← Chapters

နယ်စပ်မြို့

Vol. 68 Ch. 1092

နယ်စပ်မြို့

Vol. 68 Ch. 1092

မဟာသဲပြင်အင်ပါယာ၊ တိုလီယာမြို့!

အသားမည်းမည်း ပိန်လှီလှီနှင့် အသက် ၁၄နှစ်အရွယ် ကောင်လေး တစ်ယောက်က မြို့ပြင်မှ ရောက်လာသော ခရီးသွားတစ်ဦးကို ကုန်ပစ္စည်းများ ရောင်းရန် အစွမ်းကုန် ကြိုးစားနေလေသည်။ “လေးစားရတဲ့ လူကြီးမင်းခင်ဗျာ။ ဒါက မဟာသဲပြင် အင်ပါယာမှာ အကျော်ကြားဆုံး လက်ရာဖြစ်တဲ့ သဲကြည်ကြေးမုံပါ။ အမျိုးသမီးတွေအတွက် အကောင်းဆုံး လက်ဆောင်တစ်ခုပါ။”

“ကျွန်တော် ဒီပစ္စည်းတွေကို ဆိုင်အကောင်းစားကနေ တိုက်ရိုက် ဝယ်ထားတာ။ မူရင်းဈေး ခရမ်း သလင်းကျောက် ဒင်္ဂါးပြား ၄ပြား တန်ကို အမြတ် ၁ပြားပဲ တင်ပြီး ရောင်းပေးတာပါ။ ၃ခု ဝယ်မယ်ဆိုရင် ပိုတန်တဲ့ဈေး၊ ခရမ်း သလင်းကျောက် ဒင်္ဂါး ၁၀ပြားနဲ့ ရပါမယ်။ ဒီဈေးကို တစ်မြို့လုံး ဘယ်နေရာမှ ရှာတွေ့မှာ မဟုတ်ပါဘူး။”

ထိုတိုင်းတစ်ပါး ခရီးသွားမှာ တစ်လမ်းလုံး ခရီးနှင်လာခဲ့သော ချန်လွေ့ပင်။ အကျဉ်းထောင်နက် သဲကန္တာရသည် လူသားလောက အနောက်တောင်ဘက်၌ တည်ရှိ၏။ ထိုဒေသက အလွန်ပင် ကျယ်ပြော လှသော်လည်း တည်နေရာ အလှမ်းဝေးခြင်းနှင့် ပတ်ဝန်းကျင် ကြမ်းတမ်းခက်ခဲခြင်း တို့ကြောင့် အစွန်အဖျားတွင် ခြောက်ကပ်ပြီး သေးငယ်သော အင်ပါယာ နှစ်ခုသာ ရှိသည်။ မဟာသဲပြင် အင်ပါယာက ထိုနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။

တိုလီယာမြို့က ထိုအင်ပါယာရှိ မြို့တော်ပြီးလျှင် အကြီးဆုံး ဖြစ်၏။ ၎င်းသည် ဧရိယာ ကျဉ်းမြောင်းပြီး လူဦးရေလည်း နည်းပါးလှသည်။ ချန်လွေ့၏ အမြင်တွင် ထိုဒုတိယ အကြီးဆုံးမြို့က အမှောင်လ နယ်မြေမှ မြို့ငယ်လေး တစ်မြို့နှင့်သာ ညီမျှပေသည်။

ချန်လွေ့၏ စိတ်ဝင်စားဟန်ရှိသော အမူအရာကို မြင်ရာ ထိုဆယ်ကျော်သက် ကောင်လေးက အကြံတစ်ခု ရသွားပြီး ကြေးမုံကို သူ၏ လက်ထဲမှ အိတ်ငယ်ထဲသို့ ပြန်ထည့်လိုက်သည်။ “လူကြီးမင်းက တိုလီယာမြို့ကို ပထမဆုံး အကြိမ် ရောက်တာ ဖြစ်မယ်ထင်တယ်။ ဒီက မိန်းကလေးတွေက မြို့ကြီးတွေ ကလောက် မကောင်းပေမဲ့ သူတို့မှာ ထူးခြားတဲ့ အလှတော့ ရှိကြတယ်။ လူကြီးမင်းကို နေရာကောင်း တစ်ခု လိုက်ပို့ပေးလို့ ရမလား။ အဲဒီက မိန်းကလေးတွေက ဒီမြို့မှာ အသန့်ရှင်းဆုံးနဲ့ အလှဆုံးတွေပါပဲ။ လူကြီးမင်း ကျေနပ်စေရမယ်လို့ အာမခံပါတယ်! လူကြီးမင်းက ကျွန်တော့်ကို မုန့်ဖိုး နည်းနည်း ပေးရုံပါပဲ။”

အမျိုးသမီးအကြောင်း မနားမနေ ပြောဆိုနေသော လူငယ်လေးကို ကြည့်ရင်း ချန်လွေ့ တိတ်တဆိတ် ခေါင်းခါပြီး မေးလိုက်သည်။ “ငါ အမှတ်တရပစ္စည်းရော၊ မိန်းမကိုရော စိတ်မဝင်စားဘူး။ မင်း ဒီသဲကန္တာရ အကြောင်း ကောင်းကောင်းသိလား။”

“လူကြီးမင်းခင်ဗျာ၊ ကျွန်တော်က ဒီမှာ ငယ်ငယ်ကတည်းက ကြီးပြင်း လာတာပါ။ ဒီမှာ ‘ဂျင်မ်လေး’ ဆိုရင် မသိတဲ့သူရှိဘူး။ ကျွန်တော့်ကို ‘အကုန်သိ’ လို့တောင် ခေါ်ကြတယ်။ အကျဉ်းထောင်နက် သဲကန္တာရထဲမှာ သဲတောင်ပူစာ ဘယ်နှလုံးရှိလဲတောင် ကျွန်တော်သိတယ်။” ဂျင်မ်လေးက ဝင့်ကြွားစွာ ပြောလိုက်သည်။

“ငါ တိုလီယာမြို့ကို ရောက်တာ ဒါက ပထမဆုံးဆိုတော့ အကုန်သိ ဂျင်မ်လေးက အကျဉ်းထောင်နက် သဲကန္တာရအကြောင်း ပြောပြစမ်းပါ။”

“အမ်...” ဂျင်မ်လေး မျက်တောင် ခတ်လုပ်ရင်း ချန်လွေ့ကို စကား မပြောဘဲ ကြည့်နေလိုက်သည်။

ချန်လွေ့ ပြုံးလိုက်သည်။ သူက လက်ဖျောက် တစ်ချက် တီးလိုက်ရာ ခရမ်း သလင်းကျောက် ဒင်္ဂါးပြား တစ်ပြား‌ မြောက်တက်သွားခဲ့သည်။ ဂျင်မ်လေးက အလျင်အမြန်ပင် ဖမ်းယူလိုက်ပြီး ခေါင်းညိတ်ကာ အရိုအသေ ပေးလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ရက်ရောသော တိုင်းတစ်ပါးသားတစ်ဦးနှင့် တွေ့ပြီး ယနေ့ ငွေအများကြီး လိမ်လည် နိုင်မည်ဟု တိတ်တဆိတ် တွေးတော နေမိသည်။

ထိုသို့ တွေးနေစဉ် နောက်ထပ် ခရမ်းသလင်းကျောက်ဒင်္ဂါး တစ်ပြား တိုင်းတစ်ပါးသား၏ လက်ထဲတွင် ပေါ်လာသည်။ ဂျင်မ်လေး အလွန် ဝမ်းသာသွားခဲ့သော်လည်း ထိုမာကျောလှသော ခရမ်း သလင်းကျောက်ဒင်္ဂါးပြားက တိုင်းတစ်ပါးသား၏ လက်ချောင်းများ ကြားတွင် ချက်ချင်း အမှုန့် ဖြစ်သွား ခဲ့လေသည်။ “ငါ ဒီမေးခွန်းကိုပဲ တခြားလူတွေကို မေးဦးမှာ။ မင်း ပြောတာတွေက အမှန် မဟုတ်ဘူး ဆိုရင် အပိုစကားတွေ ထပ်ပြောဖို့ မလိုတော့ဘူး ထင်တယ်။”

ဂျင်မ်လေး တစ်ကိုယ်လုံး တုန်လှုပ် သွားပြီး သူ၏ အပိုအတွေးအချို့ကို ချက်ချင်း ဖယ်ရှားကာ သဲကန္တာရ၏ အခြေအနေကို ရိုးသားစွာ စတင် ရှင်းပြတော့သည်။ ချန်လွေ့က ကုန်ကြမ်းပစ္စည်း တစ်ချို့ အကြောင်း စုံစမ်း မေးမြန်းရာ ၎င်းတို့ထဲတွင် ‘မီးစုစည်းသလင်းကျောက်သဲ’ လည်း ပါဝင်သည်။ ဂျင်မ်လေးက ‘အကုန်သိ’ ဟူသော နာမည်နှင့် ထိုက်တန်စွာပင် သာမန်ကုန်ကြမ်းများ အကြောင်းကို အတော်လေး ရှင်းရှင်းလင်းလင်း သိပြီး မြို့ထဲရှိ မည်သည့်ဆိုင်များတွင် ရောင်းချသည်ကိုပင် ပြောပြနိုင်၏။ သို့သော်လည်း ‘မီးစုစည်း သလင်းကျောက်သဲ’ အကြောင်းကိုမူ သူ လုံးဝမသိပေ။ ထိုကဲ့သို့သော အရာကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

ထိုကောင်လေးက လိမ်မပြော နေကြောင်း ချန်လွေ့ သိသော်လည်း အလင်း ဒြပ်စင်ဘုရင် ဒယ်ကက်စ်က သူ့ကို လိမ်မည် မဟုတ်ပေ။ ထို့ကြောင့် ‘မီးစုစည်း သလင်းကျောက်သဲ’သည် အကျဉ်းထောင်နက် သဲကန္တာရ အထဲတွင် ရှိရပေမည်။

‘အိပ်မက်ဆန်ဆန် အိုအေစစ်’ နှင့် ပတ်သက်သည့် ဒဏ္ဍာရီတစ်ခုလည်း ရှိသေးသည်။ ရှေးအခါက သဲကန္တာရ ထဲတွင် ‘တိုက်ပွဲနီအင်ပါယာ’ဟု ခေါ်သော လျှို့ဝှက် ဆန်းကြယ်ပြီး အလှမ်းဝေးသည့် အင်ပါယာ တစ်ခု ရှိခဲ့သည်။ ဘုရင်က အရည်အချင်း မရှိသည့်အပြင် ရည်မှန်းချက် ကြီးသော ဝန်ကြီးချုပ် တစ်ဦးကို အရေးပေး မြှောက်စားခဲ့သည်။ ဝန်ကြီးချုပ်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ပြည်သူများက ရက်စက်မှုကို ယုံကြည်လာကြပြီး အလင်းရောင်ကို ယုံကြည်သူများ တစ်စတစ်စ နည်းပါးလာခဲ့သည်။

ထိုဝန်ကြီးချုပ်သည် ထီးနန်းကို လောဘတက်ရုံသာမက မင်းသမီး၏ အလှကိုလည်း တပ်မက်ခဲ့သည်။ မင်းသမီးက သိဒ္ဓိကျောင်းတော်ကို ယုံကြည်သူတစ်ဦး ဖြစ်ပြီး သူနှင့် စေ့စပ်ထားသူမှာ အင်ပါယာ၏ အလားအလာရှိသော စစ်သူကြီးငယ် တစ်ဦး ဖြစ်လေသည်။ ကံဆိုးစွာပင် ဝန်ကြီးချုပ်က ဘုရင်ထံ ကုန်းချော စကားများ ပြောဆိုပြီးနောက် ထိုစစ်သူကြီး အသတ်ခံရပြီး ဘုရင်က မင်းသမီးကို ဝန်ကြီးချုပ်နှင့် လက်ဆက်စေခဲ့၏။ ဝမ်းနည်းပူဆွေး နေသော မင်းသမီးက အလင်း နတ်ဘုရားထံ ဆုတောင်းရန် သုံးရက်ကြာ အစာငတ်ခံခဲ့ပြီး အချစ် အတွက် အသက်ကို စတေးခဲ့သည်။

မင်းသမီး၏ ရိုးသားမှုနှင့် စွဲလန်းမှုတို့က အလင်းနတ်ဘုရားကို လှုပ်ရှားစေခဲ့ပြီး ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ တိုက်ပွဲနီအင်ပါယာကို ဝါးမျိုခဲ့သည်။ မင်းသမီး အသက် စတေးခဲ့သော နေရာ တစ်ခုတည်းသာ အိုအေစစ် အဖြစ်သို့ ပြောင်းသွားပြီး အလင်းကို ယုံကြည်သူများက ထိုအိုအေစစ်တွင် ဘေးလွတ်ကင်းခဲ့ကြသည်။

မင်းသမီး၏ ဝိညာဉ်က အလင်းရောင် လမ်းညွှန်မှုအောက် နတ်ဘုရားတိုင်းပြည်သို့ ဝင်ရောက် ခဲ့သည်။ သူ့ကို အလင်းနတ်ဘုရားက ‘တီဇန်နီယာ’ ဟူသော အမည်ကို ချီးမြှင့်ခဲ့ပြီး ၎င်းမှာ ရှေးစကားဖြင့် ‘သဲကန္တာရတမန်တော်’ ဟု အဓိပ္ပာယ် ရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ‘သဲကန္တာရနတ်ဘုရားမ’ ဖြစ်လာခဲ့သည်။

“လူကြီးမင်း။ ဒီနတ်ဘုရားမက တကယ်တည်ရှိပြီး သုံးလေးနှစ်၊ ဒါမှမဟုတ် နှစ်ရာပေါင်းများစွာ ကြာတိုင်း အံ့သြဖွယ်ရာတွေ ပြလေ့ ရှိတယ်။ သဲကန္တာရထဲ လမ်းပျောက် နေတဲ့သူတွေကို ဘေးကင်းကင်းနဲ့ ပြန်လာနိုင်အောင် ကူညီပေးပြီးတော့ သူ့ကိုယုံကြည်တဲ့သူတွေပဲ ကံကောင်းခြင်းတွေ ရရှိနိုင်တယ်။” ဂျင်မ်လေးက သူ၏ အဝတ်အစားထဲမှ အဆောင်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းပေါ်တွင် နတ်ဘုရားမရုပ်တုငယ် တစ်ခု ထွင်းထုထား၏။ “ဒါက သဲကန္တာရနတ်ဘုရားမ တီဇန်နီယာရဲ့ ရုပ်တုပါ။ သူက အလင်းနတ်ဘုရားရဲ့ လက်အောက်ခံ နတ်ဘုရားမတစ်ပါး ဖြစ်ပေမဲ့ ဒီအကျဉ်းထောင်နက် သဲကန္တာရထဲမှာတော့ သူက တကယ့် ကိုးကွယ်ရာ နတ်ဘုရားမ တစ်ပါးပဲ။ လူကြီးမင်း တကယ်လို့ သဲကန္တာရထဲ သွားချင်တယ်ဆိုရင် ဒီနတ်ဘုရားမ ရုပ်တုကို ဆောင်ပြီး နတ်ဘုရားမရဲ့ ကောင်းချီးကို ရယူသင့်တယ်။ ဒီလို အဆင့်မြင့် နတ်ဘုရားမ ရုပ်တုက ခရမ်းသလင်းကျောက်ဒင်္ဂါး ၁၀ပြားပဲ ကျသင့်မှာပါ...”

ဂျင်မ်လေးက ကုန်ပစ္စည်းများ ထပ်မံရောင်းချနေကြောင်း ကြားရာ ချန်လွေ့က ခေါင်းခါကာ ငြင်းလိုက်သည်။ “မင်းတို့အားလုံးက နတ်သမီး တီဇန်နီယာကို ကိုးကွယ် ကြတာလား။ ဒါဆို တိုလီယာမြို့မှာ သိဒ္ဓိကျောင်းတော် ရှိလား။”

“မြို့တော်မှာပဲ အလင်းခန်းမ ရှိပါတယ်။ ဒါပေမဲ့ သဲကန္တာရ နတ်ဘုရားမက အလင်းနတ်ဘုရား လက်အောက်က နတ်ဘုရားမဖြစ်ပြီး သဲကန္တာရအစပ်မှာ ရှိနေပါတယ်။ မြို့တော်က ကျောင်းတော်ကလည်း ဒီယုံကြည်မှုက ပြဿနာ မဖြစ်ဘူးလို့ အသိအမှတ် ပြုထားပါတယ်။”

သိဒ္ဓိကျောင်းတော်က အသိအမှတ် ပြုထားတယ်တဲ့လား။ ချန်လွေ့က သဲကန္တာရ နတ်ဘုရားမ ဆိုသည်ကို ပို၍ စိတ်ဝင်စားလာမိသည်။

ဂျင်မ်လေး၏ အဆိုအရ တိုက်ပွဲနီ အင်ပါယာသည် ရတနာများစွာ ချန်ခဲ့သည်ဟု ကောလာဟလများ ရှိခဲ့ပြီး အဓိက သော့ချက်မှာ အိပ်မက်ဆန်ဆန် အိုအေစစ်ပင်။ စွန့်စားရှာဖွေသူများစွာ တစ်ချိန်က ထိုနေရာသို့ အလုံးအရင်းနှင့် သွားရောက်ခဲ့ကြသည်။ ကံဆိုးစွာပင် သူတို့က ဘာတစ်ခုမှ ရှာမတွေ့ခဲ့ရုံ သာမက ရတနာရှာဖွေသူအများစုမှာ လုံးဝ ပြန်မလာနိုင်ခဲ့ကြ။ ထို့ကြောင့် ထိုနေရာ၏ ကျော်ကြားမှုကလည်း အတော်လေး လျော့သွားသော်လည်း အကျဉ်းထောင်နက် သဲကန္တာရ၏ အန္တရာယ်များသော နာမည်မှာမူ ထိုအချိန်မှစ၍ ပျံ့နှံ့သွားခဲ့လေသည်။

ဂျင်မ်လေးက အဆုံးတွင် အိပ်မက်ဆန်ဆန် အိုအေစစ်နှင့် သက်ဆိုင်သည့် အချက်အလက် တစ်ခုကို ပြောပြခဲ့သည်။ အိပ်မက် ဆန်ဆန် အိုအေစစ်က အမှန် တကယ်တွင် ရွေ့လျားနေလေသည်! တစ်နည်းအားဖြင့် ထိုအိုအေစစ်တွင် ပုံသေတည်နေရာမရှိဘဲ သက်ရှိအရာ တစ်ခုကဲ့သို့ ရွေ့လျားနေခြင်းပင်။

ချန်လွေ့ တိတ်တဆိတ် မျက်မှောင် ကြုတ်လိုက်၏။ အကျဉ်းထောင်နက် သဲကန္တာရက ပင်လယ်လို ကျယ်ပြော ပြီးတော့ ပတ်ဝန်းကျင် အတော်လေး ကြမ်းတမ်းတယ်။ မှော်မြေပုံကိုလည်း သုံးလို့ မရဘူး။ ဒီလိုမျိုးကျယ်ပြန့်တဲ့ နေရာထဲတွင် အိုအေစစ် တစ်ခုကို ရှာဖွေတာက ပင်လယ်သေထဲမှာ မသိရသေးတဲ့ ကျွန်းတစ်ကျွန်းကို ရှာဖွေရသလို ခက်ခဲတယ်။

ထိုကိစ္စသည် သော်သော်၏ လုံခြုံရေးနှင့် သက်ဆိုင်နေသည့် အပြင် ယခင် မုန်တိုင်းကျွန်း ဒေသ၌ လမ်းမှားလုနီးပါး ဖြစ်ခဲ့ရသည့် သင်ခန်းစာကြောင့် ချန်လွေ့က မစွန့်စားရဲတော့ပေ။ သူက မေးလိုက်သည်။ “ဂျင်မ်လေး၊ တိုလီယာမြို့မှာ အိပ်မက်ဆန်ဆန် အိုအေစစ်ကို ရှာနိုင်မယ့် လမ်းပြ တစ်ယောက်ယောက်များ ရှိလား။”

“လူကြီးမင်း... အိပ်မက်ဆန်ဆန် အိုအေစစ်ရဲ့ ရတနာတွေကို ရှာချင်လို့လား။” ဂျင်မ်လေးက အံ့အားသင့်သော အမူအရာကို ပြလိုက်သည်။ “ကြားရတာတော့ အိုအေစစ်ရဲ့ တည်နေရာက အကျဉ်းထောင်နက် သဲကန္တာရရဲ့ အလယ်ဗဟိုထဲမှာ ရှိတယ်တဲ့။ အိုအေစစ်ကို ရှာဖို့ မပြောနဲ့၊ အလယ် ထဲကို ဘယ်သူမှတောင် ဝင်လို့ မရဘူး။ ကြောက်စရာ ကောင်းတဲ့ သဲမုန်တိုင်းတွေ အပြင်ကို လမ်းမှာ ရက်စက်တဲ့ သဲဓားပြတွေလည်း ရှိတယ်။ ဒီဓားပြတွေက မြို့တွေကို တိုက်ခိုက်ပြီးတော့ အစားအစာနဲ့ ပစ္စည်းဥစ္စာတွေ လုယက်တတ်တယ်။ ပြီးခဲ့တဲ့ လကပဲ တိုလီယာမြို့ တိုက်ခိုက်ခံခဲ့ရသေးတယ်။”

“ငါ ဘာလို့ အိပ်မက်ဆန်ဆန် အိုအေစစ်ကို ရှာနေလဲ ဆိုတာ မင်း စိုးရိမ်စရာ မလိုဘူး။ မင်း ဖြေရုံပဲ။” ချန်လွေ့၏ လက်ထဲတွင် သလင်းကျောက်နက် ဒင်္ဂါး တစ်ပြား ပေါ်လာသည်။

ထိုကဲ့သို့သော နေရာငယ်လေးတွင် ဈေးနှုန်းက မြို့ကြီးထက် များစွာ သက်သာလှပြီး သလင်းကျောက်နက် ဒင်္ဂါး တစ်ပြားက အလွန်ပင် အံ့ဩဖွယ်ကောင်းသော ငွေပမာဏ တစ်ခု ဖြစ်နေလေပြီ။ ဂျင်မ်လေးက တံတွေးမျိုချလိုက်မိသော်လည်း နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။ “ကျွန်တော် ဒီပိုက်ဆံကို တကယ် လိုချင်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် တကယ် မသိပါဘူး။”

“ငါ ကံမကောင်းဘူးပဲ ထင်ပါရဲ့။” ချန်လွေ့က ဂျင်မ်လေးကို မကြည့် တော့ပေ။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ သလင်းကျောက်နက် ဒင်္ဂါးများကို သိမ်းလိုက်ပြီး မြို့ထဲရှိ ဟိုတယ် မည်သည့်နေရာ၌ ရှိကြောင်း မေးကာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ မကြာမီတွင် သူက ဂျင်မ်လေး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့ ထွက်သွားကြောင်း ဂျင်မ်လေး မြင်ရာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဘေးလမ်းကြားထဲ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားကာ လမ်းကွေ့များစွာကို ကွေ့လိုက်၏။ သူ စိတ်အေးသွားဟန်တူပြီး ရှေ့သို့ အမြန် ပြေးထွက်သွားလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုက သူ၏ ခြေထောက်ကို ခလုတ်တိုက်မိသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့လက်ထဲမှ အိတ်ငယ်လေးလည်း လွင့်စင်ထွက်သွားခဲ့သည်။ သူက နာကျင်လွန်းသဖြင့် ခဏလောက် မထနိုင်အောင် ဖြစ်နေခဲ့သည်။

ထို့နောက်တွင် သူ၏ အမြင်ထဲသို့ ဟောင်းနွမ်းနေသော နွားသားရေ ဘွတ်ဖိနပ်များ ဝင်လာခဲ့သည်။ တစ်ချိန်တည်းပင် သူကြားချင်ဆုံး အသံတစ်ခု ထွက်ပေါ်လာလေသည်။ “ဂျင်မ်လေး၊ မင်းက တကယ် မြန်တာပဲ။”

ဂျင်မ်လေးက နာကျင်မှုကို ကြိတ်မှိတ်ခံရင်း ဝတုတ်တုတ် မျက်နှာကို မော့ကြည့်လိုက်ကာ တောင်းပန်သော အပြုံးဖြင့် ပြုံးပြ လိုက်သည်။ “ဆာ-ပီနို၊ ကျွန်တော်က အဖေကြီးလားလ်ကို စိတ်ပူလို့ပါ။ မကြာသေးခင်က အဖေကြီးရဲ့ ရောဂါဟောင်း ပြန်ထလာလို့ပါ။”

ပီနို နှင့်အတူ ပါလာသော လူကောင်ကြီးကြီး တစ်ယောက်က အော်ပြောလိုက်သည်။ “ဟန်ဆောင် မနေနဲ့! ကိတ်မုန့်ရောင်းတဲ့ အဘိုးကြီး ကာရီဆီက ငါ ကြားတယ်။ မင်း ခုနက သူစိမ်းတစ်ယောက်နဲ့ တွေ့ပြီး ပိုက်ဆံအများကြီး ရခဲ့တယ်ဆို။”

“အဘိုးကြီး ကာရီ အမြင်မှားတာ ဖြစ်မှာပါ။ ကျွန်တော် သူ့ကို ကြေးမုံတစ်ချပ် ရောင်းပြီးတော့ သလင်းကျောက်ဖြူဒင်္ဂါးပြား နည်းနည်းပဲ ရခဲ့တာပါ...”

သူ၏စကား မဆုံးခင်မှာပင် ဂျင်မ်လေး၏ ညာဘက်လက်ကို ပီနို၏ ခြေထောက်က ပြင်းထန်စွာ နင်းခြေလိုက်လျေသည်။ “ဆက်ပြီး ဟန်ဆောင်နေသေးတာလား!”

ပီနိုက ပို၍ပင် ဖိနင်းလိုက်၏။ ဂျင်မ်လေးက နောက်ဆုံးတွင် သူ၏ ညာလက်ကို လွှတ်ပေးလိုက်ရာ ချွေးစို့နေသော ခရမ်း သလင်းကျောက် ဒင်္ဂါးပြားက သူ၏ လက်ချောင်းကြားမှ လျှောထွက်ပြီး ပီနိုက လုယူသွားခဲ့သည်။

“အဲဒါက ကျွန်တော့် အဖေ့ကို ဆေးကုပေးဖို့ ပိုက်ဆံ! ပြန်ပေး!” ဂျင်မ်လေးက ထရန် ရုန်းကန်ရင်း ခရမ်း သလင်းကျောက် ဒင်္ဂါးပြားကို ပြန်လည်ရယူရန် ကြိုးစားနေ၏။

“အဲဒီ တိုင်းတစ်ပါးသား ဘယ်ကို သွားလဲပြော။ ငါ မင်းကို ပြန်ပေးမယ်။”

ချန်လွေ့က ခရမ်း သလင်းကျောက် ဒင်္ဂါးပြားကို အမှုန့်ချေလိုက်သည်ကို ပြန်တွေးမိရင်း ဂျင်မ်လေးက ပြန်ဖြေ လိုက်သည်။ “ဟိုတယ်ကို သွားတာ။”

“ဟိုတယ်ကို သွားကြမယ်။” ပီနိုက သူ၏ အပေါင်းအပါများကို လက်ယပ် ခေါ်လိုက်သည်။

ဂျင်မ်လေးက အလောတကြီးနှင့် ဆိုလိုက်သည်။ “ပိုက်ဆံ ပြန်ပေး!”

“ခွေးကောင်!” ပီနို လှည့်ထွက်ရင်း ဂျင်မ်လေး၏ ပိန်လှီသော ခန္ဓာကို နံရံဆီသို့ ကန်ထုတ်လိုက်၏။

“အစ်ကိုကြီး ပီနို။” အပေါင်းအပါ တစ်ယောက်က ဘေးမှ အကြံပေး လိုက်၏။ “ဟိုတယ်နဲ့ ပတ်သက်ပြီး... ကျွန်တော်တို့ အရင်ဆုံး သူ့နောက်ကြောင်းကို စုံစမ်းကြည့်ကြမလား။”

“အင်း...” ပီနိုက သူ၏လက်ထဲမှ ခရမ်း သလင်းကျောက် ဒင်္ဂါးပြားကို ချိန်ဆကြည့်လိုက်သည်။ “အရင် တစ်ခေါက်ကလိုပဲ သေသေချာချာ သန့်သန့်ရှင်းရှင်း လုပ်ရမယ်။ အဲဒီကောင်က သိပ်အစွမ်းမထက်ဘူး ဆိုရင်တော့...”

ပီနိုက မကောင်းဆိုးဝါး ဆန်ဆန် ပြုံးလိုက်ပြီး ဓားပုံစံ လက်ဟန်ဖြင့် လည်ပင်းကို လှီးပြလိုက်သော်လည်း ထိုလှီးဖြတ်မှုက အမှန်ပင် သွေးထွက် စေခဲ့သည်။ ပီနိုက ကြက်သေသေ သွားခဲ့သည်။ သူ၏ လည်ချောင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားရပြီး လက်များမှာ ကိုယ့်သွေးနှင့်ကိုယ် စိုရွှဲနေသည့် အချိန်မှ ဘာဖြစ်သွားမှန်း သူ နားလည်လိုက်သည်။ သူက လည်ပင်းကို အုပ်ရင်း ကြောက်လန့် တကြားနှင့် အသံတစ်ခု ပြုလိုက်၏။

ထိုထူးဆန်းသော မြင်ကွင်းက ခပ်ညံ့ညံ့ နောက်ပြောင်မှု တစ်ခုနှင့် တူနေသော်လည်း အသံတစ်ခု ထွက်ပေါ်လာရာ မည်သူမျှ ရယ်မော နိုင်ခြင်း မရှိတော့ပေ။ “မင်းတို့ ငါ့ကို ရှာနေတာလား။”

အနီးအနားတွင် လူတစ်ယောက် ထပ်ရှိနေသည်ကို လူတိုင်းက ယခုမှ သတိပြုမိလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် လူတိုင်း၏ စိတ်ထဲ၌ အေးစက်သွားပြီး သူတို့၏ ခြေလက်များ အေးခဲသွားသကဲ့သို့ မလှုပ်ရှားနိုင်တော့ပေ။

ဂျင်မ်လေး ထရပ်လိုက်ပြီး သူ့ကို ပိုက်ဆံပေးခဲ့သော ‘တိုင်းတစ်ပါးသား’ ကို ကြောက်လန့်တကြား ကြည့်နေ လိုက်မိသည်။

“မင်းက ဘယ်သူလဲ! ပီနိုရဲ့ ယောက်ဖက ဒီမြို့ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ မင်း... မင်း...”

“အာ... အရာရှိတွေနဲ့ ဓားပြတွေက မိသားစုတွေကိုး။ မင်းတို့ အားလုံး လူသတ်ပြီး ပစ္စည်းလုတဲ့ နေရာမှာ ဝါရင့်နေကြပြီပဲ။ လူသတ်ရဲမှတော့ အသတ်ခံရမယ့် အသိစိတ်လည်း ရှိရမှာပေါ့။” ချန်လွေ့ လက်ဖျောက် တီးလိုက်သည်။ ဂျင်မ်လေး၏ ကြောက်လန့်နေသော အကြည့် အောက်တွင် ပီနို အပါအဝင် လူထွားကြီး လေးယောက်စလုံး ချက်ချင်းပင် အမှုန့်များအဖြစ် ကြေမွသွားပြီး သွေးတစ်စက်မျှပင် မကျန်ဘဲ ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားကြလေသည်။

ပီနို လုယူသွားခဲ့သော ခရမ်း သလင်းကျောက်ဒင်္ဂါးများသာ ဂျင်မ်လေး၏ ရှေ့တွင် အလိုလို ပျံဝဲနေသော်လည်း ထိုလူငယ်၏ စိတ်သည် ခုနက မြင်ကွင်းကြောင့် ကြောက်လန့်နေသဖြင့် ၎င်းကို မယူရဲခဲ့ပေ။

“ဂျင်မ်လေး။ ကံမကောင်းတာက ငါ မဟုတ်ဘူး၊ မင်းပဲ ဖြစ်မယ် ထင်တယ်။” ချန်လွေ့ ခေါင်းခါ လိုက်သည်။ “တကယ်တော့ မင်း အမှန်အတိုင်း မပြောခဲ့တာကို ငါ အစတည်းက သတိထားမိတယ်။ ငါ ရှာနေတဲ့သူက မင်းပြောတဲ့ အဖေကြီး လားလ်ပဲ။”

ဂျင်မ်လေး တုန်လှုပ်သွားစဉ် ချန်လွေ့က ခပ်ပါးပါး ပြုံးလိုက်၏။ “မင်း အိမ်ကို သွားကြရအောင်။ မင်းကို ပြောဖို့ မေ့နေတာ။ လူသတ်တာ အပြင်ကို ငါက လူကယ်တာလည်း တော်တယ်။ မင်း အဖေသာ အသက် တစ်ချက် ရှူသေးရင် ငါ သူ့ကို ကယ်နိုင်တယ်။”

All Chapters