မမျှော်လင့်ထားသော သတင်း
Vol. 68 Ch. 1093
ထိုနေရာက လေလုံ ရေလုံခြင်း မရှိသော ‘အိမ်စုတ်’ တစ်လုံး၏ အရည်အသွေးများနှင့် ပြည့်စုံသော အလွန်အမင်း ပျက်စီးနေသည့် အိမ်တစ်လုံး ဖြစ်သော်လည်း အတွင်းပိုင်းမှာမူ အတော်အတန် သပ်ရပ်စွာ ရှိနေ၏။
တစ်ခုတည်းသော အတော်လေး ပြည့်စုံကောင်းမွန်သည့် ပရိဘောဂမှာ ပိန်လှီနေသော အဖေကြီးလားလ် အားနည်းစွာ လဲလျောင်းနေသည့် သစ်သားကုလားထိုင်တစ်လုံးပင်။
မုတ်ဆိတ်ရှည်နှင့် အဖေကြီး လားလ်က အမှန်တကယ် အသက် သိပ်မကြီးသေးပေ။ သူ၏ တကယ့် အသက်မှာ ၅၀ကျော် ရှိသော်လည်း ပုံစံမှာ သေလျက်နှင့် ရှင်နေသလိုမျိုး ဖြစ်နေသည်။
ဂျင်မ်လေးက အစားအစာများ ယူမလာသည့်အပြင် ‘လူကောင်း တစ်ယောက်နှင့်မတူသော’ လူစိမ်း (ချန်လွေ့) တစ်ယောက် ခေါ်လာ သည်ကို မြင်သောအခါ အဖေကြီး လားလ်က ဂျင်မ်လေးကို မျက်နှာသာ မပေးတော့ဘဲ အော်ငေါက်လေသည်။ ထို့နောက် ဂျင်မ်လေးနှင့် ချန်လွေ့ကို မောင်းထုတ်ရန် ပစ္စည်းများကိုပင် စတင်ပစ်ပေါက်တော့သည်။
“ခင်ဗျားရဲ့ ဒဏ်ရာက သာမန် မဟုတ်ဘူး။ သေစေနိုင်တဲ့ အဆိပ် တစ်မျိုးပဲ။”
ချန်လွေ့၏ ပထမဆုံး စကား တစ်ခွန်းက အဘိုးကြီး၏ ဆဲဆိုသံကို ရုတ်တရက် ရပ်တန့်သွားစေခဲ့သည်။
“ဂျင်မ်လေး ဒီကိုလာတာ ကျုပ်ရဲ့ အတင်းအကျပ်ခိုင်းစေလို့ ဆိုတာကို ခင်ဗျား မြင်မှာပါ။ ခင်ဗျားက သူ့ကို ဒုက္ခမပေးချင်လို့ တမင်သက်သက် မောင်းထုတ်နေတာပဲ။ စိတ်မပူပါနဲ့။ ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။”
ဒုတိယ စကားတစ်ခွန်း သူ၏ နားထဲသို့ ဝင်လာရာ အဖေကြီး လားလ်၏ မျက်လုံးများ ရုတ်တရက် ရပ်တန့်သည်။ ဂျင်မ်လေးက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ချန်လွေ့ ခန္ဓာကိုယ်မှ တလက်လက် စူးရှသော အဖြူရောင် အလင်းတန်း တစ်ခု ထုတ်လွှတ် လိုက်သည်ကို မြင်လိုက်ရသည်။ ခဏတာမျှ သူ မျက်လုံးပင် ဖွင့်မကြည့်နိုင်ခဲ့ပေ။
အလင်းရောင်များ ငြိမ်သက်သွား ပြီးနောက် အဖေကြီး လားလ်၏ အမူအရာက ထိတ်လန့်ခြင်းမှ အံ့အားသင့်ခြင်းသို့ ပြောင်းသွား၏။ သူ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ် နေသော အသွင်အပြင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာ ပန်းရောင်သမ်းလာခဲ့သည်။
အဖေကြီးလားလ်က ခပ်တိုးတိုး ညည်းညူလိုက်ပြီး စွမ်းအားပါရှိသော အရှိန်အဟုန်တစ်ခု ပေါက်ထွက်ကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ သူ့ တစ်ကိုယ်လုံးရှိ ကြွက်သားများက လေထိုးသွင်းထားသော ဘောလုံး တစ်လုံးကဲ့သို့ ဖောင်းကားလာသည်။ သူ၏ အင်္ကျီမှာ စုတ်ပြဲလုနီးပါး ဖြစ်သွားပြီး ရင်ဘတ်ရှိ မှင်ကြောင် တစ်မျိုးလည်း ပေါ်ထွက်လာသည်။ အိမ်တစ်လုံးလုံး တုန်ခါသွား၏။
ဂျင်မ်လေးက သူ၏ မျက်စိကို မယုံနိုင် ဖြစ်နေသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးကို သူက မြို့ပေါ်မှ နာမည်ကြီး ပုဂ္ဂိုလ် လုံခြုံရေးမှူး ဝီလီယံ ထံတွင်သာ မြင်ဖူးခဲ့သည်။ အဖေ့မှာ ဒီလိုစွမ်းအား ဘယ်တုန်းက ရှိသွားတာလဲ။ လုံခြုံရေးမှူး ဝီလီယံ ထက်တောင် ပိုပြီးတော့ အစွမ်းထက် နေတယ်!
ဒီလိုအစွမ်းထက်တဲ့ သူ... က ဖျားနေသော လူအို ဟုတ်ရဲ့လား။
အဖေကြီး လားလ်က အသက် ပြင်းပြင်း အနည်းငယ် ရှူလိုက်၏။ “ကျေးဇူးတင်ပါတယ် ဆာ။”
သူက ကျေးဇူးတင် သော်လည်း အဖေကြီး လားလ်၏ လေသံတွင် ကျေးဇူးတင်သည့် အရိပ်အယောင် မရှိပေ။ သူ၏ အမူအရာကလည်း အလွန်အေးစက်နေပြီး မျက်လုံးက သတိဝီရိယနှင့် ပြည့်နှက်နေသည်။
“ခင်ဗျား အဲဒီလို အရှိန်အဝါမျိုးကို တမင်သက်သက် ထုတ်ဖော်ပြတာပဲ။ ကျုပ်သာ မခံနိုင်ခဲ့ဘူးဆိုရင် ခင်ဗျားရဲ့ ‘ကျေးဇူးတင်’ တာက တခြား နည်းလမ်းတစ်ခု ဖြစ်သွားမှာပဲ။” ချန်လွေ့ မျက်မှောင် ကြုတ်လိုက်ပြီး ဂျင်မ်လေးကို တစ်ချက် ကြည့်လိုက်သည်။ “မိဘမဲ့ကလေး တစ်ယောက်ကို မွေးဖို့ ဆန္ဒရှိပြီး ခုနကလို ပြုမူခဲ့တဲ့သူ တစ်ယောက်က ရက်စက်ကြမ်းကြုတ်ပြီး သစ္စာမရှိတဲ့ လူစားမျိုး မဖြစ်လောက်ဘူး။ ဘာလို့ ခင်ဗျားကို ကယ်တဲ့သူကို ဒီလို သဘောထားမျိုးနဲ့ ဆက်ဆံရတာလဲ။”
“ဝေ့လည်ကြောင်ပတ် ပြောစရာ မလိုပါဘူး။ ကျုပ် ဒီမှာ ၁၀နှစ်ကျော် ပုန်းနေခဲ့ပေမဲ့ နောက်ဆုံး ရှာတွေ့ခံ ရလိမ့်မယ်လို မထင်ထားခဲ့ဘူး။” အဖေကြီးလားလ်က သက်ပြင်းချ လိုက်သည်။ “ဆာက အပြစ်မဲ့တဲ့ သူတွေကို လက်လွတ်စပယ် သတ်ဖြတ်တတ်တဲ့ တရားသူကြီးမျိုး မဟုတ်ဘူးလို့ ကျုပ် ထင်ပါတယ်။ ရာထူးကြီးကြီး ဖြစ်ရမယ်။ ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ဒီကလေးက အပြစ်ကင်းတယ်။ သူ့မှာ ဘာအစွမ်းအစ၊ ဘာတန်ဖိုးမှ မရှိဘူး။ သူ့အသက်ကိုတော့ ချမ်းသာပေးပါ. မဟုတ်ရင် ကျုပ်သေတာနဲ့ ဆာနဲ့ အတူတူ မသေနိုင်ရင်တောင် ဒဏ်ရာ အနည်းငယ်တော့ ရသွားစေရမယ်။”
တရားသူကြီးဟုတ်လား။
၁၀နှစ်ကျော် ပုန်းနေခဲ့တယ်လား။
ချန်လွေ့က ခေါင်းခါလိုက်သည်။ ကောင်းပြီ။ နောက်ထပ် အထင်လွဲတာ တစ်ခုပေါ့လေ။
မည်သို့ပင်ဖြစ်စေကာမူ သူသည် အထင်လွဲခံရသည့် အတွေ့အကြုံ များစွာ ရှိခဲ့သည်။ ယခုအချိန်တွင် သူ ပို၍ ရှင်းပြလေ၊ ပို၍ မရှင်းမလင်း ဖြစ်လေဖြစ်သောကြောင့် ချန်လွေ့ များများစားစား မပြောတော့ဘဲ သူ၏ လက်ချောင်းများကို ခပ်ဖွဖွ လှုပ်ရှား လိုက်သည်။
ဂျင်မ်လေးက အမြင်အာရုံများ ဝေဝါးသွားပြီး တစ်စုံတစ်ခု ဖြစ်ပျက် သွားသကဲ့သို့ ခံစားလိုက်ရသည်။ အဖေကြီး လားလ်က ထိုနေရာတွင် မတ်တပ်ရပ်နေပြီး သူ၏မျက်လုံးက ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက် မဲ့ခြင်းတို့နှင့် ပြည့်နှက်နေလေသည်။ - ဂျင်မ်လေး မခံစားမိနိုင်သော်လည်း အဖေကြီးကမူ ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။ သူ ခုနက ခံစားလိုက်ရသည့် စွမ်းအားမျိုးက ထိုနေရာ တစ်ခုလုံးကို ကြေမွသွား စေလုနီးပါးပင်။ ထိုစွမ်းအားက သူ၏ စိတ်ကူးထက် များစွာ ကျော်လွန် နေသည်။ ၎င်းမှာ သူ လုံးဝ ယှဉ်နိုင်စွမ်း မရှိသည့် အရာပင်။ လက်တစ်ချောင်းတည်းဖြင့် သူ့ကို ချေမှုန်းပစ်နိုင်၏။ ရယ်စရာမှာ သူက တစ်ဖက်လူနှင့် အတူတူ သေမည်ဟု ခုနက ခြိမ်းခြောက်ခဲ့ခြင်းပင်။
“ပထမဆုံး တစ်ခု ရှင်းအောင် ပြောမယ်။ ခင်ဗျား အထင်လွဲနေတာ။ ကျုပ်က ကျောင်းတော်က လူ မဟုတ်ဘူး။ ပြီးတော့ ကျုပ်က ခင်ဗျားလည်း မသိဘူး။ ဒီနေ့ ခင်ဗျားဆီကိုလာတာ တခြားကိစ္စ တစ်ခုအတွက်ပဲ။ နားလည်ပြီလား။”
အဖေကြီး လားလ် အံ့အားသင့် သွားသည်။ ချန်လွေ့ လျှောက်သွားပြီး ကုလားထိုင်ပေါ်တွင် တခါတည်း ထိုင်ချလိုက်သည်။ ခဏကြာမှ သူ သတိ ပြန်ဝင်လာခဲ့သည်။ သူက ပြုံးမိသွားပြီး သူ၏ ခန္ဓာကိုယ် ပြန်လည် ကျုံ့ဝင်သွားကာ ပုံမှန် ပိန်လှီသော အသွင်သို့ ပြန်ရောက် သွားခဲ့ပြီးနောက် လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“နားလည်ပါပြီ! ဆာ ခုနက ပြသခဲ့တဲ့ အစွမ်းနဲ့ဆို ကျုပ်ရဲ့ သေခြင်း ရှင်ခြင်းက ဆာ့ရဲ့ ထိန်းချုပ်မှု အောက်မှာ လုံးလုံး ရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် မတတ်နိုင်ဘူး။ လိမ်ညာ ပြောနေစရာ အကြောင်း မရှိပါဘူး။”
ချန်လွေ့ စိတ်ထဲ တွေးလိုက်၏။ ဒါ အထင်လွဲတာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး နည်းလမ်း ဆိုတာ အသေအချာပဲ။ ကံမကောင်းစွာနဲ့ပဲ ဖိုက်သွန်နှင့် စေတန်လိုမျိုး အခြား အထင်လွဲခံရသူတွေ အတွက်တော့ ဒီနည်းလမ်း သုံးပြီး ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ ဒြပ်စင်ဘုရင်တွေရဲ့ တကယ့် ခန္ဓာကိုယ်နဲ့ ဆိုရင်တော့ နှိုင်းယှဉ်လို့ မရတဲ့ တည်ရှိမှုတစ်ခု ဖြစ်လောက်တယ်။
“အမှန်အတိုင်းပြောရရင် ကျုပ်က အဲဒီတုန်းက ကျောင်းတော်ရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ ပစ်မှတ်ပါ။ ဒီမြို့ငယ်လေးမှာ ၁၇နှစ် ပုန်းအောင်းနေခဲ့တယ်။ ကျုပ်ဆီက အဆိပ်ကို ဖယ်ရှားပေးဖို့ သုံးခဲ့တဲ့ အဆိပ်ဖြေ အစွမ်းက သိဒ္ဓိ ကျောင်းတော်ရဲ့ အကြီးတန်း အမှုဆောင်တွေပဲ ထုတ်သုံးနိုင်တာ မို့လို့ ဒီလို အထင်လွဲသွားခဲ့တာပါ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားရဲ့ ကိုယ်ပေါ်က အဆိပ်က ထူးခြားပြီးတော့ ခေါင်းမာတယ်။ တကယ်တော့ ခုနက အရှင်း ပျောက်ကင်းသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ဒီစွမ်းရည်က တစ်နာရီမှာ တစ်ခါပဲ သုံးလို့ရတယ်။ နောက်ပိုင်းမှာ သုံးလေးကြိမ်လောက် ထပ်ပြီး အသုံးပြုပေးမယ် ဆိုရင် အကုန် ပျောက်သွားလောက်တယ်။”
“ဆာ့ရဲ့ စွမ်းအားက တကယ်ကို အံ့မခန်းပါပဲ။” အဖေကြီးလားလ်က ပြောလိုက်သည်။ “ခင်ဗျားက ‘တစ္ဆေ စမ်းရေ’ အဆိပ်တောင် ဖြေနိုင်တယ်။”
“တစ္ဆေစမ်းရေ ဟုတ်လား။” ချန်လွေ့၏ နားများ ရုတ်တရက် စွင့်ကားသွား၏။ အဲဒါက ရေဒြပ်စင် နှလုံးသားကို ပြုပြင်ပေးနိုင်တဲ့ ရတနာများလား။
နေဦး။ ‘တစ္ဆေရေခဲစမ်း’ နဲ့ ‘တစ္ဆေ စမ်းရေ’ ဆိုတာ စကားလုံးတစ်လုံးပဲ ကွာတာ။ ဒါပေမဲ့ သူတို့က အတူတူ ဖြစ်ပါ့မလား။
“ဆာက တစ္ဆေစမ်းရေအကြောင်း အရင်က ကြားဖူးလို့လား။”
ချန်လွေ့က စိတ်ကိုငြိမ်အောင် ထားလိုက်၏။ “ကျုပ် ‘တစ္ဆေရေခဲစမ်း’ အကြောင်းကိုတော့ ကြားဖူးတယ်။ အဲဒီနှစ်ခုကြားမှာ ဆက်စပ်မှုများ ရှိနေလား။”
“ဆာက ဗဟုသုတ ကြွယ်ဝသူ ဆိုတာ အသေအချာပါပဲ။ တစ္ဆေ ရေခဲစမ်းက တစ္ဆေစမ်းရေရဲ့ အမြုတေပါပဲ။ နှစ်ပေါင်း ရာနဲ့ချီမှ တစ်စက်ပဲ ထွက်ပါတယ်။ တိကျတဲ့ အသုံးဝင်ပုံကိုတော့ မသိကြပါဘူး။”
ငါ ကြိုးကြိုးစားစားနဲ့ ရှာခဲ့ပေမဲ့ အချည်းနှီး ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အခု အလွယ်လေး သတင်းရခဲ့ပြီ! အခု ငါ့ကံက တကယ်ကောင်းတယ်။ ဒီလို မျှော်လင့်မထားတဲ့ သတင်းကောင်း ရခဲ့တယ်လေ!
ချန်လွေ့ အလွန်အမင်း ဝမ်းသာ သွားသော်လည်း သူက တည်ငြိမ်စွာ မေးလိုက်သည်။ “ဒီရေခဲစမ်းက ကျုပ်အတွက် အသုံးဝင်တယ်။ ခင်ဗျား အစတုန်းက ဘယ်နေရာမှာ အဆိပ်မိခဲ့တာလဲ။”
တစ္ဆေစမ်းရေက နှစ်ပေါင်း ရာနဲ့ချီ ကြာမှပဲ တစ္ဆေရေခဲစမ်း တစ်စက် ထုတ်ပေးနိုင်တယ်။ အချိန်ကျပြီလား မကျဘူးလားတော့ မသိဘူး။ ဒါပေမဲ့ ငါ သွားကြည့်ရမယ်။
“အကျဉ်းထောင်နက် သဲကန္တာရ အထဲမှာပါ။ ဆာ ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ ဆိုတဲ့ နာမည်ကို ကြားဖူးလား မသိဘူး။”
“တစ္ဆေစမ်းရေက အိပ်မက်ဆန်ဆန် အိုအေစစ်ထဲမှာ ရှိနေတာလား။” ချန်လွေ့က အံ့အားသင့်ဟန် ပြလိုက်သည်။ ဒီတစ်ခေါက် အကျဉ်းထောင်နက် သဲကန္တာရ ခရီးစဉ်က အတော်လေး တန်ဖိုးရှိတဲ့ပုံပဲ!
အဖေကြီးလားလ် ခေါင်းညိတ်လိုက်စဉ် ချန်လွေ့က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ “ကျုပ် ဒီတစ်ခေါက် ခင်ဗျားဆီကို လာတာ အိပ်မက်ဆန်ဆန် အိုအေစစ် အတွက်ပဲ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အိုအေစစ်ကို ရှာဖို့ ကျုပ်နဲ့အတူ လိုက်ခဲ့ချင်လား မသိဘူး။”
အဖေကြီး လားလ်က ဂျင်မ်လေးကို မျက်ရိပ် ပြလိုက်ရာ ဂျင်မ်လေးက အလျင်အမြန် ခေါင်းခါလိုက်သည်။ “အဖေ၊ သား ဘာမှ မပြောခဲ့ပါဘူး!”
ချန်လွေ့ ခပ်ပါးပါး ပြုံးလိုက်သည်။ “သူ တကယ် မပြောခဲ့ပါဘူး။ ခင်ဗျား သိမှာပါ။ ဒီလောကမှာ တချို့ အရာတွေက မပြောရင်တောင် ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ သူက ကလေးတစ်ယောက်ပဲ ရှိသေးတာကို ထားလိုက်ဦး။”
ထို အဖေကြီးလားလ်အကြောင်း လျှို့ဝှက်ချက်များ ရှိလောက်သည်။ ဥပမာအားဖြင့် သူ အဘယ်ကြောင့် ကျောင်းတော်၏ လိုက်လံဖမ်းဆီး ခံခဲ့ရသနည်း။ အဘယ်ကြောင့် ဤနယ်စပ်မြို့ငယ်လေးထဲတွင် ၁၀နှစ်ကျော် ပုန်းနေခဲ့ရသနည်း စသည်ဖြင့်ပင်။ သို့သော် ချန်လွေ့ အတွက်မူ လားလ်၏ အကြီးမားဆုံး တန်ဖိုးမှာ အိပ်မက်ဆန်ဆန် အိုအေစစ် ဖြစ်ပြီး ကျန်အရာများကို ဂရုစိုက်မည် မဟုတ်ပေ။
မီးစုစည်း သလင်းကျောက်သဲ နဲ့ တစ္ဆေရေခဲစမ်းကို ငါ ရအောင် ယူရမယ်။
“ခင်ဗျားရဲ့ လုံခြုံရေးကို ကျုပ် အာမခံနိုင်တယ်။ ဈေးနှုန်းကလည်း ပြဿနာမရှိဘူး။”
“ဆာက အစွမ်းထက်တယ်ဆိုပေမဲ့ အကျဉ်းထောင်နက် သဲကန္တာရက သာမန်နေရာ မဟုတ်ဘူး။ အဲဒီ အချိန်ကျရင် ခင်ဗျား ကိုယ့်ကိုယ်ကို တောင် ကာကွယ်မနိုင်မှာ စိုးရတယ်။ ကျုပ်လည်း ကံကောင်းလို့ မသေဘဲ လွတ်မြောက်ခဲ့တာ...” အဖေကြီး လားလ်က သက်ပြင်းချလိုက်သည်။ “အကျဉ်းထောင်နက် သဲကန္တာရကို ဆာ သွားရတဲ့ ရည်ရွယ်ချက်ကိုတော့ မမေးဝံ့ပါဘူး။ ဒါပေမဲ့ သွားဖို့ ဆုံးဖြတ်ထားမှတော့ အတော်အသင့် ပြင်ဆင်ထားသင့်ပါတယ်။”
“ဒါဆို ခင်ဗျား သဘောတူ လိုက်ပြီပေါ့။”
အဖေကြီးလားလ်က ခါးသက်စွာ ပြုံးလိုက်လေသည်။ “ကျုပ် ငြင်းလို့ ရသေးလို့လား။”
ခဏအကြာတွင် ချန်လွေ့နှင့် အဖေကြီးလားလ်တို့က သာမန် သဲကန္တာရ နေထိုင်သူများ၏ ဝတ်စုံ တစ်စုံစီသို့ ပြောင်းလဲဝတ်ဆင်ကာ မြို့တံခါးမှ ထွက်ခွာခဲ့ကြသည်။
“ဒီနေရာက တကယ်တော့ မဟာသဲပြင်အင်ပါယာထဲမှာ အကျဉ်းထောင်နက် သဲကန္တာရနဲ့ အနီးဆုံး နေထိုင်ရာ မဟုတ်သေးဘူး။ သဲကန္တာရရဲ့ အပြင်ဘက်အစွန်းမှာ ကျောက်မြင်းမြို့ဆိုတာ ရှိသေးတယ်။ အဲဒီမှာ ဆန်းကြယ်သဲနဲ့ မြေပြာသဲလို မှော်ကုန်ကြမ်းတွေ ပေါများတယ်။ အရင်က နေထိုင်သူတွေ အများကြီး ရှိခဲ့ပေမဲ့ အခု အတော်များများက သဲဓားပြတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီး သူတို့ရဲ့ အခြေစိုက် စခန်းလိုမျိုး ဖြစ်နေပြီ။ အစောင့်အရှောက် ကောင်းကောင်းနဲ့ ကုန်သည်တချို့ပဲ အဲဒီမှာ ကုန်သွယ် ရဲကြတယ်။ ကျောက်မြင်းမြို့ကို ရှောင်ကွင်းပြီး သဲကန္တာရ အစွန်ကို တိုက်ရိုက်သွားပြီး ကုန်ကြမ်းတွေ ရှာဖွေ တူးဖော်တဲ့ သတ္တိကောင်းတဲ့ လူတွေလည်း ရှိတယ်။ ဒါပေမဲ့... အဲဒီလူတွေထဲ တချို့က သဲဓားပြတွေ သတ်ဖြတ်တာ ခံရပြီး တချို့ကတော့ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်းလေးနဲ့ သဲကန္တာရထဲမှာ မြှုပ်နှံခံခဲ့ရတယ်။”
“ဒါပေမဲ့ သွားနေတဲ့ လူတွေတော့ ရှိနေတုန်းပဲ မဟုတ်လား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“စားဝတ်နေရေးအတွက်ပါပဲ။” အဖေကြီး လားလ် ခေါင်းခါလိုက်၏။ “ကျုပ်လည်း အတူတူပါပဲ။”
“စိတ်မပူပါနဲ့။ ခင်ဗျား မသေဘူးလို့ ကျုပ်ပြောပြီးမှတော့ မသေစေရဘူး။”
“တကယ်တော့ ဆာက ဂျင်မ်လေးကို ငွေအများကြီး ပေးခဲ့ ပြီးပြီ၊ ပီနိုရဲ့ ယောက်ဖ မြို့စောင့်တပ် ခေါင်းဆောင်ကိုလည်း သတ်ခဲ့တော့ သူ့အတွက် အနာဂတ် ဒုက္ခတွေ ကင်းဝေးသွားပြီ။ အဲဒီကောင်လေး ဉာဏ်ကောင်းရင် သူ့ဘဝ အတွက် စိုးရိမ်စရာ မလိုတော့ဘူး။” အဖေကြီး လားလ်က မိမိကိုယ်ကို လှောင်ရယ် လိုက်သည်။ “အဲဒီတုန်းက ကျုပ် သူ့ကို ဟန်ပြအနေနဲ့ပဲ မွေးထား မလို့ပါ၊ ဒါပေမဲ့ ဒီလောက်နှစ်တွေ ကြာလာတော့ သံယောဇဉ်တွေလည်း ရှိလာတာပေါ့။”
“ကျုပ်တို့ အခု ကျောက်မြင်းမြို့ကို သွားနေတာလား။”
“အကျဉ်းထောင်နက် သဲကန္တာရရဲ့ နယ်နိမိတ်က ပင်လယ်လိုမျိုး ကျယ်ပြောပြီး ဆာ ရှာနေတဲ့ အိပ်မက်ဆန်ဆန် အိုအေစစ်က အကျဉ်းထောင်နက် သဲကန္တာရရဲ့ အလယ်ဗဟိုမှာ ရှိနေတာပါ။ အဲဒီမှာ ထူးခြားတဲ့ စွမ်းအင်တွေ ပါဝင်နေပြီး အန္တရာယ်ကလည်း အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုများနေတယ်။ အပြင်ဘက်က ကြောက်စရာ ကောင်းတဲ့ သဲမုန်တိုင်းကို လူတွေ ကျော်လွှားနိုင်ရင်တောင် လမ်းရဲ့ တောက်လျှောက်မှာရှိတဲ့ ထူးဆန်းတဲ့ စွမ်းအင်ကြောင့် လမ်းပျောက်သွားပြီး တကယ့် အလယ်ဗဟို နေရာကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ၎င်းက ပင်လယ်သေထဲမှာ ကဲ့သို့ပင်။ ပင်လယ်မြေပုံ ရှိနေသည့်တိုင် ရေဒြပ်စင် ဘုရင်၏ အကူအညီမပါဘဲ ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင် အစစ်ကို ရှာဖွေရန် (၁)နှစ် သို့မဟုတ် (၆)လအတွင်း အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် ထိုသဲကန္တာရတွင် မြေပုံ လုံးဝမရှိပေ။ အဖေကြီး လားလ်ကဲ့သို့ အတွေ့အကြုံ ရင့်ကျက်ပြီး သတင်း အချက်အလက် ပြည့်စုံသော ဝါရင့် တစ်ဦးကို အားကိုးရန် လိုအပ်သည်။
“ကျုပ် ခုနက နည်းနည်း စိတ်လွင့် သွားတယ်။ ဆက်ပြောပါ။”
“ကျောက်မြင်းမြို့ကို သွားပြီးတော့ သင်္ဘောစက်ရုံနဲ့ သဘောတူညီမှု တစ်ခု လုပ်ကြရအောင်။ ဆိုလိုတာက သဲကန္တာရ သင်္ဘောတစ်စီး ဝယ်တာ ဒါမှမဟုတ် ငှားတာပေါ့။ သဲကန္တာရ သင်္ဘောသာ ရှိရင် သဲကန္တာရ အလယ်ဗဟိုထဲကို ဝင်ဖို့ ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်။ စိတ်မပူပါနဲ့။ သင်္ဘောစက်ရုံ ပိုင်ရှင် အဘိုးကြီး ပန်လွေ့နဲ့က မိတ်ဆွေဟောင်းတွေပါ။ နှစ်အနည်းငယ် မတွေ့ဖြစ်ပေမဲ့ သူ ကျုပ်ကို မျက်နှာသာတော့ ပေးမှာပါ။”
သဲကန္တာရ သင်္ဘောလား။ အခြား လောကမှ ၉နှစ်တာ မသင်မနေရ ပညာရေးက အောင်မြင်ခဲ့သည်မှာ သေချာပေသည်။ ချန်လွေ့သည် ဤလောကသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုစကားလုံး နှစ်လုံးကို ကြားလိုက်ရသည့်အခါ ပထမဆုံး တုံ့ပြန်မှုမှာ တိရစ္ဆာန် တစ်မျိုးမျိုး ဖြစ်မည်ဟူ၍ပင်။
အဖေကြီး လားလ်က ဆက်၍ မပြောတော့ပေ။ အကြောင်းမှာ သူတို့ သဲမုန်တိုင်းနယ်မြေသို့ ဝင်ရောက် လာပြီ ဖြစ်၍ပင်။ အပြင်ဘက် နယ်မြေတွင်သာ ရှိသေးသော်လည်း သဲနှင့် ဖုန်မှုန့်ကြောင့် စကားပြောရန် အလွန် အဆင်မပြေ ဖြစ်နေသည်။ အချိန်အများစု၌ သူက မျက်နှာဖုံး သို့မဟုတ် မျက်နှာသုတ် ပုဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားရသည်။
ချန်လွေ့က အဖေကြီးလားလ် အနောက်သို့ တစ်လမ်းလုံး လိုက်ပါလာပြီး ကျောက်မြင်းမြို့သို့ ရောက်သောအခါ နောက်ဆုံးတွင် သူက သဲကန္တာရလှေဟု ခေါ်သည့် အရာကို တွေ့မြင်လိုက်ရလေသည်။ ၎င်းက ကုလားအုတ် မဟုတ်ဘဲ တကယ့်သင်္ဘောတစ်စီး ဖြစ်သည်။
အပေါ်ယံကြည့်လျှင် ထိုကဲ့သို့ သင်္ဘော အမျိုးအစားက သာမန် ပင်လယ်ကူး သင်္ဘောငယ်များနှင့် များစွာ မကွာခြားပေ။ ရွက်တိုင်များ၊ သင်္ဘောရွက်များ၊ သင်္ဘောခန်းများ၊ သင်္ဘောကျောက်ဆူးများ စသည်တို့ အားလုံး ပါဝင်သော်လည်း သင်္ဘော ကိုယ်ထည်၏ ပုံစံမှာ အနည်းငယ် ကွဲပြားပြီး အောက်ခြေတွင် အထူး ပြုလုပ်ထားသော ဘီးပုံစံ ရှိနေ၏။