံသို့ ပြန်သွားလိုက်သည်။ “ကျုပ် အခု ဘာလျှို့ဝှက်ချက်မှ မသိချင် တော့ဘူး။ ကျုပ်သမီးရဲ့ ဝေဒနာကို ဘယ်လိုဖယ်ရှားပေးနိုင်မလဲဆိုတာပဲ သိချင်တယ်။”
ဒယ်ကက်စ်က ခေါင်းခါလိုက်၏။ “မင်းရဲ့ ခံစားချက်ကို နားလည်တယ်။ ငါပြောခဲ့သလိုပဲ သူ နေမကောင်းတာ မဟုတ်ဘူး။ ဒါက သွေးမျိုးဆက် နိုးထခြင်းရဲ့ လက္ခဏာတစ်ခုပဲ။ ဒါက သဘာဝကျပြီး ရှောင်လွှဲလို့ မရတဲ့ ဖြစ်စဉ်တစ်ခု။ နိုးထမှု အောင်မြင် သွားတာနဲ့ သူ စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအားနဲ့ အလားအလာကို ရရှိမှာပါ။ ဒါပေမဲ့... မင်းပြောတဲ့ ‘ပြန်ဝင်စား’ တာ ဒါမှမဟုတ် တခြားတစ်ခုကြောင့် ဖြစ်မယ်။ ဒီနိုးထမှုက နည်းနည်းလေး စောနေတယ်။”
ဆက်သ်တိုင်းက ပြောလိုက်သည်။ “တကယ်တော့ ဒါက ပုံမှန်ဖြစ်စဉ် တစ်ခုပါ၊ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး။ နိုးထမှု အောင်မြင် သွားရင် မအီမသာဖြစ်တဲ့ လက္ခဏာ အားလုံးက အလိုလို ပျောက်ကွယ် သွားမှာပါ။ မင်း စိုးရိမ်သင့်တာက ဒါမဟုတ်ဘဲ တခြားတစ်ခုပါ။ ဒီလို သွေးမျိုးဆက်နိုးထမှုက အတော်လေး အန္တရာယ်များတယ်။ ကျရှုံးသွားရင် သူ့ရဲ့ အစွမ်းကို ဆုံးရှုံးနိုင်ရုံတင်မက အသက်ပါ စိုးရိမ်ရတယ်။”
ချန်လွေ့က ကတ်သရင်းနှင့် သူ၏ သမီးကို တစ်ချက် လှမ်းကြည့်ပြီး ပြတ်သားစွာ ဆိုသည်။ “သူ့ကို စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအားမျိုး မရှိစေချင်ဘူး။ အေးအေးချမ်းချမ်းပဲ နေစေချင်ရုံပါ။”
ဤသည်မှာ မိဘပင်တည်း။
ယခုမှသာ ချန်လွေ့က မိဘတို့၏ အတ္တကင်းမဲ့သော မေတ္တာဟူသည်ကို နားလည်သဘောပေါက်သွားခဲ့သည်။
အမှန်တကယ် နားလည်သွား၏။
ကံမကောင်းစွာပင် သူက သူ၏ မိဘကို ကျေးဇူးဆပ်ခွင့် မရှိတော့ပေ။
“သွေးမျိုးဆက် နိုးထခြင်းကို ရပ်တန့်လို့ မရဘူး၊ နောက်ပြန် လှည့်လို့မရဘူး။” အော့ခ်မာတွန်၏ အသံ ထွက်ပေါ် လာခဲ့သည်။ “ကံကောင်းစွာနဲ့ သူ့မှာ သန့်စင်တဲ့ မီးဒြပ်စင်ခန္ဓာ ရှိနေတယ်။ မီးလျှံ လက်သီး... အဲ.. မီးဒြပ်စင်ရင်းမြစ် အပိုင်းအစနဲ့ဆိုရင် ငါက ရင်းမြစ် လျှို့ဝှက်ပညာရပ်ကို အသက်သွင်းပြီး မီးဒြပ်စင်ရင်းမြစ်စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲ အမှတ်အသားပုံစံနဲ့ ပေါင်းစပ်ထည့်သွင်းပေးလို့ရတယ်။ ဒီလို အရင်းအမြစ် အမှတ်အသားက နိုးထမှုဖြစ်စဉ်တစ်ခုလုံး ပြီးမြောက်ဖို့ အခွင့်အရေးကို အများကြီး တိုးမြှင့် ပေးလိမ့်မယ်၊ ပြီးတော့ ရံဖန်ရံခါ ဖြစ်တတ်တဲ့ အအေးမိလက္ခဏာတွေ ကိုလည်း ပယ်ဖျက် ပေးနိုင်တယ်။ ငါ့ဆီမှာ ပစ္စည်းတွေ အကုန်ရှိတယ်။ ဒါပေမဲ့ ပစ္စည်းတစ်ခုတော့ မင်း ရှာဖို့ လိုသေးတယ်။”
“အဲဒါက ဘာလဲ။” ချန်လွေ့က အလျင်အမြန် မေးလိုက်သည်။
“မီးစုစည်းသလင်းကျောက်သဲ။ အဲဒီထဲမှာ မြေဒြပ်စင် စွမ်းအားရဲ့ အမြုတေတွေ ပါဝင်နေတယ်၊ အဲဒါက အရင်းအမြစ် စွမ်းအားကို မျှတအောင် လုပ်ပေးနိုင်တယ်။ မီးဒြပ်စင် အရင်းအမြစ်ရဲ့ လျှို့ဝှက်ပညာရပ်ကို အသက်သွင်းဖို့ အသင့်တော်ဆုံး ကြားခံပစ္စည်းပဲ။” အော့ခ်မာတွန်က ဝမ်းနည်းကြောင်း ဖော်ပြလိုက်သည်။ “ကံဆိုးချင်တော့ ဒီလိုပစ္စည်းမျိုးက အတော်လေး ရှားပါးတယ်။ ဘယ်မှာ ရှာရမလဲ ငါမသိဘူး။”
“တကယ်ကို ရှားတယ်။ ဒါပေမဲ့ ဒီလို ပစ္စည်းမျိုးရှိ နိုင်တဲ့ နေရာ တစ်ခုကို ငါသိတယ်။” ဒယ်ကက်စ်က ကြားဖြတ် ပြောလိုက်သည်။ “ငါ သိဒ္ဓိဘုရားကျောင်းတော်နဲ့ ပူးပေါင်း ဆောင်ရွက်နေတုန်းက မတော်တဆ ကြားလိုက်ရတာ။ အဲဒီ နေရာက အကျဉ်းထောင်နက်သဲကန္တာရရဲ့ အိပ်မက်ဆန်ဆန်အိုအေစစ်ပဲ။”
“အကျဉ်းထောင်နက် သဲကန္တာရ ဟုတ်လား။” ချန်လွေ့က ခဏ စဉ်းစားလိုက်သည်။ “အဲဒါကို ကျုပ် ကြားဖူးသလိုပဲ။ မုန်တိုင်းကျွန်း၊ အိပ်မက်ဆိုးမီးတောင်နဲ့ တခြား နေရာတွေနဲ့ အတူ အန္တရာယ်ရှိတဲ့ နေရာအနည်းငယ်ထဲက တစ်ခုအဖြစ် လူသိများတဲ့နေရာ မဟုတ်လား။”
“မှားတယ်။ အကျဉ်းထောင်နက် သဲကန္တာရနဲ့ ယှဉ်ရင် မုန်တိုင်းကျွန်းက ဘာမှ မပြောပလောက်ဘူး” လေဒြပ်စင်ဘုရင် ဆက်သ်တိုင်း၏ မျက်နှာက တည်ကြည်သွားခဲ့သည်။ “လေဒြပ်စင်ရင်းမြစ်အပိုင်းအစကို ငါ အကျဉ်းထောင်နက်သဲကန္တာရရဲ့ အစွန်အဖျားမှာ တွေ့ခဲ့တာ။ အဲဒါကို အန္တရာယ်များတဲ့ အတွေ့အကြုံ တစ်ခုလို့ ပြောလို့ရတယ်။ ငါသာ လေထိန်းချုပ်နိုင်တဲ့ ဒြပ်စင်စွမ်းအား မရှိခဲ့ရင် ပျက်သုဉ်းသွားလောက်ပြီ။ အကျဉ်းထောင်နက်သဲကန္တာရရဲ့ အချက်အချာကျတဲ့နေရာလို့ဆိုကြတဲ့ အိပ်မက်ဆန်ဆန် အိုအေစစ်ကို တစ်ခါမှ မရောက်ဖူးဘူး။ မင်းကို စိတ်ရင်းမှန်နဲ့ အကြံဉာဏ် တစ်ခု ပေးမယ်။ မင်း အခု မဆင်မခြင်နဲ့ အတင်း ဝင်သွားရင်တောင် စိတ်ကူး မယဉ်နိုင်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်။”
“မိတ်ဆွေ တစ်ယောက် အကြံ ပေးတာကို ကျုပ် သံသယဝင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒြပ်စင် ဘုရင်တစ်ပါးဆီကဆိုရင်ပေါ့။ ဒါပေမဲ့ မီးစုစည်းသလင်းကျောက်သဲကို ပြန်ယူလာဖို့ ကျုပ်ကို ဘာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။”
“ဒီလေပြင်းပုလဲက မင်းအတွက်ပဲ။ ဒါကို မုန်တိုင်း ဒါမှမဟုတ် လေဒြပ်စင် တိုက်ခိုက်မှုတွေကို ခုခံဖို့ (၃)ကြိမ် သုံးနိုင်တယ်။ ဒါပေမဲ့ သဲကန္တာရထဲက အချို့ မူမမှန်တဲ့ အရာတွေကိုတော့ မကိုင်တွယ်နိုင်ဘူး။” လေဒြပ်စင် ဘုရင်က လက်ကို ဖြန့်လိုက်ရာ အပြာရောင် ပုတီး တစ်လုံးက ချန်လွေ့ထံသို့ ပျံသန်းသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ အားလုံးကို ကျေးဇူး တင်ပါတယ်။ မိတ်ဆွေတို့။” ချန်လွေ့က လေပြင်း ပုလဲကို ယူလိုက်သည်။ “ဒါနဲ့ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ကျုပ် သော်သော်ရဲ့ အခြေအနေ ပြောပြဖို့ အတော်လေး စိတ်စောနေလို့ မီးဒြပ်စင်ရင်းမြစ် အကြောင်းကို ခုနက ခင်ဗျားတို့ကို ပြောပြဖို့ မေ့သွားတယ်။ အဲဒါက မီးဒြပ်စင် အရင်းအမြစ် အပိုင်းအစနဲ့ ရေဒြပ်စင်ဘုရင်အကြောင်းပါ။”
အော့ခ်မာတွန်က စကားဆိုသည်။ “ငါလည်း မင်းကို မေးတော့မလို့ပဲ။ မင်း မီးဒြပ်စင် ရင်းမြစ် အပိုင်းအစကို ဘယ်မှာတွေ့ခဲ့တာလဲ။”
“နတ်ဆိုးဘုံမှာပါ။ ပိုပြီးတော့ တိတိကျကျပြောရရင် မျှော်လင့်ချက် မဲ့ခြင်း အဓိက ယဇ်ပလ္လင်မှာပါ။ အဲဒီအချိန်တုန်းက နောက်ဆုံးပုံစံကို ချဉ်းကပ်နေတဲ့ ဒီလော့စ်ရိုရဲ့ ကိုယ်ပွားဆီမှာ ရှိနေခဲ့တာ...” ချန်လွေ့က ပင်လယ်သေတွင် ဖြစ်ခဲ့သော တိုက်ပွဲကို အတိုချုံး ဖော်ပြလိုက်သည်။ သူပ ရေဒြပ်စင် ဘုရင်၏ ဒြပ်စင်နှလုံးသား ကွဲအက် သွားခြင်းနှင့် ၎င်းကို ပြုပြင်ရန် လိုအပ်သော တစ္ဆေ ရေခဲစမ်း အကြောင်းပါ ထည့်ပြောခဲ့သည်။
“ဒီလိုဖြစ်ခဲ့တာကိုး...” အော့ခ်မာတွန်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။ “ငါ ထင်တာက အရင်းအမြစ်အပိုင်းအစတွေ အားလုံးကို စုစည်းပြီးသွားရင် ငါတို့... အဲဒီကောင်ရဲ့ ဒြပ်စင်နှလုံးသားက ကွဲအက်သွားမယ်လို့ မထင်ထားခဲ့ဘူး။”
ငါတို့ ဘာလုပ်မှာလဲ.....
ချန်လွေ့က အော့ခ်မာတွန်ကို လှမ်းကြည့်လိုက်သော်လည်း ကံမကောင်းစွာပင် မီးဒြပ်စင်ဘုရင် ဆက်မပြောခဲ့ပေ။
“တကယ်တော့ ရေဒြပ်စင်ဘုရင် ပြောတာ မှန်တယ်။ ဘယ်ဒြပ်စင် ဘုရင်မဆို အဲဒီလိုမျိုး လုပ်မှာပဲ။” ဒယ်ကက်စ်က စကားဆိုလိုက်သည်။ “မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးနိုင်ခဲ့တာ ဆိုတော့ မင်းတို့အားလုံး တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့တာပဲ။ ဒါပေမဲ့ ရေဒြပ်စင် နှလုံးသားကို ပြင်ဆင်ပေးနိုင်တဲ့ တစ္ဆေရေခဲစမ်းက ဘယ်မှာရှိလဲဆိုတာ ငါ မသိဘူး။”
“၁၀နှစ် အတွင်းမှာ ကျုပ် အဲဒါကို သေချာပေါက် ရအောင် ရှာမယ်။” ချန်လွေ့က ကတ်သရင်းကို ပြောလိုက်သည်။ “မင်း ဒီမှာနေပြီး သော်သော်ကို ကောင်းကောင်း ဂရုစိုက်ပါ။ ငါ အခု ချက်ချင်းပဲ အကျဉ်းထောင်နက် သဲကန္တာရဆီကို သွားလိုက်ဦးမယ်။”
“သတိထားဦး..” ကတ်သရင်းက ခေါင်းညိတ်ကာ တဖြည်းဖြည်း အိပ်ပျော်သွားသော သော်သော့်ကို ပွေ့ဖက်ထားရင်း သတိပေးလိုက်၏။