အဖေကြီးလားလ်၏ သရုပ်မှန်
Vol. 68 Ch. 1094
“သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀ ဆိုရင် ဒီသင်္ဘော မင်းပိုင်ပြီ။ ငါက ရောင်းပဲရောင်းတယ်၊ မငှားဘူး!”
အရပ်ရှည်ရှည် ထိပ်ပြောင်ပြောင် အမျိုးသားက လက်တစ်ချောင်းကို ထောင်ပြလိုက်သည်။
“ဒါက အသေးဆုံးပဲ။ ပြီးတော့ ပုံစံလည်း အတော် ဟောင်းနေပြီ။ အဓိက အစိတ်အပိုင်း တော်တော် များများက ယိုယွင်းပြီး ပုံပျက်နေပြီ။ သလင်းကျောက်နက်ဒင်္ဂါးပြား ၁၀၀၀ ဆိုတာက များလွန်းတယ်။ ခရမ်း သလင်းကျောက်ဒင်္ဂါး ၁၀၀၀ တောင် မတန်ဘူး!”
“ဒီတစ်စီးပဲ ရှိတယ်။ မလိုချင်ရင် ထွက်သွား!”
“သဲကန္တရာရ သင်္ဘောတွေကို ယာယီတပ်ဆင်လို့ ရတယ်ဆိုတာ ကျုပ် မသိဘူးများ ထင်နေလား။” အဖေကြီးလားလ်က လှောင်ရယ် လိုက်သည်။ “အဘိုးကြီး ပန်လွေ့ ဘယ်မှာလဲ။ သူ့ကို ငါနဲ့ တွေ့ဖို့ ထွက်လာခိုင်းလိုက်။ ငါက သူ့ရဲ့ မိတ်ဆွေဟောင်းပဲ။ အဘိုးကြီး ပန်လွေ့က ဒီလိုအရာမျိုးနဲ့ ငါ့ကို လှည့်စားရဲလိမ့်မယ်ဆိုတာ မယုံဘူး!”
“အဘိုးကြီး၊ ခင်ဗျား သတင်းတွေ နောက်ကျလွန်းနေပြီ။” ထိပ်ပြောင် သန်မာသော အမျိုးသား၏ မျက်လုံးထဲတွင် လူသတ်လိုသော အငွေ့အသက် လက်ခနဲ ဖြစ်သွားပြီး စားပွဲကို ရိုက်ချလိုက်ရာ ရုတ်တရက် လူပေါင်း ဒါဇင်ခန့်က အခန်းထဲသို့ ပြေးဝင်လာကြသည်။ “အဘိုးကြီး ပန်လွေ့က လွန်ခဲ့တဲ့နှစ်မှာပဲ ကျုပ်ရဲ့ လက်ထဲ သေသွားတာ။ ဒီသင်္ဘော စက်ရုံက အခု ကျုပ်လက်အောက်မှာ။ ကျုပ်က ဆာ-အိုကာဖော်ပဲ! အခု စိတ်ပြောင်းသွားပြီ။ ခင်ဗျားတို့ ပိုက်ဆံတွေ အကုန် ထုတ်ပေး! မဟုတ်ရင် ခင်ဗျားတို့ အသက်တွေကို နှုတ်ယူပစ်မယ်!”
အဖေကြီး လားလ်က သတိဖြင့် ကာကွယ်နေစဉ် ချန်လွေ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ လူတိုင်း လေထုက ရုတ်တရက် ခဲသွားသလို ခံစားလိုက်ရပြီး ဝိညာဉ်ကို ထိုးဖောက်နိုင်သည့် အေးစက်မှု တစ်ခုက သူတို့၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာဖြင့် ပျံ့နှံ့သွားကာ လှုပ်ရှားနိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွား စေသည်။
“ဒီသင်္ဘောက တကယ်ကိုပဲ ဟောင်းလွန်းနေပြီ။” ချန်လွေ့က စကားတစ်ခွန်းသာ ဆိုလိုက်သည်နှင့် သင်္ဘောသည် ချက်ချင်းပင် ပြိုကျ သွားခဲ့သည်။ အရာအားလုံးက ကျောက်စရစ်ခဲလို အမှုန်များအဖြစ် ပြောင်းသွားပြီး ထိုနေရာ၌ လုံးဝ မရှိခဲ့သလိုပင် ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းကြောင့် ပြေးဝင်လာသော လူများနှင့် ‘စက်ရုံ ညွှန်ကြားရေးမှူး’ ဆိုသူ ထိပ်ပြောင် အပါအဝင် အားလုံး ချွေးစေးများ ပြန်လာကြသည်။
ချန်လွေ့က ဖြည်းညှင်းစွာ ပြောလိုက်၏။ “မင်း နာမည်က အိုကာဖော် ဟုတ်တယ်မလား။ ခုနက သင်္ဘောကို ပြန်ရှာမလား။ ဒါမှမဟုတ် ငါ ကျေနပ်လောက်တဲ့ သင်္ဘော တစ်စီး ပေးမလား။ မင်းရဲ့ စကားပြောနိုင်စွမ်းကို ငါ မပိတ်ပင် ထားဘူး။ ၅စက္ကန့်အတွင်း မဖြေဘူး ဆိုရင်တော့ မင်း ပထမလမ်းကို ရွေးလိုက်တယ်လို့ ယူဆလိုက်မယ်။”
“ဆာ!” အိုကာဖော် တကိုယ်လုံး တုန်လှုပ်ပြီး အော်ပြောလိုက်သည်။ “ကျုပ် အကောင်းဆုံး သင်္ဘောကို ပေးပါ့မယ်! အခုချက်ချင်း လူလွှတ်ပြီး တပ်ဆင်ခိုင်းလိုက်ပါ့မယ်!”
တစ်နာရီ အကြာတွင် ပြန်လည် တပ်ဆင်ထားသော သဲကန္တရာရ သင်္ဘောတစ်စီး သူတို့၏ အမြင် အာရုံထဲတွင် ပေါ်လာသည်။ ၎င်းက အရွယ်အစား၊ ခေတ်မီဆန်းပြားမှု မည်သို့ပင် ဖြစ်စေကာမူ ခုနက ‘ပျောက်ကွယ်’ သွားသော သင်္ဘောငယ်လေးထက် များစွာ ကောင်းမွန်၏။
“ဆာ၊ ဒီလို သင်္ဘောမျိုးကို မောင်းနှင်ဖို့အတွက် အနည်းဆုံး လူ ၆ယောက်လောက် လိုပါတယ်။” အဖေကြီး လားလ်က ရှေ့တိုး၍ ပြောလိုက်သည်။
“ဒီလို သဲကန္တာရ သင်္ဘောမျိုးကို စီးဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။ ဆာ-အိုကာဖော်၊ ခင်ဗျားကို ကပ္ပတိန် အနေနဲ့ ဖိတ်ခေါ်ခွင့် ရနိုင်မလား။” ချန်လွေ့က ထိပ်ပြောင်ကို ခံစားချက် ကင်းမဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဒါ ကျုပ်အတွက် ဂုဏ်ယူစရာပါ!” ထိပ်ပြောင် ဆာ-အိုကာဖော်သည် ‘ဂုဏ်ယူ’လွန်း၍ ငိုတော့မလိုပင် ဖြစ်နေကြောင်း လူတိုင်း မြင်နိုင်၏။
ခဏအကြာတွင် ချန်လွေ့က ထိုအသစ်စက်စက် သဲကန္တာရ သင်္ဘောဖြင့် သဲကန္တာရထဲသို့ ဝင်ရောက်ခဲ့သည်။
သဲကန္တာရ သင်္ဘောက အစပိုင်း နှေးကွေးနေသေးသော်လည်း လေနှင့် သဲများ ပိုမိုအားကောင်းလာသည်နှင့် အမျှ သူတို့က သင်္ဘောရွက်များကို လွှင့်တင်လိုက်ရာ သဲပြင်ပေါ်တွင် လျှောတိုက်သွားလာစ ပြုလာသည်။ အရှိန်လည်း တဖြည်းဖြည်း မြင့်တက် လာခဲ့လေသည်။ အထူးသဖြင့် သဲတောင်ပူစာများကို ဖြတ်ကျော်သည့်အခါ အတက်အကျများ ရှိသော်လည်း သင်္ဘော မမှောက်ခဲ့သည်မှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။
ချန်လွေ့က သဲကန္တရာ သင်္ဘော မောင်းနှင်ရန် အထူးပြုလုပ်ထားသော သဲကာဝတ်ရုံနှင့် မျက်မှန်တို့ကို ဝတ်ဆင်ထားသည်။ အဆုံးမဲ့သော သဲပြင်ကို ကြည့်ရင်း ခဲသွားသော ပင်လယ်ကြီး တစ်ခုနှင့် တူနေသလို ခံစားရသည်။ ခန့်ညားထည်ဝါမှု ထဲတွင် နူးညံ့သိမ်မွေ့မှု အငွေ့အသက် တစ်ခု ရှိနေသည်။ ထိုလောကထဲတွင် လျှောက်လှမ်း သွားလာနေရခြင်းက စိတ်ကို ပေါ့ပါးလွတ်လပ်စေနိုင်၏။
ခန့်ညားထည်ဝါမှုက သဲကန္တာရ၏ အစိတ်အပိုင်းငယ်လေး တစ်ခု ဖြစ်ပြီး အထူးသဖြင့် အကျဉ်းထောင်နက် သဲကန္တာရပင်။ အချိန် အများစုတွင် သောင်းကြမ်းတတ်၏။
ကောင်းကင်ယံမှ သဲနှင့် ဖုန်မှုန့်များက သဲကန္တာရသင်္ဘောကို လှိုင်းလုံးများပမာ တစ်လုံးပြီးတစ်လုံး ရိုက်ပြီး သင်္ဘောမောင်းနှင်မှုကြောင့် နောက်ကျန်ခဲ့သော ဆွဲရာများက သဲနှင့် ဖုန်မှုန့်များထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားရာ တစ်စုံတစ်ခုမှ မလာခဲ့ဖူးသကဲ့သို့ ဖြစ်နေ၏။
အဖေကြီး လားလ်က ချန်လွေ့ကို သင်္ဘောထဲသို့ ဆွဲခေါ်သွားသည်။
“ဆာ၊ ခုန အိုကာဖော်က အထူး အချက်ပြမှု တစ်ခုခု ပေးပို့လိုက် သလိုပဲ။ ကျုပ် တွေ့လိုက်တယ်။ သူက သဲဓားပြ မဟုတ်ရင်တောင် သဲဓားပြတွေနဲ့ ပူးပေါင်းထားတာ သေချာတယ်။ ကျုပ်တို့ သဲဓားပြ တိုက်ခိုက်မှုကို ခုခံဖို့ ပြင်ဆင် ထားရမယ်။”
ချန်လွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ကျုပ်တို့က ကျောက်မြင်းမြို့နဲ့ အဝေးကြီး ရောက်နေပြီ မဟုတ်လား။ နောက်က သဲတွေက ဒီသင်္ဘောရဲ့ ခြေရာတွေကို ဖုံးကွယ်သွားပြီး မှော်စွမ်းအား ဒါမှမဟုတ် အာရုံခံစွမ်းအားကိုလည်း အနှောင့်အယှက် အပြင်းအထန် ရှိလောက်တယ်။ အဲဒီသဲဓားပြတွေက ကျုပ်တို့ကို ဘယ်လိုရှာတွေ့မှာလဲ။”
“ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သဲဓားပြတွေ မို့လို့ပဲ။ ပင်လယ်ထဲမှာ တစ်နှစ်ပတ်လုံးနေနေတဲ့ သင်္ဘောသားတွေလို သူတို့က အလိုလိုသိစိတ်နဲ့ တစ်ခုခုကို အမြဲ ‘အနံ့ခံ’နိုင်တယ်။” အဖေကြီးလားလ် ခေါင်းခါလိုက်သည်။ “သူတို့က အလယ်ဗဟို အနီးနားမှာ ဝင်မွှေရဲမှာ မဟုတ်ပေမဲ့ အပြင်ဘက်နယ်မြေ တွေမှာတော့ သူတို့က အတော်လေး ကျွမ်းကျင်တယ်။”
“ဒါဆို ကျုပ်က ခင်ဗျားအစား သဲဓားပြတွေကို လမ်းပြခိုင်းရမှာပေါ့။”
ချန်လွေ့၏ ပေါ့ပေါ့ပါးပါး သဘောထားက အဖေကြီး လားလ်ကို မျက်မှောင်ကြုတ်သွားစေသည်။ “ဆာ၊ ခင်ဗျားက အစွမ်းထက်တယ် ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒီလိုပတ်ဝန်းကျင်မှာတော့ ပေါ့ဆလို့ လုံးဝမဖြစ်ဘူး။ သဲဓားပြခေါင်းဆောင် ‘သွေးမုတ်ဆိတ်’ မွန်ထရာမီက ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ပြီးတော့လည်း သဲဓားပြတွေရဲ့ သင်္ဘောတွေက သာမန် သဲကန္တရာ သင်္ဘောတွေထက် ပိုခေတ်မီတယ်၊ ပိုမြန်တယ်၊ ပြီးတော့ လက်နက်ကြီးတွေလည်း တပ်ဆင် ထားလောက်တယ်။ သင်္ဘောပေါ်က လူအနည်းငယ်လည်း အတွင်းစိတ် မသန့်ကြဘူး။ ကျုပ် စိုးရိမ်တာက...”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး အဖေကြီး လားလ်က ဆက်ပြော၏။ “သဲဓားပြတွေရဲ့ နည်းလမ်းတွေက အတော် ထူးဆန်းတယ်။ ဘာမဆို ဖြစ်နိုင်တာမို့ အခုကစပြီး ကျုပ်တို့ရဲ့ အစားအသောက်၊ အထူးသဖြင့် ရေကိုပဲ။ ရေမသောက်ခင်မှာ အဆိပ် မမိအောင်လို့ အဲဒီအစွမ်းထက်တဲ့ အဆိပ်ဖြေစွမ်းအားကို သုံးပေးပါ။”
“အင်း...”
ငြီးငွေ့ဖွယ် ရှည်လျားလှသော ခရီးစဉ်မှ မျက်စိတစ်မှိတ် အတွင်း သုံးရက် ကုန်လွန်သွားခဲ့သည်။
တတိယနေ့ညပိုင်း ချန်လွေ့က သင်္ဘောပေါ်တွင် မျက်လုံးမှိတ်နေစဉ် ရုတ်တရက် လေထဲမှ ‘ဝူး’ခနဲ အသံ တစ်ခုကို ကြားလိုက်ရပြီး ၎င်းမှာ ခရာတစ်မျိုး၏ အသံနှင့်တူသည်။
အဖေကြီး လားလ်က အမြန် ပြေးလာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဆာ! သတင်းဆိုး! သဲဓားပြတွေ လာနေပြီ!”
သဲကန္တရ သင်္ဘော၏ အရှိန်က ရုတ်တရက် နှေးသွားပြီး သင်္ဘောကို မောင်းနှင်နေကြသော ထိပ်ပြောင် အိုကာဖော်နှင့် အခြားသူများက သင်္ဘောပေါ်မှ ခုန်ချကာ ထွက်ပြေး သွားကြသည်။
ချန်လွေ့ ထိတ်လန့်ခြင်းမရှိပေ။ သူ ဖြည်းညှင်းစွာ ထရပ်ပြီး အဖေကြီး လားလ်ကို တစ်ချက်ကြည့်လိုက်၏။ “ခင်ဗျား ထွက်မပြေးဘူးလား။”
အဖေကြီး လားလ်က ချန်လွေ့၏ မျက်လုံးများမှာ သူ၏ စိတ်ကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ ခံစား လိုက်ရသည်။ သူ တုန်လှုပ်သွားပြီး ခေါင်းခါလိုက်သည်။ “ကျုပ်က ဆာနဲ့ တစ်လှေတည်းစီးနေတာပဲ။ ဘယ်ကို ထွက်ပြေးနိုင်မှာလဲ။”
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ သူက သင်္ဘောဦး၌ တိတ်ဆိတ်စွာ ရပ်နေပြီး ခရာသံ လာရာအရပ်သို့ ကြည့်နေ၏။
မကြာမီတွင် ရန်သူက အမြင်ထဲ ပေါ်လာသည်။ သဲနှင့် အလင်းရောင်ကြောင့် အမြင်အာရုံကို အနည်းငယ် ထိခိုက်စေသော်လည်း လရောင်အောက်တွင် ကြီးမားသော သဲသင်္ဘော ၄စီးကို သူ မြင်နိုင်၏။ ၎င်းတို့က သူတို့၏ သင်္ဘောထက် များစွာ ပိုကြီးပြီး ပိုမြန်သည်။
အကြီးဆုံးသင်္ဘောပေါ်တွင် လွှင့်ထူထားသော သွေးရောင်အလံကို မြင်ရာ လားလ် တုန်လှုပ်သွားသည်။ “‘သွေးလက်သည်း’အလံ! ‘သွေးစွန်းမုတ်ဆိတ်’ မွန်ထရာမီ! သဲဓားပြခေါင်းဆောင်ပဲ! သူကိုယ်တိုင် ရောက်လာတယ်!”
ချန်လွေ့က ထိုသင်္ဘောကြီးကို တစ်ချက်ကြည့်လိုက်သည်။ “အဲဒီ သင်္ဘောက ကျုပ်တို့ သင်္ဘောထက် ပိုကောင်းလောက်တယ်။”
လားလ် အံ့အားသင့် သွားပြီး နားကြားမှားသည်ဟု ထင်လိုက်၏။ “ဆာ ဘာပြောလိုက်တာလဲ။”
သဲဓားပြတို့၏ သင်္ဘောကြီးသည် တဖြည်းဖြည်း နီးကပ်လာပြီး ချန်လွေ့ စီးနင်းနေသော သင်္ဘောကမူ ‘သင်္ဘောသား’ များ ထွက်ပြေးသွားရာ ရပ်တန့်နေသည်။ သေခြင်းတရားကို စောင့်ဆိုင်းနေသကဲ့သို့ပင်။ သင်္ဘောကြီးများပေါ်မှ သဲဓားပြများ မြင်းများစီးကာ ပြေးလာနေလေပြီ။ သူတို့က အယောက်၃၀ခန့် ရှိ၏။
ချန်လွေ့က အနီးသို့ ရောက်လာသော သဲဓားပြများကို တစ်ချက်မျှပင် မကြည့်ဘဲ ခပ်အေးအေးသာ ပြောလိုက်သည်။ “ကျုပ်တို့သာ အဲဒီအလံနီလွှင့်ထားတဲ့ သင်္ဘောနဲ့ဆိုရင် ပန်းတိုင်ကို ရောက်ဖို့ ပိုမြန်လိမ့်မယ်။”
ထိုသို့ပြောရင်း ချန်လွေ့က သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ပြီး အနည်းငယ် မြှောက်လိုက်သည်။
အဝေးမှ ‘သွေးလက်သည်း’ အလံ လွှင့်ထားသော သဲကန္တာရသင်္ဘောက အမှန်ပင် လေထဲသို့ ဖြည်းညှင်းစွာ မြောက်တက်သွားခဲ့သည်။ သင်္ဘော ပေါ်မှ ခရာသံလည်း ရုတ်တရက် ရပ်တန့်သွားပြီး ကြောက်လန့်တကြား အော်ဟစ်သံဖြင့် အစားထိုးသွား၏။
သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ အောက်သို့ လှည့်ချပြီး အနည်းငယ် ဖိချလိုက်သည်။ လေထဲ ရပ်နေသော ခေါင်းဆောင် သင်္ဘောမှလွဲ၍ ကျန် သဲကန္တာရ သင်္ဘော ၃စီးသည် ကြောက်စရာ ဖိအားတစ်ခုအောက် ရောက်သွားသလို ချက်ချင်း ပြိုပြီး အမှုန့်များ အဖြစ်သို့ ပြောင်းလဲကာ ဖုန်မှုန့်များထဲ ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းက အနားကို ချဉ်းကပ် လာနေသော သဲဓားပြများကို အိပ်မက်ဆိုး တစ်ခုကဲ့သို့ပင် လုံးဝ ကြောက်လန့်သွားစေခဲ့သည်။
ကောင်းကင်ယံရှိ သင်္ဘောပေါ်မှ ဓားပြခေါင်းဆောင် ‘သွေးစွန်းမုတ်ဆိတ်’ မွန်ထရာမီပင် ထိုသို့ ခံစားနေရ၏။ အကောင်းဆုံး တိုက်ခိုက်ရေး သဲကန္တာရသင်္ဘော ၃စီးက လေထဲမှာပဲ အမှုန့် ဖြစ်သွား တာလား။
ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်!
ထိုအိပ်မက်ထဲတွင် သဲကန္တာရ သင်္ဘောများသာမက မွန်ထရာမီ ကိုယ်တိုင်နှင့် သဲဓားပြအားလုံး၏ ခန္ဓာကိုယ်များက မီးလောင်နေသော အိမ်များ သို့မဟုတ် သက်ရှိလူများ၏ ပြာများကဲ့သို့ စတင် ပြိုကွဲလာပြီး တစ်စစီ ပျောက်ကွယ်သွားသည်။
အိပ်မက်ဆိုး တစ်ခုပင်။
၎င်းက သဲဓားပြအား လုံးနီးပါး၏ နောက်ဆုံးအသိစိတ် ဖြစ်ခဲ့၏။
ထို့နောက် သူတို့က လုံးဝ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။
အဖေကြီးလားလ် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့် နေမိသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လေတိုးသံကိုပင် မကြားရတော့ပေ။ သူနှင့် ချန်လွေ့မှ လွဲ၍ ထိုနယ်မြေ တစ်ခုလုံးတွင် ပျံဝဲနေသော အဓိကသင်္ဘော အပါအဝင် တတိယမြောက် သက်ရှိ လူသားတစ်ဦးမျှ မရှိတော့ပေ။
ထိုကဲ့သို့သော အစွမ်းမျိုးကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်ရန် မလွယ်ကူပေ။
“စိတ်ပျက်သွားလား။” ချန်လွေ့၏ ခံစားချက် ကင်းမဲ့သော စကား တစ်ခွန်းက အဖေကြီး လားလ်ကို တုန်လှုပ်သွားစေသည်။ “တောင်းပန်ပါတယ်၊ ကျုပ်မှာက အချိန် သိပ်မရှိလို့ ခင်ဗျားကို သရုပ်ဆောင်ခွင့် မပေးလိုက်ရဘူး။”
“ဆာ...” အဖေကြီး လားလ်၏ ကျောပြင်က ချွေးစေးများဖြင့် စိုရွှဲ နေလေသည်။
“သဲဓားပြတွေနဲ့ ဆက်သွယ် နေတာက ထိပ်ပြောင် အိုကာဖော် တစ်ယောက်တည်း မဟုတ်ဘူး။ ခင်ဗျားက သင်္ဘော စက်ရုံမှာ အမှတ်အသားတစ်ခု ချန်ခဲ့တယ်။ အရင်က ကျုပ်ကို အစားအသောက် ဂရုစိုက်ဖို့နဲ့ အဆိပ် မမိအောင် အဆိပ်ဖြေမှော်အစွမ်းကို အသုံးပြုဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး တစ်ခေါက် ကျုပ် အဆိပ်ဖြေအစွမ်း သုံးပြီးတဲ့နောက်မှာ ခင်ဗျားက သောက်ရေကို အဆိပ်ခတ်ခဲ့တယ်၊ ဒါမှ ကျုပ် အဆိပ် ထပ်ပြီး မဖြေနိုင် တော့မှာကိုး။ ကံဆိုးချင်တော့ ဒါက ကျုပ် အပေါ်မှာ အလုပ်မဖြစ်ဘူး။”
အဖေကြီး လားလ်၏ ခန္ဓာကိုယ် အသာလေး တုန်ယင်နေခဲ့သည်။ ထိုလူက ‘သွေးစွန်းမုတ်ဆိတ်’ မွန်ထရာမီ အပါအဝင် သဲဓားပြ အားလုံးကို ချက်ချင်း အဆုံးသတ် ခဲ့သည်ကို ကိုယ်တိုင် မြင်ခဲ့ရသည်။ မွန်ထရာမီရဲ့ အစွမ်းက ငါ့ထက် ပိုသာပေမဲ့ ဒီလူရဲ့ ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းမှု တစ်ခုကိုတောင် မခံနိုင်ခဲ့ဘူး။ ဒီလူရဲ့ အစွမ်းက...
သူတော်စင်အဆင့်လား။
မဟုတ်ဘူး၊ သူတော်စင်အဆင့် မဟုတ်လောက်တော့ဘူး!
“အရင်တစ်ခေါက် ခင်ဗျားရဲ့ ရင်ဘတ်ပေါ်က မှင်ကြောင်ကို မြင်လိုက်တုန်းက ရင်းနှီးသလို ကျုပ် ခံစားခဲ့ရတယ်။ နောက်မှ ကျုပ် ပြန်ပြီး သတိရသွားတယ်။ ခင်ဗျား အရင်တုန်းက ‘တိမ်စီးနင်း’ အင်ပါယာ ထဲကပဲ။ တိတိကျကျ ပြောရရင် အဆင့်မြင့် တော်ဝင်မိသားစု အစောင့် တစ်ယောက်ပဲ။”
အဖေကြီး လားလ်က လက်သီးကို ဆုပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ “အပိုစကားတွေ မပြောနဲ့။ သတ်ချင်ရင် သတ်လိုက်!”
“အိပ်မက်ဆန်ဆန် အိုအေစစ်ကို ရှာဖို့ ခင်ဗျားရဲ့ အစွမ်းကို သုံးဖို့ သက်သက်ဆိုရင် အရမ်းလွယ်တဲ့ နည်းလမ်းတစ်ခု ကျုပ်မှာ ရှိတယ်။ ခင်ဗျားကို တိုက်ရိုက်ထိန်းချုပ်ပြီး အမိန့်ကို လုံးဝနာခံတဲ့ ရုပ်သေးရုပ် တစ်ရုပ် ဖြစ်အောင် လုပ်လိုက်ရုံပဲ။ လူတစ်ယောက်ကြောင့် ခင်ဗျားကို အဲဒီလို မလုပ်ခဲ့တာကို ကျေးဇူးတင် သင့်တယ်။”
အဖေကြီး လားလ်က ထိုလူမှာ မည်သူဖြစ်သည်ကို မမေးခဲ့ပေ။ သူ၏ သေခြင်းရှင်းခြင်းကိုပင် ဂရုမစိုက် တော့သည့်ပုံပင်။
“နည်းနည်းလေးတောင် သိချင်စိတ် မရှိတော့ဘူးလား။ ကျုပ် စိတ်ဝင်စားမိတယ်။ ‘တိမ်စီးနင်း’ အင်ပါယာရဲ့ ဂုဏ်သရေရှိ တော်ဝင် နည်းပြ ‘ရီဂီယာ’က သဲဓားပြ တစ်ယောက်အထိ ဘယ်လို နိမ့်ကျ သွားရလဲ ဆိုတာကို!”
‘ရီဂီယာ’ ဟူသော နာမည် အရင်းကြောင့် အဖေကြီး လားလ်၏ မျက်လုံးထောင့်များ တုန်ခါသွားခဲ့ သော်လည်း သူ သိပ်အံ့ဩမနေပေ။ “ဟန်ဆောင်မနေနဲ့! ငါ့အဆိပ်ကို ကုပေးဖို့ မင်းသုံးခဲ့တာ အင်ပါယာရဲ့ သိဒ္ဓိ အမွေအနှစ် ‘ဆူးသရဖူ’ပဲ မဟုတ်လား! ကျောင်းတော်ရဲ့လူ မဟုတ်ဘူးလို့ ပြောနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ဆီက ဘာလျှို့ဝှက်ချက်မှ ရမှာမဟုတ်ဘူး!”
ချန်လွေ့ ခေါင်းခါလိုက်သည်။ “ကျုပ် ‘တိမ်စီးနင်း’ အင်ပါယာရဲ့ ရတနာတွေကို စိတ်မဝင်စားဘူး။ အခု အဲဒါက ‘တိမ်မြူတောင်တန်း’ ထဲက ‘လိုဘိုကန်’ ထဲမှာ ရှိတယ်ဆိုတာ သိပေမဲ့ အဲဒီဥစ္စာက ကျုပ်အတွက် ပြောပလောက်စရာ မရှိဘူး။ ကျုပ် ပိုင်ဆိုင်တဲ့ ဓနဥစ္စာက အဲဒါတွေထက် အဆ၁၀၀ ပိုများတယ်။”
“မင်း ဘယ်လိုသိ...” အဖေကြီး လားလ် တုန်လှုပ်သွား၏။ “ဘယ်သူင်းကို ပြောတာလဲ!”
“ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ မကြိုးစားခင် လူတစ်ယောက်နဲ့ အရင် တွေ့လိုက်ပါ။ ကျုပ် ဒီမှာ အသစ် နားလည် သဘောပေါက် ထားတဲ့ ‘[တိုက်ပွဲစိတ်ပုံရိပ်]’ နဲ့ နည်းနည်း ဆင်တူတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို သုံးဖို့လိုတယ်။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒါက လုံးဝ မအောင်မြင်သေးလို့ ပုံရိပ်ပြတဲ့ အချိန်က ကန့်သတ်ချက် ရှိတယ်...” ချန်လွေ့က အဖေကြီး လားလ် နားမလည်သော အရာ တစ်ခုကို ပြောနေသည်။ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမြင် အာရုံထဲတွင် အလင်းတန်း တစ်ခု ပေါ်လာပြီး ထိုအလင်းတန်းက တဖြည်းဖြည်း အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန်သို့ စုစည်းသွားခဲ့သည်။
ထိုပုံရိပ် တဖြည်းဖြည်း ထင်ရှား လာသောအခါ အဖေကြီး လားလ်၏ မျက်လုံးများ ရပ်တန့်သွားခဲ့သည်။ သူက မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
“ဆရာ ရီဂီယာလား။” နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုကဲ့သို့ ရင်းနှီးသော အသံနှင့် ခေါ်ဝေါ်မှုကြောင့် အဖေကြီး လားလ် နောက်ထပ် မတွေဝေ နေတော့ဘဲ ဒူးတစ်ဖက်ထောက်လိုက်တော့သည်။ “တော်ဝင်မင်းသမီးလေး!”